အခန်း ၈၀
Vol. 8 Ch. 80
အခန်း (၈၀) ချက်ချင်းသတ်ဖြတ်ခြင်း
ချန်ကျောက်မှာ ဒေါသထွက်နေပြီး အခန်းတွင်းရှိ လေထုမှာ အလွန်တင်းမာနေသည်။
သို့သော် ထိုအချိန်တွင် ဆုရှင်းက ညင်သာစွာ ရယ်မောလိုက်ပြီး သူ၏မျက်နှာတွင် အဆုံးအစမဲ့ လှောင်ပြောင်မှုများပြည့်နှက်နေ၏။
"ကျုပ်ကို သင်ခန်းစာပေးမယ်။ ကောင်းပြီ ဒီနေ့ ကျုပ်လည်းခင်ဗျားကို တစ်ခုသင်ပေးမယ်။ ခင်ဗျားကအနားယူသွားပြီ ဆိုမှတော့ သတ္တိကြောင်တဲ့လူတစ်ယောက်လိုပဲ ကောင်းကောင်းနေလိုက်စမ်းပါ။ လက်ရှိသိုင်းလောကက ခင်ဗျား အလွယ်တကူဝင်ပါလို့ ရတဲ့နေရာ မဟုတ်သလို။ ဝင်ပါဖို့လည်း အရည်အချင်းမမီဘူး။"
ဆုရှင်းက သူ၏လက်ချောင်းများကို ဓားတစ်လက်ကဲ့သို့စုစည်းကာ လက်ကိုမြှောက်၍အောက်သို့ ခုတ်ချလိုက်၏။ ပေါ့ပါးကာသာမန်ကာရံဆန်သောခုတ်ချက်ဟု ထင်ရသော်လည်း ရုတ်တရက် ပြင်းထန်သောမီးတောက်များ ပေါက်ကွဲထွက်လာခဲ့သည်။
ကြီးမားလှသော အပူလှိုင်းလုံးကြီးတစ်ခု တိုက်ခတ်သွားပြီး ဓားတစ်လက်ကဲ့သို့ နီရဲသောအလင်းတန်း တစ်ခုက ချန်ကျောက်၏ထွက်ပေါက်အားလုံးကို ချက်ချင်း ပိတ်ဆို့သွားသည်။
နောက်ဆုံးတွင် ကျယ်လောင်သော ဝုန်းခနဲ အသံနှင့်အတူ ချန်ကျောက်မှာ နောက်သို့လွင့်ထွက်သွားပြီး စားပွဲအများအပြားကို ရိုက်ချိုးသွားတော့သည်။
သူ၏ရင်ဘတ်ပေါ်တွင် ကြီးမားသောဓားဒဏ်ရာကြီးတစ်ခု ရှိနေပြီး သူ၏မျက်နှာပြင်မှာ မီးလောင်ကျွမ်းကာအရိုးများနေ၏။
ဝိဇ္ဇာယာနာဗုဒ္ဓလမ်းစဉ် မီးလျှံဓားသွား
မီးလျှံဓားသွားကို မဲဖောက်ရရှိပြီးနောက်၊ ဆုရှင်းက ၎င်းကိုအသက်ကယ်ရန်ဝှက်ဖဲတစ်ခုအနေဖြင့် အသုံးပြုရန်ရည်ရွယ်ထားခဲ့သော်လည်း ဤကဲ့သို့လျှင်မြန်စွာ အသုံးပြုရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အကယ်၍ချန်ကျောက်သာ သူ့ကိုအလွန်အမင်း ဖိအားမပေးခဲ့ပါက ဆုရှင်းက ဤအဖိုးတန်တစ်ခါသုံးပစ္စည်းကို အသုံးပြုခဲ့မည်မဟုတ်ပေ။
ဤနေရာတွင်ရှိနေသူအားလုံး အံ့အားသင့်သွားကြ၏။
ဤအရာက မည်ကဲ့သို့သော သိုင်းပညာမျိုးဖြစ်သနည်း။ မူလချီကို အပြင်ဘက်သို့ထုတ်လွှတ်ခြင်းလော။
