← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

အခန်း (၇၃) ငါက လင်းယုန်ပျံဂိုဏ်းပဲ

လင်းယုန်ပျံဂိုဏ်း အပြည့်အဝပေါင်းစည်းသွားပြီးနောက် သူရဲကောင်းသုံးဖော်အသင်း ကဲ့သို့သော ဂိုဏ်းအတွက်ပင် သတိထားရမည့် အင်အားစုတစ်ခု ဖြစ်လာခဲ့၏။ ဆုရှင်းကလည်း သူ၏လှုပ်ရှားမှုကို စတင်ရန်ပြင်ဆင်နေသည်။

ချန်နင်စီရင်စုအတွင်းတွင် သွေးစွန်းဝတ်ရုံအဖွဲ့ ကဲ့သို့သော အင်အားကြီးမားသည့် အဖွဲ့အစည်းများမှလွဲ၍ နယ်မြေမှာဂိုဏ်းအားလုံးအတွက် အလွန် အရေးကြီးပါသည်။

ထို့ကြောင့် ဆုရှင်းက မိုးပြာဝါးဂိုဏ်းကို ချက်ချင်း ပစ်မှတ်ထားလိုက်၏။

လက်ရှိ လင်းယုန်ပျံဂိုဏ်းမှာ မိုးပြာဝါးဂိုဏ်းထက် များစွာသာလွန်နေပြီး ပြီးပြည့်စုံသောဂိုဏ်းစစ်ပွဲဆင်နွှဲပါက သူတို့ကို အလွယ်တကူအနိုင်ယူနိုင်ပါလိမ့်မည်။

သို့သော် ဆုရှင်းက ပေါ်ပေါ်ထင်ထင်စစ်ပွဲစတင်ရန် မရွေးချယ်ဘဲ ရန်သူ၏အင်အားကို တဖြည်းဖြည်း တိုက်စားမည့် နည်းဗျူဟာကိုကျင့်သုံးခဲ့၏။

ပြီးပြည့်စုံသောစစ်ပွဲက မိုးပြာဝါးဂိုဏ်းကို သေချာပေါက် ရှင်းလင်းပစ်နိုင်သော်လည်း ဆုရှင်းကလည်း ဂိုဏ်းစစ်ပွဲတွင် ကြီးမားသောဆုံးရှုံးမှုများဖြင့် များစွာထိခိုက်နစ်နာရမည်ဖြစ်သည်။

ထို့အပြင် ဆုရှင်းပ သူ၏လက်အောက်ငယ်သားများကိုလေ့ကျင့်ပေးရန် မိုးပြာဝါးဂိုဏ်းကို အသုံးချဖို့စီစဉ်ထား၏။

ဖွဲ့စည်းပုံပြောင်းလဲပြီးတိုးချဲ့ပြီးနောက် လင်းယုန်ပျံဂိုဏ်းတွင် ယခုအခါ အဖွဲ့ဝင် ၁၂,၀၀၀ ကျော်ရှိနေလေပြီ။

ဤလူများထဲတွင် စစ်ရေးခန်းမ၌အဖွဲ့ဝင် ၈,၀၀၀ ရှိရာ ၎င်းမှာ မိုးပြာဝါးဂိုဏ်း၏အဖွဲ့ဝင်များ အားလုံး ပေါင်းထားသည်ထက်ပင် ပိုများနေသည်။

သို့သော် ဤလူအများစုမှာ တိုက်ခိုက်ရေး အတွေ့အကြုံသိပ်မရှိသဖြင့် ဤအခွင့်အရေးကို အသုံးချကာ ရလဒ်ကိုဂရုမစိုက်ဘဲ တိုက်ခိုက်ရေး အတွေ့အကြုံစုဆောင်းရန်အတွက် စစ်ရေးခန်းမ၏တပည့်များကို အသေးစားတိုက်ပွဲများထံသို့ စေလွှတ်ခဲ့၏။

