အခန်း ၇၁
Vol. 8 Ch. 71
အခန်း (၇၁) ချန်နင်စီရင်စုကို လွှမ်းမိုးရမည့် မစ်ရှင်
ပြုပြင်ပြောင်းလဲမှုဟူသော စကားလုံးမှာ ဤနေရာတွင် ရှိနေသူအားလုံးမကြားချင်အဆုံး စကားလုံး ဆိုလျှင်လည်း မမှားပေ။
ရှားဖေးယင်း၏ပြုပြင်ပြောင်းလဲမှုများက သူတို့၏အာဏာအားလုံးကို ရုပ်သိမ်းသွားခဲ့၏။ ယခု ဆုရှင်းက ထပ်မံပြုပြင်ပြောင်းလဲချင်နေလေပြီ။ သူ ဘာလုပ်ချင်နေသနည်း။
လူတိုင်းက ကန့်ကွက်ချင်ခဲ့ကြသော်လည်း မြေပြင်ပေါ်တွင်လဲကျနေဆဲဖြစ်သော ခေါင်းဆောင်ကြီး၏ အလောင်းကို မြင်သောအခါ အားလုံး တိတ်ဆိတ်သွားခဲ့ကြ၏။
ဆုရှင်းက ဘေးဘီဝဲယာသို့ကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "အခုကစပြီး လင်းယုန်ပျံဂိုဏ်းရဲ့ ခေါင်းဆောင်ကြီးတွေနဲ့ ခေါင်းဆောင်ငယ်တွေ အားလုံးဂိုဏ်းစစ်ပွဲတွေမှာ ပါဝင်တော့မှာ မဟုတ်ဘူး။ သူတို့က လမ်းတွေပေါ်မှာ ပုံမှန်ကင်းလှည့်ဖို့နဲ့ သူတို့ရဲ့နယ်မြေတွေကို စီမံခန့်ခွဲဖို့ပဲတာဝန်ယူရမယ်။ ဂိုဏ်းဝင်အားလုံးလစဉ် ပုံသေ လစာငွေတစ်ပြားရမယ်။ ခေါင်းဆောင်ငယ် တွေက အဲဒီဟာရဲ့ဆယ်ဆရပြီး။ ခေါင်းဆောင်ကြီး တွေကတော့ နောက်ထပ် ဆယ်ဆရလိမ့်မယ်။"
"နယ်မြေကနေကောက်ခံရရှိတဲ့ လစဉ်ကြေး အားလုံးကို ဂိုဏ်းဆီအပ်ရမယ်။ ကိုယ်ပိုင် အကျိုးအတွက်တစ်ပြားတစ်ချပ်မှ သိမ်းထားခွင့်မရှိဘူး။"
"လက်ရှိ ခန်းမလေးခုအပြင် ဂိုဏ်းအတွင်းမှာ စောင့်ကြည့်ရေးခန်းမ အသစ်တစ်ခုတည်ထောင်ပြီး လီဟွိုင်ကဦးဆောင်မယ်။ ခေါင်းဆောင်ကြီး တစ်ယောက်စီတိုင်းရဲ့လစဉ်ကြေးတွေကို စောင့်ကြည့်ဖို့ စောင့်ကြည့်ရေးခန်းမက အဖွဲ့ဝင်တစ်ယောက်ရှိရမယ်။"
ဤနေရာတွင် ရှိနေသော ခေါင်းဆောင်ကြီးများ၏မျက်နှာများမှာ ချက်ချင်း အလွန်ဆိုးရွားသွား၏။ ဆုရှင်း၏လုပ်ရပ်က ခေါင်းဆောင်ကြီး များမှ အဆင့်မြင့်ဂိုဏ်းဝင်များအဖြစ်သို့ ရာထူးချလိုက်ခြင်းနှင့် အတူတူပင်။
လစဉ်လတိုင်း သင့်၏လစာကို အချိန်မီရမည်။ သို့သော် နယ်မြေထံမှ ကောက်ခံရရှိထားသော အခကြေးလစဉ်ငွေတစ်ပြားတစ်ချပ်မှ သိမ်းထားခွင့် မရှိတေ့ပေ။ ထို့သာမက သင့်ကို အထူးစောင့်ကြည့်မည့် လူများပင်ရှိနေလိမ့်မည်။ ဤအရာက မည်ကဲ့သို့သော အခြေအနေမျိုးဖြစ်သနည်း။
