← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

ကျွန်းပိုင်ရှင်၏ အထောက်အထား ပေါ်ပေါက်လာခြင်း

ဘေရှားကျွန်းမှာ တန်ယန်၏ Weibo ပို့စ်ကြောင့် အရှိန်အဟုန်ပြင်းစွာ ရေပန်းစားလာခဲ့သည်။ လူအများအပြားမှာ လူမှုကွန်ရက်ပေါ်တွင် နာမည်ကြီးနေသည်ကို မြင်တွေ့ပြီးနောက် ဝင်ရောက် ကြည့်ရှုခဲ့ကြသော်လည်း စက်တင်ဘာလကုန်အထိ ဘွတ်ကင်များ အပြည့်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အလွန်ပင် စိတ်ပျက်သွားကြရသည်။

'ဒီပို့စ်ကို စောစောစီးစီး မတွေ့မိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်မိတယ် အခုတော့ ဘွတ်ကင်တင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး'

အချို့ဆိုလျှင် ဘေရှားကျွန်းတွင် ဘွတ်ကင်မရသဖြင့် အနီးနားရှိ အခြားကျွန်း တစ်ခုတွင် အစားထိုးဘွတ်ကင် လုပ်လိုက်ကြသည်။ ဘာမှမရှိတာထက်စာရင် တစ်ခုခုရှိတာက ပိုကောင်းသည် ဆိုသည့်အတိုင်းပင်။

ရလဒ်အနေဖြင့် လေကြောင်းလိုင်းများနှင့် မြို့တွင်းရှိ ဟိုတယ်များမှာ ယခုနှစ်အတွင်း လာရောက်လည်ပတ်သည့် ခရီးသွား အရေအတွက်မှာ ယခင်နှစ်များထက် အဆပေါင်းများစွာ တိုးတက်လာသည်ကို တွေ့ရှိခဲ့ရပြီး အလုပ်အလွန်ရှုပ်ကာ ဝမ်းသာပီတိ ဖြစ်နေကြသည်။

*

ယွီရှောင်ရှီးသည် တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်သော်လည်း သူမ၏ဖုန်းဖြင့် ဗီဒီယိုများကို ဆက်တိုက် ရိုက်ကူးနေခဲ့သည်။ နောက်ပိုင်းတွင် လူမှုကွန်ရက် စာမျက်နှာပေါ်သို့ ခရီးသွား ဗီဒီယိုများအဖြစ် ပြန်လည် တင်နိုင်ရန်အတွက်ပင် ဖြစ်သည်။

ယနေ့နံနက်ပိုင်းတွင် ဗီဒီယို ၃၊ ၄ ကွက်စာလောက်သာ ရိုက်ကူးနိုင်ခဲ့သေးသဖြင့် နေ့လယ်စာ စားပြီးနောက် ကျွန်းပေါ်တွင် လမ်းလျှောက်ရင်း ရှုခင်းဗီဒီယိုများ ထပ်မံရိုက်ကူးရန် စီစဉ်ထားသည်။

အမှန်အတိုင်း ပြောရလျှင် ဘေရှားကျွန်း၏ ရှုခင်းမှာ လှပလွန်းလှသည်။ ဟိုင်ရှီးမြို့ တစ်ဝိုက်ရှိ အခြားကျွန်းများနှင့် ယှဉ်လျှင်ပင် ပို၍ ထူးခြားနေသည်။ အထူးသဖြင့် အဖြူရောင် သောင်ပြင်မှ သဲနုလေးများမှာ ခြေဗလာဖြင့် လမ်းလျှောက်သည့်အခါ ဂျုံမှုန့်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ နူးညံ့နေပြီး ခြေထောက်ကို ကျဉ်းစေ၊ နာကျင်စေမည့် သဲကြမ်း သို့မဟုတ် ကျောက်ခဲကလေးများ လုံးဝမပါရှိပေ။

