အခန်း ၈၂
Vol. 9 Ch. 82
အခန်း (၈၂) မင်း အသက်ရှင်နေသေးတယ်၊ မင်း ပြန်လည်မွေးဖွားလာပြီ။
ကြီးမားသော ပြောင်းလဲမှုများ ရှိသော်လည်း နဖူးပေါ်ရှိ အမာရွတ်ပုံသဏ္ဌာန်မှာ အတူတူပင် ဖြစ်နေသဖြင့် ၎င်းမှာ ဝါးစိမ်းလေး၏ အစ်ကိုဖြစ်ကြောင်း ကျူးမင်လန် အသေအချာ ပြောနိုင်ပေသည်။
ဟိန်းသံကို ကြားလိုက်ရစဉ်က ဝါးစိမ်းလေး ချက်ချင်း သတိဝင်လာပြီး အလွန်အမင်း စိုးရိမ်နေပုံရသည်မှာ အကြောင်းမဲ့ မဟုတ်ပေ။ သူသည် သူမိခင် နဂါးမကြီး၏ ဟိန်းသံကို ကြားလိုက်ရခြင်း ဖြစ်သည်။
ထင်းရှူးပင်အိုကြီးများမှာ ထူထပ်လှပြီး အကိုင်းအခက်များမှာ ကောင်းကင်ယံအထိ ယှက်နွယ်နေကြသည်။ ထိုပင်စည်များနှင့် မီးခိုးရောင် အကိုင်းအခက်များပေါ်တွင် ကောင်းကင်ဘုံမှ ချည်မျှင်များဖြင့် ရက်လုပ်ထားသည့် ပင့်ကူအိမ်ကဲ့သို့ အနီရောင် အရိပ် များ ရှိနေသည်။ ထိုပင့်ကူအိမ်သည် တောအုပ်ဧရာမနဂါးနှင့် နဂါးငယ်လေးတို့ကို ဖမ်းဆီး ထားသည်။ တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူ၏ ဝမ်းဗိုက်ထဲမှ မွေးဖွားလာသည့် လူခေါင်းစွပ် အနီရောင်ပင့်ကူများမှာ ပင့်ကူအိမ်တစ်လျှောက် တွားသွားနေကြသည်။
ထိုလူခေါင်းစွပ် အနီရောင်ပင့်ကူများထဲတွင် အချို့မှာ ဦးခေါင်းခွံများ ဖြစ်နေပြီး၊ အချို့မှာ ဆွေးမြည့်နေကာ အချို့မှာမူ ပုံစံမပျက်ရှိနေသည်။ အကယ်၍သာ သစ်ခုတ်စခန်းမှ တာဝန် ရှိသူများနှင့် စစ်သည်များသာ ဤနေရာသို့ ရောက်လာမည်ဆိုပါက ဤဦးခေါင်းများမှာ သစ်ခုတ်စခန်းမှ အကျဉ်းသားများ၏ ခေါင်းများဖြစ်ကြောင်း ချက်ချင်း သိရှိသွားကြလိမ့် မည်။
သူတို့သည် အရှင်လတ်လတ် အစားခံလိုက်ရပြီး တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူကြောင့် မိစ္ဆာ များ ဖြစ်သွားကြခြင်းပင်။
ဤမြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းပြီး ရွံရှာစရာပင်။ နန်ရီမှာ တစ္ဆေဇနီးသည် မိစ္ဆာ ပင့်ကူက လူသားများကို အော့အန်ထုတ်လိုက်သည်ကို မြင်လိုက်ရပြီးနောက် နောက်သို့ ပြေးသွားကာ ထိုးအန်တော့သည်။
လုဝမ်ယဲ့၏ အခြေအနေမှာလည်း ထူးမခြားနားပေ။ သူမမျက်နှာမှာ သေလူတစ်ယောက် ကဲ့သို့ ဖျော့တော့နေသော်လည်း ခံနိုင်ရည်ရှိအောင် အားတင်းထားရသည်။