ဆုရှင်းက ဆက်ပြောသည်။ "ဒီအပြောင်းအလဲကို မင်းတို့အားလုံးမကျေနပ်ကြဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ငါ့မှာ အခြေခံစည်းမျဥ်းတစ်ခုတည်းပဲရှိတယ်။ အရည်အချင်းက ပထမပဲ။ အရည်အချင်းရှိတဲ့သူက တာဝန်ယူရမယ်။"
"အာဏာပိုလိုချင်တာလား။ လစဉ်လစာပိုလိုချင်သလား။ ကိစ္စမရှိဘူး။ ခေါင်းဆောင်ရာထူးကို စွန့်လွှတ်ပြီး စစ်ရေးခန်းမကိုဝင်လိုက်။ ဂိုဏ်းစစ်ပွဲတွေထဲမှာ မင်းအရည်အချင်းပြသနိုင်သရွေ့။ မင်းရဲ့လစဉ်လစာက သေချာပေါက်များပြားလာလိမ့်မယ်။"
"ခန်းမလေးခုထဲမှာ ပညာပေးခန်းမ နဲ့ အထွေထွေခန်းမရဲ့အာဏာတွေက အတူတူပဲဖြစ်နေမယ်။ ဒါပေမဲ့ အခုကစပြီး ဟွမ်ပင်းချန်က အထွေထွေခန်းမရဲ့ခန်းမသခင်ဖြစ်လာမယ်။ ကျွမ်းလီက ဒုခန်းမသခင်ဖြစ်မယ်။ ပြီးတော့ ပညာပေးခန်းမက ငါ့ရဲ့တိုက်ရိုက်စီရင်ပိုင်ခွင့်အောက်မှာ ရှိလိမ့်မယ်။"
"အပြစ်ပေးခန်းမမှာ တရားဥပဒေစိုးမိုးရေး အာဏာရှိတယ်။ ဒါပေမဲ့ တရားစီရင်ရေးအာဏာမရှိဘူး။ ဂိုဏ်းတွင်းက တပည့် တစ်ယောက်ကို အပြစ်ပေးဖို့အတွက်။ သူတို့မလှုပ်ရှားခင် စောင့်ကြည့်ရေးခန်းမက အစီရင်ခံစာကိုအရင် စောင့်ရမယ်။"
အဓိက ခန်းမများ၏ ဤပြုပြင်ပြောင်းလဲမှုများက တုန်းချန်ဝူနှင့် ကျွမ်းလီတို့အတွက် သေစေနိုင်သော ထိုးနှက်ချက်တစ်ခုဖြစ်နေ၏။
ရှားဖေးယင်း စနစ်ကိုပြုပြင်ပြောင်းလဲခဲ့စဉ်က အပြစ်ပေးခန်းမတွင် လှုပ်ကိုင်ခွင့်အာဏာများ မရှိတော့ဘဲ စောင့်ကြည့်ရေးအာဏာများသာ ရှိတော့သည်။
သို့သော် ယခု သူတို့တွင်စောင့်ကြည့်ရန် အခွင့်အရေးပင်မရှိတော့ဘဲ အပြစ်ပေးမှုများကို အကောင်အထည်ဖော်ရန် ကိရိယာများသက်သက်သာဖြစ်နေတော့၏။
စောင့်ကြည့်ရေးတာဝန်ခံများ ခွင့်ပြုမှသာ ၎င်းတို့က စည်းမျဉ်းဥပဒေကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက ၎င်းတို့ကကူကယ်ရာမဲ့စွာ ရပ်ကြည့်နေရန်သာရှိသည်။
မကျေနပ်သော်လည်း တုန်းချန်ဝူက ဆုရှင်းကို မဆန့်ကျင်ရဲပေ။
သူက ဆုရှင်းအပေါ်ရန်ငြိုးရှိနေပြီးဖြစ်ကာ ယခု သူ စကားပြောပါက ဆုရှင်းက သူ့ကိုနေရာမှာတင် သတ်ဖြတ်လိုက်မည်ဟု လုံးဝသေချာနေ၏။
သူစကားမပြောရဲသလို ကျွမ်းလီကလည်း စကားပြောရန်အခွင့်အလမ်းပိုနည်းသွားသည်။
ဟွမ်ပင်းချန်က ဆုရှင်း၏ယုံကြည်ရသူ တစ်ဦး ဖြစ်၏။ ဧကရာဇ်အသစ်နှင့်အတူ ခုံရုံးအသစ်တစ်ခုရောက်လာလေပြီ။ ဒုခန်းမသခင်ရာထူးကို ဆက်လက်ထိန်းသိမ်းထားနိုင်သေးခြင်းကပင် သူ ကံကောင်းနေပြီဖြစ်သည်။
