အခန်း ၈၁
Vol. 9 Ch. 81
အခန်း (၈၁) တစ္ဆေအမျိုးသမီး မိစ္ဆာပင့်ကူ။ (Ghost Wife Evil Spider)
နန်ရီတို့အဖွဲ့သည် ကြာပန်းနီမြို့မှ မဝေးလှသော နေရာရှိ တောအုပ်ကြီး၏ အစွန်းပိုင်းတွင် မိစ္ဆာသားရဲအုပ်စုကို တွေ့ရှိခဲ့သည်။ ထိုမိစ္ဆာများသည် သစ်ခုတ်စခန်းတစ်ခုမှ သစ်ခုတ် သမားများကို စားသောက်ထားခဲ့ခြင်း ဖြစ်သည်။
ဤနေရာ၏ အစားထိုး နည်းပြဆရာအဖြစ် တာဝန်ယူထားသူ ကျူးမင်လန် အနေဖြင့် ဤကိစ္စကို လျစ်လျူရှုထား၍ မရပေ။ အထူးသဖြင့် သစ်ခုတ်သမားများထဲမှ အသက်ရှင် ကျန်ရစ်သူများ ရှိနိုင်သေးသည်ဟု ယူဆရသောကြောင့် ဖြစ်သည်။ နန်ရီနှင့် နန်မျိုးနွယ်စုမှ တပည့်များကို ရှေ့ဆောင်ခိုင်းကာ ကျူးမင်လန်သည် နည်းပြဆရာတစ်ဦး၏ တာဝန်ဖြင့် ထိုကျောင်းသားများ ပြောပြသော သစ်ခုတ်စခန်းဆီသို့ သွားရောက်ခဲ့သည်။
တောအုပ်ကြီး၏ အစွန်းပိုင်းတွင် သစ်ပင်စိမ်းများ နည်းပါးသည်။ ညီညာသော မြေပြင်ပေါ် တွင် ခြောက်သွေ့သော သစ်ပင်များက မားမားမတ်မတ်ရှိနေပြီး မီးခိုးရောင် ကောင်းကင် အောက်တွင် အကိုင်းအခက်များက ကျစ်လျစ်စွာ ယှက်နွယ်နေကြသည်။ သစ်ခုတ်သမား များသည် အရွက်များ ရှုပ်ယှက်ခတ်မနေသည့် ဤဆောင်းရာသီမျိုးတွင် သစ်ခုတ်ဖို့ အနှစ်သက်ဆုံး ဖြစ်သည်။
အဆိုပါ သစ်ခုတ်စခန်းသည် ကြာပန်းနီမြို့၊ တောင်ပုလေးမြို့နှင့် ကြည်လင်ရေမြစ်မြို့တို့ ၏ ပူးတွဲစီမံခန့်ခွဲမှုအောက်တွင် တည်ရှိပြီး ကြီးမားသော လုပ်ငန်းခွင်တစ်ခု ဖြစ်သည်။ ထိုနေရာရှိ လုပ်သားများမှာ အရပ်သားများ မဟုတ်ဘဲ ပြစ်မှုကြီးမား၍ ပြစ်ဒဏ် ချမှတ်ခံ ထားရသူများ သို့မဟုတ် ထိုမြို့သုံးမြို့မှ ရာဇဝတ်သားများ ဖြစ်ကြသည်။ ထို့ကြောင့် ထိုနေရာတွင် စစ်သည်များက စောင့်ကြပ်နေရပြီး အကျဉ်းသား ရာဂဏန်းစုဝေးနေခြင်းက မငြိမ်မသက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။
"သက်တမ်း နှစ်တစ်ထောင်ကျော်ရှိတဲ့ မိစ္ဆာဝိညာဉ်တစ်ကောင်ပဲ ဒီလောက်ကြီးမားတဲ့ သစ်ခုတ်စခန်းမှာ စိတ်ကြိုက်လှုပ်ရှားနိုင်မှာ" ကျူးမင်လန်က ဆိုသည်။
ထိုနေရာတွင် လုပ်သားရာဂဏန်းနှင့် လက်နက်ကိုင် စစ်သည်များ ရှိနေကြသည်။ နှစ်ပေါင်း ရာနှင့်ချီ၍ ကျင့်ကြံထားသော မိစ္ဆာသားရဲများ ပေါ်ထွက်လာလျှင်ပင် ဤလူအုပ်ကြီး၏ ရုန်းရင်းဆန်ခတ် တိုက်ခိုက်မှုအောက်တွင် သေဆုံးသွားကြလိမ့်မည်။
