အခန်း ၁၇၁
Vol. 18 Ch. 171
အခန်း ၁၇၁
တရားစွဲဆိုခြင်း
တန်ယန် ဘေရှားကျွန်းတွင် အပန်းဖြေနေစဉ် အတောအတွင်း ဘေဂျင်း 'ယိရှင်း' ဥပဒေအကျိုးဆောင် လုပ်ငန်း၏ အကြီးအကဲဖြစ်သူ ဇန်မင်ကျန့်သည် ဖိုရမ်ပေါ်ရှိ ကောလာဟလများကို ဖြေရှင်းရန် စတင် လှုပ်ရှားတော့သည်။
"ရှေ့နေဇန်... မစ္စတန်ယန်ရဲ့ ကိုယ်ကျင့်တရား မကောင်းဘူးဆိုတဲ့ သတင်းမှားတွေ Weibo ပေါ်မှာပါ ပျံ့နေတယ် ကျွန်တော်တို့ နောက်ကြောင်းလိုက်ကြည့်တော့ အဲဒီသတင်းရင်းမြစ်ဟာ ဟွာဒါတက္ကသိုလ် ဖိုရမ်က IP လိပ်စာနဲ့ တစ်ခုတည်း ဖြစ်နေတာကို တွေ့ရတယ်"
"ငါ့ကိုပြစမ်း"
ဇန်မင်၏ လက်ထောက်ဖြစ်သူက iPad ကို ယူဆောင်လာပေးသည်။
ဇန်မင် ကြည့်လိုက်သည့်အခါ ဈေးကွက်မြှင့်တင်ရေး အကောင့်များအပြင် ဘလော့ဂါ အငယ်စားလေး တစ်ဦးကိုပါ တွေ့လိုက်ရသည်။ ထိုသူမှာ တန်ယန်၏ အခန်းဖော် တစ်ဦးဖြစ်သူ ကျောက်ယွိချင်းပင်ဖြစ်ပြီး သူမသည် ဟွာဒါဖိုရမ်တွင် ပြဿနာရှာခဲ့သည့် အကောင့်များထဲမှ တစ်ခုလည်း ဖြစ်နေသည်။
ဇန်မင်သည် ကျောက်ယွိချင်း၏ Weibo ပို့စ်ကို နှိပ်ကြည့်လိုက်ရာ အောက်ပါ မှတ်ချက်များကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရသည်။
【ငါ့ကို ကိုယ်ကျင့်တရား မကောင်းဘူးလို့ ပြောတာလား အထောက်အထားပြလေ သူမက ဘယ်လိုမျိုး ကိုယ်ကျင့်တရား ပျက်ပြားနေလို့လဲ】
【ဟုတ်တယ် ပြောပြစမ်းပါဦး】
【မင်းတို့ ရှူးဂါးဖန်တွေ ရူးနေကြတာလား ဘာလို့ ဒဏ်ရာပေါ် ဆားနဲ့ပက်နေကြတာလဲ သူတို့က အခု အဆင်ပြေသွားပြီလို့ ပြောပြီးပြီပဲ မင်းတို့က ဘာတွေ ထပ်လိုချင်နေသေးတာလဲ】
【အခုမှ အဆင်ပြေတာဆိုတော့ အရင်က အဆင်မပြေခဲ့ဘူးပေါ့ ဘယ်လောက်တောင် ဆိုးခဲ့လို့လဲ အဲဒါက တန်ယန်နဲ့ ပတ်သက်နေတာလား၊ မပတ်သက်ဘူးလား စကားကို တစ်ဝက်တစ်ပျက်ပဲ ပြောနေရင်တော့ တစ်နေ့နေ့ အသေအရိုက်ခံရလိမ့်မယ်】
......