အနည်းဆုံးတော့ အထွေထွေခန်းမ၏အာဏာမှာ လျော့ကျမသွားသေးပေ။
ဆုရှင်းက သူ့ထိုင်ခုံလက်တန်းကို ပုတ်လိုက်၏။ "ခန်းမအားလုံးထဲမှာ စစ်ရေးခန်းမက အထင်ရှားဆုံးပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ခဲ့တယ်။ အခု တပည့်အားလုံး စစ်ရေးခန်းမကို ဝင်နိုင်ပြီ။"
တပည့် တစ်ယောက်၏လစာမှာ ငွေတစ်ပြားဖြစ်သည်။
သို့သော် စစ်ရေးခန်းမတပည့်က ဂိုဏ်းစီမံခန့်ခွဲမှုတွင် မပါဝင်ဘဲ ဂိုဏ်းစစ်ပွဲများအတွက်သာ တာဝန်ရှိ၏။ ဂိုဏ်းစစ်ပွဲတစ်ခုပြီးနောက် ဆုကြေးများကို အရည်အချင်းအလိုက် ခွဲဝေပေးပါလိမ့်မည်။
"စစ်ရေးခန်းမကို ဝင်တာက မင်းရဲ့အသက်ကို စွန့်စားရတာပဲ။ ငွေ ဒါမှမဟုတ် အာဏာလိုချင်ရင် မင်းရဲ့အသက်နဲ့ ပေးဆပ်ရမယ်။ စစ်ရေးခန်းမကို ဝင်ပြီးမှတိုက်ပွဲမှာ နောက်ဆုတ်တဲ့သူဘယ်သူမဆို ချက်ချင်း ကွပ်မျက်ခံရမယ်။"
"စစ်ရေးခန်းမက ငါ့ရဲ့တိုက်ရိုက် စီရင်ပိုင်ခွင့်အောက်မှာ ရှိတယ်။ လင်းဖူဟူက ဒုခန်းမသခင် ဖြစ်ပြီး တခြား ဒုခန်းမသခင်သုံးယောက်နဲ့ အဆင့်မြင့်။ အဆင့်နိမ့် ခေါင်းဆောင်အများအပြားရှိမယ်။ မင်းမှာ လုံလောက်တဲ့ ခွန်အားနဲ့ တိုက်ပွဲအောင်မြင်မှုတွေရှိသရွေ့ ရာထူးတိုးခံရနိုင်တယ်။"
ဆုရှင်း ယခုတစ်ကြိမ်လိုချင်သော ပြုပြင်ပြောင်းလဲမှုများတွင် အခြားအရာအားလုံးကို အနည်းငယ်ပြုပြင်ပြောင်းလဲမည်ဖြစ်သော်လည်း စစ်ရေးခန်းမမှာတော့ အရေးအကြီးဆုံးဖြစ်၏။
လင်းယုန်ပျံဂိုဏ်း၏ယခင် ပုံသဏ္ဍာန်မှာ လုံးဝကျရှုံးမှု တစ်ခုဟု ဆုရှင်း ထင်ပါသည်။
ခေါင်းဆောင်ကြီးများ၏လက်အောက်ငယ်သားများတိုက်ပွဲဝင်သောအခါ အများစုမှာ နောက်တွင် ပျင်းရိနေကြပြီး နာမည်ရလိုသူအနည်းငယ်သာ ရှေ့တန်းတွင် တိုက်ခိုက်ကြ၏။
လင်းဖူဟူ၏စစ်ရေးခန်းမ ရှိနေသော်လည်း ထိုလူရာဂဏန်းမှာ သမုဒ္ဒရာထဲမှရေတစ်စက်မျှသာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုမှာလည်း မြင့်မားလှဟ။
ယခု ဆုရှင်း၏ပြုပြင်ပြောင်းလဲမှုများက ဂိုဏ်းဝင်များကို တိုက်ခိုက်သူ နှင့် မတိုက်ခိုက်သူဟူ၍ အုပ်စု နှစ်ခု ခွဲခြားလိုက်သည်။
မတိုက်ခိုက်သူများက အန္တရာယ်လုံးဝမရှိသလောက်ပင်ဖြစ်သော်လည်း သူတို့၏လစာမှာ ဝမ်းရေးအတွက်သာ သီသီလေးလုံလောက်ပါသည်။
