← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

နောက်ကျသွားပြီဆိုတာ သဘောပေါက်သွားသည့် လီရှူးယောင်း

ပြင်သစ်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ တန်ယန် ဈေးဝယ်ထွက်ရန် ဆန္ဒရှိနေခဲ့သည်။ ထို့ကြောင့် အတန်းအားနေသော လီရှူးယောင်းကို ခေါ်ဆောင်ကာ လော့စ်အိန်ဂျလိစ်မြို့၏ အကြီးဆုံးသော ဈေးဝယ်လမ်းမကြီးပေါ်တွင် အားပါတရ ဈေးဝယ်ထွက်ခဲ့ကြသည်။

သုံးနာရီကြာ ဈေးဝယ်ထွက်ပြီးသည့်နောက် ကားနောက်ခန်းနှင့် ပစ္စည်းတင်ခန်း တစ်ခုလုံး ပြည့်နှက်သွားသည်ကို မြင်သောအခါမှ တန်ယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လီရှူးယောင်းဘက်သို့လှည့်ကာ

"မမ... ညီမလေးတို့ အရင်ဆုံး သွားစားကြမလား"

ဟု မေးလိုက်သည်။

"ကောင်းတာပေါ့ ငါ့ခြေသလုံးတွေဆိုရင် တင်းပြီး ဖောယောင်နေတာပဲ လေ့ကျင့်ခန်း မလုပ်ဖြစ်တာလည်း ကြာပြီဆိုတော့ ဒီနေ့ လမ်းလျှောက်နှုန်းက ငါ့အတွက် နည်းနည်း များသွားတယ်"

"ဒါဆို ညစာစားပြီးရင် စိတ်ပြေလက်ပျောက်ဖြစ်အောင် Spa သွားကြရအောင် ဒီလမ်းထဲမှာ တကယ်ကောင်းတဲ့ Spa တစ်ခု ရှိတယ်လို့ထင်တယ်"

တန်ယန် သူမ၏ဖုန်းထဲမှ မြေပုံကိုကြည့်ကာ အချိန်ဇယားကို တိတ်တဆိတ် တွက်ချက်နေလိုက်သည်။

"အိုကေလေ ဘယ်မှာစားမလဲ ငါပဲကျွေးပါ့မယ်"

လီရှူးယောင်း ရက်ရက်ရောရောပင် ဆိုလိုက်သည်။

"မမက ကျွေးမှာဆိုမှတော့ မမခေါ်တဲ့နောက်ပဲ လိုက်ရမှာပေါ့ ညီမလေးကို ပြန်ရောင်းစားဖို့ မလုပ်နဲ့နော်"

"ဟီးဟီး... အခုမှ ကြောက်နေပြီလား ငါ့ကို ကောင်းကောင်းလေး ဆက်ဆံမှ ဖြစ်မယ်နော်"

"ဟုတ်ကဲ့ပါရှင်... ကျွန်မရဲ့ ချစ်လှစွာသော အစ်မတော်ကြီးရယ်..."

ထို့နောက် သက်ကြီးပိုင်း ဇနီးမောင်နှံနှစ်ဦး ဖွင့်လှစ်ထားသည့် ချစ်စရာကောင်းသော စားသောက်ဆိုင်လေး တစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုနေရာရှိ ပရိဘောဂတိုင်းသည် ရှေးဟောင်းပုံစံ အငွေ့အသက်များကို ပေးစွမ်းနေသည်။

ကြမ်းပြင်ပေါ်တွင် F နိုင်ငံ၏ ရိုးရာပုံစံ ဖော်ဆောင်ထားသော ကြွေပြားများ ခင်းကျင်းထားပြီး သစ်ကြားသီးရောင်စားပွဲ၊ ကုလားထိုင်နှင့် ဗီရိုများမှာ မှိန်ပျပျ ဆွဲမီးအိမ်အောက်တွင် သစ်သား၏ ထူးခြားသော ရှေးဟောင်းရနံ့ကို သင်းပျံ့စေသည်။

