အခန်း ၁၇၉
Vol. 18 Ch. 179
အခန်း ၁၇၉
လေလံပွဲ (၃)
ဟာမားက နောက်တစ်ကြိမ် နားမလည်နိုင် ဖြစ်သွားပြန်ပြီး
"ဒါပေမဲ့ ဖေဖေ... သားတို့မိသားစုမှာ ရန်ပုံငွေ အလုံအလောက် ရှိရမှာလေ ဘာလို့ ဆက်ပြီး ဈေးမပြိုင်တော့တာလဲ"
ဟု မေးလိုက်သည်။
"ငါ့သား... ဒီပစ္စည်းက ငါတို့အတွက်တော့ အပိုဆောင်းရမယ့် ရတနာတစ်ခုပဲ မရှိမဖြစ် လိုအပ်နေတာမျိုး မဟုတ်ဘူး အကယ်၍ ဒါကိုရဖို့အတွက် ရှိရင်းစွဲ အခြေခံ အုတ်မြစ်ကိုပါ လှုပ်ခတ်သွားစေမယ် ဆိုရင်တော့ အရှုံးပေါ်တာနဲ့ အတူတူပဲ မင်းသိတဲ့အတိုင်း ကုမ္ပဏီထဲမှာ အဖေတို့ကို အချိန်မရွေး ပြန်ကိုက်ဖို့ ချောင်းနေကြတဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာ အဖိုးကြီးတွေ ရှိနေသေးတယ်လေ"
ဟာမား နှုတ်ခမ်းကို ဖိစေ့ထားလိုက်ရင်း ဖေဖေပြောသည့် 'အဖိုးကြီးတွေ' ကို တွေးမိကာ ဘာမှ ဆက်မပြောတော့ပေ။
"သီးသန့်ခန်း (၉) က စတားဒင်္ဂါး ၅.၅ ဘီလီယံနဲ့ ဈေးခေါ်လိုက်ပါပြီ"
လေလံတင် ရောင်းချသူက အားကုန်သုံး၍ ကြေညာလိုက်သည်။
"၇ ဘီလီယံ"
တန်ယန် ထပ်မံ၍ ဈေးပြိုင်လိုက်ပြန်သည်။
"သီးသန့်ခန်း (၁) က ၇ ဘီလီယံနဲ့ တစ်ကြိမ်၊ ၇ ဘီလီယံနဲ့ နှစ်ကြိမ်၊ ၇ ဘီလီယံနဲ့ သုံးကြိမ် အတည်ပြုပါတယ်"
နောက်ဆုံး လေလံတူ ရိုက်ချသံနှင့်အတူ ယနေ့ည၏ လေလံပွဲကြီးမှာ အောင်မြင်စွာဖြင့် ပြီးဆုံးသွားခဲ့၏။
တန်ယန် ဝန်ထမ်းများ လာရောက်၍ ဝန်ဆောင်မှု ပေးသည်ကို သီးသန့်ခန်းထဲ၌ပင် စောင့်ဆိုင်းနေခဲ့သည်။ ငွေပေးချေပြီးနောက် ပစ္စည်းများကို သေချာစွာ စစ်ဆေးကာ လေလံအောင်ခဲ့သည့် အဖိုးတန် ရတနာများကို သယ်ဆောင်၍ ဖော်ကာလေလံအိမ်မှ ထွက်ခွာခဲ့သည်။
အယ်လီဆာသည် မူလက ဤလေလံပွဲသို့ တက်ရောက်ရန် စီစဉ်ထားသော်လည်း အရေးကြီး ကိစ္စတစ်ခု ပေါ်လာသဖြင့် မလာနိုင်ခဲ့ပေ။ သူမသည်လည်း ဖော်ကာလေလံအိမ်၏ အထူး VIP ဖောက်သည်တစ်ဦး ဖြစ်သဖြင့် လေလံပွဲ၏ ရလဒ်များကို ချက်ချင်း သိရှိခဲ့ရသည်။
အယ်လီဆာ: “ယာနာ... ဘုရင်မလီဒါရဲ့ သရဖူကို နင်ပဲ လေလံဆွဲလိုက်တာ မဟုတ်လား ဟားဟားဟား ငါဖြင့် တကယ်ကို ဝမ်းသာလိုက်တာ”
ယာနာ: “ဘာဖြစ်လို့လဲ”
