အခန်း ၁၇၈
Vol. 18 Ch. 178
အခန်း ၁၇၈
လေလံပွဲ (၂)
တန်ယန် ထိုင်နေရာမှ ကိုယ်ကိုမတ်လိုက်သည်။ ဤပန်းချီကားသည် သူမ၏ ယခုခရီးစဉ်အတွက် အဓိက ရည်မှန်းချက်များထဲမှ တစ်ခုပင်ဖြစ်သည်။
ဆရာကြီး မုန့်ချန်ရှန်းသည် C နိုင်ငံ၏ ကျော်ကြားသော ရှုခင်းပန်းချီဆရာတစ်ဦးဖြစ်ပြီး ရှုခင်းပန်းချီတွင် 'ဖုန်းရွှေ' ဂိုဏ်းကို စတင်တည်ထောင်ခဲ့သူ ဖြစ်သည်။ သူ၏ လက်ရာများမှာ ယခုအခါ အလွန် ရှားပါးသွားပြီဖြစ်ရာ ဤ 'တောင်တန်းနှင့် မြစ်ဝှမ်း မိုင်ပေါင်းတစ်သောင်း' ပန်းချီကားမှာ သူ၏ တန်ဖိုးအဖြတ်နိုင်ဆုံး လက်ရာများထဲမှ တစ်ခုဖြစ်သည်။
ယခင်က မုန့်ချန်ရှန်း၏ 'ယွီမယ်ရင်' အမည်ရှိ ပန်းချီကားမှာ လေလံပွဲ တစ်ခုတွင် စင်ကာပူဒေါ်လာ သန်း ၂၅၀ အထိ အံ့မခန်းဈေးနှုန်း ရရှိခဲ့ဖူးပြီး YL နိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေး လုပ်ငန်းစု တည်ထောင်သူ 'ဇာ့ခ်' က ဝယ်ယူပိုင်ဆိုင်သွားခဲ့သည်။ ထိုစဉ်က မိခင်နိုင်ငံ အနေဖြင့် ထိုပန်းချီကားကို တစ်လတာ ပြပွဲတင်ဆက်ရန်အတွက် ကြီးမားသော ငွေကြေးပေး၍ ငှားရမ်းခဲ့ရသည့် အဖြစ်အပျက်မှာ စိတ်မကောင်းစရာ ကောင်းလှသည်။
"သန်း ၄၁"
လေလံတင် ရောင်းချသူ စကားဆုံးသည်နှင့် တစ်စုံတစ်ယောက်က စိတ်အားထက်သန်စွာဖြင့် လေလံခလုတ်ကို နှိပ်လိုက်သည်။ ဒုတိယထပ်ရှိ သီးသန့်ခန်းများမှာမူ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ တိတ်ဆိတ်နေကြသည်။
တန်ယန်သည်လည်း ချက်ချင်း ဈေးမပြိုင်သေးပေ။ ဤပန်းချီကားမှာ သေချာပေါက် သန်းရာချီ တန်ဖိုးရှိမည်ဖြစ်ရာ ခဏခဏ ခလုတ်နှိပ်ပြီး ဈေးတိုးနေရန် မလိုအပ်ပေ။ နောက်ဆုံးအဆင့် ရောက်မှသာ ဝင်ရောက် ယှဉ်ပြိုင်၍ရသည်။
လေလံဈေးနှုန်း သန်း ၉၀ သို့ ရောက်ရှိလာချိန်တွင်မှ ဒုတိယထပ်ရှိ သီးသန့်ခန်းများက စတင် လှုပ်ရှားလာကြသည်။
သီးသန့်ခန်း (၅) က စတားဒင်္ဂါး သန်း ၁၀၀ ခေါ်ဆိုပြီးနောက် သီးသန့်ခန်း (၉) က သန်း ၁၅၀ ခေါ်လိုက်ပြန်သည်။ လေလံဈေးမှာ သန်း ၃၂၀ အထိ ထိုးတက်သွားချိန်တွင်မှ တန်ယန်၏ ဘေးခန်းဖြစ်သော သီးသန့်ခန်း (၂) က ဈေးစခေါ်တော့သည်။
"စတားဒင်္ဂါး သန်း ၄၀၀"
"ဝါး"
ခန်းမဆောင်ကြီး အတွင်းမှ အာမေဍိတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ သီးသန့်ခန်း (၂) ၏ တစ်ဟုန်ထိုး ဈေးမြှင့်လိုက်မှုကြောင့် လူတိုင်း မှင်သက်သွားကြပုံရသည်။