စစ်ရေးခန်းမသို့ ဝင်ရောက်ပြီးနောက် သင့် သေခြင်းရှင်ခြင်းမှာ ကံတရားအပေါ် မူတည်သွားသော်လည်း များပြားသော လစဉ်ကြေးနှင့် ဆုကြေးငွေများကို သင်ရရှိနိုင်၏။
ဤနည်းအားဖြင့် ရွေးချယ်မှုကို ဂိုဏ်းဝင်များထံ လုံးဝ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။ ကြောက်တတ်ပြီးသေမည်ကို ကြောက်သူများက နောက်တန်းမှနေ၍ နယ်မြေကိုစီမံခန့်ခွဲနိုင်ပြီး ရည်မှန်းချက်ကြီးကာ ငွေလိုချင်သူများက စစ်ရေးခန်းမထဲသို့ ဝင်ရောက်နိုင်၏။
ဤနည်းအားဖြင့် ဂိုဏ်းစစ်ပွဲများ၏ထိရောက်မှုနှင့် ဂိုဏ်းဝင်များ၏အလုံးစုံ တိုက်ခိုက်ရေးအင်အားမှာ အဆပေါင်းများစွာ တိုးတက်လာပါလိမ့်မည်။
ဤနေရာတွင်ရှိနေသော ခေါင်းဆောင်ကြီးများမှာ ဇဝေဇဝါဖြင့် အချင်းချင်းအကြည့်ချင်းဖလှယ်လိုက်ကြသည်။ စစ်ရေးခန်းမအတွက် ဆုရှင်း၏မျှော်မှန်းချက်ကို သူတို့ အားလုံး နားလည်ကြ၏။
စစ်ရေးခန်းမက လင်းယုန်ပျံဂိုဏ်း၏အခြေခံအုတ်မြစ်တကယ်ဖြစ်လာမည်ဟု ဆိုနိုင်ပါသည်။
သူတို့သည် စစ်ရေးခန်းမထဲသို့ ဝင်ရောက်နိုင်သော်လည်း နှစ်ပေါင်းများစွာ အေးဆေးသက်သာစွာနေထိုင်ခဲ့ပြီးနောက် သူတို့ထဲမှ ဘယ်နှစ်ယောက်က သက်စွန့်ဆံဖျားတိုက်ပွဲဝင်ရန် သတ္တိရှိဦးမည်နည်း။
သူတို့ ခေါင်းဆောင်ကြီးများ ဖြစ်စဉ်က ဂိုဏ်းစစ်ပွဲများအတွင်း နောက်တန်းမှနေ၍ အမြဲအမိန့်ပေးလေ့ရှိပြီး သူတို့တကယ်တမ်းရှေ့ထွက် တိုက်ခိုက်ရသည့် အကြိမ်အရေအတွက်မှာ အလွန်နည်းပါးလှ၏။
ထို့ကြောင့် သေချာစဉ်းစားပြီးနောက် လူတိုင်းနီးပါးက နောက်တန်းမှနေ၍ ခေါင်းဆောင်များအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရန်ရွေးချယ်ခဲ့ကြသည်။ သူတို့၏အာဏာနှင့် လစာကိုအနည်းဆုံးသို့ လျှော့ချခံခဲ့ရသော်လည်းအနည်းဆုံးတော့ သူတို့၏ဂုဏ်သတင်းများကျန်ရှိနေသေးပြီး သူတို့ ဘေးကင်းကြလိမ့်မည်။
လူတစ်ယောက်တည်းကသာ စစ်ရေးခန်းထဲသို့ ဝင်ရောက်ရန်ရွေးချယ်ခဲ့ပြီး စစ်ရေးခန်းမတွင် အရေးပါသူတစ်ဦးဖြစ်လာခဲ့၏။ ထိုသူမှာ လျိုရှန်းမင်ပင်။
ခေါင်းဆောင်ကြီးများစွာထဲတွင် လျိုရှန်းမင်မှာ အတော်လေးငယ်ရွယ်သေးသဖြင့် သူနောက်တန်းသို့ ဤကဲ့သို့လျှင်မြန်စွာအနားမယူချင်သေးပေ။
ထို့အပြင် ပြီးခဲ့သည့် အကြိမ်က သူ၏အသုံးမကျသောသားကို ကယ်တင်ရန် သူငွေအများအပြား သုံးစွဲခဲ့ရပြီး ဆုရှင်းကို အကူအညီတောင်းပြီးမှသာ ပြဿနာ ပြေလည်သွားခဲ့၏။