အယ်လီဆာ: “နင်မသိလို့ ငါ့ရဲ့ ကမ္ဘာ့ရန်ဘက် နီကိုးလ်တစ်ယောက် ဒေါသထွက်လွန်းလို့ ပေါက်ကွဲနေပြီလေ သူက ဒီသရဖူကို ရအောင်ယူမယ်ဆိုပြီး သူ့ရဲ့ WeChat Moments မှာ ကြုံးဝါးထားတာ အခုတော့ အရှက်ကွဲသွားရပြီလေ”
ယာနာ: (ရှက်နေသောအီမိုဂျီ)
ကာရင်း: “နင် ဒီနေ့တော့ တော်တော် အလုပ်ရှုပ်သွားတာပဲ လေလံပွဲက ဘယ်လိုလဲ ဒီနေ့ည လေလံဈေးတွေက ကောင်းကင်အထိ ထိုးတက်သွားတယ်လို့ ကြားတယ် ယာနာ... အဲဒီလိုဈေးကြီးနဲ့ ဝယ်လိုက်တဲ့သူက နင်ပဲလို့တော့ ငါ့ကိုမပြောနဲ့နော်”
အယ်လီဆာ: “ငါ့အထင်တော့ သေချာပေါက် သူပဲဖြစ်လိမ့်မယ်”
ကာရင်း: “ယာနာရေ နင်ရှိနေသေးလား”
အယ်လီဆာ: “နင်အိမ်သာသွားနေလို့ ဖုန်းမကိုင်တာလား”
တန်ယန် တမင်သက်သက် ဖုန်းမဖြေဘဲ နေနေခြင်း မဟုတ်ပေ။ တစ်စုံတစ်ရာနှင့် ကြုံတွေ့နေရ၍ ဖြစ်သည်။ လေလံအိမ်မှ ထွက်လာပြီး ငါးမိနစ်ခန့် အကြာတွင် သူမ၏ကားမှာ ညာဘက်မှ ကွေ့ဝင်ရန် ကြိုးစားလာသော ငွေရောင်ပြိုင်ကား တစ်စီး၏ ဘေးတိုက်တိုက်ခြင်းကို ခံလိုက်ရသည်။
တန်ယန်စီးလာသော ကားကို သက်တော်စောင့် နံပါတ် ၅ က မောင်းနေခြင်းဖြစ်ပြီး သူသည် အဖွဲ့ထဲတွင် ကားမောင်းအကျွမ်းကျင်ဆုံး ဖြစ်သည်။ သာမန်အခြေအနေမျိုးတွင် ယခုကဲ့သို့ အသေးအဖွဲ ပွတ်တိုက်မှုမျိုးပင် ဖြစ်စရာအကြောင်း မရှိရာ တစ်ဖက်လူက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လာတိုက်ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။
"သခင်မလေး... ကျွန်တော် လမ်းဖယ်ပေးခဲ့သားပဲ ဒါပေမဲ့ သူက ကျွန်တော်တို့ ကားရှေ့မီးခွက်ကို တမင်သက်သက် လာတိုက်တာ"
ဝူမှာ ပြောစရာစကားပင် ပျောက်သွားတော့သည်။ ထိပ်တန်း သက်တော်စောင့်များပီပီ သူတို့ ခုနက ပြီးဆုံးသွားခဲ့သည့် လေလံပွဲကို ချက်ချင်း ပြေးမြင်မိကြသည်။
"ရပါတယ် ကားပေါ်ကဆင်းပြီး သွားရှင်းလိုက်ဦး သူတို့ ဘာရည်ရွယ်ချက် ရှိလဲဆိုတာ သွားကြည့်လိုက်"
တန်ယန် နောက်ခန်းလက်မှီခုံကို လက်ညှိုးဖြင့်ခေါက်ရင်း အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
