← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း (၇၇) ပူးပေါင်းကြံစည်မှု

မိုးပြာဝါးဂိုဏ်းနှင့် တိုက်ခိုက်သည့် တိုက်ပွဲမှာ ဆုရှင်း ခန့်မှန်းထားသည်ထက် ပို၍မြန်ဆန်စွာ ပြီးဆုံးသွား၏။ လီဟွိုင်တို့ဘက်မှ တိုက်ပွဲမှာ မိုးလင်းသည်နှင့် ပြီးဆုံးသွားလေသည်။

"ခေါင်းဆောင် မာချင်းယွမ် နဲ့ ချန်ဟုန်တို့ ထွက်ပြေးသွားတယ်။ ဂိုဏ်းရဲ့ ရုပ်သေးဂိုဏ်းချုပ်ဝေ့ဖုန်းကိုပဲ ဖမ်းမိလိုက်တယ်" လီဟွိုင်က အားမလိုအားမရဖြစ်ဟန်ဖြင့် ပြောလိုက်၏။

ဆုရှင်း သူ့ပခုံးကိုပုတ်ကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ သူတို့နှစ်ယောက်စလုံးက ဟောက်ထျန်း အလယ်အလတ်အဆင့်တွေလေ။ သူတို့ထွက်ပြေးချင်တာကို မင်းတို့ မတားနိုင်တာ သဘာဝပါပဲ။ ဝေ့ဖုန်းကို ငါ့ဆီခေါ်လာခဲ့။"

လီဟွိုင်က ဝေ့ဖုန်းကို ခေါ်လာစေသည်။ ဆုရှင်းက ထိတ်လန့်တကြားငိုကြွေးနေသော ဝေ့ဖုန်းကိုကြည့်ကာ အေးစက်စွာပြောလိုက်၏။ "ဂိုဏ်းချုပ်ဝေ့ မတွေ့တာကြာပြီနော်။"

ဝေ့ဖုန်းက ဆုရှင်းကို ကြောင်တောင်တောင်ကြည့်နေခဲ့၏။ သူ ဆုရှင်းနှင့် မည်သည့်အချိန်က တွေ့ဖူးခဲ့သနည်း။

"သနားစရာကောင်းလိုက်တာ။" ဆုရှင်း သက်ပြင်းချကာ လက်ဝှေ့ယမ်းလိုက်သည်။ "သူ့ကို သတ်လိုက်။"

ဝေ့ဖုန်း ချက်ချင်း သတိဝင်လာပြီး ရူးသွပ်စွာ ရုန်းကန်ရင်း အော်ဟစ်လိုက်၏။ "ဂိုဏ်းချုပ်ဆု ကျွန်တော့်ကို မသတ်ပါနဲ့။ မိုးပြာဝါးဂိုဏ်းက အညံ့ခံပါ့မယ်.. အညံ့ခံပါ့မယ်။"

ဆုရှင်း လှည့်ထွက်သွားရင်း တည်ငြိမ်စွာပြောလိုက်သည်။ "တောင်းပန်ပါတယ်။ မိုးပြာဝါးဂိုဏ်းဆိုတာ မရှိတော့ဘူး။ ဂိုဏ်းချုပ်ဖြစ်တဲ့ မင်းသေသွားတာနဲ့ မိုးပြာဝါးဂိုဏ်းဆိုတာ အတိတ်မှာကျန်ခဲ့ပြီ။"

လီဟွိုင်က ဝေ့ဖုန်းကိုစကားဆက်ပြောခွင့် မပေးတော့ဘဲ ဓားချက်တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်၏။

ဆုရှင်း၏အမြင်တွင် ဝေ့ဖုန်းမှာ တကယ်ကို သနားစရာ ကောင်းလှသည်။ သူက မိုးပြာဝါးဂိုဏ်း၏တရားဝင်အမွေဆက်ခံသူဖြစ်သော်လည်း နောက်ဆုံးတွင် သူ၏လက်အောက်ငယ်သားများ၏ဖယ်ကျင်ခြင်းကို ခံလိုက်ရသည်။

သို့သော် ဤအရာက ဆုရှင်းနှင့် ဘာဆိုင်သနည်း။ သူက အသုံးမကျသည့်အမှိုက်တစ်စသာဖြစ်သည်။ သူ့ကိုအသက်ရှင်ခွင့်ပေးထားခြင်းက ဆန်ကုန်ကာမြေသာလေးမည်ဖြစ်ရာ သတ်ပစ်လိုက်ခြင်းက ပိုကောင်း၏။

