အခန်း ၂၂၅
Vol. 23 Ch. 225
အခန်း (၂၂၅) - ငါးမိစ္ဆာ (၂)
ကွေ့လိက အကြည့်လွှဲလိုက်ပြီး ဘာမှ ထပ်မပြောဘဲ လှည့်ထွက်သွားလေသည်။
သူ သိပ်မဝေးသေးခင်မှာပင် တစ်စုံတစ်ဦး အနောက်မှ လိုက်လာသံကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်ရာ ကျန်းရှုရှု ဖြစ်နေသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားမိ၏။ ဖာရှန့်နှင့် ကျန်သည့်သူများလည်း အံ့အားသင့်နေကြပေသည်။
ကျန်းရှုရှုက သူ့ရှေ့သို့ ပြေးလာကာ ဖာရှန့်တို့ကို ကျောခိုင်းလျက် ကွေ့လိကို ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ရယ်မောကာ ပြောလိုက်၏။
“မင်း ငါ့ကိုတော့ မသတ်ပါဘူး မဟုတ်လား”
ကွေ့လိက သူ၏ အပြုံးကို ကြည့်လိုက်လေသည်။ ချင်းယွင်တောင် ထုံထျန်းတောင်ထိပ်တွင် တွေ့ခဲ့စဉ်ကအတိုင်း သူက ဘာမှမပြောင်းလဲသေးဘဲ ပျော်ပျော်နေဆဲပင်။
ခဏအကြာတွင် ကွေ့လိ၏ အကြည့်များက အနည်းငယ် ပျော့ပျောင်းသွားသော်လည်း အသံမှာမူ ရေပြင်ကဲ့သို့ တည်ငြိမ်စွာပင် ရှိနေသေး၏။
“ဘာကိစ္စလဲ”
ကျန်းရှုရှုက ပခုံးတွန့်ကာ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါကတော့ မင်းကို ငါ့သူငယ်ချင်းလို့ပဲ သဘောထားတုန်းပဲ။ မင်း ဘယ်လိုပဲ တွေးတွေးပေါ့။ ဒါနဲ့...”
စကားပြောရင်း သူ ခဏရပ်လိုက်ပြီး မျက်လုံးချင်း ဆက်တိုက် မှိတ်ပြကာ အသံတိုးတိုးဖြင့် ပြောလိုက်ပြန်၏။
“အစ်ကိုကြီး။ ငါ့ကို ဒီမျောက်လေးကို ပေးဖက်ပါဦးလား။ ရမလား”
ကွေ့လိမှာ အံ့အားသင့်သွားမိ၏။ ကျန်းရှုရှုက ရှောင်ဟွေ့ကိုရရန် သူငယ်ချင်းအဖြစ် အတင်းကပ်ခဲ့သည့် ပုံရိပ်များ ခေါင်းထဲသို့ ပေါ်လာလေသည်။
သူ၏ စိတ်ထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရ၏။ အမှန်စင်စစ် သူသည် ချင်းယွင်တောင် တာ့ကျူးတောင်ထိပ်ရှိ မြက်ပင်၊ သစ်ပင်တိုင်းကို သံယောဇဉ် ရှိခဲ့သူ ဖြစ်သကဲ့သို့ သူငယ်ချင်းအနည်းငယ်ထဲမှ တစ်ဦးဖြစ်သော ကျန်းရှုရှုကိုလည်း သံယောဇဉ် ရှိပေသည်။
ကျန်းရှုရှုသည် ကွေ့လိက ဘာမှပြန်မပြောသော်လည်း မနှစ်မြို့သည့် အမူအရာ မပြသဖြင့် စိတ်ထဲတွင် ဝမ်းသာသွားမိ၏။
