အခန်း ၂၂၄
Vol. 23 Ch. 224
အခန်း (၂၂၄) - ငါးမိစ္ဆာ (၁)
သေမင်းနွံတော၊ ဧရာမသစ်ပင်ကြီး၏ ထိပ်ဖျား။
လုရွှယ်ချီ၊ ဖာရှန့်၊ လင်းကျင်းယွီနှင့် ကျန်းရှုရှုတို့ လေးဦးသည် အက်ကြောင်းများ ထပ်နေပြီး ကျိုးပဲ့ေနသောသစ်ကိုင်းများပေါ်သို့ ဆင်းသက်လိုက်ကြ၏။
အချိန်အတန်ကြာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ရှေးဟောင်းသားရဲကြီးနှစ်ကောင်၏ တိုက်ပွဲမှာ အကြွင်းအကျန်ချီလှိုင်းများမှာ ထိတ်လန့်ဖွယ် ကောင်းနေဆဲပင် ဖြစ်လေသည်။
သို့သော် ယခုအချိန်တွင်မူ သူတို့၏ အာရုံများမှာ ရှေ့တွင်ရှိနေသော လူများထံသို့သာ ရောက်ရှိနေကြသည်။
ဖာရှန့်က မျက်မှောင်ကြုတ်လျက် တိတ်တဆိတ် စဉ်းစားနေမိ၏။ ထိုလူများကို အရှေ့ပင်လယ် လျိုပိုတောင်တိုက်ပွဲနှင့် ချင်းယွင်တောင်တိုက်ပွဲများတွင် သူ မြင်တွေ့ခဲ့ဖူးလေသည်။
သူတို့မှာ သရဲဂိုဏ်း၏ဂိုဏ်းချုပ် သရဲဘုရင်နှင့် သူ၏ လက်ရုံးနှစ်ဦးဖြစ်သော ချင်းလုံနှင့် ယိုကျီတို့ ဖြစ်ကြပေသည်။ ပြောင်းလဲသွားပြီဖြစ်သော ကွေ့လိအပါအဝင်ဆိုပါက ထိုသူတို့၏ အင်အားမှာ မိမိတို့ဘက်ထက် သာလွန်နေသည်ဟု ဆိုနိုင်ပေသည်။
သစ်ပင်ပေါ်သို့တက်လာစဉ် လမ်းခွဲတစ်ခု၌ ချင်းယွင်ဂိုဏ်းမှ ရှောင်ယိချိုင်၊ ဖန်ရှန်တောင်ကြားမှ လီရွှင်း၊ ယန်ဟုန်တို့နှင့် လူစုခွဲကာ ရှာဖွေခဲ့မိခြင်းမှာ နှမြောစရာပင် ဖြစ်၏။
အကယ်၍သာ အတူရှိနေပါက ဤလေးဦးကို အနိုင်မရနိုင်လျှင်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။
ထိုသို့ တွေးတောနေမိသော်လည်း သရဲဂိုဏ်းဘက်မှ လူများမှာမူ ချက်ချင်း တိုက်ခိုက်မည့် အမူအရာ မရှိသေးပေ။
သရဲဘုရင်က ထိုလေးဦးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကွေ့လိဘက်သို့ လှည့်ကာ အေးစက်စွာ မေးလိုက်၏။
“မင်း ဘယ်လို အကြံပေးချင်လဲ။ ဒီလူတွေကို ဘယ်လို ကိုင်တွယ်ကြမလဲ”
ကွေ့လိက ချက်ချင်း အဖြေမပေးဘဲ သရဲဘုရင်ကို ပြန်လည် ကြည့်လိုက်လေသည်။ သရဲဘုရင်၏ မျက်နှာမှာ ပြုံးရွှင်လျက် တည်ငြိမ်နေသော်လည်း မျက်လုံးအစုံ၌မူ ထက်ရှသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ ခဏအကြာတွင် ကွေ့လိက အေးစက်စွာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်ကိုယ်တိုင် ဒီကို ရောက်နေမှတော့ ကိစ္စအားလုံးကို ဂိုဏ်းချုပ်ပဲ ဆုံးဖြတ်သင့်ပါတယ်”