ကျူးမင်လန်မှာမူ ပိတ်မိနေသည့် နဂါးမကြီးနှင့် နဂါးငယ်လေးတို့ကို မြင်ရပြီးနောက် အထိတ်တလန့် ဖြစ်နေရ၏။ "ဒီတစ္ဆေဇနီးသည် မိစ္ဆာပင့်ကူက လူတွေကို စားတာ ဗိုက်ဆာ လို့ မဟုတ်ဘဲ ဒီတောအုပ်ဧရာမနဂါးကြီးကို ဝါးမြိုဖို့အတွက် အနီရောင်ပင့်ကူတွေ ပွားများ အောင် လုပ်နေတာများလား" ကျူးမင်လန် စိတ်ထဲမှ ထိတ်လန့်စွာ တွေးလိုက်သည်။
"မိစ္ဆာဟူသည် မိစ္ဆာ၏ အမူအကျင့် အတိုင်းပင်၊ အလွန်အမင်း မောက်မာလှသည်။"
၎င်း၏ စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းမှာလည်း ထိုအသိဉာဏ်မဲ့သည့် မိစ္ဆာဝိညာဉ်များနှင့် တစ်တန်းစားတည်း မဟုတ်ပေ။
အကယ်၍သာ တစ်ဦးချင်း တိုက်ခိုက်ရမည်ဆိုပါက တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူမှာ တောအုပ်ဧရာမနဂါးမကြီးနှင့် အနိုင်အရှုံးမပေါ်ဘဲ လက်ရည်တူ တိုက်ခိုက်နိုင်သည်။
သို့သော် လူခေါင်းစွပ် အနီရောင်ပင့်ကူများစွာဖြင့် တောအုပ်ဧရာမနဂါးမကြီးကို ဤနေရာ တွင် ပိတ်လှောင်ထားသည်။ ယခင် တိုက်ပွဲ အခြေအနေများကို ကြည့်ရလျှင် တိုက်ပွဲမှာ အချိန်အတော်ကြာ ဖြစ်ပွားနေခဲ့ပြီး ဖြစ်လိမ့်မည်။
တောအုပ်ဧရာမနဂါးမကြီးမှာ ခွန်အားများ ကုန်ခမ်းနေပြီး ခန္ဓာကိုယ်တွင် အဆိပ်သင့် ဒဏ်ရာများစွာ ရရှိထားသည်။ တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူမှာမူ အားအင်အပြည့် ရှိနေပုံရ သည်။ ဤအခြေအနေအရဆိုလျှင် တောအုပ်ဧရာမနဂါးမကြီးမှာ အဆုံးတွင် ဝါးမြိုခံရမည် မှာ ထင်ရှားသည်။
"ဆရာ ကျူး….၊ ဒါက သစ်တောထဲက အငြင်းပွားမှုတစ်ခုပဲ။ ကျွန်မတို့ ဒီကနေပဲ စောင့်ကြည့်ကြရအောင်။ သူတို့ အချင်းချင်း တိုက်ခိုက်ပြီး ပျက်စီးသွားမှ ကျွန်မတို့ ဝင်ရောက်ဖြေရှင်းရင်လည်း မနောက်ကျသေးပါဘူး" လုဝမ်ယဲ့က ပြောသည်။
"ကျွန်တော်... ကျွန်တော် တခြားလူတွေကို လမ်းကြောင်း အသီးသီးကနေ ဝိုင်းပတ်ထားဖို့ သွားပြောလိုက်ဦးမယ်။ ဒီလောက် စက်ဆုပ်ဖွယ်ကောင်းတဲ့ အနီရောင်ပင့်ကူတွေကို ဒီတိုင်း လွတ်ပေးထားလို့ မဖြစ်ဘူး" မကြည့်ရက်တော့သည့် နန်ရီက ကျူးမင်လန်အား ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် နန်ရီ လှည့်ထွက်သွားသည်။
ကျူးမင်လန်လည်း လုဝမ်ယဲ့၏ အကြံပြုချက်ကို သဘောတူလိုက်သည်။ သူတို့နှစ်ဦးကို အချင်းချင်း တိုက်ခိုက်စေပြီး အဖြေကို အေးဆေး စောင့်ဆိုင်းခြင်းကသာ အကောင်းဆုံး ဖြစ်သည်။ ဝါးစိမ်းလေး၏ မိခင်နှင့် အစ်ကို ဖြစ်သော်လည်း ဝါးစိမ်းလေး တစ်ခါက အသက် ရှင်ရပ်တည်နိုင်ရန် မည်မျှ ရုန်းကန်ခဲ့ရသည်ကို မြင်တွေ့ခဲ့ရပြီးနောက် သူတို့အပေါ် သနား စိတ် ဖြစ်ပေါ်လာရန်မှာ ခက်ခဲလွန်းသည်။
