အခန်း ၁၈၀
Vol. 18 Ch. 180
အခန်း ၁၈၀
ပြည်တွင်း၌ ရေပန်းစား လှုပ်ခတ်သွားခြင်း
ဆယ်မိနစ်ခန့် ကြာပြီးနောက် ဘလိတ်သည် ပြတ်တောက်သွားသော ဖုန်းကိုကြည့်ကာ မျက်နှာတစ်ပြင်လုံး မည်းမှောင်နေခဲ့သည်။
ထို့နောက် အိမ်တော်ထိန်းကို ဆင့်ခေါ်လိုက်ပြီး
"နီကိုးလ်ဘယ်မှာလဲ"
ဟု မေးလိုက်သည်။
အိမ်တော်ထိန်းမှာ လန့်ဖျပ်သွားပြီး
"သခင်မလေးနီကိုးလ်က F နိုင်ငံ LA မြို့မှာ ရောက်နေပါတယ်ခင်ဗျာ"
ဟု ချက်ချင်း ပြန်လည် ဖြေကြားခဲ့သည်။
"သူ့ကို အခုချက်ချင်း ဒီကိုပြန်လာခဲ့ဖို့ ဖုန်းဆက်လိုက်"
"ဟုတ်ကဲ့ပါသခင်ကြီး"
အခြားတစ်ဖက်တွင်မူ ဒေါသတကြီးဖြင့် ပေါက်ကွဲလုနီးပါး ဖြစ်နေသော နီကိုးလ်သည် ရုတ်တရက် အိမ်တော်ထိန်းထံမှ ဖုန်းဝင်လာသဖြင့် သူမ၏ဒေါသကို အောင့်အီးမျိုသိပ်ကာ ဖုန်းလက်ခံ ဖြေကြားလိုက်သည်။
နှစ်မိနစ်ခန့် အကြာတွင် ဖုန်းချလိုက်ပြီးနောက် တန်ယန်၏ကားကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ချက်ချင်းပင် ကားထဲသို့ ပြန်ဝင်ကာ ဒေါသဖြေသည့်အလား တာယာသံ တကျွိကျွိဖြင့် မောင်းထွက်သွား၏။
သက်တော်စောင့်ဝူက ကားထဲသို့ ပြန်ဝင်လာပြီး
"သခင်မလေး... အဲဒီလူ ထွက်သွားပါပြီ"
ဟု တင်ပြသည်။
"အင်း... သွားကြစို့"
ဆစ်ဂမန်သည် ကားနှစ်စီး တစ်စီးပြီးတစ်စီး မောင်းထွက်သွားသည်ကို ကြည့်ရင်းမှ သက်ပြင်းချကာ စိတ်အေးသွားတော့သည်။ ထို့နောက် သူလည်း လေလံအိမ်မှ ဝန်ထမ်းများကိုခေါ်ကာ အခင်းဖြစ်ပွားရာ နေရာမှ ထွက်ခဲ့ကြသည်။
ဟိုတယ်သို့ ပြန်ရောက်သောအခါ တန်ယန် လေလံအောင်ခဲ့သော ပစ္စည်းများကို သူမ၏ ဧည့်ခန်းအတွင်း၌ အစီအရီ ချထားခိုင်းလိုက်သည်။ ဤပစ္စည်းများသည် တရားဝင် လမ်းကြောင်းမှ ဝယ်ယူခဲ့ခြင်းဖြစ်ရာ ပြည်တွင်းသို့ ပြန်သည့်အခါ အကောက်ခွန် ကြေညာရမည် ဖြစ်သည်။ ထိုကိစ္စများကိုမူ လင်းက အဆင်ပြေအောင် ကိုင်တွယ်ပေးလိမ့်မည်။