ဤတဖြည်းဖြည်းချင်း ကျူးကျော်ဝင်ရောက်သည့် နည်းဗျူဟာကို အကောင်အထည်ဖော်လိုက်သည်နှင့် လင်းယုန်ပျံဂိုဏ်းနှင့် မိုးပြာဝါးဂိုဏ်းတို့သည် သူတို့၏သက်ဆိုင်ရာ နယ်မြေများတွင် တစ်နေ့လျှင် အကြိမ်ပေါင်းများစွာထိပ်တိုက်တွေ့ကာ တိုက်ပွဲများစွာ ဆင်နွှဲခဲ့ကြတော့သည်။

သို့သော် ၎င်းတို့က အလွန်သေးငယ်လွန်းသဖြင့် မိုးပြာဝါးဂိုဏ်းက အလေးအနက်မထားခဲ့ပေ။ မည်သို့ပင်ဆိုစေ လင်းယုန်ပျံဂိုဏ်းက သူတို့ကို ပြီးပြည့်စုံသောစစ်ပွဲမဆင်နွှဲခဲ့သလို အချို့တိုက်ပွဲများတွင် သူတို့ကပင် အသာစီးရခဲ့သေး၏။

ထို့ကြောင့် မိုးပြာဝါးဂိုဏ်းက ဤပဋိပက္ခများကို မျက်ကွယ်ပြုထားခဲ့သည်။ တကယ်တမ်းတွင် သူတို့ ကိုယ်တိုင်က လင်းယုန်ပျံဂိုဏ်းကို အသေအကြေမတိုက်ခိုက်ချင်ခဲ့ပေ။

မဟုတ်လျှင် နောက်ဆုံးတွင် သူတို့သာနောင်တရမည့်သူများဖြစ်လာခဲ့သည်မှာ သေချာပါသည်။

ဤတဖြည်းဖြည်းချင်း ကျူးကျော်ဝင်ရောက်သည့် နည်းဗျူဟာမှာ ဆုရှင်းပါဝင်ပတ်သက်ရန် မလိုအပ်သလို လီဟွိုင်ပင်မလိုအပ်ဘဲ စစ်ရေးခန်းမကိုသာ စီမံခန့်ခွဲရန် လွှဲအပ်ထားခဲ့၏။

ဆုရှင်းက လီချင်းကို ခေါင်းဆောင်ကြီးရာထူးထံသို့ တိုးမြှင့်ပေးခဲ့သည်။ သူနှင့် လူဟောင်း လျိုရှန်းမင်တို့ရှိနေသဖြင့် ဤအသေးစား ဂိုဏ်းပဋိပက္ခများမှာ လုံးဝ ပြဿနာမရှိပေ။

အခြားလုပ်စရာမရှိသဖြင့် ဆုရှင်းက ကျင့်ကြံပြီးနောက် ရွှမ်းအာကို ပုဂ္ဂလိကကျောင်းမှ သွားကြိုရန် ပြင်ဆင်လိုက်သည်။

ယခင်က ဆုရှင်းက ရွှမ်းအာကိုယုံလဲ့ရပ်ကွက်၏ပုဂ္ဂလိကကျောင်းသို့ ပို့ခဲ့သော်လည်း နောက်ပိုင်းတွင် ယုံလဲ့ရပ်ကွက်ကို မိုးပြာဝါးဂိုဏ်းက သိမ်းပိုက်သွားသဖြင့် ရွှမ်းအာကို ကျင်းယွဲ့ရပ်ကွက်၏ ပုဂ္ဂလိကကျောင်းသို့သာ ပို့တော့၏။

အရှေ့ဘက် ရပ်ကွက်ဆယ့်နှစ်ခုတွင် အကြီးဆုံးဖြစ်သော ကျင်းယွဲ့ရပ်ကွက်၏ပုဂ္ဂလိက ကျောင်းမှာ ယုံလဲ့ရပ်ကွက်ထက်များစွာ ပိုကောင်းပါသည်။