တန်ယန်ကတော့ ခပ်တိုးတိုး ရယ်မောလိုက်သည်။ မှန်းဆထားသည့် အတိုင်းပင် သီးသန့်ခန်း (၂) က ဈေးခေါ်လိုက်ပြီးနောက် ခေတ္တမျှ မည်သူမျှ ဈေးမတိုးဝံ့ကြတော့ပေ။ ကြည့်ရသည်မှာ ထိုအခန်းထဲကလူသည် စိတ်ဓာတ်စစ်ဆင်ရေးကို ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေလိမ့်မည်။
တန်ယန် ဇီးရိုးဆီမှ လေလံကိရိယာကို ယူလိုက်ပြီး
"စတားဒင်္ဂါး သန်း ၅၀၀"
ဟု ရိုက်ထည့်လိုက်ရာ ချက်ချင်းပင် အတည်ဖြစ်သွားတော့သည်။
"သီးသန့်ခန်း (၁) က စတားဒင်္ဂါး သန်း ၅၀၀ နဲ့ တစ်ကြိမ်၊ သန်း ၅၀၀ နဲ့ နှစ်ကြိမ်"
ထိုအချိန်တွင် သီးသန့်ခန်း (၂) က ဈေးထပ်တိုးလိုက်ပြန်သည်။
"သီးသန့်ခန်း (၂) က သန်း ၅၁၀ နဲ့ တစ်ကြိမ်"
သန်း ၁၀ ပဲ ထပ်တိုးတာကြောင့် တန်ယန် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ဈေးကို ထပ်မြှင့်လိုက်သည်။
"သီးသန့်ခန်း (၁) က သန်း ၆၀၀ နဲ့ တစ်ကြိမ်၊ သန်း ၆၀၀ နဲ့ နှစ်ကြိမ်၊ သန်း ၆၀၀ နဲ့ သုံးကြိမ် အတည်ပြုပါတယ်"
လေလံတူ ရိုက်ချလိုက်သံနှင့်အတူ လက်ခုပ်သံ အနည်းငယ် ထွက်ပေါ်လာပြီးနောက် လူအများအပြားက ဝိုင်းဝန်း လက်ခုပ်တီး၍ ဂုဏ်ပြုလိုက်ကြသည်။
ယနေ့တွင် သူတို့အားလုံးသည် သမိုင်းဝင် အခိုက်အတန့် အသစ်တစ်ခုကို ထပ်မံ၍ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ကြရပြန်သည်။ ဖော်ကာလေလံပွဲကြီးတွင် ပန်းချီကားတစ်ချပ် စံချိန်တင် ဈေးနှုန်းဖြင့် ရောင်းချလိုက်ရသည်။
"နောက်ထပ် တင်သွင်းမယ့် ပစ္စည်းကတော့ သရဖူတစ်ခု ဖြစ်ပါတယ်၊ ဒီသရဖူကတော့ 'ဘုရင်မလီဒါ' နန်းတက်ပွဲတုန်းက ဆောင်းခဲ့တဲ့ သရဖူလို့ လူသိများပါတယ် သရဖူတစ်ခုလုံးကို ရွှေစစ်စစ်နဲ့ ပြုလုပ်ထားပြီး ပုလဲနဲ့ ပတ္တမြားပေါင်း ရာနဲ့ချီ စီခြယ်ထားပါတယ် ထူးခြားတာကတော့ ဒီကျောက်မျက်ရတနာတွေ အားလုံးဟာ အနာအဆာ ကင်းစင်ပြီး အကောင်းဆုံး အရည်အသွေးတွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အရေးအကြီးဆုံးကတော့ သရဖူရဲ့ ရှေ့မျက်နှာစာမှာ စိန်ပုံသဏ္ဌာန် သွေးထားတဲ့ ပတ္တမြား သုံးလုံးကို တန်းစီပြီး စီခြယ်ထားတယ် တစ်လုံးချင်းစီက အပြစ်ပြောစရာ မရှိအောင် ပြီးပြည့်စုံလွန်းလှပါတယ်"
