အခန်း ၇၉
Vol. 8 Ch. 79
အခန်း (၇၉) စည်းကဲ့မဲ့သူ
ဆုရှင်း ရှန်းလုံစားသောက်ဆိုင်၏အပေါ်ဆုံးထပ်သို့ ရောက်ရှိချိန်တွင် သူရဲကောင်းသုံးဖော်အသင်း မှလွဲ၍ကျန်ဂိုဏ်းများမှ လူတိုင်းရောက်ရှိနေကြပြီ ဖြစ်၏။
ဆုရှင်းရောက်လာသည်ကို မြင်သောအခါ လူတိုင်းက သူ့ကိုဟန်ဆောင်ပန်ဆောင်သာ နှုတ်ဆက်လိုက်ကြသည်။
မကျေနပ်သောအမူအရာဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော ကျန်းရန်ဂိုဏ်းမှ ကျန်းပိုင်ဖေးမှလွဲ၍ အခြားဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များမှာ အတော်လေးဂရုမစိုက်ဟန်ရှိကြ၏။
ဆုရှင်း အာဏာရလာမှုအပေါ် သူတို့ဘာမှပြောစရာမရှိပေ။ သူတို့က သူ့ကို မကြိုဆိုသလို ဖိနှိပ်ခြင်းလည်း မရှိချေ။
မည်သို့ပင်ဖြစ်စေ ဆုရှင်းက သူရဲကောင်းသုံးဖော်အသင်း၏အဆင့်သို့ မရောက်သေးရာ သူ့ကို ကိုင်တွယ်ဖြေရှင်းရန် သူတို့ပျင်းရိနေကြ၏။ ၎င်းမှာ အလကားသက်သက်အင်အားကြီးသော ရန်သူ တစ်ဦးကို ဖန်တီးလိုက်ခြင်းသာဖြစ်ပေလိမ့်မည်။
လက်ရှိအချိန်တွင် ဆုရှင်းကလည်း သူ၏ရှေ့မှ ချန်နင်စီရင်စုကို တာဝန်ယူထားသူများကို အကဲခတ်နေခဲ့၏။
နတ်လေပြေအဖွဲ့၏ ခေါင်းဆောင် ကုန်းချင်းဖုန်းက အသက်သုံးဆယ်အရွယ်လူငယ်တစ်ဦးဖြစ်ပြီး ဆုရှင်းမှလွဲ၍ ချန်နင်စီရင်စုတွင် အငယ်ဆုံးဂိုဏ်းခေါင်းဆောင်ဖြစ်သည်။
ကုန်းချင်းဖုန်းက ငယ်ရွယ်သော်လည်း သူ၏ခွန်အားနှင့် ကျွမ်းကျင်မှုမှာ ဆုရှင်းထက် မလျော့နည်းပေ။
သူ နတ်လေပြေအဖွဲ့ကို လွှဲပြောင်းယူစဉ်က သူက ဟောက်ထျန်း အလယ်အလတ်အဆင့် တွင်သာရှိသေး၏။ ဂိုဏ်း၏ဒုခေါင်းဆောင်သုံးဦးစလုံးမှာ သူ့ထက်များစွာ ပိုမိုသန်မာကြသော်လည်း ဆယ်နှစ်အတွင်း ကုန်းချင်းဖုန်းက သူတို့အားလုံးကို ရှင်းလင်းပစ်ကာအိမ်သို့ အနားယူရန်ပို့လွှတ်ခဲ့ပြီး သူကိုယ်တိုင်မှာ ဟောက်ထျန်းအထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
အခြားတစ်ဖက်တွင် သံမဏိဓားအဖွဲ့၏ခေါင်းဆောင် ဟယ်ထျန်းက အသက်လေးဆယ်ကျော်တောင့်တင်းခိုင်မာသော အမျိုးသား တစ်ဦးဖြစ်ပြီး အရပ်ဆယ်ပေနီးပါးရှိကာ သူ၏နောက်ကျောတွင် မီတာဝက်ကျော်ရှည်လျားသော ကျန်းမာတောက်ဓားတစ်လက်ကို လွယ်ထား၏။
သံမဏိဓားအဖွဲ့က အလုံးစုံအားဖြင့် မသန်မာသော်လည်း ဟယ်ထျန်းကိုယ်တိုင်မှာ အလွန် စွမ်းအားကြီးမားပြီး ချန်နင်စီရင်စုတွင် နံပါတ်တစ် တိုက်ခိုက်ရေးသမားဟုပင် သတ်မှတ်နိုင်သည်။