ဆုရှင်းက အားလပ်နေသော ဟွမ်ပင်းချန်ကိုပါ ခေါ်ကာ ပုဂ္ဂလိကကျောင်းသို့ ထွက်လာခဲ့သည်။ သို့သော် သူတို့ကျောင်းဂိတ်ဝသို့ ရောက်သည်နှင့် လူတစ်စု စုရုံးနေသည်ကို တွေ့လိုက်ရသဖြင့် သူတို့ ဘာကိုကြည့်နေသနည်းဟု တွေးမိလိုက်၏။

ဆုရှင်းလူအုပ်ကြားမှ တိုးထွက်လာရင်း သူ၏ရှေ့ရှိ မြင်ကွင်းက သူ့ကိုဒေါသထွက်စေခဲ့သည်။

ပုဂ္ဂလိကကျောင်းအဝင်ဝတွင် ကလေးအချို့ ရန်ဖြစ်နေကြ၏။ ၎င်းမှာပုံမှန်သာဖြစ်ပြီး ကလေးများက မကြာခဏဆော့ကစားကာရန်ဖြစ်လေ့ရှိကြ၏။

သို့သော် ယခုအခါ အသက် ဆယ်နှစ်ခန့်ရှိ ကောင်လေး လေးယောက်က သေးသွယ်သော ကောင်မလေးတစ်ယောက်ကို ဝိုင်းထားကြပြီး ထိုကောင်မလေးမှာ ရွှမ်းအာပင်။

ရွှမ်းအာက ဆုရှင်းထံမှ အတွင်းအားနှင့် ဓားသိုင်းများကို သင်ယူခဲ့သော်လည်း သူမကခုနစ်နှစ်အရွယ် ကလေးငယ် တစ်ဦးသာ ဖြစ်သေး၏။ သူမတွင် ခွန်အားမည်မျှရှိနိုင်မည်နည်း။

ထို့အပြင် သူမတွင် ဓားမပါသလို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် သူမ၏ကျောင်းလွယ်အိတ် သေးသေးလေးကိုသာအသုံးပြုနိုင်ရာ ကောင်လေး လေးယောက်ကြောင့် တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်နေရ၏။

ဝဝကစ်ကစ် ကောင်လေး တစ်ယောက်က လှောင်ပြောင်လိုက်သည်။ "မင်းက ငါ့ကိုရိုက်ရဲတယ်ပေါ့။ ဒီနေ့တော့ ငါမင်းကို သင်ခန်းစာတစ်ခု ပေးပြီး ဒီနေရာမှာ ဘယ်သူအကြီးဆုံးလဲဆိုတာ ပြရမယ်။"

ရွှမ်းအာက သူမ၏မျက်လုံးပြူးကြီးများဖြင့် အာခံကာ စိုက်ကြည့်လိုက်၏။ "နင့်တို့ ငါ့အဖေနဲ့ အမေကို စော်ကားရင် နင့်ကိုရိုက်မယ်။"

"ဟား ငါစော်ကားတယ်။ မင်းက မိဘမရှိတဲ့ အရိုင်းအဆိုင်းကလေးပဲ။ မင်းက အရမ်းသန်မာနေရင်၊ မင်းရဲ့သေနေတဲ့ မိဘတွေကိုလာပြီး ငါ့ကိုရိုက်ခိုင်းလိုက်လေ။"

ဝဝကစ်ကစ်ကောင်လေးက မာနထောင်လွှားစွာ ရယ်မောလိုက်ရာ ၎င်းက ကြည့်ရှုနေသူများကို ချက်ချင်း မျက်မှောင်ကြုတ်သွားစေခဲ့၏။

ပုဂ္ဂလိကကျောင်းဆိုသည်မှာ လူများကို သင်ကြား ပြုစုပျိုးထောင်ပေးသည့် နေရာဖြစ်သည်။ ဤဝဝကစ်ကစ် ကောင်လေးမှာ အလွန် ရိုင်းစိုင်းလွန်းလှ၏။