ပြီးခဲ့သည့် အဖြစ်အပျက်က သူ၏စုဆောင်းငွေများကို ကုန်ခမ်းသွားစေခဲ့သည်။ အကယ်၍သူသာ စစ်ရေးခန်းမသို့ မဝင်ရောက်ပါက ခေါင်းဆောင်ကြီး၏လစဉ်လစာဖြင့် ကောင်းမွန်စွာအသက်မွေးဝမ်းကျောင်းပြုနိုင်မည် မဟုတ်ပေ။
ဂိုဏ်း၏စနစ်သစ်ကို တည်ထောင်ပြီးနောက် လင်းယုန်ပျံဂိုဏ်းက ပြုပြင်ပြောင်းလဲရန်နှင့် လိုက်လျောညီထွေဖြစ်စေရန် အချိန်အနည်းငယ် လိုအပ်သဖြင့် ဤအသေးအဖွဲကိစ္စများကို ဟွမ်ပင်းချန်ထံ လွှဲအပ်လိုက်၏။
ရှားဖေးယင်းကို သတ်ပြီးနောက် ဆုရှင်း၏ဘေးထွက်မစ်ရှင်မှာ ပြီးမြောက်သွားခဲ့၏။ သို့သော် စနစ်က မမျှော်လင့်ဘဲ ပင်မမစ်ရှင်တစ်ခုကို ထုတ်ပြန်လာခဲ့သည်။
"ပင်မ မစ်ရှင်ဖွင့်လိုက်ပါပြီ - ချန်နင်စီရင်စုကို လွှမ်းမိုးခြင်း။ မစ်ရှင်ရှင်းလင်းချက် - ချန်နင်စီရင်စုမှာ အကြီးဆုံးဂိုဏ်းဖြစ်လာအောင် လုပ်ပါ၊ ပြီးတော့ ချန်နင်စီရင်စုမှာရှိတဲ့ အင်အားစုအားလုံးရဲ့ အမြင့်မြတ်ဆုံး အမည်ခံအုပ်ချုပ်သူဖြစ်လာအောင် လုပ်ပါ။ အချိန်ကန့်သတ်ချက် - တစ်နှစ်။"
"မစ်ရှင် ဆုကြေး - စနစ်ဈေးဆိုင်ကို ဖွင့်မည်။ ဆုကြေး - သတ်မှတ်ထားတဲ့ကဏ္ဍတစ်ခုအား မဲဖောက်ခွင့်တစ်ကြိမ် (အဆင့်ကန့်သတ်ချက် ကြယ် ၃.၅ ပွင့်)။"
ဤတာဝန်ကို ရရှိပြီးနောက် ဆုရှင်းက ဝမ်းသာမှုနှင့် စိုးရိမ်မှု နှစ်ခုစလုံးကို ခံစားလိုက်ရ၏။
သတင်းကောင်းမှာ စနစ်ဈေးဆိုင်ကို နောက်ဆုံးတွင် ဖွင့်နိုင်ပြီဖြစ်သည်။ တည်ငြိမ်သော လမ်းကြောင်းတစ်ခုရှိလာပြီဖြစ်သဖြင့် ဆုရှင်းက ကံစမ်းမဲလက်မှတ်များစုဆောင်းကာ ကံတရားကို ပုံအပ်နေစရာမလိုတော့ပေ။
စိုးရိမ်စရာမှာ ဤတာဝန်က ယခုအချိန်အထိ ပင်မ မစ်ရှင်များ အားလုံးတွင် အခက်ခဲဆုံးဖြစ်နေနိုင်ခြင်းပင်။
ချန်နင်စီရင်စုတွင် အကြီးဆုံးဂိုဏ်း ဖြစ်လာရန်မှာ ရိုးရှင်းပါသည်။ ဆုရှင်းက သူ၏စစ်ရေးခန်းမ တပည့်များကို လေ့ကျင့်ပေးရာတွင် ငွေကြေးမနှမြောသလို သူ၏ကိုယ်ပိုင်ခွန်အားကိုလည်း အဆက်မပြတ်တိုးတက်စေမည်ဆိုပါက အဆိုးဆုံး ခန့်မှန်းချက်ဖြင့်ပင် လင်းယုန်ပျံဂိုဏ်းက သူရဲကောင်းသုံးဖော်အသင်းကို ကျော်လွန်ကာ ခြောက်လအတွင်း ချန်နင်စီရင်စုတွင်အကြီးဆုံး ဂိုဏ်း ဖြစ်လာနိုင်ပါသည်။