သို့သော် မိစ္ဆာဝိညာဉ်များသည် အစွမ်းထက်လှပြီး ရုပ်ခန္ဓာ၏ ကန့်သတ်ချက်များကို များစွာ ကျော်လွန်နေကြသည်။ ၎င်းတို့သည် ဓား၊ လှံတို့ကိုပင် အလွယ်တကူ ခံနိုင်ရည်ရှိကြသဖြင့် သစ်ခုတ်သမားများ၏ ပုဆိန်များကို လုံးဝ မကြောက်ရွံ့ကြပေ။
"မိစ္ဆာတစ်ကောင်က ဒီထဲကို ဝင်လာပြီး သတ်ဖြတ်လိုက်တာနဲ့ တာဝန်ရှိသူတွေရော၊ လုပ်သားတွေပါ ကြောက်လန့်ပြီး အရပ်မျက်နှာ အသီးသီးကို ထွက်ပြေးကြတော့တယ်။ အထူးသဖြင့် ပြစ်မှုကျူးလွန်ထားတဲ့ လုပ်သားတွေပေါ့၊ သူတို့က ခြေချင်းဝတ်တွေ တပ်ထားရပေမဲ့ အခွင့်အရေးရရင် ထွက်ပြေးကြတာ... နောက်ဆုံးတော့..." နန်ရီက တောအုပ်ထဲသို့ တဖြည်းဖြည်း ပြန့်ကျဲသွားသည့် သွေးစက်များဆီသို့ လက်ညှိုးထိုးပြလိုက် သည်။
သူတို့သည် အခြားသော မိစ္ဆာငယ်လေးများ၏ အစာ ဖြစ်သွားကြသည်။ မိစ္ဆာဝိညာဉ်များ သည် တစ်ကောင်တည်း မဟုတ်ဘဲ အမြဲတမ်း မိစ္ဆာငယ်လေးများဖြင့် တွဲဖက်နေလေ့ရှိ သည်။ မိစ္ဆာကြီးက အသားကို စားပြီး မိစ္ဆာငယ်လေးများက ဟင်းရည်ကို သောက်ကြသည်။
"သူတို့ ဘယ်မှာ အခြေချနေလဲဆိုတာ မင်းတို့ သိတယ်လို့ မပြောခဲ့ဘူးလား" ကျူးမင်လန် က မေးသည်။
နန်ကျောက်ဘင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြန်ဖြေလိုစိတ် မရှိကြောင်း ပြသ သည်။ ကျူးမင်လန်က ထိုလူငယ်ကို ငဲ့စောင့်ကြည့်လိုက်၏။ ဒီလောက် မောက်မာနေပါက ကိုယ့်ဘာသာ သွားဖြေရှင်းပါလား၊ ဘာလို့ အကူအညီ လာတောင်းနေတာလဲ…..။
အထင်သေးခြင်းကို အကြိမ်ကြိမ် ခံခဲ့ရပြီးနောက် ကျူးမင်လန်လည်း ဒေါသထွက်လာ သည်။ ကျောင်းသားများက ဆရာတစ်ယောက်၏ ရှေ့တွင် ဤမျှ မောက်မာသည်ကို မတွေ့ ဖူးပေ။ ထိုမောက်မာသော မျက်နှာကို နင်းခြေပစ်ချင်သည့် စိတ်ကို ထိန်းချုပ်လိုက်ပြီး နောက် ကျူးမင်လန်၏ အကြည့်မှာ သာမန်အတိုင်း ရှိနေသည့် နန်ရီနှင့် အခြားလူငယ် တစ်ဦးဆီသို့ ရောက်သွားသည်။
သို့သော် သူတို့ တိတ်ဆိတ်နေကြပြီး ဆံပင်ရှည်နှင့် နန်မျိုးနွယ်စုမှ မိန်းကလေးတစ်ဦးက စကားစလိုက်သည်။
"ကျွန်မ အကြေးခွံတွေနဲ့ အရေခွံတွေကို တွေ့ထားတယ်။ သူတို့က တောအုပ်ကြီးထဲမှာ ပုန်းအောင်းနေတာ သေချာတယ်။ မိစ္ဆာသားရဲတွေရဲ့ ခွန်အားကို ကြည့်ရင် ကျွန်မတို့က တောနက်ထဲအထိ မလိုက်ရဲဘူး။ အမှတ်အသားလုပ်ပြီး ကြာပန်းနီမြို့ကို သတင်းပို့ဖို့ လာခဲ့ကြတာပါ" ထိုမိန်းကလေးက ရှင်းပြသည်။
