← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

အခန်း (၈၄) အဆိပ်ပြင်းသော ခယ်မလေး။

အနက်ရောင် မြူခိုးများ လုံးဝ ပျောက်ကွယ်သွားပြီးနောက် ပတ်ဝန်းကျင်တွင် ဆူညံသံများ ထွက်ပေါ်လာသည်။ နန်မျိုးနွယ်စုမှ အဖွဲ့ဝင်များမှာ လူခေါင်းစွပ် အနီရောင်ပင့်ကူများကို ရှင်းလင်းနေကြပြီး ကျူးမင်လန် မရှင်းလင်းနိုင်ခဲ့သော ပင့်ကူများကို ဝိုင်းရံ၍ အစအန မကျန်အောင် ရှင်းထုတ်နေကြသည်။

သူတို့ကိုယ်တိုင်မှာ မိစ္ဆာဝိညာဉ်များကို တိုက်ရိုက် ရင်ဆိုင်ရန် မဝံ့ရဲသဖြင့် ဤသို့ ကူညီပေးရင်း အကယ်ဒမီ ခရစ်ဒက်အမှတ်များ စုဆောင်းခြင်းမှာ ပြဿနာ မရှိပေ။

"အစ်ကိုတို့ အစ်မတို့ စိတ်မပူကြနဲ့။ ဆရာကျူးက တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူကို သတ်ဖြတ် ပြီးသွားပြီ" နန်ကျောက်ဘင်းနှင့် အခြားသူများ၏ တင်းမာနေသော မျက်နှာ အမူအရာများ ကို မြင်သောအခါ လုဝမ်ယဲ့က ပြုံး၍ ပြောသည်။

"ဖြေရှင်းပြီးသွားပြီလား" နန်ကျောက်ဘင်းမှာ မယုံနိုင်အောင် ဖြစ်သွားရသည်။ သူတို့သည် တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူ၏ အစစ်အမှန် ပုံစံကို မမြင်လိုက်ရသလို၊ ၎င်းမှာ သက်တမ်း မည်မျှရှိသည်ကိုလည်း ခန့်မှန်းရ ခက်ခဲသည်။

"အဲဒါက ဒီကောင်ပဲလား" နန်ကျောက်ဘင်းသည် တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူ၏ အလောင်းထံ လျှောက်သွားပြီး အသွင်ပြင်ကို မှတ်မိနိုင်တော့သည့် အခြေအနေတွင် မရှိတော့သည့် မိစ္ဆာဝိညာဉ်ကို ကြည့်လိုက်သည်။ ရုတ်တရက် အပိုင်းပိုင်း ဖြစ်နေသော အလောင်းမှာ တုန်ခါသွားပြီး အနီရောင် ပင့်ကူငယ်လေးတစ်ကောင် ရုတ်တရက် ထွက်လာ သဖြင့် နန်ကျောက်ဘင်းမှာ ကြောက်လန့်တကြား နောက်သို့ ဆုတ်လိုက်သည်။

"ဆရာကျူးရဲ့ နဂါးက အရမ်းသန်မာတာပဲ။ ကြာပန်းနီမြို့ကို စောင့်ရှောက်ဖို့ အစ်မ နန်လင်းရှာ အစားထိုးခဲ့တာ မထူးဆန်းတော့ပါဘူး။ တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူက နှစ် ၁၇၀၀ တောင် သက်တမ်းရှိတာ။ သူ့ရဲ့မျက်လုံးပုလဲတွေကို သယ်သွားပြီး အစီရင်ခံမယ်ဆို ရင် အကယ်ဒမီ ခရစ်ဒက်အမှတ် အများကြီး ရလိမ့်မယ်" လုဝမ်ယဲ့က ပြောသည်။

လုဝမ်ယဲ့မှာ တောအုပ်ဧရာမနဂါးမကြီးအကြောင်း တစ်စုံတစ်ရာ မပြောခဲ့သဖြင့် ကျူးမင်လန်အတွက် ရှင်းပြရမည့် ဒုက္ခမှ ကင်းဝေးသွားသည်။ နန်ရီမှာမူ လုဝမ်ယဲ့က မပြောသည်ကို မြင်လိုက်ရသဖြင့် နောက်ထပ် မပြောတော့သော်လည်း ကျူးမင်လန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေဆဲဖြစ်သည်။