ဘေးတွင် ရပ်နေသော ချင်းလုံက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ယိုကျီ၏ မျက်နှာကိုခြုံလွှမ်းထားသော အနက်ရောင်ပုဝါမှာလည်း အနည်းငယ် လှုပ်ခတ်သွားပြီး သူမက ကွေ့လိကို ကြည့်လိုက်လေသည်။
သရဲဘုရင်၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ဆွဲထားဆဲပင် ဖြစ်၏။ သူက အေးအေးလူလူပင် ပြောလိုက်သည်။
“သေမင်းနွံတောကို မင်း စထွက်လာတဲ့နေ့ကတည်းက ဒီကဆုံးဖြတ်ချက်အားလုံးကို မင်းပဲ ချရမယ်လို့ ငါပြောခဲ့ပြီးသား။ ငါရယ်၊ ချင်းလုံရယ်၊ ယိုကျီရယ်က ဒီငှက်ကို ဖမ်းဖို့ပဲ လာခဲ့တာ”
“ဒီလမ်းမှန်ဂိုဏ်းက လေးယောက်အတွက်တော့ မင်းပဲ နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်တော့။ မင်း စိတ်ကြိုက်သာ လုပ်ပေတော့”
“ဟမ့်”
ရုတ်တရက် အလွန်တရာ အထင်အမြင်သေးသော နှာခေါင်းရှုံ့သံ တစ်ခုကို ရှေ့ဘက်မှ ကြားလိုက်ရလေသည်။
အားလုံး လှည့်ကြည့်လိုက်သောအခါ မျက်နှာတစ်ခုလုံး အေးစက်နေသော လင်းကျင်းယွီ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူက ခက်ထန်စွာ ပြောလိုက်သည်။
“မိစ္ဆာလမ်းစဉ်က ကောင်တွေ။ မင်းတို့မှာ သတ္တိရှိရင် ရှေ့ထွက်ခဲ့ပြီး အသေအလဲ တိုက်ကြတာပေါ့။ ဘာလို့ မိန်းမတွေ ရန်ဖြစ်နေသလိုမျိုး ဟိုလွှဲချဒီလွှဲချ လုပ်နေတာလဲ။ ရယ်စရာပဲ”
ထိုစကားကို ကြားလျှင် ချင်းလုံ၏ မျက်နှာမှာ ပထမဆုံး မည်းမှောင်သွား၏။ သို့သော် သရဲဘုရင်မှာမူ စိတ်ဆိုးခြင်း မရှိဘဲ လင်းကျင်းယွီကို အဝေးမှ ကြည့်ကာ ပြုံးလိုက်လေသည်။ ထို့နောက် ကွေ့လိဘက်သို့ လှည့်လိုက်၏။
“ဒီလူက လင်းကျင်းယွီ ဖြစ်ရမယ်။ သူက မင်းရဲ့ ငယ်သူငယ်ချင်း မဟုတ်လား”
ကွေ့လိ၏ စိတ်ထဲတွင် တုန်လှုပ်သွားမိ၏။ ယနေ့အထိ လင်းကျင်းယွီ၏ နာမည်မှာ ထင်ရှားလှသည် မဟုတ်သော်လည်း သရဲဘုရင်က တစ်ချက်ကြည့်ရုံဖြင့် မည်သို့ သိရှိသွားသည်ကို သူ မဝေခွဲနိုင်ပေ။ သရဲဘုရင်၏ အပြုံးကို ကြည့်ရင်း ကွေ့လိ၏ ရင်ထဲတွင် အေးစိမ့်သွားလေသည်။
သရဲဘုရင်က သူ့ကို ကြည့်ကာ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပြန်၏။
“မင်းပဲ အကြံပေးလိုက်တော့။ ဘယ်လို လုပ်ကြမလဲ”