ဇန်မင် မျက်မှောင်ကြုတ်လိုက်မိသည်။ ကျောက်ယွိချင်း၏ တမင်သက်သက် ဝေဝါးအောင် လုပ်ဆောင်မှုများက အင်တာနက် အသုံးပြုသူများအကြား ထင်ကြေးအမျိုးမျိုး ပေးစရာ ဖြစ်လာစေခဲ့သည်။ သူမ တန်ယန်ကို အနိုင်ပိုင်းနိုင်မည်ဟု တကယ်ပဲ ယုံကြည်နေသည်လား။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် သူမအနေဖြင့် ဘာအကျိုးအမြတ် ရနိုင်မလဲ ဆိုသည်ကို သူတကယ်ပင် စဉ်းစား၍ မရပေ။
သို့သော်လည်း သူမ၏ လုပ်ဆောင်ချက်များသည် တန်ယန်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်မှာမူ အသေအချာပင်။ သူ သက်သေအထောက်အထားများကို သိမ်းဆည်းပြီးနောက် အကြိမ် ၅၀၀ ထက်မနည်း ပြန်လည်မျှဝေခြင်း ခံထားရသည့် ဈေးကွက်မြှင့်တင်ရေး အကောင့်များကို တရားစွဲဆိုလိုက်ပြီး ယိရှင်းဥပဒေ အကျိုးဆောင်လုပ်ငန်း ဘေဂျင်းဌာနခွဲ၏ တရားဝင် Weibo အကောင့်တွင် တရားစွဲဆိုမှုဆိုင်ရာ အကြောင်းကြားစာကို တင်လိုက်သည်။
ကျောက်ယွိချင်းသည် သူမ၏ သာမန်ကာလျှံကာ Weibo ပို့စ်လေး တစ်ခုက ဤကဲ့သို့ တရားစွဲဆို ခံရသည့်အထိ ဖြစ်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ သူမသည် တရားစွဲဆိုစာကို လက်ခံရရှိသည့်အခါ ချက်ချင်းပင် ထိတ်လန့် တုန်လှုပ်သွားသည်။
"ကျောက်ယွိချင်း... နင် တရားစွဲခံ လိုက်ရတာလား"
ဟူခဲ့ခဲ့ သူမ၏ စိတ်ပျက်အားငယ်နေသော မျက်နှာပေးနှင့် လက်ထဲရှိ တရားစွဲဆိုစာကို ကြည့်ကာ မေးလိုက်သည်။
"ကျောက်ယွိချင်း နင် တန်ယန်ကို သေသေချာချာ တောင်းပန်သင့်တယ် ဖိုရမ်ပေါ်မှာ နင်ပြောခဲ့တဲ့ စကားတွေက တန်ယန်ရဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်စေခဲ့တာ"
ဟု ကျန်းလီ ပြောလိုက်သည်။ သူမအနေဖြင့် ကျောက်ယွိချင်း၏ လုပ်ရပ်ကို လုံးဝ သဘောမကျသော်လည်း ဟွာဒါတက္ကသိုလ်သို့ တက်ရောက်ခွင့် ရရန်မှာ မလွယ်ကူလှပေ။ အကယ်၍ ရာဇဝတ်မှုမှတ်တမ်းသာ ရှိသွားပါက ကျောက်ယွိချင်း၏ အနာဂတ်မှာ ပျက်စီးသွားပေလိမ့်မည်။
"နင်နဲ့ဘာဆိုင်လို့လဲ"
ဟု ကျောက်ယွိချင်း အော်လိုက်သည်။ သူ သူတို့၏ ဟန်ဆောင်ပန်ဆောင် ဂရုစိုက်မှုများကို မလိုချင်ပေ။
