အခန်း ၈၇
Vol. 9 Ch. 87
အခန်း (၈၇) ရှေးဟောင်းတောင်တန်း။
ရှေးဟောင်းတောင်တန်းသည် အလွန်အမင်း ကြွယ်ဝသော မူလဝိညာဉ်စွမ်းအင်များ စုဝေး ရာအရပ်ဖြစ်ပြီး သုံးဖက်သုံးတန်တွင် လေဟာနယ်ပင်လယ်ဖြင့် ဝန်းရံထားသည်။ တောင်စဉ်တောင်တန်းများ အဆင့်ဆင်မြင့်မားနေပြီး တောအုပ်များမှာ ထူးဆန်းလွန်းလှ သဖြင့် ဤနေရာသည် အမှန်တကယ်ပင် အံ့ဩစရာကောင်းပြီး လျှို့ဝှက်ဆန်းကြယ်လှ သော တောင်တန်းတစ်ခု ဖြစ်ပေသည်။
လေဟာနယ်ပင်လယ်၏ ရေများ တဖြည်းဖြည်း လျော့ကျသွားမှသာလျှင် ကွေ့ကောက်နေ သော ရွှံ့နွံထူထပ်သည့် မြေပြင်ပေါ်လာပြီး ၎င်းမှာ ရှေးဟောင်းတောင်တန်းသို့ သွားရောက် နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။
ယခုအခိုက်အတန့်တွင် မျက်လုံးဖြူပျံသန်းနိုင်သော နဂါးငါးကောင်မှာ လေဟာနယ် ပင်လယ်၏ ကမ်းရိုးတန်းအပေါ်တွင် ဝဲပျံနေကြပြီး၊ ဧရာမတောအုပ်နဂါး ခြောက်ကောင်မှာ မှောင်မိုက်သော တောအုပ်အတွင်း ပုန်းအောင်းနေကြသည်။ ထို့အပြင် နဂါးစစ်သူကြီး အဆင့်ရှိသည့် မိုးပြာနဂါးများအပါအဝင် အခြားသော ရှေးဟောင်းနဂါးများစွာကလည်း ထိုနေရာကို ဝိုင်းရံထားကြသည်။
ရှေးဟောင်းတောင်တန်းသို့ ဦးတည်သည့် တစ်ခုတည်းသော စိမ့်မြေလမ်းကြောင်းပေါ်တွင် လော့ရှောင်သည် ရွှေရောင်မီးလျှံနဂါး၏ ဦးချိုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူ၏ မျက်နှာမှာ ဖျော့တော့နေပြီး နာကျင်မှုများဖြင့် ပြည့်နှက်နေကာ မျက်လုံးများထဲတွင်မူ ဒေါသနှင့် မကျေနပ်ချက်များ တောက်လောင်နေ၏။
သူသည် ရှေးဟောင်းတောင်တန်း ဘက်သို့ နောက်တစ်ကြိမ် ငဲ့ကြည့်လိုက်သည်။ ယခုအခါ ထိုနေရာသည် ထူထပ်လှသော မြူခိုးများဖြင့် ဖုံးလွှမ်းသွားပြီဖြစ်သည်။
ရှေးဟောင်းတောင်တန်းသည် အန္တရာယ်များလှသည်။ ထိုနေရာတွင် လမ်းပျောက်နိုင်ရုံ သာမက ရှေးဟောင်းမိစ္ဆာများနှင့် ရှေးဟောင်းနဂါးများ၏ သားကောင်ဖြစ်သွားနိုင်သည့် နေရာတစ်ခုလည်း ဖြစ်သည်။
သို့သော်လည်း သူ၏ ထွက်ပေါက်လမ်းကြောင်းမှာ လုံးဝ ပိတ်ဆို့သွားပြီဖြစ်သည်။
အခြေအနေမှာ သူ့ကို ဝိုင်းရံထားသော အဖွဲ့နှင့် အသက်စွန့်တိုက်ခိုက်ရန် (သို့မဟုတ်) အသက်ရှင်နိုင်ခြေ အလွန်နည်းပါးသော အန္တရာယ်များသည့် ရှေးဟောင်းတောင်တန်း အတွင်းသို့ ထွက်ပြေးရန်ဟူသည့် ရွေးချယ်စရာနှစ်ခုသာ ရှိတော့သည်။