မဟုတ်သေးပေ။ ဤအရာက မူလချီအား အပြင်ဘက်သို့ထုတ်လွှတ်လိုက်ခြင်းထက်ပင် ပိုကြောက်စရာကောင်းသေး၏။
ရှန်းထျန်းအဆင့်သိုင်းပညာရှင်များ၏ မူလချီကို အပြင်ဘက်သို့ ထုတ်လွှတ်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်အတွင်းမှ အတွင်းအားများကိုအပြင်ဘက်သို့လွှဲပြောင်းပေးကာအပြင်ဘက်သို့ ထုတ်လွှတ်သော မူလချီအဖြစ် ဖန်တီးခြင်းသာ ဖြစ်သည်။
သို့သော် ထိုထုတ်လွှတ်လိုက်သော မူလချီက ဤကဲ့သို့ တိုက်ရိုက်စွမ်းအင်ပေါက်ကွဲမှုတစ်ခုကို အမှန်တကယ်မထုတ်လွှတ်စေနိုင်ပေ။ မီးလျှံဓားသွားမှာ အလွန်အံ့မခန်းပင်။
ရှန်းထျန်းအဆင့်သုံးဆင့်တွင် ကနဦးချီပင်လယ် အဆင့်က အလွန်ဆုံးမူလချီကို ပေအနည်းငယ် ရှည်လျားသောဓားအရှိန်အဝါအဖြစ်သို့သာ ထုတ်လွှတ်နိုင်ပြီး ၎င်းမှာအတော်လေးထူးချွန်နေပြီ ဖြစ်သည်။
ဆုရှင်း၏တိုက်ခိုက်မှုမှာတော့ ရှန်းထျန်းအဆင့်သုံးဆင့်တွင် ဒဏ္ဍာရီလာ နတ်နန်းတော်အဆင့်နှင့်ပင် နှိုင်းယှဉ်နိုင်ပါသည်။
ဆုရှင်းက ရှန်းထျန်းနတ်နန်းတော်အဆင့်က စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေသည်လော။
လူတိုင်းက ဆုရှင်းကိုတုံ့ဆိုင်းစွာ ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် ဖုံးကွယ်မထားနိုင်သော ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ ခုနက ဆုရှင်း၏တိုက်ခိုက်မှုမှာ အလွန်ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ရှန်းထျန်းချီပင်လယ်အဆင့်ရှိ ချန်ကျောက်မှာ မည်သည့် ခုခံနိုင်စွမ်းမျှမရှိဘဲ ချက်ချင်း အသတ်ခံလိုက်ရသည်။
ဆုရှင်းက မန်ချန်ဟယ် နှင့် အခြားသူများဆီသို့ ဖြည်းညှင်းစွာလျှောက်သွားရာ သူတို့ကိုအလွန် ထိတ်လန့်သွားစေပြီး ချက်ချင်းနောက်ဆုတ်သွားခဲ့ကြ၏။
သူတို့က အလွန်သတ္တိကြောင်နေကြခြင်း မဟုတ်ပါပေ။ ဆုရှင်း၏တိုက်ခိုက်မှုက လွန်စွာကြောက်စရာ ကောင်းနေသောကြောင့်ဖြစ်သည်။
ဤသည်ကိုမြင်သောအခါ ဆုရှင်းက ပြုံးကာ ပြောလိုက်သည်။ "ဒီလောက် စိတ်လှုပ်ရှားမနေပါနဲ့။ ကျွန်တော်ဆုရှင်းက စည်းကမ်းတွေကိုအရမ်း လိုက်နာတဲ့သူပါ။ ငါတို့အားလုံးက ချန်နင်စီရင်စုမှာ အသက်မွေးဝမ်းကျောင်းပြုနေကြတာလေ။ ငါတို့ စည်းကမ်းတွေကိုလိုက်နာရင် လူတိုင်းအတွက် ကောင်းနေမှာမဟုတ်လား...ဂိုဏ်းချုပ်မန်။"