သူတို့ ထိုသို့ထင်နေကြသော်လည်း မည်သူကမျှ ထွက်မတားကြချေ။ အဘယ်ကြောင့်ဆိုသော် ကောင်လေး၏အနောက်တွင် တောင့်တင်းခိုင်မာသော အမျိုးသားလေးဦးက ရက်စက်သော အကြည့်များဖြင့် ဘေးဘီဝဲယာသို့ ကြည့်ကာ ရပ်နေသောကြောင့်ပင်။

မည်သူက ဝင်ပါရဲမည်နည်း။

သူတို့ ဂရုမစိုက်ကြပေ။

သို့သော် ဝင်ပါမည့်သူတော့တစ်ယောက်ရှိပါသည်။

သူ့ခေါင်းဆောင်၏အဖိုးတန် ညီမလေး ဤကဲ့သို့ အနိုင်ကျင့်ခံနေရသည်ကို မြင်သောအခါ ဟွမ်ပင်းချန် အလွန်ဒေါသထွက်သွားခဲ့၏။

သူ ချက်ချင်းပြေးသွားပြီး ထိုစည်းကမ်းမဲ့ကလေးအုပ်စုကို တွန်းဖယ်ကာ ဒေါသတကြီးအော်ပြောလိုက်သည်။ "မင်းတို့ ကောင်မလေးတစ်ယောက်ကို အုပ်စုဖွဲ့ အနိုင်ကျင့်နေတာ အရှက်မရှိဘူးလား။ မင်းတို့ မိဘတွေက မင်းတို့ကို ဒီလိုပြုစုပျိုးထောင်ခဲ့တာလား။ ငါ့ကိုယုံသည်ဖြစ်စေ။ မယုံသည်ဖြစ်စေ။ ဒီနေ့ မင်းတို့အကုန်လုံးကိုရိုက်ပြီး မင်းတို့ မိဘတွေ ကိုယ်စားသင်ခန်းစာ ပေးပစ်မယ်။"

လူကြီးတစ်ယောက်ဖြစ်သော ဟွမ်ပင်းချန်နှင့် ရင်ဆိုင်ရချိန်တွင်ပင် ဝဝကစ်ကစ် ကောင်လေးမှာ မာနထောင်လွှားသော အမူအရာရှိနေသေး၏။

"ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်ဘယ်သူလို့ ထင်နေတာလဲ။ ခင်ဗျားက ကျွန်တော့်ကိုဆုံးမရဲတယ်ပေါ့။ ဦးလေးလျို ဒီမှာလူတစ်ယောက်က ကျွန်တော့်ကို အနိုင်ကျင့်နေတယ်။"

အနီးအနားတွင် ရပ်နေသော တောင့်တင်းခိုင်မာသည့် အမျိုးသားလေးဦးက လျှောက်လာကြပြီး သူတို့ထဲမှ တစ်ဦးက ဟွမ်ပင်းချန်ကို အထင်အမြင်သေးစွာတွန်းလိုက်၏။ "ဒီကောင်မလေးက မင်းလူလား။ ငါတို့ လူမှန်နဲ့ တွေ့ပြီပဲ။ ဒီနေ့ သူမကို တောင်းပန်အောင်မလုပ်နိုင်ရင် မင်းထွက်သွားလို့ မရဘူး။"

သန်မာသောအမျိုးသားမှာ အလွန် သန်မာလှသည်။ ဟွမ်ပင်းချန်ကလည်း အတွင်းအားများကို ကျင့်ကြံခဲ့သော်လည်း ဆုရှင်း၏ဖိအားပေးမှုအောက်တွင်သာ ရံဖန်ရံခါလေ့ကျင့်ခဲ့ခြင်း ဖြစ်၏။ အကောင်းဆုံးမှာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်သာဖြစ်သည်။

ထိုတွန်းချက်ကြောင့် သူခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့၏။

"တောက်။"

ဟွမ်ပင်းချန် ချက်ချင်းဒေါသပေါက်ကွဲသွားခဲ့၏။

ဟွမ်ပင်းချန်က ယခုအခါ လင်းယုန်ပျံဂိုဏ်းတွင် ဆုရှင်းပြီးလျှင် အာဏာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ လီဟွိုင်၏အဆင့်အတန်းမှာ သူနှင့် ဆင်တူသော်လည်း လီဟွိုင်က အာဏာကိုဂရုမစိုက်ပေ။