ဇီးရိုးသည် သူ၏ တက်ဘလက်ကို ဘေးတိုက်လှည့်လိုက်ပြီး ကီးဘုတ်ကို ထုတ်လိုက်သည်။ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် အလွန်လျင်မြန်စွာ ပျံဝဲသွားပြီးနောက် မကြာမီမှာပင် ရှေ့ကကားနှင့် ပတ်သက်သော အချက်အလက်များ စခရင်ပေါ်တွင် ပေါ်လာသည်။
"သခင်မလေး... သူတို့က YL နိုင်ငံက လီယိုမိသားစုက ဖြစ်ပါတယ်"
ဇီးရိုး၏ လေသံမှာ အေးစက်လှသော်လည်း နားထောင်ရသူ၏ စိတ်မငြိမ်မသက် ဖြစ်မှုများကိုတော့ ပြေပျောက်စေနိုင်သည်။
"ငါ့ကိုပေးကြည့်ဦး"
တန်ယန် လက်ကမ်း၍ တက်ဘလက်ကို ယူလိုက်ရာ ၎င်းပေါ်တွင် ကားပိုင်ရှင်၏ အချက်အလက်များကို ဖော်ပြထားသည်။
စာသားများကို အမြန်ဖတ်ရှုပြီးနောက် တန်ယန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ နီကိုးလ်လီယိုတဲ့လား၊ သူမအနေဖြင့် ဤနာမည်ကို တစ်ခါမှ မကြားဖူးခဲ့သလို တစ်ဖက်လူက ဘာဖြစ်လို့ သူမကို လာနှောင့်ယှက်နေသည်ကိုလည်း လုံးဝ စဉ်းစားမရပေ။
ဇီးရိုးက ဆက်လက်၍
"ကျွန်တော် နီကိုးလ်ရဲ့ လူမှုကွန်ရက်အကောင့်ကို ရှာတွေ့ခဲ့ပါတယ် လွန်ခဲ့တဲ့နှစ်ရက်က သူမရဲ့ အကောင့်မှာ သခင်မလေး ဝယ်လိုက်တဲ့ ဘုရင်မလီဒါရဲ့ သရဖူနဲ့ ပတ်သက်ပြီး စာတစ်စောင် တင်ခဲ့ဖူးတယ် အဲဒီသရဖူကို သူ မဖြစ်မနေ ရအောင်ယူမယ်လို့ ရေးထားတာ"
ဟု ရှင်းပြသည်။
တန်ယန် ယခုမှပင် ရယ်ချင်စိတ်ပင် ပေါက်သွားပြီး လိုချင်တာ မရသဖြင့် ကလေးဆန်ဆန် စိတ်ဆိုးပြနေခြင်း ဖြစ်သည်ကို ရိပ်မိသွားသည်။
သို့သော်လည်း လေလံပွဲတွင် ပါဝင်သူများ၏ အချက်အလက်များကို လျှို့ဝှက်ထားရမည်ဟု သူမ မှတ်သားထားဖူးသည်။ တစ်စုံတစ်ယောက်က သူမ၏ အချက်အလက်များကို ပေါက်ကြားအောင် လုပ်လိုက်သည်လားဟု တွေးနေမိသည်။
ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ဖော်ကာလေလံအိမ် အနေနဲ့ ဒီကိစ္စကို တာဝန်ယူရပေလိမ့်မည်။
"ဇီးရိုး... ဖော်ကာကလူတွေကို ဖုန်းဆက်ပြီး အခုလက်ရှိ အခြေအနေကို ပြောပြလိုက်"
လေလံပွဲ ပြီးကတည်းက ဖော်ကာ၏ တာဝန်ခံကိုယ်တိုင် လူများကို ဦးဆောင်ပြီး သူမ၏ သီးသန့်ခန်းထဲအထိ လာရောက်ကာ ငွေချေပေးခဲ့ပြီး Super VIP ကတ်ကိုပါ ထုတ်ပေးခဲ့ဖူးသည်။