"အခု ငါတို့လိုက်သွားရင် ငါတို့ လမ်းပျောက်သွားနိုင်မလား" ကျူးမင်လန်က ခေါင်းညိတ် ကာ မေးလိုက်သည်။
"မပျောက်ပါဘူး၊ ကျွန်မ ရှာဖွေနိုင်ပါတယ်" မိန်းကလေးက ဆိုသည်။
တောအုပ်ကြီးသို့ သွားရာလမ်းတွင် ထိုမိန်းကလေးမှာ မိစ္ဆာများ ချန်ထားခဲ့သော အရေခွံ များ၊ အကြေးခွံများနှင့် ဝမ်းသွားသည့် အရာများကို ဝါးပြားဖြင့် စစ်ဆေးနေသည်။ ဤမျှ ညစ်ပတ်ပြီး ပင်ပန်းသော အလုပ်ကို မိန်းကလေးတစ်ယောက်က လုပ်နေရပြီး အခြားလူ များမှာ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေသည်ကို ကြည့်ပြီး ကျူးမင်လန် မျက်မှောင် ကြုတ်လိုက်မိသည်။
"လုဝမ်ယဲ့၊ မင်း လမ်းကြောင်းကို အမှတ်အသား မလုပ်ထားဘူးလား" နန်ကျောက်ဘင်းက လှောင်ပြောင်သလို မေးသည်။
"လူသားသွားတွေ... သူတို့ နောက်ထပ် လူတစ်ယောက်ကို စားသွားပြန်ပြီ" လုဝမ်ယဲ့က တည်ငြိမ်စွာ ပြန်ဖြေသည်။
နန်မျိုးနွယ်စုဝင် ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် ပတ်သက်၍ ဤကွာခြားချက်မျိုး ရှိနေသလော။ လုဝမ်ယဲ့ဟုခေါ်သော ထိုမိန်းကလေးမှာ အလွန်ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး သူမ၏ မိသားစု မှာလည်း ချမ်းသာကြွယ်ဝပုံမရကြောင်း ကျူးမင်လန် သတိပြုမိလိုက်သည်။
သူမမှာ နန်မျိုးနွယ်စု၏ အိမ်တော်ခွဲ မိသားစုဝင်တစ်ဦးသာ ဖြစ်နိုင်ပြီး အခြားသော နန်မျိုးနွယ်စုဝင်များနှင့် နှိုင်းယှဉ်လျှင် အဆင့်အတန်းမှာ များစွာနိမ့်ကျနေသည်။ အဖွဲ့ထဲ တွင် နန်မျိုးနွယ်စုမှ အခြားမိန်းကလေးနှစ်ဦးလည်း ရှိနေသေးရာ သူတို့က လုဝမ်ယဲ့၏ လုပ်ဆောင်ချက်များကို အထူးပင် အထင်သေးစွာ ဆက်ဆံနေကြသည်ကို မြင်နေရ၏။
ကျူးမင်လန်က သူမလက်ဆေးရန် ရေပေးလိုက်ပြီး "ကျွန်တော်တို့ လမ်းကြောင်း မှန်တယ် ဆိုရင် အမြန်ဖြေရှင်းရမယ်။ ဒါမှ နောက်ထပ် လူတွေ ထိခိုက်မူ မရှိမှာ" ဟု ပြောလိုက် သည်။
"သူတို့က ထွက်ပြေးဖို့ ကြိုးစားနေတဲ့ အကျဉ်းသားတွေပဲ၊ သူတို့ သေသေရှင်ရှင် ဘာဖြစ် လဲ" နန်ကျောက်ဘင်းက ကန့်ကွက်စကား ဆိုသည်။
ကျူးမင်လန် မည်သို့ပင် ပြောပါစေ၊ နန်ကျောက်ဘင်းကမူ သူ့ကို ဆန့်ကျင်ရန်သာ စိတ်ပိုင်း ဖြတ်ထားပုံရသည်။
