အခန်း ၇၂
Vol. 8 Ch. 72
အခန်း (၇၂) အလိုက်သိတတ်သော ဆိုင်အကူ
ချန်ကျီက အနည်းငယ် အားနာသလို ပြုံးရင်း ပြောလိုက်သည်။ "ငါက ဆေးလုံးလာဝယ်တာ မဟုတ်ဘူး၊ ဒီအတိုင်း ဆေးပညာ မိတ်ဆက် လိုမျိုး ဗဟုသုတ စာအုပ်အချို့ ဝယ်ချင်လို့၊ အဲဒါ ရှိလား"
ချန်ကျီ ထိုသို့မေးသည်ကို ကြားသောအခါ ဆိုင်အကူက သူ့ကို သံသယစိတ်ဖြင့် ကြည့်လိုက်ပြီး သူ မျက်စိမမှားကြောင်း အတည်ပြုလိုက်သည်။
ဤလူ၏ ကျင့်ကြံခြင်းအဆင့်က သူ့ထက် အများကြီး မြင့်မားနေသည်မှာ သေချာလှသည်၊ အဆင့် မည်မျှရှိသည်ကို ဖောက်ထွင်းမမြင်နိုင်သော်လည်း သူ၏ အော်ရာ ကိုမူ အာရုံခံနိုင်နေသည်။
ဒီလောက် ကျင့်ကြံခြင်းအဆင့် မြင့်မားနေပြီဖြစ်ပြီးမှ ဤကဲ့သို့သော အခြေခံအဆင့် စာအုပ်များကို ဘာအတွက်ကြောင့် လိုချင်ရသနည်း။
သို့သော်လည်း ဆိုင်အကူက စိတ်ထဲတွင် သံသယဝင်နေမိသော်ငြား သူ ဖောက်ထွင်းမမြင်နိုင်သော ကျင့်ကြံခြင်းအဆင့်ရှိသည့် လူတစ်ယောက်၏ ရှေ့မှောက်တွင် မရိုမသေ မပြုဝံ့ပေ ။
ဆိုင်အကူက ယခင်အတိုင်း စိတ်ရှည်သည်းခံစွာဖြင့် ပြောလိုက်သည်။ "လူကြီးမင်းက အခြေခံဗဟုသုတ စာအုပ်အချို့ကို ဝယ်ပြီး သူ့ရဲ့ မျိုးဆက်သစ် လူငယ်တွေကို ပေးဖတ်မလို့ ထင်တယ်နော်"
ချန်ကျီက မဟုတ်ပါဘူး၊ သူကိုယ်တိုင် ဖတ်မလို့ပါဟု ပြောချင်သော်လည်း ဤအချိန်တွင် ထိုသို့ပြောရန် မသင့်တော်ဟု ခံစားလိုက်ရသည်။
မည်သို့ပင်ဆိုစေ သူ၏ ကျင့်ကြံခြင်းအဆင့်က ဤမျှ မြင့်မားနေပြီဖြစ်ရာ ဤကဲ့သို့သော အခြေခံဗဟုသုတ စာအုပ်များကို လိုက်ဖတ်နေခြင်းက တကယ်ပင် သိက္ခာကျစရာ ဖြစ်နေပေလိမ့်မည်။
"ဟုတ်တယ်လေ... အိမ်မှာ ကျင့်ကြံခြင်း စတင်ကာစ မျိုးဆက်သစ် လူငယ်အချို့ ရှိနေလို့ပါ ဒီတစ်ခေါက် အပြင်ထွက် လည်ပတ်ရင်းနဲ့ပဲ စာအုပ်အချို့ ဝယ်သွားပေးမလို့၊ ဒါမှ သူတို့ ခဏခဏ လာမနှောင့်ယှက်တော့မှာ" ချန်ကျီက ထိုသို့သော အမူအရာမျိုး လုပ်ပြလိုက်သည်။
"ဟားဟား... လူကြီးမင်း ဒီလိုတွေးမယ်ဆိုတာ ကျွန်တော် သိသားပဲ၊ နှမြောစရာကောင်းတာက ကျွန်တော်တို့ ဆိုင်မှာတော့ ဒီလိုစာအုပ်မျိုး တကယ်ပဲ မရှိပါဘူးဗျာ၊ ဒါပေမဲ့ ရှိမှာ သေချာတဲ့ နေရာတစ်ခုကိုတော့ ကျွန်တော် သိပါတယ်"
"အိုး... ဒါဆိုရင် လမ်းညွှန်ပေးပါဦး" ချန်ကျီက တကယ်ပဲ နေရာမှန်မှာ မေးမိသွားသည်ဟု မထင်မှတ်ထားမိရာ ဇာတ်လမ်းတစ်ပုဒ် လုပ်ကြံပြောလိုက်ရကျိုး နပ်သွားခဲ့သည်။
"မခက်ပါဘူး၊ လူကြီးမင်းက ဒီနေရာကို ပထမဆုံးအကြိမ် ရောက်ဖူးတာ ဖြစ်လို့ မရင်းနှီးတာ သဘာဝကျပါတယ်၊ တကယ်တော့ ဒီလမ်းမပေါ်မှာတင် 'မင်ရှင်းကျိုက်' လို့ခေါ်တဲ့ ဆိုင်တစ်ဆိုင် ရှိပါတယ်၊ အဲဒီဆိုင်က စာအုပ်အမျိုးမျိုးကိုပဲ သီးသန့် ရောင်းချတာပါ၊ လူကြီးမင်း လိုချင်တဲ့ စာအုပ်တွေကို အဲဒီမှာ သေချာပေါက် ရှာတွေ့နိုင်ပါတယ်"
"မင်ရှင်းကျိုက်..."