ထို့ကြောင့် ဟွမ်ပင်းချန်က ယခုအခါ လင်းယုန်ပျံဂိုဏ်းတွင် နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်နေ၏။ သူ့ကို မြင်သူတိုင်းက သခင်ကြီးဟွမ်ဟု လေးစားစွာ ခေါ်ဆိုကြသည်။

အဆင့်နိမ့် နောက်လိုက် တစ်ဦး၏တွန်းလှဲခြင်း ခံရလုနီးပါးဖြစ်သွားသဖြင့် သူ ဒေါသပေါက်ကွဲလုမတတ်ဖြစ်သွားတော့သည်။ သူ ချက်ချင်းပြေးဝင်ကာ တစ်ဖက်လူနှင့် အသေအကြေတိုက်ခိုက်ချင်ခဲ့သော်လည်း ခြေတစ်လှမ်းမျှမလှမ်းမီမှာပင် ဆုရှင်းက သူ့ကို တားလိုက်၏။

"မင်း ဂေါက်သွားတာလား။ လူသွားခေါ်ပါလား။ မင်းကိုယ်တိုင် လုပ်စရာလိုလို့လား။" ဆုရှင်း ထွက်လာပြီး တည်ငြိမ်စွာပြောလိုက်၏။

ထိုအခါမှ ဟွမ်ပင်းချန်က သူ အလွန်မိုက်မဲခဲ့ကြောင်း သဘောပေါက်သွားသည်။ သူ၏အဆင့်အတန်းအရ ကိုယ်တိုင်လှုပ်ရှားရန် တကယ် လိုအပ်သည်လော။

ထို့အပြင် သူ၏သေးငယ်သော ခန္ဓာကိုယ်မှာ တစ်ဖက်လူကို အနိုင်ယူရန် လုံလောက်မည် မဟုတ်ပေ။

ဆုရှင်း ရောက်လာသည်ကို မြင်သောအခါ ရွှမ်းအာ ချက်ချင်း သူ၏ရင်ခွင်ထဲသို့ ပြေးဝင်လာပြီး သူမ၏မျက်လုံးပြူးကြီးများမှာ မျက်ရည်များ ပြည့်နှက်နေရင်း အစ်ကိုဟု ခေါ်လိုက်ရာ ယခင်က သူမ၏ခေါင်းမာမှုများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။

ဤသည်ကို မြင်သောအခါ သန်မာသောအမျိုးသား လျိုက လှောင်ပြောင်လိုက်သည်။ "ဒါဆို မင်းက ဒီကောင်မလေးရဲ့ မိသားစုဝင်ပေါ့။"

ဆုရှင်းက သူ့ကို လျစ်လျူရှုကာ ရွှမ်းအာကို နှစ်သိမ့်ရန် ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။

ဆုရှင်း၏အရေးမစိုက်သော သဘောထားကို မြင်သောအခါ သန်မာသောအမျိုးသားလျို မှာ ဒေါသထွက်သွားသော်လည်း ဆုရှင်း၏နောက်စကားများက သူ့ကို ငြိမ်သက်သွားစေခဲ့သည်။

"ကျင်းယွဲ့ရပ်ကွက်မှာ ပြဿနာရှာဖို့ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။"

ဆုရှင်း၏စကားကို ကြားသောအခါ တစ်ဖက်လူလည်း သိုင်းလောကမှ ဖြစ်ကြောင်း သန်မာသောအမျိုးသားလျို ချက်ချင်း သဘောပေါက်သွားခဲ့၏။

ဆုရှင်းက လူကြီးတစ်ယောက်ပုံ မပေါက်သော်လည်း ဤနေရာမှာ သူ၏နယ်မြေ မဟုတ်ပေ။ အခြေအနေများ ထိန်းမနိုင်သိမ်းမရဖြစ်သွားလျှင် ဂိုဏ်းပဋိပက္ခ ဖြစ်လာနိုင်ပါသည်။