သို့သော် ချန်နင်စီရင်စုရှိ အင်အားစု အားလုံး၏ အမည်ခံအုပ်ချုပ်သူဖြစ်လာရန်မှာ အလွန်ခက်ခဲပ့လိမ့်မည်။
လူတိုင်းလေးစားရသည့် ဆရာသခင်တစ်ယောက်ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။
၎င်းမှာ ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့က ချန်နင်စီရင်စုရှိ သူ၏လင်းယုန်ပျံဂိုဏ်းကို အကြီးမြတ်ဆုံးအဖြစ်အသိအမှတ်ပြုပြီး လူတိုင်းက သူ့ကို သူတို့၏ဆရာသခင်အဖြစ်လေးစားကြဖြင်းဖြစ်သည်။
၎င်းတို့က သူ့လက်အောက်ငယ်သားများအဖြစ် မိမိသဘောဆန္ဒအလျောက်နေထိုင်လာအောင် လုပ်ဆောင်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
သို့သော် ဤအရာက မည်မျှအထိခက်ခဲလိုက်မည်နည်း။
ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့ထဲတွင် မိုးပြာဝါးဂိုဏ်းနှင့် ကျန်းရန်ဂိုဏ်းတို့မှာ အလွန်အားနည်းကြ၏။ သူတို့အညံ့မခံပါက ဆုရှင်းက သူတို့အညံ့ခံသည်အထိ ရိုက်နှက်နိုင်ပါသည်။
သို့သော် အဖွဲ့လေးဖွဲ့ပြဿနာမှာ ဖြေရှင်းရန် ထိုမျှမလွယ်ကူပေ။
သူရဲကောင်းသုံးဖော်အသင်း၏ အဖွဲ့ခေါင်းဆောင် သုံးဦးစလုံးမှာ ဟောက်ထျန်းအထွတ်အထိပ်များဖြစ်ကြရာ ဆုရှင်းက သူတို့ကိုအနိုင်ယူရန် ယုံကြည်မှု မရှိချေ။
သံမဏိဓားအဖွဲ့ နှင့် နတ်လေပြေအဖွဲ့ နှစ်ခုစလုံးမှာ လင်းယုန်ပျံဂိုဏ်းကဲ့သို့ ဂိုဏ်းဟောင်းများဖြစ်ကြပြီး ရာစုနှစ်တစ်ခုကျော်တည်ရှိခဲ့ကာ ကြွယ်ဝသော သမိုင်းကြောင်းများကို ပိုင်ဆိုင်ထားကြ၏။
သွေးစွန်းဝတ်ရုံအဖွဲ့က ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့အတွင်း အလွန်သိုသိပ်စွာနေလေ့ရှိသော်လည်း သူတို့နောက်ကွယ်ရှိနောက်ခံမှာ အလွန် အထင်ကြီးစရာကောင်းလှပါသည်။
သွေးစွန်းဝတ်ရုံအဖွဲ့ကို သိုင်းလောကရှိ အကြီးမားဆုံးသော လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းဖြစ်သည့် သွေးစွန်းဝတ်ရုံမျှော်စင်က ကျောထောက်နောက်ခံပြုထား၏။
သင်သာ အခကြေးပေးနိုင်လျှင် တာ့ကျိူးဧကရာဇ်၊ ရှောင်လင်ကျောင်းထိုင်ဘုန်းကြီး၊ တာအို ဂိုဏ်းချုပ် နှင့် ရှောင်မိသားစုခေါင်းဆောင်တို့ကိုပင် လုပ်ကြံသတ်ဖြတ်မည်ဟု သူတို့ကဆိုထားကြသည်။
