အခန်း ၉၀
Vol. 9 Ch. 90
အခန်း (၉၀) စိုးရိမ်ပူပန်မှုများ။
နန်လင်းရှာမှာ ဤလူနှစ်ဦး၏ အပြုအမူကို ဆက်လက် သည်းမခံနိုင်တော့ပေ။
သူတို့နှစ်ယောက်ကြားတွင် တစ်စုံတစ်ရာသော အပြန်အလှန် နားလည်မှုမျိုး ရှိနေသကဲ့သို့ ခံစားလာရသည်။
သူမက ကျူးမင်လန်ကို နောက်တစ်ကြိမ် အကဲခတ်ကြည့်လိုက်သော်လည်း ထူးခြားသည့် အချက်အလက်များ ဘာမျှမတွေ့ရ။ သို့သော် လီယွင်ဇီကမူ သူ့အပေါ်တွင် အထူးသီးသန့် သည်းခံစိတ် ရှိနေပုံရသည်။
"ဒါ တကယ်ပဲ အရင်က ဖြစ်ခဲ့တဲ့ ထိုအချစ်ကိစ္စလေးကြောင့်များ ဖြစ်နေမလား….."
"မင်းတို့နှစ်ယောက် ဆက်ပြီး မျက်လုံးချင်း ကလူကျီစပ်နေကြပါဦး၊ ဒီသခင်မလေးတော့ အရင်သွားတော့မယ်" နန်လင်းရှာက စိတ်ဆိုးမာန်ဆိုးဖြင့် မတ်တပ်ထရပ်လိုက်သည်။
"ဖရော့စ်... သခင်မလေးကို လိုက်ပို့ပေးလိုက်ပါ... ပြီးတော့ ထီးတစ်လက်ပါ ပေးလိုက်ဦး" လီယွင်ဇီက ခြံဝင်းအပြင်ဘက်သို့ တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။ ကောင်းကင်မှ တောက်ပသော အလင်းရောင်ကို တိမ်တိုက်များက ဖြည်းညှင်းစွာ ဖုံးလွှမ်းလာသည်ကို သူမ သတိထားမိပုံရသည်။
"မလိုဘူး" နန်လင်းရှာက စိတ်တိုတိုဖြင့် ပြန်ပြောလိုက်သည်။ ထို့နောက် သူမသည် ကျူးမင်လန်၏ မုန့်ပန်းကန်ကို တစ်ချက်ကြည့်လိုက်ပြီး လက်သုတ်ပဝါနှင့် သေသပ်စွာ ထုပ်ပိုးထားသော မုန့်များကို တွေ့လိုက်ရသည်။ သူမက မုန့်ထုပ်ကို ယူကာ လှပသော လိပ်ပြာအထုံးဖြင့် ချည်နှောင်လိုက်ပြီးနောက် ညင်သာစွာ မြှောက်ကိုင်လိုက်သည်။
"ဒီကြယ်ပန်းချီလေးရဲ့ မုန့်တွေကို သူ့ချည်းပဲ အကုန်စားခွင့် ပေးလို့မဖြစ်ဘူး" ဟု ပြောရင်း သူမက ဂုဏ်ယူဝံ့ကြွားစွာဖြင့် တေးသွားတစ်ခုကို ညည်းတွားကာ မုန့်ထုပ်လေးကို ကိုင်လျက် ထွက်ခွာသွားတော့သည်။
ကျူးမင်လန်မှာ လက်ထဲတွင် ပဲမုန့်တစ်ခုကို ကိုင်ထားလျက် နန်လင်းရှာ၏ လှပသော ခပ်သွက်သွက် လျှောက်လှမ်းသွားသည့် ပုံရိပ်ကို ငေးမောကြည့်နေမိသည်။ သူ၏ မျက်ဝန်း ထဲတွင်မူ မခွဲခွာချင်သည့် အရိပ်အယောင်များပင် ပေါ်လွင်နေသည်။
