အခန်း ၈၃
Vol. 9 Ch. 83
အခန်း (၈၃) ပြောင်းပြန်အကြေးခွံများ။
"ဟစ်..."
တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူသည် မမြင်နိုင်သော လေနံရံတစ်ခု ရှိနေသကဲ့သို့ လေထဲတွင် ဇောက်ထိုးတွားသွားကာ ၎င်း၏ ခြေသည်းများကို ကပ်တွယ်လိုက်သည်။ ကောင်းကင် အလယ်သို့ ရောက်သောအခါ တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူသည် နားကွဲမတတ် စူးရှစွာ အော်ဟစ်လိုက်သည်။
၎င်းအော်ဟစ်လိုက်စဉ်မှာ ၎င်း၏ကျောကုန်းရှိ အပေါက်များမှ အနက်ရောင် အဆိပ်ငွေ့ များကို အရပ်မျက်နှာအသီးသီးသို့ ပန်းထုတ်လိုက်သည်။ ထိုဆိပ်အငွေ့မှာ ရေနွေးငွေ့ကဲ့သို့ ပူလောင်ပြီး အလွန်လျင်မြန်သော နှုန်းဖြင့် ပျံ့နှံ့သွားသည်။
မကြာမီပင် အနက်ရောင် မြူခိုးများသည် တောအုပ်ကြီးကို ဖုံးလွှမ်းသွားသည်။ အဆိပ်ငွေ့ များအတွင်းမှာ နီညိုရောင် တစ္ဆေမီးတောက်များ လှည့်လည်နေသည်ကို မြင်တွေ့နိုင်ပြီး အနက်ရောင် မြူခိုးများသည် ထိုတစ္ဆေမီးတောက်များအတွက် နက်ရှိုင်းသော ရေကန်ကြီး တစ်ခုသဖွယ် ဖြစ်နေသည်။
ထိုအနက်ရောင် မြူခိုးမှာ အဆိပ်ပြင်းလွန်းသဖြင့် နတ်ဘုရားသူတော်စင်နဂါးစိမ်း အသက် သွင်းပေးထားသော အပင်များမှာ ညှိုးနွမ်းသေဆုံးကုန်သည်။ နွယ်ပင်များနှင့် အမြစ်အိုကြီး များမှာလည်း တဖြည်းဖြည်းချင်း မီးသွေးခဲများအလား ဖြစ်လာကြသည်။ ထိုတစ္ဆေ မီးတောက်များသည် တိုးပွားလာပြီး တစ္ဆေများကဲ့သို့ လှည့်လည်ကာ နတ်ဘုရား သူတော်စင်နဂါးစိမ်းကို ပတ်ရံပြီးနောက် သူ့ကို အဆိပ်အငွေ့များ အတွင်း၌ထားကာ ပေါက်ကွဲကုန်ကြသည်။
တစ္ဆေမီးတောက်များနှင့် အဆိပ်ငွေ့များ တစ်ပြိုင်နက် ပေါက်ကွဲထွက်လာရာ ကြောက်မက်ဖွယ်ကောင်းသော အပူဓာတ်နှင့် အဆိပ်ရည်များလည်း ပန်းထွက်လာခဲ့ သည်။ တောအုပ်ဧရာမနဂါးနှင့် နဂါးငယ်လေးတို့၏ ကြေးခွံနှင့် အမွှေးများမှာ ပုပ်သိုးကာ အဆိပ်သင့်သွားပြီး အရေပြားများ ကွဲအက်ကာ အသားစများ ပွင့်ထွက်လာသည့်တိုင် အောင် အဆိပ်ဒဏ်ကို ခံစားနေရသည်။
အနက်ရောင် မြူခိုးများအတွင်း နတ်ဘုရားသူတော်စင်နဂါးစိမ်းမှာလည်း အနည်းငယ် အဟန့်တား ဖြစ်လာသည်။ ၎င်း၏ အစိမ်းရောင် အမွှေးများမှာ ပို၍ တောက်ပလာကာ နတ်ဘုရားနဂါး၏ အရှိန်အဝါများ ပြင်းထန်လာသော်လည်း ၎င်း၏ ပတ်ဝန်းကျင် ပတ်ပတ် လည် ပေအနည်းငယ်အတွင်းရှိ အဆိပ်ငွေ့များနှင့် တစ္ဆေမီးတောက်များကိုသာ ဖယ်ရှားနိုင် တော့သည်။ တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူမှာ မြေပြင်ပေါ်သို့ ပြန်ဆင်းလာပြီး ထူထပ်သော အနက်ရောင် အဆိပ်ငွေ့များအတွင်း ပုန်းအောင်းကာ တောအုပ်ဧရာမနဂါးမနှင့် နဂါးငယ် လေးတို့၏ နောက်သို့ ခိုးဝင်လာသည်။
တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူကို ရိပ်မိသွားသော တောအုပ်ဧရာမနဂါးမကြီးသည် မြေပြင်ကို ပြင်းထန်စွာ တုန်ခါစေကာ တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူကို နောက်ဆုတ်သွားစေသည်။ ၎င်းမှာ အလျင်အမြန် နောက်ဆုတ်ကာ ထူထပ်သော အနက်ရောင် မြူခိုးများအတွင်း၌ ဆက်လက် ပုန်းအောင်းရန် ပြင်ဆင်နေသည်။
"အိုး….. အိုး……"
ထိုအချိန်တွင်မှာပင် ထူထပ်သော မြူခိုးများနောက်မှ ငွေပြာရောင်ရိုင်းစိုင်းနဂါးသံချပ်ကာ ကို ဝတ်ဆင်ထားသော သွားမည်းကြီးသည် အရှိန်အဟုန်ဖြင့် ပြေးထွက်လာကာ ၎င်း၏ ငွေရောင်ဦးချိုများဖြင့် တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူကို တိုက်ရိုက် ထိုးစိုက်လိုက်သည်။
တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူသည် လွင့်ထွက်သွားကာ ရှေးဟောင်းထင်းရှူးပင်ကြီးများကို တိုက်မိပြီးနောက်မှ ရပ်တန့်သွားသည်။ ၎င်း၏ နောက်ခြေနှစ်ချောင်း ကျိုးသွားပြီး အဆိပ် ငွေ့များ ပန်းထုတ်နေသည့် ကျောကုန်းရှိ အရိုးအချို့မှာလည်း ပျက်စီးသွားသဖြင့် အနက် ရောင် မြူခိုးများမှာ သိသိသာသာ လျော့ပါးသွားသည်။
"အိုး……."
သွားမည်းကြီးမှာ အလွန်ရက်စက်ကြမ်းကြုတ်သည်။ မိစ္ဆာဝိညာဉ်တစ်ကောင် ဖြစ်သည့် တိုင်အောင် တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူသည် သွားမည်းကြီး၏ ဦးချိုတိုက်ခိုက်မှုကို မခံနိုင် ပေ။
မိုးပြာနဂါးနက် တိုက်ပွဲထဲသို့ ဝင်ရောက်လာသည်ကို မြင်သောအခါ နတ်ဘုရားသူတော်စင် နဂါးစိမ်းက ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
ဘာလို့ သူတစ်ကောင်တည်း တိုက်ရမှာလဲ။ တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူက ရွံရှာဖွယ် ကောင်းသော လူခေါင်းစွပ် အနီရောင်ပင့်ကူများစွာကို ထွေးထုတ်နိုင်လျှင် သူမှာရော ညီအစ်ကိုတွေ မရှိဘူးလား။
"ဝါးစိမ်းလေး၊ အဲဒီကောင်ကို ရစ်ပတ်ထားလိုက်" ကျူးမင်လန်၏ အသံ ပဲ့တင်ထပ်လာ သည်။
နတ်ဘုရားသူတော်စင်နဂါးစိမ်းမှာ တိုက်ပွဲအတွေ့အကြုံ နည်းပါးလှသည်။ ကြီးထွားလာ သည်မှာလည်း မကြာသေးသဖြင့် အစစ်အမှန် သူတော်စင်နဂါးပညာရပ်များကို မသိသေး ပေ။
"အွန်း..."
