← Chapters

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း (၂၂၉) - ဓားအက (၁)

ညဉ့်နက်သန်းခေါင်ယံအချိန်။

ချင်းယွင်တောင်၊ ရှောင်ကျူးတောင်ထိပ်။

မှိုင်းညို့နေသော တိမ်တိုက်များက ကြယ်တာရာများနှင့် လရောင်ကို ဖုံးကွယ်ထားရာ အဆုံးမဲ့သော မှောင်မိုက်မှုတို့က ရှောင်ကျူးတောင်ထိပ် တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လုရွှယ်ချီသည် ရှောင်ကျူးတောင်ထိပ်၏ နောက်တောင်ကုန်းရှိ ဝမ်ယွဲ့စင်မြင့်ပေါ်တွင် တစ်ကိုယ်တည်း ငြိမ်သက်စွာ ရပ်နေ၏။

ဝမ်ယွဲ့စင်မြင့်သည် ရှောင်ကျူးတောင်ထိပ်တွင် အကျော်ကြားဆုံး နေရာတစ်ခုဖြစ်ပြီး ချင်းယွင်တောင်၏ ထုံထျန်းတောင်ထိပ်မှ တိမ်ပင်လယ်၊ သက်တန့်တံတားတို့နှင့်အတူ ချင်းယွင်တောင်၏ အလှဆုံး ရှုခင်း ခြောက်သွယ်တွင် တစ်ခုအပါအဝင် ဖြစ်လေသည်။

ရှောင်ကျူးတောင်ထိပ်၏ နောက်တောင်ကုန်းတွင်လည်း ထူထပ်လှသော ဝါးတောများ ရှိသော်လည်း ၎င်းတို့မှာ တာ့ကျူးတောင်ထိပ် နောက်ကွယ်ရှိ အနက်ရောင်ဝါးများနှင့် မတူချေ။

ရှောင်ကျူးတောင်ထိပ်တွင် ပေါများသော ဝါးအမျိုးအစားမှာ ရှားပါးလှသည့် မျက်ရည်စက်ဝါးများ ဖြစ်ကြသည်။

ဤဝါးများ၏ အရောင်မှာ မြစိမ်းရောင်ရှိပြီး ပင်စည်မှာ သွယ်လျရှည်လျားကာ သာမန်ဝါးများ၏ တစ်ဝက်ခန့်သာ ရှိသော်လည်း ၎င်းတို့၏ တည်ဆောက်ပုံမှာ အလွန်ပင် မာကျောခိုင်ခံ့လှရာ ကမ္ဘာပေါ်တွင် အခိုင်ခံ့ဆုံးဟုပင် ကျော်ကြားလေသည်။

သာမန် ထင်းခုတ်သမားများမှာမူ ဤဝါးကို ခုတ်ဖြတ်နိုင်စွမ်း မရှိကြချေ။ သို့သော် မျက်ရည်စက်ဝါး၏ အထင်ရှားဆုံး အချက်မှာ မြစိမ်းရောင် ပင်စည်ပေါ်တွင် ပန်းနုရောင် အစက်အပြောက်ကလေးများ ပြန့်ကျဲနေခြင်း ဖြစ်ပြီး ၎င်းမှာ စိတ်နှလုံး ကြေကွဲနေရသော နူးညံ့သိမ်မွေ့သည့် မိန်းကလေးတစ်ဦး၏ မျက်ရည်စက်များနှယ် အလွန်ပင် လှပလွန်းလှသည်။

ရှောင်ကျူးတောင်ထိပ်ဟူသော အမည်မှာလည်း ဤအချက်မှ ဆင်းသက်လာခြင်း ဖြစ်ပေသည်။

ဝမ်ယွဲ့စင်မြင့်မှာမူ ကောင်းကင်ယံထဲတွင် တစ်ကိုယ်တည်း ထွက်ပေါ်နေသော ချောက်ကမ်းပါးတစ်ခု ဖြစ်ပြီး တောင်ကုန်းနှင့် ဆက်စပ်နေသည့် အနောက်ဘက် အစိတ်အပိုင်းမှလွဲ၍ ကျန်အပိုင်းများမှာ ဟင်းလင်းပြင်ထဲတွင် ရှိနေလေသည်။