မှန်ပြတင်းပေါက်မှတစ်ဆင့် နေရောင်ခြည် နုနုလေးများ ဖြတ်သန်း ဝင်ရောက်နေသဖြင့် စားပွဲပေါ်ရှိ ပန်းရောင်နှင့် ခရမ်းရောင် ပန်းလေးများမှာ စိမ်းစိုသော အရွက်များ၏ နောက်ခံတွင် ရှက်သွေးဖြန်းနေသကဲ့သို့ ထူးခြားစွာ တင့်တယ်နေသည်။

ဆိုင်အတွင်း၌ စားပွဲခြောက်လုံးသာရှိပြီး လေးလုံးမှာ လူပြည့်နေပြီ ဖြစ်သည်။ သူတို့ ဝင်လာသောအခါ ဝန်ထမ်းလူငယ်လေး တစ်ဦးက လာရောက်ဆီးကြိုကာ နောက်ဘက်ရှိ နှစ်ယောက်ထိုင်ခုံသို့ လမ်းညွှန်ပေးပြီး မီနူးကို ကမ်းပေးလိုက်သည်။

တန်ယန် မှိုစွပ်ပြုတ်နှင့် ပါစတာခေါက်ဆွဲကို မှာယူလိုက်ပြီး လီရှူးယောင်းကမူ ကြက်ကင်နှင့် ခေါက်ဆွဲကို မှာယူလိုက်သည်။

"သူတို့ဆီက ကြက်ကင်ကတော့ တကယ့်ကို အံ့ဩစရာပဲ ငါစားဖူးသမျှ ကြက်ကင်တွေထဲမှာ အကောင်းဆုံးပဲ နင်မြည်းကြည့်သင့်တယ်"

"ဟုတ်ပါပြီရှင်"

တန်ယန်ပြုံးလျက် ပြန်ပြောလိုက်သည်။

"မမရဲ့ အခုပုံစံကို ကြည့်ရတာ အဒေါ်က အပိုတွေ စိုးရိမ်နေတာပဲ ညီမ မလာခင်တုန်းကဆိုရင် မမအတွက်ပေးဖို့ ပစ္စည်းတွေကို သေတ္တာကြီး နှစ်လုံးအပြည့် ထည့်ပေးလိုက်တာလေ ခဏနေရင် ဟိုတယ်မှာ ဝင်ယူလိုက်ဦးနော်"

ထိုစကားကို ကြားသောအခါ လီရှူးယောင်း မတတ်သာသလိုဖြင့် -

"ငါ့အမေကတော့ အဲဒီအတိုင်းပဲ သူနဲ့မဆိုင်တာတွေကို လိုက်ပူနေရမှ ငါက လူကြီးဖြစ်နေပြီပဲဟာ ရက်ပိုင်းခြား တစ်ခါလည်း ဗီဒီယိုကောလ် ခေါ်နေတာပဲကို"

"ဒါကိုပဲ မိခင်မေတ္တာလို့ ခေါ်တာနေမှာပေါ့"

လီရှူးယောင်း ခပ်ဖွဖွလေး ပြုံးလိုက်ပြီး -

"နင်အပြင်ထွက်ရင်ရော နင့်အမေက မစိုးရိမ်ဘူးလား"

"စိုးရိမ်တာပေါ့၊ ဒါပေမဲ့ အဒေါ့်လောက်တော့ မဟုတ်ပါဘူး ညီမက အပြင်သွားရင် သက်တော်စောင့်တွေ အမြဲပါတော့ ဘာမှပူစရာ မရှိဘူးလေ"