ထိုတစ္ဆေဇနီးသည် မိစ္ဆာပင့်ကူကို နန်ရီကိုယ်တိုင် နဂါးလိုက်ဖမ်းစဉ်က တွေ့ဖူးသည်။ ဤမျှ သန်မာသော မိစ္ဆာဝိညာဉ်ကို ကျူးမင်လန်က ဤမျှ တိုတောင်းသော အချိန်အတွင်း သတ်ဖြတ်နိုင်ခဲ့သည်။

ဒီကောင်က ဘာလို့ ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်ခဲလာရတာလဲ။

"နတ်ဘုရားသူတော်စင်နဂါးစိမ်းလား" ထိုအချိန်တွင် ရွှေရောင် အဆင်တန်ဆာ ဝတ်ဆင် ထားသော အမျိုးသမီးတစ်ဦးသည် ဝါးစိမ်းလေးကို သတိပြုမိသွားသည်။

ကျူးမင်လန်၏ ငွေပြာရောင် ရိုင်းစိုင်းနဂါးသံချပ်ကာ ဝတ်ဆင်ထားသော နဂါးမှာ အကယ်ဒမီတွင် ပြသထားဖူးပြီး ဖြစ်သဖြင့် သူတို့နှင့် ရင်းနှီးပြီးသား ဖြစ်သည်။

သို့သော် ဝါးစိမ်းလေးမှာမူ တမူထူးခြားနေသည်။ ၎င်း၏ ခန္ဓာကိုယ်မှ စိမ်းလန်းသော နတ်ဘုရား အလင်းတန်းများ ထွက်ပေါ်နေပြီး သူတို့၏ တောအုပ်နဂါးစိမ်းများကြားတွင် ရပ်နေသည်မှာ ကြက်များကြားမှ ကြိုးကြာတစ်ကောင်ကဲ့သို့ ထင်ရှားလွန်းနေသည်။

ပြဿနာမှာ နတ်ဘုရားသူတော်စင်နဂါးစိမ်းမှာ နန်မျိုးနွယ်စု၏ သူတော်စင် တောအုပ်မှာ ပင် အလွန်ရှားပါးသော နဂါးမျိုးဖြစ်သည်။ ကျူးမင်လန်မှာ နန်မျိုးနွယ်စုမှ မဟုတ်ဘဲ မည်သို့လျှင် ထိုကဲ့သို့သော နဂါးမျိုးကို ပိုင်ဆိုင်နိုင်ရသနည်း။

ကျူးမင်လန်၏ဘေးရှိ နန်ရီ၏ မျက်လုံးများမှာ ပြူးကျယ်သွားရသည်။

သူသည် ဤနဂါးနှင့် အဘယ်ကြောင့် ဤမျှ ရင်းနှီးနေရသနည်း…..။

နန်လင်းရှာ စောင့်ရှောက်ထားသည့် ကြာပန်းနီမြို့၏ ရှေးဟောင်းမျှော်စင်တောင်ကုန်းပေါ် တွင် ကျူးမင်လန် အဘယ်ကြောင့် ရှိနေရပြီး သူမကိုယ်စား စီစဉ်ညွန်ကြားသူ လုပ်ဆောင် ပေးနေရသနည်းဟု သူ တွေးမိလိုက်သည်။

"ကျူးမင်လန်၊ ဒီနဂါးက မင်းကို နန်လင်းရှာ ပေးလိုက်တာလား" နန်ရီက ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် မေးလိုက်သည်။

"ကျွန်တော်……" ကျူးမင်လန် ကိုယ်တိုင် နန်ရီ ပြောလိုသည်ကို နားမလည်ပေ။

"ဘာ၊ နန်လင်းရှာက မင်းကို နတ်ဘုရားသူတော်စင်နဂါးစိမ်း ပေးလိုက်တာလား" ထိုစကား ကို ကြားသောအခါ နန်ကျောက်ဘင်းမှာ ပို၍ တုန်လှုပ်သွားပြီး ဒေါသကြောင့် တစ်ကိုယ် လုံး တုန်ရီနေသည်။