သူသည် ထက်မြက်သူတစ်ဦး ဖြစ်သဖြင့် မိစ္ဆာဂိုဏ်းသို့ ဝင်သွားသော ကွေ့လိကို သူ၏ စိတ်ထဲတွင် အမြဲတန်ဖိုးထားနေဆဲပင်။
ကျန်းရှောင်ဖန်း၏ ခေါင်းမာတတ်သော စရိုက်ကို သူ သိရှိပြီးသား ဖြစ်သဖြင့် ထိုစဉ်က ကတိကို တည်ရန် သေလုမတတ် ကြိုးစားခဲ့ရသူမှာ မည်မျှနာကျင်ခဲ့ရမည်ကို သူ ခန့်မှန်းနိုင်ပေသည်။
ထို့ကြောင့် ဤနှစ်များအတွင်း သူငယ်ချင်းဖြစ်သူကို မိစ္ဆာလမ်းစဉ်မှ ဆွဲထုတ်ရန် နည်းလမ်းမျိုးစုံ စဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင်မူ တစ်ဆင့်ချင်းစီသာ သွားရမည်ဟု ဆုံးဖြတ်ခဲ့လေသည်။
ယခုတွင်မူ ကျန်းရှုရှု၏ အကြည့်များမှာ ကွေ့လိ၏ ပခုံးပေါ်တွင် အိပ်နေသော ရှောင်ဟွေ့ထံသို့ ရောက်သွားပြီး မျက်လုံးများမှာ အရည်လဲ့လာ၏။ သူက ပြုံးရွှင်စွာ ပြောလိုက်သည်။
“ရှောင်ဟွေ့။ ငါလေ။ မင်း ငါ့ကို မှတ်မိသေးလား”
ရှောင်ဟွေ့က ကွေ့လိ၏ ပခုံးပေါ်တွင် ပျင်းရိစွာ အိပ်နေပြီး ထူးဆန်းသည်မှာ မျောက်မျက်နှာတစ်ခုလုံး ရဲတွတ်နေကာ အရက်အလွန်အကျွံ သောက်ထားသူနှင့် တူနေခြင်းပင် ဖြစ်သည်။
ကျန်းရှုရှုက အကြိမ်အနည်းငယ် ခေါ်လိုက်သောအခါမှ မျက်လုံးကို အတင်းဖွင့်ကာ ကျန်းရှုရှုကို တစ်ချက် ကြည့်လိုက်ပြီး စိတ်မရှည်သလို အသံနှစ်ချက် ပေးကာ မျက်လုံးပြန်ပိတ်သွားလေသည်။
သို့သော် ကျန်းရှုရှုက စိတ်မဆိုးသည့်အပြင် သူ့ကို အလွန် သဘောကျနေလေသည်။ သူ့မျက်နှာတွင် သွားရည်ကျမတတ် ဖြစ်နေသည်မှာ အထင်အရှားပင်။
ကွေ့လိသည် လွန်ခဲ့သော ဆယ်နှစ်ကအတိုင်း ဘာမှမပြောင်းလဲသော ကျန်းရှုရှု၏ အမူအရာကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
“ထားလိုက်ပါတော့။ သူလည်း ဒီနေ့ ပင်ပန်းနေပြီ။ နောက်မှ ရေစက်ရှိလို့ ပြန်ဆုံရင်တော့ မင်း ကြိုက်သလို ပြောနိုင်ပါတယ်”
ကျန်းရှုရှုက ရှောင်ဟွေ့ကို နှမြောတသစွာ ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး ကွေ့လိကို ပြန်ကြည့်လိုက်လေသည်။
ကွေ့လိက အေးစက်စွာ ပြောလိုက်၏။
“နောင်တစ်ချိန်မှာ တိုက်ပွဲဖြစ်လို့ ငါတို့ ရန်သူတွေ ဖြစ်ခဲ့ရင်လည်း မင်း ငါ့ကို တိုက်ခိုက်နိုင်ပါတယ်။ အဲဒါကတော့...”