ထိုအချိန်တွင် လျိုရှန်းမင်ကလည်း သူ၏လူများနှင့်အတူ ရောက်ရှိလာပါသည်။ သူ၏မျက်နှာမှာလည်း အလွန်ဆိုးရွားနေခဲ့၏။ သူက ဒေါသတကြီး ပြောလိုက်သည်။

"ဂိုဏ်းချုပ် မိုးပြာဝါးဂိုဏ်းရဲ့ပိုင်ဆိုင်မှု တစ်ဝက်နီးပါးကို မာချင်းယွမ် နဲ့ ချန်ဟုန်တို့က ယူသွားပြီ။ ဒီခရီးမှာ ငါတို့အကြီးအကျယ်ဆုံးရှုံးသွားပြီ။"

ဆုရှင်း မျက်မှောင်ကြုတ်လိုက်၏။ ဤနှစ်ကောင်က တကယ်ကိုပါးနပ်ပါသည်။

မိုးပြာဝါးဂိုဏ်းကို သူတို့မထိန်းချုပ်နိုင်မှန်း သိသည်နှင့် သူတို့ပိုင်ဆိုင်မှုအားလုံးကို ပြောင်းရွှေ့ပြီး နောက်ဆုံးမိနစ်တွင် ထွက်ပြေးသွားခဲ့ကြ၏။

"ထားလိုက်ပါ ဆုံးရှုံးမှုလို့ပဲ သတ်မှတ်လိုက်။ ညီအစ်ကိုတွေကို အရင်ဆုံးမိုးပြာဝါးဂိုဏ်းရဲ့နယ်မြေအားလုံးကို သိမ်းပိုက်ခိုင်းလိုက်ပါ။ အဲဒီ ခွေးအိုနှစ်ကောင်ကို တွေ့တဲ့အခါမှရှင်းလိုက်ကြမယ်။"

နေ့အလင်းရောင်အပြည့်အဝ ပေါ်လာချိန်တွင် မိုးပြာဝါးဂိုဏ်းက တစ်ညတည်းဖြင့် ပျက်စီးသွားပြီ ဆိုသည့်သတင်းက ချန်နင်စီရင်စုတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

လူတိုင်းက လင်းယုန်ပျံဂိုဏ်းကို အလွန်အင်အားကြီးသည်ဟုတွေးခဲ့ကြသော်လည်း သူတို့အား တိုက်ရိုက်မသိနားမလည်ခဲ့ကြပေ။

သို့သော် လင်းယုန်ပျံဂိုဏ်းက မိုးပြာဝါးဂိုဏ်းကိုတစ်ညတည်းနှင့် ချေမှုန်းလိုက်ခြင်းက သူတို့ကို ချန်နင်စီရင်စု၏ထိပ်တန်းဂိုဏ်းများထဲတွင် ပါဝင်သွားစေခဲ့၏။

သူရဲကောင်းသုံးဖော်အသင်း နှင့် ယှဉ်နိုင်မည် မဟုတ်သော်လည်း၊ သူတို့၏ခွန်အားမှာ နတ်လေပြေအဖွဲ့ နှင့် သံမဏိဓားအဖွဲ့ တို့နှင့်အနည်းဆုံးတော့ တန်းတူဖြစ်နေလေပြီ။

လက်ရှိအချိန် သူရဲကောင်းသုံးဖော်အသင်း၏ လျှို့ဝှက်ခန်းတစ်ခု၌ မန်ချန်ဟယ်က ထိုင်ခုံ အလယ်တွင် ထိုင်နေခဲ့၏။

သူ၏ရှေ့တွင် မိုးပြာဝါးဂိုဏ်းမှ ထွက်ပြေးလာသော မာချင်းယွမ် နှင့် ချန်ဟုန်တို့ ရပ်နေကြသည်။

မန်ချန်ဟယ်က တည်ငြိမ်စွာ ယပြောလိုက်သည်။ "မင်းတို့ရဲ့ခံတပ်က ချေမှုန်းခံလိုက်ရပြီ။ အသက်ရှင်ဖို့ထွက်ပြေးမယ့်အစား မင်းတို့ဒီကိုဘာလာလုပ်တာလဲ။ ငါမင်းတို့ကို ကယ်နိုင်မယ်လို့ထင်နေတာလား။"