"နင်ကတော့ တကယ်ကို အကောင်းနဲ့အဆိုးကို မသိတာပဲ နင်လုပ်ချင်သလိုသာ လုပ်စမ်းပါ တို့တွေကပဲ နင့်ကို ဂရုစိုက်နေမိတာ"
ဟု ဟူခဲ့ခဲ့ ဒေါသတကြီး ပြောလိုက်သည်။
"နင့်ဘာသာနင်ပဲ စိတ်အေးအေး ထားလိုက်တော့"
ဟု ကျန်းလီ ပြောပြီးနောက် ဟူခဲ့ခဲ့ကို အဆောင်ခန်းထဲမှ ဆွဲထုတ်ခေါ်သွားသည်။
အဆောင်ခန်းထဲတွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်သွားပြီး ကျောက်ယွိချင်း သူမ၏လက်များ တုန်ယင်နေသည်ကို ခံစားနေရသည်။ မနေ့ကတင် Weibo ပေါ်တွင် ဖန်များတိုးလာ၍ ဂုဏ်ယူဝင့်ကြွား နေခဲ့သော်လည်း ယခုမူ အေးစက်လှသော ရေကန်အောက်ခြေသို့ ရောက်ရှိနေသကဲ့သို့ အသက်ရှူရ ကြပ်လှသော ခံစားချက်ကို ရရှိနေသည်။
သို့သော် သူ့ကို ကူညီနိုင်မည့်သူ မရှိပါ။ ထိုသို့ ထိတ်လန့်နေစဉ်အတွင်း လူတစ်ယောက်ကို သတိရသွားသည်။ ဖုန်းကိုကောက်ကိုင်ကာ ထိုသူ၏ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
သို့သော် ဖုန်းလက်ခံစက်မှ ထွက်ပေါ်လာသော အချက်ပြသံက သူမ၏ နောက်ဆုံး မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သည်။ ဤသည်မှာ သူ ဘလော့ခံလိုက်ရပြီ ဖြစ်သည်။
ဘာကြောင့် ဒီအခြေအနေအထိ ရောက်လာရသလဲ ဆိုသည်ကို သူမကိုယ်တိုင် မသိတော့ပေ။ မနာလိုစိတ်ကြောင့် အရာအားလုံး ဖြစ်ပျက်ခဲ့သည်လား။ ငယ်စဉ်ကတည်းက သူမသည် အခြားသူများ၏ မျက်စိထဲတွင် လိမ္မာရေးခြားရှိသော မိန်းကလေးတစ်ဦး ဖြစ်ခဲ့သည်။ သာမန်မိသားစုမှ မွေးဖွားလာသူ ဖြစ်သော်လည်း မိဘများ၏ အချစ်တော် ရတနာတစ်ပါးလည်း ဖြစ်ခဲ့သည်။
နောက်ဆုံးတွင် ဟွာဒါတက္ကသိုလ်သို့ တက်ရောက်ခွင့် ရခဲ့ပြီး မိဘများ၏ ဂုဏ်ယူစရာ ဖြစ်လာခဲ့သော်လည်း ယခုမူ သူမ၏ဘဝကို သူမကိုယ်တိုင် ဖျက်ဆီးမိလေပြီ။
လူတစ်ယောက်နှင့် တစ်ယောက်ကြားက ကွာဟချက်ကို ဘယ်အချိန်တွင် စတင် ခံစားခဲ့ရသနည်း။ ထိုအရာမှာ အထက်တန်းကျောင်းသား ဘဝကတည်းက ဖြစ်ပုံရသည်။ သူမ၏ အတန်းထဲတွင် စာသိပ်မတော်သော်လည်း မိသားစုမှာ အလွန်ချမ်းသာသည့် မိန်းကလေးတစ်ဦး ရှိသည်။ ထိုမိန်းကလေး၏ ပတ်ပတ်လည်တွင် အတန်းဖော်များစွာ အမြဲဝိုင်းနေတတ်သည်။ သူမက မာန်တက်နေသော ငန်းဖြူတစ်ကောင်ကဲ့သို့ ကျောက်ယွိချင်းကို အမြဲတမ်း အထင်အမြင်သေးသော အကြည့်ဖြင့် ငုံ့ကြည့်လေ့ရှိသည်။