နတ်ဘုရားသူတော်စင်နဂါးစိမ်းသည် မြေပြင်အောက်တွင် မြုပ်နေသော အရာတစ်ခုခုကို ဆင့်ခေါ်လိုက်ဟန်ဖြင့် ခေါင်းမော့လိုက်သည်။
မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး မြေသားလှိုင်းများ ထွက်ပေါ်လာကာ ထူထဲသော သစ်ပင် အမြစ်အိုကြီးများမှာ ရစ်ပတ်၍ တိုက်ခိုက်လာကြသည်။ ၎င်းတို့မှာ အလွန်ခိုင်မာပြီး မာကြောသည်။
တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူမှာ ထပြီး ရုန်းကန်သည်။ နောက်ခြေနှစ်ချောင်း ဆုံးရှုံးသွားသ ဖြင့် ၎င်း၏လှုပ်ရှားမှုမှာ သိသိသာသာ နှေးကွေးသွားသည်။ မြေကြီးထဲမှ အမြစ်ကြီးများက ၎င်း၏ ခန္ဓာကိုယ်ကို ရိုက်ပုတ်လိုက်သည်။ ၎င်းတို့မှာ တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူ၏ ခြေထောက်များနှင့် တစ်ကိုယ်လုံးကို တင်းကျပ်စွာ ရစ်ပတ်လိုက်ကြသည်။
ထင်းရှူးပင်၏ အမြစ်များမှာ အလွန်တင်းကျပ်စွာ ရစ်ပတ်ထားသဖြင့် ၎င်း၏ ကိုယ်ခန္ဓာမှာ ကျိုးပဲ့တော့မတတ်ပင်။ သို့သော် တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူမှာ ရက်စက်သော သတ္တဝါ ဖြစ်သည်။ ၎င်း ရစ်ပတ်ခံထားရစဉ်အတွင်း ၎င်း၏ ရှေ့ခြေတစ်ချောင်းကို ကိုယ်တိုင် ချိုးဖျက်လိုက်ပြီးနောက် ထိုခြေထောက်ဖြင့်ပင် အမြစ်များကို ပြန်လည် ခုတ်လှီးဖြတ်လိုက် သည်။
လွတ်မြောက်သွားသောအခါ တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူသည် ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသော မိုးပြာနဂါးနက်က သူ့ဆီသို့ ပြေးလာပြီး အဆိပ်ပြင်းသော အစွယ်များ ဖြင့် ကိုက်ဖောက်ရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည်။
တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူက လိမ့်ကာ ရှောင်တိမ်းလိုက်သည်။ သူရှိနေခဲ့သည့် ထင်းရှူး ပင်ကြီးမှာ အက်ကွဲသွားသည်။ မိုးပြာနဂါးနက်သည် ကျိုးသွားသော ထင်းရှူးပင်ကို ကိုင်ဆွဲ ကာ တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"ဘုန်း……"
တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူနှင့် ထင်းရှူးပင်ကြီး တိုက်မိသွားရာ ၎င်းမှာ အတော်ပင် ကြေမွ သွားပြီး အသက်မဝင်သေးသော အနီရောင်ပင့်ကူအသေလေး အချို့ကို အန်ထုတ်လိုက် သည်။
"ဝှီး……."