ပစ္စည်းအားလုံးကို စနစ်စွမ်းအား ရပ်ဝန်းထဲသို့ ထည့်သွင်းလိုက်ပြီး ပစ္စည်းများ ထည့်ထားခဲ့သည့် သေတ္တာထဲတွင်မူ တူညီသော အလေးချိန်ရှိသည့် အရာတစ်ခုခုဖြင့် အစားထိုး လဲလှယ်ထားလိုက်သည်။ သူမ၏ Space ထက် စိတ်ချရသောနေရာ ကမ္ဘာပေါ်တွင် မရှိတော့ပေ။
ထိုအချိန်မှသာ စောစောက အယ်လီဆာ ပို့ထားသော မက်ဆေ့ခ်ျများကို သတိပြုမိတော့သည်။
တန်ယန်: “လမ်းမှာ မတော်တဆမှု တစ်ခုနဲ့ ကြုံသွားလို့ပါ”
အယ်လီဆာ: “အို ဘုရားသခင် နင်အဆင်ပြေရဲ့လား ထိခိုက်မိသေးလား”
ကာရင်း: “ဘယ်လိုဖြစ်တာလဲ”
တန်ယန်: “တိုက်တိုက်ဆိုင်ဆိုင်ပဲ... ငါ့ကားကို လာတိုက်တဲ့သူက နီကိုးလ်လီယို ဖြစ်နေတယ်”
အယ်လီဆာ: (စိတ်ဆိုးနေသောအီမိုဂျီ) “ဒီမိန်းမယုတ်က တမင်လုပ်တာပဲ နင် သရဖူကို လေလံဆွဲလိုက်တာကို သူသိနေတာလား”
အယ်လီဆာ: “သေချာတယ် ဖော်ကာလေလံအိမ်က တစ်ယောက်ယောက်နဲ့ အဆက်အသွယ်ရှိပြီး နင့်အချက်အလက်ကို ပေါက်ကြားအောင် လုပ်လိုက်တာပဲ”
အယ်လီဆာ: “မရဘူး... ငါတကယ် ဒေါသထွက်တယ် နင့်အတွက် ငါ ကလဲ့စား ချေပေးရမယ်”
ကာရင်း: “ဒါနဲ့ ယာနာ... အခုဘယ်မှာလဲ”
တန်ယန်: “ငါအဆင်ပြေပါတယ်၊ စိတ်မပူကြနဲ့ ငါနဲ့အတူ သက်တော်စောင့် အဖွဲ့လည်း ပါတယ်လေ ပြီးတော့... အခုလောလောဆယ် ဒုက္ခရောက်နေတာက နီကိုးလ်ဖြစ်လိမ့်မယ်”
ကာရင်း: “နင်ဘာလုပ်လိုက်လို့လဲ (စိတ်ဝင်စားနေသော အီမိုဂျီ)”
အယ်လီဆာ: “သတင်းထူးဟေ့ နီကိုးလ်တစ်ယောက် သူ့အဘိုး လွှတ်လိုက်တဲ့ လူတွေရဲ့ ဖမ်းခေါ်သွားတာကို ခံလိုက်ရပြီ”
တန်ယန်: “ဟင်”
အယ်လီဆာ: “နီကိုးလ်ရဲ့ အသိုင်းအဝိုင်းထဲကို ဝင်ထားတဲ့သူတစ်ယောက် ပြောတာတော့ နီကိုးလ်ရဲ့ အဘိုးက လူလွှတ်ပြီး သူ့ကို အတင်းအဓမ္မ ဖမ်းခေါ်ခိုင်းပြီး လေယာဉ်ပေါ် တင်လိုက်တာတဲ့ သူဖမ်းခေါ်မခံရခင်တုန်းက အဖွဲ့ထဲမှာ ယာနာကို မီးကုန်ယမ်းကုန် ကလဲ့စား ချေမယ်ဆိုပြီး သောင်းကျန်းသွားသေးတယ် ဟီးဟီး”