ချန်ဟုန်အနေခက်စွာ ရယ်မောလိုက်၏။ "ဂိုဏ်းချုပ်မန် ခင်ဗျားနောက်နေတာပဲ။ တကယ်တော့ ကျွန်တော်တို့ကပူးပေါင်းဆောင်ရွက်ဖို့ လာတာပါ။ ဆုရှင်းက ခင်ဗျားရဲ့ချစ်ရတဲ့ သားနဲ့ တပည့်ကိုသတ်လိုက်တယ်။ ကျွန်တော်တို့ကလည်း ခင်ဗျားနဲ့မပြေလည်နိုင်တဲ့ ရန်ငြိုးကြီးကြီးမားမားမှ မရှိတာ။"

"အခု သူက ငါ့ရဲ့မိုးပြာဝါးဂိုဏ်းကို ဖျက်ဆီးလိုက်ပြီဆိုတော့ ငါတို့ကြားကအမုန်းတရားက ဘယ်တော့မှ ပြေပျောက်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ဒီဆုရှင်းကိုဖြုတ်ချဖို့ အခွင့်အရေးတစ်ခု ရှာပြီး ပူးပေါင်းကြရင်ကော ဘယ်လိုလဲ။ မဟုတ်ရင်တော့ သူက ချန်နင်စီရင်စုက ဂိုဏ်းအားလုံးအတွက်ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်လာလိမ့်မယ်။"

ချန်ဟုန်၏စကားကို ကြားသောအခါ မန်ချန်ဟယ်၏မျက်နှာပေါ်တွင် အထင်အမြင်သေးသော အပြုံးတစ်ခု ပေါ်လာခဲ့၏။ "ပူးပေါင်းမယ်။ ဟားဟားဟား ဒါက အရမ်းရယ်စရာကောင်းတာပဲ။ မင်းတို့ နှစ်ယောက်က တိုက်ခိုက်ခြင်းမရှိဘဲ ကြောက်လန့်တကြားထွက်ပြေးလာတဲ့ လူညံ့တွေ။ တာတောင် ငါ့ကိုပူးပေါင်းဆောင်ရွက်ဖို့စကားပြောရဲသေးတယ်ပေါ့။"

မန်ချန်ဟယ်က ထိုနှစ်ဦးကို အေးစက်စွာကြည့်လိုက်သည်။ "ဟောက်ထျန်းအစောပိုင်းအဆင့် လူညံ့ နှစ်ယောက်။ ငါ့ရဲ့လက်အောက်ငယ်သား နှစ်ယောက်နဲ့တောင် မင်းတို့ကိုအလွယ်တကူရှင်းပစ်နိုင်တယ်။ ဒါဆိုရင် မင်းတို့က ငါနဲ့ပူးပေါင်းဖို့ ဘာ အရည်အချင်း ရှိလို့လဲ။ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးဖို့ မင်းတို့မှာဘာအရည်အချင်းရှိလို့လဲ။"

မန်ချန်ဟယ်၏သဘောထားကို မြင်သောအခါ ချန်ဟုန် နှင့် မာချင်းယွမ်တို့ နှစ်ဦးစလုံးမှာ မန်ချန်ဟယ်၏သဘောထားကို မှားယွင်းစွာတွက်ချက်မိကြောင်း တိတ်တဆိတ်တွေးမိလိုက်ကြ၏။

သူသည် ဆုရှင်းကို မုန်းတီးသည်မှာ မှန်သော်လည်း မိုးပြာဝါးဂိုဏ်း မရှိတော့သောအခါ ချန်ဟုန် နှင့် မာချင်းယွမ် တို့မှာ လမ်းဘေးခွေးများသာ ဖြစ်ပြီး လုံးဝ အသုံးမဝင်တော့ပေ။

"ကျေးဇူးပြုပြီး အခုပဲ ထွက်သွားတော့။ အသုံးမကျတဲ့လူ နှစ်ယောက်က ငါ့ဆီလာပြီးပူးပေါင်းဖို့ စကားပြောရဲတယ်ပေါ့။ မင်းတို့က ငါ့အချိန်တွေကို ဖြုန်းတီးနေတာပဲ။"