သာယာသော လပြည့်ညများတွင် လရောင်သည် တောင်အောက်ခြေမှ ဖြည်းဖြည်းချင်း တက်လာကာ ဝမ်ယွဲ့စင်မြင့်ဆီသို့ တရွေ့ရွေ့ ရောက်ရှိလာတတ်သည်ဟု ဆိုကြသည်။

လရောင်က စင်မြင့်တစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားသည့် အချိန်တွင် လမင်းကြီးမှာ ကောင်းကင်အလယ်တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ထိုအချိန်သည် ဝမ်ယွဲ့စင်မြင့်၏ အလှဆုံး အခိုက်အတန့်ပင် ဖြစ်သည်။ ကြည်လင်တောက်ပသော လရောင်သည် တောက်ပစွာ ဖြာကျလာပြီး ဝမ်ယွဲ့စင်မြင့်၏ ချောမွေ့သော ကျောက်သားမျက်နှာပြင်မှ တစ်ဆင့် ပြန်ဟပ်သွားကာ ရှောင်ကျူးတောင်ထိပ် တစ်ခုလုံးကို ချက်ချင်းပင် လင်းထိန်သွားစေသည်။

ထိုအချိန်တွင် ဝမ်ယွဲ့စင်မြင့်ပေါ်၌ ရပ်နေသူသည် ကောင်းကင်ဘုံထဲသို့ ရောက်ရှိနေသကဲ့သို့ ခံစားရပေလိမ့်မည်။

ထို့အပြင် နှစ်ပေါင်း ခြောက်ဆယ်တွင် တစ်ကြိမ်သာ ကြုံရသော ပထမဆုံး လပြည့်ညတွင်မူ ထိုစင်မြင့်ပေါ်၌ ရပ်နေသူသည် တောက်ပသော လမင်းကြီးပေါ်တွင် ရပ်နေရသကဲ့သို့ ခံစားချက်ကို ပေးစွမ်းနိုင်သည်ဟု ဒဏ္ဍာရီများက ဆိုကြရာ ထိုသို့သော ခံစားချက်မျိုးကို လူတိုင်းက တောင့်တမိကြပေသည်။

သို့သော် ယနေ့ညတွင်မူ လမင်းကင်းမဲ့ကာ လေပြင်းများ တိုက်ခတ်နေသဖြင့် လပြည့်ည၏ အလှကို ခံစားရန် မသင့်တော်ချေ။

ရှောင်ကျူးတောင်ထိပ်၏ နောက်ဘက်ရှိ ဝမ်ယွဲ့စင်မြင့်မှလွဲ၍ တောင်ရှေ့ဘက်ရှိ တပည့်များ၏ နေအိမ်များမှာ မှောင်မည်းနေပြီ ဖြစ်ရာ အားလုံး အိပ်မောကျနေပြီမှာ ထင်ရှားလှသည်။

လုရွှယ်ချီ တစ်ဦးတည်းသာလျှင် ဆိတ်ငြိမ်လှသော ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

သူမနှင့် မည်သည့်အခါမျှ မခွဲခွာသော ထျန်းယာဓားသည် သူမ၏ ကျောနောက်ဘက်ရှိ မှောင်မိုက်မှုထဲတွင် အပြာရောင်အလင်းတန်းများ ဖြာထွက်နေဆဲဖြစ်ပြီး ပတ်ဝန်းကျင်ကို လင်းလက်စေသည်။

အေးစက်သော ညလေညင်းက တိုက်ခတ်လာရာ သူမ၏ နှင်းကဲ့သို့ ဖြူစင်သော ဝတ်စုံကို လွင့်ပြယ်စေ၏။