"အခြေခံဈေးက စတားဒင်္ဂါး သန်း ၅၀ ဖြစ်ပြီး တစ်ကြိမ်ဈေးတိုးရင် အနည်းဆုံး တစ်သန်းစီ တိုးပေးရပါမယ် အခု လေလံစတင်နိုင်ပါပြီ"
အနောက်ဘက် ခန်းမဆောင်ကြီး အတွင်းမှ လေလံဆွဲသူများမှာမူ ဤမျှ စွဲမက်ဖွယ် ကောင်းလှသော သရဖူကြီး ထွက်ပေါ်လာချိန်တွင် ဈေးပြိုင်ရန် လှုပ်ရှားနိုင်စွမ်း မရှိကြတော့ပေ။ တန်ယန်ကိုယ်တိုင်ပင် ထိုသရဖူ၏ အလှအပတွင် စွဲမက်သွားခဲ့ရသည်။
ဒုတိယထပ်ရှိ VIP သီးသန့်ခန်းများ၏ ဈေးပြိုင်နှုန်းမှာ အလွန်ပင် မြန်ဆန်လှရာ မျက်တောင်တစ်ခတ် အတွင်းမှာပင် သန်း ၂၁၀ သို့ ရောက်ရှိသွားခဲ့သည်။ တန်ယန် ပြတ်သားစွာဖြင့် ဈေးနှုန်းကို သန်း ၃၀၀ အထိ မြှင့်တင်လိုက်ရာ ထိုနောက်ပိုင်းတွင် ထပ်မံတိုးလာသော ဈေးနှုန်းများမှာ အလွန်အမင်း မြင့်မားခြင်း မရှိတော့ပေ။ နောက်ဆုံးတွင် တန်ယန် ထိုသရဖူကို သန်း ၃၉၀ ဖြင့် အပိုင် သိမ်းပိုက်နိုင်ခဲ့သည်။
နောက်ထပ် ထွက်လာသော ပစ္စည်းအချို့ကိုမူ အခြားသီးသန့်ခန်းများက ခွဲဝေယူသွားကြပြီးနောက် နောက်ဆုံးတွင် ပွဲပိတ်အမိုက်စား ပစ္စည်းကြီးအဖြစ် C နိုင်ငံ၏ သမိုင်းဦးကာလ အတိအကျ ပြောရလျှင် 'ယို' မင်းဆက်ခေတ်က ကြေးဝါရောင်ဒင်ကြီး ထွက်ပေါ်လာခဲ့သည်။
ဤပစ္စည်းသည် C နိုင်ငံအတွက် အလွန်ထူးခြားသော အဓိပ္ပာယ်ရှိသည်။ ရှေးဟောင်းသုတေသန ပညာရှင်များက သမိုင်းတွင် အစောဆုံး ပေါ်ထွန်းခဲ့သည့် မင်းဆက်မှာ 'ချန်ယွီ' မင်းဆက် ဖြစ်သင့်ကြောင်း ရှာဖွေတွေ့ရှိထားသော်လည်း ထိုမင်းဆက် တကယ်ရှိခဲ့ကြောင်း သက်သေပြရန် ခိုင်မာသော အထောက်အထား မရှိသေးပေ။
အကယ်၍ ဤကြေးဝါရောင် ဒင်ကြီးသည် 'ယို' မင်းဆက်ထက် စောသောခေတ်က တည်ရှိခဲ့ခြင်း ဖြစ်ပါက ၎င်းသည် 'ချန်ယွီ' မင်းဆက်ခေတ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ရပေမည်။ သို့ဆိုလျှင် 'ချန်ယွီ' မင်းဆက် အမှန်တကယ် တည်ရှိခဲ့ကြောင်းကို သမိုင်းတွင် အတည်ပြုပြီးသား အချက်အလက် တစ်ခုအဖြစ် သက်သေပြနိုင်တော့မည်။
ထို့ကြောင့် အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ဦးစီးဌာနမှ ပညာရှင်များသည်လည်း ဤလေလံပွဲသို့ တက်ရောက်လာခဲ့ကြပြီး ခန်းမဆောင် အတွင်း၌ ရင်တမမဖြင့် စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ကြသည်။ နောက်ဆုံးတွင်တော့ သူတို့ စောင့်မျှော်နေသော ပစ္စည်းကြီး ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