နတ်ဘုရားသူတော်စင်နဂါးစိမ်းသည် ကောင်းကင်ယံမှ ငုပ်ဆင်းလာကာ ၎င်း၏ သံမဏိ အရွက်တောင်ပံများမှာ တံစဉ်များကဲ့သို့ လည်ပတ်နေပြီး၊ မြေပြင်ကို ဖြတ်ကျော်လာကာ တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူကို နှစ်ပိုင်းတိတိ ခုတ်ပိုင်းလိုက်သည်။
ကျောမှ ဗိုက်အထိ ခန္ဓာကိုယ်မှာ နှစ်ပိုင်းကွဲသွားပြီး မြေပြင်ပေါ်တွင် အက်ကြောင်းကြီး တစ်ခုပင် ဖြစ်ပေါ်လာခဲ့သည်။ နတ်ဘုရားသူတော်စင်နဂါးစိမ်း၏ တောင်ပံခုတ်ချက်မှာ အံ့အားသင့်ဖွယ် အစွမ်းထက်လွန်းသဖြင့် သွားမည်းကြီးပင် မှင်သက်သွားသည်။
"သတိမလျော့နဲ့၊ အဲဒီကောင် မသေသေးဘူး" ထိုအချိန်တွင် ကျူးမင်လန်က သတိပေး လိုက်သည်။
နတ်ဘုရားသူတော်စင်နဂါးစိမ်းနှင့် မိုးပြာနဂါးနက်တို့မှာ ရိပ်မိခြင်း မရှိကြပေ။ နှစ်ပိုင်း ကွဲနေသော အရာတစ်ခုမှာ မည်သို့လျှင် အသက်ရှင်နိုင်ပါမည်နည်း။
သို့သော် အမှန်စင်စစ်တွင် တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူသည် မသေဆုံးသေးပေ။ နှစ်ကောင် စလုံး သတိလက်လွတ် ဖြစ်နေချိန်တွင် ၎င်း၏ခန္ဓာကိုယ် နှစ်ပိုင်းမှာ ရုတ်တရက် ခုန်ထလာ ကြသည်။
ရှေ့ပိုင်းခန္ဓာကိုယ်ဖြစ်သည့် တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူသည် နတ်ဘုရားသူတော်စင် နဂါးစိမ်းကို ကိုက်ဖောက်ရန် ကြိုးစားသည်။ အဆိပ်ပြင်းလှသော ၎င်း၏ အစွယ်များမှာ နတ်ဘုရားသူတော်စင်နဂါးစိမ်း၏ ကိုယ်တွင်းအင်္ဂါများကို အချိန်တိုအတွင်း ပုပ်သိုးစေနိုင် သည်။
နောက်ပိုင်းခန္ဓာကိုယ် ဖြစ်သည့် တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူ၏ နောက်ပိုင်းခြမ်းမှာလည်း ခုန်ထလာပြီး အနီရောင် ပင့်ကူတစ်ဒါဇင်ခန့်ကို ထွေးထုတ်လိုက်သည်။ ၎င်းတို့မှာ မိုးပြာ နဂါးနက်ဆီသို့ ပျံသန်းသွားပြီး နီးကပ်လာသောအခါ ရုတ်တရက် ပေါက်ကွဲကုန်သည်။ ပင့်ကူများ၏ ခန္ဓာကိုယ်ထဲတွင် တစ္ဆေမီးတောက်များမှလွဲ၍ ဘာမျှမရှိ။ ပင့်ကူတစ်ဒါဇင် တစ်ပြိုင်နက် ပေါက်ကွဲသွားသဖြင့် ပိုမိုကြောက်မက်ဖွယ်ကောင်းသော တစ္ဆေမီးတောက် ပေါက်ကွဲမှု ဖြစ်ပေါ်လာပြီး သတိလက်လွတ် ဖြစ်နေသော မိုးပြာနဂါးနက်ကို ထိမှန်သွား သည်။
မိုးပြာနဂါးနက်မှာ တစ္ဆေမီးတောက်ကြောင့် နောက်သို့ လွင့်စဉ်သွားပြီး ၎င်း၏ ကြီးမား သော ကိုယ်ခန္ဓာကြီးမှာလည်း တစ္ဆေမီးတောက်များဖြင့် လောင်ကျွမ်းခံလိုက်ရသည်။
နတ်ဘုရားသူတော်စင်နဂါးစိမ်းမှာ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။ တစ္ဆေဇနီးသည် မိစ္ဆာ ပင့်ကူ၏ နောက်ဆုံးတိုက်ကွက်မှာ အလွန်ရုတ်တရက်ဆန်လှသဖြင့် ကျူးမင်လန် အော်ဟစ် သတိပေးသော်လည်း ရှောင်တိမ်းရန် ခက်ခဲလှသည်။
"အောင်း…….."