"ဒါနဲ့ စကားမစပ်... ဒီတစ်ခေါက် မမအတွက် သက်တော်စောင့် နှစ်ယောက် စီစဉ်ပေးထားတယ် ကျောင်းထဲမှာတော့ ထားပါတော့၊ ကျောင်းပြင်ထွက်တဲ့အခါ သူတို့ရှိမှ C နိုင်ငံမှာ စိတ်အေးအေးနဲ့ နေနိုင်မှာ ဒီဘက် အနောက်နိုင်ငံတွေက အခြေအနေတွေက တော်တော်လေး ရှုပ်ထွေးတာ မဟုတ်လား"

"အဲဒါကြီးက အပိုတွေ ဖြစ်မနေဘူးလား ငါက ပုံမှန်ဆို ကျောင်းထဲကနေ အပြင်တောင် ထွက်တာမဟုတ်ဘူး"

လီရှူးယောင်းအတွက် သက်တော်စောင့် ထားပေးခြင်းမှာ အရင်းအမြစ်များကို ဖြုန်းတီးရာ ရောက်သည်ဟု ထင်နေမိသည်။

"ညီမလေး မမကျောင်းနားမှာ အိမ်တစ်လုံး ဝယ်ထားတယ်လေ အားလပ်ရက်တွေဆိုရင် အဲဒီမှာ သွားနေလို့ရတယ် သက်တော်စောင့်တွေလည်း အဲဒီမှာပဲ နေမှာဆိုတော့ မမ အပြင်သွားချင်ရင် သူတို့ကားနဲ့ လာကြိုပေးတာက ပိုပြီး အဆင်ပြေတာပေါ့"

"အင်း... ဒါဆို ကျေးဇူးတင်ရမှာပေါ့နော်"

လီရှူးယောင်း အနည်းငယ် တုံ့ဆိုင်းသွားသည်။ တကယ်တော့ သူမက ကျောင်းမှာနေရသည်ကို သိပ်မပျော်သဖြင့် အပြင်တွင် အခန်းငှားရန် စဉ်းစားနေခြင်း ဖြစ်သည်။ သို့သော် စာကြည့်ချိန် များလှသဖြင့် အိမ်လိုက်ကြည့်ရန် အချိန်မရသေးပေ။

"ဒါလင်လမ်း၊ နံပါတ် ၁၆ မှာ မမရဲ့ နေ့စဉ်လိုအပ်ချက်တွေကို ဂရုစိုက်ပေးမယ့် အိမ်ထိန်းလည်းရှိတယ် ကျောင်းသွားဖို့ နေ့တိုင်း ၁၀ မိနစ်လောက် စောစောပိုထရမှာကလွဲရင် ကျန်တာအားလုံးက ကျောင်းမှာနေတာထက် ပိုပြီး အဆင်ပြေ သက်သောင့်သက်သာ ရှိမှာပါ"

ဒါလင်လမ်းမှ ဂတ်ကောလိပ်သို့ ကားမောင်းသွားလျှင် ၁၀ မိနစ်သာ ကြာသဖြင့် အလွန်ပင် အချက်အချာကျသည်။ ဤနေရာမှာ ကာရင်း လမ်းညွှန်ပေးခဲ့ခြင်းဖြစ်ပြီး သူမကိုယ်တိုင်လည်း F နိုင်ငံတွင် အိမ်ခြံမြေ အရောင်းအဝယ် လုပ်နေသဖြင့် တိုက်တိုက်ဆိုင်ဆိုင် ဝယ်ဖြစ်သွားခြင်းပင်။ လီရှူးယောင်း မနေလျှင်ပင် ဤအိမ်က နောင်တစ်ချိန် တန်ဖိုးတက်လာဦးမည် ဖြစ်သည်။

"အဲဒါ သူဌေးရပ်ကွက်ကြီးလေ"