သူရဲကောင်းသုံးဖော်အသင်းမှ နယ်မြေချဲ့ထွင်ကာ သံမဏိဓားအဖွဲ့ကို တိုက်ခိုက်စဉ်က ဟယ်ထျန်းသည် မန်ချန်ဟယ် နှင့် ဒွမ့်ရှောင်တို့၏ပူးပေါင်း တိုက်ခိုက်မှုကိုတစ်ယောက်တည်းတားဆီးခဲ့ပြီး အချီတစ်ရာကျော်ကြာသည်အထိ မရှုံးနိမ့်ဘဲ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့၏။
နောက်ဆုံးတစ်ယောက်မှာ သွေးစွန်းဝတ်ရုံအဖွဲ့၏ခေါင်းဆောင် ချီယွမ်ပင်။ သူကအသက်လေးဆယ်ကျော် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီးသာမန်အသွင်အပြင်ရှိကာ လူအုပ်ထဲသို့ဝင်ရောထားပါက သင်သတိထားမိမည်မဟုတ်သော လူစားမျိုး ဖြစ်သည်။
အခြားခေါင်းဆောင်များအားလုံးက ဒုခေါင်းဆောင်တစ်ဦး သို့မဟုတ် နှစ်ဦး၊ သို့မဟုတ် ခန်းမသခင်များနှင့်အတူ လာရောက်ခဲ့ကြသော်လည်း သွေးစွန်းဝတ်ရုံအဖွဲ့တွင် ချီယွမ် တစ်ဦးတည်းသာရှိသည်။
သူက ထောင့်တစ်နေရာတွင် ကွေးကွေးလေးထိုင်နေပြီး သူ၏တည်ရှိမှုမှာ အလွန်မသိသာလွန်းနေသဖြင့် သင်ဂရုမစိုက်ပါက သူ့ကိုသတိထားမိမည်ပင်မဟုတ်ချေ။
ထို့ကြောင့်ပင် ချီယွမ်က ဆုရှင်းကို အကြီးမားဆုံး ခြိမ်းခြောက်မှု ခံစားရစေခြင်းဖြစ်၏။
သိုင်းလောကတွင် အသန်မာဆုံး လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းဖြစ်သော သွေးစွန်းဝတ်ရုံမျှော်စင် မှ လူများက အမှန်တကယ်ပင် ထူးခြားလှပေသည်။
အကယ်၍ ချီယွမ်သာ လျှို့ဝှက်လုပ်ကြံသတ်ဖြတ်မည်ဆိုပါက သူ၏ရွယ်တူများထဲတွင် သူ့ကို တားဆီးနိုင်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။
အပေါ်ထပ်တွင် အချိန်အတော်ကြာစောင့်ဆိုင်းပြီးနောက်တွင်ပင် သူရဲကောင်းသုံးဖော်အသင်းက ရောက်မလာသေးပေ။ သံမဏိဓားအဖွဲ့ မှ ဟယ်ထျန်း မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
"သူရဲကောင်းသုံးဖော်အသင်းက ဘာတွေကြံစည်နေတာလဲ။ သူတို့က ငါတို့ အားလုံးကို ဒီမှာခေါ်ထားပြီး သူတို့ကျတော့ပေါ်မလာဘူး။"
ကုန်းချင်းဖုန်းက တည်ငြိမ်စွာ ပြောလိုက်၏။ "ငါတို့ ဒီရောက်နေပြီဆိုတော့ရှိတာကို အကောင်းဆုံး လုပ်ကြတာပေါ့။ ငါတို့ အားလုံးက အခုဂိုဏ်းသုံးဂိုဏ်းနဲ့ အဖွဲ့လေးဖွဲ့ကလာတာ။ သူက ငါတို့ကို ပြဿနာရှာရဲလို့လား။ အိုးး ငါစကားမှားသွားတယ် အခု ဂိုဏ်းနှစ်ဂိုဏ်းနဲ့ အဖွဲ့လေးဖွဲ့ဖြစ်သင့်တယ်။"