အခြား နန်မျိုးနွယ်စုဝင်များမှာလည်း မယုံကြည်နိုင် ဖြစ်နေကြသည်။

သူတို့မှာ ဤအချက်ကို လက်ခံရန် တွန့်ဆုတ်နေသော်လည်း စဉ်းစားကြည့်ပါက ဤနဂါး၏ မူလအစမှာ နန်လင်းရှာ ဖြစ်နိုင်သည်။

နန်မျိုးနွယ်စုတစ်ခုလုံးတွင် နန်လင်းရှာတစ်ဦးသာလျှင် နတ်ဘုရားသူတော်စင်နဂါးစိမ်းကို ရရှိရန် အရည်အချင်း ပြည့်မီသည်။

မိသားစုပိုင် ပစ္စည်းကို အပြင်လူအား ပေးလိုက်သည်ဟု ဆိုရမည်လော….။

နန်လင်းရှာ၏ လုပ်ရပ်မှာ နားလည်ရခက်သော်လည်း ဤသည်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင်…..။

"မင်းတို့ မှားနေပြီ။ ကျွန်တော့်နဂါးက..." ကျူးမင်လန်မှာ တောအုပ်နဂါးစိမ်းမကြီး၏ သားဖြစ်ကြောင်း ပြောရန် ပြင်လိုက်သော်လည်း သူ လွှတ်ပေးလိုက်ပြီးပြီ ဖြစ်သဖြင့် စကား ဆက်မပြောနိုင်တော့ပေ။

"ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အစ်မလင်းရှားကို မေးကြည့်ရင် သိရမှာပေါ့" ရွှေရောင်အဆင်တန်ဆာ ဝတ်ဆင်ထားသော အမျိုးသမီးက ပြောသည်။

"ဘာတွေ မေးဖို့ လိုသေးလို့လဲ။ မမြင်ဘူးလား" နန်ရီက ခါးသက်သက် ပြုံး၍ ပြောသည်။

ယခုအခါ နန်ရီသည် အရာအားလုံးကို နားလည်သွားပြီ ဖြစ်သည်။ လီယွင်ဇီ၊ နန်လင်းရှာ… နှစ်ယောက်စလုံးမှာ ကျူးမင်လန်နှင့် မရှင်းပြနိုင်သော ဆက်သွယ်မှုများ ရှိနေကြသည်။

"ဒါက ငါတို့ မျိုးနွယ်စုရဲ့ ရတနာတွေနဲ့ ပတ်သက်နေတာ၊ ဘယ်လိုလုပ် မမေးဘဲ နေနိုင်မှာ လဲ" နန်ကျောက်ဘင်းက ကျူးမင်လန်ကို ကြည့်သည့် အကြည့်မှာ တစ္ဆေဇနီးသည် မိစ္ဆာ ပင့်ကူထက်ပင် ပိုမို ရန်ငြိုးထားနေသည်။

နန်မျိုးနွယ်စုမှ ဤတိုက်ရိုက် မျိုးဆက်များသည် တိုးတက်လိုစိတ်ဖြင့် မဆုတ်မနစ် ကြိုးစား အားထုတ်ကြမည်ဆိုပါက တောအုပ်နဂါးစိမ်းငယ်များကို ရရှိနိုင်ကြပြီး သူတို့၏ မိသားစု အရင်းအမြစ်များအရ သူတို့မှာ မွေးရာပါ နဂါးထိန်းများ ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။

သို့သော် တောအုပ်နဂါးစိမ်းများမှာ နတ်ဘုရားသူတော်စင်နဂါးစိမ်းနှင့် မည်သို့ ယှဉ်နိုင်ပါ မည်နည်း။

သူတို့ အဘယ်ကြောင့် မနာလိုမဖြစ်ဘဲ နေနိုင်ပါမည်နည်း….။

"နန်ရီ၊ မင်း မသိရင် ဟိုဟိုဒီဒီ လျှောက်မပြောနဲ့" ကျူးမင်လန်က နဂါးချောက်ကမ်းပါးတွင် သူကြုံတွေ့ခဲ့ရသည့် ထူးခြားသော ဖြစ်ရပ်ကို အကျဉ်းချုံး ရှင်းပြလိုက်သည်။