သူတို့သည် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခဲ့ကြခြင်းသာ ဖြစ်သည်။
ဝါးစိမ်းလေးသည် အလွန်စိုးရိမ်တကြီးဖြင့် အော်မြည်နေသည်။ ၎င်း၏ မိခင်နှင့် အစ်ကိုမှာ ရှေ့တည့်တည့်တွင် ရှိနေကြောင်းကို ၎င်းကိုယ်တိုင် သိရှိနေပုံရသည်။
"မင်းနဲ့ သူတို့နဲ့က ဘာမှ မသက်ဆိုင်တော့ဘူးလေကွာ" ကျူးမင်လန်က သက်ပြင်းချကာ ပြောသည်။
"မင်း တစ်ခါက ခံစားခဲ့ရတဲ့ ဝေဒနာတွေကို ပြန်တွေးကြည့်ရင်, မင်းနှလုံးသားက အခုချိန် အထိ မမာကြောသေးဘူးလား" ကျူးမင်လန်က မေးလိုက်သည်။
"ယီး……."
"မင်းက မင်းပဲ၊ သူတို့က သူတို့ပဲ။ မင်းရဲ့ ခံစားချက်တွေကို ငါ နားလည်ပါတယ်။"
သွေးအေးပြီး တစ်ကိုယ်ကောင်းဆန်တတ်သော သတ္တဝါ၊ ၎င်းမှာလည်း သူ၏ အစ်ကို ဖြစ်နေသည်။
တူညီသော မိခင်နဂါးမကြီးမှ ပေါက်ဖွားလာသော်လည်း စိတ်သဘောထားမှာ လုံးဝ ကွဲပြား ခြားနားလှသည်။
ဝါးစိမ်းလေးမှာ သူ့အစ်ကိုနှင့် မတူပေ။ သူ့အစ်ကို လုပ်ဆောင်ခဲ့သမျှ အရာအားလုံးမှာ တစ်ကိုယ်ကောင်းဆန်ပြီး သွေးအေးသည့် နဂါးတစ်ကောင်သာ ဖြစ်ကြောင်း ပြသနေ သည်။ နတ်ဘုရားသူတော်စင်နဂါးစိမ်းမှာမူ ထိုကဲ့သို့သော စိတ်သဘောထားမျိုး မရှိပေ။ သူတစ်ပါးက သူ့ကို မည်သို့ပင် ဆက်ဆံပါစေ၊ သူကိုယ်တိုင်မှာမူ လုပ်သင့်လုပ်ထိုက်သည် ကိုသာ ပြုလုပ်သွားမည် ဖြစ်သည်။
"သွားလိုက်ပါလေ၊ မင်း အသက်ရှင်နေသေးတယ်ဆိုတာ၊ မင်း ပြာပုံထဲကနေ ပြန်လည် မွေးဖွားလာပြီဆိုတာ သူတို့ကို သိခွင့်ပေးလိုက်တော့" ကျူးမင်လန်က ပြောလိုက်သည်။
ဤစကားများက နတ်ဘုရားသူတော်စင်နဂါးစိမ်းကို အတိုင်းအဆမဲ့ ခွန်အားများ ပေးစွမ်း သလို ဖြစ်သွားခဲ့သည်။ ဝါးစိမ်းလေးသည် ဝိညာဉ်နယ်မြေထဲမှနေ၍ တောင်ပံများကို ဖြန့်ကျက်ကာ ထွက်ပေါ်လာသည်။ ၎င်း၏ အရွက်ပုံစံအမွှေးများမှာ သန်မာထူးခြားလှ သည်။ နဂါးမကြီး၏ သံမဏိသစ်ရွက်များနှင့် မတူဘဲ ၎င်းမှာ ထူးခြားသော အစိမ်းရောင် အရောင်အသွေးများ တောက်ပနေသည်။
ဝါးစိမ်းလေးသည် ထင်းရှူးတောအုပ်ကြီးကို ဖြတ်သန်း၍ ပျံသန်းသွားရာ တစ်ခဏအတွင်း မှာပင် ညှိုးနွမ်းနေသော ထင်းရှူးပင်ကြီးများ အားလုံးသည် နတ်ဘုရားနှင်းစက် ပက်ဖြန်း ပေးလိုက်သကဲ့သို့ စိမ်းလန်းသော အရွက်များ ထောင်ထွက်လာကြသည်။