လီရှူးယောင်း အံ့အားသင့်တကြီး ရေရွတ်လိုက်သည်။ သူက ဤဒေသနှင့် မစိမ်းပေ၊ ကျောင်းအနီးရှိ ထိုအဆင့်မြင့် ရပ်ကွက်မှာ လော့စ်အိန်ဂျလိစ်တွင် အလွန်နာမည်ကြီးသည်။ သူသိသလောက်ဆိုလျှင် ဒါလင်လမ်းမှာ နေထိုင်သူများမှာ အလွန်ပင် ကြွယ်ဝချမ်းသာပြီး ဩဇာအာဏာ ရှိသူများသာ ဖြစ်ကြကာ အိမ်တစ်လုံး ဝယ်ရန်မှာလည်း အလွန်ပင် ခက်ခဲသည်။

မမျှော်လင့်ဘဲ တန်ယန်သည် F နိုင်ငံသို့ ရောက်ရှိလာသည်နှင့် ဒါလင်လမ်းပေါ်တွင် အိမ်တစ်လုံးကို အပိုင် ဝယ်ယူနိုင်လိုက်သည်။ လီရှူးယောင်းတစ်ယောက် တန်ယန်၏ ငွေကြေးဓန အင်အားကို အထင်သေးမိခဲ့သည်မှာ အမှန်ပင်။

"အဲဒီဘက်မှာက လုံခြုံရေး ပိုကောင်းတယ်လေ"

တန်ယန် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ

"မမဖြေရှင်းလို့ မရတဲ့ ကိစ္စတစ်ခုခုရှိရင် ညီမကိုပြောနော် ညီမက တော်တော်လေးတော့ အားကိုးရပါတယ်"

ဟု ဆိုလိုက်သည်။

"ဟင်းဟင်း"

လီရှူးယောင်း ရယ်မောလျက်

"အေးပါ၊ အေးပါ... သိပါပြီရှင် တစ်ခုခုဆိုရင် နင့်ဆီပဲ အပြေးလာခဲ့မယ် ဟုတ်ပြီလား"

"အင်း... အဲဒီလို စိတ်ကူးရှိရင်ပဲ တော်ပါပြီ"

ထိုစဉ် ကြက်ကင်မှာ စားပွဲပေါ်သို့ ရောက်ရှိလာသည်။ သစ်သားနံ့ သင်းပျံ့သော မီးခိုးနံ့နှင့် အသားကင်နံ့တို့ ရောယှက်နေသည့် မွှေးရနံ့ကြောင့် တန်ယန်မှာ သွားရည်ပင် ကျလာသည်။ ကြက်ကင်မှာ အလွန်ပူနေသေးသဖြင့် အသားအနည်းငယ်ကိုသာ ဖဲ့ယူ၍ မြည်းကြည့်လိုက်ရသည်။

သာမန် ကြက်ကင်များကဲ့သို့ အသားခြောက်ကပ်မနေဘဲ ဤကြက်ကင်မှာမူ နူးညံ့ပြီး အရည်ရွှမ်းလှသည့်အပြင် အရေခွံမှာလည်း ကြွပ်ရွနေသည်။ သူမစိတ်ကူးထဲက အကောင်းဆုံး ကြက်ကင်ပင် ဖြစ်သည်။

"ဘယ်လိုလဲ"

လီရှူးယောင်း တန်ယန်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

"တကယ်ကိုရှယ်ပဲ မမရှူးယောင်း... ဒီလို လူသူမသိတဲ့ ဆိုင်ကောင်းလေးကို မမဘယ်လိုများ ရှာတွေ့ခဲ့တာလဲ"

တန်ယန် အစားအသောက် ဝါသနာရှင်တစ်ဦး၏ ပီတိဖြင့် ချီးကျူးလိုက်သည်။

"တကယ်တော့... တခြားတစ်ယောက်က ငါ့ကို ဒီကိုခေါ်လာတာ ဟီးဟီး"

တန်ယန် တစ်ခုခု ထူးခြားနေသည်ကို ရိပ်မိလိုက်သဖြင့် ကိုယ်ကိုမတ်လိုက်ကာ

"ဘယ်သူလဲ"

ဟု စပ်စုလိုက်သည်။

"သူက စီနီယာ အစ်ကိုတစ်ယောက်ပါ"

လီရှူးယောင်း စကားများ ထစ်ငေါ့နေသည်။

"အော်..."