ကွေ့လိက သရဲဘုရင်၏ မျက်လုံးများကို တည့်တည့်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီက ကိစ္စအတော်များများက ပြီးသွားပါပြီ။ ဒီလူတွေကလည်း အဓိကဆုံးဖြတ်ချက်ချနိုင်သူတွေ မဟုတ်တဲ့အတွက် သူတို့ကို ဂရုစိုက်နေဖို့ မလိုပါဘူး”
“အခုချိန်မှာ ဂိုဏ်းချုပ်အနေနဲ့ ရွှေငှက်ကို အရင်ဆုံး ကိုင်တွယ်သင့်ပါတယ်။ ဒါက ပိုပြီး အရေးကြီးပါတယ်”
သရဲဘုရင်က သူ့ကို စိုက်ကြည့်နေပြီး ဘာမှ မပြောသဖြင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
ချင်းလုံ၏ မျက်လုံးများထဲတွင် စိုးရိမ်ရိပ်များ ယှက်သန်းသွား၏။ ဘေးတွင် ရှိနေသော ယိုကျီမှာမူ ပုဝါအုပ်ထားသဖြင့် အမူအရာကို မမြင်ရသော်လည်း သူမလည်း စိတ်အေးလက်အေး ရှိနေမည် မဟုတ်ပေ။
ယိုကျီသည် အနက်ရောင်ပုဝါကြားမှ ကွေ့လိနှင့် သရဲဘုရင်ကို တစ်လှည့်စီ ကြည့်လိုက်ပြီးနောက် အဝေးသို့ လှမ်းကြည့်လိုက်ရာ ရုတ်တရက် အံ့အားသင့်သွားလေသည်။
လမ်းမှန်ဂိုဏ်း လေးဦးထဲတွင် လုရွှယ်ချီသည် နောက်ဆုံး၌ တိတ်ဆိတ်စွာ ရပ်နေလေသည်။ သူမ၏ မျက်နှာမှာ အေးစက်နေသော်လည်း မျက်ဝန်းအစုံမှာမူ အဝေးမှ ကွေ့လိထံသို့သာ စိုက်ကြည့်နေပေသည်။
ထိုအေးစက်လှသော အသွင်အပြင်အောက်တွင် မသိမသာ စိုးရိမ်ပူပန်နေသော အရိပ်အယောင်များ ပုန်းကွယ်နေသည့်နှယ် ရှိလေသည်။
ယိုကျီက ရုတ်တရက် လက်ကို ဆန့်ထုတ်ကာ ချင်းလုံကို အသာအယာ တွန်းလိုက်၏။
စိုးရိမ်နေသော ချင်းလုံက ယိုကျီဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ အနက်ရောင်ပုဝါမှာ အနည်းငယ် လှုပ်ခတ်သွားပြီး သရဲဘုရင်၏ ကျောပြင်ဘက်သို့ အချက်ပြလိုက်လေသည်။
သူနှင့် ယိုကျီသည် သရဲဂိုဏ်း၏ အရှင်သခင်လေးပါးအဆင့်သို့ တစ်ချိန်တည်း ရောက်ရှိခဲ့ကြသူများ ဖြစ်သဖြင့် သူမ ဘာတွေးနေသည်ကို သိရှိပေသည်။ သို့သော် သူ၏ စိတ်ထဲတွင်မူ အနည်းငယ် စိုးရိမ်နေဆဲပင်။
ခဏမျှ စဉ်းစားပြီးနောက် ချင်းလုံက သရဲဘုရင်၏ အနီးသို့ တိုးကပ်သွားကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။
“ဂိုဏ်းချုပ်... ကွေ့လိရဲ့ စကားကလည်း မမှားပါဘူး။ အခု ရွှေငှက်ကိုလည်း ဖမ်းမိထားပြီဆိုတော့ ဒါကို အရင်ဆုံးကိုင်တွယ်သင့်ပါတယ်”
“ဒါမှမဟုတ်ရင် သေမင်းနွံတောထဲက ဝမ်တုဂိုဏ်းနဲ့ ဟယ်ဟွမ်ဂိုဏ်းတွေ ရောက်လာရင် အချိန်ဆွဲနေမိလို့ ပြဿနာ တက်နိုင်ပါတယ်”
