← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

အခန်း (၇၂) ဒီတစ်ခေါက် ကံစမ်းမဲတော့မဆိုးဘူးဟေ့

ဆုရှင်းက အလယ်အလတ်အဆင့်မဲဖောက်ခွင့်များစွာကိုစုဆောင်းပြီး တစ်ပြိုင်နက်တည်း မဲဖောက်လေ့ရှိ၏။ ၎င်းက ကောင်းမွန်သောအရာတစ်ခု ရရှိရန် အခွင့်အလမ်းကိုတိုးစေသောကြောင့်ပင်။

သို့သော် ယခု သူ၏တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးမည့်အရာတစ်ခုကို အရေးတကြီး လိုအပ်နေပါသည်။ လေးကြိမ်ဆိုသည်မှာ အနည်းငယ် နည်းသော်လည်း သူအတတ်နိုင်ဆုံးလုပ်နိုင်သောအရာဖြစ်သည်။

"စနစ် အခြေခံအဆင့် မဲဖောက်ခွင့်တွေ အားလုံးကို အလယ်အလတ်အဆင့်မဲဖောက်ခွင့် တွေအဖြစ် ပြောင်းပေးပါ။ ဗလာမဲတွေကိုဖယ်ရှားပြီး အားလုံးကို မဲဖောက်ပေးပါ။"

မျက်နှာပြင်ကြီးပေါ်ရှိ ဘီးမှာ စတင်လည်ပတ်သွားပြီး ကျင့်စဉ် နှင့် ဆေးလုံးတို့ကို ဖြတ်သန်းကာ အထွေထွေပစ္စည်းများ ကဏ္ဍတွင်ရပ်တန့်သွားလေသည်။

"ဂုဏ်ယူပါတယ် လက်ခံသူ။ ယွဲ့ပုချွန်း သင်းကွပ်ပြီးနောက် သူရဲ့သရုပ်မှန်ကိုဖုံးကွယ်ဖို့ ကိုယ်တိုင်အသုံးပြုခဲ့တဲ့ မုတ်ဆိတ်တုကို ရရှိပါတယ်။ အဆင့်သတ်မှတ်ချက် - ကြယ်တစ်ပိုင်း။"

ဆုရှင်း ပေါင်မုန့်လည်နင်သွားခဲ့၏။ အထွေထွေ ပစ္စည်းများကဏ္ဍတွင် ကောင်းသောအရာဘာမှမရှိကြောင်း သူသိထားသော်လည်း ဤမျှထိအသုံးမကျဖြစ်လိမ့်မည်ဟုမထင်ထားပေ။

ဒုတိယအကြိမ် မဲဖောက်မှုစတင်လိုက်သည်။ ဤတစ်ကြိမ်တွင် ဘီး၏ညွှန်တံက လက်နက်ကဏ္ဍသို့ လျောကျသွားကာ ထူးဆန်းသောပုံသဏ္ဍာန်ရှိသည့် ဓားရှည်တစ်လက်ဖန်သားပြင်ကြီးပေါ်တွင် ပေါ်လာသည်။

ဓားသွားမှာ ကြေးဝါရောင်ဖြစ်နေပြီး အနီရောင် သဲ့သဲ့ရှိ၏။ လက်ကိုင်ရိုး၏ထိပ်တွင် အလုံးပုံစံအကွက်တစ်ခုရှိပြီး အတွင်းတွင် ဘောလုံးငယ်လေးတစ်လုံးပါရှိကာ ဓား၏လှုပ်ရှားမှုနှင့်အတူ အဆက်မပြတ်တုန်ခါနေပြီး ထူးဆန်းသော တုန်ခါမှုများနှင့် အသံများကို ထုတ်လွှတ်ပေးနေ၏။

"ဂုဏ်ယူပါတယ် လက်ခံသူ။ လက်နက် - ယိုဓားရှည်ကို အောင်မြင်စွာမဲဖောက်ရရှိပါတယ်။ အဆင့်သတ်မှတ်ချက် - ကြယ်နှစ်ပွင့်။"

လက်နက် ဖော်ပြချက် - ချူကျောက်နန်၏ကိုယ်ပိုင် လက်နက်။ ကောင်းကင်မှ ဆင်းသက်လာသော ဓားခုနစ်လက်ထဲမှ တစ်ခုဖြစ်ပြီး သံမဏိနက်ဖြင့် ဇင်ဆရာတော်ဟွေ့မင်မှ ဖန်တီးထားခြင်းဖြစ်သည်။ ၎င်းက ဖျက်ဆီး၍မရနိုင်သလို ၎င်း၏အလုံးပုံစံအကွက်က ဓားသွားအား လိုသလိုလှည့်နိုင်စေသဖြင့် အလွန်ပြောင်းလွယ်ပြင်လွယ်ရှိစေသည်။