တောအုပ်ဧရာမနဂါးမကြီးက အရှိန်ဖြင့် ပြေးဝင်လာပြီး တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူက နတ်ဘုရားသူတော်စင်နဂါးစိမ်းကို ကိုက်ရန် ပြင်ဆင်နေချိန်တွင် ပြင်းထန်စွာ ဝင်တိုက် လိုက်ရာ ၎င်းမှာ လွင့်စဉ်သွားတော့သည်။ တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူ၏ နောက်ဆုံး တိုက်ခိုက်မူမှာ ပျက်ပြားသွားရပြီး ၎င်း၏ အပေါ်ပိုင်းခန္ဓာကိုယ်မှာ တောအုပ်ဧရာမနဂါး၏ တိုက်ခိုက်မှုကြောင့် ပိုမိုကြေမွ ပျက်စီးသွားသည်။
နတ်ဘုရားသူတော်စင်နဂါးစိမ်းသည် ချက်ချင်းဆိုသလို ကောင်းကင်သို့ ပျံတက်သွားပြီး ၎င်း၏ သံမဏိရွက်တောင်ပံများမှာ လည်ပတ်ကာ အစိမ်းရောင် ချပ်ပြားကြီးအလား ဖြစ် သွားသည်။ ချပ်ပြားကြီးက လှပစွာ လည်ပတ်စဉ်မှာပင် အစိမ်းရောင် ဓားသွားကဲ့သို့သော မြင့်မြတ်သည့် အလင်းတန်းများ ထွက်ပေါ်လာပြီး တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူ၏ ခန္ဓာကိုယ် အရှေ့ပိုင်းကို အပိုင်းပိုင်း ခုတ်လှီးဖြတ်လိုက်သည်။
"ဝူး ဝူး ဝူး……."
တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူမှာ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး ၎င်း၏ ဦးခေါင်းမှာလည်း မူလပုံစံ မရှိတော့ပေ။ ယခင်က ပြင်းထန်လှသော ၎င်း၏ အသက်စွမ်းအင်မှာလည်း နောက်ထပ် တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။
ထိုအတောအတွင်း မိုးပြာနဂါးနက်မှာ တစ္ဆေမီးတောက်များထဲမှ ထွက်ပေါ်လာသည်။ ၎င်းက မှင်သက်နေပြီး သူ၏ ငွေပြာရောင်ရိုင်းစိုင်းနဂါးသံချပ်ကာကို ငုံ့ကြည့်လိုက်သည်။ သံချပ်ကာမှာ ထိခိုက်မှု အနည်းငယ်မျှပင် မရှိပေ။
ဒဏ်ရာအနာတရလည်း မဖြစ်၊ နာကျင်မှုလည်း မခံစားရပေ။
အိုး... အိုး….၊ သူသေပြီဟု ထင်သွားသဖြင့် သွားမည်းကြီးမှာ ကြောက်လန့်လွန်း၍ သေမ တတ် ဖြစ်ခဲ့ရသည်။
တကယ့်ကို သူတို့က ဒီလောက်အထိ သန်မာနေပြီလား…..။
အနက်ရောင် မြူခိုးများ ပျောက်ကွယ်သွားစ ပြုလာသည်။ ကျူးမင်လန် ချဉ်းကပ်လာခဲ့ သည်။ အစပိုင်းတွင် မိစ္ဆာဝိညာဉ်နှင့် ရင်ဆိုင်ရာတွင် အလွန်ပေါ့ဆကြသည့်အတွက် သူတို့ကို ဝေဖန်ရန် စိတ်ကူးထားသည်။ သို့သော် ဝါးစိမ်းလေးမှာ ငယ်ရွယ်သေးပြီး တိုက်ပွဲ အတွေ့အကြုံ နည်းပါးကြောင်း သူ တွေးမိလိုက်သည်။
