← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အခန်း (၈၈) အချစ်အတွက် သံချပ်ကာ။

သူသည် မြို့တော်ထဲသို့ ဝင်ရောက်ပြီးနောက် ပန်းပဲဖိုဆီသို့ ဦးတည်သွားသည်။

ဆောင်းရာသီ၏ အအေးဓာတ်ကြားတွင်ပင် ကျူးမင်လန်သည် သူ၏ ပန်းပဲထုသည့်ကို လေ့ကျင့်သည့် အလေ့အကျင့်ကောင်းကို ထိန်းသိမ်းထားသည်။ လိုအပ်သည့် ပစ္စည်းများ အားလုံးသာ စုဆောင်းမိပါက အဖြူလေးနှင့် ဝါးစိမ်းလေးတို့အတွက် ၎င်းတို့၏ စွမ်းရည်နှင့် ကိုက်ညီသော သံချပ်ကာများကို သူ ကိုယ်တိုင် ဖန်တီးပေးနိုင်သည်။ ကျန်ရှိသည်မှာ သူ၏ ကျွမ်းကျင်မှုအပေါ်တွင်သာ မူတည်သည်။

သူတို့နှစ်ဦးကြားက ရုတ်တရက် အချစ်စတင်ခဲ့ပုံ၊ အပြန်အလှန် ချစ်ခင်ကြပုံဟူသော စိတ်လှုပ်ရှားဖွယ် အချစ်ဇာတ်လမ်းမှာ အကယ်ဒမီတစ်ခွင် ပျံ့နှံ့သွားပြီးနောက်ပိုင်းတွင်၊ မြို့သူမြို့သားများ၏ ကျူးမင်လန်အပေါ်ထားရှိသော သဘောထားမှာ ယခင်ကကဲ့သို့ ရန်လိုမှုမျိုး မရှိတော့ပေ။ ထိုဇာတ်လမ်းကို အမှန်ဟု ယုံကြည်ကာ သူ့အား အထူး အလေးပေး ချဉ်းကပ်ရန် ကြိုးစားသူများပင် ရှိလာသည်။

ကျူးမင်လန်မှာ ပုံမှန်အားဖြင့် အေးအေးဆေးဆေး နေလိုသူဖြစ်ပြီး ဤကဲ့သို့သော ကိစ္စ များက သူ၏ကျင့်ကြံခြင်း စိတ်အခြေအနေကို အနှောင့်အယှက် ဖြစ်စေသည်ကို မလိုလား ပေ။ ထို့ကြောင့် ယခု ပန်းပဲဖိုသို့ ရောက်ရှိချိန်တွင်လည်း ရင်းနှီးသူ အနည်းငယ်ကိုသာ နှုတ်ဆက်ပြီးနောက် မီးဖိုအနီးရှိ အလုပ်များထဲသို့ အာရုံစိုက်လိုက်သည်။

ဝိညာဉ်နယ်မြေသစ်သီး၏ အာနိသင်မှာ အလွန်ပင် ထူးခြားလှသည်။ ကျူးမင်လန်၏ ဝိညာဉ်စွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး၊ ဝိညာဉ်စွမ်းအားနှင့် ပေါင်းစပ်ရန် လိုအပ်သည့် အကြေးခွံများကို ပိုမိုလွယ်ကူစွာ ပုံသွင်းနိုင်လာသည်။

နဂါးမကြီး ပေးထားသော အစိမ်းရောင် ပြောင်းပြန်ကြေးခွံမှာ ရှားပါးပစ္စည်းတစ်ခု ဖြစ်သည်။ နဂါးပေါင်း ဒါဇင်နှင့်ချီ၍ သတ်ဖြတ်မှသာ ဤကဲ့သို့သော အကြေးခွံကို ရှာတွေ့ နိုင်ပေသည်။

သို့သော်လည်း ဝမ်းနည်းစရာမှာ ဤ အစိမ်းရောင် ပြောင်းပြန်ကြေးခွံကို အသုံးပြု၍ နဂါး သံချပ်ကာတစ်ခု သွန်းလုပ်၍ မရနိုင်ခြင်းဖြစ်သည်။ နဂါးသံချပ်ကာအတွက် ပို၍ကြီးမား သော အကြေးခွံများ လိုအပ်သည်။ မည်သည့်ဈေးနှင့် ရောင်းချသည်ဖြစ်စေ အမြတ်မထွက် နိုင်သဖြင့် နောက်ဆုံးတွင် ကျူးမင်လန်သည် ၎င်းကို မိမိကိုယ်ကို ကာကွယ်ရန်အတွက် ပြောင်းပြန်အစိမ်းရောင်သံချပ်ကာအပျော့အဖြစ် သွန်းလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ကျူးမင်လန်သည် ဤ ပြောင်းပြန်အစိမ်းရောင်သံချပ်ကာအပျော့ကို ဖန်တီးနေသည်မှာ အချိန်အနည်းငယ် ကြာပြီဖြစ်သည်။ မကြာသေးမီက သူ၏ ယခင်လက်ရာများမှာ မည်မျှ အားနည်းခဲ့သည်ကို သူ သဘောပေါက်လာသည်။