မန်ချန်ဟယ်၏မျက်နှာမှာ နီရဲသွားပြီးနောက် ဖြူလျော့သွားသော်လည်း သူက ပြန်လည်ချေပပြောဆိုရန်ပင်သတ္တိမရှိတော့ချေ။
တကယ်တမ်းတွင် ဆုရှင်းက သူရဲကောင်းသုံးဖော်အသင်းပြဿနာကို ဤနေရာတွင် ဖြေရှင်းချင်ခဲ့သော်လည်း ၎င်းမှာမဖြစ်နိုင်တော့ပေ။
မီးလျှံဓားသွားက တစ်ခါသုံးပစ္စည်းတစ်ခုသာဖြစ်ပြီး ၎င်းကိုတစ်ကြိမ်အသုံးပြုလိုက်ခြင်းက ဆုရှင်း၏အတွင်းအား ထက်ဝက်နီးပါးကို ကုန်ဆုံးသွားစေခဲ့၏။
မန်ချန်ဟယ် နှင့် အခြားသူများက ခုနက မီးလျှံဓားသွားကြောင့် တုန်လှုပ်နေဆဲဖြစ်ပြီး သူတို့၏တိုက်ခိုက်ရေးစွမ်းအားများစွာလျော့ကျသွားစေသော်လည်း သူရဲကောင်းသုံးဖော်အသင်းတွင် အခြားအဖွဲ့ဝင်များ ရှိနေသေးသည်။
အကယ်၍ ဆုရှင်းက သူတို့ထင်ထားသကဲ့သို့ မသန်မာကြောင်း သူတို့သိရှိသွားပါက အခြေအနေများတကယ်ဆိုးရွားသွားပေလိမ့်မည်။
သူရဲကောင်းသုံးဖော်အသင်း နှင့် လောလောဆယ် မတိုက်ခိုက်ချင်သေးသဖြင့် ဆုရှင်းက မန်ချန်ဟယ်ကို လှောင်ပြောင်နေခြင်းကို ရပ်လိုက်ပြီး ဘေးတွင်ငေးမောစွာရပ်နေသော မာချင်းယွမ် နှင့် ချန်ဟုန်တို့ထံသို့ သူ၏အာရုံကို ပြောင်းလိုက်၏။
သူတို့က ငွေနှစ်သန်းကိုယူကာ သိုင်းလောက မှအနားယူပြီး သူတို့၏ဘဝတစ်သက်တာလုံး သူဌေးကြီးများအဖြစ် သက်သောင့်သက်သာ နေထိုင်နိုင်ခဲ့သည်။
ကံမကောင်းစွာဖြင့် သူတို့က သူတို့၏အာဏာကို မစွန့်လွှတ်နိုင်ဘဲ ငွေနှစ်သန်းဖြင့် နောက်တစ်ကြိမ် လောင်းကစားလုပ်ချင်ခဲ့ကြ၏။ ယခုကြည့်ရသည်မှာ ဤလူနှစ်ဦးရှုံးနိမ့်သွားပြီး အကြီးအကျယ် ရှုံးနိမ့်သွားပုံရပါသည်။
ဆုရှင်း သက်ပြင်းချလိုက်သည်။ "ငါမင်းတို့ကို အခွင့်အရေး နှစ်ခါပေးခဲ့တယ်။ မိုးပြာဝါးဂိုဏ်းရဲ့ ငွေတစ်ဝက်ကိုယူပြီး မင်းတို့ထွက်ပြေးသွားတာတောင် မင်းတို့နောက်ကိုလိုက်ဖမ်းဖို့ ငါဘယ်သူ့ကိုမှ မလွှတ်ခဲ့ဘူး။"
