← Chapters

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း (၂၂၇) - မေးမြန်းစုံစမ်းခြင်း (၁)

လေတိုးသံက တဝေါဝေါ မြည်ဟည်းနေကာ ချောက်ချားဖွယ်ကောင်းလှသည့် ရှေးဟောင်းလမ်းကလေးမှာ အထီးကျန်စွာ သွယ်တန်းလျက် ရှိနေလေသည်။

ကျိုးယီရှန်နှင့် သူ၏မြေးမလေး ရှောင်ဟွမ်တို့သည် သေမင်းနွံတောမှ ထွက်ခွာလာခဲ့ကြပြီးနောက် အရှေ့ဘက်သို့ ဦးတည်ခရီးနှင်လာခဲ့ကြသည်မှာ သုံးရက်တိုင်တိုင် ရှိခဲ့ချေပြီ။

ယနေ့ မွန်းတည့်ချိန်တွင် သူတို့သည် ရှေးဟောင်းလမ်းကလေးပေါ်၌ ဆက်လက် လျှောက်လှမ်းနေကြဆဲ ဖြစ်သည်။

လမ်း၏ဘေးတစ်ဖက်တစ်ချက်စီရှိ ညီညာလှသော မြက်ခင်းပြင်များမှာ တဖြည်းဖြည်းနှင့် တောအုပ်ထူထပ်သော တောင်ကုန်းများအဖြစ် ပြောင်းလဲလာလေသည်။

ကျိုးယီရှန်က ရှေ့သို့ လှမ်းကြည့်လိုက်ရာ ပျက်စီးယိုယွင်းနေသော နားနေဆောင်တစ်ခုကို တွေ့လိုက်ရသည်။ လမ်းလျှောက်ရလွန်းသဖြင့် ခြေကုန်လက်ပန်း ကျနေပြီဖြစ်ရာ သူက နောက်သို့လှည့်၍ ရှောင်ဟွမ်ကို ပြောလိုက်သည်။

“အဲဒီဘက်ကိုသွားပြီး နားရအောင်”

ရှောင်ဟွမ်က ခေါင်းညိတ်ထောက်ခံလိုက်ပြီးနောက် နောက်သို့လှည့်ကြည့်ကာ မျက်လုံးများ အရည်လဲ့လျက် ပြုံးရွှင်စွာ ပြောလိုက်သည်။

“တာအိုဆရာ... ကျွန်မတို့နဲ့အတူ လာနားပါလား”

သူတို့နောက်က လိုက်ပါလာသော ခွေးရိုင်းတာအိုဆရာက ပြုံး၍ ခေါင်းညိတ်ပြသည်။ အစပိုင်းတွင် သေမင်းနွံတောမှ ထွက်လာပြီးနောက် ခွေးရိုင်းတာအိုဆရာသည် တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ကျိုးယီရှန်နှင့် ရှောင်ဟွမ်တို့နောက်သို့ ခပ်လှမ်းလှမ်းမှ လိုက်ပါလာခဲ့ရာ ကျိုးယီရှန်မှာ စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က ဝမ့်ရန်ဝမ်ဟု ခေါ်ဆိုသော သတ်လတ်ပိုင်းအရွယ် အမျိုးသားနှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ပြီးနောက် ရှောင်ဟွမ်က သူနှင့် စကားအနည်းငယ် ပြောဖြစ်ခဲ့ရာမှ သူတို့မှာ ပို၍ ရင်းနှီးလာခဲ့ကြသည်။

ယခု ရက်ပိုင်းအတွင်း ပို၍ပင် ရင်းနှီးလာပြီး သူသည် သူတို့နောက်မှ တိုက်ရိုက် လိုက်ပါလာတော့သည်။

ကျိုးယီရှန်က နားနေဆောင်ထဲသို့ လှမ်းဝင်လိုက်ကာ ခွေးရိုင်းတာအိုဆရာက ရှောင်ဟွမ်နောက်မှ လိုက်ဝင်လာသည်ကို ကြည့်နေသည်။