တန်ယန် ခပ်တိုးတိုး ရယ်လိုက်မိသည်။ ဤကတ်ကို ယခုလို မြန်မြန်ဆန်ဆန် အသုံးတည့်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
"ဟုတ်ကဲ့ပါ သခင်မလေး"
ဇီးရိုးက လေလံပွဲတာဝန်ခံ၏ ဖုန်းနံပါတ်ကို နှိပ်လိုက်ရာ တစ်ဖက်မှ ချက်ချင်းပင် ဖုန်းလက်ခံ ဖြေကြားခဲ့သည်။ လက်ရှိအခြေအနေကို လျင်မြန်ပြတ်သားစွာ ရှင်းပြလိုက်သောအခါ ဖုန်းတစ်ဖက်မှ တာဝန်ခံမှာ ချွေးစေးများပင် ပြန်လာပြီး ဤကိစ္စကို ဖြေရှင်းရန် လူတစ်ယောက် ချက်ချင်း လွှတ်လိုက်မည်ဟု တုန်တုန်ရင်ရင် ပြောရှာသည်။
လေလံအိမ်နှင့် သိပ်မဝေးလှသဖြင့် တာဝန်ခံကိုယ်တိုင် လူများကို ဦးဆောင်ကာ အခင်းဖြစ်ပွားရာ နေရာသို့ အပြေးအလွှာ ရောက်ရှိလာသည်။
"မစ္စနီကိုးလ်... ဒါ ဘယ်လိုဖြစ်တာလဲခင်ဗျာ"
ထိုတာဝန်ခံ၏ အမည်မှာ ဆစ်ဂမန်ဖြစ်ပြီး YL နိုင်ငံမှ နာမည်ကျော် သခင်မလေး၏ စိတ်နေသဘောထားကို အသေးစိတ် မသိသော်လည်း သူမနှင့်တော့ အတော်လေး ရင်းနှီးကျွမ်းဝင်မှု ရှိသည်။
ဤကဲ့သို့ သူဌေးမလေးကို ကိုင်တွယ်ရသည်မှာ သူ့အတွက် ခေါင်းခဲစရာ ဖြစ်သော်လည်း ကားထဲတွင် ရှိနေသည့်သူမှာမူ သူတို့လေလံအိမ် အနေဖြင့် မဖြစ်မနေ အလေးထား ဆက်ဆံရမည့် အရေးကြီးဆုံး ဖောက်သည်ကြီးဖြစ်ရာ မတတ်သာဘဲ တရားခံပြေး ရင်ဆိုင်ရသလို ရှေ့ထွက်လာခဲ့ရခြင်း ဖြစ်သည်။
"ဆစ်ဂမန်... ဒီကားထဲကလူက ဘုရင်မလီဒါရဲ့ သရဖူကို လေလံအောင်သွားတဲ့သူ မဟုတ်လား"
နီကိုးလ်က မေးလိုက်သော်လည်း သူမ၏လေသံမှာ သေချာရေရာလှသည့် အသွင်ဆောင်နေသည်။
"စိတ်မကောင်းပါဘူး မစ္စနီကိုးလ် မစ္စသိတဲ့အတိုင်း ဝယ်ယူသူနဲ့ ရောင်းချသူတွေရဲ့ အချက်အလက်ကို လျှို့ဝှက်ထားရမယ်ဆိုတာ ကျွန်တော်တို့ လေလံအိမ်ရဲ့ စည်းမျဉ်းပါခင်ဗျာ"
ဆစ်ဂမန်က အပြုံးဖြင့် ပြန်လည် ဖြေကြားခဲ့သည်။
"နင်ဒီလောက်တောင် အပြေးအလွှာ ထွက်လာပုံကို ကြည့်ရုံနဲ့တင် အထဲကလူက အဲဒီသူဌေးပဲဆိုတာ သေချာနေပါပြီ"
နီကိုးလ်က တန်ယန်၏ ကားမှန်ပြတင်းပေါက်ကို မထီမဲ့မြင် ကြည့်လိုက်ပြီး အထဲတွင် မည်သူထိုင်နေသည်ကို ချောင်းကြည့်ရန် ကြိုးစားနေသည်။