"ဒီနေ့ လေလံပွဲရဲ့ နောက်ဆုံးပိတ် အဖိုးတန် ပစ္စည်းကတော့ C နိုင်ငံက ကြေးဝါရောင်ဒင်ကြီးပဲ ဖြစ်ပါတယ် လူကြီးမင်းတို့ မြင်တွေ့ရတဲ့အတိုင်း ဒီပစ္စည်းရဲ့ လက်ရာမြှောက်မှုကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက လူတွေ ဖန်တီးခဲ့တယ်ဆိုတာ ယုံကြည်ဖို့တောင် ခက်ခဲလှပါတယ်"
"ဒီပစ္စည်းကို ကျွန်တော်တို့ရဲ့ ပညာရှင်တွေက အနည်းဆုံး 'ယို' မင်းဆက်ကာလက သုံးချောင်းထောက် ကရားအိုးကြီး ဖြစ်ကြောင်း အတည်ပြုပေးထားပါတယ် အခြေခံဈေးက စတားဒင်္ဂါး သန်း ၁၀၀ ဖြစ်ပြီး တစ်ကြိမ်ဈေးတိုးရင် အနည်းဆုံး သန်း ၁၀ စီ တိုးပေးရပါမယ် အခု လေလံစတင်နိုင်ပါပြီ"
ယဉ်ကျေးမှု အမွေအနှစ် ဗျူရိုမှ စေလွှတ်လိုက်သော 'ချန်ယွီ' မင်းဆက်သမိုင်းကို အထူးပြု လေ့လာသည့် ဝါရင့်ပညာရှင်ကြီး တစ်ဦးမှာ ထိုအချိန်တွင် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။ ဤသည်မှာ 'ယို' မင်းဆက်၏ လက်ရာမဟုတ်ပေ၊ သေချာပေါက် 'ချန်ယွီ' မင်းဆက်ခေတ်က ကြေးထည်ပစ္စည်းအစစ် ဖြစ်ရမည် ယခုအခါ သူအလွန် စိုးရိမ်နေသည်မှာ သူတို့ထံတွင် ရန်ပုံငွေ လုံလောက်စွာ ရှိမရှိဆိုသည့် အချက်ပင်။
သို့သော်လည်း ဤနေရာသို့ ရောက်ရှိနေပြီဖြစ်ရာ အရှုံးမပေးဘဲ ကြိုးစားကြည့်ရပေမည်။ အကယ်၍ ကံကောင်းသွားလျှင်လည်း ကံကောင်းသွားနိုင်သည်။
မကြာမီမှာပင် လေလံဈေးနှုန်းသည် စတားဒင်္ဂါး သန်း ၅၀၀ သို့ ရောက်ရှိသွားသော်လည်း ရပ်တန့်မည့် အရိပ်အယောင်မျိုး လုံးဝမပြသခဲ့ပေ။ ယဉ်ကျေးမှု အမွေအနှစ် ဗျူရိုမှ ပညာရှင်များအဖွဲ့ အနေဖြင့် အထက်သို့ ရန်ပုံငွေတင်ပြ တောင်းခံထားရသည်မှာ စတားဒင်္ဂါး သန်း ၈၀၀ သာ ရှိသဖြင့် ယခုအခြေအနေအရ မျှော်လင့်ချက် ကင်းမဲ့သွားရုံသာ ရှိသည်။
သူ၏ ကြိုတင်ပူပန်မှုမှာ အမှန်ပင် ဖြစ်ခဲ့သည်။ ကြေးကရားအိုးကြီး၏ လေလံဈေးမှာ သန်း ၈၀၀ ကို လျင်မြန်စွာ ကျော်လွန်သွားပြီးနောက် စတားဒင်္ဂါး ၁ ဘီလီယံ (သန်း ၁,၀၀၀) အထိ ထိုးတက်သွားခဲ့သည်။ ဈေးပြိုင်နေကြသူများမှာမူ ဒုတိယထပ်ရှိ VIP သီးသန့်ခန်းများမှသာ ဖြစ်ကြ၏။
"ဆရာကြီး တို့တွေ ဒီအတိုင်းပဲ လက်လျှော့လိုက်ရတော့မှာလား"
