← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

အခန်း (၈၅) မမျှော်လင့်ဘဲ ရလိုက်သည့် နှစ်ထပ်ကွမ်း အကျိုးအမြတ်။

နန်လင်းရှာ၏ လေသံမှာ ပေါ့ပေါ့ပါးပါးဖြစ်ပြီး သူမ ပြောလိုက်သည့် စကားများတွင်လည်း အမှားအယွင်း မရှိပေ။

သို့သော် သူမသည် အဘယ်ကြောင့် “ဝါးတောလေးနှင့် "ညနက်နဲချိန်" ဟူသော စကားစု နှစ်ခုကို ထည့်သွင်းပြောဆိုရသနည်း။ ဤစကားစုများမှာ စိတ်ကူးတတ်သူများအတွက် အလွန်အမင်း ထင်ကြေးပေးစရာ ဖြစ်လာစေနိုင်သည်။

ဘိုးဘေးနဂါး မြို့တော်မှ လူများ၏ စိတ်ကူးနိုင်စွမ်းကို ကျူးမင်လန် ကောင်းစွာ သိရှိထား သည်။ အဓိကအချက်ချာ စကားလုံးအနည်းငယ်မျှဖြင့်ပင် ဝမ်းနည်းကြေကွဲဖွယ် အချစ် ဇာတ်လမ်းတစ်ပုဒ်ကို ပုံဖော်လိုက်ကြမည်မှာ သေချာသည်။ ထို့အပြင် တစ်ဦးနှင့်တစ်ဦး လုံးဝ ကွဲပြားခြားနားသော ဗားရှင်းမျိုးစုံလည်း ထွက်ပေါ်လာဦးမည်။

နန်လင်းရှာ၏ စကားများ ပျံ့နှံ့သွားပါက မည်ကဲ့သို့သော ကောလာဟလများနှင့် ကဲ့ရဲ့သံ များ ထွက်ပေါ်လာမည်ကို နတ်ဘုရားများပင် သိနိုင်မည် မဟုတ်ပေ။ သူ၏ စိတ်ရင်းအမှန် ကို အားတက်သရော ဟောပြောပြီးနောက် လူများ သူ့ကို ယုံကြည်ခါနီးအချိန်တွင်မှ ဤသို့ ဖြစ်လာရသည်။

နန်လင်းရှာ ပြောပြီးသည်နှင့် နန်မျိုးနွယ်စုမှ လူငယ်များမှာ တိတ်ဆိတ်သွားကြသည်။ သူတို့၏ မျက်လုံးများတွင် ပြောမထွက်သော စကားလုံးများဖြင့် ပြည့်နှက်နေသော်လည်း နန်လင်းရှာ၏ မိသားစုအတွင်း တည်ရှိနေသော အမြင့်ဆုံး အဆင့်အတန်းကြောင့် သူတို့မှာ ထုတ်ဖော်ပြောဆိုရန် မဝံ့ရဲကြပေ။

"ဒါဆို ဆရာကျူးက ဒီကိစ္စမှာလည်း အရမ်းတော်တာပေါ့" လုဝမ်ယဲ့က တိုးတိုးလေး ပြောလိုက်သည်။

"အစ်မလင်းရှာ ပေးလိုက်တာဆိုတော့ ငါတို့အနေနဲ့ ဘာမှပြောစရာ မရှိတော့ဘူး။ ဒါပေမဲ့ ဘာလို့များ ဒီလောက်တန်ဖိုးရှိတဲ့ နဂါးကို အလကား ပေးလိုက်ရတာလဲ..." နန်ကျောက် ဘင်း၏မျက်နှာမှာ လူမျက်နှာကြွက် တစ်ကောင်ကဲ့သို့ ကောက်ကျစ်စဉ်းလဲနေသော် လည်း ယဉ်ကျေးစွာဖြင့် စူးစမ်းချင်ယောင်ဆောင်နေသည်။