သွားမည်းကြီးမှာလည်း နဂါးသားတော်အဆင့်သာ ရှိသေးသည်။ အန္တရာယ်ကို သတိပြု မိသော်လည်း ၎င်း၏တုံ့ပြန်မှုနှုန်းမှာ မိစ္ဆာဝိညာဉ်နှင့် ယှဉ်ရန် မဖြစ်နိုင်ပေ။
နှစ်ကောင်စလုံး တိုးတက်ရန် လိုအပ်သေးသည်။ အနာဂတ်တွင် လေ့ကျင့်မှု ပိုမိုလိုအပ် သည်။ ဤတစ္ဆေဇနီးသည် မိစ္ဆာပင့်ကူ လက်ချက်ကြောင့် သူတို့နှစ်ကောင်စလုံး အသတ်ခံရ လုနီးပါး ဖြစ်ခဲ့ရသည်။
"သက်တမ်း ၁၇၀၀ ကျင့်ကြံခြင်းအခြေခံ…..၊ ဒီကောင်သာ နဂါးတစ်ကောင်ကို စားပြီးသွား ရင် ဒီတောအုပ်ကြီးထဲမှာ ပြိုင်ဘက်ကင်း ဖြစ်တော့မှာပဲ။ တောအုပ်အပြင်က မြို့တွေ လည်း ဒုက္ခရောက်ကုန်မှာ" ကျူးမင်လန်က ပြောရင်း မိစ္ဆာဝိညာဉ်၏ ဝိညာဉ်ကို စုဆောင်း ရန် လက်ကို ဆန့်လိုက်သည်။
သေဆုံးပြီးနောက် ၎င်း၏ အနက်ရှိုင်းဆုံး ဝိညာဉ်ကို ကြည့်၍ မိစ္ဆာများ၏ အသက်အရွယ်ကို ခန့်မှန်းနိုင်သည်။ ကံကောင်းထောက်မစွာ သက်တမ်း ၂၀၀၀ ကျော် မဟုတ်သေးပေ၊ မဟုတ်လျှင် အိပ်စက်နေသော အဖြူလေးကို နှိုးရတော့မည် ဖြစ်သည်။
တိုက်ပွဲအတွေ့အကြုံမှာ အမှန်တကယ် အရေးကြီးလှသည်။ ဤဖြစ်ရပ်ကို ဖြတ်သန်းပြီး နောက် ကျူးမင်လန်သည် အနာဂတ်တွင် သွားမည်းကြီးနှင့် ဝါးစိမ်းလေးတို့ကို ပိုမို လေ့ကျင့်ပေးရန် လိုအပ်ကြောင်း ခံစားလိုက်ရ၏။ အကယ်၍ အဖြူလေးသာ မိစ္ဆာအားလုံး ကို ရှင်းပေးနေလျှင် သူတို့နှစ်ကောင်မှာ ပျင်းရိသွားပြီး တိုးတက်ရန် ခက်ခဲသွားလိမ့်မည်။
သူသတ်လိုက်သည့် မိစ္ဆာဝိညာဉ်မှရသော မိစ္ဆာပုလဲမှာ သဘာဝအတိုင်း သူ၏ ပိုင်ဆိုင်မှု ဖြစ်သည်။ နန်မျိုးနွယ်စုမှ နဂါးများ ရောက်လာမည့် အသံကို ကျူးမင်လန် ကြားလိုက်ရပြီး ဝါးစိမ်းလေးကို သူ့မိခင်အား နှုတ်ဆက်ခွင့် ပေးလိုက်သည်။
ဝါးစိမ်းလေးမှာ မှန်ကန်စွာ လုပ်ဆောင်ခဲ့သည်။ သူသည် သူ့အစ်ကိုကို စွန့်ပစ်ထားခဲ့သော် လည်း နဂါးမကြီးမှာမူ သူတို့အပေါ် အမြဲတမ်း ခံစားချက်ရှိနေခဲ့သည်။ နဂါးမကြီးသာ အချိန်မီ ဝင်တိုက်မပေးခဲ့လျှင် ဝါးစိမ်းလေးမှာ အန္တရာယ်ကြီးစွာ ကြုံတွေ့ရပေလိမ့်မည်။
"ဟစ်..."