လေတိုက်သဖြင့် သူမ၏ နားထင်ဘေးမှ နူးညံ့သော ဆံနွယ်အချို့ ဖရိုဖရဲဖြစ်ကာ သူမ၏ ဖြူဝင်းသော မျက်နှာကို ပွတ်တိုက်သွားသော်လည်း သူမကမူ သတိထားမိပုံမရဘဲ ဝမ်ယွဲ့စင်မြင့်၏ ရှေ့ဆုံးတွင် ရပ်လျက် ငေးမောကြည့်နေလေသည်။

လေက တဖြည်းဖြည်း ပိုမိုပြင်းထန်လာရာ သူမ၏ အဝတ်အစားများက လေထဲတွင် ဝေ့ဝဲနေတော့သည်။

ရှေ့သို့ နောက်ထပ်တစ်လှမ်းမျှ တိုးလိုက်ရုံဖြင့် အဆုံးမဲ့သော မှောင်မိုက်သည့် ချောက်ကမ်းပါးကြီးသာ ရှိနေသည်။

ချောက်ကမ်းပါး အစွန်းတွင် မှိန်ပျပျ အလင်းရောင်အောက်၌ ထိုဝတ်စုံဖြူနှင့် မိန်းကလေးသည် လှုပ်ရှားမှုမရှိဘဲ တစ်ကိုယ်တည်း ရပ်နေ၏။

နှလုံးသား၏ အနက်ရှိုင်းဆုံး တစ်နေရာမှ တဖြည်းဖြည်းချင်း တိုးထွက်လာသော အရာမှာ မူလက နူးညံ့သော ခံစားချက်များ ဖြစ်သော်လည်း အဘယ်ကြောင့် တဖြည်းဖြည်း နာကျင်မှုများအဖြစ် ပြောင်းလဲသွားရသနည်း။

မမြင်ရသော ဓားသွားများနှယ် နှလုံးသားထဲသို့ တဖြည်းဖြည်း နက်ရှိုင်းစွာ ထိုးစိုက်ဝင်ရောက်လာလေသည်။

နှလုံးသားထဲတွင် နက်ရှိုင်းစွာ ရေးထွင်းထားသော အရာမှာ လူတစ်ယောက်၏ မျက်နှာပင် ဖြစ်ချေသည်။

လွမ်းဆွတ်ခြင်းဝေဒနာက အရိုးထဲထိအောင် စွဲထင်နေပေပြီ။

ဆိတ်ငြိမ်လှသော ညဉ့်နက်သန်းခေါင်ယံအချိန်တွင် သူမသည် လက်မောင်းနှစ်ဖက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ရာ သူမ၏ ရှေ့တွင် အဆုံးမဲ့သော မှောင်မိုက်မှုကြီးက ကောင်းကင်နှင့် မြေကြီးနှယ် ကျယ်ပြောလှသည်။

လေပြင်းများက သူမအား ဆွဲဖြဲပစ်တော့မည့်အလား သူမ၏ ရင်ခွင်ထဲသို့ ပြင်းထန်စွာ တိုးဝင်လာပြီး သူမ၏ ခြေဖဝါးအောက်ရှိ မှောင်မိုက်မှုများကလည်း ရုတ်တရက် လှုပ်ရှားလာရာ မည်သည့်နေရာမှ ရောက်လာသည်မသိသော အမှောင်ထုလက်များက သူမအား ချောက်နက်ကြီးထဲသို့ ဆွဲချရန် သူမ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လာလေသည်။

သို့သော် သူမကမူ သတိလွတ်နေသကဲ့သို့ ငြိမ်သက်စွာ ကြည့်နေမိ၏။ လေညင်းက သူမ၏ နူးညံ့လှသော ခန္ဓာကိုယ်ကို တိုက်ခတ်နေသည်မှာ မှောင်မိုက်မှုထဲတွင် ပွင့်လန်းနေသော နှင်းပန်းတစ်ပွင့်နှယ်ပင်။