သွေးစွန်းဝတ်ရုံမျှော်စင်က ချန်နင်စီရင်စုကဲ့သို့ နေရာသေးသေးလေးတစ်ခုတွင် ဂိုဏ်းတစ်ခု တည်ထောင်ရန် ပြင်ပတပည့်များကို စေလွှတ်ခဲ့ခြင်းမှာ နယ်မြေသိမ်းပိုက်ရန်မဟုတ်ဘဲ တောင်ပိုင်းလူရိုင်းနယ်မြေများတွင် ထွက်ရှိသော အထူး ထုတ်ကုန်အချို့ကို စုဆောင်းရန်ဖြစ်၏။
ချန်နင်စီရင်စုက တောင်ပိုင်းလူရိုင်းနယ်မြေများနှင့် အနီးဆုံးသော အကြီးဆုံးမြို့ဖြစ်သည်။ နွေရာသီတိုင်း တောင်ပိုင်းလူရိုင်းအများအပြားက သူတို့၏အထူးထုတ်ကုန်များကို ရောင်းချရန် သစ်တောများထဲမှ ထွက်လာလေ့ရှိကြ၏။
ဤပစ္စည်းများက အပြင်ဘက်တွင် အလွန်ရှားပါးပြီး နှစ်စဉ် ကုန်သည်အများအပြားက ၎င်းတို့ကို ဝယ်ယူရန် လာရောက်ကြသည်။ ဟူနန်ပြည်နယ် အပြင်ဘက်သို့ သယ်ဆောင်သွားနိုင်သရွေ့ ဈေးနှုန်းမှာ အနည်းဆုံးအဆတစ်ရာတိုးလာပါလိမ့်မည်။
သွေးစွန်းဝတ်ရုံမျှော်စင်က တောင်ပိုင်းလူရိုင်းများ ထုတ်လုပ်သောအဆိပ်များကိုလည်း လိုအပ်ပြီး သွေးစွန်းဝတ်ရုံမျှော်စင်၏လုပ်ကြံသတ်ဖြတ်သူများထဲတွင် အဆိပ်ကျွမ်းကျင်သူအများအပြား ရှိ၏။
ထို့ကြောင့် သွေးစွန်းဝတ်ရုံအဖွဲ့က ချန်နင်စီရင်စုရှိ မည်သည့် နယ်မြေကိုမျှတန်ဖိုးမထားခဲ့ပေ။ ၎င်းတို့တွင် အမှတ်သင်္ကေတနယ်မြေခြောက်ခုသာ ရှိပြီး အခကြေးငွေတစ်ပြားတစ်ချပ်မျှပင် မကောက်ခံပေ။ နှစ်စဉ်နွေရာသီအလယ်ပိုင်းလောက်တွင်သာ တောင်ပိုင်းလူရိုင်းများ ထုတ်လုပ်သော အဆိပ်ရှိသည့် သတ္တဝါများကိုဝယ်ယူရန် လူများကို စေလွှတ်လေ့ရှိကြသည်။
ချန်နင်စီရင်စု တစ်ခုလုံးတွင် သွေးစွန်းဝတ်ရုံအဖွဲ့က အမြင့်ဆုံး ရာထူးကို ရယူထား၏။ သူရဲကောင်းသုံးဖော်အသင်း အင်အားအကောင်းဆုံးအချိန်တွင်ပင် သွေးစွန်းဝတ်ရုံအဖွဲ့ကို မရန်စရဲခဲ့ချေ။
သူတို့ နောက်ကွယ်တွင် သွေးစွန်းဝတ်ရုံမျှော်စင် ရှိနေ၏။ သွေးစွန်းဝတ်ရုံမျှော်စင်က စေလွှတ်လိုက်သော အနိမ့်ဆုံးအဆင့်လုပ်ကြံသတ်ဖြတ်သူ တစ်ဦးပင်လျှင် ချန်နင်စီရင်စုရှိဂိုဏ်းတစ်ခုလုံးကို ရှင်းလင်းပစ်နိုင်ပါသည်။
ဆုရှင်းက ချန်နင်စီရင်စု တစ်ခုလုံး၏အာဏာကို ပိုင်ဆိုင်ထားလျှင်ပင် သွေးစွန်းဝတ်ရုံအဖွဲ့ က သူ့ကို ဆရာသခင်တစ်ဦးအဖြစ် လေးစားလာမည်ဟု မျှော်လင့်၍ မရနိုင်ပေ။
၎င်းတို့လုပ်မည့်အရာမှာ သူတို့နောက်ကွယ်ရှိ သွေးစွန်းဝတ်ရုံမျှော်စင်ဆီ အကူအညီတောင်းရုံဖြစ်ပြီး ထိုသို့ဆိုလျှင် အရာအားလုံးပြေလည်သွားလိမ့်မည်။