တောအုပ်ဧရာမနဂါးမကြီးသည် ၎င်း၏ ခန္ဓာကိုယ်မှ အစိမ်းရောင်ပြောင်းပြန်အကြေးခွံ တစ်ခုကို ရုတ်တရက် ဆွဲခွာလိုက်ပြီး သွေးစွန်းနေသော ထိုအကြေးခွံကို ကျူးမင်လန်၏ ရှေ့တွင် ချထားပေးခဲ့သည်။
ထင်းရှူးတောအုပ်၏ နက်ရှိုင်းရာသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားနေသည့် နဂါးမကြီး ၏ ဤလုပ်ရပ်ကို ကျူးမင်လန် ကောင်းစွာ နားမလည်ပေ။ နဂါးငယ်လေးမှာမူ နတ်ဘုရား သူတော်စင်နဂါးစိမ်းကို မော့ကြည့်ရန်ပင် မဝံ့ရဲပေ။ လမ်းလျှောက်နေသည်မှာပင် နဂါးမကြီး၏ ဆွဲခေါ်ခြင်းကို ခံနေရသည်။ ၎င်းမှာ အလွန်ကြောက်နေသည်။ ၎င်း၏ ညီငယ် က လက်စားချေမည်ကို ကြောက်နေခြင်း ဖြစ်သည်။ ဝါးစိမ်းလေး၏ လက်ရှိ ခွန်အားနှင့် ဆိုလျှင် ၎င်းကို သတ်ပစ်ရန်မှာ ချောက်ထဲ ပစ်ချခဲ့စဉ်ကထက်ပင် ပိုမိုလွယ်ကူပေလိမ့်မည်။
ကျူးမင်လန်၏ အကြည့်မှာ ဝါးစိမ်းလေးဆီသို့ ရောက်သွားသည်။ သူနှင့် နဂါးမကြီးတို့ကြား တွင် မည်သည့် ဆက်သွယ်မှုမျှ မရှိကြောင်း သူ သတိပြုမိသည်။ ၎င်းမှာ တစ်စုံတစ်ယောက် နှင့် တူသကဲ့သို့ မားမားမတ်မတ် ရပ်နေပြီး ၎င်း၏ အစိမ်းရောင် ဒေါင်လိုက် မျက်လုံးကျည်း များမှာ အခြားတစ်နေရာကိုသာ ကြည့်နေသည်။
အသိအမှတ်ပြုရန် မလိုတော့ပေ။ သို့သော် နဂါးမကြီး၏ ပြုစုစောင့်ရှောက်မှုကို ကျေးဇူး တင်သည့်အတွက် မုဆိုးများလက်ချက်ဖြင့် သေဆုံးသည်ကို သူ မကြည့်ရက်ပေ။
နဂါးမကြီးမှာလည်း အားလုံးကို နားလည်သွားပုံရသည်။ ကျူးမင်လန်အတွက် အစိမ်းရောင် ပြောင်းပြန်အကြေးခွံတစ်ခုကို ချန်ထားခဲ့ပြီးနောက် ကြောက်လန့်တကြား ဖြစ်နေသော နဂါးငယ်လေးကို ခေါ်ဆောင်ကာ ထူထပ်သော တောအုပ်နက်ဆီသို့ ပြန်လည် ဆုတ်ခွာ သွားတော့သည်။