သရဲဘုရင်က ခေါင်းလှည့်ကာ ချင်းလုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် နှေးကွေးစွာ ခေါင်းညိတ်လိုက်၏။
“မင်းပြောတာ မှန်တယ်”
ထို့နောက် သူ၏ မျက်လုံးများထဲတွင် မသိမသာ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ကွေ့လိကို ပြောလိုက်လေသည်။
“ဒါဆိုရင်တော့ ဒီနေရာကို မင်းလက်ထဲပဲ အပ်ခဲ့တော့မယ်”
ကွေ့လိက ခေါင်းညိတ်ကာ ပြောလိုက်၏။
“စိတ်မပူပါနဲ့”
သရဲဘုရင်က သူ့ကို တစ်ချက် ပြန်ကြည့်ပြီးနောက် ရုတ်တရက် ပြုံးလိုက်ကာ လှည့်ထွက်သွားလေသည်။ ချင်းလုံကလည်း ကွေ့လိကို ပြုံးပြပြီးနောက် နောက်မှ လိုက်သွား၏။
ယိုကျီကလည်း အနောက်မှ ဖြည်းညှင်းစွာ လိုက်ပါသွားရာ ကွေ့လိ၏ ဘေးမှ ဖြတ်သွားချိန်တွင် ကွေ့လိက သူမကို ကြည့်ကာ အသာအယာ ခေါင်းညိတ်ပြလိုက်လေသည်။
ယိုကျီ၏ အနက်ရောင်ပုဝါမှာ အနည်းငယ်လှုပ်ခတ်သွားသော်လည်း သူမ ဘာမှမပြောဘဲ ဆက်လက် ထွက်ခွာသွားပေသည်။
သရဲဘုရင်၏ အဖွဲ့ ထွက်ခွာသွားပြီးနောက် ကွေ့လိက ဖာရှန့်တို့ဘက်သို့ အေးအေးလူလူ လှည့်လိုက်၏။
ဖာရှန့်က တစ်ချက် ချောင်းဟန့်ကာ ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။
“ညီငယ်ကျန်း...”
ကွေ့လိက အေးစက်စွာ ပြောလိုက်၏။
“ငါ့ကို ကွေ့လိလို့ပဲ ခေါ်...ကျန်းရှောင်ဖန်းက သေသွားပြီ”
ဖာရှန့်မှာ စကားစရပ်သွားလေသည်။ အနောက်ရှိ လင်းကျင်းယွီက မျက်မှောင်ကြုတ်ကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ရှောင်ဖန်း။ မင်း ဘာလို့ ဒီလို ဖြစ်နေရတာလဲ။ မင်းရဲ့ စိတ်ရင်းက ကြင်နာတတ်မှန်း ငါသိပါတယ်။ မင်းကို လူယုတ်မာတွေက ထောင်ချောက်ဆင်ခဲ့လို့သာ မင်း မိစ္ဆာလမ်းစဥ်ထဲ ရောက်သွားရတာပါ”
ဖာရှန့်က ထိုစကားကို ကြားလျှင် မတရားသလို ခံစားလိုက်ရသော်လည်း အောင့်သက်သက်ဖြင့်သာ ပြုံးနေလိုက်၏။
လင်းကျင်းယွီက ဆက်လက် ပြောဆိုလေသည်။
“...မင်းသာ လှည့်ပြန်လာချင်တယ်ဆိုရင် ဂိုဏ်းချုပ်တာအိုရွှမ်ရဲ့ သဘောထားကြီးမှုနဲ့ မင်းကို ချင်းယွင်ဂိုဏ်းဆီ ပြန်လာခွင့် ပေးမှာ သေချာပါတယ်”
ကွေ့လိက ခံစားချက်ကင်းမဲ့စွာ မေးလိုက်၏။
“ငါက ဘာကိစ္စနဲ့ပြန်လာရမှာလဲ”
လင်းကျင်းယွီမှာ အံ့အားသင့်သွားပြီး သူ၏ ငယ်သူငယ်ချင်းကို စိုက်ကြည့်နေမိ၏။ ကွေ့လိသည် အေးစက်သည့် အသွင်ဖြင့် ရပ်နေကာ ပြောလိုက်လေသည်။