တန်ယန်: (အီမိုဂျီ)
ကာရင်း: “နီကိုးလ်က လီယိုမိသားစုမှာ အလိုလိုက်ခံရဆုံးမလား နောက်နှစ်ရက်နေလို့ သူပြန်ထွက်လာရင် ယာနာ့ကို ဒုက္ခလာပေးဦးမှာ မဟုတ်ဘူးလား”
အယ်လီဆာ: “ဟုတ်တယ်၊ လီယိုမိသားစုမှာက သမီးမိန်းကလေးဆိုလို့ သူတစ်ယောက်ပဲ ရှိတာလေ ဒါကြောင့် အဘိုးဖြစ်သူက အလိုလိုက်ထားတာပေါ့”
တန်ယန်: “မယုံရင် စောင့်ကြည့်လိုက်လေ နီကိုးလ်တစ်ယောက် မကြာခင် မျက်နှာသာပေးခံရတဲ့ အဆင့်ကနေ ပြုတ်ကျတော့မှာ”
အယ်လီဆာ: “ဟင်... ဒီသတင်းက ဘယ်ကရတာလဲ သေချာလို့လား အကယ်၍သာ တကယ်ဆိုရင်တော့ ငါသေချာပေါက် ရှန်ပိန်ဖောက်ပြီး အောင်ပွဲခံမှာ”
ကာရင်း: “စောင့်ကြည့်ကြတာပေါ့လေ”
နောက်တစ်နေ့တွင် တန်ယန် လီရှူးယောင်းကိုခေါ်ကာ နောက်တစ်ကြိမ် ဈေးဝယ်ထွက်ခဲ့ပြီး မိသားစုအတွက် လက်ဆောင်များစွာကို ထပ်မံ ဝယ်ယူခဲ့သည်။
F နိုင်ငံ၊ LA မြို့တွင် နောက်ထပ်နှစ်ရက်ခန့် နေထိုင်ပြီးနောက်တွင်မူ အမိနိုင်ငံသို့ ပြန်ရန်အတွက် အထုပ်အပိုးများကို စတင် ပြင်ဆင်တော့သည်။ သူမထက်ပင် ပို၍ ရင်တမမဖြင့် စိုးရိမ်တကြီး ဖြစ်နေကြသူများမှာမူ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ဦးစီးဌာနမှ လူများပင် ဖြစ်သည်။
"ဆရာကြီး... ဟိုကြေးကရားအိုးကြီးကို ဘယ်သူဝယ်သွားလဲဆိုတာ အခုထိ ဘာသတင်းမှ စုံစမ်းလို့ မရသေးဘူးဗျာ"
ဝါရင့်ပညာရှင်ကြီးက မျက်မှောင်ကြုတ်လိုက်မိသည်။ နောက်တစ်နေ့တွင် သူတို့ တရုတ်ပြည်သို့ ပြန်ကြတော့မည် ဖြစ်သည်။ ယခုအချိန်အထိ မီဒီယာများပေါ်တွင် ဝယ်ယူသူနှင့် ပတ်သက်သည့် အချက်အလက် တစ်စုံတစ်ရာ မျှဝေခြင်း မရှိသေးဘဲ လေလံပွဲတွင် မိုးထိအောင် စံချိန်တင်ဈေးနှုန်း ရရှိခဲ့သည်ဟူသော သတင်းများကသာ ထိုကြေးကရားအိုးကြီး အမှန်တကယ် တည်ရှိခဲ့ကြောင်း သက်သေပြနေသည်။
"ဟူး..."
