← Chapters

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

ဒီလောက်အထိ တိုက်ဆိုင်နိုင်ပါ့မလား

တန်ယန် လီရှူးယောင်းကို တစ်ချက်ကြည့်လိုက်ပြီး မင်ယန်ရှူး စောစောထွက်သွားသည်မှာ တော်သေးသည်ဟု တွေးမိသည်။ မဟုတ်လျှင် သူမ၏ မေးခွန်းကိုသာ ကြားသွားပါက ထိုစီနီယာမှာ ဒေါသထွက်သွားနိုင်သည်။

တန်ယန် ပြန်မဖြေဘဲ ခေါင်းကိုသာ ခါယမ်းလိုက်သဖြင့် လီရှူးယောင်း ဇဝေဇဝါ ဖြစ်ကျန်ခဲ့သည်။

"ကဲ... ဗိုက်ဝပြီလား အမောပြေအောင် Spa သွားရအောင်လေ"

"ဝပြီ ငါပဲရှင်းမယ်နော် လုပြီးမရှင်းနဲ့ဦး"

လီရှူးယောင်း ပြောပြောဆိုဆိုဖြင့် ထိုင်ရာမှထကာ ဘေလ်ရှင်းရန် ကောင်တာသို့သွားသည်။

အေးအေးလူလူ ရှိလှသော မွန်းလွဲပိုင်း အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ Spa မှ ထွက်လာပြီးနောက် တန်ယန် အခုလေးတင် ရရှိထားသည့် ငွေကြိုတင် သွင်းထားသော ကတ်နှစ်ကတ်အနက် တစ်ကတ်ကို လီရှူးယောင်းအား ပေးလိုက်ပြီး ကျန်တစ်ကတ်ကိုမူ ကာရင်းအားပေးရန် စီစဉ်ထားသည်။

"ငါ့ကိုမပေးပါနဲ့ ငါက ပုံမှန်ဆို ဒီကိုလာဖို့ အချိန်မရှိဘူး"

လီရှူးယောင်း လက်ကာပြရင်း ငြင်းဆန်သည်။

"အားလပ်ရက်လေးတွေမှာ တစ်ခါတလေလာတာ ဘာဖြစ်လဲ ပိုက်ဆံကလည်း သွင်းပြီးသားကြီးကို မသုံးရင် နှမြောစရာကြီးလေ ညီမကလည်း F နိုင်ငံမှာ ခဏခဏနေမှာမှ မဟုတ်တာ"

တန်ယန် ထိုကတ်ကို လီရှူးယောင်း၏ အိတ်ထဲသို့ အတင်းထည့်ပေးလိုက်သည်။

"ငါ့ကိုနင်က မွေးစားထားသလိုပဲ ဟိုဆုတောင်းပြည့် ဝတ္ထုတွေထဲက ဇာတ်ပို့မင်းသမီးလေးလို ခံစားနေရတယ်"

"ဇာတ်ပို့မင်းသမီး ဟုတ်လား၊ ဘာလို့ ဇာတ်ဆောင်မင်းသမီး မဟုတ်ရတာလဲ"

"ဘာလို့လဲဆိုတော့ နင်က ဇာတ်ဆောင်မင်းသမီး ဖြစ်နေလို့လေ ဟားဟားဟား"

တန်ယန်မှာ ဆွံ့အသွားပြီးနောက် ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။

‘ဒါ တကယ်ဖြစ်နိုင်မလား သူတို့နေထိုင်နေတဲ့ ကမ္ဘာကြီးက တခြားတစ်ယောက်ယောက် ရေးထားတဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်နေမလား သူတို့အားလုံးက လုပ်ကြံဖန်တီးထားတဲ့ ဇာတ်ကောင်တွေများလား’

သူမ ခေါင်းခါလိုက်သည်။ သူဘာတွေတွေးနေမိပါလိမ့်၊ ဝတ္ထုတွေ အရေးများသွားလို့ စိတ်ကူးယဉ် အာရုံချောက်ခြားနေပြီဟု ထင်သည်။