သူသည် ခွေးရိုင်းတာအိုဆရာအပေါ် ရှောင်ဟွမ်ကဲ့သို့ ယဉ်ကျေးခြင်း မရှိပေ။ သူက မျက်လုံးကို အသာဝေ့ကြည့်လိုက်ပြီးနောက် ထူးဆန်းသော လေသံဖြင့် ရုတ်တရက် ပြောလိုက်သည်။

“ဟေ့... ခွေးရိုင်းတာအိုဆရာ၊ မင်းက ဘာဖြစ်လို့ ငါတို့နောက်ကို တကောက်ကောက် လိုက်နေရတာလဲ။ ငါတို့က ဆင်းရဲသားတွေပါကွာ မင်း လုစရာ ဘာမှမရှိပါဘူး”

ခွေးရိုင်းတာအိုဆရာက ကျိုးယီရှန်ကို စိုက်ကြည့်ကာ ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်သည်။

“အဘိုးကြီး... ဆင်းရဲသားဟန်မဆောင်စမ်းပါနဲ့၊ ခင်ဗျားရဲ့ ဝါးလုံးမှာ တစ်ခုခု ထူးခြားနေတာကို ကျုပ်မသိဘူးလို့ မထင်နဲ့”

ကျိုးယီရှန်နှင့် ရှောင်ဟွမ်တို့နှစ်ဦးလုံး အံ့အားသင့်သွားကြသည်။ ကျိုးယီရှန်မှာ သူ၏တင်ပါးကို မီးနှင့်အကပ်ခံရသကဲ့သို့ ဝုန်းခနဲ ထရပ်လိုက်ကာ မျက်နှာတစ်ခုလုံး နီမြန်းလျက် ဒေါသတကြီး ပြောလိုက်လေသည်။

“မင်း... မင်း၊ ငါသိသားပဲ၊ မင်းက လူကောင်းမဟုတ်ဘူးဆိုတာ။ နောက်ဆုံးတော့ ငါ့ပိုက်ဆံတွေကို မင်း မျက်စိကျနေတာပဲ”

ခွေးရိုင်းတာအိုဆရာက စကားမပြောရသေးမီ ဘေးရှိ ရှောင်ဟွမ်က အံ့အားသင့်စွာ ပြောလာသည်ကို ကြားလိုက်ရသည်။

“တာအိုဆရာ... ရှင် ဘယ်လိုလုပ် သိတာလဲ”

ရှောင်ဟွမ်က စကားပြောလိုက်သည်နှင့် ခွေးရိုင်းတာအိုဆရာမှာ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် အသံကို ရုတ်တရက် နှိမ့်လိုက်ကာ ခဏမျှ တွေဝေနေပြီးမှ ရှောင်ဟွမ်ကို အနေရခက်စွာ ပြောလိုက်သည်။

“သူက အဲဒီဝါးလုံးကို နေ့တိုင်း ကိုင်ထားတယ်၊ အိပ်ရင်တောင် ဖက်အိပ်တာ။ အဲဒါကို ထားပါဦး... သူက ခဏခဏ အဲဒီဝါးလုံးကို မသိမသာ ပွတ်သပ်နေတတ်တယ်လေ”

“အဲဒါကို ကြည့်ရင် ငတုံးတစ်ယောက်ဆိုရင်တောင် အဲဒီဝါးလုံးမှာ ထူးခြားတာ တစ်ခုခုရှိတယ်ဆိုတာ သိနိုင်ပါတယ်”

ရှောင်ဟွမ်က တခိခိ ရယ်မောလိုက်လေသည်။ ကျိုးယီရှန်၏ မျက်နှာအိုကြီးမှာ နီမြန်းသွားကာ နှာခေါင်းရှုံ့လျက် ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်သည်။

ရုတ်တရက် သူသည် အရှက်ရသွားသဖြင့် ခေါင်းပြန်လှည့်လာကာ ခွေးရိုင်းတာအိုဆရာကို ဒေါသတကြီး ပြောလိုက်သည်။

“ငါ့ဝါးလုံးက ထူးခြားနေရင်တောင် အဲဒါ မင်းနဲ့မဆိုင်ဘူး။ ဒါနဲ့... မင်းက ဘာလို့ ငါတို့နောက်ကို တကောက်ကောက် လိုက်နေရတာလဲဆိုတာ ပြောစမ်းပါဦး”