မန်ချန်ဟယ် လက်ဝှေ့ယမ်းလိုက်၏။

ချန်ဟုန် အံကြိတ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်မန် ကျေးဇူးပြုပြီးကျွန်တော့်စကား နားထောင်ပေးပါ။ ငါတို့ထွက်လာတုန်းက မိုးပြာဝါးဂိုဏ်းရဲ့စုဆောင်းထားတဲ့ ငွေကြေးတစ်ဝက်နီးပါးကို ယူလာခဲ့တယ်၊ ငွေသန်းနှစ်သန်းလောက် တန်ဖိုးရှိတယ်။ ခင်ဗျားသာ ငါတို့ကိုမိုးပြာဝါးဂိုဏ်း ပြန်ရအောင် ကူညီပေးနိုင်ရင် ဒီပိုက်ဆံတွေ အကုန် ခင်ဗျားအပိုင်ပဲ။"

"မင်း ရူးနေတာလား။" မာချင်းယွမ် က ချန်ဟုန်ကို ဒေါသတကြီး တီးတိုးပြောလိုက်၏။

သူတို့က ပိုက်ဆံများကို အခြားစီရင်စုတစ်ခုတွင် စိတ်အေးလက်အေးနေထိုင်ရန် အသုံးပြုမည်ဟု ယခင်က ပြောထားခဲ့ကြသော်လည်း မမျှော်လင့်ဘဲ ချန်ဟုန်က ရုတ်တရက် အစီအစဉ်ပြောင်းကာ မန်ချန်ဟယ်ကို ရှာဖွေခဲ့ပြီး ယခုပိုက်ဆံကိုပါ ပေးအပ်ချင်နေသည်။

ချန်ဟုန်အေးစက်စွာ ပြောလိုက်၏။ "သိုင်းလောက မှာ လူတွေက သူတို့ရဲ့ကံကြမ္မာကို သူတို့ကိုယ်တိုင် မထိန်းချုပ်နိုင်ကြဘူး။ တခြား စီရင်စုကို သွားရင် စိတ်အေးလက်အေးနေနိုင်မယ်လို့ မင်း သေချာပြောနိုင်လား။ ပြီးတော့ ငါတို့အသက်တစ်ဝက်ကျော်လောက်တည်ဆောက်ခဲ့ရတဲ့ မိုးပြာဝါးဂိုဏ်းကို တခြားသူတစ်ယောက်ယောက်ဆီ လွှဲပေးဖို့ တကယ် ဆန္ဒရှိလား။ ငွေသန်းနှစ်သန်းလား ငါတို့ဆီမှာ မိုးပြာဝါးဂိုဏ်းရှိနေသရွေ့ ငါတို့အဲဒါကို နောက်ဆုံးမှာ ပြန်ရမှာပဲ။"

မာချင်းယွမ် တိတ်ဆိတ်သွား၏။ အာဏာ၏အရသာကို တစ်ခါမြည်းစမ်းပြီးနောက် လွှတ်ပေးရန်ခက်ခဲသည်။ သူချမ်းသာသူသာမန်တစ်ယောက်ဖြစ်ချင်သည်လောဟု မေးလျှင်သေချာပေါက်မဖြစ်ချင်ပေ။

ချန်ဟုန်က မန်ချန်ဟယ်ဘက်သို့ လှည့်ကာ ပြောသည်။ "ဂိုဏ်းချုပ်မန် ခင်ဗျားခေါင်းညိတ်လိုက်တာနဲ့ ငွေသန်းနှစ်သန်းလုံး ခင်ဗျားအပိုင်ပဲ။ ခင်ဗျားသာ ငါတို့ကို မိုးပြာဝါးဂိုဏ်းပြန်ရအောင် ကူညီပေးနိုင်ရင်ပေါ့။"

"မင်းတို့ တကယ်ပဲ မိုးပြာဝါးဂိုဏ်းရဲ့ပိုင်ဆိုင်မှု တစ်ဝက်နီးပါးကို ယူလာခဲ့တာလား။" မန်ချန်ဟယ် ဤအချိန်တွင် တုန်လှုပ်သွားတော့သည်။