“အခုကစပြီး ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဘာအကြွေးမကျန်တော့ဘူး။ သူတို့ရဲ့ ရှင်ခြင်း သေခြင်းက မင်းနဲ့ ဘာမှမဆိုင်တော့ဘူး၊ ဟုတ်တယ်မလား” ကျူးမင်လန်က အကြေးခွံကို ကောက်ယူရင်း သက်ပြင်းချလိုက်သည်။
ဤသည်မှာ ဝါးစိမ်းလေး၏ သဘောထားပင်။
ဝါးစိမ်းလေးဟာ ခန္ဓာကိုယ်အားနည်း၍ ချောက်ထဲကို ပစ်ချခံခဲ့ရပြီး ဆူးချုံတွေကြားမှာ ဆူးတွေစိုက်ဝင်ခဲ့ရတဲ့ နာကျင်မှုကို မမေ့နိုင်ပေမဲ့လည်း စိတ်ထဲမှာ အငြိုးအတေးတော့ ထားမနေခဲ့ဘူး။
ဘာလို့လဲဆိုတော့ ရှင်သန်ခြင်းကိုယ်တိုင်က ရက်စက်တတ်လို့ပဲ……
ဖြစ်နိုင်တာက နဂါးမကြီးဟာ ဝါးစိမ်းလေးအတွက် ပိုကောင်းတဲ့ ကံကြမ္မာတစ်ခုကို တွေ့ မြင်ရတဲ့အတွက် စိတ်ကျေနပ်သွားတာလည်း ဖြစ်နိုင်တယ်။ မဟုတ်ရင် ဘာလို့များ ရှားပါး လှတဲ့ အစိမ်းရောင် ပြောင်းပြန်အကြေးခွံကို ကျူးမင်လန်အတွက် ချန်ထားခဲ့ပါ့မလဲ။ ဒါက ဝါးစိမ်းလေးအတွက် သူမ လုပ်ပေးနိုင်တဲ့ နောက်ဆုံးအရာပါပဲ။
ဒဏ်ရာတွေနဲ့ နွမ်းနယ်နေတဲ့ နဂါးမကြီးရဲ့ ကျောပြင်ကို ကြည့်ပြီးနောက် သူတို့ကို တစ်ချက်လေးတောင် လှည့်မကြည့်တဲ့ ဝါးစိမ်းလေးကို ကြည့်လိုက်မိတဲ့အခါ...
ကျူးမင်လန်၏ ခံစားချက်များမှာ ရှုပ်ထွေးသွားတော့သည်။
သူ့လက်ဖြင့် ဝါးစိမ်းလေး၏ အမွှေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ သူ့ဝိညာဉ်နှင့် ချိတ်ဆက်ထားသည့်အတွက် ယခုအချိန် ဝါးစိမ်းလေး၏ ခံစားချက်များကို သူ မည်သို့ မသိဘဲနေမည်နည်း။
အဆုံးစွန်တွင် ဝါးစိမ်းလေးသည် ကလေးတစ်ယောက်သာ ရှိပါသေးသည်။ သို့သော် သူ ရင်ဆိုင်ခဲ့ရသည့်အရာတွေက လူကြီးတွေတောင် ရင်ဆိုင်ရခက်ခဲသည့် အရာတွေ ဖြစ်နေခဲ့ သည်။
ဒါဆိုလည်း ထားလိုက်ပါတော့……။
သူတို့ကို ထွက်သွားခိုင်းလိုက်ပါ။ သူတို့ရဲ့ ရှင်ခြင်းသေခြင်းအတွက် ဘာမှ ထပ်ပြီး ပူပန်မနေ တော့ဘူး။