"နဂါးထိန်းအကယ်ဒမီ၊ တွန်မျိုးနွယ်စု၊ လီမျိုးနွယ်စု၊ ငါလော့ရှောင်က ဒီလောက်ထိတောင် အမဲလိုက်ခံရအောင် ပြစ်မှုကျူးလွန်ခဲ့မိလို့လား" လော့ရှောင်က ဒေါသတကြီး အော်ဟစ် လိုက်သည်။
"သစ္စာဖောက်ကောင်၊ မင်း ဒီနေ့ထိ အသက်ရှင်နေတာကိုက ကံကောင်းလှပြီ၊ အခုပဲ ထွက်လာပြီး အသေခံလိုက်တော့" လီမျိုးနွယ်စုမှ လီဖန်ဟိုင်က ကြုံးဝါးလိုက်သည်။
လော့ရှောင်အနေဖြင့် ပြန်လည်မတိုက်ခိုက်ဘဲ မည်သို့ လက်မြှောက် အရှုံးပေး နိုင်မည် နည်း……။ သူက ရှေးဟောင်းတောင်တန်းဘက်သို့ နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီး နောက် တွေဝေမနေတော့ဘဲ ရွှေရောင်မီးလျှံနဂါးကို စီးနင်းကာ ထိုနေရာသို့ အရှိန်အဟုန် ဖြင့် ဝင်ရောက်သွားတော့သည်။
မြူခိုးများ ရစ်ပတ်နေစဉ် မျက်လုံးဖြူပျံသန်းနိုင်သော နဂါးများသည် နီးကပ်စွာ လိုက်လာ ကြပြီး လေဟာနယ်ပင်လယ်အပေါ်မှ ပျံသန်းကာ လော့ရှောင်၏ လမ်းကြောင်းကို ပိတ်ဆို့ လိုက်သည်။ သို့သော် လေဟာနယ်ပင်လယ် အထက်တွင် အစွမ်းထက်လှသော တားမြစ် ချက်တစ်ခု ရှိနေကြောင်း သူတို့ မသိခဲ့ကြပေ။ ထိုအရာကြောင့် မျက်လုံးဖြူပျံသန်းနိုင်သော နဂါးများ၏ တောင်ပံများနှင့် ခန္ဓာကိုယ်များမှာ ပိုမိုလေးလံလာသည်။
ပေရာဂဏန်းမျှသာ ပျံသန်းရသေးသော်လည်း မျက်လုံးဖြူပျံသန်းနိုင်သော နဂါးများမှာ ဆက်လက်ပျံသန်းနိုင်ခြင်း မရှိတော့ဘဲ ရေကျရာမှ ပေါ်လာသည့် ရွှံ့နွံပြင်ပေါ်သို့ ဆင်းသက်ရန် အတင်းအကျပ် အမိန့်ပေးခံလိုက်ရသည်။
"ဘာတွေဖြစ်နေတာလဲ…." မျက်လုံးဖြူပျံသန်းနိုင်သော နဂါးတစ်ကောင်ကို စီးနင်းထား သော တွန်မျိုးနွယ်စုမှ လူတစ်ယောက်သည် တုန်လှုပ်သွားပြီး မြေပြင်ပေါ်သို့ တန်း၍ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
"ဒီ လေဟာနယ်နယ်ပင်လယ်ရဲ့ ရေက သံလိုက်နဲ့ တူတယ်။ အပေါ်ကနေ ပျံသန်းလို့ မရသလို ကူးဖြတ်သွားလို့လည်း မရဘူး။ ရေနားကို မကပ်နဲ့၊ ပေါ်နေတဲ့ ရွှံ့လမ်းကြောင်း အတိုင်းပဲ လိုက်ကြ" နဂါးထိန်းအကယ်ဒမီမှ နည်းပြတစ်ဦးက အကြံပေးလိုက်သည်။