ပညာရှင်ကြီးက သက်ပြင်းချလိုက်ရင်း
"ထားလိုက်ပါတော့ ငါတို့လည်း ပစ္စည်းတွေသိမ်းပြီး ပြန်ဖို့ပဲ ပြင်ကြရအောင် အကယ်၍ တစ်ဖက်လူက သုတေသနအတွက် ငှားရမ်းဖို့ စိတ်ဝင်စားတယ် ဆိုရင်တော့ တစ်နေ့နေ့ကျရင် သိရမှာပါပဲ"
ယဉ်ကျေးမှုအမွေအနှစ် ဗျူရိုမှလူများ လက်ဗလာဖြင့် ပြန်လာခဲ့ရသည်ဟူသော သတင်းမှာ တရုတ်နိုင်ငံသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် Weibo အပါအဝင် အဓိက သတင်းဝဘ်ဆိုက်များ အားလုံးတွင် 'ချန်ယွီ' မင်းဆက် တည်ရှိခဲ့ကြောင်း အကောင်းဆုံး သက်သေပြနိုင်မည့် ထိုကြေးကရားအိုးကြီးကို မည်သူက ဝယ်ယူသွားသလဲဆိုသည့် အချက်အပေါ် အကြီးအကျယ် ဆွေးနွေး ငြင်းခုံနေကြလေပြီ။
စတားဒင်္ဂါး ၇ ဘီလီယံ ဆိုသည်မှာ C နိုင်ငံ၏ ငွေကြေးဖြင့် တွက်ချက်လျှင် ဘီလီယံ ၄၉ ဘီလီယံ (သန်းပေါင်း ၄၉,၀၀၀) အထိ ရှိသည်။ ဤမျှလောက် များပြားလှသော လက်ငင်းငွေသားကို မည်သူက ပိုင်ဆိုင်ထားမည်လဲ၊ ထိုသူသည် C နိုင်ငံမှ ဖြစ်လိမ့်မည်ဟု မည်သူမျှ ခန့်မှန်းမိကြမည် မဟုတ်ပေ။
အကြောင်းမှာ C နိုင်ငံ၏ အချမ်းသာဆုံး မိသားစုဖြစ်သည့် မင်မိသားစု၏ ပိုင်ဆိုင်မှု စုစုပေါင်းမှာပင် ၄၉ ဘီလီယံခန့်သာ ရှိသောကြောင့် ဖြစ်သည်။ ထိုပိုင်ဆိုင်မှု ပမာဏမှာလည်း သူတို့၏ အိမ်ခြံမြေ လုပ်ငန်းများနှင့် ကုမ္ပဏီရှယ်ယာ တန်ဖိုးဖြတ်မှု အားလုံးကို ပေါင်းစည်းထားခြင်းသာ ဖြစ်သည်။
ထို့ကြောင့် မင်မိသားစု အနေဖြင့် ဤကြေးကရားအိုးကြီးကို လေလံဆွဲရန်အတွက် ငွေသားသက်သက် ၄၉ ဘီလီယံကို ချက်ချင်း ထုတ်ပေးနိုင်ရန်မှာ လုံးဝမဖြစ်နိုင်သော ကိစ္စရပ်ပင် ဖြစ်သည်။
Weibo နှင့် အွန်လိုင်း ဖိုရမ်များပေါ်တွင် အခြေအတင် ဆွေးနွေးမှုများမှာ နေရာအနှံ့ ပျံ့နှံ့နေခဲ့သည်။
နိုင်ငံအတွင်း အကြီးမားဆုံးနှင့် လူကြိုက်အများဆုံး အွန်လိုင်းဖိုရမ် တစ်ခုတွင် -
【ကျွန်တော့်အထင်တော့ YL နိုင်ငံက အကြီးဆုံး ဆက်သွယ်ရေး လုပ်ငန်းစုပိုင်ရှင် ဇာ့ခ်ဝယ်သွားတာ ထင်တယ် သူက C နိုင်ငံရဲ့ ရှေးဟောင်းပစ္စည်းတွေကို စုဆောင်းရတာ ဝါသနာပါတဲ့ နာမည်ကြီး သူဌေးတစ်ယောက်ပဲလေ】