"ဒါပေမဲ့ ဒီတစ်ခါတော့ မင်းတို့ကငါ့အိမ်တံခါးဝကို ကိုယ်တိုင်လာပို့ပေးတာဆိုတော့ ငါ့ကိုအပြစ်တင်လို့ မရဘူး။ ဒီအလုပ်မှာ အမှားတစ်ခုခုလုပ်မိရင် အကျိုးဆက်ကိုခံယူရမယ် မဟုတ်ဘူးလား။"
ဆုရှင်း စကားပြောပြီးသည်နှင့် သူ၏ခါးရှိယိုဓားရှည်ကို ဆွဲထုတ်လိုက်၏။ မည်သူကမျှ သူဓားကို မည်သို့ဆွဲထုတ်လိုက်သည်ကို မမြင်လိုက်ရလောက်အောင် မြန်ဆန်လွန်းလှသည်။
ဓားမှာ သူ၏လက်ထဲတွင် မျက်စိတစ်မှိတ်အတွင်း ပေါ်လာသကဲ့သို့ပင်။
ဤနေရာတွင်ရှိနေသူ အားလုံး သူတို့၏မျက်ခွံများ ထပ်မံလှုပ်ရွသွားသည်ကို ခံစားလိုက်ရသည်။
ခုနက မီးလျှံဓားသွားက အလွန်အံ့မခန်းဖြစ်ပြီး သူတို့၏မျက်လုံးများကို မယုံနိုင်အောင်ဖြစ်စေခဲ့လျှင် ဤမြန်ဆန်သောဓားသိုင်းက ဆုရှင်း၏စစ်မှန်သောခွန်အားကိုသက်သေပြရန် လုံလောက်နေပါသည်။
ဆုရှင်း၏ဓားမှာ အလွန်မြန်ဆန်ကြောင်း သူတို့ ကြားဖူးသည်မှာကြာပြီဖြစ်သော်လည်း မည်မျှ မြန်ဆန်ကြောင်းကို မည်သူကမျှ တကယ်မသိခဲ့ကြချေ။
ယခု သူတို့မြင်တွေ့လိုက်ရသည်မှာ ဤဓားချက်ကို သူတို့ခုခံနိုင်မည်ဆိုလျှင်ပင် သူတို့အလွန် သတိထားရပါလိမ့်မည်။ ထိုသို့မဟုတ်ပါက နေရာတိုင်းတွင်ရှိနေပြီး ကြောက်မက်ဖွယ်ကောင်းသော မြန်ဆန်သောဓားသိုင်းက သူတို့၏လည်ပင်းကို အချိန်မရွေးလှီးဖြတ်သွားနိုင်သောကြောင်းဖြစ်သည်။
ဓားရှည်က ထူးဆန်းသော တုန်ခါနှုန်းဖြင့် ကောင်းကင်ကိုဖြတ်သန်းသွားကာ ချန်ဟုန်ဆီသို့ ထိုးစိုက်သွားလေ၏။ ၎င်း၏ဓားအလင်းတန်းမှာ ကြယ်ပျံတစ်စင်းကဲ့သို့ ချန်ဟုန်၏ရှေ့တွင် မျက်စိတစ်မှိတ်အတွင်း ထွက်ပေါ်လာခဲ့သည်။
အဆင့်ကျော်ဖြတ်ခြင်းများက သေခြင်းရှင်ခြင်း အခိုက်အတန့်ကြားတွင် အများဆုံးဖြစ်ပေါ်တတ်၏။ အကယ်၍ ချန်ဟုန်သာ သူ၏ပုံမှန် အခြေအနေတွင်ရှိနေပါက ဆုရှင်း၏ဓားချက်ကို လုံးဝခုခံနိုင်မည်မဟုတ်ပေ။
သို့သော် ယခင်က ရုတ်တရက်စိတ်ကူးဉာဏ် ရသွားသည့်အလား သူက သူ၏အိတ်ကပ်ထဲမှ ဓားမြှောင်ကိုမသိစိတ်ဖြင့် ဆွဲထုတ်ကာ သူ၏ရှေ့တွင် ကာထားလိုက်ရာဓားကို အမှန်တကယ်တားဆီးနိုင်ခဲ့၏။
သို့သော် သူဝမ်းသာအားရမဖြစ်နိုင်မီမှာပင် ဓားထံမှကြီးမားလှသော လှိုင်းလုံးကြီး တစ်ခု ပေါက်ကွဲထွက်လာပြီး သူ၏သံမဏိဓားမြှောင်ကို ကြေမွသွားစေခဲ့၏။