ထို့ကြောင့် သန်မာသောအမျိုးသားလျို က ရယ်မောကာ ပြောလိုက်၏။ "မင်းက ငါတို့ ထဲကပဲဆိုတာ ငါတကယ်မသိလိုက်ဘူး။ ဒါဆိုရင်လည်း ဒီအတိုင်းထားလိုက်ကြရအောင်။ ကလေးတွေ ရန်ဖြစ်တာပဲလေ ကြီးကြီးမားမားမဟုတ်ပါဘူး။"

သန်မာသောအမျိုးသားလျို က ဝဝကစ်ကစ် ကောင်လေးကို ဆွဲခေါ်သွားရန် ကြိုးစားသော်လည်း ဆုရှင်းက အေးစက်စွာပြောလိုက်၏။ "မင်းတို့ကို ထွက်သွားခွင့်ပြုတယ်လို့ ငါ ပြောခဲ့လို့လား။"

သန်မာသောအမျိုးသားလျို ရုတ်တရက် လှည့်လာပြီး သူ၏မျက်နှာမှာ အေးစက်သွားခဲ့၏။ "ညီအစ်ကို စကားပုံရှိသလိုပဲ တခြားသူတွေအတွက် ထွက်ပေါက်ချန်ထားပေးရမယ်တဲ့။ အနာဂတ်မှ ပြန်တွေ့တာ ပိုကောင်းလိမ့်မယ်။ ကလေးတွေ ရန်ဖြစ်တာပဲလေး မင်းဒီလောက် အလေးအနက်ထားဖို့ မလိုဘူးမဟုတ်လား။"

"မင်းတို့ လူကြီးလေးယောက်က ကလေးတွေ ရန်ဖြစ်တာကို ကြည့်နေဖို့လိုလို့လား။"

ဆုရှင်းက ခံစားချက်မရှိသော လေသံဖြင့် ပြောလိုက်၏။ "ဒီနေ့ မင်းတို့ ငါ့ကိုရှင်းပြချက် မပေးရင် မင်းတို့ထဲက ဘယ်သူမှ ကျင်းယွဲ့ရပ်ကွက်ကနေ ထွက်သွားရမှာ မဟုတ်ဘူး။"

"မောက်မာလိုက်တာ။"

သန်မာသောအမျိုးသားလျို က အေးစက်စွာ ပြောလိုက်၏။ "ငါက ကျန်းရန်ဂိုဏ်းက ခေါင်းဆောင်ကြီး ကျန်းရဲ့လက်အောက်က အဆင့်နိမ့်ဂိုဏ်းသား တစ်ယောက်ပဲ။ ဒီကောင်လေးကလည်း ခေါင်းဆောင်ကြီး ကျန်းရဲ့ သားပဲ။ မင်း ငါတို့ကို လက်ဖျားနဲ့တောင် ထိရဲလို့လား။"

"လင်းယုန်ပျံဂိုဏ်းရဲ့နယ်မြေပေါ်မှာ ငါ့ကို ခြိမ်းခြောက်ဖို့ မင်းက ကျန်းရန်ဂိုဏ်းကို သုံးနေတာလား။" ဆုရှင်း သူ့ကို ရယ်ချင်သည့်မျက်လုံးဖြင့် ကြည့်လိုက်၏။

သန်မာသောအမျိုးသားလျို က လှောင်ပြောင်လိုက်သည်။ "မင်းက မင်းပဲ။ လင်းယုန်ပျံဂိုဏ်းက လင်းယုန်ပျံဂိုဏ်းပဲ။ အခြေအနေတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားရင် မင်းရဲ့ခေါင်းဆောင်က မင်းကို လွှတ်ထားမှာမဟုတ်ဘူး။"