ညက နက်ရှိုင်းလှသည်။

အအေးဓာတ်က သူမ၏ အရေပြား လက်မတိုင်းထဲသို့ ထိုးဖောက်ဝင်ရောက်လာရာ သူမ၏ စိတ်ထဲ၌ ရုတ်တရက် တစ်စုံတစ်ခု လောင်မြိုက်လာလေသည်။

သူမ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ ဝှက်ထားသော ထိုနူးညံ့သည့် ခံစားချက်များက တောက်လောင်နေသော မီးလျှံများနှယ် ရုတ်တရက် ပွင့်အံထွက်လာပြီးနောက် တစ်စုံတစ်ခုအဖြစ် ပုံပေါ်လာ၏။

၎င်းမှာ မျက်နှာတစ်ခုပင် ဖြစ်သည်။

ရွှမ်း....

စူးရှသော အသံတစ်သံက ညဉ့်နက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး ဝေးလံသော နေရာထိ ဟိန်းထွက်သွားလေသည်။

ထျန်းယာဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး မှောင်မိုက်မှုထဲတွင် တောက်ပသော အလင်းရောင်ကို ဖြာထွက်စေ၏။

အဖြူရောင်ပုံရိပ်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ထျန်းယာဓားကို လေထဲတွင် ဖမ်းဆွဲလိုက်ရာ အေးစက်လှသော တောင်ပေါ်လေပြင်းများက ထိုအဖြူရောင်ပုံရိပ်နှင့်အတူ ရုတ်တရက် ဝေ့ဝဲလာတော့သည်။

ဝမ်ယွဲ့စင်မြင့်ပေါ်တွင် ရင်သပ်ရှုမောဖွယ် ကောင်းလှသော ဓားအကမှာ ဘယ်သူမှ မြင်ခွင့်မရှိပဲ စတင်လေပြီ။

မိုးကုတ်စက်ဝိုင်းတွင် ကောင်းကင်နှင့် ပင်လယ် ထိစပ်နေသကဲ့သို့ပင် ကြီးမားလှသော နဂါးငွေ့တန်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ သူမ၏ သွယ်လျဖြူဝင်းသော လက်များထဲတွင် ကျွမ်းကျင်စွာ ကစားလျက် ညဉ့်နက်ထဲ၌ ပျော်ရွှင်စွာ ပြေးလွှားနေသည်။

တစ်ခါတစ်ရံတွင် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး တစ်ခါတစ်ရံတွင် မြေပြင်သို့ ဆင်းသက်လာကာ တစ်ခါတစ်ရံတွင်မူ ငွေရောင်စီးဆင်းနေသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ လှပသောမျက်နှာနားတွင် တွယ်တာစွာ ဝေ့ဝဲနေ၏။

တစ်ခါတစ်ရံတွင်မူ ကောင်းကင်အပြည့် လင်းလက်နေသော ကြယ်တာရာများအဖြစ် ပြန့်ကျဲသွားပြီး တောက်ပစွာ တဖျတ်ဖျတ် လင်းနေလေသည်။

လုရွှယ်ချီသည် ဝမ်ယွဲ့စင်မြင့်ပေါ်တွင် သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်လုံးများကို မှိတ်ထား၏။

သူမ၏ ခန္ဓာကိုယ်မှာ လေထဲတွင် လွင့်မျောနေသော ဝါဂွမ်းစတစ်ခုနှယ်၊ အေးစက်သော ပန်းတစ်ပွင့်နှယ် လေနှင့်အတူ လွင့်ပါသွားကာ ဆွေးမြည့်ဖွယ်ရာ ကောင်းလှသော အမူအရာဖြင့် ကပြနေပေသည်။

သူမသည် အဖြူရောင် လွင့်မျောနေသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားရာ သူမ၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင် ချွေးစက်များ ထွက်ပေါ်လာသော်လည်း သူမကမူ ရပ်တန့်ခြင်းမရှိချေ။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး ပင်ပန်းနွမ်းနယ်သွားမှသာ အရာအားလုံးကို မေ့ပျောက်နိုင်မည်ဟုသာ ထင်မိနေသည်။

ထို့ကြောင့် သူမသည် ကကာ ကကာဖြင့် ညဉ့်နက်ထဲရှိ ထိုပုံရိပ်မှာ ဝေဝါးလှပနေလေသည်။

ဒင်...