သူစကားပြောနေစဉ် ကုန်းချင်းဖုန်းက ဆုရှင်းကို တစ်ချက်ကြည့်လိုက်ရာ သူ၏နှုတ်ခမ်းများတွင် အပြုံးလေးတစ်ခု ပေါ်လာ၏။
ထိုစဉ်တွင် အောက်ထပ်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပါသည်။ "ခေါင်းဆောင်ကုန်း ခင်ဗျား မှားနေပြီ။ ဂိုဏ်းသုံးဂိုဏ်းနဲ့ အဖွဲ့လေးဖွဲ့က ဂိုဏ်းသုံးဂိုဏ်းနဲ့အဖွဲ့လေးဖွဲ့ပဲ ဖြစ်နေတုန်းပါပဲ။ တချို့လူတွေက သူတို့မဝါးမျိုသင့်တဲ့ အရာတွေကိုဝါးမျိုလိုက်မိလို့ အခု အဲဒါတွေကို ပြန်အန်ထုတ်ရမယ့် အချိန်ရောက်ပြီ။"
လူတိုင်း မော့ကြည့်လိုက်သောအခါ မန်ချန်ဟယ် နှင့် အခြားနှစ်ဦးတို့ နောက်ဆုံးတွင် ရောက်ရှိလာသည်ကို တွေ့လိုက်ရပြီး သူတို့နှင့်အတူ ချန်ဟုန် နှင့် မာချင်းယွမ်တို့ ကပ်ပါလာကြ၏။
သို့သော် ဤအချိန်တွင် ကုန်းချင်းဖုန်း နှင့် သူ၏ အဖွဲ့မှာ ချန်ဟုန် နှင့် မာချင်းယွမ်ဟူသော လမ်းဘေးခွေး နှစ်ကောင်က သူရဲကောင်းသုံးဖော်အသင်း နှင့် ဘာကြောင့် အတူတူရှိနေသနည်း ဆိုတာကို ဂရုမစိုက်နိုင်ကြတော့ချေ။
သူတို့၏အာရုံစိုက်မှုမှာ ရှေ့ဆုံးမှလျှောက်လာသော ချန်ကျောက်ထံသို့ ရောက်ရှိသွားသည်။
ရှန်းထျန်းအဆင့်သိုင်းပညာရှင်။ ဤအရာက တကယ်ကို ရှန်းထျန်းအဆင့်သိုင်းပညာရှင်တစ်ယောက်ပင်။
မန်ချန်ဟယ်က အဆောက်အအုံထဲသို့ ဝင်လာပြီး ချန်ကျောက်ကို ပင်မထိုင်ခုံတွင်ထိုင်ရန် ဖိတ်ခေါ်ကာပြောလိုက်၏။ "ဒါက ကျွန်တော့်ရဲ့သိုင်းဦးလေး ချန်ကျောက်ပါ။ ရှန်းထျန်းချီပင်လယ်အဆင့် သိုင်းပညာရှင် တစ်ယောက်ပါ။"
လူတိုင်း မန်ချန်ဟယ်ကို စိုက်ကြည့်နေကြပြီး သူတို့၏ရင်ထဲတွင် မအေးချမ်းမှုများဖြစ်ပေါ်လာ၏။ သူက သူ့သိုင်းဦးလေးကို ဤနေရာသို့ခေါ်လာပြီး ဘာလုပ်နေသနည်း။ သူက ရှန်းထျန်းအဆင့်သိုင်းပညာရှင်ကို အသုံးပြုကာ သူတို့အားရှင်းလင်းကာ ချန်နင်စီရင်စုကို လွှမ်းမိုးရန်ရည်ရွယ်ထားသည်လော။
ဤကဲ့သို့စိတ်ထဲတွေးနေကြသော်လည်း လူတိုင်းမှာ ချန်ကျောက်ကို နာခံစွာဦးညွှတ်ပြီး စီနီယာချန်ဟု ခေါ်ဆိုရုံသာ တတ်နိုင်ကြ၏။
ဟယ်ထျန်းက မနေနိုင်ဘဲ ဦးစွာမေးလိုက်သည်။ "မန်ချန်ဟယ် စီနီယာချန်ကို ဒီဖိတ်လာတာဘာသဘောလဲ။"