ခွေးရိုင်းတာအိုဆရာမှာ အံ့အားသင့်သွားပြီး ဆွံ့အသွားရသည်။

ကျိုးယီရှန်က ချက်ချင်းပင် မာန်တက်သွားကာ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူက ခွေးရိုင်းတာအိုဆရာကို လက်ညှိုးထိုးလျက် ပြောလိုက်သည်။

“ဟား... ဒီအဘိုးကြီး မသိဘူးလို့ မထင်နဲ့၊ မင်းက ငါ့ပိုက်ဆံကိုရော ငါတို့ ရှောင်ဟွမ်ရဲ့ အလှကိုပါ မျက်စိကျနေတာမလား၊ တစ်နေကုန် ကြံစည်နေတာ...”

“အဘိုး...”

ရှောင်ဟွမ်၏ မျက်နှာလေးမှာ နီမြန်းသွားကာ ကျိုးယီရှန်ကို အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

ကျိုးယီရှန်သည်လည်း သူ၏စကားမှာ မသင့်တော်ကြောင်း သိသွားသော်လည်း သူ၏မျက်နှာကို အောက်မကျခံလိုသဖြင့် ထစ်ထစ်ငေါ့ငေါ့နှင့် ဆက်ပြောလိုက်သည်။

“ပြောလေ... ဟုတ်တယ်မလား”

ခွေးရိုင်းတာအိုဆရာက ရှောင်ဟွမ်ကို ခိုးကြည့်လိုက်ရာ ထိုမိန်းကလေးငယ်၏ ဖြူစင်ဝင်းပသော အသားအရေမှာ ယခုအခါ ရှက်သွေးဖြန်းကာ နီမြန်းနေပြီး သူမ၏မျက်လုံးများမှာ ကြယ်ပွင့်လေးများကဲ့သို့ တောက်ပနေသည်။

ငယ်ရွယ်နုပျိုသော အလှတရားမှာ သူ၏ရှေ့မှောက်တွင် အထင်းသား ရှိနေသည်။ ခွေးရိုင်းတာအိုဆရာမှာ ရုတ်တရက် ပြောမပြနိုင်သော အားငယ်မှုတစ်ခုကို ခံစားလိုက်ရကာ ခေါင်းငုံ့သွားလေသည်။

ရှောင်ဟွမ်က သူမ၏အဘိုး ကျိုးယီရှန်ကို စိုက်ကြည့်လိုက်သည်။ သူမသည် ငယ်စဉ်ကတည်းက ကျိုးယီရှန်နှင့်အတူ လောကအနှံ့ လှည့်လည်သွားလာခဲ့ရသဖြင့် အခြားမိန်းကလေးများထက် ပို၍ စိတ်သဘောထား ပွင့်လင်းသူ ဖြစ်သည်။ ယခုအခါ သူမက ခွေးရိုင်းတာအိုဆရာဘက်သို့ လှည့်၍ ပြောလိုက်သည်။

“တာအိုဆရာ... ကျွန်မအဘိုး ပြောတာတွေကို နားမယောင်ပါနဲ့၊ သူ့ပါးစပ်က ကောင်းတဲ့စကား ထွက်မှာမဟုတ်ဘူး”

ကျိုးယီရှန်က ဒေါသတကြီးနှင့် ပြောလိုက်သည်။

“နင်က နင့်အဘိုးကို ခွေးလို့ ပြောရက်တယ်ပေါ့၊ ဟိုကောင်ကမှ ခွေးရိုင်း အစစ်ဟ”

ရှောင်ဟွမ်က လျှာလေးထုတ်ကာ ခွေးရိုင်းတာအိုဆရာကို မျက်နှာပြောင် ပြလိုက်သည်။

ခွေးရိုင်းတာအိုဆရာ၏ ဦးနှောက်ထဲတွင် ဝုန်းခနဲ ဖြစ်သွားကာ သူ၏မျက်လုံးထဲ၌ ထိုလှပသော မျက်နှာလေးသာ ပြည့်နှက်နေပြီး အခြားအရောင်များကို မမြင်နိုင်တော့ချေ။ ကျိုးယီရှန်က သူ့ကို လှောင်ပြောင်နေသည်ကိုပင် သူ ဂရုမစိုက်နိုင်တော့ပေ။