လျှို့ဝှက် ဂုဏ်သတ္တိ - နဂါးဟိန်းသံ

နဂါးဟိန်းသံ - ယိုဓားရှည်ကို သန့်စင်သော သံမဏိနက်ဖြင့် ဖန်တီးထားသည်။ ၎င်း၏ဓားသွားမှာ အလွန်ထက်မြက်ပြီး ရန်သူ၏လက်နက်ကို ထိမှန်သောအခါ ပြိုင်ဘက်၏လက်နက်ကို တိုက်ရိုက် ကြေမွသွားစေနိုင်သည့် အစွမ်းထက်သောတုန်ခါမှုတစ်ခုကို ဖန်တီးပေးနိုင်သည်။

နောက်ပြန်ကန်အားကိုမူ အကွက်အတွင်းရှိ ဘောလုံးငယ်လေးက ပျက်ပြယ်သွားစေသည်။

ယိုဓားရှည်၏ ဖော်ပြချက်ကို မြင်သောအခါ ဆုရှင်း၏မျက်လုံးများ ချက်ချင်း လင်းလက်သွားခဲ့၏။

ကောင်းကင်မှဆင်းသက်လာသော ဓားခုနစ်လက် ဇာတ်လမ်းက လှုပ်ရှားမှုကိုအဓိက အခြေခံသော သိုင်းပညာများရှိသည့် အဆင့်နိမ့်သိုင်းလောက တစ်ခုဖြစ်သော်လည်း ၎င်းတွင် အထူးချွန်ဆုံးအရာမှာ ဇင်ဆရာတော်ဟွေ့မင်ဖန်တီးခဲ့သော မြင့်မြတ်သည့် ဓားခုနစ်လက်ပင်ဖြစ်သည်။

ဤယိုဓားရှည်၏ ဂုဏ်သတ္တိများမှာ အတော်လေး ကောင်းမွန်၏။ ဓားသွားကထက်မြက်ရုံသာမက အလုံးပုံစံအကွက်က ဓားခုတ်ချက်၏ရှုထောင့်ကို အလွန်ပြောင်းလွယ်ပြင်လွယ်ဖြစ်စေသဖြင့် လျှပ်တပြတ်ဓားသိုင်း၏ ရက်စက်မှုနှင့် အတော်လေး သင့်တော်ပါသည်။

ထို့အပြင် ဤဓားတွင် လျှို့ဝှက်ဂုဏ်သတ္တိ တစ်ခုပင် ရှိသေးသည်။ ၎င်းက ရန်သူ၏လက်နက်များကို ကြေမွစေနိုင်နိုင်ရာ ၎င်းအား ပို၍ပင်ရှားပါးစေသည်။

သိုင်းလောကတွင် ရှားဖေးယင်းကဲ့သို့ လက်နက်များကို ကျွမ်းကျင်စေရန်သာ တစ်သက်လုံးရင်းနီးမြှုပ်နှံထားပြီး အခြားသိုင်းပညာများကိုမသင်ယူသည့် သိုင်းပညာရှင်အချို့ ရှိကြ၏။

ထိုသို့သော လူတစ်ဦးမှာ သူ၏လက်နက် ကျိုးသွားသည်နှင့် သူတို့၏ခွန်အားမှာ ချက်ချင်း ၇၀% လျော့ကျသွားပါလိမ့်မည်။ ယိုဓားရှည်က ဤကဲ့သို့သော သိုင်းပညာရှင်များ၏အဓိက ရန်သူပင်။

သေချာသည်မှာတော့ သူက လွင့်မျှောနေသော ပန်းပွင့်များနှင့် ကြွေကျနေသောသစ်ရွက်များဖြင့် လူများကိုဒဏ်ရာရစေနိုင်ပြီး မြက်၊ သစ်ကိုင်း၊ ဝါးနှင့် ကျောက်တုံးများအားလုံးကို ဓားများအဖြစ် အသုံးပြုနိုင်သည့် စွမ်းအားကြီးမားသော ကျွမ်းကျင်သူတစ်ဦးနှင့် တွေ့ပါက သူယိုဓားရှည်ကို ကိုင်ဆောင်ထားလျှင်ပင် အသုံးဝင်မည်မဟုတ်ပေ။