လုဝမ်ယဲ့မှာ ခြေရာခံရာတွင် ထူးချွန်သည့်အပြင် မည်သည့်အသေးစိတ်ကိုမျှ လက်လွတ် မခံတတ်ပေ။ သူမ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုက်သည့်အခါ အခြားသူများ မမြင်နိုင် သော အရိပ်အယောင်များကိုပင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။
ဤစွမ်းရည်ကြောင့် ကျူးမင်လန်မှာ ထိုမိန်းကလေးကို လေးစားမှုအသစ်တစ်ခု ထားရှိမိ သည်။ အကယ်၍သာ ထိုအချိန်တုန်းက သူမသာ သူတို့အဖွဲ့ထဲတွင် ရှိနေခဲ့ပါက၊ ဂျူနီယာ ညီမငယ် ယန်မှာလည်း ထိုအသက်ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ကောင်းသည်။
"ထူးဆန်းလိုက်တာ၊ ဘာလို့ တိုက်ပွဲဖြစ်ထားတဲ့ သဲလွန်စတွေ ရှိနေတာလဲ။ တခြား နဂါးထိန်းတွေများ ရောက်နေတာလား" လုဝမ်ယဲ့က မြေပြင်ပေါ်ရှိ အကြေးခွံအကျိုးအပဲ့ များကို ကောက်ယူလိုက်ရင်း ပြောလိုက်သည်။
"ဒီနားက သစ်ပင်တွေက ကျိုးပဲ့နေတယ်၊ တိရစ္ဆာန်ကြီးတစ်ကောင်ရဲ့ လက်ချက်ပဲ ဖြစ်ရ မယ်" နန်ရီက အပြေးရောက်လာပြီး ပြောသည်။
ကျူးမင်လန် ရှေ့သို့ တိုးသွားကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် ပြင်းထန်စွာ ဖျက်ဆီး ထားသည့် အက်ကြောင်းများအပြင် နက်ရှိုင်းသော ပွတ်တိုက်ရာများကို တွေ့လိုက်ရ၏။ သွေးစက်များမှာ မခြောက်သေးသဖြင့် တိုက်ပွဲမှာ မကြာသေးမီကမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဤအချက်က သူတို့ကို ပိုမိုမြန်ဆန်စွာ ရှာဖွေနိုင်ရန် ကူညီပေးလိမ့်မည်။
သို့သော် ဤမိစ္ဆာသားရဲများနှင့် တိုက်ခိုက်နေသူမှာ အဘယ်သူနည်း။
"ကျွန်မနောက် လိုက်ခဲ့ကြ" လုဝမ်ယဲ့က ပြောသည်။
ကျန်သူများက လုဝမ်ယဲ့၏ နောက်တွင် နီးကပ်စွာ လိုက်ပါလာကြသည်။ ထင်းရှူးပင်များ ထူထပ်လှသဖြင့် နဂါးတစ်ပိုင်းငှက်ပျံများ စီးနင်းရန် မသင့်လျော်တော့ပေ။ ထို့ကြောင့် လူတစ်ယောက်ကို စောင့်ကြည့်ခိုင်းပြီး ကျန်သူများမှာ ခြေလျင် လမ်းလျှောက်ခဲ့ကြသည်။
ကျန်လူများက ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြ၏။ နန်မျိုးနွယ်စုမှ တပည့်များအနက် အချို့မှာ ကြီးထွားမှုအဆင့်ရှိသည့် 'တောအုပ်နဂါးစိမ်း' အချို့ကို ဆင့်ခေါ်ထားကြသည်။ ထိုနဂါးများမှာ နဂါးသားတော်အဆင့်သို့ မရောက်သေးသဖြင့် ၎င်းတို့၏ နဂါးအရှိန်အဝါမှာ ပြင်းထန်လှခြင်း မရှိပေ။ ထို့ကြောင့် ရန်သူကို သတိပေးမိမည်ကို စိုးရိမ်စရာမလိုဘဲ သူတို့အတွက် အကာအကွယ် အနည်းငယ်တော့ ပေးနိုင်သေးသည်။