ထိုအချိန်မှစ၍ သူမ အလွန် ချမ်းသာချင်လာခဲ့သည်။ ထို့ကြောင့် မိတ်ကပ်လိမ်းခြယ်ခြင်းနှင့် ဖက်ရှင်ပိုင်းကို စတင်လေ့လာခဲ့ပြီး လူတိုင်းပြောစမှတ် ပြုရသည့် 'ကျောင်းဝင်းနတ်ဘုရားမ' အဖြစ် ပြောင်းလဲခဲ့သည်။ နောက်ပိုင်းတွင် Weibo အကောင့်တစ်ခု ဖွင့်လိုက်ပြီး အွန်လိုင်းမှတစ်ဆင့် ပိုက်ဆံ အတော်အတန် ရှာနိုင်လာခဲ့သည်။
ထိုအချိန်မှစ၍ သူမ၏ ပတ်ပတ်လည်တွင်လည်း အတန်းဖော်များစွာ ဝိုင်းအုံလာကြသည်။ ချမ်းသာသော မိသားစုမှ ထိုမိန်းကလေးထက် ပိုသာကြောင်း အမြဲ သက်သေပြလိုခဲ့သဖြင့် စာကို ကြိုးစားသင်ယူခဲ့ပြီး အမြဲတမ်း အတန်းထဲတွင် ထိပ်ဆုံး၌ ရှိနေအောင် ကြိုးစားခဲ့သည်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအပြီးတွင် ပြည်ပသို့ ပညာသင်သွားခဲ့ပြီး ဟွာဒါတက္ကသိုလ်သို့ တက်ရောက်ခွင့် ရရှိခဲ့သည်။
သူမ မျှော်လင့်ခဲ့သော တက္ကသိုလ်ဘဝမှာ တန်ယန်နှင့် စတင်တွေ့ဆုံသည့် ပထမဆုံးနေ့မှာပင် ရိုက်ချိုးခံလိုက်ရသည်။ ဤမိန်းကလေးမှာ လှပပြီး ကျော်ကြားရုံတင် မကဘဲ အလွန်အမင်းလည်း ချမ်းသာလွန်းလှသည်။ သူအမုန်းဆုံးသော လူစားမျိုးပင်။
အကယ်၍ ထိုမျှလောက်သာဆိုလျှင် သူမ၏ ခံစားချက်များကို ထိန်းချုပ်နိုင်ပါသေးသည်။ သို့သော် ညစာစားပွဲနေ့တွင် သူမ၏နှလုံးသားကို လှုပ်ခတ်စေခဲ့သော အမျိုးသားနှင့် တွေ့ဆုံခဲ့ရသည့်အခါ မနာလိုစိတ်မှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့ပြီး နောက်ပိုင်းကိစ္စရပ်များ ဖြစ်လာခဲ့ရခြင်းပင် ဖြစ်၏။
သို့သော် တန်ယန်ကလည်း လွန်လွန်းပါသည်။ သူမအနေဖြင့် မှတ်ချက်အချို့ကိုသာ ရေးသားခဲ့ခြင်း ဖြစ်သော်လည်း ဤမျှအထိ ပြဿနာ အကြီးအကျယ်ရှာရန် တကယ်ပင် လိုအပ်သည်လား။
စိတ်ထဲတွင် အတော်လေး ရုန်းကန်ပြီးနောက် နောက်ဆုံးတွင် ကျောက်ယွိချင်း အရှုံးပေးလိုက်ရသည်။ ဖုန်းကိုကောက်ကိုင်ကာ တန်ယန်၏ လိုင်းအကောင့်ကို ရှာဖွေပြီး ဗီဒီယိုကောလ် ခေါ်လိုက်သည်။