အရသာရှိလှသော ပဲမုန့်များအားလုံး သူမ လုယူသွားလေပြီ။
လီယွင်ဇီ၏ အိမ်တွင် မုန့်များ ထပ်ကျန်နေသေးပါ့မလားဟု သူ တွေးတောနေမိသည်။ သူ ပြန်လျှင် အနည်းငယ် ထည့်သွားမှ ဖြစ်မည်။
"စတုတ္ထမမလေး၊ ထီးယူသွားပါဦး။ မဟုတ်ရင် မုန့်တွေ စိုကုန်ပါလိမ့်မယ်" ဖရော့စ်က ထီးတစ်လက်ကို ကမ်းပေးရင်း သူမနောက်သို့ အလျင်အမြန် လိုက်သွားသည်။
သူမသည် လီယွင်ဇီ၏ အစေခံပီပီ အလွန်လိမ္မာပါးနပ်ပြီး၊ ပတ်ဝန်းကျင်ကို စိတ်အေးချမ်း သာမူရှိစေသည့် လေထုမျိုး ဖြစ်ပေါ်လာအောင် ဖန်တီးပေးတတ်သည်။
"နောက်ထပ် ရှိသေးလား၊ ဒီအရသာက တကယ်ကို ကောင်းတာပဲ။ ဒီလို အရသာမျိုးကို မစားရတာ ကြာပြီ" ကျူးမင်လန်သည် ပဲမုန့်၏ နောက်ဆုံးအပိုင်းအစကို စားသောက်ပြီး လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။ ပါးစပ်ထဲမှ မုန့်အမှုန်အမွှားများ ကုန်စင်သွား သည်အထိ စောင့်ဆိုင်းပြီးနောက်မှ သူ မေးလိုက်သည်။
"စားသောက်ခြင်းမှာလည်း ဂုဏ်သိက္ခာနှင့်အညီ ဖြစ်ဖို့လိုသေးသည်။"
"မရှိတော့ဘူး" လီယွင်ဇီက ပြောလိုက်ရင်း သူမရှေ့တွင် ကျန်ရှိနေသေးသော မုန့်များကို ကျူးမင်လန်ထံသို့ ဖြည်းညှင်းစွာ ရွှေ့ပေးလိုက်သည်။ သူ လီနန်းတော်သို့ လာရောက်ရန် အတွက် နေ့လယ်စာ လွန်သွားခဲ့သည်ကို သူမ သတိထားမိပုံရသည်။
"ဒီတစ်ခါ မင်းရဲ့စိတ်အခြေအနေ နည်းနည်း ပိုကောင်းလာတယ်လို့ ပြောပေမဲ့၊ မင်းရဲ့ မျက်ဝန်းထဲမှာ စိုးရိမ်မှုတွေ ပြည့်နှက်နေတုန်းပဲ။ ဘာတွေများ စိတ်ညစ်စရာ ရှိနေတာလဲ။ ငါ့ကို ပြောပြပါ၊ စိတ်ထဲမှာပဲ အမြဲတမ်း သိမ်းထားတာထက်စာရင် ပြောပြလိုက်တာက ပိုကောင်းပါတယ်" ကျူးမင်လန်က ပြောလိုက်သည်။
"ကောင်းပြီလေ" လီယွင်ဇီက ခေါင်းညိတ်လိုက်သည်။
ကျူးမင်လန်မှာ အံ့အားသင့်သွားသည်။ သူ့စကားမှာ လီယွင်ဇီ၏ အခြေအနေကို စိုးရိမ် သော စိတ်ဖြင့် ယဉ်ကျေးမှုအရ ပြောလိုက်ခြင်းသာ ဖြစ်သည်။
သူမအနေဖြင့် သူမ၏ စိုးရိမ်ပူပန်မှုများကို သူ့အား ဝေမျှပေးလိမ့်မည်ဟု သူ မထင်မှတ် ထားခဲ့မိပေ။