ထို့ကြောင့်လည်း ဤကျွန်းကို 'ဘေရှားကျွန်း' (သဲဖြူကျွန်း) ဟု ခေါ်ဆိုကြခြင်း ဖြစ်ပေလိမ့်မည်။

ကမ်းခြေတွင် လူအများအပြားမှာ အေးမြသော အုန်းစိမ်းရည်ကို သောက်သုံးရင်း ပင်လယ်လေညှင်းကို ခံစားကာ အပန်းဖြေနေကြသလို အချို့မှာလည်း ရေကူးနေကြသည်။ လှမ်းကြည့်လိုက်လျှင် ကမ်းခြေတစ်လျှောက်ရှိ လုံခြုံရေးများဖြင့် ပြည့်နေသည်။ ခြေလှမ်းအနည်းငယ်တိုင်းတွင် ကင်းမျှော်စင်တစ်ခုစီ ရှိနေပြီး ဝန်ထမ်းတစ်ဦးချင်းစီမှာ မတော်တဆမှုများ မဖြစ်ပွားစေရန် ပင်လယ်ပြင်ကို အမြဲမပြတ် စောင့်ကြည့်နေကြသည်။

အခြားသော လူစည်ကားလွန်းသည့် ပင်လယ်ကမ်းခြေများနှင့် မတူဘဲ ဘေရှားကျွန်း၏ ဘွတ်ကင်စနစ်မှာ လူအုပ်ကြီးကြားတွင် အပန်းမဖြေလိုသူများအတွက်လည်း သင့်တော်သည်။

ထူးခြားသည်မှာ ဈေးနှုန်းမှာ လူအများစုအတွက် လက်လှမ်း မမီနိုင်လောက်အောင် ကြီးမားမနေခြင်းပင်။ အလွန်အမင်း ဈေးမပေါသော်လည်း ကျွန်းပေါ်သို့ ရောက်ရှိလာသည့် အခါတွင်မူ မိမိပေးရသည့်ငွေနှင့် ထိုက်တန်သော ဝန်ဆောင်မှုကို ရရှိသည်ဟု ခံစားရပေလိမ့်မည်။

ကမ်းခြေတစ်လျှောက် အရှေ့ဘက်သို့ လမ်းလျှောက်လာရာ လူသူအရေအတွက်မှာ တဖြည်းဖြည်း နည်းပါးသွားပြီးနောက် လုံခြုံရေးနယ်မြေ တစ်ခုသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် လုံခြုံရေး ဝန်ထမ်းများ တာဝန်ကျနေပြီး လမ်းမှားကာ ဝင်ရောက်လာသော ခရီးသွားများကို ပြန်လှည့်ရန် အကြံပြု တားမြစ်ပေးနေကြသည်။

ယွီရှောင်ရှီး လုံခြုံရေး စည်းဝိုင်း၏ အပြင်ဘက်ရှိ ရှုခင်းများကို ပို၍ပင် စူးစမ်းလိုစိတ် ပြင်းပြလာခဲ့သည်။ လုံခြုံရေး ဝန်ထမ်းများက အခြားခရီးသွားများကို ပြန်လှည့်ရန် အကြံပြုနေစဉ် အာရုံလွဲနေခြင်းကို အခွင့်ကောင်းယူကာ လမ်းဘေးရှိ တောအုပ်လမ်းလေးထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့သည်။

အဖမ်းခံရမည်ကို စိုးရိမ်သဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို တမင်သက်သက် ဖွင့်ထားလိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်က တွေ့ရှိသွားပါကလည်း တိုက်ရိုက် ထုတ်လွှင့်နေခြင်းကို အသုံးပြု၍ သူမအား အတင်းအဓမ္မ ဖယ်ရှားခြင်း မပြုရန် တားဆီးနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