သူ့တွင်လည်း ငွေသန်းနှစ်သန်းရှိသော်လည်း ၎င်းတို့မှာ သူရဲကောင်းသုံးဖော်အသင်း၏ဘုံပိုင်ငွေများ ဖြစ်ပြီး သူအပိုင်မဟုတ်ပေ။

သူရဲကောင်းသုံးဖော်အသင်းက ပုံမှန်အားဖြင့် လစဉ် ဝင်ငွေ ငွေ ၅သိန်းကျော်ရရှိသော်လည်း အဖွဲ့ဝင်များထံဖြန့်ဝေပေးသော လစဉ်ကြေးများနှင့် ဂိုဏ်းအတွက် ဝေစုအချို့ကို နုတ်ယူပြီးနောက် ငွေ ၁ သိန်းကျော်သာ သူ၏လက်ထဲသို့ ရောက်ရှိလာသည်။ ငွေသန်းနှစ်သန်းမှာ မန်ချန်ဟယ်ကို သွေးဆောင်ရန် လုံလောက်သည်ထက်ပိုနေ၏။

ချန်ဟုန်က ပြောသည်။ "ငါတို့ မိုးပြာဝါးဂိုဏ်းက လင်းယုန်ပျံဂိုဏ်း နဲ့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးဆိုတာ အစကတည်းက သိထားတာမို့လို့ ပိုက်ဆံအဖြစ်ပြောင်းလဲနိုင်တဲ့ ဂိုဏ်းကပစ္စည်းအားလုံးကို ရောင်းချပြီး ဒီငွေပမာဏကိုစုဆောင်းခဲ့တာပါ။ ပြီးတော့ အစိုးရငွေလဲလှယ်ရေးရုံးမှာ အပ်နှံထားခဲ့တာပါ။"

မန်ချန်ဟယ်၏နှုတ်ခမ်းများတွင် ဆော့ကစားချင်သော အပြုံးတစ်ခု ပေါ်လာ၏။ ချန်ဟုန်က သူ့ကို မယုံသေးဘဲ လက်ကျန်လမ်းစကိုပင် သိမ်းထားသေးသည်။

သို့သော် ကိစ္စမရှိပေ။ မန်ချန်ဟယ်က သူတို့ပိုက်ဆံကို အလွဲသုံးစားလုပ်ဖို့ ရည်ရွယ်ချက်မရှိချေ။

သူက ဆုရှင်းကို အရေးယူရန်အချိန်အတော်ကြာ ပြင်ဆင်နေခဲ့သော်လည်း ဒွမ့်ရှောင် နှင့် နင်လော့ကျွင်းတို့ နှစ်ဦးစလုံးက ကန့်ကွက်ခဲ့ကြသဖြင့် သူ လှုပ်ရှားရန် မဖြစ်နိုင်ခဲ့ပေ။

ဤငွေသန်းနှစ်သန်းနှင့်အတူ သူရဲကောင်းသုံးဖော်အသင်း၏အကူအညီ မပါဘဲပင် သူဆုရှင်းကို ကိုင်တွယ်နိုင်ပြီး ငွေသန်းနှစ်သန်း၏အစိတ်အပိုင်း အများစုမှာ သူ၏လက်ထဲသို့ပင် ရောက်ရှိလာနိုင်သည်။

"သွား အစိုးရဘဏ်ကနေ ငွေတစ်သန်း အရင်ဆုံး ထုတ်ပေးပါ။" မန်ချန်ဟယ် တည်ငြိမ်စွာ ပြောလိုက်သည်။

ချန်ဟုန်းက သတိကြီးစွာဖြင့်မေးလိုက်၏။ "ဂိုဏ်းချုပ်မန်။ အဲဒီ ငွေကိုဘာလုပ်ဖို့ စီစဉ်ထားတာလဲ။"

မန်ချန်ဟယ် ဘာကိုမှ မဖုံးကွယ်ခဲ့ပေ။ "မင်းတို့ သိတဲ့အတိုင်းပဲ။ သူရဲကောင်းသုံးဖော်အသင်း ရဲ့ လက်ရှိ အနေအထားက အရမ်းထိလွယ်ရှလွယ် ဖြစ်နေတော့ ဆုရှင်းကို ကိုင်တွယ်ဖို့ သူရဲကောင်းသုံးဖော်အသင်းရဲ့အာဏာကို ငါ မသုံးနိုင်ဘူး။"