【ဖြစ်နိုင်ခြေတော့ရှိတယ် ဒါပေမဲ့ မဟုတ်လောက်ဘူးထင်တယ် အကယ်၍သာ ဇာ့ခ်ဝယ်လိုက်တာဆိုရင် သူ့ရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲကို တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု ထပ်တိုးသွားပြီဆိုပြီး တစ်ကမ္ဘာလုံးသိအောင် ကြေညာနေလောက်ပြီ】
【အပေါ်က မှတ်ချက်က တော်တော်ကို ကျိုးကြောင်းဆီလျော်တယ် ဇာ့ခ်ဆိုတာ သာမန်အရင်းရှင် စီးပွားရေးသမား တစ်ဦးပဲလေ၊ သူ C နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို စုဆောင်းရတဲ့ ရည်ရွယ်ချက်က အမှန်အတိုင်း ပြောရရင် ပိုက်ဆံရှာဖို့ပဲ မဟုတ်လား မုန့်ချန်ရှန်းရဲ့ 'ယွီမယ်ရင်' ပန်းချီကားကို တို့နိုင်ငံက တစ်လတာ ပြပွဲလုပ်ဖို့ ငှားတုန်းက သူ့ကို ပိုက်ဆံဘယ်လောက်တောင် ပေးခဲ့ရလဲ】
【ဒါဆို... ဒီကြေးကရားအိုးကြီးကို ဝယ်နိုင်လောက်တဲ့ အင်အားတောင့်တင်းတဲ့ ပိုင်ဆိုင်မှုမျိုး ဘယ်သူ့မှာ ရှိဦးမှာလဲ】
【တစ်ဦးတစ်ယောက်ချင်းစီ မဟုတ်ဘဲ သီးသန့်နိုင်ငံ တစ်ခုခုက ဝယ်လိုက်တာမျိုးရော မဖြစ်နိုင်ဘူးလား ဥပမာ M နိုင်ငံလိုမျိုးပေါ့】
【အဲဒီလိုမျိုး မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်၊ ဒါပေမဲ့ ဖြစ်နိုင်ခြေတော့ အရမ်းများတယ်】
【ဒီကြေးကရားအိုးကြီးအပြင် မုန့်ချန်ရှန်းရဲ့ 'တောင်တန်းနှင့်မြစ်ဝှမ်း မိုင်ပေါင်းတစ်သောင်း' ပန်းချီကားလည်း ပါသေးတယ်မလား ဘာလို့ ဘယ်သူမှ အဲဒါကို ထည့်မပြောကြတာလဲ】
【ချန်ယွီမင်းဆက် တည်ရှိခဲ့တဲ့ သမိုင်းဝင်သက်သေ အထောက်အထားနဲ့ ယှဉ်လိုက်ရင်တော့ အဲဒီပန်းချီကားက လူစိတ်ဝင်စားမှု လျော့သွားတာ သဘာဝပါပဲ】
【ကံကြမ္မာက တို့တွေကို ကျီစယ်နေသလိုပဲ ယဉ်ကျေးမှု အမွေအနှစ်ဗျူရိုက ညွှန်ကြားရေးမှူး ဂေါင်ကိုယ်တိုင် အဖွဲ့ကိုဦးဆောင်ပြီး အဲဒီကြေးကရားအိုးကြီးကို လေလံဆွဲဖို့ သွားခဲ့တာတဲ့ ဒါပေမဲ့ ရန်ပုံငွေ မလုံလောက်လို့ လက်လွတ်လိုက်ရတယ်... တကယ်ကို စိတ်မကောင်းစရာပဲ】
【ရင်နာစရာ ကောင်းလိုက်တာ၊ ဒါတွေအားလုံးက အမျိုးသားအဆင့် ရတနာတွေပဲဟာကို】
【အဲဒီလို ပစ္စည်းမျိုးကိုတော့ မိခင်နိုင်ငံဆီ အလကား ပြန်လှူသင့်တာပေါ့】
【အပေါ်က ကွန်မန့်ရေးတဲ့သူက ဘယ်လိုတောင် သူတော်စင်စိတ် ပေါက်နေတာလဲ ဝယ်တဲ့သူကရော သူ့ပိုက်ဆံအစစ်နဲ့ ဝယ်ထားတာ မဟုတ်ဘူးလား ဘာလို့ အလကား လှူရမှာလဲ မင်းရဲ့အိမ်၊ မင်းရဲ့ကား၊ မင်းပိုင်တာ မှန်သမျှကို အရင်ဆုံး အလကား လိုက်လှူပြီးမှ ဒီလိုစကားမျိုး လာပြောပါလား】