သူ၏လက်က သူ၏အနောက်ရှိ ဓားလက်ကိုင်ရိုးကို အလျိုအလျောက်ဆုပ်ကိုင်ထားပြီးဖြစ်၏။ အကယ်၍ မန်ချန်ဟယ်က တကယ်လှုပ်ရှားမည်ဆိုပါက ၎င်းက ရှန်းထျန်းအဆင့်သိုင်းပညာရှင် တစ်ဦးဖြစ်နေလျှင်ပင် သူတိုက်ခိုက်ရဲသည်။
မန်ချန်ဟယ် ပြုံးကာပြောလိုက်၏။ "အစ်ကိုဟယ်။ ကျေးဇူးပြုပြီးစိတ်ရှည်ရှည်ထားပါ။ ချန်နင်စီရင်စုမှာ စည်းကမ်းတွေကိုထိန်းသိမ်းဖို့ ဦးလေးကို ဒီဖိတ်လာတာပါ။"
"ချန်နင်စီရင်စုက မကြာသေးခင်က အတော်လေး ရှုပ်ထွေးနေခဲ့တယ်။ တချို့လူတွေက မဆင်မခြင် တိုက်ခိုက်နေကြလို့ စီရင်စုတစ်ခုလုံး ဖရိုဖရဲဖြစ်နေပြီ။ ဒါကိုအဆုံးသတ်ရမယ့်အချိန်ရောက်ပြီ။"
ထိုနေရာတွင် ရှိနေသူ အားလုံး သူတို့၏အာရုံစိုက်မှုကို ဆုရှင်းထံသို့ ချက်ချင်းပြောင်းလိုက်ကြပြီး ထိုအခါမှ မန်ချန်ဟယ်က ဆုရှင်းအတွက် လာခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်သွားကြ၏။
သူက ဆုရှင်းအတွက် ရှန်းထျန်းအဆင့်သိုင်းပညာရှင်တစ်ယောက်ကိုပင်ဖိတ်ခေါ်ခဲ့၏။ မန်ချန်ဟယ် နှင့် ဆုရှင်းကြားက အမုန်းတရားမှာ တကယ်ကိုမပြေလည်နိုင်တော့ပေ။
ထိုအချိန်တွင် ပင်မထိုင်ခုံ၌ထိုင်နေသော ချန်ကျောက်က မာနထောင်လွှားသော လေသံဖြင့် စကားပြောလာခဲ့၏။ "မင်းက ဆုရှင်းလား။ ကျွတ် ကျွတ်။ မင်းတို့ရဲ့ချန်နင်စီရင်စုမှာ တကယ်ကို ဘယ်သူမှမကျန်တော့ဘူးပဲ။ ဒီလို အတွေ့အကြုံမရှိသေးတဲ့ ကောင်လေးတစ်ယောက်ကို မင်းတို့ ခေါင်းပေါ်တက်ခွင့်ပေးထားရတယ်လို့။ မင်းတို့မရှက်ကြဘူးလား။"
ဟယ်ထျန်း နှင့် အခြားသူများမှာ အလွန် မပျော်မရွှင်ဖြစ်သွားကြ၏။
*ချန်နင်စီရင်စုမှာ ဘာပဲဖြစ်နေ ခင်ဗျားနဲ့ဘာဆိုင်လို့လဲ။ ချန်နင်စီရင်စုက လူတစ်ယောက်ယောက် ခင်ဗျားရဲ့စောင့်ရှောက်မှုအောက်မှာရှိမရှိခင်ဗျား စိုးရိမ်ဖို့ လိုလို့လား။*
ချန်ကျောက်က ဆုရှင်းကို လက်ညှိုးထိုးကာ အေးစက်စွာ ပြောလိုက်သည်။ "မင်း ကောင်လေး။ မင်းက ရက်စက်တဲ့နှလုံးသားရှိတာပဲ။ နှစ်ပေါင်း တစ်ရာကျော်တည်ရှိခဲ့တဲ့ မိုးပြာဝါးဂိုဏ်းကို ဒီအတိုင်းလေးဖျက်ဆီးပစ်လိုက်တယ်။ ဒီလိုရက်စက်တဲ့ နည်းလမ်းတွေနဲ့ဆို မင်းရဲ့အနာဂတ်က ဘာဖြစ်လာမလဲ။"
ဆုရှင်း၏အမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ တည်ငြိမ်စွာ ပြောလိုက်၏။ "စီနီယာချန် ဂိုဏ်းစစ်ပွဲတွေမှာရက်စက်မှုဆိုတာမရှိပါဘူး။ မိုးပြာဝါးဂိုဏ်းကသာ ကျွန်တော့်ရဲ့လင်းယုန်ပျံဂိုဏ်းကို ဖျက်ဆီးဖို့ ခွန်အားရှိမယ်ဆိုရင် သူတို့လည်း သနားညှာတာမှု ပြမယ်လို့ မထင်ပါဘူး။"