【အရှင်... ဒါက လုပ်ကြံဖန်တီးထားတဲ့ကမ္ဘာ မဟုတ်ပါဘူး】

【အင်း... နည်းနည်းလောက်တော့ ဖြစ်နိုင်ပါတယ်】

အကယ်၍ ဒီကမ္ဘာမှာ တကယ်ပဲ ဇာတ်ဆောင်မင်းသမီး ရှိတယ်ဆိုရင်လည်း သူမပဲ ဖြစ်ပါစေတော့။

ဟိုတယ်သို့ ပြန်ရောက်သောအခါ လီရှူးယောင်းမှာ အံ့ဩတကြီး ရေရွတ်လိုက်သည်။

"ဒဏ္ဍာရီဆန်တဲ့ အခန်းကြီးပါလား၊ ဒါ ငါ့အတွက် ပထမဆုံးအကြိမ်ပဲ တကယ်ကို ကျယ်လိုက်တာ"

"ဒါကြောင့်... ဒီည မမ ဒီမှာပဲ အတူအိပ်ရမယ်နော်"

"ဒါကတော့ ဖြစ်ပါတယ်၊ ညီမလေးက ဒီလောက်တောင် စိတ်ရင်းနဲ့ ဖိတ်ခေါ်နေမှတော့ မမကလည်း မတတ်သာတဲ့အဆုံး သဘောတူလိုက်ရတော့မှာပေါ့"

"ဒါဆိုရင် မမဘာသာ အေးအေးဆေးဆေး ကြည့်နေလိုက်ဦးနော်၊ ညီမတော့ ခဏလောက် လှဲနေလိုက်ဦးမယ်"

ပြောပြောဆိုဆိုနှင့် တန်ယန် ဧည့်ခန်းရှိ သားရေဆိုဖာပေါ်တွင် မှီချလိုက်တော့သည်။

C နိုင်ငံတွင်မူ...

ကျောက်ယွိချင်းသည် တရားရုံး၏ အမိန့်စာကို လက်ခံရရှိပြီးနောက် စိတ်ဓာတ်များ အလွန်အမင်း ကျဆင်းနေခဲ့သည်။

တန်ယန်၏ ရှေ့နေမှာ တကယ်ကို ကြောက်စရာ ကောင်းလှသည်။ သူမအနေဖြင့် ဟွာဒါတက္ကသိုလ်၏ ဖိုရမ်တွင် တောင်းပန်စာ တင်ရမည်သာမက သူမ၏ Weibo အကောင့်တွင်လည်း ထိုတောင်းပန်စာကို ထိပ်ဆုံးမှာ တစ်လတိတိ ချိတ်ဆွဲထားရဦးမည် ဖြစ်သည်။ ထို့အပြင် တန်ယန်၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် ဂုဏ်သိက္ခာ ကျဆင်းမှုအတွက် နစ်နာကြေးအဖြစ် ငွေကျပ် ၂၀,၀၀၀ ပေးလျော်ရန်လည်း အမိန့်ချမှတ် ခံခဲ့ရသည်။ (မှတ်ချက် - ဤဒဏ်ငွေ ပမာဏမှာ C နိုင်ငံ၏ စည်းမျဉ်းသာဖြစ်ပြီး လက်တွေ့လောကနှင့် မသက်ဆိုင်ပါ)

သူမက သာမန် ကောလိပ်ကျောင်းသူတစ်ယောက် ဖြစ်သည့်အတွက် တန်ယန်ကို ပေးလျော်ဖို့ငွေ ၂၀,၀၀၀ ကို ဘယ်ကရှာရမည် မသိပါ။

နောက်ဆုံးတွင် မျက်နှာပြောင်တိုက်ကာ ဖိုရမ်ပေါ်တွင် တောင်းပန်စာ တင်လိုက်တော့သည်။

ဟွာဒါတက္ကသိုလ်ဖိုရမ်-

【ဝါး ဒါနဲ့ဆို တောင်းပန်စာ ဘယ်နှစ်စောင် ရှိသွားပြီလဲ တို့နတ်ဘုရားမလေးကတော့ တကယ့်ကို အလန်းစားပဲ】

【ရယ်ရတယ် ဒီလူတွေက ဖိုရမ်မှာ အမည်ဝှက် ထားနိုင်ရင်ပဲ ဘေးကင်းပြီလို့ ထင်နေကြတာလား အကောင့်ဖွင့်ကတည်းက ကျောင်းသားကတ် လိုတယ်ဆိုတာကို မေ့နေကြပုံပဲ】

【ကိုယ်ချင်းစာ တရားဆိုတာ ထားသင့်တယ်လေ၊ နောင်တစ်ချိန် ပြန်ဆုံရင် မျက်နှာပူစရာ မဖြစ်အောင်ပေါ့ အင်တာနက်ဆိုတာ ဥပဒေပြင်ပ မဟုတ်ဘူးနော် သူတစ်ပါးကို စော်ကားပြီး ကောလာဟလတွေဖြန့်ရင် ဘယ်သူမှ လိုက်မစစ်ဘူးလို့ ထင်မနေကြနဲ့】