"ချစ်ရတဲ့ မိသားစုဝင်တို့ရေ... နေ့လယ်စာ စားပြီးတော့ ရှောင်ရှီး အပြင်ထွက် လမ်းလျှောက်နေပါတယ်၊ အခုဆိုရင် ဘေရှားကျွန်းရဲ့ မူလသဘာဝအတိုင်း ရှိနေတဲ့ ရှေးဟောင်း သစ်တောအုပ်ကြီးကို လူမြင်ကွင်းနဲ့ ပြပေးသွားမှာပါနော် အခမဲ့ပေးလို့ရတဲ့ ပန်းလေးတွေလည်း ပေးကြပါဦးရှင်"

ယွီရှောင်ရှီး လမ်းလျှောက်ရင်း ကြည့်ရှုသူများနှင့် စကားပြောဆိုနေပြီး မကြာမီမှာပင် ကားများမောင်းနှင်နိုင်သည့် လမ်းမကြီး တစ်ခုပေါ်သို့ ရောက်ရှိလာခဲ့သည်။

"ဝါး ဒီမှာ ကားလမ်းတစ်ခု ဝှက်ထားတာပဲ ဒါက ဒီနေရာမှာ လူတွေရှိနေတယ်လို့ ဆိုလိုတာပဲ"

ယွီရှောင်ရှီး အံ့ဩဟန်ဆောင်ကာ ပြောလိုက်သည်။ တကယ်တော့ ဤနေရာတွင် လူများနေထိုင်သည်ကို သိရှိပြီးသား ဖြစ်သည်။ စစချင်း ကျွန်းသို့ရောက်ရှိစဉ်ကပင် ဝန်ထမ်းများက ဤနေရာမှာ ကျွန်းပိုင်ရှင်၏ သီးသန့်နယ်မြေဖြစ်ကြောင်း ပြောပြခဲ့ဖူးသည်။

"တို့တွေ ရှေ့ကို ဆက်လျှောက်ကြည့်ရအောင် ဒေသခံတွေနဲ့ ဆုံမလားဆိုတာ ကြည့်ရမှာပေါ့"

ယွီရှောင်ရှီး ကားလမ်းပေါ်သို့ တက်လျှောက်လိုက်ရာ လမ်းဘေးဝဲယာရှိ စိမ်းစိုနေသော အပင်များမှာ တစ်ခါမှ မမြင်ဖူးသည့် တိုက်ရိုက်ကြည့်ရှုသူများကို အံ့အားသင့်စေခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ ကြည့်ရှုသူနှုန်းမှာ ထိပ်တန်းဆယ်ခု အတွင်းသို့ ရောက်ရှိသွားသဖြင့် ယွီရှောင်ရှီး ကျိတ်ဝမ်းသာသွားသည်။ ဤခရီးစဉ်အတွက် ကုန်ကျစရိတ်မှာ အခုတင် အမြတ်ထွက်နေပြီ ဖြစ်သည်။

ယွီရှောင်ရှီး အဝေးမှ ခမ်းနားထည်ဝါသော အဆောက်အအုံ တစ်ခုကို လှမ်းမြင်လိုက်ရပြီး အနီးကပ် သွားကြည့်သည့်အခါ သုံးဖက်စလုံးတွင် ပင်လယ်နှင့် ဝိုင်းရံထားသော ဗီလာကြီးတစ်လုံး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမကိုယ်တိုင် မှင်သက်သွားသည် မဟုတ်ဘဲ တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်ကဏ္ဍတွင်လည်း စိတ်လှုပ်ရှားသွားကြသည်။

【ဘုရားရေ ဒီနေရာက တကယ်ကို အံ့ဩစရာပဲ ဘယ်လိုလူမျိုးတွေများ ဒီမှာနေနိုင်တာလဲ】

【ဒီဗီလာကြီးက ကျွန်းပိုင်ရှင်ရဲ့ ဗီလာလား】

【ကျွန်းမှာ ပိုင်ရှင်လည်း ရှိသေးတာလား】

【ရှိတာပေါ့ ဘေရှားကျွန်းက သီးသန့်ပိုင်တဲ့ကျွန်းလေ】

【ငါ့ရဲ့ ၁၀ စတုရန်းမီတာပဲရှိတဲ့ ဧည့်ခန်းလေးကို ပြန်ကြည့်ပြီး တခြားလူတွေရဲ့ ဗီလာကြီးကို မြင်ရတော့ မျက်ရည်တောင် ကျမိတယ်】