ဆုရှင်း နဖူးကိုပွတ်သပ်လိုက်ရင်း ခေါင်းကိုက်သလို ခံစားလိုက်ရ၏။ ဤအရာက တကယ်ကိုဖြေရှင်းဖို့ ခက်ခဲသည့် ပြဿနာ တစ်ခုပင်။ သူ သေချာ စဉ်းစားဖို့ လိုအပ်လိမ့်မည်။
"ခွန်အား အခု ငါအလိုအပ်ဆုံးအရာက ခွန်အားပဲ" ဆုရှင်း စိတ်ထဲမှ သက်ပြင်းချလိုက်၏။
ချန်နင်စီရင်စု ကိစ္စကိုဘေးဖယ်ထားပြီး ပထမဆုံး အဆင့်အနေဖြင့် လင်းယုန်ပျံဂိုဏ်းကို သူရဲကောင်းသုံးဖော်အသင်း နှင့် ယှဉ်ပြိုင်နိုင်သည်အထိ ဒါမှမဟုတ် ကျော်လွန်သည့် နံပါတ်တစ်ဂိုဏ်းအဖြစ် တည်ဆောက်ရမည်။
ဆုရှင်းက ယခုမှသာ အဆင့်ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူက ဟောက်ထျန်းအထွတ်အထိပ် သို့မဟုတ် ရှန်းထျန်းအဆင့်အကြောင်း လေ့လာရန်ပင် အချိန်ပင်မယူရသေးပေ။ သူက အပေါ်ယံကိုပင် မစူးစမ်းရသေးချေ။
ထို့ကြောင့်အချိန်တိုအတွင်း အဓိက အဆင့်ကြီးတစ်ခုကို ကျော်ဖြတ်ရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် ယခုအကောင်းဆုံးလုပ်ဆောင်ရမည့်အရာမှာ စနစ်ကိုအားကိုးကာ သူတို့၏တိုက်ခိုက်ရေးစွမ်းအားကိုတိုးတက်စေမည့် ပစ္စည်းအချို့ကို ရယူနိုင်မလားဆိုတာ ကြည့်ရန်ဖြစ်၏။
စနစ်ထဲသို့ ဝင်ရောက်သည်နှင့် ဆုရှင်းက မေးလိုက်သည်။ "ငါ့မှာ ဗီလိန်အမှတ်ဘယ်လောက်နဲ့ ကံစမ်းမဲ အခွင့်အရေးဘယ်လောက်ရှိလဲ။"
စနစ်က ဖြေလိုက်၏။ "လက်ခံသူမှာ အခုလက်ရှိ ဗီလိန်အမှတ် ၁၃၀၀။ အလယ်အလတ်အဆင့် မဲဖောက်ခွင့် ၁ ကြိမ် နဲ့ အခြေခံအဆင့် မဲဖောက်ခွင့် ၃၇ ကြိမ် ရှိပါတယ်။"
ဆုရှင်း ခေါင်းညိတ်လိုက်သည်။ အားလုံးပေါင်းလိုက်လျှင် အလယ်အလတ်အဆင့်မဲဖောက်ခွင့် လေးကြိမ်က လုံလောက်သည်ဟုဆိုနိုင်ပါသည်။
စနစ်ဈေးဆိုင်ဖွင့်တော့မည်ဖြစ်ရာ ဆုရှင်းက သူ၏တန်ဖိုးရှိသောဗီလိန်အမှတ်များကို ဖြုန်းတီးရန် ရည်ရွယ်ချက်မရှိပေ။
ဤဗီလိန်စနစ်အကြောင်း ဆုရှင်းပိုလေ့လာလေလေ ကံစမ်းမဲဆိုသည့်အရာမှာ တကယ့်ထောင်ချောက်ကြီးတစ်ခုဟု သူပိုခံစားရလေလေပင်။ နောက်ဆုံးတွင် ဗီလိန်အမှတ်ကသာ အကောင်းဆုံးအရာဖြစ်လိမ့်မည်။
အဆင့်မြင့်ကံစမ်းမဲမှာပင် မည်သည့်အရာမှရနိုင်ချေမရှိရာ လက်နိုင်စရာအကြောင်းမရှိပေ။
ဤစည်းမျဉ်းကိုသိရှိပြီးနောက် ဆုရှင်းက အဆင့်မြင့်ကံစမ်းမဲအားလဲလှယ်ရန် စုဆောင်းနေခြင်းအား ရပ်တန့်လိုက်၏။ ဗီလိန်အမှတ်အလုံအလောက်မရှိပါက အရာအားလုံးကအဓိပ္ပာယ်မဲ့နေလိမ့်မည်။