သူက ကျန်းရှုရှုကို ကြည့်ကာ ခဏအကြာတွင် နှေးကွေးစွာ ဆက်ပြောလိုက်သည်။
“မင်းလမ်းနဲ့ ငါ့လမ်းက မတူသလို ငါတို့က ရန်သူတွေ ဖြစ်ရမှာပေမဲ့ ငါ့စိတ်ထဲမှာတော့ မင်းကို သူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားနေတုန်း”
ကျန်းရှုရှုမှာ အလွန်အမင်း ဝမ်းသာသွားပြီး မျက်နှာတစ်ခုလုံး ပြုံးရွှင်သွားကာ ခေါင်းကို အဆက်မပြတ် ညိတ်လိုက်၏။
သူက ကွေ့လိ၏ ပခုံးကို အားရပါးရ ပုတ်ရန် လက်လှမ်းလိုက်သော်လည်း မသင့်တော်ဟု တွေးမိသဖြင့် လက်ကို ပြန်ရုပ်လိုက်လေသည်။
ထို့နောက် သူက တစ်ခုခုကို သတိရသွားဟန်ဖြင့် ဖြီးပြလိုက်ပြီး ရင်ဘတ်ထဲမှ အပြာရောင်မျက်နှာဖုံးပါသော စာအုပ်အဟောင်းတစ်အုပ်ကို ထုတ်လိုက်၏။ ထိုစာအုပ်ပေါ်တွင် မည်သည့် ခေါင်းစဉ်မှ မပါရှိပေ။
ကွေ့လိက မျက်မှောင်ကြုတ်လိုက်၏။ တစ်စုံတစ်ရာကြောင့် ထိုစာအုပ်မှာ ရင်းနှီးနေသလို ခံစားရသော်လည်း မည်သည့်နေရာတွင် မြင်ဖူးသည်ကို မမှတ်မိတော့ပေ။
ကျန်းရှုရှုက ထိုစာအုပ်ကို ကွေ့လိ၏ လက်ထဲသို့ အသာအယာ ထိုးထည့်ပေးလိုက်ပြီး တီးတိုးပြောလိုက်သည်။
“ငါတို့က ညီအစ်ကိုတွေပဲလေ။ ဆယ်နှစ်အကြာမှာ ပထမဆုံး ပြန်ဆုံတာဆိုတော့ ဒါလေးက ငါ့ရဲ့ လက်ဆောင်အသေးစားလေးပါ”
ကွေ့လိက ကျန်းရှုရှု၏ အမူအရာကို ကြည့်လိုက်ရာ သူ၏ အပြုံးထဲတွင် ခုနစ်ပုံမှာ ဝမ်းသာရိပ်ဖြစ်သော်လည်း ကျန်သုံးပုံမှာမူ အကြံအစည်တစ်ခု ပါနေသည့်နှယ် ရှိလေသည်။ သူ မျက်မှောင်ကြုတ်ကာ လက်ထဲရှိ စာအုပ်ကို လှန်ကြည့်လိုက်ရာ...
“ဟမ်”
လက်ရှိ ကွေ့လိ၏ တည်ငြိမ်မှုဖြင့်ပင် သူ၏ကိုယ်မှာ တုန်လှုပ်သွားပြီး စာအုပ်ကို ချက်ချင်း ပြန်ပိတ်လိုက်မိ၏။ စာအုပ်ထဲတွင် စာသားများနှင့် ပုံများစွာ ပါဝင်နေပြီး ပုံများမှာ ဝတ်လစ်စလစ် ကျား၊ မ ပုံများ ဖြစ်နေပေသည်။
ထိုစာအုပ်မှာ လွန်ခဲ့သော ဆယ်နှစ်က ထုံထျန်းတောင်ထိပ်တွင် ကျန်းရှုရှုက ရှောင်ဟွေ့နှင့် လဲရန် ကြိုးစားခဲ့သော စာအုပ်ပင် ဖြစ်လေသည်။
“မင်း...”
ကွေ့လိမှာ စကားပင် မပြောနိုင်တော့ပေ။
ကျန်းရှုရှုက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။
“ငါတို့ သိက္ခာမကျချင်ရင်တော့ အသံကျယ်ကျယ် မပြောတာ အကောင်းဆုံးပဲ”
ကွေ့လိက သူ့ကို ပြန်လည် စိုက်ကြည့်လိုက်မိ၏။ စိတ်ထဲတွင်မူ ဝေခွဲမရ ဖြစ်နေပေသည်။ ဤလူက ပြဿနာရှာနေသည်ဟု ထင်ရသော်လည်း ထိုသို့သော အဓိပ္ပာယ်မရှိသည့် လုပ်ရပ်ကြောင့်ပင် ကျန်းရှုရှုနှင့် ပိုမို နီးစပ်သွားသလို ခံစားရကာ အတိတ်က အချိန်များ ပြန်လည်ရောက်ရှိလာသလို ခံစားလိုက်ရလေသည်။