သို့သော် အံ့အားသင့်သွားရသည်မှာ တန်ယန်က သူမကို ဘလော့ထားခြင်းပင်။ ဒေါသရော စိုးရိမ်စိတ်ပါ ရောပြွမ်းနေသော မျက်နှာပျက်ပျက်ဖြင့် ဖုန်းကို ပြန်ချထားလိုက်တော့၏။
ကျောက်ယွိချင်း တန်ယန်ကို လာရှာလိမ့်မည်ဟု မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း သူမနှင့် အချိန်ဖြုန်းရန် ဆန္ဒမရှိပေ။ လူကြီးဖြစ်လာလျှင် မိမိအမှားအတွက် ပြန်လည်ပေးဆပ်ရမည်သာ ဖြစ်သည်။ သူမသည် အမြဲတမ်း စကားပြောရ လွယ်ကူသူ ဖြစ်သော်လည်း ၎င်းမှာ သူမကို လာရောက် ဗိုလ်ကျသူများကို ခွင့်လွှတ်ပေးမည်ဟု မဆိုလိုပေ။
ကျောက်ယွိချင်း ယခုအားလပ်ရက်တွင် အိမ်သို့မပြန်ဖြစ်ပေ။ တရားစွဲဆို ခံထားရသည့် ကိစ္စကို ဖြေရှင်းရန် ဘေဂျင်းတွင်သာ ရှိနေခဲ့သည်။
အင်တာနက်ပေါ်ရှိ ဈေးကွက်မြှင့်တင်ရေး အကောင့်များက ပြဿနာရှာထားသည့် ပို့စ်များကို ချက်ချင်း ဖျက်ပစ်သော်လည်း အကျိုးမထူးခဲ့ပေ။ သူတို့အားလုံး တရားစွဲခံရဆဲပင်။ တန်ယန်၏ တောင်းဆိုချက်မှာ ရိုးရှင်းပါသည် လူသိရှင်ကြား တောင်းပန်ရန်နှင့် နစ်နာကြေးပေးရန် ဖြစ်သည်။
ဤကိစ္စကို အမြဲတမ်း လူသိရှင်ကြား ကိုင်တွယ် ဖြေရှင်းခဲ့သဖြင့် အင်တာနက် အသုံးပြုသူများမှာ ဖြစ်စဉ်နှင့် ရလဒ်များကို မြင်တွေ့နိုင်ခဲ့ကြသည်။
【တကယ့်ကို ရယ်ရတယ် ငါတို့ တန်မမကတော့ ရက်စက်တယ်၊ စကားတွေ အများကြီး ပြောမနေဘူး တရားစွဲစာပဲ ပို့လိုက်တာ တွေ့လား】
【ဒါက လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းက တန်ယန် သူမကို တိုက်ခိုက်တဲ့သူတွေကို တရားစွဲခဲ့တာကို သတိရစေတယ် မင်းတို့ ဈေးကွက်မြှင့်တင်ရေး အကောင့်တွေက မေ့နေကြတာလား ငါတို့ တန်ယန်အကြောင်း သတင်းမှားတွေကို ဘယ်လိုများ ရေးရဲရတာလဲ】
【တကယ်ကို ကျေနပ်စရာပဲ ကျေးဇူးပြုပြီး တန်မမကို ကလဲ့စားချေတဲ့ ဇာတ်လမ်းမျိုးမှာ သရုပ်ဆောင်ခိုင်းပါဦး ငါသေချာပေါက် အားပေးမှာ】
【အမှန်အတိုင်း ပြောရရင် တန်မမသာ မရှိရင် ဖျော်ဖြေရေး လောကရဲ့ ဆွဲဆောင်မှုက ထက်ဝက်ကျော်လောက် လျော့သွားမှာပဲ】
【ဘာတွေ လျှောက်ပြောနေတာလဲ တန်တန်က ဂီတလောကမှာ ရှိတာလေ ဖျော်ဖြေရေး လောကနဲ့ ဘာဆိုင်လို့လဲ နောက်ထပ် နာမည်ကြီးတာကို အခွင့်ကောင်းယူဖို့ ကြိုးစားနေပြန်ပြီ】