နန်ရီ၏ မျက်နှာအမူအရာကမူ…..၊ မင်း အခုတော့ ဆက်ပြီး လိမ်ညာနေလိုက်ဦး၊ ခုနက တောအုပ်ဧရာမနဂါးမကြီးကို မြင်လိုက်ရလို့ ဒီဇာတ်လမ်းကို ချက်ချင်း ဖန်တီးလိုက်တာဆို တာ သိသာနေတယ်ဆိုသည့် ပုံစံမျိုး ဖြစ်သည်။

"နန်ရီ၊ ငါတို့က အတန်းဖော်တွေလေ၊ ငါ့ရဲ့စရိုက်ကို မင်းမသိဘူးလား။ လီယွင်ဇီနဲ့ ငါ့ကြား က ဆက်ဆံရေးက အပြန်အလှန် လေးစားမှုနဲ့ ခင်မင်မှုသက်သက်ပဲ။ နန်လင်းရှာနဲ့ဆိုရင် တော့ သိရုံလောက်ပဲ ရှိတာ။ ဒီလို ကောလာဟလတွေကို မင်းလျှောက်ပြောနေရင် လူတွေ က နန်လင်းရှာနဲ့ ငါနဲ့ကြားမှာ တစ်ခုခုရှိနေတယ်လို့ ထင်ကုန်ကြတော့မှာပေါ့။ အဲဒီအခါ ငါ လီယွင်ဇီကို ဘယ်လိုမျက်နှာနဲ့ တွေ့ရတော့မလဲ" ကျူးမင်လန်က ပြောသည်။

"ဒါဆိုရင် ဒီနတ်ဘုရားသူတော်စင်နဂါးစိမ်းက ဘယ်က ရလာတာလဲ" နန်ရီက အလေး အနက် မေးသည်။

"ငါ ခုနက ပြောပြီးသားလေ"

"ဟွန်း၊ မင်း အမှန်အတိုင်း မပြောပါဘူး၊ ပြီးတော့ ငါတို့ ကောလာဟလတွေ ဖြန့်မှာကို လည်း ကြောက်နေသေးတယ်။ မင်းက အကုန်လုံးကို ပိုင်ဆိုင်ချင်နေတာပဲ။ ဒီလိုတော့ မရဘူးကိုယ့်လူ၊ လီယွင်ဇီနဲ့ မရှင်းမရှင်း ဆက်ဆံရေးရှိနေလျက်နဲ့ နန်လင်းရှာကိုပါ လိုချင် နေတဲ့ မင်းလို လူယုတ်မာမျိုးကို ငါ ဒီလောက် လွယ်လွယ်နဲ့ ပြီးသွားခွင့် မပေးနိုင်ဘူး" နန်ရီတွင် ကျူးမင်လန်အတွက် စာနာစိတ် တစ်စက်မျှ မရှိပေ။

ညီအစ်မနှစ်ယောက်လုံးကို ပိုင်ဆိုင်ချင်နေတဲ့ တိရစ္ဆာန်ကောင်……၊ မင်းသာ မလုပ်ရင် ဘယ်သူက သိမှာလဲ……။

"ကောင်းပြီ၊ ကောင်းပြီ။ ဒီကိစ္စကို နန်လင်းရှာဆီ သွားပြီး တိုက်ရိုက်ပဲ မေးကြည့်လိုက်ကြ တာပေါ့" ကျူးမင်လန်မှာ သူတို့ကို ရှင်းပြရသည်ကိုပင် ငြီးငွေ့လာသည်။

“မင်းတို့က ငါ့ကို မင်းတို့ရဲ့ သူတော်စင်ရတနာကို ခိုးတယ်လို့ သံသယဝင်နေကြတာပဲ၊ ဘာပဲဖြစ်ဖြစ်လေ... မင်းတို့ရဲ့ အမျိုးသမီးအုပ်စိုးရှင်ရဲ့ အလေးစားခံရမှုနဲ့ အချစ်ကိုတောင် ငါ ခိုးယူထားပြီးသား ဖြစ်နေပြီပဲ၊ နတ်ဘုရားသူတော်စင်နဂါးစိမ်းလောက်တော့ သိပ်ပြီး မထူးခြားတော့ပါဘူး..."