【စိတ်မမှန်တဲ့ သူတွေရဲ့ စကားကို နားမယောင်ပါနဲ့ ဦးနှောက်သွေးကြောပြတ်တာ ဆယ်နှစ်ကျော် နေတဲ့သူတောင် အဲဒီလိုစကားမျိုး ပြောမှာမဟုတ်ဘူး】
【ဖော်ကာလေလံအိမ်ဘက်က အတည်ပြုချက်အရ... မုန့်ချန်ရှန်းရဲ့ 'တောင်တန်းနှင့် မြစ်ဝှမ်း မိုင်ပေါင်းတစ်သောင်း' ပန်းချီကားကို ဝယ်သွားတဲ့သူကပဲ ချန်ယွီမင်းဆက်ရဲ့ ကြေးကရားအိုးကြီးကိုပါ သိမ်းသွားတာဖြစ်ဖို့ ရာခိုင်နှုန်း အများဆုံးပဲတဲ့ ပြီးတော့ အဲဒီလူက ဘုရင်မလီဒါရဲ့ သရဖူကိုလည်း ဝယ်သွားသေးတယ်】
【ဒီပစ္စည်း သုံးခုတင်ကို တရုတ်ငွေ ၅၂.၂၉ ဘီလီယံ (သန်းပေါင်း ၅၂,၂၉၀) တောင် ကုန်ကျတာဗျာ】
【တကယ့်ကို မဟာဓနရှင်ကြီးပဲ အင်အားကတော့ အံ့မခန်းပဲ】
【အတည်ကြီးလား တစ်လမှ ၃,၀၀၀ ပဲရတဲ့ ကျွန်တော်လို ကောင်မျိုးက ဒီလိုသတင်းတွေကို နားထောင်နေရဖို့ လိုလို့လားဗျာ】
【အနောက်နိုင်ငံတွေဘက်က သတင်းထွက်လာပြီဟေ့ ဒီတစ်ခေါက်တော့ လီယိုမိသားစုက သခင်မလေးကိုယ်တိုင် လူမှုကွန်ရက်ပေါ်မှာ ရေးတင်ထားတာ... သူမအရမ်းလိုချင်နေတဲ့ သရဖူကို လေလံအောင်သွားတဲ့သူက C နိုင်ငံက ဖြစ်တယ်တဲ့】
【လီယိုမိသားစု ဟုတ်လား YL နိုင်ငံက ဘဏ္ဍာရေး အင်ပါယာကြီးဖြစ်တဲ့ လီယိုမိသားစုကို ပြောတာလား】
【ဟုတ်တယ်လေ နီကိုးလ်လီယို ပြောပုံအရ ဆိုရင်တော့ အဲ့ဒီသူက သေချာပေါက် တရုတ်နိုင်ငံကပဲ】
【အိုဘုရားသခင်၊ တို့နိုင်ငံမှာ ဒီလောက်အထိ ချမ်းသာတဲ့သူ ရှိလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး ဒါက ပိုင်ဆိုင်မှု တန်ဖိုးတင် မဟုတ်ဘူးနော်၊ လက်ငင်းငွေသား စီးဆင်းမှုကြီးဗျာ လောကကြီးကနေ သီးသန့်ခွဲထွက်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မျိုးနွယ်စုကြီး တစ်ခုခုများလား】
【အပေါ်ကလူ ဇာတ်လမ်းတွဲတွေ သိပ်ကြည့်လွန်းနေပြီ ထင်တယ် ဘာလျှို့ဝှက်မျိုးနွယ်စုလဲဗျာ】
【ဒါက သာမန်လူတွေ မသိနိုင်တဲ့ အတွင်းရေးတွေ ဖြစ်နေလို့လည်း ဖြစ်နိုင်တာပဲလေ မဟုတ်ဘူးလား】