【အပေါ်ကလူရေ... ဒါက တစ်ယောက်ယောက်ရဲ့ အားလပ်ရက် အပန်းဖြေဗီလာပဲ ဖြစ်မှာပါ ပုံမှန်နေလေ့ရှိတဲ့ အိမ်မျိုး မဟုတ်လောက်ဘူး】

【အထဲကို ဝင်ကြည့်လို့ မရဘူးလား】

မှတ်ချက်ကဏ္ဍတွင် ယွီရှောင်ရှီးကို အထဲသို့ ဝင်ကြည့်ရန် တိုက်တွန်းနေကြသော်လည်း သူမ ဗီလာ၏ တံခါးဝသို့ပင် မရောက်သေးမီမှာပင် ဗီလာ၏ ဧရာမသံတံခါးကြီး ပွင့်လာပြီး ကားတစ်စီး ထွက်လာသည်။

ပုန်းစရာနေရာ မရှိတော့သည့်အဆုံး ယွီရှောင်ရှီးမှာ ထိုနေရာတွင်ပင် ပြုံးလျက် ရပ်နေလိုက်ရတော့သည်။ သူမရှေ့တွင် ကားတစ်စီး ထိုးရပ်လာပြီး ထွားကျိုင်းသော လူနှစ်ယောက် ဆင်းလာကြသည်။ ထိုခဏ၌ သူမ စိတ်မသက်မသာ ဖြစ်သွားပြီး အဖမ်းခံရမည်ကို စိုးရိမ်နေသည်။

【ဟား... အားကြီးတဲ့ လူနှစ်ယောက် ရောက်လာပြီ လူမိုက်တွေနဲ့တောင် တူတယ် ပြေးတော့】

【အဖမ်းခံရပြီး အချုပ်ထဲ ထည့်ခံနေရမယ်နော်】

【ဒါကြီးကို ငါတကယ် မြင်နေရတာလား】

【ထုတ်လွှင့်သူလေးတော့ တိုင်ပတ်နေပြီ...】

ယွီရှောင်ရှီးမှာ မှတ်ချက်များကို အာရုံစိုက်ရန် အချိန်မရှိတော့ပေ။ တုန်ရီနေသော အသံဖြင့်

"အစ်ကိုတို့... ကျွန်မက ခရီးသွား တစ်ယောက်ပါ လမ်းမှားပြီးတော့ ဒီကို ရောက်လာတာပါ"

ဟု ပြောလိုက်သည်။

"မမ... မမ ဘယ်လိုနည်းနဲ့ လုံခြုံရေး စည်းဝိုင်းကိုကျော်ပြီး ဒီကိုရောက်လာသလဲ ဆိုတာကို ကျွန်တော်တို့ မသိပါဘူး ဒါပေမဲ့ မမရဲ့ လှုပ်ရှားမှုတိုင်းကို လုံခြုံရေး ကင်မရာတွေက မှတ်တမ်းတင်ထားပါတယ် မမအပေါ် ဥပဒေအရ အရေးယူဖို့အတွက် ကျွန်တော်တို့ အခွင့်အရေး ရှိပါတယ် အခုချက်ချင်း ထွက်သွားပေးပါခင်ဗျ"

"ဥပဒေအရ အရေးယူမယ် ဟုတ်လား"

ယွီရှောင်ရှီး မှင်သက်သွားရသည်။ သူမ လမ်းလျှောက်နေရုံတင် ရှိသေးသည်ကို ဘာလို့ ဥပဒေကြောင်းအရ ပြဿနာ တက်မည်နည်း။

"ဒီနေရာက အများပြည်သူများအတွက် ဖွင့်ထားတာ မဟုတ်ပါဘူး ဝင်ပေါက်တိုင်းမှာ သတိပေး ဆိုင်းဘုတ်တွေနဲ့ လုံခြုံရေး ဝန်ထမ်းတွေ ချထားပြီးသားမို့ မမပြောသလို မတော်တဆ ရောက်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"