ယိုဓားရှည်ကို ဆွဲထုတ်လိုက်သည်နှင့် ပြတ်သားသောပဲ့တင်ထပ် အသံတစ်ခုချက်ချင်း ထွက်ပေါ်လာကာ ၎င်း၏ထူးခြားသော တုန်ခါမှုနှုန်းက အပြင်ဘက်သို့ပျံ့နှံ့သွားရာ အတော်လေး ထူးဆန်းလှပါသည်။

"ဒီ ယိုဓားရှည်က ရန်သူတွေကို ထိပ်တိုက်ရင်ဆိုင်တဲ့နေရာမှာအရမ်းသင့်တော်ပါတယ်။ ဒါပေမဲ့ ခြုံခိုတိုက်ခိုက်ဖို့တော့ သုံးလို့မရဘူး။"

ဓားဆွဲထုတ်ရုံဖြင့် ဤမျှကျယ်လောင်သော အသံမျိုးထွက်ပေါ်လာခြင်းက အကယ်၍ ခြုံခိုတိုက်ခိုက်ရန်ကြိုးစားပါက သူဓားမဆွဲထုတ်မီကပင် တစ်ဖက်လူကသိရှိသွားလိမ့်မည်။

"ဆက်ပြီး မဲဖောက်ကြတာပေါ့။"

ဆုရှင်း အလွန်စိတ်အခြေအနေ ကောင်းမွန်နေ၏။ နောက်ဆုံး ပစ္စည်းနှစ်ခုမှာအသုံးမဝင်လျှင်ပင် တန်ပါသေးသည်။ ဤယိုဓားရှည်တစ်ခုတည်းကပင် ဆုရှင်း၏တိုက်ခိုက်ရေး စွမ်းအားကို ၃၀% တိုးမြင့်စေနိုင်သည်။

ရှားဖေးယင်းနှင့် တိုက်ခိုက်စဉ်က သူ့တွင် ဤယိုဓားရှည်သာ ရှိပါက သူက ပြိုင်ဘက်၏ ငန်းတောင်ပံဓားကို အလွယ်တကူဖြတ်တောက်ပြီး ပြင်းထန်စွာတိုက်ခိုက်စရာမလိုဘဲ သူ့ကိုအလွယ်တကူသတ်နိုင်ပါလိမ့်မည်။

မျက်နှာပြင်ကြီးပေါ်ရှိ ဘီးမှာ လျင်မြန်စွာ လည်ပတ်နေပြီး နောက်ဆုံးတွင် ညွှန်တံက အထွေထွေပစ္စည်းများကဏ္ဍတွင် ထပ်မံ ရပ်တန့်သွားပြန်သည်။

ဆုရှင်း ချက်ချင်းသက်ပြင်းချလိုက်၏။ နောက်ထပ်အခွင့်အရေးတစ်ခု အလဟဿဖြစ်သွားပြန်လေပြီ။

သို့သော် မျက်နှာပြင်ကြီးပေါ်တွင် ထွက်ပေါ်လာသောအရာက ဆုရှင်းကို အံ့အားသင့်သွားစေခဲ့သည်။ ၎င်းမှာ လူ့အရေပြားမျက်နှာဖုံးအများအပြားပါဝင်သော သေတ္တာတစ်လုံးဖြစ်ပြီး အမျိုးသား၊ အမျိုးသမီးနှင့် ကလေးမျက်နှာဖုံးများ အပါအဝင် ဒါဇင်ပေါင်းများစွာရှိနေ၏။

"ဂုဏ်ယူပါတယ် လက်ခံသူ။ မျက်နှာတစ်ထောင် သခင်လေး ဝမ်လျန့်ဟွာချန်ရစ်ခဲ့တဲ့ လူ့အရေပြား မျက်နှာဖုံးတစ်စုံကို မဲဖောက်ရရှိပါတယ်။ အဆင့်သတ်မှတ်ချက် - ကြယ်နှစ်ပွင့်။"

ဝမ်လျန့်ဟွာက သိုင်းလောက၏တရားမဝင် သမိုင်းတွင် အရေးပါသောဇာတ်ကောင်တစ်ဦး ဖြစ်သည်။ သူက ဖြောင့်မတ်ပြီးနတ်ဆိုးဆန်သော်လည်း သူ၏ဉာဏ်ရည်မှာ အလွန်မြင့်မားကာ တစ်ခါတစ်ရံတွင် ဇာတ်လိုက်ဖြစ်သော ရှန့်လန်ထက်ပင် သာလွန်လေ၏။