တစ်ချိန်တည်းမှာပင် သတင်းမီဒီယာများမှာလည်း ဤသတင်းကို ရရှိသွားကြပြီးနောက် စီးပွားရေး လုပ်ငန်းရှင်များ မိတ်ဆုံစားပွဲ တစ်ခုတွင် C နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် မင်ချင်းဟဲနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ကြသည်။ သတင်းထောက် တစ်ဦးက အခွင့်ကောင်းယူ၍ မေးမြန်းလိုက်သည်။
"မစ္စတာမင်... လူကြီးမင်းရဲ့ သားလေးက F နိုင်ငံမှာ ပညာသင်ကြားနေတာ မဟုတ်လားခင်ဗျာ"
မင်ချင်းဟဲက ခပ်တိုးတိုး ရယ်မောလိုက်ရင်း
"ဟုတ်ပါတယ်၊ အဲဒီကလေးက အရမ်းကြိုးစားတာ မိသားစုဆီကနေ ဘာအကူအညီမှလည်း တစ်ခါမှ မတောင်းဖူးဘူး ကျောင်းလခကိုတောင် အချိန်ပိုင်းအလုပ်လုပ်ပြီး သူ့ဘာသာသူ ရှာတာလေ"
ဟု ဖြေကြားခဲ့သည်။
"ကျားသားကျားခဲ ဆိုသလိုပါပဲလား မစ္စတာမင် ဒါနဲ့... အခုတစ်လော နေရာအနှံ့မှာ ဟိုးဟိုးကျော်နေတဲ့ ချန်ယွီမင်းဆက်ရဲ့ ကြေးကရားအိုးကြီး အကြောင်းကို လူကြီးမင်း သိပါသလားခင်ဗျာ ပြင်သစ်နိုင်ငံ LA မြို့က ဖော်ကာလေလံအိမ်မှာ စံချိန်တင်ဈေးနှုန်း စတားဒင်္ဂါး ၇ ဘီလီယံနဲ့ ရောင်းချလိုက်ရတယ်လို့ သတင်းထွက်နေပါတယ်"
"ကြားမိပါတယ်၊ ကျွန်တော်တို့ လောကထဲက လူတော်တော် များများလည်း ဒီသတင်းကို အထူးအလေးပေး စောင့်ကြည့်နေကြတာပါ"
မင်ချင်းဟဲက ပြန်လည်ဖြေကြားခဲ့သည်။
"ဒါဆိုရင် မစ္စတာမင်... ဒီကြေးကရားအိုးကြီးကို ဘယ်သူ (သို့မဟုတ်) ဘယ်ကုမ္ပဏီက လေလံအောင်သွားတယ်လို့ ထင်ပါသလဲခင်ဗျာ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေအရ ထိုသူကပဲ တစ်ချိန်တည်းမှာ လေလံတင်ခဲ့တဲ့ 'တောင်တန်းနှင့် မြစ်ဝှမ်း မိုင်ပေါင်းတစ်သောင်း' ပန်းချီကားနဲ့ ဘုရင်မလီဒါရဲ့ သရဖူကိုပါ လေလံဆွဲသွားတာလို့ သိရပါတယ် ဒီပစ္စည်း သုံးခုတည်းတင် စုစုပေါင်း စတားဒင်္ဂါး ၇.၄၇ ဘီလီယံအထိ ရှိခဲ့တာပါ"
"အဲဒါတော့ ကျွန်တော်လည်း သေချာမသိဘူးဗျ ကျွန်တော့်အသိုင်းအဝိုင်းထဲက သူငယ်ချင်းတွေ အားလုံးလည်း ဘယ်လိုမဟာ သူဌေးကြီးက ဒီအဖိုးတန် ရတနာတွေကို ဝယ်သွားတာလဲ ဆိုတာကို သိချင်နေကြတာ သူတို့အားလုံးလည်း ရှေးလူကြီးတွေ ချန်ထားခဲ့တဲ့ ဒီလိုဉာဏ်ပညာ အတတ်ပညာရဲ့ ပြဒါးတိုင်တွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရဖို့နဲ့ ရှေးခေတ်သူရဲကောင်းတွေရဲ့ အရှိန်အဝါကို လေးစားအားကျခွင့်ရဖို့ မျှော်လင့်နေကြတာပေါ့"