“လောကကြီးသည် အကြင်နာတရား ကင်းမဲ့လှ၏။ ခပ်သိမ်းသော သက်ရှိတို့ကို ကောက်ရိုးခွေးများကဲ့သို့သာ သဘောထားပေသည်။ ငါကတော့ ဒီလမ်းစဉ်ပေါ်မှာ ကောင်းကောင်း လျှောက်လှမ်းနေတာမို့ မင်းတို့ ဘယ်သူ့ရဲ့ ကယ်တင်မှုကိုမှ မလိုဘူး”
နောက်ဆုံးတွင် ရပ်နေသော လုရွှယ်ချီ၏ ကိုယ်လေးမှာ အနည်းငယ် တုန်ယင်သွားသယောင် ရှိလေသည်။ ဘေးတွင်ရှိသော ကျန်းရှုရှုက သူမ၏ အမူအရာကို မြင်သဖြင့် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမပြောပေ။
လင်းကျင်းယွီက ဒေါသထွက်သွားဟန်ဖြင့် ရှေ့သို့တိုးကာ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ဖာရှန့်က တားလိုက်၏။
ဖာရှန့်က လင်းကျင်းယွီကို ကြည့်ကာ ခေါင်းခါပြပြီး တိုးတိုးလေး ပြောလိုက်သည်။
“သူက မိစ္ဆာလမ်းစဉ်ထဲမှာ အရမ်းနက်ရှိုင်းနေပြီ။ မင်း စိတ်လောလို့ မဖြစ်ဘူး။ မဟုတ်ရင် ပိုပြီး ဆိုးသွားလိမ့်မယ်”
လင်းကျင်းယွီသည် သူ့ကို တားသည့်အတွက် ဖာရှန့်ကို စိတ်ဆိုးမိသော်လည်း စကားကို နားထောင်ပြီးနောက် မှန်ကန်သည်ကို သိလိုက်၏။
သူ ကွေ့လိကို ပြန်ကြည့်လိုက်ရာ စိတ်ထဲတွင် နူးညံသွားပြီး ငယ်စဉ်က အတူတူ ဆော့ကစားခဲ့ကြသည့် အချိန်များကို သတိရသွားလေသည်။ နောက်ဆုံးတွင်မူ သူ အံကြိတ်ကာ နောက်သို့ ဆုတ်လိုက်၏။
ဖာရှန့်က အနည်းငယ် တုံ့ဆိုင်းပြီးနောက် ပြောလိုက်သည်။
“ဒကာကွေ့လိ။ မင်း လက်ခံသည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ ငါတို့ကြားမှာ သံယောဇဉ်တွေ ရှိခဲ့ဖူးပါတယ်။ အခု ရတနာတိုက်ကလည်း ပျက်စီးသွားပြီ ဖြစ်သလို ထူးခြားတဲ့ ရတနာလည်း မရှိတော့ဘူးဆိုတော့ ငါတို့ ဒီမှာပဲ လမ်းခွဲကြရအောင်”
ကွေ့လိက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဖာရှန့်ကို ကြည့်လိုက်၏။ ထို့နောက် ကျန်သည့်သူများဖြစ်သော လင်းကျင်းယွီ၊ ကျန်းရှုရှုနှင့် နောက်ဆုံးတွင်မူ လုရွှယ်ချီကို ကြည့်လိုက်လေသည်။
ထိုအေးစက်ပြီး ထင်ရှားသော မိန်းကလေးမှာ နောက်ဆုံးတွင် ရပ်နေဆဲ ဖြစ်၏။ သူမ၏ မျက်နှာမှာ နှင်းပွင့်ကဲ့သို့ အေးစက်နေသော်လည်း မျက်လုံးအစုံမှာမူ ရေပြင်ကဲ့သို့ နက်ရှိုင်းကာ မည်သည်ကို တွေးနေသည်ကို မသိနိုင်ပေ။