သို့သော် သေချာပေါက် စိတ်ပျက်သွားရမည် ဖြစ်သည်။ ကားတစ်စီးလုံးကို အထူးမှာယူ ပြုလုပ်ထားသည့် မှန်များဖြင့် တပ်ဆင်ထားရာ အပြင်ဘက်မှကြည့်လျှင် အထဲက အရာအားလုံးကို လုံးဝ မြင်နိုင်စွမ်း မရှိပေ။
"မစ္စနီကိုးလ်ကလည်း နောက်တာပဲဗျာ ဒီနေရာက ကျွန်တော်တို့ လေလံအိမ်နဲ့ အရမ်းနီးတာလေ၊ ပြီးတော့ အခုတင် ထွက်သွားတဲ့သူတွေ အကုန်လုံးကလည်း ကျွန်တော်တို့ရဲ့ ဖောက်သည်တွေပဲဟာ ယာဉ်တိုက်မှု ဖြစ်တာနဲ့ ချက်ချင်း လာရောက် စစ်ဆေးရတာက ကျွန်တော်တို့ရဲ့ တာဝန်ပဲ မဟုတ်လား"
"ကဲပါ... ငါလည်း နင့်ကို အလုပ်မရှုပ်စေချင်တော့ဘူး ငါ့ဘာသာပဲ စကားပြောလိုက်မယ်"
နီကိုးလ် ကားပေါ်ကဆင်းပြီး အခြေအနေကို ကိုင်တွယ်နေသည့် သက်တော်စောင့်ဝူကို လက်ညှိုးထိုးပြလိုက်သည်။
"ကျွန်တော့်ဘက်ကတော့ ခင်ဗျားနဲ့ စကားပြောစရာ မရှိပါဘူး ကျွန်တော့်ကားက လမ်းဘေးမှာ ရပ်ထားတာကို ခင်ဗျားက တမင်သက်သက် လာတိုက်တာလေ"
ဝူက မကျေမနပ် ဆိုလိုက်သည်။
"လာတိုက်တော့ ဘာဖြစ်လဲ နင်တို့က ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ"
နီကိုးလ် မာနထောင်လွှားစွာဖြင့် ပြန်ပြောလိုက်သည်။
【အရှင်ရေ... အရှင့်မှာ 'အဆင့်မြင့် ကွန်ရက်ထိန်းချုပ်ရေးကတ်' ရှိနေတာကို မေ့သွားပြီလား အခုပဲ အဲဒါကို ထုတ်သုံးပြီး ဒီမိန်းမယုတ်ကို ပညာပေးလိုက်စမ်းပါ】
တန်ယန်တစ်ယောက် သူမတွင် ထိုကဲ့သို့သောပစ္စည်း ရှိနေသည်ကို အမှန်တကယ်ပင် မမှတ်မိတော့ပေ။ 'ယိတျန်တျန်' ၏ သတိပေးချက်ကြောင့် စနစ်စွမ်းအားရပ်ဝန်းအတွင်း သိုလှောင်ထားသော ပစ္စည်းကတ်ပြားများကို ရှာဖွေထုတ်ယူလိုက်၏။
တန်ယန်၏ရှေ့တွင် စာတိုဘောက်စ်တစ်ခု ပေါ်လာသည်။ *အဆင့်မြင့် ကွန်ရက်ထိန်းချုပ်ရေးကတ် ၁ ကို အသုံးပြုမလား၊ ရက်စ်/နိုး။
သူမ တွေဝေမနေဘဲ "ဟုတ်ကဲ့" ဆိုသည်ကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်သည်။
သူမရှေ့ရှိ ကတ်ပြားလေးမှာ တစ်ခဏအတွင်း ပျောက်ကွယ်သွားပြီးနောက် ဖုန်းအဆက်အသွယ် စာရင်းထဲတွင် လူတစ်ဦးနှင့် ဆက်သွယ်ရန် အချက်အလက်များ အလိုအလျောက် ပေါ်လာခဲ့သည်။
"ဟေး... ဒီဖုန်းနံပါတ်က ဘယ်သူ့နံပါတ်လဲ"
【အရှင်ရေ... ဒီနံပါတ်ကိုသာ နှိပ်လိုက်စမ်းပါ၊ တစ်ဖက်လူက အရှင်ရဲ့ တောင်းဆိုချက် တစ်ခုကို မဖြစ်မနေ ဖြည့်ဆည်းပေးပါလိမ့်မယ်】