"ဒါပေမဲ့ ရှေ့မှာက အန္တရာယ်များတဲ့ ရှေးဟောင်းတောင်တန်းကြီး မဟုတ်လား။ တကယ်ပဲ လိုက်မှာလား…..။ ရေပြန်တက်လာရင် ငါတို့ ပြန်ဆုတ်ဖို့ လမ်းမရှိတော့ဘူး" လူတစ်ယောက်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"နှစ်မကုန်ခင် ဒီသစ္စာဖောက်ရဲ့ အလောင်းကို မယူနိုင်ရင် ငါတို့ မျိုးနွယ်စုဝင်တွေကို ဘယ်လို မျက်နှာပြရမလဲ။ မင်းတို့ ကြောက်နေရင်လဲ ငါပဲသွားမယ်" လီဖန်ဟိုင်က ဆိုသည်။
ကျန်သူများမှာ အနည်းငယ် တွေဝေနေသော်လည်း လေဟာနယ်နယ်ပင်လယ်၏ ရေများ ကို ကြောက်ရွံ့၍ နောက်မဆုတ်ခဲ့ကြပေ။ သူတို့သည် ပင်လယ်မြူခိုးများ ဖုံးလွှမ်းနေသော ရွှံ့နွံလမ်းကြောင်းအတိုင်း လိုက်လံလိုက်ပါခဲ့ကြသည်။ တောင်တန်းကြီးများမှာ တိမ်တိုက် များအထက်တွင် လျှို့ဝှက်စွာ ပေါ်လာနေသယောင် ရှိပြီး အမှန်တကယ်ပင် ကြက်သီး ထဖွယ် ကောင်းလှသည်။
နောက်ဆုံးတွင် လော့ရှောင်ကို ဖမ်းဆီးရန် ကြိုးပမ်းနေသော တွန်မျိုးနွယ်စု၊ လီမျိုးနွယ်စု နှင့် နဂါးထိန်းအကယ်ဒမီတို့၏ ပူးပေါင်းတပ်ဖွဲ့အားလုံး ရှေးဟောင်းတောင်တန်း အတွင်း သို့ ဝင်ရောက်သွားကြသည်။ သူတို့ ခေါ်ဆောင်လာသည့် နဂါးအကောင်ရေမှာ အကောင် ၂၀ နီးပါးရှိပြီး သူတို့၏ ပူးပေါင်းအင်အားမှာ တောင်တန်းအတွင်းရှိ မည်သည့် ရှေးဟောင်း မိစ္ဆာ သို့မဟုတ် မိစ္ဆာနဂါးမျာားကိုမဆို ရင်ဆိုင်နိုင်လောက်အောင် လုံလောက်သည်။
မှင်ရောင်သန်းသော ပင်လယ်ရေလှိုင်းများမှာ သဲသောင်ပြင်ကို အဆက်မပြတ် ရိုက်ခတ် နေပြီး၊ မကြာမီပင် ပင်လယ်ပြင်တစ်လျှောက် ပေါ်ထွက်နေသော လမ်းကြောင်းမှာ မှောင်မိုက်သော ရေအောက်သို့ တဖြည်းဖြည်း နစ်မြုပ်သွားသည်။
အချိန်များ ကုန်လွန်သွားပြီး မြူခိုးများမှာ ပိုမိုထူထပ်လာကာ ရှေးဟောင်းတောင်တန်း ဒေသရှိ တိမ်တိုက်များကြားတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော တောင်စဉ်တန်းများ ကို ဖုံးလွှမ်းသွားပါသည်။
ထိုရှေးဟောင်းတောင်တန်းဟု ခေါ်ဆိုကြသော နေရာမှာ... တစ်စုံတစ်ခုအောက်မှ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားသည်။
ယခုလေးတင် ထိုနေရာတွင် ရှိနေကြသော လူများသည် ဤကမ္ဘာလောကကြီးထဲမှ လုံးဝ ပျောက်ကွယ်သွားခဲ့ကြလေသည်။
ကြမ်းတမ်းလှသော ဆောင်းရာသီမှာ နောက်ဆုံးတွင် ကုန်ဆုံးသွားခဲ့ပြီ။
လေထုထဲတွင် အေးစက်စက် အငွေ့အသက်များ ကျန်ရှိနေသေးသော်လည်း၊ ပွင့်လန်းစ ပြုနေသည့် ပန်းများနှင့် အညွန့်အဖူးများ၊ အရာရာတိုင်း ပြန်လည်အသက်ဝင်လာသည်ကို မြင်တွေ့ရခြင်းက လူ၏စိတ်နှလုံးကိုပင် နွေးထွေးသွားစေသည်။