ကျိုးယီရှန်က စိတ်တိုတိုနှင့် ခေါင်းလှည့်ကာ ခွေးရိုင်းတာအိုဆရာကို ပြောလိုက်သည်။

“ဟေ့... မင်း ဘာလို့ ငါတို့နောက် လိုက်နေတာလဲဆိုတာ မပြောရသေးဘူးနော်။ ခိုင်လုံတဲ့ အကြောင်းပြချက် ပေးနိုင်ရင်တော့ ငါ လိုက်ခွင့်ပြုမယ်၊ မပေးနိုင်ရင်တော့ ငါ့ရဲ့ အစွမ်းကို ပြရလိမ့်မယ်”

ခွေးရိုင်းတာအိုဆရာက အဝေးသို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ကာ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

“ကျုပ်လည်း မသိဘူး”

“ဟား...ဟား”

ကျိုးယီရှန်က ဝမ်းသာအားရ ရယ်မောလိုက်လေသည်။

ရှောင်ဟွမ်ကမူ ခွေးရိုင်းတာအိုဆရာကို ကြည့်ကာ စပ်စုချင်သော စိတ်ဖြင့် မေးလိုက်သည်။

“တာအိုဆရာ... ဘာဖြစ်လို့လဲဟင်။ ရှင်က နေစရာ အိမ်မရှိလို့လား”

ခွေးရိုင်းတာအိုဆရာက ခါးသက်သက် ပြုံးလိုက်ကာ ပြောလိုက်သည်။

“မင်း ပြောတာ မှန်ပါတယ်။”

အကြောင်းရင်းကို မသိသော်လည်း သူသည် ထိုမိန်းကလေးငယ်၏ ရှေ့မှောက်တွင် စကားများပြောချင်နေမိသည်။ သူက စကားစလိုက်သည်နှင့် အကြောင်းပြချက် မရှိဘဲ ဆက်ပြောနေမိတော့သည်။

“ကျုပ်က ငယ်ငယ်ကတည်းက ရုပ်ရည်က ထူးဆန်းနေတာလေ။ ကျုပ် မွေးလာတော့ ကျုပ်ရဲ့မိဘတွေက မိစ္ဆာတစ်ကောင်လို သဘောထားပြီး တောထဲမှာ ပစ်ထားခဲ့ကြတယ်၊ ကျုပ်ရဲ့ ကံကြမ္မာအတိုင်းပဲ ထားရစ်ခဲ့ကြတာ...”

“ဟာ...”

ရှောင်ဟွမ်က သူမ၏လက်ကလေးနှင့် ပါးစပ်ကို ပိတ်ကာ ထိတ်လန့်သွားသည်။ ကျိုးယီရှန်ကမူ သံသယရှိသော အမူအရာဖြင့် ကြည့်နေလေသည်။

ခွေးရိုင်းတာအိုဆရာက ဆက်ပြောလိုက်သည်။

“နောက်ပိုင်းမှာ ကျုပ်ကို ခွေးရိုင်း အုပ်စုတစ်စုက တွေ့သွားတယ်။ ထူးထူးဆန်းဆန်းပဲ သူတို့က ကျုပ်ကို မစားကြဘဲနဲ့ အစာတွေ ကိုက်ချီလာပြီး ကျုပ်ကို ကျွေးမွေးခဲ့ကြတယ်”

“ဒါကြောင့် ကျုပ် ကြီးပြင်းလာတဲ့အခါမှာ ကျုပ်ကိုယ်ကျုပ် ခွေးရိုင်းလို့ အမြဲခေါ်ခဲ့တာပေါ့”

ကျိုးယီရှန်က နှာခေါင်းရှုံ့လိုက်ပြန်သော်လည်း ရှောင်ဟွမ်ကမူ အာရုံစိုက်လျက် ခေါင်းကို အသာအယာ ညိတ်ပြနေသည်။

ခွေးရိုင်းတာအိုဆရာက ကျိုးယီရှန်ကို လျစ်လျူရှုကာ ရှောင်ဟွမ်ကို ပြုံးပြလျက် ပြောလိုက်သည်။