သူက သူ့ကိုယ်သူမျက်နှာတစ်ထောင် သခင်လေး ဟု ခေါ်ဆို၏။

သူက ရုပ်ဖျက်ရာတွင် အလွန်ကျွမ်းကျင်ပြီး သူချန်ရစ်ခဲ့သော လူ့အရေပြားမျက်နှာဖုံးများမှာ လွန်စွာ လက်တွေ့ကျပါသည်။

၎င်းတို့ထဲမှ တစ်ခုကိုအသုံးပြုလိုက်ခြင်းဖြင့် ဆုရှင်းက ချောမောသော လူငယ်လေးတစ်ဦးမှ အသက် သုံးဆယ်အရွယ် လူလတ်ပိုင်းတစ်ဦးအဖြစ်သို့ ချက်ချင်းပြောင်းလဲသွား၏။ ၎င်း၏ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကြီးမားသောကွာခြားချက်မရှိပါက လုံးဝအပြစ်အနာအဆာကင်းပေလိမ့်မည်။

"ဒီအရာက မဆိုးပါဘူး။ အခု ငါမလိုသေးပေမဲ့ တစ်နေ့ကျရင် သေချာပေါက်လိုအပ်လာလိမ့်မယ်။" ဆုရှင်းသည် လူ့အရေပြားမျက်နှာဖုံးကို စနစ် နေရာလွတ်၏ထောင့်တစ်နေရာတွင် ထားလိုက်၏။

ဤလူ့အရေပြားမျက်နှာဖုံးက ရုပ်ဖျက်ရန် ကိရိယာ တစ်ခုမျှသာဖြစ်ပြီး အမှန်တကယ်ရုပ်ဖျက်နည်းစနစ် မဟုတ်ပေ။

သူက ခန္ဓာကိုယ်ကိုမဟုတ်ဘဲ မျက်နှာကိုသာ ပြောင်းလဲနိုင်သဖြင့် လူ့အရေပြားမျက်နှာဖုံး ဒါဇင်ပေါင်းများစွာထဲတွင် ဆုရှင်းအတွက် ရွေးချယ်စရာမှာ အကန့်အသတ်ရှိ၏။ သူက သူ၏ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် ဆင်တူသောမျက်နှာတစ်ခုကို ရွေးချယ်ရလိမ့်မည်။

ထိုသို့မဟုတ်ပါက သူက အဘိုးကြီး တစ်ဦး၏မျက်နှာဖုံးကို ဝတ်ဆင်ထားသော်လည်း လူငယ်လေးတစ်ဦး၏ခန္ဓာကိုယ်နှင့် အပြစ်အနာအဆာကင်းသော အရေပြားရှိနေပါက ၎င်းမှာ အတုဖြစ်ကြောင်း လူတိုင်းသိကြပေလိမ့်မည်။

ဆုရှင်းက မဲဖောက်မှုသုံးကြိမ်တွင် နှစ်ကြိမ်မှာ အရှုံးမပေါ်ခဲ့သဖြင့် ၎င်းမှာ သေချာပေါက် အောင်မြင်မှုတစ်ခုပင်။ နောက်ဆုံး မဲဖောက်မှုအတွက်မူ ဆုရှင်းမှာ အတော်လေး သက်သောင့်သက်သာရှိနေပြီး ဘာရရဂရုမစိုက်တော့ချေ။

ဘီးမှာ လျင်မြန်စွာလည်ပတ်နေပြီး ညွှန်တံက ယခင်က တစ်ခါမျှမပေါ်ဖူးသော အမျိုးအစား တစ်ခုသို့ လျောကျသွားခဲ့သည်။

အသင့်သုံးပစ္စည်းများ။

"ဂုဏ်ယူပါတယ် လက်ခံသူ။ တစ်ခါသုံး ပစ္စည်း တစ်ခုကို မဲဖောက်ရရှိပါတယ်။ မီးလျှံဓားသွား။ ပိုင်ရှင် - ကူမာရာကျီဗာ ။ အဆင့်သတ်မှတ်ချက် - ကြယ်သုံးပွင့်ခွဲ။" (ကျနော်သေချာလေ့လာကြည့်လိုက်တာ နာမည်အမှားဖြစ်နေတယ်ဗျ မူရင်းစာရေးဆရာတမင်လုပ်ထားလားတော့မသိဘူး။ မီးလျှံဓားသိုင်းကို Nyingmaဆီကနေ သင်ယူတတ်မြောက်ထားတာက Kumārajīvaမဟုတ်ဘဲ Jiumozhiပါ၊ Kumārajīvaဆိုတာကလည်း တကယ့်သမိုင်းဝင် ဗုဒ္ဓဘာသာပုဂ္ဂိုလ်တစ်ဦးပါ။)