နတ်ဘုရားသူတော်စင်နဂါးစိမ်း ကျဆင်းလာသည်နှင့်အမျှ ရှေးဟောင်းတောအုပ် တစ်ခု လုံးသည် ရာသီဥတုတစ်ခုကို ဖြတ်သန်းသွားသကဲ့သို့ အသက်ဝင်ကာ စိမ်းလန်းစိုပြေသွား တော့သည်။ အမြစ်များနှင့် နွယ်ပင်များသည် အသက်ရှိသကဲ့သို့ ထောင်ထွက်လာကြပြီး ထင်းရှူးပင်ထိပ်ဖျားများတွင် တွားသွားနေသည့် လူခေါင်းစွပ် အနီရောင်ပင့်ကူများကို အစွမ်းကုန် တိုက်ခိုက်ကြသည်။
အကိုင်းအခက်များမှာလည်း တစ်စုံတစ်ယောက်က လက်နှစ်ဖက်ဖြင့် ကိုင်ထားသကဲ့သို့ လူခေါင်းစွပ် အနီရောင်ပင့်ကူများဆီသို့ စူးရှသော လှံများအလား ပြင်းထန်စွာ ထိုးစိုက် လိုက်ကြသည်။
အစိမ်းရောင် ဒေါင်လိုက် မျက်လုံးကျည်းတစ်စုံမှာ တောက်ပနေပြီး ထိုတောအုပ်ကြီး၏ အရှင်သခင်ကဲ့သို့ အရာအားလုံးကို တွန်းအားပေးနေသဖြင့် လူခေါင်းစွပ် အနီရောင်ပင့်ကူ များမှာ တစ်ကောင်ပြီးတစ်ကောင် သေဆုံးကုန်ကြသည်။
အမြစ်များနှင့် နွယ်ပင်များ၏ ရစ်ပတ်မှုကြောင့် သေဆုံးရခြင်း ဖြစ်သည်။
အကိုင်းအခက်များက ရင်ဘတ်ကို ထိုးဖောက်သွားကြသည်။
ပျံဝဲနေသော အရွက်များက အပိုင်းပိုင်း ခုတ်ဖြတ်သွားကြသည်။
ဧရာမ သစ်ပင်များ၏ ကြိတ်ခြေမှုကြောင့် အသားစများ ဖြစ်ကုန်ကြသည်။
ကောင်းကင်ယံရှိ သွေးရောင်မြူခိုးများမှာ အစတွင် ပါးလွှာသော်လည်း တဖြည်းဖြည်းနှင့် သိပ်သည်းသော သွေးတိမ်တိုက်ကြီးအဖြစ် ပြောင်းလဲသွားသည်။
အစိမ်းရောင် ထင်းရှူးပင်ကြီးများ၏ ပင်စည်တစ်လျှောက် သွေးစက်များ စီးကျလာပြီး မီးခိုးရောင် ထင်းရှူးပင်များကို သွေးရောင်လွှမ်းသွားစေသည်။
အနီရောင်ပင့်ကူများ၏ ခန္ဓာကိုယ်များမှာ ပြင်းထန်သော မိုးသက်လေပြင်းများကြားတွင် မှည့်ရင့်သော သစ်သီးများကဲ့သို့ မြေပြင်ပေါ်သို့ အဆက်မပြတ် ပြုတ်ကျလာပြီး သွေးနှင့် အသားစများ ရောထွေးကာ အလွန်ဆိုးရွားလှသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
နတ်ဘုရားသူတော်စင်နဂါးစိမ်းသည် တစ္ဆေဇနီးသည်မိစ္ဆာပင့်ကူ၏ ရှေ့တွင် အစမှအဆုံး တိုင် မားမားမတ်မတ် ရပ်တည်နေခဲ့သည်။ ၎င်း၏ သန့်ရှင်းမြင့်မြတ်သော မျက်လုံးကျည်း တစ်စုံကပင် တောအုပ်တစ်ခုလုံးကို ၎င်း၏ အစောင့်အရှောက်များသဖွယ် ဖြစ်စေခဲ့သည်။
အသက်ကို ဖန်ဆင်းပေးပြီး၊ လောကရှိ အရာအားလုံးကို စိုးမိုးထား၏။
အကယ်၍ ဤတောအုပ်သာ နိုင်ငံတစ်ခု ဖြစ်ခဲ့မည်ဆိုပါက ၎င်းမှာ ဤတောအုပ်အတွင်းရှိ သစ်ပင်ဝိညာဉ်အားလုံး၏ ဘုရင်ပင် ဖြစ်ပေလိမ့်မည်။
"ဟစ်... ဟစ်... ဟစ်... ဟစ်….."
တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူက ညည်းညူသံပြုလိုက်ပြီး အဆိပ်ပြင်းကာ ရန်ငြိုးထားသည့် မျက်လုံးများဖြင့် နတ်ဘုရားသူတော်စင်နဂါးစိမ်းကို စိုက်ကြည့်နေသည်။ ထိုမျက်လုံးများ ထဲတွင် အမျက်ဒေါသထွက်နေရုံသာမက ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် လောဘစိတ် များပါ ပေါ်လွင်နေသည်။
အပြည့်အဝ အရွယ်မရောက်သေးသည့် နတ်ဘုရားသူတော်စင်နဂါးစိမ်း။
တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူအတွက်မူ ဤသည်မှာ ပို၍ တန်ဖိုးရှိလှသည်။ အကယ်၍ ဤ နတ်ဘုရားသူတော်စင်နဂါးစိမ်းကို ဝါးမြိုနိုင်မည်ဆိုပါက တောအုပ်ဧရာမနဂါးမကြီးကို မဆိုထားနှင့်၊ အခြား မည်သည့် မိစ္ဆာဝိညာဉ်မျှ သူနှင့် ယှဉ်နိုင်မည် မဟုတ်တော့ပေ။
တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူက တိုက်ခိုက်လိုက်သည်။ ၎င်း၏ ခြေသည်းများမှာ လှံများ ထက်ပင် ထက်မြက်ပြီး ခန္ဓာကိုယ်ကိုမူ နောက်ခြေများဖြင့် ထောက်ထားကာ အခြား အဆိပ်သင့် ခြေသည်းလေးချောင်းဖြင့် နတ်ဘုရားသူတော်စင်နဂါးစိမ်းဆီသို့ ထိုးစိုက်လိုက် သည်။
နတ်ဘုရားသူတော်စင်နဂါးစိမ်းမှာ ချက်ချင်းဆိုသလို ကောင်းကင်သို့ ပျံတက်သွားပြီး သစ်ပင်ထိပ်ဖျားများအကြား လှည့်ပတ်သွားလာနေသည်။ ထိုခဏတွင် ရှေးဟောင်းသစ်ပင် များ ပြင်းထန်စွာ တုန်ခါသွားပြီး မီတာ သုံးဆယ်မှ လေးဆယ်ခန့်ရှည်သော အကိုင်းအခက် ရာပေါင်းများစွာမှာ မိစ္ဆာတစ်ကောင်၏ ခြေသည်းများကဲ့သို့ ကောင်းကင်မှ မြေပြင်သို့ ပြင်းထန်စွာ ထိုးဆင်းလာကြသည်။
တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူ၏ ခြေသည်းများမှာ ဤသစ်သားစူး ရာပေါင်းများစွာကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။ မိစ္ဆာပင့်ကူမှာ ထိုချွန်ထက်ပြီး ခိုင်မာသော အကိုင်းအခက်များ၏ ထိုးဖောက်မှုကို ကပ်သီလေးဖြင့် ရှောင်ရှားနေသည်ကို တွေ့မြင်နိုင်သည်။
တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူမှာ မိစ္ဆာတစ်ကောင်ဖြစ်ပြီး လှုပ်ရှားမှုမှာ အလွန်လျင်မြန် သွက်လက်သည်။