ပညာရှင်ကြီး၏ ဘေးနားရှိ လူငယ်လေး တစ်ဦးက လေလံဈေးနှုန်းများ တရိပ်ရိပ် တက်နေသည်ကို ရင်တမမဖြင့်ကြည့်ရင်း မေးလိုက်သည်။ သူတို့မှာမူ ဈေးပြိုင်ခေါ်ဆိုနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးသွားခဲ့ရပြီဖြစ်သည်။
ဝါရင့်ပညာရှင်ကြီးက ခေါင်းကို ခါယမ်းလိုက်ရင်း မတတ်သာသလို သက်ပြင်းချကာ—
"ဟူး... ငါတို့တောင်းထားတဲ့ ရန်ပုံငွေက အစွမ်းကုန် ကြိုးစားထားတာတောင် ဒီလောက်ပဲ ရတာလေ နောက်ကျရင် ငါတို့ သုတေသန လုပ်ဖို့အတွက် ဒါကို ငှားရမ်းခွင့် ရအောင်ပဲ မျှော်လင့်ရတော့မှာပေါ့"
"စတားဒင်္ဂါး ၂ ဘီလီယံ"
ထိုစဉ် တန်ယန် စတင်၍ ဈေးဝင်ခေါ်လိုက်သည်။
"သီးသန့်ခန်း (၁) က စတားဒင်္ဂါး ၂ ဘီလီယံနဲ့ ဈေးခေါ်လိုက်ပါပြီ"
လေလံတင် ရောင်းချသူမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရသည်။ အကြောင်းမှာ ယနေ့တစ်ရက်တည်းတွင် သီးသန့်ခန်း (၁) တစ်ခုတည်းမှ ရရှိသည့် ကော်မရှင်ဝင်ငွေမှာ သူမ၏ တစ်နှစ်စာဝင်ငွေ စုစုပေါင်းထက်ပင် ကျော်လွန်နေပြီ ဖြစ်သောကြောင့်ပင်။ သို့သော် ဤမျှနှင့် မပြီးဆုံးသေးပေ။
သူမအနေဖြင့် ယခင်က စာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူးခဲ့သည့် တရုတ်စကားပုံ တစ်ခုကို ယခုမှပင် ကောင်းကောင်းကြီး နားလည် သဘောပေါက်သွား၏။
"သုံးနှစ်တိုင်တိုင် ဆိုင်မဖွင့်ရပေမဲ့ ဆိုင်တစ်ခါ ဖွင့်လိုက်ရင် သုံးနှစ်စာ စားလို့ရတယ်"
ဆိုသည့် စကားပုံပင် ဖြစ်သည်။
"၂.၁ ဘီလီယံ"
သီးသန့်ခန်း (၉) ထံမှ ဈေးပြိုင်ခေါ်သံ ဆက်လက် ထွက်ပေါ်လာသည်။
သီးသန့်ခန်း (၉) အတွင်းတွင် ရှိနေသူမှာ ယခင်က မုန့်ချန်ရှန်း၏ 'ယွီမယ်ရင်' ပန်းချီကားကို ဝယ်ယူခဲ့ဖူးသည့် ဆက်သွယ်ရေး လုပ်ငန်းစုကြီး၏ တည်ထောင်သူ 'ဇာ့ခ်' ပင် ဖြစ်သည်။ သူ၏ဘေးတွင်မူ သူ၏ တစ်ဦးတည်းသောသား 'ဟာမား' ထိုင်နေသည်။
"ဖေဖေ... ဖေဖေက ဘာလို့ ဒီကြေးကရားအိုးကြီးကို လေလံဆွဲချင်နေရတာလဲ"
ဟာမားက နားမလည်နိုင်စွာ မေးမိသည်။ သူတို့မိသားစုက အလွန်ချမ်းသာသည် ဆိုသော်လည်း ထိုအရာကြီးက ဤမျှအထိ တန်ဖိုးရှိလိမ့်မည်ဟု သူ မယုံကြည်နိုင်ပေ။
သူတို့အိမ်တွင် C နိုင်ငံမှ ရရှိထားသည့် ရှေးဟောင်းပစ္စည်း များစွာရှိသည်။ သူငယ်ငယ်တုန်းကဆိုလျှင် ဖေဖေက သူ့ကို လုံခြုံရေးတံခါး သုံးထပ်ကျော် ဖြတ်ကျော်ခေါ်ဆောင်သွားပြီး သူ၏ အလွန်ဂုဏ်ယူရသော စုဆောင်းမှုများကို ပြတတ်သည်။