တန်ယန်က အသံကို ရှည်ရှည်ဆွဲ၍ နောက်ပြောင်လိုက်သည်။

"စီနီယာ အစ်ကိုတစ်ယောက်ပေါ့လေ သူက တော်တော်ချောတာလား ဒါမှမဟုတ် တော်တော်လေး နူးညံ့သိမ်မွေ့တဲ့သူလား ဒါမှမဟုတ်... သူက ရွှေရောင် မျက်မှန်ကိုင်းလေးနဲ့လား"

တန်ယန် စားသောက်ဆိုင် အတွင်းသို့ အခုလေးတင် ဝင်လာသည့် အမျိုးသားတစ်ဦးကို ကြည့်၍ ပြောလိုက်ခြင်း ဖြစ်သည်။ ထိုသူမှာ သူတို့ရှိရာဘက်သို့ အံ့ဩတကြီး ကြည့်နေခြင်းကြောင့် လီရှူးယောင်းနှင့် သေချာပေါက် သိကျွမ်းသူ ဖြစ်ပေလိမ့်မည်။

လီရှူးယောင်းမှာ ကြောင်အသွားပြီး

"နင်ဘယ်လိုသိတာလဲ"

သူက စီနီယာ၏ ပုံပန်းသဏ္ဌာန်ကို တန်ယန်အား မပြောပြရသေးပေ။

ထိုအမျိုးသားမှာ သူတို့စားပွဲဆီသို့ လျှောက်လာသည်ကို တန်ယန် မြင်လိုက်ရသဖြင့်

"မမ နောက်ကို လှည့်ကြည့်လိုက်ဦး"

လီရှူးယောင်း နားမလည်နိုင်စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ

"စီနီယာ"

ထိုသူသည် လီရှူးယောင်းကို မြင်သည်နှင့် ချက်ချင်း ရှေ့သို့ တိုးလာခဲ့သည်။

"ရှူးယောင်း.... ဂျူနီယာလေး၊ တိုက်တိုက်ဆိုင်ဆိုင်ပါလား"

"ဟုတ်တယ် တိုက်ဆိုင်လိုက်တာနော်၊ စီနီယာ... တစ်ယောက်တည်း လာတာလား"

လီရှူးယောင်း မတ်တပ်ရပ်ရင်း နှုတ်ဆက်လိုက်သည်။

"ဆိုင်အပြင်ဘက်ကနေ ဖြတ်လျှောက်သွားရင်း လှမ်းကြည့်လိုက်တော့ မင်းနဲ့တူတဲ့သူကို မြင်လိုက်လို့ ဝင်ကြည့်လိုက်တာ တကယ် မင်းဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး"

"ကျွန်မညီမဝမ်းကွဲကို ညစာကျွေးဖို့ ခေါ်လာတာလေ သူက ပြင်သစ်ကို အခုမှရောက်တာ"

လီရှူးယောင်း သူတို့နှစ်ဦးကို မိတ်ဆက်ပေးလိုက်သည်။

"ဒါက ကျွန်မရဲ့ စီနီယာအစ်ကိုပါ သူလည်း တရုတ်ပြည်ကပဲ နာမည်က မင်ယန်ရှူးတဲ့ ဒါကတော့ ကျွန်မရဲ့ညီမလေး တန်ယန်ပါ"

"တွေ့ရတာ ဝမ်းသာပါတယ်"

မင်ယန်ရှူး ယဉ်ကျေးပျူငှာစွာ ဆိုလိုက်ရင်း ညာဘက်လက်ကို ကမ်းပေးလိုက်သည်။

"မင်္ဂလာပါရှင့်၊ မစ္စတာမင်"