"အဲဒီလိုဖြစ်နေတော့ အပြင်က လူတစ်ယောက်ကို ငှားရမယ်။ အဲဒီအတွက် ငွေကုန်ကျမယ်။ အများကြီး ကုန်ကျလိမ့်မယ်။"

မန်ချန်ဟယ်၏နောက်ခံကို ချန်ဟုန်း ကောင်းကောင်း သိသည်။ မန်ချန်ဟယ်က ချန်နင်စီရင်စုမှ ဒေသခံများနှင့် ကွာခြားကြောင်း သူ သိထား၏။

သူ့တွင် ပြင်ပ၌သူ၏ကိုယ်ပိုင် အဆက်အသွယ်များ ရှိသည်။

ထိုသို့ဖြစ်လင့်ကစား ချန်ဟုန်က မယုံကြည်မှု အနည်းငယ်ဖြင့် မေးလိုက်သည်။ "ဂိုဏ်းချုပ်မန်။ ဆုရှင်းက ဟောက်ထျန်းအထွတ်အထိပ် ခွန်အား ရှိတယ်။ အဲဒီသစ္စာဖောက်လော့ကျန်း က ဟောက်ထျန်းအလယ်အလတ်အဆင့်သိုင်းပညာရှင်ဖြစ်ပေမဲ့ သူ့ကို တားဆီးဖို့မစွမ်းဆောင်နိုင်ခဲ့ဘူး။"

"ပြီးတော့ လင်းယုန်ပျံဂိုဏ်းမှာ အင်အားကြီးမားတဲ့ အင်အားစုရှိတယ်။ စစ်ရေးခန်းမ မှာ တပည့် သောင်းချီ ရှိတယ်။ အနည်းငယ်လောက်ပဲ ရှာရင် အသုံးဝင်မှာ မဟုတ်ဘူး။"

"ငါက လူတစ်ယောက်ပဲ ရှာမှာ။"

မန်ချန်ဟယ် ချန်ဟုန်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။ "ရှန်းထျန်းသိုင်းပညာရှင် ဆိုရင်ကော လုံလောက်ပြီလား။"

"ရှန်းထျန်း သိုင်းပညာရှင်။"

ချန်ဟုန် နှင့် မာချင်းယွမ် တို့၏မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ ချက်ချင်းပေါ်လာခဲ့၏။

ရှန်းထျန်းသိုင်းပညာရှင်ဆိုလျှင် သေချာပေါက် လုံလောက်လိမ့်မည်။

သူတို့အတွက် ဟောက်ထျန်းအလယ်အလတ်အဆင့်သိုင်းပညာရှင်ဖြစ်ရန်အတွက် တစ်သက်လုံး ချန်နင်စီရင်စု၏နယ်မြေငယ်လေးတွင် ကန့်သတ်ခံထားရသော သူများအတွက်၊ ရှန်းထျန်းသိုင်းပညာရှင် ဆိုသည်မှာ နတ်ဘုရားများပင်။

ဤစကားလုံး လေးလုံးအပေါ် အခြေခံ၍ ချန်ဟုန် နှင့် မာချင်းယွမ်တို့က အစိုးရဘဏ်သို့ ချက်ချင်း သွားရောက်ကာ ငွေတစ်သန်း ထုတ်ယူပြီး မန်ချန်ဟယ်ထံပေးအပ်ကာ တစ်ညတည်းနှင့် မြို့မှ ထွက်ခွာရန် ညွှန်ကြားလိုက်၏။

သူရဲကောင်းသုံးဖော်အသင်းက အခြား ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့ နှင့် မတူပေ။ အဖွဲ့ခေါင်းဆောင် သုံးဦးစလုံးမှာ ပြင်ပလူများဖြစ်ကြရာ သူတို့တွင် ချန်နင်စီရင်စု၏အပြင်ဘက်တွင် အဆက်အသွယ်များစွာ ရှိသည်။

ဤတစ်ကြိမ်တွင် မန်ချန်ဟယ်က သူ၏ဂျူနီယာသိုင်းဦးလေးချန်ကျောက်ကို သွားတွေ့ခဲ့ခြင်းဖြစ်၏။