ဒါပေမဲ့ မင်းတို့ပြောသလို နန်လင်းရှာက ငါ့ကို ပေးလိုက်တာလို့ ပြောခဲ့ရင် ဘယ်သူမဆို တစ်ခုခုတော့ ရှိမှာပဲလို့ ထင်ကြလိမ့်မယ်။ အကြောင်းမဲ့သက်သက် နတ်ဘုရားသူတော်စင် နဂါးစိမ်းတစ်ကောင်ကို သူစိမ်းယောင်္ကျားတစ်ယောက်ကို ပေးလိုက်တယ်ဆိုတာ ဖြစ်နိုင်ပါ့ မလား။ နဂါးထိန်းတစ်ယောက်အနေနဲ့ ငါ့အနာဂတ်တစ်ခုလုံးကို စတေးပြီးတော့တောင် ဒီနဂါးလေးကို ကယ်ခဲ့ရတာလေး…….။

ကျူးမင်လန် တစ်ခြားသူတွေ ဘယ်လိုထင်ထင် ဂရုမစိုက်နိုင်ပေ။

ဒါပေမဲ့ သူ့မိန်းမကရော…….။

လီယွင်ဇီနှင့် နန်လင်းရှာမှာ အဆင်မပြေကြတာ ကြာလှပြီ။

အကယ်၍ သူမသာ သူမအမြွှာညီမလေးနှင့် သူ ပတ်သက်နေသည်ကို သိသွားခဲ့ရင် သူ့ကို ဓားနှင့် အပိုင်းပိုင်း ဖြတ်တောက်မပစ်နိုင်ဘူးလား….။

ထိုအချိန်တွင် ကျူးမင်လန်မှာ နန်ရီကို လည်ပင်းညှစ်သတ်ပစ်ချင်စိတ် ပေါက်သွားသည်။

ဒီကောင်က နတ်ဘုရားသူတော်စင်နဂါးစိမ်းကို ခိုးယူတယ်လို့ စွပ်စွဲတာ မလုံလောက်သေး လို့ သူ့အကျင့်စာရိတ္တအကြောင်းကိုပါ ထည့်ပြောခဲ့သေးတယ်။

ကြာပန်းနီမြို့သို့ ပြန်ရောက်သောအခါ နန်မျိုးနွယ်စုမှ တပည့်များမှာ ယခင်ကလို အကယ်ဒမီ မှတ်များကို ဂရုစိုက်ပုံ မပေါ်တော့ပေ။

နန်လင်းရှာ ပြန်မရောက်သေးသည့်အတွက် သူတို့သည် ကြာပန်းနီမြို့တွင် သူမကို ခေါင်းမာစွာ စောင့်ဆိုင်းနေကြသည်။ ဆရာအစားထိုးတစ်ဦးအနေဖြင့် ကျူးမင်လန်မှာ လည်း မည်သည့်နေရာမှ လွယ်လွယ်နှင့် မထွက်ခွာနိုင်ပေ။

နန်မျိုးနွယ်စု တပည့်များ၏ ထူးဆန်းသော အကြည့်များနှင့် သံသယဝင်နေသော မျက်လုံး များကို ရင်ဆိုင်ရချိန်တွင် ကျူးမင်လန်မှာ တစ်ကိုယ်လုံး နေရခက်လာသည်။ နန်လင်းရှာ အမြန်ဆုံး ပေါ်လာဖို့သာ ဆုတောင်းနေမိတော့သည်...

ညဉ့်နက်သောအခါ နန်လင်းရှာ ပြန်ရောက်လာသည်။

သူမမှာ မြို့၏အုပ်ချုပ်ရေးဌာနတွင် မိစ္ဆာဝိညာဉ်များကို လိုက်လံနှိမ်နင်းလာသဖြင့် အနည်း ငယ် ပင်ပန်းနွမ်းနယ်နေဟန်ရှိသည်။

"အစ်မ" ရွှေရောင်အဆင်တန်ဆာ ဝတ်ဆင်ထားသော မိန်းကလေးမှာ နန်လင်းရှာနှင့် ရင်းနှီးပုံရပြီး ချက်ချင်းပင် သူမလက်မောင်းကို တွဲ၍ ချွဲနွဲ့လိုက်၏။

ဤလူအုပ်စုကို ကြည့်လိုက်စဉ် နန်လင်းရှာ၏ မျက်ခုံးများအကြားတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ပေါ်လာသည်။

"အစ်မ၊ အစ်မက ကျူးမင်လန်ကို နတ်ဘုရားသူတော်စင်နဂါးစိမ်း ပေးလိုက်တာလား" ရွှေရောင်အဆင်တန်ဆာဝတ် မိန်းကလေးက အလျင်အမြန် မေးသည်။