ဤဆိုင်ကို ချန်ကျီ တစ်ခါမျှ သတိမထားမိခဲ့ပေ၊ ယခင်က သူက လမ်းဘေးစျေးဆိုင်များကိုသာ လိုက်ကြည့်ခဲ့သဖြင့် ဤဆိုင်ကြီးများ၏ နာမည်ကို သိပ်ပြီး စိတ်မဝင်စားခဲ့ပေ ။
"ဟုတ်ပါတယ်၊ ဒီလမ်းမပေါ်မှာတင်ပဲ ဟိုဘက်ကို နည်းနည်းလေး ဆက်လျှောက်သွားရင် ရောက်ပါပြီ" ဆေးဆိုင် အကူက ချန်ကျီကို စေတနာရှေ့ထား၍ လမ်းညွှန်ပြသပေးလိုက်သည်။
"အင်း... ဒါဆိုရင် တော်တော်လေး ကျေးဇူးတင်ပါတယ်" ချန်ကျီက လက်သီးဆုပ်၍ ကျေးဇူးတင်စကား ပြောလိုက်ပြီး ခေတ္တမျှ တုံ့ဆိုင်းကာ ထပ်မံ မေးလိုက်သည်။ "မင်းတို့ဆိုင်က ဆေးလုံးတွေ ပြန်ဝယ်လား"
ဆိုင်အကူက စိတ်ထဲတွင် ဝမ်းသာသွားခဲ့သည်၊ ဆေးလုံး မရောင်းရလျှင်ပင် ဆေးလုံး ပြန်ဝယ်ရပါကလည်း သူ့အတွက် ကော်မရှင်ခ အချို့ ရရှိနိုင်သောကြောင့် ဖြစ်သည်။ "ဝယ်ပါတယ်ခင်ဗျာ၊ လူကြီးမင်းက ဆေးလုံးတွေ လာရောင်းမလို့ပါလား"
ချန်ကျီက ခေါင်းညိတ်ပြလိုက်ရင်း ပြုံးလျက် သိုလှောင်အိတ်ထဲမှ ဆေးလုံးငါးပုလင်းကို ထုတ်ယူလိုက်သည်။
ဤဆေးလုံးငါးပုလင်းမှာ ကိုယ်ပွားများက သံနက်ရိုင်းမိုင်းတွင်းထဲတွင် ယဲ့မိသားစုဝင်များထံမှ သိမ်းဆည်းရမိထားသော ပစ္စည်းများ ဖြစ်ကြသည်။
ဆေးလုံးများကို အလွန်အမင်း သုံးစွဲပါက ဘေးထွက်ဆိုးကျိုးများ ရှိသည်ကို သိရှိပြီးနောက် သူက ဤဆေးလုံးများကို သိမ်းဆည်းရမိကတည်းက အမြဲတမ်း သိမ်းထားခဲ့ခြင်း ဖြစ်သည်။
မူလကမူ အနန္တ ကုန်စုံဆိုင် ဖွင့်လှစ်သည့်အခါမှ ထုတ်ယူရောင်းချရန် ရည်ရွယ်ထားခြင်း ဖြစ်သည်၊ သူကိုယ်တိုင် မသုံးစွဲသော်လည်း တခြားသူများအတွက်မူ သေချာပေါက် လိုအပ်ပေလိမ့်မည်။
ယခု ထုတ်ယူလိုက်ခြင်းက ပထမအချက်အနေဖြင့် ဤဆေးလုံးများ၏ စျေးနှုန်းကို စုံစမ်းရန်ဖြစ်ပြီး နောင်တွင် သူ့ဘာသာ ပြန်လည်ရောင်းချသည့်အခါ စျေးနှုန်း သတ်မှတ်ရလွယ်ကူစေရန် ဖြစ်သည်။
နောက်တစ်ချက်ကမူ စကားအနည်းငယ် အပိုပြောပေးဝံ့ပြီး ကူညီပေးချင်စိတ်ရှိသော ဆိုင်အကူနှင့် တွေ့ဆုံရသဖြင့် သူ့စိတ်ထဲတွင် အနည်းငယ် ကျေးဇူးတင်မိခြင်းကြောင့် ဖြစ်သည်။