【မှန်တယ် အမှုတကယ် ဖြစ်ပြီဆိုရင် ကီးဘုတ်သမားတွေ အနေနဲ့ တောင်းပန်ရုံတင် မကဘူး၊ နစ်နာကြေးပါ ပေးရတာမျိုး ရှိတယ်လေ】

【အမြင့်ဆုံး လျော်ကြေးငွေက ၂၀,၀၀၀ တောင်တဲ့လား ဝါး】

【ဘုရားရေ အဲဒီလူတွေ အကုန်ပေါင်းလိုက်ရင် ခုနစ်သောင်း၊ ရှစ်သောင်းလောက်တောင် ရှိသွားမှာပဲ】

【တချို့ ဈေးကွက်မြှင့်တင်ရေး အကောင့်တွေလည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေလို့ ပိုပြီးတောင် လျော်လိုက်ရသေးတယ်လို့ ကြားတယ်】

【ပါးစပ်ကို စောင့်စည်းကြနော်၊ တော်ရုံပဲ ရမ်းကားကြဖို့ကောင်းတယ် မဟုတ်ရင်တော့...】

【ဒီကိစ္စတွေ အားလုံးရဲ့ နောက်ကွယ်မှာ တန်ယန်နဲ့ အဆောင်တူတဲ့ လီရှူးယောင်း ရှိနေတာလို့ ပြောကြတယ် တောက် လူကို အပြင်ပန်းကြည့်ရုံနဲ့ ဆုံးဖြတ်လို့ မရပါလား ကြည့်တော့ဖြင့် နူးညံ့ပြီး အပြစ်ကင်းတဲ့ ပန်းလေးတစ်ပွင့်လိုနဲ့ စိတ်ထားကတော့ တကယ်ကို ယုတ်မာလွန်းတယ်】

【အပေါ်ကလူ... စကားပြော ဆင်ခြင်ဦးနော် အရင်ကလူတွေ သင်ခန်းစာ ရသွားတာကို မြင်အောင်ကြည့်ဦး】

【ဒါက အမှန်တရားပဲလေ၊ သူကိုယ်တိုင်လည်း တောင်းပန်စာ တင်ထားပြီးပြီ မဟုတ်လား Weibo မှာလည်း တောင်းပန်စာကို Pin လုပ်ထားသေးတယ်】

【ငါတော့ သွားကြည့်ဦးမှပဲ...】

...

Weibo ပေါ်တွင်မူ ကျောက်ယွိချင်း၏ တောင်းပန်စာကြောင့် သူမ၏ ဖော်လိုဝါပေါင်း တစ်သောင်းကျော်မှာ ချက်ချင်းပင် လျော့နည်းသွားခဲ့သည်။ မူလက သူမတွင် ဖော်လိုဝါ သုံးသောင်းနီးပါး ရှိခဲ့ပြီး အချို့မှာ တန်ယန်နှင့် ပတ်သက်သော ကိစ္စကြောင့် တိုးလာခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ အားလုံး ဆုံးရှုံးသွားရလေပြီ။

【မိန်းကလေးရယ်... ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး စိတ်ကောင်းထားတာက အကောင်းဆုံးပါပဲ】

【နင့်ကို အရင်က တော်တော် သဘောကျခဲ့တာ ကွယ်ရာမှာ ဒီလောက်တောင် ယုတ်မာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး】

【နင့်ရဲ့ အပြစ်ကင်းစင်တဲ့ ပုံစံလေးကိုကြိုက်လို့ ဖော်လိုလုပ်ခဲ့တာ ဒါပေမဲ့ အခုတော့ အဲဒီအပြစ်ကင်းစင်မှုတွေက နင်နဲ့ လုံးဝ မအပ်စပ်တော့ဘူး အန်ဖော်လို လုပ်လိုက်ပြီ】

【တို့ရဲ့တန်တန်က တကယ့်ကို ထူးချွန်လွန်းလို့ပါ မနာလိုဖြစ်ပြီး တိုက်ခိုက်နေလည်း အပိုပါပဲ】

...