ပြောရလျှင် ထိုပစ္စည်းများထဲတွင် သူကိုယ်တိုင်ပင် အံ့ဩမိရသည့် အရာအချို့ ရှိခဲ့သည်။ ဥပမာအားဖြင့် ဓားရှည်တစ်လက်ရှိပြီး ထိုဓားရှည်၏ရှေ့တွင် မတ်တပ်ရပ်လိုက်ရုံမျှဖြင့် စိမ့်အေးလှသော လေပြင်းတစ်ချက် ဖြတ်တိုက်သွားသကဲ့သို့ ခံစားရကာ တစ်ကိုယ်လုံး မသိစိတ်က တုန်ရင်လာပြီး ရင်ထဲကနေ အလိုလို ကြောက်စိတ်များ ဝင်လာတတ်သည်။
"သား... အဖေတို့မိသားစုက ဘာလို့ ချမ်းသာနေရတာလဲ"
ဇာ့ခ်က ဟာမား၏ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ပြန်လည်ကာ မေးခွန်းထုတ်လိုက်သည်။
"ဖေဖေက ပိုက်ဆံပိုရှာနိုင်လို့လား"
ဟာမားတစ်ယောက် ပြန်ဖြေလိုက်သည်။
"အဖေတို့တွေက အခုကတည်းက အရမ်း ချမ်းသာနေပြီးသားမို့လို့ နောက်အနာဂတ်မှာလည်း အမြဲတမ်း ဆက်ပြီး ချမ်းသာနေဦးမှာပဲ ဒီပစ္စည်းကိုဝယ်ဖို့ ငွေတွေအများကြီး သုံးလိုက်ရတယ်လို့ ထင်ရပေမဲ့ C နိုင်ငံမှာ စကားပုံတစ်ခုရှိတယ်... 'ရှားမှအဖိုးတန်တယ်' တဲ့ ဒါကြောင့် ဒီပစ္စည်းကို အခု ပိုင်ဆိုင်ထားလိုက်ရတာက နောင်ဆယ်စုနှစ်တွေ ဒါမှမဟုတ် ရာစုနှစ်တွေအထိ အဖေတို့ မိသားစုဆီကို စည်းစိမ်ဥစ္စာတွေ အဆက်မပြတ် စီးဝင်လာအောင် လုပ်ပေးနိုင်လိမ့်မယ် အခုထိရော ဖေဖေ မဝယ်သင့်ဘူးလို့ ထင်နေတုန်းပဲလား"
ဟာမားက ခေါင်းခါယမ်းလိုက်ပြီး
"ကျွန်တော် အမြင်ကျဉ်းခဲ့ပါတယ် ဖေဖေ"
လေလံဈေး ပြိုင်ပွဲကတော့ ဆက်လက် ရှိနေဆဲဖြစ်ရာ လက်ရှိတွင် လေလံဈေးမှာ စတားဒင်္ဂါး ၃.၅ ဘီလီယံအထိ ရောက်ရှိနေပြီ ဖြစ်သည်။
တန်ယန်မှာမူ စိတ်မရှည်တော့ပေ။ ဒီအတိုင်းသာဆိုလျှင် လေလံပွဲက ဘယ်အချိန်ထိ ကြာနေဦးမည် မသိပါ။ သူမသည် ကိရိယာပေါ်တွင် "စတားဒင်္ဂါး ၅ ဘီလီယံ" ဟု တိုက်ရိုက်ရိုက်ထည့်ကာ အတည်ပြု တင်ပြလိုက်သည်။
"သီးသန့်ခန်း (၁) က စတားဒင်္ဂါး ၅ ဘီလီယံနဲ့ ဈေးခေါ်လိုက်ပါပြီ ထပ်ပြီး ဈေးပြိုင်မယ့်သူ ရှိပါသေးသလားရှင့် ၅ ဘီလီယံ တစ်ကြိမ်၊ ၅ ဘီလီယံ နှစ်ကြိမ်"
လေလံတင် ရောင်းချသူ၏ အသံမှာ ရင်ခုန်စိတ်လှုပ်ရှားလွန်း၍ပင် တုန်ရင်နေချေပြီ။
ဇာ့ခ် မျက်မှောင်ကြုတ်လိုက်မိပြီး
"ကြည့်ရတာ ဒီတစ်ခေါက်တော့ အဖေတို့တွေ ဒီအဖိုးတန် ရတနာကြီးကို အိမ်ပြန်သယ်ဖို့ မလွယ်တော့ဘူး ထင်တယ် နောက်ထပ်တစ်ကြိမ်ပဲ ထပ်ပြီး ဈေးပြိုင်ကြည့်ရအောင် အဆင်မပြေရင်တော့ လက်လျှော့ရတော့မှာပဲ"
ဟု ဆိုလိုက်သည်။