အကြေးခွံ၏ အရွယ်အစားနှင့် ပစ္စည်းများမှာ သိသာထင်ရှားစွာ ကွာခြားနေသည်။

အကယ်၍ အခြားပစ္စည်းများနှင့် အတင်းအကျပ် ပေါင်းစပ်လိုက်မည်ဆိုပါက ပြောင်းပြန် အစိမ်းရောင်သံချပ်ကာအပျော့တွင် အားနည်းချက်များစွာ ဖြစ်ပေါ်လာပြီး ၎င်း၏ စွမ်းရည်ကို ကန့်သတ်ထားသလို ဖြစ်သွားလိမ့်မည်။

"ကျူးမင်လန်၊ ကျူးမင်လန်" ပန်းပဲဖို အပြင်ဘက်မှ ဆရာကျောက်လုံက တံခါးကို ခေါက်လိုက်သည်။ သူ၏အသံမှာ ကျူးမင်လန်အတွက် သတင်းကောင်းတစ်ခုခု ရလာပုံရ သည်။

"ဘာဖြစ်လို့လဲ ဆရာကျောက်လုံလား…" ကျူးမင်လန်က အပြင်သို့ မထွက်ဘဲ အတွင်းမှ နေ၍ အော်မေးလိုက်သည်။

"မင်း ကြားပြီးပြီလား…..၊ မင်းရဲ့ ဧကရီဘုရင်မ မြို့တော်ကို ပြန်လာတော့မယ်တဲ့" ဆရာကျောက်လုံက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"အာ…. သတင်းကောင်းပဲ" ကျူးမင်လန်က ပြန်ပြောလိုက်သည်။

"ဘာလို့ အထဲမှာပဲ ပုန်းအောင်းနေတာလဲ၊ မြို့တော်ရဲ့ တောင်ဘက်ပိုင်းကို သွားပြီး သူ့ကို အရင်သွားမတွေ့ဘူးလား…." ဆရာကျောက်လုံမှာ ကျူးမင်လန်ထက်ပင် ပို၍ စိုးရိမ် တကြီး ဖြစ်နေပုံရသည်။

"မလိုပါဘူး၊ မလိုပါဘူး။ သူမက..."

"ဪ၊ ငါသဘောပေါက်ပြီ။ မင်းက သူမအတွက် အချစ်အတွက် သံချပ်ကာ လုပ်ပေးနေ တာလား….။ မင်းဆီမှာ အပြီးမသတ်ရသေးတဲ့ သံချပ်ကာသေးသေးလေးတစ်ခု ရှိနေတာ ကို ငါမြင်ဖူးတယ်။ မင်းက ဧကရီဘုရင်မ ပြန်လာမယ်ဆိုတာကို စာတွေကတစ်ဆင့် အရင် ကတည်းက သိထားပြီး သူမအံ့ဩအောင်လုပ်ဖို့ ကြိုးစားနေတာကိုး။ ဘယ်လောက် စိတ်ကူးယဉ်ဆန်လိုက်လဲ……. အော်…. လူငယ်လေးတို့ဘဝ" ဆရာကျောက်လုံက သဘောပေါက်သွားဟန်ဖြင့် အော်ဟစ်လိုက်သည်။

တံခါးမှာ ရုတ်တရက် ပွင့်သွားသည်။ ကျူးမင်လန်၏ မျက်နှာမှာ ပန်းပဲဖို၏ အပူဓာတ် ကြောင့် အနည်းငယ် နီရဲနေသည်။ သူက ဆရာကျောက်လုံကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် ခေါင်းကိုလှည့်ပြီး သူကိုယ်တိုင် ဝတ်ဆင်ရန် အရွယ်အစား မဖြစ်နိုင်သော၊ အလွန်သေးငယ်သည့် ပြောင်းပြန်အစိမ်းရောင်သံချပ်ကာကို ပြန်ကြည့်လိုက်သည်။ လီယွင်ဇီ၏ နူးညံ့သိမ်မွေ့ပြီး သွယ်လျသော ကိုယ်ခန္ဓာကို သူ မြင်ယောင်လာသည်။