နွေဦးလေပြေက ညင်သာစွာ တိုက်ခတ်လာပြီး ကန်စပ်မှ ပန်းရနံ့များကို သယ်ဆောင်လာ သည်။
နှင်းများ အရည်ပျော်သွားပြီးနောက် မြစ်များနှင့် ကန်များမှာ အရင်ကကဲ့သို့ နွံများရော ထွေးနေခြင်း မရှိတော့ဘဲ ကြည်လင်သန့်စင်လာကာ ကျယ်ပြန့်သော မိုးပြာရောင် ကောင်းကင်ကို မှန်တစ်ချပ်ကဲ့သို့ ပြန်လည်ဟပ်နေသည်။
ကျူးမင်လန်သည် နံနက်စောစောကပင် အိပ်ရာထခဲ့ပြီး အိမ်ဝင်းထဲသို့ ခြေချကာ ပျင်းရိစွာ ဖြင့် ကိုယ်လက်ဆန့်ထုတ်လိုက်သည်။
သူသည် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ ဝင်းထဲတွင် သန့်ရှင်းရေးလုပ်နေသူမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။ အရင်ကဲ့သို့ အားနည်းလှသော လီရှောင်ရင် မဟုတ်တော့ပေ။ အကယ်ဒမီသို့ ပြန်ရောက်သည့် အချိန်မှစ၍ လီရှောင်ရင်၏ ခွန်အားမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး၊ ယခင်ကနှင့် လုံးဝမတူတော့ပေ။
နေအိမ်အတွင်း၌ နောက်ထပ် ကျောင်းသားတစ်ဦးမှာလည်း နဂါးအဖြစ် အသွင်ပြောင်းလဲ နိုင်သည်ကို တွေ့ရ၏။ ထိုကျောင်းသားမှာ အရင်က အဆောင်တွင် အနိုင်ကျင့်ဗိုလ်ကျ တတ်သူ ဟုန်ဟောက်ပင် ဖြစ်သည်။
သာမန်အားဖြင့် နဂါးထိန်းကျောင်းသား အစစ်အမှန် ဖြစ်လာပြီးနောက်တွင် အများစုမှာ ဤကဲ့သို့ ရိုးရှင်းသော နေအိမ်များမှ ထွက်ခွာပြီး ပိုမိုကောင်းမွန်သည့် ကိုယ်ပိုင်အိမ်များတွင် နေထိုင်ကြလေ့ရှိသည်။ သို့သော် ကျူးမင်လန် မထွက်ခွာသေးသည်ကို အကြောင်းပြု၍ ဟုန်ဟောက်နှင့် လီရှောင်ရင်တို့မှာ ဤနေရာတွင်ပင် ဆက်လက်နေထိုင်ရန် အခွင့်ကောင်း ယူလိုက်ကြပုံရသည်။
လူတွေကတော့ အရင်အတိုင်းပင် ဖြစ်သော်လည်း ခြံဝင်းကို တံမြက်လှည်းခြင်းနှင့် နောက်ဖေးရှိ ဝိညာဉ်သတ္တဝါများ၏ စွန့်ပစ်ပစ္စည်းများကို ရှင်းလင်းပေးခြင်းကသာ အလှည့် ကျ ပြောင်းလဲနေသည်။
"ကျူးမင်လန်၊ မင်းက တကယ်ကို ကံကောင်းတဲ့လူပဲ။ ငါ မနက်ဖြန်မှာ ဝိညာဉ်သတ္တဝါငယ် နောက်တစ်ကောင်ကို ရွေးချယ်ဖို့ စိတ်ကူးထားတယ်။ ငါ့ကို ကူညီပြီး ကြည့်ပေးပါလား" ခြံဝင်းကို သန့်ရှင်းရေးလုပ်နေသော ကျောင်းသားက မေးမြန်းလိုက်သည်။