ညင်သာသော်လည်း ပြတ်သားသောအသံနှင့်အတူ ထျန်းယာဓားသည် သူမ၏ လက်ထဲမှ ဖြည်းဖြည်းချင်း ကျဆင်းသွား၏။

ထိုထက်ရှသော ဓားသွားဖျားသည် မာကျောလှသော ကျောက်သားကို ဂရုမစိုက်ဘဲ နှင်းထဲသို့ ထိုးစိုက်လိုက်သကဲ့သို့ ကျောက်သား၏ အလယ်တည့်တည့်သို့ အသံတိတ် တိုးဝင်သွားလေသည်။

တောက်ပလှပသော အဖြူရောင်ပုံရိပ်သည် သူမ၏ ဦးခေါင်းကို ဖြည်းဖြည်းချင်း ငုံ့လိုက်ရာ မှောင်မိုက်မှုက သူမအား တိတ်တဆိတ် ဝါးမျိုသွားပြန်သည်။

မှောင်မိုက်မှုထဲတွင် မည်သူက အသက်ပြင်းပြင်း ရှူနေသနည်း။

ကျောက်သားပေါ်သို့ ရေစက်များ တဖျောက်ဖျောက် ကျနေသည်မှာ ပင်ပန်းလွန်းသဖြင့် ထွက်လာသော ချွေးစက်များလော။

သူမသည် အသက်ကို ပြင်းပြင်းရှူရင်း ဖြည်းဖြည်းချင်း တည်ငြိမ်လာပြီးနောက် မျက်လုံးများကို မော့ကြည့်လိုက်ရာ စိတ်ပျက်အားငယ်မှု အနည်းငယ်ကို တွေ့ရသည်။

သတိမထားမိဘဲ သူမသည် ဝမ်ယွဲ့စင်မြင့်၏ နောက်ဘက်သို့ ကခုန်ရောက်ရှိသွားခဲ့ရာ သူမ၏ ရှေ့တွင် ဝါးတောတစ်ခု ရှိနေပြီး သူမ၏ ရှေ့တည့်တည့်တွင်မူ သွယ်လျနူးညံ့သော မျက်ရည်စက်ဝါးများ ရှိနေလေသည်။

မှိန်ပျပျ အလင်းရောင်အောက်တွင် မျက်ရည်စက်များနှယ် အစက်အပြောက်များမှာ စိတ်နှလုံး ကြေကွဲနေသော မိန်းကလေးတစ်ဦးနှယ်။

သူမသည် ငေးမောကြည့်နေပြီးမှ ရုတ်တရက် ရယ်မောလိုက်၏။ အသံတိတ် ရယ်မောနေခြင်း ဖြစ်သော်လည်း ထိုရယ်သံထဲတွင် နာကျင်မှုအချို့ ပါဝင်နေပုံရသည်။

ထို့နောက် မြေပြင်ပေါ်ရှိ ဖုန်မှုန့်များကိုလည်း ဂရုမစိုက်၊ သူမ ဝတ်ဆင်ထားသော စင်ကြယ်သည့် အဖြူရောင် ဝတ်စုံကိုလည်း ဂရုမပြုဘဲ မျက်ရည်စက်ဝါးပင်များကို မှီကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်လေသည်။

ခေါင်းကို မော့ကြည့်ရင်း ကောင်းကင်ယံကို ငေးကြည့်နေမိ၏။

ကျယ်ပြောလှသော ကောင်းကင်ကြီး။

ညလေညင်းက တိုက်ခတ်လာရာ ရင်းနှီးနေသော အနံ့အသက်တစ်ခုကို ရရှိလိုက်သကဲ့သို့ ခံစားရသည်။