တကယ်ပါပဲ၊ သူဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ…….။

အမျိုးသမီးတစ်ဦးအတွက် နူးညံ့သော သံချပ်ကာအပျော့တစ်ခုကို ပြုလုပ်ပေးခြင်းက သင့်တော်သည့် ကိစ္စတစ်ခု မဟုတ်ပါလော။

လီယွင်ဇီ ပေးပို့ခဲ့သော အကယ်ဒမီ ကျောင်းဝင်ခွင့်စာအတွက် ကျေးဇူးတင်စကား ပြောခွင့် သူ တစ်ခါမှ မရခဲ့သေးပေ။ စစ်မြေပြင်တွင် မကြာခဏ ရှိနေလေ့ရှိသော သူမအတွက် ကောင်းမွန်သော နူးညံ့သည့် အကြေးခွံ သံချပ်ကာမရှိဘဲ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ထို့အပြင် သူတို့နှစ်ဦး၏ အချစ်ဇာတ်လမ်းကို သူကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်ပြီး မြို့တစ်မြို့ လုံးသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ သူမမှာ ယခင်က တောင်ပိုင်းစစ်မြေပြင်တွင် ရှိနေခဲ့သဖြင့် သူ့ကို အပြစ်တင်ရန် အချိန်မရခဲ့ပေ...။

ယခုအခါတွင် သူမကို ဤတန်ဖိုးရှိသော သံချပ်ကာကို ပေးအပ်လိုက်ပါက၊ သူမတွင် မကျေနပ်ချက်များ ရှိခဲ့လျှင်ပင် ပျောက်ကွယ်သွားလိမ့်မည်။ အကယ်၍ သူမက မငြင်းဆန် ခဲ့ပါက ပို၍ပြီးပြည့်စုံပြီး ချိုမြိန်သွားမည် မဟုတ်ပါလော။

လှပသော နတ်သမီးတစ်ပါးနှင့် ဂုဏ်သရေရှိ လူကြီးလူကောင်းတို့၏ တွေ့ဆုံခြင်းမှာ တကယ့်ကို ကိုက်ညီလွန်းလှပေသည်။

အရာရာတိုင်းက သူ့လမ်းကြောင်းအတိုင်း ဖြစ်ပျက်နေသော်လည်း ကျူးမင်လန်အနေဖြင့် သင့်တော်သည့် နည်းလမ်းဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားသင့်သည်ဟု ခံစားရသည်။ ရလဒ်က မည်သို့ဖြစ်လာမည်ကို မပြောနိုင်သေးသော်လည်း အကောင်းမြင် စိတ်ဖြင့် ဆက်ဆံရေးကို တည်ဆောက်ထားခြင်းမှာ မှားယွင်းမှုမရှိနိုင်ပေ။

လီယွင်ဇီ မြို့တော်သို့ မရောက်ရှိမီ ရက်များအတွင်းတွင် ကျူးမင်လန်မှာ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပြီး အချစ်အတွက် သံချပ်ကာဖြစ်သည့် ပြောင်းပြန်အစိမ်းရောင်သံချပ်ကာ အပျော့ကို အမြန်ဆုံး အပြီးသတ်နိုင်ရန် ကြိုးစားခဲ့သည်။ ကံကောင်းသည်မှာ သူသည် အသေးစိတ် အချက်အလက်များကို အမြဲတစေ အလေးထားသူ ဖြစ်သည်။ အကယ်၍ အခြားအမျိုးသမီး တစ်ယောက်အတွက် သံချပ်ကာများ ပြုလုပ်ပေးရမည်ဆိုလျှင် ကျူးမင်လန် အနေဖြင့် အရွယ်အစားကို အတိအကျ ရရှိရန် ခက်ခဲကောင်း ခက်ခဲလိမ့်မည်။ သို့သော် လီယွင်ဇီအတွက်ဆိုလျှင်မူ ပြဿနာမရှိနိုင်ပေ။

တောင်ပေါ်ပန်းများမှာ တောက်ပနေပြီး တောအုပ်အတွင်းရှိ အရွက်များမှာလည်း အေးချမ်း စွာ လှပနေသည်။ ဆောင်းဦးရွက်နီပင်များတွင်လည်း နေ့စဉ်နှင့်အမျှ ပြောင်းလဲနေပြီး အဖူးအညွန့်များ ဝေဆာနေသည်။ သို့သော် အပြောင်းအလဲတိုင်းကို အနီးကပ် စောင့်ကြည့် နေသူမျိုး မဟုတ်ဘဲ၊ သစ်ပင်အောက်မှ ပွင့်လန်းလာသော အချစ်ဇာတ်လမ်းကို ဖြည်းဖြည်း ချင်း ခံစားနေရခြင်း ဖြစ်သည်။