သူ၏အမည်မှာ ချန်ပိုင် ဖြစ်သည်။ ယဉ်ကျေးပြီး နှစ်လိုဖွယ်ကောင်းသော အမည်နာမကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး၊ ကျူးမင်လန် ဝိညာဉ်နယ်မြေသစ်သီးကို စားသုံးစဉ်က ၎င်း၏ အရသာကို မေးမြန်းခဲ့သူမှာလည်း သူပင် ဖြစ်သည်။
ယခင်က သူတို့အကြား ထူးခြားသည့် ဆက်ဆံရေး မရှိခဲ့သော်လည်း၊ မကြာသေးမီက ချန်ပိုင်သည် သူ့အား အထူးအလေးပေးကာ ချဉ်းကပ်ရန် ကြိုးစားနေသည်ကို ကျူးမင်လန် သတိပြုမိသည်။
"ချန်ပိုင်၊ တစ်ခါတလေကျတော့ မင်းက အတော်လေး နိမ့်ကျလွန်းအားကြီးတယ်။ အကြံ ဉာဏ်တောင်းပြီး သင်ယူချင်တာကို သိသာနေပေမဲ့၊ ပြောပုံဆိုပုံကတော့ အချဉ်ပေါက်နေ တာပဲ။ မင်းရဲ့ ချဉ်းကပ်ပုံကို ပြန်ပြင်ပြီးမှပဲ ငါ့ကို ထပ်ပြောပါတော့" ကျူးမင်လန်က သူ၏ အဝတ်အစားများကို ဆွဲဆန့်ပြင်ဆင်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"အစ်ကိုကြီး ကျူး၊ အစ်ကိုကြီးရဲ့ စွမ်းအားက အတိုင်းအဆမရှိသလို အကဲဖြတ်နိုင်စွမ်း လည်း မြင့်မားပါတယ်။ ကျွန်တော့်ကို ကူညီပြီး ဝိညာဉ်သတ္တဝါငယ်တွေကို စစ်ဆေးပေးပါ လား၊ ဘယ်အကောင်က ရွေးချယ်ဖို့ သင့်တော်မလဲဆိုတာ ပြောပြပေးပါ" ချန်ပိုင်က လေသံကို ချက်ချင်း ပြောင်းလဲလိုက်သည်။
"မဖြစ်ဘူး၊ ဒီနေ့ ငါ့မှာ အချိန်မရှိဘူး" ကျူးမင်လန်က ပြတ်သားစွာ ပြန်ပြောလိုက်သည်။
"လခွမ်း…." ချန်ပိုင်၏ မျက်နှာမှာ ချက်ချင်းပင် မကျေမနပ်ဖြစ်နေသည့် အမျိုးသမီး တစ်ယောက်၏ မျက်နှာပုံစံ ဖြစ်သွားလေသည်။
ကျူးမင်လန်က စာတစ်စောင်ကို ဖွင့်လိုက်ပြီး ထိုးထားသည့် လက်မှတ်ကို မြင်လိုက်ရသည့် အခါ ဂရုတစိုက်ဖြင့် ဖတ်ရှုလိုက်သည်။
စာတစ်စောင်မှာ ကျိန်းယွီထံမှ ဖြစ်သည်။ သူတို့နှစ်ဦးသည် မိတ်ဆွေများ ဖြစ်ကြသည့် အတွက် ခွဲခွာနေရသော်လည်း အဆက်အသွယ် ပြတ်တောက်သွားခြင်း မဖြစ်စေရန် အပြန် အလှန် စာပေးစာယူ ရှိသင့်သည်ဟု ကျိန်းယွီက ယုံကြည်ထားသည်။
ကျိန်းယွီက ကျူးမင်လန်အား ဝူထူနယ်မြေ ကုန်သွယ်ရေး လမ်းကြောင်းများ ပွင့်လင်းလာ ပုံနှင့် တည်ငြိမ်လာပုံကို ပြောပြထားသည်။ ထို့အပြင် ဝူထူနယ်မြေ၏ ဧကရီဘုရင်မ အသစ် တည်ထောင်လိုက်သော စစ်တပ်အစောင့်တပ်ဖွဲ့ အကြောင်းကိုလည်း ဖော်ပြထားသည်။ ကျိန်းယွီ၏ ဖော်ပြချက်အရ လီယွင်ဇီ၏ ရည်မှန်းချက်ကို ကျူးမင်လန်ပင် ခံစားမိလိုက် သည်။ သူမ၏ ရည်မှန်းချက်မှာ ဘိုးဘေးနဂါး မြို့တော်၌ ဂုဏ်ကျက်သရေကို ရယူရန် သက်သက်မျှသာ မဟုတ်ဘဲ၊ ဘိုးဘေးနဂါး မြို့တော်ကို ဤကမ္ဘာမြေပြင်ပေါ်တွင် ထာဝရတည်တံ့မည့် မြို့တော်ကြီးတစ်ခု ဖြစ်လာစေရန် ဖြစ်ပေသည်။