"ပြီးတော့ ကျွန်တော်မိုးပြာဝါးဂိုဏ်းကို ဖျက်ဆီးလိုက်ရင်တောင် ဒါက ချန်နင်စီရင်စုရဲ့ကိစ္စတစ်ခု သက်သက်ပဲလေ။ စီနီယာချန်နဲ့ ဘာမှ မဆိုင်ပါဘူး မဟုတ်လား။ စီနီယာချန်က သူရဲကောင်းသုံးဖော်အသင်းကို ဝင်ဖို့ဆုံးဖြတ်လိုက်တာများလား။"
ချန်ကျောက်မှာ ဆုရှင်း၏စကားများကြောင့် ပေါင်မုန့်လည်နင်သွားသော်လည်း ချက်ချင်းပင် လှောင်ပြောင်လိုက်၏။ "သူရဲကောင်းသုံးဖော်အသင်းကိုမဝင်တာက မင်းတို့ရဲ့ချန်နင်စီရင်စု ကိစ္စတွေမှာ ငါဝင်မစွက်ဖက်နိုင်ဘူးလို့ ဆိုလိုတာလား။ ငါတို့ သိုင်းလောကသားတွေက မတရားမှုကိုမြင်ရင်ဝင်စွက်ဖက်ချင်ကြတယ်ကွ။ ဒါဆို မင်းဘာလုပ်နိုင်မလဲ။"
ချန်ကျောက်၏ စကားများမှာ အတော်လေး အဓိပ္ပာယ်မရှိပေ။ သူက သူ၏ခွန်အားဖြင့် လူများကိုခြိမ်းခြောက်ရန်ကြိုးစားနေသည်မှာ ရှင်းလင်းနေ၏။
*ငါ့မှာ ရှန်းထျန်းအဆင့်ရဲ့ခွန်အား ရှိတယ်။ ဒါကြောင့် မင်းတို့ကိုစီမံခန့်ခွဲပိုင်ခွင့်ရှိတယ်။*
ဤအရာက ချန်ကျောက်ဆိုလိုချင်သည့် အဓိပ္ပာယ်ပင်။
ဤစကားများက ချန်နင်စီရင်စုရှိ ဂိုဏ်းအသီးသီး၏ခေါင်းဆောင်များကို လုံးဝ ဒေါသထွက်သွားစေခဲ့၏။
ချန်နင်စီရင်စုအတွင်းတွင် နတ်လေပြေအဖွဲ့ ဖြစ်စေ။ သံမဏိဓားအဖွဲ့ ဖြစ်စေ။ အလွန်တည်ငြိမ်သော သွေးစွန်းဝတ်ရုံအဖွဲ့ ဖြစ်စေ သူတို့၏ကိုယ်ပိုင်ပဋိပက္ခများရှိနိုင်သော်လည်း သူတို့က ထိုပဋိပက္ခများကို ချန်နင်စီရင်စုအတွင်းတွင်သာ ကန့်သတ်ထားကြပါလိမ့်မည်။
သို့သော် မန်ချန်ဟယ်က ယခု ဤစည်းမျဉ်းကို ချိုးဖောက်လိုက်ပြီဖြစ်ရာ ၎င်းကလူများကြားတွင် ကြီးမားသောမကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့၏။
မည်သို့ပင်ဆိုစေ အနားယူသွားသော ဧကရာဇ် တစ်ဦးက သူတို့ကိုလက်ညှိုးထိုးအမိန့်ပေးနေသည်ကို မည်သူကမျှ မလိုချင်ကြပေ။
သေချာသည်မှာ ကျန်းရန်ဂိုဏ်းတော့ ချွင်းချက်ပင်။ သူတို့က ချန်ကျောက်ကို ချန်နင်စီရင်စုသို့ လွန်စွာပင် လာရောက်၍ဝင်ရောက်စွက်ဖက်စေချင်လှနေ၏။
အကယ်၍ ဆုရှင်း၏လင်းယုန်ပျံဂိုဏ်း ဆက်လက် တိုးချဲ့နေပါက သူတို့၏ကျန်းရန် ဂိုဏ်းက ဆုရှင်း၏ရှင်းလင်းခြင်းကို ခံရပါလိမ့်မည်။