ဆောင်းဦးရွက်နီပင် အောက်ရှိ အရောင်ဖျော့ဖျော့ နံရံတစ်ခုဘေးတွင် ကျူးမင်လန်သည် သန့်ရှင်းသပ်ရပ်သော အဝတ်အစားများကို ဝတ်ဆင်ကာ အိမ်ခေါင်မိုးပြားများပေါ်သို့ လျောကျနေသော အကိုင်းအခက်များကို ငေးမောကြည့်ရှုနေသည်။ ထိုအချိန်တွင် မိန်းကလေးတစ်ယောက် ရောက်ရှိလာသည်။ ကျူးမင်လန်၏ ခန့်ညားပြီး တောက်ပသော ပုံစံကို မြင်တွေ့လိုက်ရသောအခါ သူမ အနည်းငယ် အံ့ဩသွားမိသည်။

သူသည် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကထက် ကွဲပြားခြားနားနေသည်။ သူ၏ အမူအရာ များမှာလည်း ယခင်ကထက် ပိုမိုနူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့နေသည်။

"သခင်လေးကျူး၊ ကျွန်မတို့ အရှင်သခင်မလေးက သခင်လေးကျူးပေးတဲ့ လက်ဆောင်ကို အလွန်နှစ်သက်တယ်လို့ ပြောပါတယ်" ဖရော့စ်က ယဉ်ကျေးစွာ ဦးညွှတ်ရင်း ကျူးမင်လန် ကို ပြောလိုက်သည်။

"ဒါဆိုရင် မင်းရဲ့ သခင်မလေးကို ငါ့ကိုယ်စား နှုတ်ဆက်ပေးပါ" ကျူးမင်လန်က ကျေနပ်စွာ ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"ဘာလို့ သခင်လေးကိုယ်တိုင် မပြောပြတာလဲရှင်" ဖရော့စ်က အနည်းငယ် ရယ်မောရင်း မေးလိုက်သည်။

"သူမက ဒဏ်ရာရနေပြီး ဘယ်သူ့ကိုမှ မတွေ့ဘူးလို့ ဆိုထားတယ် မဟုတ်လား" ကျူးမင်လန်က အံ့အားသင့်စွာ မေးလိုက်သည်။

"သခင်လေးက တခြားလူတွေနဲ့ တူလို့လား" ဖရော့စ်က မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ နောက်ပြောင်လိုက်သည်။

ကျူးမင်လန်၏ မျက်နှာမှာ ရဲတက်သွားသည်။ သိသာထင်ရှားသည်မှာ ထိုမိန်းကလေး ငယ်မှာ ကျူးမင်လန်ကိုယ်တိုင် ဖန်တီးခဲ့သည့် ထိုအံ့ဩဖွယ် အချစ်ဇာတ်လမ်းများကို ကြားသိထားခြင်း ဖြစ်သည်။

ချမ်းသာကြွယ်ဝသော မိသားစုများ၏ ခြံဝင်းအတွင်းသို့ ဖိတ်ခေါ်ခံရခြင်းမှာ ကြီးမားသော ဂုဏ်ပြုမှုတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော ခြံဝင်းများမှာ အမျိုးသားများကို လုံးဝ ဝင်ခွင့်မပြုသလို၊ ဆွေမျိုးအချို့ပင် ဝေးဝေးမှ ရှောင်နေရသော ကြောင့် ဖြစ်သည်။ သို့သော် အကြောင်းရင်းတစ်ခုခုကြောင့် ခြံဝင်းအတွင်းသို့ ခြေချလိုက် စဉ်မှာပင် ကျူးမင်လန်သည် အနည်းငယ် စိုးရိမ်စိတ်ဝင်မိလေသည်။

သူ့စိတ်ထဲတွင် နားရွက်တစ်ဖက် ပြတ်သွားခဲ့သည့် လက်ထောက် စစ်သူကြီးကို ပြန်လည် မြင်ယောင်မိလိုက်သည်။

အတွင်းသို့ ဝင်သွားလျှင် သူမေ့မရနိုင်သည့် လီယွင်ဇီ၏ ဓားရေးကို ထပ်မံမြင်တွေ့ရဦးမည် လော။

ပါးလွှာသော ကန့်လန့်ကာတစ်ခု ရှိနေသဖြင့် ကျူးမင်လန်မှာ သူတို့နှစ်ဦး ထိုကန့်လန့်ကာ ဖြင့်ပင် ကာထားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း လီယွင်ဇီမှာမူ ထိုကဲ့သို့သော ရှုပ်ထွေးသည့် ဓလေ့ထုံးစံဆန်လွန်းသည့် အပြုအမူမျိုးတွေကို နှစ်သက်သူ မဟုတ်ပေ။