ကျောက်ယွိချင်း သူမ၏ ဖော်လိုဝါများ တရိပ်ရိပ် ကျဆင်းနေသည်ကို ကြည့်ရင်း စိတ်အနှောင့်အယှက်ဖြစ်ဖွယ် မှတ်ချက်များကြောင့် နောက်ဆုံးတွင် မှတ်ချက်ပေးသည့် စနစ်ကို ပိတ်ပစ်လိုက်သည်။ မမျှော်လင့်ဘဲ ထိုသို့လုပ်ဆောင်ခြင်းက ကျန်ရှိနေသော ဖော်လိုဝါ တစ်သောင်းကျော်ထဲမှ ထက်ဝက်ခန့်ကို ထပ်မံ ဆုံးရှုံးစေခဲ့ပြန်သည်။

သနားစရာ ကောင်းလှသော ဂဏန်းလေးလုံးအဆင့် ဖော်လိုဝါ အရေအတွက်ကို ကြည့်ရင်း အရာအားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။ သုံးနှစ်တိုင်တိုင် ကြိုးစားပမ်းစား တည်ဆောက်ခဲ့ရသော ဤအကောင့်မှာ ယခုအခါ အသုံးမဝင်တော့ပေ။

ထိုအချိန်တွင် သူမ၏ရင်ထဲ၌ နောင်တအရိပ်အယောင် အချို့ ဖြတ်ပြေးသွားသည်။ မိမိတွင် အင်အားမရှိဘဲနှင့် တန်ယန်ကို သွားရောက် မထိပါးခဲ့သင့်ပေ၊ ယခုမူ သိက္ခာရော ငွေကြေးပါ ဆုံးရှုံးခဲ့ရပြီဖြစ်သည်။

"ဒီကမ္ဘာကြီးက တကယ်ကို မတရားဘူး ဘာလို့ တချို့လူတွေကျတော့ တခြားသူတွေ တစ်သက်လုံး ကြိုးစားမှ ရနိုင်မယ့် စည်းစိမ်နဲ့ ဂုဏ်သတင်းတွေကို အလွယ်တကူ ရနေကြတာလဲ"

အကယ်၍ တန်ယန်သာ ကျောက်ယွိချင်း၏ အတွေးများကို သိခဲ့လျှင် ပြုပြင်၍ မရတော့သည့်သူဟုသာ သတ်မှတ်ပေလိမ့်မည်။ သူမသည် မိမိကိုယ်ကိုယ် ဘယ်သောအခါမှ ပြန်လည်သုံးသပ်ခြင်း မရှိဘဲ သူတစ်ပါးကိုသာ အပြစ်တင်တတ်သူ ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးသည် တစ်နေ့မဟုတ်တစ်နေ့ မိမိကိုယ်ကိုယ် ဖျက်ဆီးမိရုံသာ ရှိမည်။

F နိုင်ငံတော်၊ လော့စ်အိန်ဂျလိစ်မြို့။

ခဏတာ လှည့်ပတ် ကြည့်ရှုပြီးနောက် လီရှူးယောင်း အားကျမဆုံးသော လေသံဖြင့် ရေရွတ်လိုက်သည်။

"ဒီသူဌေးတွေရဲ့ ဘဝကတော့ တကယ်ကို ဇိမ်ကျလိုက်တာကွာ"

"ဒါဆိုရင်လည်း ကြိုးစားပေါ့ မမကို သူဌေးလောကထဲ ရောက်လာမယ့်ရက်ကို ညီမလေး စောင့်နေပါ့မယ်"

"နင် အဲဒီလို ဆက်ပြောနေရင်တော့ အရိုက်ခံရတော့မှာပဲ"

"ဟုတ်လား အဲဒါတော့ ဖြစ်နိုင်ခြေနည်းမယ် ထင်တယ်နော် ညီမရဲ့ တိုက်ခိုက်ရေး စွမ်းရည်က တစ်ကမ္ဘာလုံးမှာ အဆင့် ၃ အတွင်း ချိတ်တယ်လေ"

"ဟားဟား နင်က ဘယ်တုန်းက ဒီလောက်တောင် စကားတတ်သွားတာလဲ"

လီရှူးယောင်းကတော့ သူမစကားကို လုံးဝ မယုံကြည်ပေ။

"အမှန်အတိုင်း ပြောနေတာပါဆို"

"အေးပါ... အေးပါ... နင်ပြောတာ အမှန်ပဲ ထားပါတော့ ဒါနဲ့ ငါတို့ညစာ ဘာစားကြမလဲ"

"အခန်းထဲပဲ မှာစားကြမလား"