သူရဲကောင်းသုံးဖော်အသင်းမှ ဒွမ့်ရှောင် နှင့် နင်လော့ကျွင်းတို့ပင်လျှင် လက်ရှိအချိန်မှာ အတော်လေးမှိုင်းညို့နေပုံရ၏။
မန်ချန်ဟယ်က သူတို့ကို လုံးဝမတိုင်ပင်ခဲ့ပေ။ ၎င်းမှာ သူတစ်ဦးတည်း ဆုံးဖြတ်ခဲ့သောဆုံးဖြတ်ချက် တစ်ခုဖြစ်ပြီး ထို့နောက် ဤဘိုးဘေးကြီးကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ၎င်းက သူ့တို့အတွက်ပြဿနာမဟုတ်သေးပေ။ မန်ချန်ဟယ်၏ဆန္ဒအရ ချန်ကျောက်ကို အသုံးပြု၍ ဆုရှင်းကို လက်စားချေသည်ဖြစ်စေ၊ဆုရှင်းကိုသတ်သည်ဖြစ်စေ သူရဲကောင်းသုံးဖော်အသင်းအတွက် ထိခိုက်နစ်နာမှုဖြစ်စေမည် မဟုတ်ပေ။
အဓိကပြဿနာမှာ ချန်ကျောက်၏စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်မှာ အလွန်နိမ့်ကျလွန်းနေခြင်းပင်။
သူက ဤကဲ့သို့မာနထောင်လွှားသော သဘောထားဖြင့်ဝင်ရောက်လာကာ ချန်နင်စီရင်စုရှိအဓိက အင်အားစုအားလုံးကို တိုက်ရိုက် စော်ကားခဲ့သည်။
ချန်ကျောက်က သူကို့သူ ရှန်းထျန်းအဆင့်ဖြစ်သောကြောင့် ပြိုင်ဘက်ကင်းသည်ဟု တကယ်ထင်နေသည်လော။ ဂိုဏ်းသုံးဂိုဏ်း နှင့် အဖွဲ့လေးဖွဲ့တွင် အဖွဲ့ဝင် ၁ သိန်းကျော်ရှိသည်။ သူတို့ထဲမှ တစ်ယောက်တစ်ချက် တံတွေးထွေးလိုက်သည်နှင့် ၎င်းကိုရေနစ်သတ်၍ပင်ရပေ၏။
မန်ချန်ဟယ်၏နှလုံးသားထဲတွင်လည်း မကျေနပ်မှုများရှိနေပါသည်။ ၎င်းနှင့်အတူ ကိုယ်ရံတော်အစောင့်အကြပ်လုပ်ငန်းကို လုပ်ကိုင်ခဲ့သော သူ၏ဆရာဘာကြောင့် သေဆုံးခဲ့ရသနည်းဆိုတာကို ယခုသူနားလည်သွားလေပြီ။
ချန်ကျောက်၏မောက်မာပြီးကိုယ့်ကိုယ်ကိုယ် အထင်ကြီးသောစရိုက်ဖြင့်ဆိုလျှင် မည်သူက သူတို့ထံမှ အလုပ်အပ်နှံပြီး စီးပွားရေးလုပ်ချင်မည်နည်း။
ဆုရှင်းက ကုလားထိုင်တွင် မတ်မတ်ထိုင်ကာ အေးစက်စွာ ပြောလိုက်၏။ "စီနီယာချန် ဒီကိစ္စကို ဘယ်လို စီမံခန့်ခွဲဖို့ရည်ရွယ်ထားတာလဲ။"
ချန်ကျောက်၏နောက်တွင်ရပ်နေသော ချန်ဟုန် နှင့် မာချင်းယွမ်တို့ နှစ်ဦးစလုံးမှာ မျှော်လင့်ချက်များပြည့်နေသောအကြည့်များဖြင့် ရှိနေကြ၏။ သဘောတူညီချက်အရ ချန်ကျောက်က မိုးပြာဝါးဂိုဏ်း၏နယ်မြေကို ပြန်လည်ရယူရန် သူတို့ကို ကူညီပေးရပါလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်း ချန်ကျောက် က သူတို့ကို စိတ်ပျက်မသွားစေခဲ့ပေ။ သူက တိုက်ရိုက် ပြောလိုက်၏။ "မင်းက မိုးပြာဝါးဂိုဏ်းရဲ့နယ်မြေကို တစ်ညတည်းနဲ့ဝါးမျိုလိုက်သလို။ အခု မင်းနာခံပြီး ပြန်အန်ထုတ်လိုက်တော့။"