ယိုဓားရှည်မှာ သူ၏လည်ချောင်းကို ချက်ချင်းထိုးဖောက်သွားတော့သည်။
သူ၏ဘေးတွင်ရပ်နေသော မာချင်းယွမ် က ချက်ချင်းအထိတ်တလန့်အော်ဟစ်လိုက်ပြီး မန်ချန်ဟယ်ကို အော်ပြောလိုက်၏။ "ဂိုဏ်းချုပ်မန် ကျွန်တော့်ကို ကယ်ပါဦး။ ကျွန်တော့်ပိုက်ဆံတွေ အကုန်လုံး ခင်ဗျားကိုပေးပြီးပြီလေ။"
"ပါးစပ်ပိတ်ထားစမ်း။"
မန်ချန်ဟယ်ဟိန်းဟောက်လိုက်ပြီး သူ၏တာ့ရွှိုက်ပိုင်လက်ဝါးကို ထုတ်လွှတ်လိုက်ရာ ထိုလူ၏အတွင်းကလီစာများကို ရိုက်ချက် တစ်ချက်တည်းဖြင့်ကြေမွသွားစေပြီး ချက်ချင်း သေဆုံးသွားစေခဲ့သည်။
"ကျွတ်...ကျွတ်။ ဂိုဏ်းချုပ်မန်က အတော်လေးရက်စက်တာပဲ။ ဘာပဲဖြစ်ဖြစ် သူကခင်ဗျားကို ပိုက်ဆံတွေ အကုန်ပေးခဲ့တာပဲကို။" ဆုရှင်းက မဲ့ပြုံး ပြုံးကာပြောလိုက်၏။
"ဟမ့် သွားကြစို့။" မန်ချန်ဟယ်အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏လူများနှင့်အတူ လှည့်ထွက်သွားတော့သည်။
ဒွမ့်ရှောင် နှင့် နင်လော့ကျွင်းတို့သည် ခေါင်းယမ်းကာ မန်ချန်ဟယ် နှင့်အတူ ထွက်သွားကြ၏။
ယနေ့ ရှန်းလုံစားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော ဇာတ်လမ်းမှာ ဟာသတစ်ခုသက်သက်သာဖြစ်ခဲ့၏။ ၎င်းက ဆုရှင်း၏ဂုဏ်သတင်းကို ပိုမိုမြှင့်တင်ပေးခဲ့သို သူရဲကောင်းသုံးဖော်အသင်းကိုလည်း လုံးဝ မျက်နှာပျက်စေခဲ့သည်။
မန်ချန်ဟယ်က ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ခဲ့သည့်အတွက် သူတို့က တိတ်တဆိတ်မကျေနပ်ခဲ့ကြသော်လည်း ကိစ္စကပြီးသွားပြီဖြစ်ပြီး နောက်ထပ် ထပ်ပြောဆိုနေခြင်းက သူတို့ကို ရယ်စရာသက်သက်သာဖြစ်စေလိမ့်မည်။
အခြားသူများလည်း နှုတ်ဆက်သည့်အနေဖြင့် လက်ယှက်လိုက်ကြသော်လည်း ဤတစ်ကြိမ်တွင် သူတို့ ဆုရှင်းနှင့် စကားပြောသောအခါ ယခင်က ရှန်းလုံစားသောက်ဆိုင်ဆီသို့ရောက်လာစဉ်က သူတို့ ပေးခဲ့သော ဂရုမစိုက်သည့်နှုတ်ဆက်မှုမျိုး မဟုတ်တော့ပေ။
ခွန်အားက သူ့ဘာသာသူစကားပြောသွားခဲ့၏။ ဆုရှင်းက ယခုအခါ သူတို့၏အာရုံစိုက်မှုနှင့် ထိုက်တန်နေလေပြီ။