ဆုရှင်း၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားခဲ့၏။ "ဒါက အရှုံးမပေါ်ရုံတင်မကဘူး။ ကြီးမားတဲ့ အမြတ်ကြီးပဲဟ။"

ကူမာရာကျီဗာက နဂါးရှစ်ပါးထဲတွင် အသန်မာဆုံး မဟုတ်သော်လည်း သူ၏ခွန်အားမှာတော့ ထိပ်တန်းအဆင့်ဟု သတ်မှတ်ခံရဆဲဖြစ်၏။

ထို့အပြင် သူပ ကောက်ကျစ်စဉ်းလဲပြီး သူ၏ရည်မှန်းချက်များ အောင်မြင်ရန် ဘာကိုမှတွန့်တတ်သော်လည်း သိုင်းပညာကိုတော့ အလွန် မြတ်နိုးကာ သိုင်းပညာတွင် ပါရမီရှင်တစ်ဦးဟု သတ်မှတ်နိုင်ပါသည်။

ဤမီးလျှံဓားသွားက ကူမာရာကျီဗာ၏ သင်္ကေတ သိုင်းကွက်ဖြစ်ပြီး နိုင်းမာဆရာကြီးတစ်ဦးက သင်ကြားပေးခဲ့ခြင်းဖြစ်၏။ ကူမာရာကျီဗာက အနောက်ဘက်ဒေသများကို လွှမ်းမိုးရန် ဤကျွမ်းကျင်မှုကို အားကိုးခဲ့ပြီး မည်သူကမျှသူ့ကို မယှဉ်ပြိုင်နိုင်ခဲ့ပေ။

ဆုရှင်း၏အမြင်တွင် မီးလျှံဓားသွား၏ အလားအလာမှာ မရီဒျန်ခြောက်ခုနတ်ဓားထက် မလျော့နည်းသော်လည်း ကူမာရာကျီဗာ၏ပညာရပ်များမှာများပြားလွန်းသဖြင့် ဤမြင့်မြတ်သော ကျွမ်းကျင်မှုကို ၎င်း၏အပြည့်အဝအလားအလာထံသို့ မရောက်ရှိစေခဲ့ပေ။

"ဒါနဲ့ မီးလျှံဓားသွားက အတွင်းအားကိုအပြင်ဘက်ကို ထုတ်လွှတ်တာလေ။ ဒါပေမဲ့ ငါ့ရဲ့လက်ရှိ အတွင်းအားက အပြင်ဘက်ကိုထုတ်လွှတ်နိုင်ဖို့ အများကြီး လိုပါသေးတယ်။"

ရှန်းထျန်းအဆင့်သို့ ဝင်ရောက်ပြီး ချီပင်လယ် စုစည်းနိုင်မှသာ အတွင်းအားကိုအပြင်ဘက်သို့ ထုတ်လွှတ်နိုင်သောအဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်၏။ အကယ်၍ သူသာ ယခုဤမီးလျှံဓားသွားကို အသုံးပြုလိုက်လျှင် သူ၏စွမ်းအားများ အားလုံးတိုက်ရိုက်စုပ်ယူခံလိုက်ရမည်မဟုတ်လော။

အတွင်းအားကိုအပြင်ဘက်သို့ ထုတ်လွှတ်ခြင်းက ရှန်းထျန်း နှင့် ဟောက်ထျန်းကြားရှိ ပိုင်းခြားမှုမျဉ်းများထဲမှ တစ်ခုဖြစ်သည်။

ရှန်းထျန်းတွင် အဆင့်သုံးဆင့် ရှိပါသည်။ ချီ ပင်လယ်၊ စိတ်ဝိညာဉ်ဝင်ပေါက် နှင့် နတ်နန်းတော်။

ချီပင်လယ်ကို စုစည်းပြီးခန္ဓာကိုယ်တွင်းရှိ မူလချီကိုအဆပေါင်းဒါဇင်နှင့်ချီ၍ တိုးမြှင့်လိုက်မှသာ အတွင်းအားကိုအပြင်ဘက်သို့ ထုတ်လွှတ်နိုင်ပါလိမ့်မည်။