သူမက ကျူးမင်လန်ကို အိမ်ရှေ့မှာပင် ထိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး အစေခံမလေး ဖရော့စ်က လက်ဖက်ရည်ကြည် နှစ်ခွက်ကို ဖျော်ပေးခဲ့သည်။

ဖရောစ့်၏ ပေါ့ပါးသော ခြေသံများကို ကြားရသည်မှာ သူမသည် တမင်ရည်ရွယ်ချက် ရှိရှိဖြင့် အဝေးသို့ ထွက်သွားခြင်း ဖြစ်ပေလိမ့်မည်။

ကျူးမင်လန်က လက်ဖက်ရည်တစ်ခွက်ကို သောက်လိုက်ရင်း အကြည့်တို့ကို တခြား တစ်နေရာသို့ လွှဲလိုက်သည်။

သူသည် သူခိုးတစ်ယောက်ကဲ့သို့ ခံစားနေရသည်လား သို့မဟုတ် ဤခြံဝင်းအတွင်းရှိ နေအိမ်ကြီး၏ ထူးခြားလှပမှုကို ငေးမောနေမိခြင်းလား ဆိုသည်ကို သူကိုယ်တိုင်ပင် မဝေခွဲနိုင်ပေ။

"ဒီတစ်ခါ ပြန်လာရတာ အရင်တစ်ခေါက်ကထက် ပိုပြီး စိတ်ချမ်းသာဖို့ ကောင်းတယ်။ အနည်းဆုံးတော့ ရိုင်းစိုင်းတဲ့ စကားလုံးတွေကို မကြားရတော့ဘူး" လီယွင်ဇီက ပြုံး၍ ပြောလိုက်သည်။ သူမရှေ့ရှိ ယောက်ျားတစ်ယောက်က မသိဟန်ဆောင်ရာတွင် အလွန်ပင် ကျွမ်းကျင်သူဖြစ်ကြောင်း သူမ သိရှိသွားသည်။

"မင်း သိတဲ့အတိုင်းပဲ၊ ကျွန်တော်က သရုပ်ဆောင်ရာမှာ အမြဲတမ်း ကျွမ်းကျင်သူပါ" ကျူးမင်လန်က ဖြည်းညှင်းစွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။

"ဟုတ်လို့လား….၊ ဝါးတောထဲမှာ ညဘက် တွေ့ဆုံခဲ့တာတွေ၊ အပြန်အလှန် လက်ဆောင် ပစ္စည်းတွေ ပေးခဲ့တာတွေက တကယ့်အဖြစ်အပျက်တွေလား ဒါမှမဟုတ် အခါအခွင့်သင့် လို့ သရုပ်ဆောင်လိုက်တာလား" လီယွင်ဇီက လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း မေးလိုက်သည်။

ကျူးမင်လန်၏ မျက်နှာပေါ်ရှိ အပြုံးမှာ တဖြည်းဖြည်း တောင့်တင်းသွားသည်။

ချိုမြိန်သော ဇာတ်လမ်းများအပြင် အတင်းအဖျင်းများလည်း ရှိနေသေးသည်။

နန်လင်းရှာ ပြောခဲ့သည့် စကားများမှာ ထိုအတင်းအဖျင်းများကြောင့် မူလအဓိပ္ပာယ် ပျောက်ကွယ်သွားခဲ့ရပြီး၊ မသန်မစွမ်း နဂါးတစ်ကောင်ကို လက်ဆောင်ပေးခြင်းမှသည် အချစ်သင်္ကေတများ အပြန်အလှန် ပေးအပ်သည်အထိပင် ပြောင်းလဲသွားခဲ့ရသည်။ လူအများစုမှာ ကျူးမင်လန်၏ မြင်မြင်ချင်း နှစ်ဦးနှစ်ဖက် သဘောကျသွားသည်ဟူသော အချစ်ဇာတ်လမ်းကို ယုံကြည်နေကြသော်လည်း၊ ကျူးမင်လန်မှာ စိတ်ဓာတ်အရ လူလိမ် လူကောက်တစ်ယောက်သာ ဖြစ်ပြီး၊ အမျိုးသမီးနှစ်ဦးကြားမှာ ခွထိုင်ကာ အကျိုးအမြတ် ရအောင် လှည့်စားနေသည်ဆိုသည့် ကောလာဟလတွေကလည်း ရှိနေဆဲပင်။

All Chapters