ဆုရှင်း ပြတင်းပေါက်မှ အပြင်သို့ကြည့်လိုက်သည်။ အထပ်ခုနစ်ထပ်ရှိသော ရှန်းလုံ စားသောက်ဆိုင်က ချန်နင်စီရင်စုတွင် အမြင့်ဆုံး အဆောက်အအုံဖြစ်သည်။
ဤနေရာတွင်ရပ်နေပါက ချန်နင်စီရင်စု တစ်ခုလုံးကို အပြည့်အဝမြင်တွေ့နိုင်ပါသည်။
တစ်နေ့ကျရင် ချန်နင်စီရင်စုတစ်ခုလုံးကို အပေါ်စီးမှငုံ့ကြည့်မည်ဟု သူ၏ဂိုဏ်းကိုတစ်ခါက သူပြောခဲ့ဖူးသည်။ ယခု သူ့ကတိတည်သွားပြီလော။
ခဏတာကြည့်ပြီးနောက် ဆုရှင်းခေါင်းယမ်းလိုက်ပြီး ပြောလိုက်၏။ "သွားကြစို့။ ဟာသပြဇာတ်ပြီးသွားပြီ ငါတို့လည်းသွားသင့်ပြီ။"
ဟွမ်ပင်းချန် နှင့် လီဟွိုင်တို့က ဆုရှင်း သူတို့ကို ခေါ်လိုက်သည်ကိုကြားသောအခါ အနည်းငယ် ကြောင်တောင်တောင်ဖြစ်နေဆဲဖြစ်ပြီး ရှန်းလုံ စားသောက်ဆိုင်မှ ဆုရှင်းနောက်သို့ အလျင်အမြန် လိုက်လာကြသည်။
"ဟွမ်ကြီး။ ဒီည ကျန်းရန်ဂိုဏ်းကို အပြည့်အဝ တိုက်ခိုက်ဖို့စီစဉ်လိုက်" ဆုရှင်းက အမိန့်ပေးလိုက်၏။
ယနေ့ ကျန်းရန် ဂိုဏ်း၏ဂိုဏ်းချုပ်နှင့် ဒုဂိုဏ်းချုပ်တို့မှာ ကြောက်လန့်လုမတတ်ဖြစ်သွားကြသည်။ ဤအရာက ကျန်းရန်ဂိုဏ်းတစ်ခုလုံးကို ချေမှုန်းရန်အတွက် အားစိုက်မှုသက်သာသွားစေလိမ့်မည်။
ဟွမ်ပင်းချန်ကို အမိန့်ပေးပြီးနောက် ဆုရှင်းက ပတ်ဝန်းကျင်ကို ပေါ့ပေါ့ပါးပါးကြည့်ရှုလိုက်၏။ ဆုရှင်း ချန်နင်စီရင်စု၏အလယ်ဗဟိုအကျဆုံး ကုန်သွယ်ရေးနယ်မြေဖြစ်သော ချန်သယ်ရပ်ကွက်ထံသို့ရောက်ဖူးသော်လည်း ပတ်ဝန်းကျင်ကို သေချာဂရုတစိုက်မကြည့်ခဲ့ဖူးချေ။
ယခင် တာ့ကျိူးမြို့တော်၏အလယ်ဗဟိုဖြစ်ခဲ့သည့်အလျောက် ဤနေရာက အခြားနယ်မြေများထက် အမှန်တကယ်ပင် ပိုမိုစည်ကားဖွံ့ဖြိုးနေပါသည်။
သို့သော် အာရုံအဖမ်းစားနိုင်ဆုံးအရာမှာ တရုတ်လူမျိုးမဟုတ်သောအချို့က ဒေသခံများ သို့မဟုတ် ဗဟိုလွင်ပြင်မှကုန်သည်များနှင့် ဒေသထွက်ကုန်ပစ္စည်းများကိုရောင်းဝယ်ဖောက်ကားနေခြင်းပင်။
ချန်နင်စီရင်စု၏အထူးခြားဆုံးအချက်မှာ တောင်ပိုင်းလူရိုင်းနယ်မြေ နှင့် အနီးဆုံးမြို့ဖြစ်ခြင်းပင်။ နွေရာသီတိုင်း တောင်ပိုင်း လူရိုင်းမျိုးနွယ်စု အများအပြားက တာ့ကျိူးကုန်သည်များနှင့် ကုန်သွယ်ရန် မြို့သို့ လာရောက်ကြပြီး အပြင်ဘက်မှကုန်သည် ယာဉ်တန်းအများအပြားလည်း ဤနေရာသို့ လာရောက်ဝယ်ယူကြ၏။