ယွီရှောင်ရှီး မိမိကိုယ်ကိုယ် ကာကွယ်သောအားဖြင့် တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ်မှာပင် ဗီလာအတွင်းမှ ရှုခင်းကြည့်ယာဉ်တစ်စီး မောင်းနှင်ထွက်လာသည်။ ယာဉ်မောင်းအပြင် ခရီးသည်လေးဦး ပါလာပြီး ထိုထဲမှတစ်ဦးကို ရင်းနှီးနေသလို ခံစားနေရသည်။

မီကို ကမ္ဘာလှည့်ခရီးသည် နယ်မြေသို့ သွားလည်ချင်သဖြင့် တန်ယန်နှင့် အခြားသူများကို အတင်းဆွဲခေါ်လာခြင်း ဖြစ်သည်။ မိမိပိုင်ဆိုင်သည့် ကျွန်းပေါ်တွင် မသွားနိုင်သည့်နေရာ မရှိသဖြင့် တန်ယန်က အိမ်ထိန်းကို ရှုခင်းကြည့်ဘတ်စ်ကား စီစဉ်ခိုင်းလိုက်ခြင်းပင်။ မမျှော်လင့်ဘဲ ဗီလာဝင်ပေါက်သို့ ရောက်သည်နှင့် သက်တော်စောင့်များနှင့် ရင်ဆိုင်နေရသော ယွီရှောင်ရှီးနှင့် ဆုံတွေ့လိုက်ရ၏။

တန်ယန် ကားရပ်ရန် အမိန့်ပေးပြီးနောက် ကားပေါ်မှ ဆင်းလာကာ သက်တော်စောင့်ကို မေးလိုက်သည်။

"ဘာဖြစ်နေတာလဲ"

"မိန်းကလေး... ဒီအမျိုးသမီးက ခွင့်ပြုချက် မရှိဘဲ ကျူးကျော်ဝင်ရောက်လာလို့ ကျွန်တော်တို့ နှင်ထုတ်နေတာပါ"

တန်ယန် ခေါင်းညိတ်လိုက်ပြီး

"ပြန်လွှတ်လိုက်ပါ"

ဟု ပြောလိုက်သည်။

ယွီရှောင်ရှီး၏ ကင်မရာမှာ တစ်ဖက်သို့ လှည့်မသွားသဖြင့် တန်ယန်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ လူများမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

【ဟား... ငါအကြိုက်ဆုံး အိုင်ဒေါကို တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ မြင်လိုက်ရတာလား】

【တန်မမက ဘယ်ဗီလာထဲက ထွက်လာတာလဲ】

【ဒါဆို... တန်ယန်က ကျွန်းပိုင်ရှင်ပေါ့ ဟုတ်လား】

【ငါတို့တန်မမ ချမ်းသာမှန်း သိပေမဲ့ ဒီလောက်အထိ ချမ်းသာလိမ့်မယ်လို့တော့ လုံးဝထင်မထားခဲ့ဘူး】

【တန်ယန်လုပ်တာ နည်းနည်းတော့ မလွန်လွန်းဘူးလား သက်တော်စောင့်တွေသုံးပြီး ခရီးသွားတွေကို နှင်ထုတ်ခိုင်းတာလေ သူက ဒါကို ဘာမှမဖြစ်သလို ပုံမှန်အတိုင်း နေနေတာက ကြည့်ရတာ ရွံစရာကောင်းတယ်】

【အပေါ်ကလူ စိတ်များမမှန်တာလား တစ်ယောက်ယောက်က နင့်အိမ်ထဲကို အတင်းကျူးကျော် ဝင်လာရင် မနှင်ထုတ်ဘဲ ရဲလည်းမတိုင်နဲ့လေ ထိုင်ခိုင်းပြီး ကောင်းကောင်းမွန်မွန်သာ ဧည့်ခံလိုက်ဦး】