"ငါ ဘယ်လိုလုပ်လုပ် မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး" နန်လင်းရှာက တည်ငြိမ်စွာ ပြောလိုက် သည်။

နန်ကျောက်ဘင်းမှာ ချက်ချင်းပင် ခေါင်းငုံ့သွားပြီး နောက်ထပ် စကားမပြောရဲတော့သော် လည်း သူ၏ အကြည့်များမှာ ကျူးမင်လန်ဆီသို့ ရွှေ့လျားသွားသည်။

ထိုအကြည့်များမှာ ယခင်ကကဲ့သို့ပင် ရွံရှာဖွယ်ကောင်းနေဆဲ ဖြစ်သည်။ ကျူးမင်လန်မှာ ဤသို့သော အကြည့်မျိုးနှင့် ရင်းနှီးအကျွမ်းဝင်နေပြီ ဖြစ်သည်။ သူက နောက်ထပ် တစ်စုံ တစ်ယောက်က ကြံရွယ်ချက်ရှိရှိ လုပ်ကြံမူမျိုး ဖြစ်မလာပါစေနှင့်ဟု ဆုတောင်းနေမိသည်။ အကယ်၍သာ ဖြစ်ပေါ်လာပါက ကျူးမင်လန်အနေဖြင့် ထိုလူများအပေါ် ယဉ်ကျေးနေ တော့မည် မဟုတ်ပေ။

"ဒါဆို... ဒါဆိုရင် ငါတို့ပဲ အရင်သွားနှင့်တော့မယ်" နဖူးတွင် ရွှေရောင်အဆင်တန်ဆာ ဝတ်ဆင်ထားသော အမျိုးသမီးက ပြောသည်။

အခြားသူများမှာလည်း ဆက်နေရန် မသင့်တော်ကြောင်း သိသဖြင့် တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြသည်။

ကျူးမင်လန်မှာ မိမိ၏ ဂုဏ်သိက္ခာကို ပြန်လည် မဆည်ယူနိုင်တော့ကြောင်း သိသဖြင့် နန်မျိုးနွယ်စုမှ လူများနှင့်အတူ စိတ်ပျက်လက်ပျက် ထွက်ခွာလာခဲ့သည်။ "ကျူးမင်လန်၊ မင်း ကျန်ခဲ့။ မင်းနဲ့ ငါပြောစရာ စကားရှိတယ်" နန်လင်းရှာ၏ နတ်ဆိုးဝင်သကဲ့သို့ ခေါ်သံ ထွက်ပေါ်လာသည်။

နန်မျိုးနွယ်စုဝင်များ၏ မျက်လုံးများမှာ တောက်ပသွားပြီး ကျူးမင်လန်ကို တစ်ချက်ကြည့် ကာ ချက်ချင်းပင် ထွက်ခွာသွားကြသည်။ သူတို့မှာ သူတို့အစ်မတော်၏ စိတ်အခြေအနေကို အနှောင့်အယှက် မဖြစ်စေလိုကြပေ။

နန်မျိုးနွယ်စုတွင် နန်လင်းရှာကို မည်သူမျှ ရန်မစရဲကြပေ။ မိသားစုအဖွဲ့ဝင် အကြီးအကဲ များပင် သူမကို လေးစားရသည်။ လူငယ်အဖွဲ့ဝင်များအနေဖြင့်မူ ပို၍ပင် သတိထားကြရ သည်။

ခြံဝင်းမှာ ကောင်းကင်သို့တိုင် ဟာလာဟင်လင်း ဖွင့်ထားပြီး အစိမ်းရောင် အုတ်ကြွပ်များ ဖြင့် ဝိုင်းရံထားသည်။ ကြယ်မရှိသော ကောင်းကင်ယံတွင် မြူခိုးအလွှာပါးလေးများသာ ရှိနေသည်။