သို့သော် လူခေါင်းစွပ် အနီရောင်ပင့်ကူများမှာမူ ထိုကဲ့သို့ ကံမကောင်းလှပေ။ ကောင်းကင် မှ ပြုတ်ကျလာသော သစ်ပင်လုံးကြီးများ၏ စူးထိုးမှုကြောင့် မြေပြင်တွင် ထိုးစိုက်ခံထားရ သကဲ့သို့ ဖြစ်သွားကာ ထိုနေရာမှာပင် အသက်ပျောက်သွားကြသည်ကို တွေ့မြင်နိုင်သည်။
အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည်ဟု ထင်ရသော ဝိုင်းရံထားမှုမှာ နတ်ဘုရား သူတော်စင်နဂါးစိမ်း၏ တန်ခိုးကြောင့် လျင်မြန်စွာ ပျက်ပြားသွားရသည်။
ဒဏ်ရာရနေသည့် တောအုပ်ဧရာမနဂါးမကြီးနှင့် နဂါးငယ်လေးမှာ နတ်ဘုရားသူတော်စင် နဂါးစိမ်း၏ နောက်တွင် ရှိနေကြသည်။ သူတို့မှာ တစ်ချိန်က သူတို့၏ နဂါးငယ်လေး ဖြစ်ခဲ့ သူကို မြင်မြင်ချင်း ချက်ချင်း မမှတ်မိကြသေးပေ။ နဂါးမကြီး ထိုစိမ်းလန်းသော ဒေါင်လိုက် မျက်လုံးကျည်းများကို မြင်လိုက်ရသည့် အချိန်အထိပင်။
ခန္ဓာကိုယ်ပုံစံမှာ လုံးဝ ပြောင်းလဲသွားခဲ့သော်လည်း ထိုဒေါင်လိုက်မျက်လုံးများမှာမူ မည်သို့ မှားယွင်းနိုင်ပါမည်နည်း။
သူမ၏သားရင်း၏ မျက်လုံးများကို နဂါးမကြီး မည်သို့လျှင် မေ့နိုင်ပါမည်နည်း။ သို့သော် နတ်ဘုရားသူတော်စင်နဂါးစိမ်း ထုတ်ဖော်ပြသလိုက်သည့် ခွန်အားနှင့် တန်ခိုးအရှိန်အဝါ မှာမူ ယုံကြည်နိုင်ဖွယ် မရှိအောင်ပင် ကြီးမားလွန်းနေသည်။
"အွန်း…." သူမနောက်တွင်ရှိသော နဂါးငယ်လေးမှာ ပျော်ရွှင်လွန်း၍ မဆုံးနိုင်တော့ပေ။ သူတို့အား ဒုက္ခတွင်းမှ ကယ်တင်ပေးနေသည့် ပို၍ အစွမ်းထက်သော နဂါးတစ်ကောင်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
"ဟိန်း….." နဂါးမကြီးက တိုးညှင်းစွာ ဟိန်းလိုက်သည်။
နဂါးမသည် ထိုနဂါးငယ်လေးအား ပြောပြနေခြင်း ဖြစ်သည်။
အဲဒီနဂါးက မင်းကိုယ်တိုင် ချောက်ထဲပစ်ချခဲ့တဲ့ မင်းရဲ့ ညီလေးပဲလေ……။
နဂါးငယ်လေး၏ မျက်နှာပေါ်ရှိ ပျော်ရွှင်မှုများမှာ တစ်ခဏချင်းပင် ပျောက်ကွယ်သွား သည်။ ၎င်း၏မျက်နှာတွင် အံ့အားသင့်မှုများသာမက ကြောက်ရွံ့မှုမျိုးပါ ထင်ဟပ်လာခဲ့ သည်။
ဤကြောက်ရွံ့မှုမှာ တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူနှင့် ရင်ဆိုင်ရစဉ်ကထက်ပင် ပိုမိုပြင်းထန် ပေသည်။