သူမသည် မျက်လုံးများကို မှိတ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်၏။

ပင်ပန်းနွမ်းနယ်သွားပြီးနောက်တွင် နှလုံးသားထဲမှ ထိုမျက်နှာမှာ ပို၍ပင် ထင်ရှားလာသကဲ့သို့ ရှိချေသည်။

အတိတ်က အကြောင်းအရာများမှာ တစ်ခုပြီးတစ်ခု နှလုံးသားထဲတွင် ရေးထွင်းထားသကဲ့သို့ ဖြစ်နေရာ မည်သို့မျှ ဖျောက်ဖျက်၍ မရနိုင်တော့ချေ။

ထိုနေ့က နတ်ဘုရင်ဘဏ္ဍာတိုက် အပြင်ဘက်တွင် သူသည် စိတ်လိုက်မာန်ပါဖြင့် သူမ၏လက်ကို ဆွဲကာ သူမအား ကယ်တင်ခဲ့သည်။ မိမိကိုယ်တိုင်၏ အန္တရာယ်ကို လုံးဝဂရုမစိုက်ဘဲ ကယ်တင်ခဲ့ခြင်း ဖြစ်၏။

သူမသည် မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်သော်လည်း သူမ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာလေသည်။ ထို့နောက် တစ်ခုပြီးတစ်ခု ပြန်လည် အမှတ်ရနေမိရာ...

နောက်ဆုံးတွင် သူတို့နှစ်ဦးကို ဝန်းရံကာ လွင့်မျောနေသော ထိုလျှို့ဝှက်ဆန်းပြားသည့် စကားလုံးများကို ပြန်လည် သတိရမိသည့်အခါမှ ထိုစကားလုံးများက သူမ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ဤနည်းဖြင့် သူမသည် သူ့ကို မေ့ပျောက်နိုင်မည်လော။

သူမသည် မိမိကိုယ်ကို ထိုသို့ပင် ပြောနေမိသော်လည်း မေ့ပျောက်ရန်အတွက်မူ သူမကိုယ်တိုင်ပင် ယုံကြည်မှုမရှိပေ။ သို့သော် သူမ၏ ပါးစပ်မှမူ တီးတိုးရေရွတ်နေဆဲပင်ဖြစ်လေသည်။

‘ကောင်းကင်နှင့် မြေကြီးသည် သနားညှာတာမှု ကင်းမဲ့၏။ သက်ရှိအားလုံးကို မြက်ရုပ်များနှယ် သဘောထားပေသည်။’

ညဉ့်နက်သန်းခေါင်ယံတွင် ထိုရှေးဟောင်း စကားလုံးများမှာ မိစ္ဆာမန္တန်တစ်ခုနှယ် ညဉ့်နက်ထဲတွင် တိတ်တဆိတ် ဟိန်းထွက်နေလေသည်။

* *

ချင်းယွင်တောင်၊ ထုံထျန်းတောင်ထိပ်၊ ဘိုးဘေးခန်းမ။

ခန်းမကြီးအတွင်းရှိ အလင်းရောင်မှာ ပုံမှန်အတိုင်းပင် အနည်းငယ် မှိန်ပျပျ ရှိနေသည်။ ဂိုဏ်းချုပ် တာအိုရွှမ်သည် လက်ထဲတွင် အမွှေးတိုင် သုံးတိုင်ကို ကိုင်ဆောင်ထားပြီး မရေမတွက်နိုင်သော ဘိုးဘေးများ၏ ဝိညာဉ်ခေါင်းတိုင်များကို အရိုအသေပြု ဂါရဝပြုလိုက်ကာ ရှေ့သို့ လှမ်းတက်လိုက်ပြီး အမွှေးတိုင်များကို ယဇ်ပလ္လင်ပေါ်ရှိ အမွှေးတိုင်အိုးထဲသို့ ထိုးစိုက်လိုက်၏။

All Chapters