ထို့ကြောင့် ချန်နင်စီရင်စုက သယံဇာတ မပေါကြွယ်ဝဘဲ ဆင်းရဲနွမ်းပါးသူအများအပြားရှိသော်လည်း ၎င်း၏ကူးသန်းရောင်းဝယ်ရေးမှာ အလွန်ဖွံ့ဖြိုးတိုးတက်ပြီး ဗဟိုလွင်ပြင်ရှိမြို့ကြီးအချို့နှင့်ပင် နှိုင်းယှဉ်နိုင်ပါသည်။
ဆုရှင်းက ဤတောင်ပိုင်းလူရိုင်းမျိုးနွယ်စုများကို သေချာစွာလေ့လာစောင့်ကြည့်လိုက်၏။ သူတို့က ဗဟိုလွင်ပြင်မှ လူများနှင့် သိပ်မကွာခြားသော်လည်း သူတို့၏အသားအရေမှာ အလွန်မည်းမှောင်ပြီး သူတို့၏အဝတ်အစားများမှာလည်း အလွန်ထူးဆန်းလှသည်။
သူတို့က နားလည်ရခက်သောနိုင်ငံခြား လေယူလေသိမ်း သို့မဟုတ် မပီမသတာ့ကျိူး တရုတ်စကားဖြင့် ကုန်သည်အချို့နှင့် ဈေးဆစ်နေကြ၏။
ဆုရှင်းက ဤတောင်ပိုင်းလူရိုင်းကုန်သည်များကို စိတ်ဝင်စားနေသည်ကိုမြင်သောအခါ ဟွမ်ပင်းချန်က အလျင်အမြန်မေးလိုက်သည်။ "ခေါင်းဆောင် ဒီတောင်ပိုင်းလူရိုင်းတွေဆီကနေ ဝယ်ချင်တာ တစ်ခုခုရှိလို့လား။"
ဆုရှင်း ခေါင်းယမ်းလိုက်၏။ "မရှိပါဘူး ဒီတိုင်း ကြည့်နေတာပါ။ လင်းယုန်ပျံဂိုဏ်းက အရင်က ဒီတောင်ပိုင်းလူရိုင်းမျိုးနွယ်စုတွေဆီကနေ တစ်ခုခု ဝယ်ဖူးလား။"
ဟွမ်ပင်းချန် ခေါင်းညိတ်လိုက်သည်။ "သေချာတာပေါ့ ဝယ်ဖူးပါတယ်။ ဒီတောင်ပိုင်းလူရိုင်းမျိုးနွယ်စုတွေဆီက ပစ္စည်းအများစုက ငါတို့အတွက် အသုံးမဝင်ဘဲ ဗဟိုလွင်ပြင်ကကုန်သည်တွေချည်းဝယ်သွားကြပေမဲ့ သူတို့ဆီမှာပစ္စည်းကောင်းတွေ အများကြီး ရှိပါသေးတယ်။"
"ဥပမာအားဖြင့် တောင်ပိုင်းကမျိုးနွယ်စု တစ်ခုက သူတို့မျိုးနွယ်စုရဲ့ နတ်ဆရာကျိုချက်ထားတယ်လို့ ဆိုတဲ့ ဆေးအရက်တစ်မျိုးယူလာတတ်တယ်။ အဲဒါက ပြင်ပဒဏ်ရာတွေကို ကုသတဲ့နေရာမှာ အကောင်းဆုံးဒဏ်ရာလိမ်းဆေးထက်တောင် ပိုပြီး အံ့မခန်းထိရောက်တယ်လို့ ဆိုကြတယ်။"
"ဒါပေမဲ့ အဲဒီမှာ ဆေးအရက်သိပ်အများကြီးမထုတ်လုပ်နိုင်ဘူး။ နှစ်စဉ်နွေရာသီအလယ်လောက်မှာ ဒီတောင်ပိုင်းလူရိုင်းတွေက ကုန်ပစ္စည်းတွေနဲ့ဒေသထွက်ပစ္စည်း အများအပြားကို ကုန်သွယ်ဖို့ ယူလာတဲ့အချိန်မှာ နည်းနည်းပဲယူလာကြတာ။"