အလယ်တွင် ဝါးကျောက်ခွက်တစ်ခုရှိပြီး ကျူးမင်လန်က အနီးတွင် ရပ်နေ၏။ ကြည်လင် သော စမ်းရေများမှာ ဝါးလုံးအတွင်းမှတစ်ဆင့် သူ့ခြေထောက်နားရှိ ကျောက်ပြားများ ကြားသို့ စီးဆင်းနေသည်။

ကျူးမင်လန်မှာ ရပ်နေပြီး နောက်ပြန်မဆုတ်သလို၊ ထွက်လည်း မသွားပေ။

သူသည် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ပြီး အနည်းငယ် စိတ်ပျက်သော အမူအရာဖြင့် "သခင်မလေးနန်၊ ကျွန်တော့်အတွက် ခုခံကာကွယ်ပေးစရာ မလိုပါဘူး။ နန်မျိုးနွယ်စုရဲ့ မေးခွန်းတွေကို ကျွန်တော် မကြောက်ပါဘူး" ဟု ပြောလိုက်သည်။

"မင်း မှားနေပြီ" နန်လင်းရှာက စနောက်ကျီစယ်သော အပြုံးဖြင့် ပြောသည်။ သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်များ ရှိနေပြီး ပေါ့ပေါ့ပါးပါး လေသံဖြင့် "သူမက မင်းအနေနဲ့ ငါ့ကို သတိထားဖို့ သတိပေးခဲ့ဖူးတယ် မဟုတ်လား။ သူမက မင်းကို ဂရုစိုက်နေတုန်းပဲ။ ဒါကြောင့် လီယွင်ဇီရဲ့ တုံ့ပြန်မှုကို ငါ ပိုသိချင်လာတယ်။ မင်းနဲ့ ငါနဲ့ ရင်းနှီးလာတာကို သူမအနေနဲ့ စိတ်မသက်မသာ ဖြစ်မဖြစ်ဆိုတာကိုပေါ့" ဟု ပြောသည်။

"သခင်မလေးနန်၊ သခင်မလေးက ကိုယ့်ဂုဏ်သိက္ခာကို ဂရုမစိုက်ပေမဲ့ ကျွန်တော် ကျူးမင်လန်ကတော့ စိတ်ရှင်းရှင်းနဲ့ တစ်စုံတစ်ယောက်ကို လက်ထပ်ရဦးမှာလေ" ကျူးမင်လန်က ပြောသည်။

"မင်းလား…..၊ စိတ်ရှင်းရှင်းနဲ့လား….." နန်လင်းရှာမှာ ရယ်မောလိုက်ပြီး သူမရယ်သံက ရပ်တန့်မသွားတော့ပေ။

သူမ၏ ဆွဲဆောင်မှုရှိသော အသံကို ကြားရသည့်အခါ ကျူးမင်လန်မှာ သူ့တည်ငြိမ်မှုကို ထိန်းထားရန်ပင် ခက်ခဲလာသည်။ အထူးသဖြင့် သူမ၏ ပုံပန်းသဏ္ဍာန်မှာ လီယွင်ဇီနှင့် အလွန်တူနေသဖြင့် မေ့မရနိုင်သော ဖြစ်ရပ်အချို့ကို သတိရလာမိသည်။

နန်ရီလိုလူမျိုးတွေ ထပ်ပြီး မဟုတ်တရုတ် ကောလာဟလများ မဖြန့်စေရန် အမြန်ဆုံး ထွက်ခွာသွားခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်ဟု သူ တွေးမိတော့သည်။

နန်လင်းရှာမှာ ရယ်မောနေဆဲပင် ဖြစ်သည်။ သူမ၏ နတ်ဆိုးဝင်နေသကဲ့သို့ ပြုမူပုံမှာ သူ အရင်က မြင်တွေ့ခဲ့ရသည့် တည်ငြိမ်၍ ယဉ်ကျေးသိမ်မွေ့သော ပန်းချီဆရာမပုံစံနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသဖြင့် သူမသာလျှင် တကယ်တမ်း ရူးသွပ်နေသူ ဖြစ်ကြောင်း ကျူးမင်လန် အခိုင်အမာ ယုံကြည်သွားတော့သည်။