"ကောင်းသားပဲ ဝိုင်နီတစ်ပုလင်းပါ ထပ်မှာလိုက်ဦး ဒီညတော့ စပယ်ရှယ် သောက်ကြမယ်"

ထိုညတွင် မူးအောင်သောက်မည်ဟု ကြုံးဝါးနေသော လီရှူးယောင်းသည် ‘တစ်ခွက်သောက်ရုံနှင့် မှောက်တတ်သူ’ ဖြစ်မှန်း တန်ယန် ပထမဆုံးအကြိမ် သိလိုက်ရခြင်းပင်။

ပြဿနာမှာ သူမသည် မူးသွားသည့်တိုင် အေးအေးဆေးဆေး မနေဘဲ တန်ယန်ကို ဖက်တွယ်ထားပြီး လွှတ်မပေးတော့ပေ။ ထိုအခြေအနေကို ပုံဖော်ရလျှင် တန်ယန်မှာ ယူကလစ်ပင်ကြီးသဖွယ် ဖြစ်နေပြီး လီရှူးယောင်းမှာမူ ထိုအပင်ကို မဖက်ထားပါက ပြုတ်ကျသေဆုံးတော့မည့် ကိုအားလား ဝက်ဝံလေးကဲ့သို့ ဖြစ်နေသည်။

ညဉ့်နက်သန်းခေါင်အထိ ဟိုလှည့်ဒီလှည့်နှင့် ဗျာများပြီးနောက်မှ နောက်ဆုံးတွင် အိပ်ပျော်သွားတော့သည်။ သူမ၏ နှုတ်ခမ်းလေးများမှာ တမြုံ့မြုံ့နှင့် ဖြစ်နေသည်ကို ကြည့်ရသည်မှာ အိပ်မက်ထဲတွင် တစ်ယောက်ယောက်ကို နမ်းနေသည်လား သို့မဟုတ် အရသာရှိသည့် အရာတစ်ခုခုကို စားနေသည်လား ဆိုသည်မှာမူ မသဲကွဲပေ။

နောက်တစ်နေ့တွင် လီရှူးယောင်း နိုးလာသောအခါ အခန်းတွင်း၌ အလွန်ပင် တိတ်ဆိတ်နေသည်ကို တွေ့ရသည်။ သူမ ကုတင်ပေါ်မှ ခြေသံဖွဖွဖြင့်ဆင်းကာ ရေချိုးခန်းထဲသို့ ဝင်ခဲ့သည်။

ကိုယ်လက်သန့်စင်ပြီး လန်းဆန်းစွာ ထွက်လာချိန်အထိ တန်ယန်ဆီမှ ဘာအသံမှ ထွက်မလာသေးပေ။

ဗိုက်ထဲမှ တဂူးဂူး မြည်သံကို ကြားလိုက်ရသဖြင့် တံခါးကို အသာလေး ပြန်ပိတ်ကာ ဧည့်ခန်းသို့ ထွက်လာခဲ့ပြီး အခန်းဝန်ဆောင်မှုသို့ ဖုန်းဆက်ကာ အစားအသောက် မှာယူလိုက်၏။

တန်ယန်နိုးလာချိန်တွင် မွန်းလွဲ ၂ နာရီပင် ရှိနေပြီဖြစ်သည်။

တံခါးဖွင့်လိုက်သည်နှင့် တစ်စုံတစ်ယောက်က ဖုန်းကိုကြည့်ကာ ပြုံးစိစိဖြင့် စာပို့နေသည်ကို မြင်လိုက်ရသည်။ မည်သူနှင့် စကားပြောနေသည် ဆိုသည်ကို တန်ယန်ကတော့ သံသယဖြစ်စရာ မလိုဘဲ သိနေသည်။ လီရှူးယောင်း၏ မျက်နှာပေါ်က ရွှန်းရွှန်းဝေနေသည့် အပြုံးများကို သူမကိုယ်တိုင် ပြန်မြင်နိုင်အောင် မှန်တစ်ချပ်လောက် ကမ်းပေးလိုက်ချင်စိတ်ပင် ပေါက်သွားရသည်။

မင်ဆိုတဲ့ မျိုးရိုးနာမည်က အတော်လေးရှားသည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် C နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များထဲတွင် မင်ဆိုသည့် မျိုးရိုးနာမည်ရှိသည်။ ဒီလောက်အထိ တိုက်ဆိုင်နိုင်ပါ့မလားဟု တွေးနေမိသည်။

All Chapters