ဝူထူနယ်မြေသည် တဖြည်းဖြည်းနှင့် ဘိုးဘေးနဂါး မြို့တော်၏ နယ်မြေအတွင်းသို့ ပေါင်းစည်းလာပြီး၊ ဝူထူလူမျိုးများမှာလည်း အသိပညာသစ်များနှင့် ပြုပြင်ပြောင်းလဲမှု များကို စဉ်ဆက်မပြတ် လက်ခံလာကြသည်။ အမှန်စင်စစ် လီယွင်ဇီ အာဏာမရမီကပင် ဝူထူနယ်မြေမှာ ထိုလမ်းကြောင်းပေါ် ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော် သဘာဝ ဘေးအန္တရာယ်ကြီးတစ်ခုနှင့် ပုန်ကန်မှုတစ်ခုကို ဖြတ်သန်းခဲ့ရပြီးနောက်တွင် ဝထူလူမျိုး များမှာ လီယွင်ဇီကို ယုံကြည်ရသော ခေါင်းဆောင်အဖြစ် ပို၍ ခိုင်မာစွာ ယုံကြည်လာကြ သည်။ ဤပြောင်းလဲမှုအားလုံးမှာ တစ်ဆောင်းရာသီအတွင်းမှာပင် ဖြစ်ပေါ်လာခဲ့ပြီး ရှုခင်းများကိုပင် လုံးဝ ပြောင်းလဲသွားစေခဲ့သည်။
"ဝူထူလူမျိုးတွေက အခု နယ်မြေထဲကို ဝင်ရောက်ခွင့် ရသွားပြီ။ ဒါက သူတို့ရဲ့ လူမျိုးရေး ဝိသေသအတွက် အလွန်အရေးကြီးတဲ့ အလေးပေးမှုတစ်ခုပဲ။ မကြာခင်မှာပဲ သူတို့ဟာ ဆင်းရဲနွမ်းပါးတဲ့ ဒုက္ခသည်တွေနဲ့ ကျွန်တွေအဖြစ် အထင်အမြင်သေးခံရတော့မှာ မဟုတ် ဘူးလို့ ငါယုံကြည်တယ်..."
စာ၏ နောက်ဆုံးအပိုင်းကို ဖတ်ပြီးနောက် ကျူးမင်လန်မှာ တွေးတောမိသွားသည်။
လီယွင်ဇီ... သူမက ဘယ်လို အမျိုးသမီးမျိုးလဲ…..။
သူမက အမှန်တကယ် ဘာကို ဆောင်ရွက်ချင်နေတာလဲ။
တောင်ပိုင်းတိုက်ပွဲမှာ အပြည့်အဝ အောင်ပွဲရခဲ့သော်လည်း သူမ ပြန်မလာခဲ့သေးပေ။ ဘိုးဘေးနဂါး မြို့တော်၏ အခမ်းနားဆုံး နှစ်ပတ်လည်ပွဲတော်အတွင်း လူတို့က သူမကို 'ဗယ်လ်ကရီ' (ဧကရီဘုရင်မ, စစ်နတ်သမီး) ဟု အမည်တပ်ကာ ဂုဏ်ပြုခဲ့ကြပြီး သူမ၏ အောင်ပွဲခံ ပြန်လာမည့်အချိန်ကို စောင့်မျှော်နေကြသည်။ သို့သော် သူမမှာ စစ်မြေပြင်တွင် သာ ရှိနေဆဲဖြစ်သည်။
ကျူးမင်လန်အနေဖြင့် သူမ၏ အတွေးများကို မခန့်မှန်းနိုင်ပေ။
မည်သည့်အတွက်ကြောင့်မှန်း မသိသော်လည်း၊ နွေဦးနှင်းများ အရည်ပျော်နေသည့် လီချွမ်းရေကန်ထက်ပင် ပို၍ စွဲမက်ဖွယ်ကောင်းသော သူမ၏ တည်ငြိမ်ပြီး ကြည်လင်သည့် မျက်လုံးများကို သူ လွမ်းဆွတ်မိသည်။ အကယ်၍ သူမသာ သူ့ထံသို့ စာများ ရေးပေးတတ် ပါက၊ နွေဦးလေပြေထက်ပင် ပို၍ နွေးထွေးလိမ့်မည်ဟု သူ တွေးတောမိလေသည်။