နန်ကျောက်ဘင်း၊ လုဝမ်ယဲ့၊ နန်ရီနှင့် အခြားသူများမှာ နန်လင်းရှာ၏ ရှေ့တွင် အလွန် ရိုသေနေကြပြီး မာန်မာနတစက်မျှပင် မပြဝံ့ကြပေ။ အထူးသဖြင့် နန်ကျောက်ဘင်းမှာ သူမ ကို တပ်မက်နေသော အကြည့်များဖြင့် ကြည့်နေသည်။

နန်လင်းရှာသည် မျက်နှာဖုံးကာ ဇာပုဝါကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။ သူမက ကျူးမင်လန်ကို တစ်ချက်ကြည့်လိုက်၏။ အစပိုင်းတွင် နားမလည်ဟန်ရှိသော်လည်း မကြာမီ တစ်စုံတစ်ခုကို သတိရသွားကာ ပါးလွှာသော မျက်နှာဖုံးအောက်မှ သူမ၏ လှပ သော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

"အဲဒါက မသန်စွမ်းနဂါးပေါက်စလေး တစ်ကောင်ပါ၊ ဟုတ်တယ်၊ ငါ သူ့ကို ပေးလိုက်တာ" နန်လင်းရှာက အလွန်ပင် သာမန်ဆန်သော ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဖူး……"

ကျူးမင်လန် သောက်လက်စ ပူပူနွေးနွေး လက်ဖက်ရည်များမှာ တစ်နေရာလုံးသို့ လွင့်စင် သွားကာ အလွန်အရှက်ရစရာ မြင်ကွင်းတစ်ခု ဖြစ်သွားရတော့သည်။

"ပူလိုက်တာ၊ ပူလိုက်တာ။" ကျူးမင်လန်က အလောတကြီးပင် အခြေအနေကို ဖုံးဖိရန် ကြိုးစားလိုက်ပြီး နန်လင်းရှာကို မှင်သက်စွာ ငေးကြည့်နေမိသည်။

မင်းရဲ့ အနုပညာရှင်ဆန်တဲ့ တည်ငြိမ်အေးဆေးမှုတွေ ဘယ်ရောက်ကုန်တာလဲ…..။

မင်းရဲ့အရာရာတိုင်းအပေါ် ထားရှိတဲ့ အထင်သေးတဲ့ စိတ်ထားတွေ ဘယ်ရောက် ကုန်တာလဲ….။

ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ….။

ဒီကိစ္စကို အကြီးကြီးဖြစ်အောင် မလုပ်ပါနဲ့တော့၊ အဒေါ်လေးရယ်နော်….။

ဒါက တကယ်ကို ကြီးမားတဲ့ ပြဿနာကြီးလေ…..။

"ဝါးတောထဲမှာ ငါတို့ဆုံခဲ့တဲ့ ညတုန်းက အဲဒီမသန်စွမ်းနဂါးလေးက သေလုမြောပါး ဖြစ်နေ တာ။ သူက ထိုက်တန်တဲ့ နဂါးထိန်းတစ်ယောက် ဖြစ်ပြီး ငါတို့မိသားစုရဲ့ အစ်မ လီယွင်ဇီနဲ့ လဲ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာကို မြင်တော့၊ ငါ့အစ်မကို အမြဲတမ်း ဂရုစိုက်ပေးနေတဲ့ သူ့ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒီနတ်ဘုရားသူတော်စင်နဂါးစိမ်းလေးကို ပေးလိုက်တာ ပါ..." နန်လင်းရှာ၏ အသံမှာ ပို၍ပင် နူးညံ့သွားသည်။

ပြောနေတာတွေ ရပ်လိုက်ပါတော့……။

ဒီသခင်လေး…..၊ ဒီသခင်လေးရဲ့ နဂါးက မင်းနဲ့ ဘာမှမဆိုင်ဘူး……။

ကျူးမင်လန်မှာ ငိုချင်စိတ်ပင် ပေါက်လာသည်။ ဒီအဒေါ်လေး၊ ဒီဒေါ်လေးက သေလောက် အောင် အဆိပ်ပြင်းလွန်းတယ်…..။

All Chapters