စနစ်က တစ်ခါသုံးပစ္စည်းတစ်ခုကို သိုင်းပညာ ကျွမ်းကျင်မှုအား ၁၀၀% သို့ ချက်ချင်းမြှင့်တင်ပေးပြီး တစ်ကြိမ်တည်း အသုံးပြုခွင့် ပေးသော်လည်း အသုံးပြုသူ၏ကိုယ်ပိုင်စွမ်းအားကို စားသုံးဆဲဖြစ်ကြောင်း သတ်မှတ်ထား၏။

ရလဒ်အနေဖြင့် မီးလျှံဓားသွားကဲ့သို့သော အဆင့်မြင့်သိုင်းပညာများကို အသုံးပြုခြင်းကြောင့် ကုန်ဆုံးသွားသော အတွင်းအားမှာလည်း အလွန် အံ့မခန်းဖြစ်လိမ့်မည်။ ဤတစ်ကြိမ်တွင် သိုင်းပညာကိုအသုံးပြုသောအခါ သူ လုံးဝခမ်းခြောက်သွားနိုင်သည်ဟု ဆုရှင်းသံသယရှိမိ၏။

စနစ်က ရှင်းပြ၏။ "ဒီလိုဖြစ်မှာ မဟုတ်ပါဘူး။ ၁၀၀% ကျွမ်းကျင်မှုဆိုတာ လက်ခံသူက ဒီသိုင်းပညာကို ဖန်တီးခဲ့သူရဲ့အဆင့်ကို ရောက်ရှိနိုင်တယ်လို့ ဆိုလိုတာပါ။ သိုင်းပညာအပေါ် သူတို့ရဲ့နားလည်မှုက အထွတ်အထိပ်ကိုရောက်နေပြီဖြစ်ပြီး လက်ရှိအဆင့်မှာ သိုင်းပညာရောက်ရှိနိုင်တဲ့ အကန့်အသတ်ကိုရောက်ဖို့ လက်ရှိခွန်အားကို ခန္ဓာကိုယ်က အသုံးချပါလိမ့်မယ်။"

"အတွင်းအားကို အပြင်ဘက်ထုတ်လွှတ်တာက မူလချီကို ကိုင်တွယ်လှည့်စားခြင်းပုံစံတစ်ခုပါပဲ။ မူလချီ သွေးကြောအမှတ်တစ်ခုတည်းပဲ ကျန်ရှိတော့တဲ့ စွမ်းအားကြီးမားတဲ့ သိုင်းပညာရှင်တစ်ဦးက ဒီလိုအပြင်ဘက်ထုတ်လွှတ်ခြင်းအဆင့်ကို လုပ်ဆောင်နိုင်ပါသေးတယ်။

လက်ခံသူရဲ့လက်ရှိ ခွန်အားနဲ့၊ မီးလျှံဓားသွားကို အသုံးပြုပြီးရင် အတွင်းအားထက်ဝက်ကျော် ကျန်ရှိနေလောက်ပါတယ်။"

စနစ် ဤသို့ပြောသည်ကို ကြားသောအခါ ဆုရှင်း သက်သာရာ ရသွား၏။

ဝိဇ္ဇာယာနာဗုဒ္ဓလမ်းစဉ်၏ မန္တန်သိုင်းကွက်ဖြစ်သော မီးလျှံဓားသွားက သူ၏ဝှက်ဖဲချပ်ဖြစ်ပြီး အချို့သော အခြေအနေများတွင် တိုက်ပွဲ၏အခြေအနေကိုပင် ပြောင်းလဲပစ်နိုင်သည်။

လင်းယုန်ပျံဂိုဏ်း၏အတွင်းပိုင်း ပြန်လည်ဖွဲ့စည်းမှုက သုံးရက်သာကြာခဲ့သော်လည်း ထိုသုံးရက်အတွင်း ပြင်ပကမ္ဘာမှာ ဆူပူအုံကြွနေခဲ့၏။

ရှားဖေးယင်း သေသွားလေပြီ။ ထို့အတူ ဆုရှင်းက သူ့နေရာကိုယူလိုက်၏။

ဆုရှင်းက လီကျုံးဟယ်ကို တိုက်ခိုက်စဉ်က ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့တစ်ခုလုံးနီးပါးက တိုက်ပွဲကိုကြည့်ရှုရန် လူများကိုစေလွှတ်ခဲ့ကြ၏။

ထိုအချိန်မှစ၍ ဤလူငယ်က အလွယ်တကူ အနိုင်ကျင့်၍ ရသူမဟုတ်ကြောင်း လူတိုင်း ယုံကြည်သွားကြတော့သည်။