အခြားသူများ အားလုံး ဆုရှင်းကို ချက်ချင်းကြည့်လိုက်ကြ၏။
ချန်ကျောက်က အမှန်တကယ်ပင် ရက်စက်လှသည်။ စကားတစ်ခွန်းတည်းဖြင့် သူက ဆုရှင်းကို နယ်မြေသုံးနေရာကို စွန့်လွှတ်စေချင်ခဲ့သည်။
သို့သော် ဤအရာက အရေးကြီးဆုံးအရာ မဟုတ်သေးပေ။ အကယ်၍ ဆုရှင်းက ယနေ့နယ်မြေကို လွှဲပြောင်းပေးလိုက်လျှင် ချန်နင်စီရင်စုတွင် သူ မျက်နှာအကြီးအကျယ်ပျက်သွားလိမ့်မည်။
၎င်းအပင်ပန်းခံသိမ်းပိုက်ထားသည့် နယ်မြေကို မခံစားရသေးခင်ပြန်ပေးလိုက်ရခြင်းထက် မည်သည့်အရာက အရှက်ရစရာကောင်းမည်နည်း။
သေချာသည်မှာ သူတို့က ဤကိစ္စတွင်ဝင်ရောက် စွက်ဖက်ရန် ရည်ရွယ်ချက်မရှိကြပေ။
အခြားဂိုဏ်းများကလည်း ချန်ကျောက်၏မာနထောင်လွှားသော သဘောထားနှင့် ချန်နင်စီရင်စု၏စည်းမျဉ်းများကို ချိုးဖောက်ခြင်းကို မကြိုက်ကြသော်လည်း ယခု ချန်ကျောက် က သူတို့ကို ပစ်မှတ်ထားနေခြင်းမဟုတ်သဖြင့် ဆုရှင်းအတွက်နှင့် ရှန်းထျန်းသိုင်းပညာရှင်တစ်ဦးကို ရန်သူဖွဲ့မည် မဟုတ်ပေ။
ချန်ဟုန် နှင့် မာချင်းယွမ်တို့က ဆုရှင်းကို လှောင်ပြောင်သောမျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။
*မင်းက မိုးပြာဝါးဂိုဏ်းကို ဝါးမျိုလိုက်တော့ရော ဘာဖြစ်လဲ။ နောက်ဆုံးတော့ မင်းကငါတို့ဆီကို နာခံစွာနဲ့ ပြန်အန်ထုတ်ပေးရမှာပဲ။*
*
ပြီးတော့ ရုပ်သေးဂိုဏ်းရဲ့ခေါင်းဆောင် ဝေ့ဖုန်းကို တရားဝင်နည်းလမ်းနဲ့သတ်ပေးလို့ မင်းကို ကျေးဇူးတင်ရဦးမယ်။
ဆုရှင်း မတ်တပ်ရပ်လိုက်ပြီး စားပွဲကိုလက်ချောင်းများဖြင့် ညင်သာစွာခေါက်လိုက်၏။
"စီနီယာချန်။ ခင်ဗျားက လူကြီးလူကောင်းတစ်ယောက်ပဲမဟုတ်လား။ ကုန်သွယ်ရေးနယ်မြေသုံးခုကို လွှဲပြောင်းပေးဖို့ ခင်ဗျားက ကျုပ်ကိုဒီလိုမျိုးပြောလို့ရမယ်လို့ ထင်နေတာလား။"
ဆုရှင်းက ချန်ကျောက်ကို လက်ညှိုးထိုးကာ အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။ "ခင်ဗျားကိုမျက်နှာသာ ပေးတဲ့အနေနဲ့ စီနီယာလို့ ခေါ်ခဲ့တာ။ တကယ်တော့ ခင်ဗျားက ဘာကောင်မို့လို့လဲ။ ချန်နင်စီရင်စုကကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာလုပ်ရမယ်ဆိုတာ ကျုပ်ကိုလာပြောရအောင် ခင်ဗျားက ဘယ်သူလဲ။"