ပုံမှန်အားဖြင့် လီယွင်ဇီသည် သူမ၏ အခက်အခဲများကို စိတ်ထဲ၌သာ တစ်ဦးတည်း သိမ်းဆည်းထားတတ်သူ မဟုတ်ပါလော။
"ရပါတယ်၊ မင်း မုန့်စားနေပါ၊ ငါ ပြောပြမယ့်အရာကို နားထောင်နေရုံပဲ" ကျူးမင်လန်က သေသပ်စွာ ထိုင်နေသည်ကို မြင်သောအခါ လီယွင်ဇီက ခပ်အေးအေး ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ" ကျူးမင်လန်မှာ အလွန်အမင်း ပုံမှန်ဆန်နေရန် မလိုတော့ပေ။
"နှစ်သစ်ကူးပွဲတော် မတိုင်ခင်က စစ်သူကြီးတွေအားလုံးက ငါပြန်လာဖို့ မျှော်လင့်နေကြ တယ်။ တောင်ပိုင်းက မြို့တော်ကြီးတွေကလည်း ငါတို့တပ်တွေကို နှစ်သစ်မတိုင်ခင် အပြီးပိုင် ရုပ်သိမ်းသွားလိမ့်မယ်လို့ ထင်နေကြတာ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ငါ့ တပ်ဖွဲ့ ဝင်တွေက သူတို့ရဲ့ ပွဲတော်ကျင်းပတဲ့နေ့မှာပဲ သူတို့ရဲ့ မြို့တော်ကို သိမ်းပိုက်လိုက်နိုင်ခဲ့ တယ်" လီယွင်ဇီက တည်ငြိမ်စွာ ပြောပြသည်။
ကျူးမင်လန်သည် စားနေသော မုန့်မှာ လည်ချောင်းထဲတွင် တစ်သွားသလို ခံစားလိုက်ရပြီး လက်ဖက်ရည် တစ်ခွက်ကို အမြန်သောက်လိုက်ရ၏။
တောင်ပိုင်းက မြို့တော်ကြီးတွေကို သိမ်းပိုက်လိုက်ပြီလား။
ဆောင်းရာသီအတွင်းမှာတင်လား…..။
အဲဒီမြို့တော်တွေဟာ ဘိုးဘေးနဂါး မြို့တော်လောက် မသန်မာဘူးဆိုပေမဲ့ ဒီလောက် မြန်မြန်တော့ မကျဆုံးသင့်ဘူး မဟုတ်လား...
ဤစကားအနည်းငယ်မှာ ကျူးမင်လန်ကို တုန်လှုပ်သွားစေသည်။
တစ်ဖက်တွင် မီးပုံးများနှင့် ပျော်ရွှင်နေချိန်၊ အခြားတစ်ဖက်တွင်မူ စစ်သည်များက မြို့တံခါးကို ဝိုင်းထားပြီး တိုင်းပြည်မှာ တုန်လှုပ်ချောက်ချားနေရမည်။ သူ ကိုယ်တိုင် မမြင် တွေ့ခဲ့ရသော်လည်း ထိုမြင်ကွင်းမှာ မည်မျှ စိတ်လှုပ်ရှားဖွယ် ကောင်းမည်ကို သူ စိတ်ကူး ကြည့်နိုင်သည်။
"ဝူထူအစောင့်တပ်ဖွဲ့ကို ထူထောင်တော့မယ်။ နွေရာသီမတိုင်ခင်မှာ ဝူထူနိုင်ငံ ဖြစ်လာလိမ့် မယ်။ ကျန်းတူက မြို့တော်ရဲ့ ဗျူဟာမှူးအနေနဲ့ ဦးဆောင်သွားမယ်။ ကျိန်းယွီကတော့ မြို့သခင် ဖြစ်လာလိမ့်မယ်" လီယွင်ဇီက သူမဇာတ်လမ်းကို ဆက်လက် ပြောပြလေသည်။