"အခုက အချိန်ကျနေပြီဆိုတော့။ တောင်ပိုင်း လူရိုင်းအများအပြားက ပစ္စည်းတွေနဲ့ကြိုရောက်နေကြပြီ။ အဓိက အင်အားစုကတော့ နောက်ထပ် တစ်လလောက်မှ ရောက်လာလိမ့်မယ်။"
"သူတို့ပစ္စည်းတွေကို ဘယ်လောက်နဲ့ရောင်းလဲ။" ဆုရှင်းက မေးလိုက်၏။
"သေချာတာပေါ့အရမ်းဈေးပေါပါတယ်။ မဟုတ်ရင်အပြင်က ကုန်သည်ယာဉ်တန်းတွေက ဒီကိုလာဖို့ ဓားပြတွေပေါများတဲ့ ရှန်းနန်တောနက်ကိုဖြတ်ကျော်ဖို့ အစွမ်းထက်တဲ့သက်တော်စောင့်တွေ ငှားဖို့ နှစ်စဉ်နွေရာသီတိုင်းပိုက်ဆံအများကြီးသုံးနေမှာ မဟုတ်ဘူးလေ။"
"ကြီးမားတဲ့တောင်ပိုင်းလူရိုင်းမျိုးနွယ်စုတချို့က အလဲအလှယ်အနေနဲ့ ရွှေ၊ ငွေ ဒါမှမဟုတ် ကျောက်စိမ်းတွေကို တောင်းဆိုတတ်ပေမဲ့။ တချို့ သေးငယ်တဲ့တောင်ပိုင်းလူရိုင်းမျိုးနွယ်စုတွေကတော့ အိမ်သုံးပစ္စည်း ဒါမှမဟုတ် အစားအသောက်ကိုပဲ တောင်းဆိုတတ်လို့ အဲဒါက အလကား ပေးလိုက်သလိုပါပဲ။"
ဟွမ်ပင်းချန်ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်၏။ "ဒါပေမဲ့ တောင်ပိုင်းလူရိုင်းတချို့ကို လှည့်စားဖို့က အတော်လေးခက်ပါတယ်။ သူတို့ထဲက တချို့ဆို တာ့ကျိူးရဲ့ဒေသသုံးစကားကိုတောင် သင်ယူထားပြီး အဲဒီကုန်သည်တွေနဲ့ဈေးဆစ်တဲ့အခါ လုံးဝနောက်မတွန့်ကြဘူး။"
သေချာသည်မှာ ထိုကဲ့သို့သော တောင်ပိုင်းလူရိုင်းများမှာ တောင်ပိုင်းလူရိုင်းမျိုးနွယ်စုအားလုံးထဲတွင်ပင် ရှားပါးလှသည်။
ထို့အပြင် တောင်ပိုင်းလူရိုင်းမျိုးနွယ်စုအသီးသီးက အပြင်ပန်းတွင် ခင်မင်ရင်းနှီးဟန်ပြသော်လည်း အတွင်းစိတ်တွင်မူ သဘောထားကွဲလွဲနေတတ်ပြီး မည်သည့်အရာကိုမျှ ပုံသေဈေးနှုန်းသတ်မှတ်လေ့ မရှိကြပေ။
ထို့ကြောင့် ဤတောင်ပိုင်းလူရိုင်းဒေသထွက် ပစ္စည်းများ၏ဈေးနှုန်းများမှာ တစ်နှစ်နှင့်တစ်နှစ်အတက်အကျရှိပြီး ပုံသေဈေးနှုန်းလုံးဝမရှိလုနီးပါးပင်။
ဆုရှင်း နားလည်ကြောင်းခေါင်းညိတ်ပြလိုက်၏။ သူ၏စိတ်ထဲတွင် အစီအစဉ်တစ်ခုတဖြည်းဖြည်း ထွက်ပေါ်လာသော်လည်း ၎င်းကိုအရင်ဆုံးစုံစမ်းစစ်ဆေးပြီးထပ်စီစဉ်ရန် လိုအပ်နေသေးသည်။