မန်ချန်ဟယ်၏ဆရာဖြစ်သူ ကျိုးတင်းဖန့်က ရှောင်လင်ကျောင်းတော်၏ပြင်ပတပည့်ဖြစ်သော်လည်း သူ့သိုင်းဦးလေးကတော့ ရှောင်လင်ကျောင်းတော်နှင့် မည်သည့်ဆက်သွယ်မှုမျှမရှိပေ။

ချန်ကျောက် နှင့် ကျိုးတင်းဖန်တို့ကငယ်စဉ်က တူညီသော သိုင်းကျောင်းတွင် သိုင်းပညာများ သင်ယူခဲ့ကြသည်။ သူတို့က တစ်ဦးကိုတစ်ဦး ညီအစ်ကိုဟု ခေါ်လေ့ရှိကြ၏။

သို့သော် ကျိုးတင်းဖန်က နောက်ပိုင်းတွင် ရှောင်လင်ကျောင်းတော်မှ ရွေးချယ်ခံရပြီး ပြင်ပတပည့် ဖြစ်လာခဲ့သည်။

နောက်ပိုင်းတွင် ကျိုးတင်းဖန်က သူ၏ဒဏ်ရာဟောင်းများပြန်ဖြစ်လာသဖြင့် သေဆုံးသွားခဲ့သည်။ ချန်ကျောက်က ထိုအချိန်တွင် ကိုယ်ရံတော်အစောင့်အကြပ်လုပ်ငန်း၏ ပိုင်ဆိုင်မှု အားလုံးကို ယူကာ မည်သူ့ကိုမှမျှမပေးဘဲရောင်းချလိုက်၏။

ဤအကြောင်းကြောင့်ပင် မန်ချန်ဟယ်က ဒေါသထွက်ကာ ချန်ပြည်နယ်မှထွက်ခွာပြီး ချန်နင်စီရင်စုသို့ သူ၏ကံကြမ္မာကိုရှာဖွေရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှစ၍ ချန်ကျောက်က ကိုယ်ရံတော်အစောင့်အကြပ်လုပ်ငန်းကို ရောင်းချ၍ ရရှိသော ငွေသန်းပေါင်းများစွာကို အသုံးပြုကာ သိုင်းလောက တွင် အေးချမ်းစွာအနားယူခဲ့၏။

မန်ချန်ဟယ်မှာမူ နင်လော့ကျွင်း နှင့် ဒွမ့်ရှောင်တို့နှင့်သာ တွေ့ဆုံခဲ့ပြီး ချန်နင်စီရင်စုတွင် သူ၏လက်ရှိအနေအထားကို ရရှိရန်ဆယ်စုနှစ် တစ်ခုကျော်သွေးချောင်းစီးသောတိုက်ပွဲများ ဆင်နွှဲခဲ့ရသည်။

သူ၏ရှေ့မှ ချန်ပြည်နယ်၏မြင့်မားသောနံရံများကို ကြည့်ရင်း မန်ချန်ဟယ်က အရေးကြီးကိစ္စမရှိပါက ထိုလောဘကြီးသော သိုင်းဦးလေးကို ပြန်လာ၍မတွေ့ချင်တော့ပေ။

သို့သော် ယနေ့ မန်ချန်ဟယ်က ယခင်ကကဲ့သို့ ဒေါသကြီးသောလူငယ်မဟုတ်တော့ပေ။

သူရဲကောင်းသုံးဖော်အသင်း၏ ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ပြီး အသန်မာဆုံးဂိုဏ်းတစ်ခု၏ခေါင်းဆောင်ဖြစ်သည်နှင့်အညီ မန်ချန်ဟယ်က သူ၏ခွန်အားကိုသာမက နှစ်များစွာအတွင်း သူ၏ပါးနပ်မှုကိုလည်း ထက်မြက်အောင်ပြုပြင်ခဲ့၏။

တစ်ဖက်လူက လက်စားချေပေးနိုင်သရွေ့ သူ၏ ဂျုနီယာသိုင်းဦးလေးကိုပင် သူကနှိမ့်ချစွာ ဆက်ဆံလိမ့်မည်။ သတ်ဖြတ်လိုစိတ်ကိုဖုံးကွယ်ထားရင်း ပြုံးရွှင်သောမျက်နှာဖြင့်ဆက်ဆံခြင်းမှာ အခြေခံ ကျွမ်းကျင်မှုတစ်ခုမျှသာဖြစ်၏။

All Chapters