နေအိမ်မှ ထွက်လာသောအခါ နန်ရီက ကျူးမင်လန်ကို အံ့သြစွာ ကြည့်လိုက်သည်။

"မြန်လှချည်လား……" နန်ရီက ထူးဆန်းသော လေသံဖြင့် မေးလိုက်သည်။

ကျူးမင်လန်က နန်ရီကို စူးစိုက်ကြည့်လိုက်၏။ မင်း စကားကို တည်တည်တန့်တန့် ပြောလို့ မရဘူးလား။ ဘာမှလည်း မဖြစ်ခဲ့ဘူး၊ ပြီးတော့ မြန်တာ၊ နှေးတာနဲ့လည်း ဘာမှ မဆိုင်ဘူးကွ…..။

ကျူးမင်လန်သည် ကြာပန်းနီမြို့မှ ထွက်ခွာခဲ့ပြီး ကျိန်းယွီနှင့်အတူ မြို့ကြီးအချို့တွင် လိုက်လံစည်းရုံးပေးရန် လိုက်ပါသွားခဲ့သည်။ အကယ်ဒမီမှ တာဝန်ရှိသူများ၏ ကြိုးပမ်းမှု ကြောင့် အထက်ပိုင်းမြို့များရှိ မိစ္ဆာများကို အမြောက်အမြား ရှင်းလင်းနိုင်ခဲ့သည်။ ကျိန်းယွီ မှာလည်း သူ၏ တာဝန်ကို ပြီးမြောက်ခဲ့ပြီး ကျူးမင်လန် ကိုယ်တိုင်လည်း ကောင်းမွန်သော ဆုလာဘ်များကို ရရှိခဲ့သည်။

ရာသီဥတုမှာ ပို၍ အေးလာပြီး သက်ရှိသတ္တဝါအများစုမှာ ခိုလှုံရာအရပ်ကို ရှာဖွေနေကြ သဖြင့် ခရီးသွားသူ နည်းပါးလာသည်။ နေသာသည့်ရက်များတွင်သာ လူအများစုမှာ နေရောင်ခြည်ကို ခိုလှုံရန် အပြင်သို့ ထွက်လာကြသည်။

လီချွမ်းနဂါးထိန်းအကယ်ဒမီက မိစ္ဆာနှိမ်နင်းရေး တာဝန်အတွင်း ကျဆုံးသွားခဲ့သည့် ကျောင်းသားများနှင့် ဆရာများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရက်အနည်း ငယ်ကြာ ပြုလုပ်ပေးခဲ့ပြီး ၎င်းတို့၏ မိသားစုများအတွက် သင့်လျော်စွာ စီစဉ်ပေးခဲ့သည်။ ထို့နောက် တာဝန်ထမ်းဆောင်စဉ်အတွင်း ထူးချွန်ခဲ့သူများကို ဆုချီးမြှင့်ခဲ့သည်။

ရလဒ်များကို ဂုဏ်ပြုမှတ်တမ်းပုံစံဖြင့် ကြေညာခဲ့သည်။ ထိုနေ့သည် နေသာသည့်နေ့ ဖြစ်ပြီး နွေးထွေးသော နေရောင်ခြည်က လူတိုင်း၏ အပေါ်သို့ ကျရောက်နေသည်။ အကယ်ဒမီရှိ လူတိုင်းမှာလည်း ထူးခြားစွာ အလှဆင်ထားကြသည်ကို တွေ့မြင်နိုင်သည်။ အမျိုးသားများမှာ ခန့်ညားပြီး အမျိုးသမီးများမှာလည်း လှပနေကြသည်။