“ဒါကြောင့် ငယ်ငယ်ကတည်းက ကျုပ်မှာ အိမ်မရှိခဲ့ဘူး၊ အိမ်လို့ ခေါ်ရရင်လည်း ခွေးအိမ်ပဲ ရှိတာပေါ့”

“ဒါပေမယ့် နောက်ပိုင်းမှာ သွေးသန့်စင်ဂိုဏ်းက စီနီယာတစ်ယောက်က ကျုပ်ကို မမျှော်လင့်ဘဲ တွေ့သွားပြီး သနားသွားတာနဲ့ ဂိုဏ်းထဲကို ခေါ်သွားပြီး ပညာတွေ သင်ပေးခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျုပ်က သွေးသန့်စင်ဂိုဏ်းကိုပဲ ကျုပ်ရဲ့ အိမ်လို့ မှတ်ယူခဲ့တာ”

ကျိုးယီရှန်က ခနဲ့လိုက်သည်။

“ဒါဆိုရင်လည်း သွေးသန့်စင်ဂိုဏ်းကို ပြန်သွားလေ၊ ဘာလို့ တစ်နေကုန် အပြင်မှာ လျှောက်သွားနေတာလဲ”

ခွေးရိုင်းတာအိုဆရာက ခေါင်းငုံ့သွားကာ မျက်နှာမှာ တည်တံ့သွားသည်။ အတန်ကြာမှ သူက ပြောလိုက်သည်။

“သွေးသန့်စင်ဂိုဏ်းက သရဲဘုရင်ဂိုဏ်းရဲ့ ချေမှုန်းခြင်းကို ခံလိုက်ရပြီ။ အဲတာကို ဦးဆောင်ခဲ့တာက ခင်ဗျားတို့ တွေ့ခဲ့တဲ့ ကွေ့လိပဲ”

“ဘာ...”

ကျိုးယီရှန်နှင့် ရှောင်ဟွမ်တို့နှစ်ဦးလုံး ထိတ်လန့်သွားကြသည်။ မိစ္ဆာဂိုဏ်းများအတွင်း တိုက်ခိုက်မှုများမှာ အလွန်ပင် ရက်စက်လှသော်လည်း ပြင်ပလောကသို့မူ သတင်းများ မပေါက်ကြားတတ်ပေ။

ထို့ကြောင့် သရဲဘုရင်ဂိုဏ်းက သွေးသန့်စင်ဂိုဏ်းကို ဝါးမြိုလိုက်သည်ကို ကျိုးယီရှန်တို့ မသိခဲ့ကြပေ။ သူတို့နှစ်ဦးလုံး ထိတ်လန့်သွားသော်လည်း တုံ့ပြန်ပုံချင်းမှာမူ မတူညီကြပေ။

ကျိုးယီရှန်က မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုကို စဉ်းစားနေလေသည်။ အတန်ကြာမှ သူက ခေါင်းကို ခါယမ်းကာ သက်ပြင်းချရင်း ပြောလိုက်သည်။

“နှမြောစရာပဲ... စီနီယာဟေရှင်း လက်ထက်တုန်းက သွေးသန့်စင်ဂိုဏ်းက ဘယ်လောက်တောင် အစွမ်းထက်ခဲ့လဲ၊ ဟူး...”

ရှောင်ဟွမ်ကမူ ထိုမျှအထိ အလေးအနက် မစဉ်းစားဘဲ ထိတ်လန့်သွားပြီးနောက် တစ်စုံတစ်ခုကို သတိရကာ မေးလိုက်သည်။

“ဒါဆိုရင် ရှင့်ဂိုဏ်းကို ချေမှုန်းဖို့ လူတွေကို ဦးဆောင်လာတာက အဲဒီ ကွေ့လိပေါ့၊ ဒါဆိုရင် ရှင်က ဘာလို့ သူ့နောက်ကို လိုက်နေသေးတာလဲ”

ခွေးရိုင်းတာအိုဆရာ၏ နှုတ်ခမ်းထောင့်များ တုန်ယင်သွားကာ သူ ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

All Chapters