ကျန်းရှုရှုက ပြုံးကာ လှည့်ထွက်သွား၏။ သူ၏ ဤလုပ်ရပ်မှာ နက်ရှိုင်းသော အဓိပ္ပာယ် ရှိပေသည်။
အကယ်၍ သူငယ်ချင်းဖြစ်သူကို မိစ္ဆာလမ်းစဉ်မှ ဆွဲထုတ်လိုပါက ကွေ့လိအနေဖြင့် သူ့ကို သူငယ်ချင်းအဖြစ် အရင်ဆုံး လက်ခံရန် လိုအပ်ပေသည်။
ယခုကဲ့သို့ အဓိကရုဏ်းဖြစ်နိုင်သော အပြုအမူကို လုပ်ဆောင်လိုက်ခြင်းမှာ ကွေ့လိကို စကားမပြောနိုင်အောင် ဖြစ်သွားစေပြီး နောက်တစ်ကြိမ် ဆုံတွေ့ချိန်တွင် ယနေ့ထက် ပိုမို ကောင်းမွန်သော ဆက်ဆံရေး ရှိလာမည်ဖြစ်သည်။
ထိုသို့ တွေးတောရင်း သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာလေသည်။
ဖာရှန့်က သူ ပြန်လာသည်ကို စောင့်နေပြီးနောက် မေးလိုက်၏။
“ကျန်းရှုရှု။ မင်း ဘာတွေ အဲဒီလောက်တောင် ပျော်နေတာလဲ”
ကျန်းရှုရှုက အလွန်စိတ်ရွှင်လန်းနေသဖြင့် ဖာရှန့်ကို မျက်နှာပြောင်ပြကာ ပြောလိုက်သည်။
“ဗုဒ္ဓ မိန့်ကြားခဲ့သလိုပဲ။ မပြောနိုင်ဘူး။ မပြောနိုင်ဘူး”
ဖာရှန့်က ပြုံးကာ ကွေ့လိဘက်သို့ လှည့်ကြည့်လိုက်၏။ ထိုလူသည် လက်ထဲတွင် အပြာရောင် စာအုပ်တစ်အုပ်ကို ကိုင်ထားကာ မျက်နှာမှာ ရှုပ်ထွေးနေပြီး ဘာတွေးနေသည်ကို မသိနိုင်ပေ။ သူက ခေါင်းခါလိုက်ပြီး ကျန်သူများကို ပြောလိုက်လေသည်။
“ဒီက ကိစ္စတွေကတော့ ပြီးသွားပါပြီ။ သွားကြရအောင်။ တခြားကိစ္စရှိရင်တော့ နောက်မှ ဆက်ပြောကြတာပေါ့”
ကျန်းရှုရှုက ပထမဆုံး ခေါင်းညိတ်လိုက်ပြီးနောက် လင်းကျင်းယွီနှင့် လုရွှယ်ချီတို့ကလည်း သဘောတူ ခေါင်းညိတ်လိုက်ကြ၏။
သူတို့ လေးဦးသည် တောက်ပသော အလင်းတန်း လေးခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီးနောက် တစ်ပတ်ပတ်ကာ ထွက်ခွာသွားကြလေသည်။
ကွေ့လိသည် သစ်ပင်ကြီးပေါ်တွင် ရပ်နေရင်း တစ်စုံတစ်ခု ဆုံးရှုံးသွားသကဲ့သို့ ဟာလာဟင်းလင်း ဖြစ်သွားလေ၏။
သူ၏ အကြည့်များက လက်ထဲရှိ စာအုပ်ထံသို့ ရောက်သွားပြီး လွှင့်ပစ်ရန် လက်ပြင်လိုက်သော်လည်း ရုတ်တရက် ရယ်ချင်သလို ဖြစ်သွားကာ စာအုပ်ကို သိမ်းဆည်း၍ ရင်ဘတ်ထဲသို့ ထည့်လိုက်လေသည်။
ထို့နောက် သူ အသက်ပြင်းပြင်း ရှူလိုက်ကာ သက်ပြင်းတစ်ချက် ချပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်လည် တည်ငြိမ်အောင် လုပ်လိုက်၏။
“ရှောင်ဟွေ့။ သွားကြစို့”
ရှောင်ဟွေ့က ယခုအကြိမ်တွင် မျက်လုံးပင် မဖွင့်ဘဲ အသံနှစ်ချက် ပေးလိုက်ရာ ၎င်းမှာ အဖြေပေးခြင်း ဟုတ်မဟုတ်ကိုမူ မသိနိုင်ပေ။