ကျူးမင်လန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။
ကျိန်းယွီ၏စာလွှာများနှင့် နယ်စပ်စစ်ပွဲများအကြောင်း သတင်းများမှတစ်ဆင့် ကျူးမင်လန် သည် လီယွင်ဇီ၏ ရည်မှန်းချက်ကြီးမားပုံကို ကြိုတင် ခန့်မှန်းမိနေခဲ့သည်။
ဆောင်းရာသီ တစ်ရာသီနှင့် နွေဦးရာသီတစ်ဝက် အတွင်းမှာပင် ဘိုးဘေးနဂါး မြို့တော် ပတ်လည်ရှိ မြို့တော်နှစ်ခုမှာ လီယွင်ဇီ၏ လက်အောက်သို့ လုံးဝ ရောက်ရှိသွားလိမ့်မည်ဟု ကျူးမင်လန် လုံးဝ မထင်မှတ်ထားခဲ့မိပေ။
"ဘိုးဘေးနဂါး မြို့တော်က ငါတို့ရဲ့ အခြေခံအုတ်မြစ်ပဲ။ ငါ မြို့ပေါင်း ဘယ်လောက်ပဲ သိမ်းပိုက်နိုင်ပါစေ၊ ဘိုးဘေးနဂါးမြို့တော်သာ မမျှော်လင့်တဲ့ တစ်စုံတစ်ရာ ပြဿနာတွေနဲ့ ကြုံတွေ့ခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့ ခြောက်လအတွင်း ငါ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲ (၁၇) ခုလုံးဟာ အဓိပ္ပာယ်မဲ့ ဖြစ်သွားလိမ့်မယ်" လီယွင်ဇီက ဆက်လက် ပြောပြသည်။
"လင်ရှောင်မြို့တော်" က စတင်ပြီး ရှုတ်ချနေပြီ၊ ဗိမာန်ဂိုဏ်းကလည်း တားဆီးဖို့ စတင် လှုပ်ရှားနေပြီ။ သူတို့က ငါ့ကို မိစ္ဆာတစ်ကောင်အဖြစ် မြင်နေကြပြီး စစ်မီးလျှံတွေကို အစဉ် တစိုက် မွှေးနေသူတဲ့။ လူတွေ အိုးအိမ်မဲ့ဖြစ်အောင် မရပ်မနား လုပ်ဆောင်နေကြတယ်တဲ့" လီယွင်ဇီက ကျူးမင်လန်ကို ကြည့်ကာ ပြောသည်။ (ရှေ့မှာတုန်းက ဂိုဏ်းဗိမာန်က ကောင်းမည်ထင်၍ ဂိုဏ်းဗိမာန်ဟု ပြန်ဆိုခဲ့သည်။ ယခုအခန်းမှစ၍ ဗိမာန်ဂိုဏ်းဟုသာ ပြန်ဆိုပါမည်။)
ကျူးမင်လန်က လီယွင်ဇီ၏ လက်ဖက်ရည်ခွက်ကို ပြန်လည် ဖြည့်ပေးလိုက်ပြီး သူမ၏ မျက်ဝန်းထဲကို စူးစိုက်ကြည့်လိုက်သည်။
"အာဏာကို သိမ်းပိုက်ရလို့ ပျော်ရွှင်နေတဲ့ အရိပ်အယောင်တွေကို မင်းရဲ့ မျက်လုံးထဲမှာ ကျွန်တော် မတွေ့ရဘူး။ မင်းက အာဏာကိုလည်း မမက်မောသလို၊ စည်းစိမ်ဥစ္စာကိုလည်း ဂရုမစိုက်ဘူး။ မင်း တကယ်တမ်း ဘာကို လိုချင်နေတာလဲ၊ ကျွန်တော့်ကို ပြောပြလို့ မရဘူးလား" ကျူးမင်လန်က နောက်ဆုံးတွင် မထိန်းနိုင်ဘဲ မေးမြန်းလိုက်မိသည်။