ကြေညာချက်ကို ဝိုင်းရံကြည့်ရှုနေကြပြီး ထိုကြေငြာချက် စာရင်းတွင် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အလွန်ပျော်ရွှင်စရာ ကောင်းသော ကိစ္စဖြစ်သည်။ စာရင်းတွင် ပါဝင်သူ များမှာ ဝိညာဉ်နယ်မြေသစ်သီးတစ်လုံးနှင့်အတူ ဝိညာဉ်ပဋိညာဉ်တစ်ခု ထပ်မံချုပ်ဆိုနိုင် မည့် အခွင့်အရေးကို ရရှိမည်ဖြစ်သည်။

"လီကန်း၊ တွန်ဝမ်ရွေ၊ ကျူးမင်လန်၊ ကျုံးရှန်ရှူး၊ လုဝမ်ယဲ့..."

"မဖြစ်နိုင်တာ၊ ငါတို့အဖွဲ့က မိစ္ဆာတွေ အများကြီး သတ်ခဲ့တာတောင် တစ်ယောက်မှ မပါဘူးလား။ ဒီစာရင်းထဲမှာ ပါတဲ့သူတွေက မိစ္ဆာ ဘယ်လောက်တောင် သတ်ခဲ့ကြလို့လဲ"

"သူတို့အားလုံးက မိစ္ဆာတွေကို သတ်ဖြတ်ရာမှာ ကြီးမားတဲ့ ပံ့ပိုးမှုတွေ လုပ်ခဲ့ကြတယ်လို့ ကြားတယ်" "မိစ္ဆာတွေ... အဲဒါတွေက နှစ်ထောင်ချီ သက်တမ်းရှိတဲ့ မိစ္ဆာတွေတဲ့လေ။ ငါတို့တောင် သက်တမ်း ၈၀၀ မရှိသေးတဲ့ တောင်ပေါ်မိစ္ဆာနဲ့ ရင်ဆိုင်ရတုန်းက အနိုင်နိုင် ပြန်လာခဲ့ရတာကို"

မှတ်တမ်းအောက်တွင် ကျောင်းသားများမှာ တစ်ယောက်နှင့်တစ်ယောက် စကားစမြည် ပြောဆိုနေကြသည်။ အချို့မှာ စာရင်းတွင် ပါဝင်သော်လည်း အချို့မှာ မိမိတို့၏ အမည်ကို ပင် မတွေ့ရသဖြင့် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။

"ဟေ့၊ ဟေ့... ဆရာတွေရဲ့ စာရင်းကို ကြည့်စမ်း။ ကျူးမင်လန်နဲ့ နာမည်တူတဲ့ ဆရာ တစ်ယောက် ပါနေတယ်ဟ" တစ်စုံတစ်ယောက်က အနီးအနားရှိ စာရင်းကို လက်ညှိုးထိုး ကာ အော်ပြောလိုက်သည်။ "နာမည်တူတာ ဘာလုပ်ရမလဲ….၊ အဲဒါ ကျူးမင်လန်ပဲလေ။"

တခဏအတွင်းမှာပင် လူတိုင်းမှာ ဆရာများ၏ စာရင်းကို လှည့်ကြည့်လိုက်ကြသည်။ ထူးချွန်သော ပံ့ပိုးမှုများ ပြုလုပ်ခဲ့သည့် ဆရာများစာရင်းတွင် ကျူးမင်လန်၏ အမည် ပါဝင် နေသည်ကို တွေ့ရှိသွားကြသည်။ အဆင့်မှာ အလွန်မြင့်မားသည် မဟုတ်သော်လည်း အမှန်တကယ် ပါဝင်နေခြင်းပင် ဖြစ်သည်။

နှစ်ခုစလုံးမှာ ပါနေတာလား…..။

ကျောင်းသားစာရင်းမှာလည်း သူ၊ အခု ဆရာစာရင်းမှာလည်း သူလား….၊ ဒါကတော့ တကယ့်ကို မဖြစ်နိုင်စရာကြီးပါကွာ…..။