သို့သော် ဤနေ့ကို ယခုလိုလျှင်မြန်စွာရောက်လာလိမ့်မည်ဟု မည်သူကမျှမမျှော်လင့်ထားခဲ့ကြပေ။

တစ်လကျော်ကာလအတွင်းမှာပင် လီကျုံးဟယ်ကို အသေအကြေတိုက်ခိုက်ပြီး အသက်ရှင်သန်ရန် ကြိုးစားခဲ့ရသော လူငယ်လေးက ယခုအခါ ချန်နင်စီရင်စုထိပ်ဆုံးသို့ ရောက်ရှိလာပြီဖြစ်၏။ သူက ထိပ်တန်းအင်အားစုများကြားနေရာတစ်ခုသို့ တက်လှမ်းလာခဲ့ပြီး သူတို့နှင့် တန်းတူဖြစ်လာခဲ့သည်။

ဤကဲ့သို့သောအချိန်တိုအတွင်း ဂိုဏ်းချုပ်ရာထူးထံသို့ တက်လှမ်းရန်မှာ ခွန်အားနှင့် ပါးနပ်မှုသာမက ကံတရားလည်း လိုအပ်ပါသည်။

ထို့အပြင် သူတို့အားလုံးက ဆုရှင်း၏ရက်စက်မှုကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီးလေပြီ။ လင်းယုန်ပျံဂိုဏ်းက ရှားဖေးယင်းသေဆုံးရခြင်းမှာ မိုးပြာဝါးဂိုဏ်း၏ခြုံခိုတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟုပင် ဆိုခဲ့သော်လည်း ၎င်းမှာ ဟန်ပြသာဖြစ်သည်။

မိုးပြာဝါးဂိုဏ်း၏ဒုဂိုဏ်းချုပ် နှစ်ဦးက မည်သို့သော လူစားမျိုးဖြစ်ကြောင်း သူတို့ အားလုံး သိကြ၏။ သူတို့နှစ်ယောက်ပူးပေါင်းလျှင်ပင် ရှားဖေးယင်းကို အနိုင်ယူနိုင်မည်မဟုတ်ချေ။ ဤအရာအား မည်သူကယုံကြည်နိုင်မည်နည်း။

သူရဲကောင်းသုံးဖော်အသင်းတွင် မန်ချန်ဟယ်က သတင်းကိုကြားကြားခြင်း သူ၏လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ရုတ်တရက်ချေမွပစ်လိုက်၏။

သူ၏သားမှာ တစ်ဖက်လူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရသော်လည်း ထိုလူက အပြစ်ပေးမခံရဘဲ လွတ်မြောက်သွားခဲ့သည်။ ၎င်းက သူ၏သူရဲကောင်းသုံးဖော်အသင်းကို နင်းဖြတ်ကာ ချန်နင်စီရင်စုတွင် နာမည်ကြီးလာရုံသာမက ယခုအခါ လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင် ဖြစ်လာပြီး သူတို့နှင့် တန်းတူဖြစ်လာခဲ့သည်။

သူဤအရာကို မည်သို့သည်းခံနိုင်မည်နည်း။

မန်ချန်ဟယ် ဤကဲ့သို့ဖြစ်နေသည်ကို မြင်သောအခါ နင်လော့ကျွင်းမနေနိုင်တော့ဘဲသက်ပြင်းချလိုက်၏။ "အစ်ကိုကြီး လွှတ်ထားသင့်တာကို လွှတ်ထားလိုက်ပါ။ မန်ချုံးက သေသွားပြီ အစ်ကိုကြီး ဒီလိုဆက်ဖြစ်နေလို့လည်း ဘာမှအသုံးမဝင်ဘူး။"

"ဆုရှင်းက အခု လင်းယုန်ပျံဂိုဏ်းရဲ့ခေါင်းဆောင် ဖြစ်နေပြီ။ ကျွန်တော်တို့က သူ့ကိုတိုက်ခိုက်မယ်ဆိုရင်။ အဲဒါက လင်းယုန်ပျံဂိုဏ်းနဲ့ အသေအကြေတိုက်ခိုက်တာနဲ့ အတူတူပဲ။"

"ဒီနေ့ခေတ် လင်းယုန်ပျံဂိုဏ်းက ရှားဖေးယင်းရဲ့ ခြံစောင့်ခွေးတစ်ကောင်ဖြစ်နေတုန်းက လင်းယုန်ပျံဂိုဏ်းနဲ့ မတူတော့ဘူး။ သူတို့ရဲ့ပြုပြင်ပြောင်းလဲမှုတွေအကြောင်း ကျွန်တော်ကြားပြီးပြီ။ အခု လက်ရှိ လင်းယုန်ပျံဂိုဏ်းက အရင်ကထက် အနည်းဆုံး နှစ်ဆလောက်ပိုအားကောင်းနေပြီ။"