ဤစကားများပြောပြီးနောက် ရှန်းလုံစားသောက်ဆိုင်၏သတ္တမမြောက် အထပ်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ချန်ဟုန် နှင့် အခြားသူများက ဆုရှင်းကိုအရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်ကြ၏။
ဆုရှင်းက ရှန်းထျန်းအဆင့်သိုင်းပညာရှင်တစ်ဦးကို လက်ညှိုးထိုးကယ "ခင်ဗျားကိုယ်ခင်ဗျားဘယ်သူလို့ထင်နေတာလဲ" ဟု အဘယ်ကြောင့်ပြောရဲနေသနည်း။ ဆုရှင်းရူးသွားပြီလော။
ဟယ်ထျန်းစိတ်ထဲမှ ဝမ်းသာအားရအော်ဟစ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် သူဤစကားတစ်ခွန်းကို ပြောချင်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်သောကြောင့်ပင်။
လက်ရှိအချိန်မှာတော့ ချန်ကျောက်၏အမူအရာမှာ အတော်လေးစိတ်ဝင်စားစရာကောင်းနေပြီး ဒေါသနှင့် မယုံကြည်နိုင်မှုနှစ်ခုစလုံးကို ဖော်ပြနေ၏။
*သိုင်းပညာကို နှစ်အနည်းငယ်ပဲ လေ့ကျင့်ရသေးတဲ့ ဂျူနီယာတစ်ယောက်က သူ့ကိုဒီလိုစကားပြောရဲတယ်ပေါ့။ သူသိုင်းလောကကနေ အနားယူသွားတဲ့ ဆယ်နှစ်ကျော်အတွင်း သိုင်းလောက က ဂျူနီယာတွေအကုန်လုံးက ဒီလောက်မောက်မာလာကြတာလား။*
"အရမ်းကောင်းတယ် အရမ်းကောင်းတယ်။ သာမန် ဂျူနီယာတစ်ယောက်က ဒီလောက်ထိမောက်မာရဲတယ်ပေါ့။ ဒီနေ့ ငါမင်းကို သင်ခန်းစာတစ်ခုပေးပြီး စစ်မှန်တဲ့လေးစားမှုဆိုတာဘာလဲဆိုတာ ပြမယ်။"
ချန်ကျောက်က သူ၏ရှေ့ရှိစားပွဲကို လက်ဖြင့် ရိုက်လိုက်ရာ အကောင်းစားရွှေရောင် နန်မုစားပွဲသစ်သားမှာ အပိုင်းပိုင်းကွဲထွက်သွားတော့သည်။
ချက်ချင်းပင် စွမ်းအားကြီးမားသော အားအင်တစ်ခုပေါက်ကွဲထွက်လာရာ ဟယ်ထျန်း နှင့် အခြားသူများကို တောင့်တင်းသွားစေခဲ့၏။
ရှန်းထျန်းအဆင့်သိုင်းပညာရှင်က အလွန်စွမ်းအားကြီးမားသော အတွင်းအားကိုပိုင်ဆိုင်ထားပြီး ၎င်းကို မူလချီအဖြစ်အပြင်ဘက်သို့ထုတ်လွှတ်နိုင်စွမ်း ရှိခြင်းက ဟောက်ထျန်းအထွတ်အထိပ်ထက် အဆပေါင်း ဒါဇင်နှင့်ချီ၍ ပိုမိုသန်မာစေသည်။
ကွာဟချက်မှာ အလွန်ကြီးမားလွန်းလှသည်မှာ သေချာနေ၏။ အချို့သော အလွန်ထူးချွန်သည့် ပုဂ္ဂိုလ်များက ဟောက်ထျန်းအဆင့်တွင် ရှန်းထျန်းအဆင့်သိုင်းပညာရှင်များကို အနိုင်ယူနိုင်သည်ဟူသောဒဏ္ဍာရီများရှိသော်လည်း ထိုဒဏ္ဍာရီများမှာ ဒဏ္ဍာရီသက်သက်သာဖြစ်သည်။
အနည်းဆုံးတော့ သူတို့တကယ်တမ်းမျက်မြင်မတွေ့ခဲ့ဖူးသေးချေ။