လူအုပ်ကြီးမှာ ဆွေးနွေးသံများဖြင့် ဆူညံသွားသည်။

နန်ရီနှင့် လုဝမ်ယဲ့တို့က အခွင့်ကောင်းကို အသုံးချကာ ကျူးမင်လန်သည် အစားထိုးဆရာ အဖြစ် တာဝန်ယူရင်း နှစ် ၁၇၀၀ သက်တမ်းရှိတဲ့ တစ္ဆေဇနီးသည် မိစ္ဆာပင့်ကူကို တစ်ဦး တည်း သတ်ဖြတ်ခဲ့ကြောင်းပါ ဝါဒဖြန့်လိုက်ကြသည်။

ကျောင်းသားများမှာလည်း ရုတ်တရက် သဘောပေါက်သွားကြပြီး ကျူးမင်လန်မှာ မိမိ၏ စွမ်းရည်ကို အလွယ်တကူ မထုတ်ပြဘဲ တကယ်ကို အစွမ်းထက်သည့် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ကြောင်း အံ့အားသင့်စွာ ပြောဆိုနေကြပြန်သည်။

ထိုအချိန်တွင် ကျူးမင်လန်ကိုယ်တိုင်လည်း လူအုပ်ကြားထဲတွင် ရှိနေပြီး သူကိုယ်တိုင်ပင် အံ့သြနေမိသည်။ ကျောင်းသားစာရင်းတွင် အဆင့်ကောင်းကောင်းဖြင့် ပါဝင်နေခြင်းမှာ သူနားလည်နိုင်သော ကိစ္စဖြစ်သည်။ သူသည် မိစ္ဆာဝိညာဉ်နှစ်ကောင်နှင့် တခြား မိစ္ဆာအသေးစား အတော်များများကို သတ်ခဲ့သည်ကိုး။ သို့သော် ဤဆရာစာရင်းက ဘာကိစ္စ ပါလာရတာလဲ…..။

နန်လင်းရှာ သတ်ဖြတ်ခဲ့သည့် နှစ် ၃၀၀၀ သက်တမ်းရှိ မိစ္ဆာဝိညာဉ်၏ အောင်မြင်မှုတွင် သူ၏ပံ့ပိုးမှုတစ်ခုခု ပါဝင်သွားသည်ဟု ဆိုလိုခြင်းလော…….။

ဤအချက်ကသာ ဖြစ်နိုင်ခြေ အရှိဆုံးဖြစ်သည်။ ကျောင်းသားတစ်ဦးက မိစ္ဆာဝိညာဉ် တစ်ကောင်၏ တည်နေရာကို သတင်းပေးပို့ခြင်းသည် မိစ္ဆာဝိညာဉ်ကို သတ်ဖြတ်သည့် အတွက် ရရှိသော အကျိုးကျေးဇူး၏ တစ်ဝက်ကို ရရှိစေသည်ဟု ဆိုလိုသည်။

ထို့အပြင်, သူ ထိုအချိန်က အစားထိုးဆရာအဖြစ် တာဝန်ယူထားစဉ် ဆရာသုံးဦး၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းနှင့် နှစ် ၃၀၀၀ သက်တမ်းရှိ မိစ္ဆာဝိညာဉ်၏ တည်နေရာကို သတင်းပေးပို့ခဲ့ခြင်းတို့က သူ့အား မမျှော်လင့်ထားသည့် အကျိုးအမြတ် တစ်ခုကို ယူဆောင်လာပေးခဲ့ခြင်း ဖြစ်သည်။

တကယ့်ကို မမျှော်လင့်ဘဲ ရလိုက်သည့် နှစ်ထပ်ကွမ်း အကျိုးအမြတ်ပါပဲလား……။

All Chapters