"သူက ငါ့ကို သိလို့လား"
【အရှင်အနေနဲ့ လုံးဝစိတ်ချပါ သူတို့အတွက်တော့ အရှင်က သူတို့ သို့မဟုတ် သူတို့မိသားစုရဲ့ ကျေးဇူးရှင်ကြီး ဖြစ်နေလို့ပါပဲ။ အရှင့်ရဲ့ လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးဖို့ သူတို့မှာ တာဝန်ရှိပါတယ် ဒါက သူတို့ရဲ့ စိတ်ဝိညာဉ်အထိ စွဲထင်နေတဲ့ အမှတ်အသား တစ်ခုမလို့ပါ】
"ဒါဆို... အခု ဘလိတ်ဆိုတဲ့လူက ဘယ်သူလဲ"
【ဘလိတ်ဆိုတာ လီယိုမိသားစုရဲ့ အိမ်ထောင်ဦးစီး အကြီးအကဲပေါ့၊ ပြီးတော့ အပြင်က ကားတိုက်တဲ့ မိန်းမရဲ့ အဘိုးအရင်းလည်း ဟုတ်တယ်လေ】
"အော်... ဒါဆို ကလေးကို မနိုင်တော့လို့ လူကြီးဆီသွားပြီး တိုင်တန်းရမယ့် သဘောပေါ့"
【အရှင်ကလည်း အပြင်ကမိန်းမက လီယိုမိသားစုရဲ့ သမီးအရင်းစစ်စစ် မဟုတ်ပါဘူးနော် သူက သူများနေရာကို လုထားတဲ့ အတုအယောင်ပဲ】
"ဒါက ဘာဖြစ်တာလဲ"
【အလို... ပြောရရင်တော့ ဇာတ်လမ်းက အရှည်ကြီးပေါ့ အရှင်ရဲ့၊ ဒါပေမဲ့ သာမန် ဝတ္ထုတွေထဲကလိုပဲ 'သမီးအရင်းနဲ့ သမီးအတု' လဲသွားတဲ့ ဇာတ်ကွက်ဟောင်းကြီးပါပဲ】
"ဒါဆို... ငါက လီယိုမိသားစုရဲ့ အကြီးအကဲဆီ ဖုန်းဆက်ပြီး 'နီကိုးလ်လီယိုက နင့်ရဲ့ မြေးအရင်း မဟုတ်ဘူး၊ တခြားတစ်ယောက် ရှိသေးတယ်' လို့ သွားပြောရမှာလား"
【အဲဒီလို လုပ်ရင်လည်း ရတာပဲလေ ဒီမိန်းမကို ကောင်းကင်ဘုံကနေ ငရဲဘုံအထိ တစ်ခါတည်း ပြုတ်ကျသွားအောင် လုပ်လိုက်တာက ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းလိမ့်မယ် အရှင်ရဲ့ လုပ်လိုက်ရအောင်】
တန်ယန် နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွှတ်ကာ ပြုံးလိုက်ပြီးနောက် ထိုသီးသန့် ဖုန်းနံပါတ်ကိုနှိပ်ကာ ခေါ်ဆိုလိုက်သည်။
လီယိုမိသားစု၏ ရှေးဟောင်း စံအိမ်တော်ကြီးအတွင်း။
အဘိုးအိုဘလိတ်သည် သူတစ်ခါမှ မမြင်ဖူးသော ဖုန်းနံပါတ်တစ်ခုကို စိုက်ကြည့်ရင်း ခေတ္တမျှ ဝေခွဲမရ ဖြစ်နေခဲ့သည်။ သို့သော် ရုတ်တရက် ဆိုသလိုပင် သူ၏စိတ်ထဲ၌ ဖြစ်နိုင်ခြေ တစ်ခုကို ပြေးမြင်မိသွားပြီး လက်များ တုန်တုန်ရင်ရင်ဖြင့် ဖုန်းကို ကောက်ကိုင်လိုက်လေသည်။