【တော်ရုံတန်ရုံ မေတ္တာရှင် ဆိုရင်တောင် ဒီလိုစကားမျိုး ပြောထွက်မှာ မဟုတ်ဘူး】

【တန်တန်ရဲ့ဖန်တွေ ရောက်ပြီဟေ့ တို့မမရဲ့ အလှကတော့ အပြည့်အဝ ဖူးပွင့်နေတာပဲ】

【တန်ယန်နဲ့အတူ ပါလာတဲ့ ကျောင်းသားတွေ အားလုံးက အချောတွေချည်းပဲဆိုတာ ငါတစ်ယောက်တည်း သတိထားမိတာလား】

【အား... မေမေက မေးနေတယ် စခရင်ပေါ်မှာ ဘာလို့တံတွေးတွေ ပေနေတာလဲတဲ့ တို့မမကို လှလွန်းလို့ ယက်မိသွားတာလေ အရမ်းဂုဏ်ယူမိတယ်】

【တန်တန် အခုတင် Weibo မှာ တင်လိုက်တဲ့ပုံက ဒီနေရာမှာ ရိုက်ထားတာပဲ】

【တို့မမရဲ့ကျွန်းကို တကယ်သွားလည်ချင်ပေမဲ့ ဘွတ်ကင်က ဘယ်လိုမှ လုပ်လို့မရဘူး ဖြစ်နေတယ်...】

Weibo ပေါ်တွင်မူ ယွီရှောင်ရှီး၏ တိုက်ရိုက်ထုတ်လွှင့်မှုမှ ဓာတ်ပုံများသည် တန်ယန်၏ အထူးဆွေးနွေးမှု ကဏ္ဍတွင် ပျံ့နှံ့သွားခဲ့ပြီး ထိုမှတစ်ဆင့် တန်ယန်ကို စောင့်ကြည့်နေသော ဈေးကွက်မြှင့်တင်ရေး အကောင့်များကလည်း သူတို့၏ ကိုယ်ပိုင်အကောင့်များတွင် ပြန်လည် မျှဝေခဲ့ကြသည်။ မကြာမီမှာပင် #တန်ယန်နှင့်ဘေရှားကျွန်း နှင့် #ကျွန်းပိုင်ရှင်တန်ယန် စသည့် ဟက်ရှ်တက်များမှာ ရေပန်းစားနေသော ခေါင်းစဉ်များ ဖြစ်လာတော့သည်။

ယွီရှောင်ရှီး၏ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသူ အရေအတွက်မှာလည်း အံ့အားသင့်ဖွယ် ဆယ်သန်းအထိ ရောက်ရှိသွားပြီး ထိပ်တန်းစာရင်းသို့ တိုက်ရိုက် တက်လှမ်းသွားခဲ့သည်။

သို့သော် ယွီရှောင်ရှီးမှာမူ ထိုအရာများကို အာရုံစိုက်ရန် အချိန်မရှိပေ။ တန်ယန် ကားပေါ်မှ ဆင်းလာသည်ကို မြင်လိုက်ရသည့်အခါ သူမ၏စိတ်ထဲတွင် ရဲရဲဝံ့ဝံ့တစ်ခု ခန့်မှန်းမိလိုက်သည်။

"ဒါ ကျွန်းပိုင်ရှင်ရဲ့... သမီးများ ဖြစ်နေမလား"

"သူမကို ခရီးသွား နယ်မြေဘက် ပြန်ပို့ပေးလိုက်ပါ"

ဟု တန်ယန် သက်တော်စောင့်များကို ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

သက်တော်စောင့်များက ယွီရှောင်ရှီးကို သူတို့ကားပေါ်တက်ရန် အချက်ပြလိုက်သည်။

"မမ... ကျေးဇူးပြုပြီး ကားပေါ်တက်ပါ ကျွန်တော်တို့ လိုက်ပို့ပေးပါ့မယ်"

All Chapters