သူမ အမှန်တကယ် လိုချင်နေတာက ဘာလဲ။
ဤနယ်မြေတွင် စစ်မီးများမှာ ဘယ်သောအခါမျှ မငြိမ်းခဲ့ဖူးသော်လည်း၊ ယခုအခါ စစ်ပွဲများ ၏ ထက်ဝက်မှာ လီယွင်ဇီကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အားလုံးမှာ သူမ စတင်ခဲ့သော ကျူးကျော်စစ်များဟု ဆိုရပေမည်။
တောင်ပိုင်းရှိ မြို့တော်များကို သိမ်းပိုက်ခဲ့ပြီး၊ ဝူထူနယ်မြေကိုလည်း လွတ်လပ်ရေး ကြေညာနိုင်ရန် စီစဉ်နေသည်။ အကယ်၍ ဘိုးဘေးနဂါး မြို့တော်သည် သူမ၏ အုပ်ချုပ်မှု အောက်သို့ လုံးဝ ရောက်ရှိသွားပါက သူမသည် မြို့တော်ကြီး (၃) ခုကို ပိုင်ဆိုင်သွားမည် ဖြစ်သည်။
ထိုအချိန်တွင် လီယွင်ဇီ၏ မျက်ဝန်းတို့၌ စိတ်ခံစားမှုများ ပေါ်လာသည်။ ဓားသွားကဲ့သို့ စူးရှ ပြတ်သားသော အကြည့်များပင်။
"နိုင်ငံတစ်ခု ထူထောင်ဖို့" သူမ ကြေညာလိုက်သည်။
နိုင်ငံ... ဤစကားလုံးမှာ မြို့တော်များစွာအတွက် မစိမ်းသက်လှသော်လည်း၊ ဤနယ်မြေ တွင်မူ တကယ့်နိုင်ငံဟူ၍ မရှိခဲ့ဖူးပေ။
မြို့တော်များသည် တစ်ခုနှင့်တစ်ခု လွတ်လပ်သည့်အနေထား ရှိနေကြပြီး မည်သည့် မဟာ မိတ်ဖွဲ့မှုမျှ မရှိကြပေ။ ဗိမာန်ဂိုဏ်းက အာဏာမျှခြေကို ထိန်းချုပ်ထားသည်မှ လွဲလျှင် မြို့တော်တိုင်းမှာ မိမိတို့ကိုယ်ပိုင် ဘုရင့်နိုင်ငံငယ်လေးများ ဖြစ်နေကြသည်။
လီယွင်ဇီ လိုချင်သည်မှာ မြို့တော်များကို စုစည်းပြီး နိုင်ငံတစ်ခုကို ထူထောင်ရန် ဖြစ်သည်။
ဘယ်လောက်တောင် ကြီးမားတဲ့ ရည်မှန်းချက်လဲ……။
ကျူးမင်လန်သည် လီယွင်ဇီကို အထင်သေးမိခဲ့ကြောင်း ခံစားလိုက်ရသည်။ သူသည် သူမကို မိမိပိုင်နက်နယ်မြေကို ပြန်လည်ရယူနေသူဟု ထင်မှတ်ခဲ့သော်လည်း၊ သူမသည် ဤနယ်မြေတစ်ခုလုံး၏ အစစ်မှန် အုပ်စိုးရှင် ဖြစ်လာရန် ရည်ရွယ်ချက်ရှိလိမ့်မည်ဟု မသိခဲ့ ပေ။
"ဒါဆိုရင် မင်းရဲ့ အစစ်မှန် ရန်သူက ဗိမာန်ဂိုဏ်းပေါ့" ကျူးမင်လန်က ခါးသက်သက် ပြုံးရင်း ပြောလိုက်သည်။
"ငါ့မှာ တကယ့် ရန်သူဆိုတာ မရှိပါဘူး။ ငါ့လမ်းကြောင်းပေါ်က အတားအဆီးတွေပဲ ရှိတာ ပါ" လီယွင်ဇီက ပြန်ဖြေသည်။