ကွေ့လိက ပြုံးကာ သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး ဝိညာဉ်ဝါးမျိုတုတ်ကို ထုတ်ကာ အနက်စိမ်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် လျှပ်စီးကဲ့သို့ပင် ဧရာမသစ်ပင်ကြီးမှ ထွက်ခွာသွားလေသည်။
ကွေ့လိသည် သေမင်းနွံတော၏ ကောင်းကင်ယံထက်တွင် မြူနှင်းများကို ဖြတ်ကျော်ကာ အရှိန်အဟုန်ဖြင့် ပျံသန်းနေ၏။
သူသည် အတွင်းရွှံ့နွံမှ ထွက်လာပြီးနောက် လမ်းကြောင်းကို အတည်ပြုကာ အပြင်ရွှံ့နွံရှိ သရဲဂိုဏ်း စခန်းချရာနေရာသို့ ပျံသန်းသွားလေသည်။
သူ၏ ပျံသန်းမှု အရှိန်မှာ အလွန် မြန်ဆန်လှသော်လည်း သေမင်းနွံတောမှာ အလွန် ကျယ်ပြောလှသဖြင့် တစ်နာရီခန့် ပျံသန်းပြီးသည့်တိုင် ပတ်ဝန်းကျင်မှာ မြက်တောများနှင့် ပင်လယ်ကဲ့သို့ စိမ်းလန်းနေဆဲ ဖြစ်၏။
အောက်ဘက်တွင် အန္တရာယ်ရှိသော ထောင်ချောက်များစွာ ရှိနေနိုင်သော်လည်း အပေါ်စီးမှ ကြည့်လျှင်မူ ရှုခင်းမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပကာ စိတ်ကို ကြည်လင်စေပေသည်။
သို့သော် သရဲဂိုဏ်း စခန်းချရာနေရာသို့ နီးကပ်လာချိန်တွင် သူ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိ၏။ လေထဲတွင် ရင်းနှီးနေသော သွေးနံ့တစ်ခုမှာ လေနှင့်အတူ လွင့်ပါလာနေပေသည်။
ကွေ့လိ၏ မျက်နှာမှာ ပြောင်းလဲသွားပြီး လေချွန်သံ တစ်ချက် ပေးလိုက်ရာ ခြေထောက်အောက်ရှိ အလင်းတန်းမှာ တိုးလာကာ ကောင်းကင်ယံမှ အောက်သို့ ဒိုင်းခနဲ ဆင်းသက်သွားလေသည်။
ထက်ရှသော အနက်စိမ်းရောင် အလင်းတန်းမှာ ပြင်းထန်သော လေတိုက်ခတ်မှုကို ဖန်တီးကာ အမှောင်ရောင် ရေကန်ကို ဖြတ်ကျော်သွား၏။ မမြင်ရသော လေလှိုင်းများကြောင့် ရေကန်မှာ ဘေးနှစ်ဖက်သို့ ကွဲထွက်သွားပြီး ဂယက်လှိုင်းများ ထသွားလေသည်။
မကြာမီမှာပင် ကွေ့လိသည် သရဲဂိုဏ်း၏ စခန်းကို မြင်လိုက်ရ၏။ တပ်ဖွဲ့အများစုမှာ ထိုနေရာတွင် ရှိနေဆဲ ဖြစ်သဖြင့် အနည်းဆုံးတော့ အားလုံးအဆင်ပြေနေသေးသည်ဟု ယူဆကာ စိတ်အနည်းငယ် အေးသွားမိသည်။
ထိုအချိန်တွင် သရဲဂိုဏ်း တပည့်များကလည်း ကွေ့လိ ဆင်းသက်လာသည်ကို တွေ့ရှိသွားကြပြီး ထရပ်လိုက်ကြ၏။
ကွေ့လိ ဆင်းသက်လိုက်သော်လည်း သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ မျက်မှောင်ကို ပိုမိုကြုတ်လိုက်ခြင်းပင် ဖြစ်သည်။
သွေးနံ့မှာ အလွန်ပြင်းထန်နေပြီး လေထဲတွင် ရခဲ့သော အနံ့မှာ ဤနေရာမှ လွင့်ပျံ့လာခြင်း ဖြစ်ကြောင်း သိလိုက်ရ၏။
ဘေးတွင် ရပ်နေသော သရဲဂိုဏ်း တပည့်များက ဦးညွှတ်ကာ အလေးပြုကြလေသည်။