ထင်းရှူးပင်ကြီးများမှာ ပိုမိုထူထပ်လာပြီး အကိုင်းအခက်များက လမ်းကို ပိတ်ဆို့လာ သည်။ တောအုပ်နဂါးစိမ်းများမှာ သစ်တောဆိုင်ရာ မှော်ပညာကို နားလည်ထားကြသဖြင့် အပင်များကို လမ်းကြောင်းပြောင်းပေးနိုင်သည်။
ရုတ်တရက်၊ ရှေးဟောင်းတောအုပ်အတွင်းသို့ ပြင်းထန်သော ဟိန်းသံကြီးတစ်ခု ပဲ့တင် ထပ်သွားပြီး ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာသည်။ ကြီးထွားမှုအဆင့်ရှိ တောအုပ်နဂါးစိမ်းများမှာ ကြောက်လန့်တကြား နောက်ဆုတ်သွားကြပြီး ရှေ့သို့ ဆက်တိုး ရန် သတ္တိမရှိကြတော့ပေ။
"လုဝမ်ယဲ့၊ ရှေ့မှာ ဘာဖြစ်နေတာလဲ သွားကြည့်လိုက်ဦး။ ငါတို့ နဂါးသားရဲတွေကို ဆင့်ခေါ် လိုက်မယ်" နဖူးတွင် ရွှေရောင်အဆင်တန်ဆာကို ဆင်မြန်းထားသော အမျိုးသမီးက ပြောသည်။
"ကျွန်တော် သွားကြည့်လိုက်မယ်၊ ခင်ဗျားတို့ ဒီမှာ စောင့်နေ" ကျူးမင်လန်က လုဝမ်ယဲ့၏ ရှေ့မှ ကြားဝင်လိုက်သည်။
အစားထိုး နည်းပြဆရာတစ်ဦးအနေဖြင့် ကျောင်းသားများကို အန္တရာယ်ထဲသို့ မပို့လိုပေ။ အထူးသဖြင့် အရင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စမျိုးကို ပြန်မဖြစ်စေလိုတော့ပါ။
"သူ့ကို သွားခိုင်းလိုက်" နန်ကျောက်ဘင်းက ဆိုသည်။
"ကျွန်မ ဆရာ ကျူးနဲ့ အတူ သွားပါ့မယ်။ တစ်ခုခု ဖြစ်လာရင် အားလုံးကို သတိပေးပြီး ဝိုင်းတိုက်ခိုင်းလို့ ရတာပေါ့" လုဝမ်ယဲ့က ပြောသည်။
"ကျွန်တော်လည်း တစ်ချက်လောက် သွားကြည့်မယ်။ ကျွန်တော့်ရဲ့ ပုလွေနဲ့ အချက်ပေး လိုက်မယ်" နန်ရီကလည်း ဝင်ပြောသည်။
ကျူးမင်လန်က သူ၏နဂါးအဖော်ကို ဆင့်မခေါ်သေးပေ။ အဖြူလေးမှာ တိုက်ပွဲတိုင်းပြီး နောက် အိပ်စက်ခြင်းကာလသို့ ဝင်သွားပြီ ဖြစ်သည်။ သွားမည်းကြီးမှာလည်း ဤတော အုပ်တွင် ပိတ်မိနေနိုင်သဖြင့် အသင့်ပြင်ထားရုံသာ ရှိသည်။
နတ်ဘုရားသူတော်စင်နဂါးစိမ်းကမူ မိစ္ဆာဝိညာဉ်ပုလဲကို အံ့မခန်း အမြန်နှုန်းဖြင့် လျှင်မြန် စွာ ချေဖျက်နေသည်။ နဂါးမှာ နိုးထခါနီးဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း များစွာ ပြောင်းလဲသွား ကာ ကြီးထွားမှုအဆင့်သို့ အပြည့်အဝ ရောက်ရှိသွားပုံရသည်။
သွားမည်းကြီး ယခင်က ငါးခူမိစ္ဆာပုလဲကို စုပ်ယူစဉ်က အချိန်အတော်ကြာခဲ့သည်။ ယခု နတ်ဘုရားသူတော်စင်နဂါးစိမ်းကမူ ရက်အနည်းငယ်အတွင်း မည်သို့ကြောင့် ဤမျှ မြန်ဆန်စွာ တိုးတက်သွားရသနည်း။
"ရွီးး..."