【ဒီနေ့ စိတ်ပျော်နေတာမို့လို့ ရန်မဖြစ်ကြစို့နဲ့ ငါတို့ အိုင်ဒေါရဲ့ ဖန်တွေအားလုံးဟာ ဘယ်အုပ်စုကပဲဖြစ်ဖြစ် မိသားစုတွေချည်းပါပဲ】
【မှန်တယ်၊ ဒါနဲ့ စကားမစပ်... တန်ဒါတစ်ယောက် ဒီရက်ပိုင်း ဘယ်ပျောက်နေတာလဲ သူ့ရဲ့ ဝတ္ထုကိုလည်း အခန်းအသစ် မတင်တာကြာပြီ】
【သူကိုယ်တိုင် အွန်လိုင်းဝတ္ထုရေးဆရာ တစ်ယောက်ဆိုတာကို မေ့သွားပြီထင်တယ် (ပြုံးနေသောမျက်နှာ)】
【ဟေး ငါတို့တန်တန် Weibo မှာ ပို့စ်တင်လိုက်ပြီဟေ့】
တန်ယန် : အားလပ်ရက် အပန်းဖြေခရီး ထွက်နေပါတယ် လှပတဲ့ရှုခင်းတွေ၊ အရသာရှိတဲ့ အစားအစာတွေနဲ့ သူငယ်ချင်းကောင်းတွေနဲ့ အတူပေါ့။ 【ပုံများ】
【ဒါ ဘယ်နေရာလဲ အရမ်းလှတာပဲ】
【ဒီအစားအစာတွေက ပန်းအစစ်တွေနဲ့ လုပ်ထားတာလား အိမ်မက်လိုပဲနော်】
【ဆယ်လ်ဖီပုံ တစ်ပုံမှမပါဘူး၊ မကောင်းတဲ့ သုံးသပ်ချက် ပေးလိုက်မှာနော်】
【တက္ကသိုလ်တွေက အားလပ်ရက် ပေးနေပြီလား】
【အပေါ်ကလူက ဘာဖြစ်နေတာလဲ တို့တွေ ကျောင်းပိတ်တာ မပိတ်တာ နင်နဲ့ဘာဆိုင်လို့လဲ】
【ဘာတွေ စိတ်လှုပ်ရှားနေတာလဲ အားလပ်ရက် မဟုတ်ဘဲ ခရီးသွားနေတာက စံနမူနာကောင်း မဟုတ်ဘူးလေ】
【ဘာလို့ ဝေဖန်မှုတွေ ဒီလောက်များနေရတာလဲ ကျောင်းကတောင် ဘာမှမပြောတာကို နင်တို့က ဘာလို့ ဝင်ပါနေကြတာလဲ】
【ငါတို့ မမတန်ကတော့ ထိပ်တန်းနာမည်ကြီး အစစ်ပဲ သာမန်ပို့စ်လေးတစ်ခု တင်တာတောင် လူအများကြီးရဲ့ အာရုံစိုက်မှုကို ရနေတာ】
【ဒါ ဘေရှားကျွန်း မဟုတ်လား ဒီနေ့ ငါ ဖော်လိုလုပ်ထားတဲ့ ခရီးသွားဘလော့ဂါ တစ်ယောက်လည်း အဲဒီအကြောင်း တင်ထားတာ တွေ့တယ်၊ ဒါပေမဲ့ ဒီကရှုခင်းတွေက ပိုတောင် လှသေးတယ်နော်】
【တခြားသူတွေကို ဆွဲမထည့်ပါနဲ့၊ ကျေးဇူးတင်ပါတယ် ရှုခင်းပုံလေး တင်တာပါ ဘယ်သူနဲ့မှ မဆိုင်ပါဘူး】
......
ဘေရှားကျွန်း : ဘေရှားကျွန်းမှ ကြိုဆိုပါတယ် (လက်ခုပ်တီးနေသောပုံ) တန်ယန်၏ပို့စ်ကို ပြန်လည်မျှဝေခဲ့သည်။
【တကယ်ဘေရှားကျွန်း ဖြစ်နေတာပဲ】
【တရားဝင် Weibo အကောင့်ရေ... ကျေးဇူးပြုပြီး ဘွတ်ကင်နေရာတွေ ထပ်ဖွင့်ပေးပါဦး အခု စက်တင်ဘာလကုန်အထိ ဘွတ်ကင်တွေ ပြည့်နေပြီ အောက်တိုဘာလ အတွက်လည်း ဘွတ်ကင်လုပ်လို့ မရသေးဘူး】