တန်ယန် ပြန်လည် လက်ဆွဲကာ နှုတ်ဆက်လိုက်ပြီးနောက် လက်ကို အသာအယာ ပြန်လွှတ်လိုက်သည်။

"မစ္စတန်ရဲ့ နာမည်ကို ကြားဖူးနားဝရှိတာ ကြာပါပြီ မစ္စတန်နဲ့ ရှူးယောင်းက အမျိုးတော်ကြလိမ့်မယ်လို့ ဘယ်လိုမှ ထင်မထားခဲ့ဘူး"

"မစ္စတာမင်က မမအပေါ် အများကြီး ကူညီစောင့်ရှောက်ပေးတယ်လို့ မမဆီက ကြားရပါတယ် အဒေါ်နဲ့ အန်ကယ်တို့ကိုယ်စား မစ္စတာမင်ကို ကျေးဇူးတင်ပါတယ်ရှင်၊ ဒါနဲ့ ညီမတို့တွေ အဆက်အသွယ် လဲထားကြမလား နောင်ကျရင် မမက ကျွန်မဆီ ဖုန်းဆက်လို့မရတဲ့ အခါမျိုးမှာ မစ္စတာမင်ကို ဆက်သွယ်လို့ ရအောင်လေ"

"အိုကေလေ၊ ကျွန်တော့်မှာ လိုင်းရှိတယ်၊ အဆင်ပြေမလား"

"ရပါတယ်ရှင်"

သူတို့နှစ်ဦးသည် လီရှူးယောင်း၏ ရှေ့မှာပင် တစ်ဦးနှင့်တစ်ဦး လိုင်းအကောင့်များ အပ်လိုက်ကြသည်။ လီရှူးယောင်းမှာမူ လုံးဝ ကြောင်အသွားရသည်။ တန်ယန်မှာ ယခင်က ဤကဲ့သို့ တစ်ဖက်သားအပေါ် အသာစီး ရယူကာ တက်ကြွစွာ ဆက်ဆံတတ်သူမျိုး မဟုတ်ခဲ့သဖြင့် သူမအတွက် အလွန် ထူးဆန်းနေမိသည်။

"ဒီနေ့တော့ မမက ကျောင်းကိုပြန်မှာ မဟုတ်ဘူး မစ္စတာမင်က မမနဲ့ ပြောစရာ ကိစ္စရှိလို့လား"

မင်ယန်ရှူး နှုတ်ခမ်းကို ဖိစေ့လိုက်ရင်း ဘာမှမသိသေးသည့် လီရှူးယောင်းကို တစ်ချက်ကြည့်ကာ နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ဝင်ပြီး နှုတ်ဆက်တာပါ မင်းတို့ အလုပ်ရှုပ်နေတာဆိုတော့ ကျွန်တော် သွားလိုက်ပါဦးမယ်"

လီရှူးယောင်းဘက်မှလည်း သူ့ကိုတားဆီးမည့် အရိပ်အယောင် မရှိသည်ကို မြင်သောအခါ မင်ယန်ရှူး၏ ပုံစံမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သူက ခေါင်းညိတ်နှုတ်ဆက်ပြပြီး ဆိုင်ထဲမှ ထွက်သွားလေ၏။

ထိုသူ ထွက်သွားသည်နှင့် လီရှူးယောင်း စပ်စုချင်စိတ် အပြည့်ဖြင့် အနားတိုးလာကာ

"ဘယ်လိုလဲ ငါ့စီနီယာက တော်တော်ချောတယ် မဟုတ်လား"

ဟု မေးလိုက်သည်။ တန်ယန်က ထိုသူ၏ အဆက်အသွယ်ကို တက်တက်ကြွကြွ တောင်းနေသည်မှာ စိတ်ဝင်စားသွားခြင်းကြောင့် ဖြစ်မည်ဟု ထင်မြင်ယူဆလိုက်ခြင်းပင်။

All Chapters