"နယ်မြေပိုသေးတာကလွဲရင် လင်းယုန်ပျံဂိုဏ်းက နတ်လေပြေအဖွဲ့ နဲ့ သံမဏိဓားအဖွဲ့လောက်နီးပါး အင်အားကြီးတယ်။ ကျွန်တော်တို့ အတင်းအကျပ် ဝင်တိုက်ရင် လင်းယုန်ပျံဂိုဏ်းကိုချေမှုန်းနိုင်ရင်တောင် ကျွန်တော်တို့ သေချာပေါက် အထိနာရလိမ့်မယ်။"

ဒွမ့်ရှောင်ကလည်း ထောက်ခံလိုက်၏။ "အဲဒီကောင်လေးက အဆင့်ကျော်ဖြတ်သွားတာဖြစ်ရမယ်။ သူ့ရဲ့ ခွန်အားက ငါတို့စိတ်ကူးထားတာထက် ကျော်လွန်နေပြီ။"

"ငါ အဲဒီခွေးအိုကြီး ရှားဖေးယင်းနဲ့ တိုက်ဖူးတယ်။ သူက ဟူနန်ပြည်နယ်က ထိုက်ဟန်ရဲ့ ခံတပ် ၃၆ ခုကနေ လာတာ။ သူ့ကိုယ်ပိုင်ခွန်အားက သိပ်မကြီးမားပေမဲ့ သူ့ရဲ့ဓားသိုင်းက ဓားခန်းမ ၃၆ ခုက ဓားပြကြီးတွေနဲ့ ဓားသမားတွေဆီက စစ်မှန်တဲ့ သွန်သင်မှုတွေခံယူထားတာ။ ကျွန်တော်တောင် နိုင်ဖို့ ယုံကြည်ချက်မရှိဘူး။"

"ဆုရှင်းက သူ့ကိုသတ်နိုင်ခဲ့တယ်။ အဲဒီလို ခွန်အားမျိုးက ကျွန်တော်တို့အလေးအနက် ထားသင့်တဲ့ အရာတစ်ခုပဲ။ သူ့ကို အသေအကြေတိုက်ခိုက်ဖို့ အတင်းအကျပ်ဖိအားပေးတာက ကျွန်တော်တို့အတွက် နစ်နာစေမဲ့လမ်းပဲ။"

"ဒါပေမဲ့ သူက ငါ့သားကို သတ်ခဲ့တယ်။ ငါ့သားကို သတ်ခဲ့တဲ့အမုန်းတရားက ပြေလည်နိုင်စရာမရှိဘူး။" မန်ချန်ဟယ် အံကြိတ်လိုက်၏။

"အစ်ကိုကြီး ကိုယ့်ပုံရိပ်ကိုဂရုပိုစိုက်သင့်ပြီ" သူတို့ နှစ်ဦးစလုံးက အကြံပြုလိုက်ကြသည်။

သားဖြစ်သူသတ်ဖြတ်ခံရကာ ဆုရှင်းနှင့် သွေးကျွေးရန်ငြိုးရှိနေသူမှာ သူရဲကောင်းသုံးဖော်အသင်းမဟုတ်ဘဲ မန်ချန်ဟယ်ဖြစ်သည်။

ဆုရှင်းသာ အမည်မသိသာမန်လူတစ်ယောက်ဖြစ်မည်ဆိုပါက သူတို့သည် မန်ချန်ဟယ်ကို မျက်နှာသာပေးရန်အတွက် ဆုရှင်းကို အလွယ်တကူချေမှုန်းပစ်ရန် ဝန်လေးမည် မဟုတ်ပေ။

သို့သော် ယခုအခါ ဆုရှင်းက လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင်ဖြစ်နေပြီး သူတို့နှင့် တန်းတူ ရပ်တည်နိုင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်နေလေပြီ။ လက်ရှိအချိန်မှာ ဆုရှင်းနှင့် အသေအကြေ တိုက်ခိုက်ခြင်းမှာ ဂိုဏ်း၏အကျိုးစီးပွားအတွက် မဟုတ်သလို သူတို့၏အကျိုးစီးပွားအတွက်လည်း မဟုတ်ပေ။

All Chapters