ဆုရှင်းက သူ့မေးစေ့ကို ပွတ်သပ်လိုက်၏။ "တောင်းပန်ပါတယ် မင်းတစ်ခုခုမှားနေပြီ။ ငါက လင်းယုန်ပျံဂိုဏ်းပဲ။ လင်းယုန်ပျံဂိုဏ်းက ငါပဲ။"

သန်မာသောအမျိုးသားလျို က တစ်ခုခု ပြောရန် ပြင်နေစဉ်မှာပင် လင်းယုန်ပျံဂိုဏ်းအဖွဲ့ဝင်များ အရပ်မျက်နှာအသီးသီးမှ ပြေးဝင်လာကြပြီး အချိန်တိုအတွင်းမှာပင် လူရာနှင့်ချီ စုဝေးရောက်ရှိလာကြသည်ကို သူ မြင်လိုက်ရ၏။

ဤသည်ကို မြင်သောအခါ ကြည့်ရှုနေသူများက ဘေးသို့ အလျင်အမြန်ပြေးသွားကြတော့သည်။

ဗုဒ္ဓေါ ဧရာမပုဂ္ဂိုလ်ကြီးရောက်လာလေပြီ။

"ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်။" ပတ်ဝန်းကျင်ရှိ ဂိုဏ်းဝင်များက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

ဆုရှင်းက သန်မာသောအမျိုးသားလျို ထံသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီးတည်ငြိမ်စွာ ပြောလိုက်၏။ "ငါ့ကိုယ်ငါ ပြန်မိတ်ဆက်ပါရစေ။ ငါက ဆုရှင်း လင်းယုန်ပျံဂိုဏ်းရဲ့လက်ရှိ ဂိုဏ်းချုပ်ပဲ။ မင်းကျင်းယွဲ့ရပ်ကွက်ကနေ အသက်ရှင်လျက် ထွက်သွားလို့မရဘူးလို့ ငါ ပြောခဲ့တယ်လေ။ အခု ငါ့ကို ယုံပြီလား။"

သန်မာသောအမျိုးသားလျို မှာ ပေါင်မုန့်လည်နင်သွားခဲ့၏။ သူက ဆုရှင်းကိုကြည့်ကာ စကားများထစ်ငေါ့နေ၏။ "ဆု... ဂိုဏ်းချုပ်ဆု။ ကျွန်တော်က လူကြီးမင်းရဲ့ကြီးမြတ်မှုကို မမြင်နိုင်အောင်မျက်စိကန်းနေခဲ့ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။"

လက်ရှိအချိန်မှာတော့ သန်မာသောအမျိုးသားလျို မှာ သေချင်စိတ်ပေါက်နေ၏။

ချန်နင်စီရင်စုတစ်ခုလုံးတွင် ဆုရှင်း၏လုပ်ရပ်များအကြောင်း မကြားဖူးသည့် မည်သည့်လူမိုက်ရှိသနည်း။ လူတော်တော်များများက သူ့ကိုစံပြအဖြစ်ပင် သတ်မှတ်ထားကြ၏။

ထို့အတူ လူအများစုကလည်း ဆုရှင်းဟာ လူငယ်တစ်ယောက်ဖြစ်သည်ကိုသာ သိကြပြီး အများအပြားက သူ့ပုံသဏ္ဍာန်မည်သို့ရှိသည်ကို မသိကြပေ။

သူက သူ၏ခေါင်ဆောင်အမိန့်အရ သားဖြစ်သူကို ကျောင်းမှ လာကြိုရုံသာဖြစ်ပြီး ဂိုဏ်းချုပ်ဖြစ်သောဆုရှင်းကို စော်ကားမိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

ဆုရှင်းက တည်ငြိမ်စွာပြောလိုက်၏။ "ပြောပါဦး တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ။ ကျန်းရန်ဂိုဏ်း ခေါင်းဆောင်ကြီးရဲ့ သားက ကျင်းယွဲ့ရပ်ကွက်က ပုဂ္ဂလိကကျောင်းမှာ ဘယ်လိုလုပ်တက်နေရတာလဲ။"