နောက်ထပ် ပြင်းထန်သော ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ဝိညာဉ် နယ်မြေအတွင်း၌ နတ်ဘုရားသူတော်စင်နဂါးစိမ်းမှာ မျက်လုံးများကို အပြည့်အဝ ဖွင့်လိုက် သည်။ ၎င်း၏ တောင်ပံများကို သံသစ်သားယပ်တောင်ကဲ့သို့ ဖြည်းညင်းစွာ ဖြန့်လိုက် သည်။
"အလျင်မလိုနဲ့၊ အရင်ဆုံး ဘာဖြစ်နေလဲ ကြည့်ရအောင်" ကျူးမင်လန်က လုဝမ်ယဲ့နှင့် နန်ရီကို ပြောလိုက်သည်။
ထင်းရှူးတောအုပ်ကြီးကို ဖြတ်ကျော်သွားပြီးနောက် သူတို့ သုံးဦးသည် သွေးစက်များ၏ အရင်းအမြစ်ကို တွေ့လိုက်ရသည်။
သူတို့ ခြေရာခံလိုက်နေသော တိုက်ပွဲမှာ မပြီးဆုံးသေးပေ။ ထူထဲသော ထင်းရှူးပင်ကြီးများ အောက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူ တစ်ကောင်က အခြားသော သတ္တဝါကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသည်။
ထိုမိစ္ဆာပင့်ကူ၏ ခြေသည်းများမှာ အလွန်ရှည်လျားပြီး သွေးနီရောင် လှံများကဲ့သို့ မြေပြင် ကို ထိုးစိုက်ထားသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ အနက်ရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထား သော လူတစ်ပိုင်း ပင့်ကူတစ်ပိုင်းကဲ့သို့ ဖြစ်ပြီး၊ ဗိုက်ပိုင်းမှာ ကြီးမားသော သန္ဓေသားကို လွယ်ထားသကဲ့သို့ ဖောင်းကားနေသည်။
"ဝေါ..."
တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူသည် ရုတ်တရက် အော့အန်လိုက်ရာ ပျစ်ချွဲချွဲအရည်များဖြင့် ဖုံးအုပ်ထားသော 'အနီရောင်ပင့်ကူ' တစ်ကောင်ကို ရွံရှာဖွယ်ကောင်းစွာ ထွေးထုတ်လိုက် သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ထိုပင့်ကူမှာ အခွံကွဲထွက်သွားပြီး အမှန်တကယ် ထိတ်လန့် စရာကောင်းသည်မှာ ထိုအနီရောင်ပင့်ကူ၏ ခေါင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော လူခေါင်းတစ်ခု ဖြစ်နေခြင်းပင်။
၎င်းမှာ တစ်ပိုင်းတစ်စ စားသောက်ခံထားရပြီး မိစ္ဆာပင့်ကူ၏ ဗိုက်ထဲမှ ပင့်ကူသန္ဓေသားနှင့် ပေါင်းစပ်သွားပုံရသည်။ ထိုလူခေါင်းစွပ် အနီရောင်ပင့်ကူက ကျူးမင်လန်တို့ဘက်သို့ လှည့်လာသောအခါ ၎င်း၏ ရှေ့သွားတစ်ချောင်း လိုနေသည်ကို သူတို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
လုဝမ်ယဲ့မှာ မျက်နှာဖြူဖျော့သွားပြီး ထိုအရာက လူ့သွားတစ်ချောင်းဟု ချက်ချင်းပင် တွေးမိလိုက်သည်။
ကံကောင်းသည်မှာ လူဦးခေါင်းစွပ် အနီရောင်ပင့်ကူများမှာ ဉာဏ်ရည် အလွန်နည်းပါးပုံရ သည်။ တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူ၏ ထိန်းချုပ်မှုအောက်တွင် သူတို့သည် ကျူးမင်လန် တို့ထက် အဓိကရန်သူဖြစ်သည့် ဟိန်းသံပေးနေသော သတ္တဝါကြီးဆီသို့သာ အာရုံစိုက်သွား ကြသည်။
နဂါး…..
တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူနှင့် တိုက်ခိုက်နေသူမှာ အမှန်တကယ်ပင် နဂါးတစ်ကောင် ဖြစ်နေသည်။ အနီးအနားတွင် နဂါးထိန်းများ မရှိသဖြင့် ၎င်းမှာ တောရိုင်း ဧရာမနဂါး တစ်ကောင် ဖြစ်ရမည်။ မိစ္ဆာများသည် နဂါးများကို အစာအဖြစ် စားသုံးလေ့ရှိရာ တစ္ဆေ ဇနီးသည် မိစ္ဆာပင့်ကူမှာ နဂါးကို အမဲလိုက်နေခြင်း ဖြစ်သည်။
ထိုနဂါးမှာ တစ်ကိုယ်လုံး အစိမ်းရောင်ဖြစ်ပြီး အကြေးခွံများမှာ သံရွက်များကဲ့သို့ ခိုင်မာကာ ၎င်း၏ တောင်ပံများမှာ အသားတစ်ဝက်၊ သစ်သားတစ်ဝက် ဖြစ်နေသည်။ ကျူးမင်လန်ကို အံ့အားအသင့်ဆုံးဖြစ်စေသည်မှာ ထိုနဂါး၏ အစိမ်းရောင် ဒေါင်လိုက် မျက်လုံးကျည်းများ ပင်။
'တောအုပ်ဧရာမနဂါး' ……..
ကျူးမင်လန်သည် သူတို့ရောက်ရှိနေသည့် နေရာမှာ ရှေးဟောင်းထင်းရှူးတောအုပ်ဖြစ်ပြီး၊ သူယခင်က နဂါးချောက်ကမ်းပါးအနီးတွင် ရောက်ရှိခဲ့ဖူးသည့် ကျယ်ပြောလှသော တောအုပ်ကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ယခု တစ္ဆေ ဇနီးသည်မိစ္ဆာပင့်ကူနှင့် မိစ္ဆာအုပ်စု၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသည့် တောအုပ် ဧရာမနဂါးမှာ အခြားသူမဟုတ်၊ ဝါးစိမ်းလေး၏ မိခင်ပင် ဖြစ်နေသည်။
ကျူးမင်လန် ပိုမိုအဝေးသို့ အကဲခတ်ကြည့်လိုက်သည်။
အမှန်ပင်၊ ထိုတောအုပ်ဧရာမနဂါး၏ နောက်တွင် နဂါးပေါက်စလေး တစ်ကောင် ရှိနေ သည်။ ၎င်း၏နဖူးတွင် ကြီးမားသော အမာရွတ်တစ်ခု ရှိနေသည်။ ကြီးထွားမှုအဆင့်သို့ ရောက်ရှိနေသော်လည်း ထိုအမာရွတ်မှာ ယခုတိုင် ပျောက်ကွယ်မသွားသေးပေ။