"ကျွန်တော် နားမလည်တော့ဘူး။ မင်း တကယ်ပဲ နိုင်ငံတစ်ခုရဲ့ အုပ်စိုးရှင် ဖြစ်ချင်ရင် ဝူထူ နယ်မြေ အင်အားကြီးထွားလာတဲ့အထိ စောင့်နိုင်တယ်။ တောင်ပိုင်းဒေသကို ဖြည်းဖြည်း ချင်း သိမ်းပိုက်နိုင်တယ်။ ဘိုးဘေးနဂါး မြို့တော်ထဲက အခြေအနေတွေ တည်ငြိမ်တဲ့အထိ စောင့်နိုင်ပါလျက်နဲ့... ဘာလို့ အခုလို လှုပ်ရှားရတာလဲ..." ကျူးမင်လန်က ခေါင်းခါယမ်း လိုက်သည်။
မဟုတ်သေးဘူး။ နည်းလမ်းမကျသေးပေ။ လီယွင်ဇီသည် အပြတ်အသတ် အောင်နိုင်သူ ဖြစ်သော်လည်း သူမ၏ အခြေခံ အုတ်မြစ်မှာ မတည်ငြိမ်သေးပေ။ အတွင်းရန်၊ အပြင်ရန် တို့မှာလည်း ရှိနေသည်။ မကြာမီပင် သူမသည် မိမိကိုယ်ကိုယ် ထောင့်ချိုးတစ်ခုဆီသို့ တွန်းပို့သလို ဖြစ်သွားနိုင်သည်။
သူမအနေဖြင့် ဤပြဿနာများကို ကြိုမမြင်နိုင်စရာ အကြောင်းမရှိပေ။ ဒါဆိုရင် ဘာလို့များ သူမနေနဲ့ ဒီလောက်တောင် အလျင်စလို လုပ်နေရတာလဲ…..။
နိုင်ငံတစ်ခုကို တည်ထောင်ဖို့ဆိုတာ အလျင်စလို လုပ်လို့ မဖြစ်နိုင်ပေ။
"တောင်ပိုင်းမြို့တော်တွေကို သိမ်းပိုက်တုန်းက ကျွန်မ ဒဏ်ရာ ရခဲ့တယ်။ ဒီသတင်းကို ငါ့ကို တားဆီးနေလူတွေလည်း သိပြီးသားပဲ" လီယွင်ဇီက ပြောလိုက်သည်။
ကျူးမင်လန်မှာ အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။ သို့သော် သူ ပြန်ပြောမည့်စကားကို အမြန်ပင် ထိန်းချုပ်လိုက်သည်။
နန်လင်းရှာ ဒီအချိန်မှာ ရောက်လာခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။ လီယွင်ဇီ၏ ဒဏ်ရာ အခြေအနေကို စုံစမ်းရန် ဖြစ်နိုင်မည်လော။ ထိုသို့သာဆိုလျှင် နန်လင်းရှာသည် နန် မျိုးနွယ်စုတွင် အာဏာကို ကိုင်တွယ်ထားသူဖြစ်ပြီး၊ လီယွင်ဇီ၏ အတားအဆီးများထဲမှ တစ်ခု ဖြစ်နေပေလိမ့်မည်။ အကယ်၍, သူမအနေဖြင့် အာဏာလုပွဲတွေကို မစိတ်ဝင်စား ဘူးဆိုလျှင်ပင် သူမသာ တားဆီးဖို့ ကြိုးစားပါက လီယွင်ဇီအနေဖြင့် ဘိုးဘေးနဂါး မြို့တော် မှာ ခြေကုပ်ယူရန်ပင် အလွန်ခက်ခဲလိမ့်မည်...။