သန်မာသောအမျိုးသားလျို က စကားထစ်နေသည်။ "ဒါက ကျွန်တော့်အစ်ကိုကြီးရဲ့ မယားငယ်က မွေးတဲ့သားပါ။ သူ့ရဲ့ဇနီးက မနာလိုဖြစ်လို့ သူ့သားကို ကျန်းရန်ဂိုဏ်းရဲ့နယ်မြေမှာ မထားရဲဘဲ ကျင်းယွဲ့ရပ်ကွက်က ပုဂ္ဂလိကကျောင်းကို ပို့ခဲ့တာပါ။ ပြီးတော့ သူ့ကိုအဖော်ပြုဖို့ သူ့လက်အောက်ငယ်သား သုံးယောက်ရဲ့သားတွေကိုလည်း ခေါ်လာခဲ့တာပါ။"

"ဟား..ဟား။ ကိုယ့်သားကိုတောင် ကိုယ့်ဘေးမှာ မထားရဲဘူးလား။ မင်းတို့က တကယ့်ကို သတ္တိကြောင်တဲ့ လူတွေပဲ။"

ဆုရှင်းသည် ဝဝကစ်ကစ်ကောင်လေးဘက်သို့ လှည့်ကာ ပြောလိုက်၏။ "ကောင်မလေးတွေကို အနိုင်ကျင့်တာက အကျင့်ကောင်းမဟုတ်ဘူး။ အဲဒါ မှားတယ်။ ဒါကြောင့် မင်း တောင်းပန်သင့်တယ်။"

ဝဝကစ်ကစ် ကောင်လေးက သူ့ကိုဝိုင်းရံထားသော လင်းယုန်ပျံဂိုဏ်း အဖွဲ့ဝင်များကြောင့် အလွန် ကြောက်လန့်နေသော်လည်း သူက မာနထောင်လွှားနေကျဖြစ်ရာ ဆုရှင်းဆိုတာ ဘယ်သူမှန်း မသိပေ။ သူကနှုတ်ခမ်းဆူကာ ခေါင်းမာစွာကြေညာလိုက်၏။ "ဟင့်အင်း။ မတောင်းပန်ဘူး။"

သူ၏ဘေးတွင် ရပ်နေသော သန်မာသောအမျိုးသားလျို မှာ ငိုလုမတတ် ဖြစ်သွား၏။

*ငါ့ရဲ့ ဘိုးဘေးလေးရာ၊ မင်းအဖေလာရင်တောင် သူ့ရှေ့က ဒီလူကိုတောင်းပန်ရမယ်ဆိုတာ မင်း သိလား။ သူက နာခံပြီး သူ့အမှားကိုဝန်ခံဦးညွှတ်ရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူး။*

ဆုရှင်းညင်သာစွာ ရယ်မောလိုက်သည်။ "မင်း မတောင်းပန်ဘူးလား။ စိတ်မပူပါနဲ့ ငါက လူကြီးတစ်ယောက်ဆိုတော့ ကလေးကိုမရိုက်ပါဘူး။"

"ဒါပေမဲ့ တစ်ယောက်ယောက်က အမှားလုပ်မိရင် တစ်ယောက်ယောက်တော့ အပြစ်ပေးခံရမှာပဲ။ မင်းက မတောင်းပန်ချင်ဘူးဆိုရင်။ မင်းအတွက် တခြား တစ်ယောက်ယောက်က အပြစ်ပေးခံရလိမ့်မယ်။"

ဆုရှင်းက ကျန်းရန် ဂိုဏ်းအဖွဲ့ဝင်တစ်ဦးကို ကျပန်း လက်ညှိုးထိုးလိုက်၏။ "သွား သူ့ရဲ့ဘယ်ဘက် ခြေထောက်ကိုချိုးလိုက်။ သူ မတောင်းပန်သေးရင် ညာဘက် ခြေထောက်ကို ချိုးလိုက်။ သူ မတောင်းပန်သေးရင် လက်မောင်းကို ချိုးလိုက်။ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်မှာအစိတ်အပိုင်းတွေ အများကြီးရှိတာပဲ။"

All Chapters