ရန်သူများစွာဖြင့် ဝိုင်းရံခံထားရချိန်၊ ဒဏ်ရာကို ကုသရန်အတွက် ပြန်လာချိန်မျိုးတွင် လင်ရှောင်မြို့တော်က ဤရှားပါးသည့် အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်သလို၊ ဗိမာန်ဂိုဏ်းကလည်း လီယွင်ဇီကို ပိုမိုပြင်းထန်စွာ အရေးယူတော့မည် ဖြစ်သည်။
"မင်းဘေးနားမှာ အစောင့်အရှောက်တွေက ဘာလို့ ဒီလောက် နည်းပါးနေတာလဲ။ ဒါက အလွန်အန္တရာယ်များတယ်။ အထူးသဖြင့် လီနန်းတော်ထဲမှာ လျှို့ဝှက်ကြံစည်မှုတွေနဲ့ မင်းရဲ့ရန်လူတွေ ပြည့်နှက်နေတာလေ" ကျူးမင်လန်က ထရပ်လိုက်ပြီး ခြံဝင်းကို ဝေ့ကြည့် လိုက်သည်။
သူသည် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ အာရုံခံကြည့်သော်လည်း လီယွင်ဇီ၏ အနီးအနား တွင် မည်သည့် ကျွမ်းကျင်သူ၏ အငွေ့အသက်ကိုမျှ မခံစားမိပေ။
"စစ်တပ်ကြီးတွေ ပိုင်ဆိုင်ထားပေမဲ့ ငါယုံကြည်နိုင်တဲ့လူ တစ်ယောက်၊ နှစ်ယောက်ထက် မပိုဘူး။ သစ္စာရှိမှုတွေ ယုံကြည်မှုဆိုတာတွေက ခြိမ်းခြောက်မှုတွေ၊ အကျိုးအမြတ်တွေ ရှေ့မှာဆို ဘာမှ မဟုတ်တော့ဘူး" လီယွင်ဇီ၏ စကားသံထဲတွင် ဝမ်းနည်းကြေကွဲမှု အရိပ်အယောင်များ ပါဝင်နေသည်။
အမြင့်ဆုံးနေရာမှ ပြုတ်ကျခဲ့ရပြီး၊ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရသည့် ခါးသီးမှုကို မြည်းစမ်းခဲ့ရပြီးနောက်၊ သူမသည် အထောက်အပံ့ သို့မဟုတ် သစ္စာရှိမှုဟူသည်မှာ လေပြင်းတိုက်ခတ်လိုက်သည်နှင့် လွင့်ပါသွားမည့် အိပ်မက်ဆိုးများသာ ဖြစ်ကြောင်း မည်သူ့ထက်မဆို ပို၍ နားလည်သွားခဲ့သည်။
"ဒါက..." ဤစကားကို ကြားလိုက်ရသောအခါ ကျူးမင်လန်သည် ရုတ်တရက် သနား ကြင်နာစိတ် ဖြစ်ပေါ်လာသည်။
လူ့သဘာဝမှာ အမှန်တကယ်ပင် ဤသို့ ဖြစ်ပေသည်။ ဝူထူနယ်မြေပင်လျှင် သူတို့အား အသက်ရှင်ခွင့် ပေးခဲ့သော်လည်း ပိုမိုကောင်းမွန်သည့် အကျိုးအမြတ်များ ရှိလာပါက သူတို့ သည် ချက်ချင်းပင် သစ္စာဖောက်ပြီး ပြန်လည် အထင်သေးတတ်ကြသည်။
ထိုကဲ့သို့သော ဖြစ်ရပ်မျိုးမှာ အရင်ကလည်း ဖြစ်ပျက်ခဲ့ဖူးသည် မဟုတ်ပါလော။
စာစဉ် (၉) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။