အနည်းဆုံးတော့ တခြားသော ဖောက်သည်ကို နှိမ်တတ်သည့် ဆိုင်ကြီးများကဲ့သို့ မဟုတ်ပေ ၊ ပစ္စည်းလာဝယ်တာ မဟုတ်လျှင် မောင်း မထုတ်သည်ကိုပင် ကံကောင်းသည်ဟု မှတ်ရမည်ဖြစ်ရာ မည်သို့လျှင် စကားအပိုများ ပြောဆိုနေပါမည်နည်း။
ဆေးဆိုင် အကူက အကြမ်းဖျင်း ကြည့်လိုက်ရုံမျှဖြင့် ချန်ကျီ ထုတ်ပြလာသည်က မည်သည့်ဆေးလုံး အမျိုးအစား ဖြစ်သည်ကို သိရှိလိုက်သည်။ မည်သို့ပင်ဆိုစေ သူက ဤအလုပ်ကို လုပ်ကိုင်နေခြင်း ဖြစ်သဖြင့် ဆေးလုံးအမျိုးအစားနှင့် အဆင့် များကို ရင်ထဲတွင် အလွတ်ရနေပြီ ဖြစ်သည်။
"လူကြီးမင်း... ဒီဆေးလုံးတွေက ကျင့်ကြံခြင်းမှာ မရှိမဖြစ် လိုအပ်တဲ့ ဆေးလုံးတွေပဲ၊ လူကြီးမင်း ကိုယ်တိုင် မသုံးဘူးလား"
ချန်ကျီက ခေါင်းခါရင်း ပြုံး၍ ပြောလိုက်သည်။ "လောလောဆယ် သုံးစရာ မလိုသေးဘူး၊ ပြီးတော့ အပြင်ထွက်လာတာ တော်တော်လေး ကြာသွားပြီဖြစ်လို့ ကိုယ်ပေါ်မှာ ဝိညာဉ်ကျောက်တုံးတွေလည်း ကုန်သလောက် ဖြစ်နေပြီ၊ အပြင်မှာ သွားလာတဲ့အခါ ဝိညာဉ်ကျောက်တုံး အချို့တော့ ရှိထားမှ ဖြစ်မှာမို့လို့ပါ"
"နားလည်ပါပြီခင်ဗျာ" ဆိုင်အကူက နားလည်ကြောင်း အမူအရာ ပြသလိုက်သည်။ "ကျွန်တော် လူကြီးမင်းအတွက် စျေး တွက်ပေးပါ့မယ်"
ချန်ကျီက ဆေးလုံးများကို ဆိုင်အကူထံ ပေးလိုက်ရာ ဆိုင်အကူက သွက်လက်ချက်ချာစွာဖြင့် တစ်ပုလင်းချင်းစီကို ဖွင့်လှစ်စစ်ဆေးပြီး ဆေးလုံးများ ဘာပြဿနာမှမရှိသည်ကို အတည်ပြုလိုက်သည်။
"ချီစုစည်းဆေးလုံး ၁၀ လုံး၊ စိတ်ဝိညာဉ်အားဖြည့်ဆေးလုံး ၁၀ လုံး၊ ရှောင်ဟွမ်ဆေးလုံး ၁၀ လုံး၊ ကောင်းကင်ဝိညာဉ်ဆေးလုံး ၁၀ လုံး၊ ခရမ်းရောင်ဝိညာဉ်ဆေးလုံး ၁၀ လုံး၊ စုစုပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ ပါခင်ဗျာ၊ လူကြီးမင်း အဆင်ပြေရဲ့လား"
ဆိုင်အကူက ဤဆေးလုံးများ၏ စျေးနှုန်းကို ကောင်းကောင်းသိရှိထားသဖြင့် အလျင်အမြန်ပင် စျေးနှုန်း သတ်မှတ်ပေးလိုက်သည်။
ချန်ကျီက စိတ်ထဲကနေ အကြမ်းဖျင်း တွက်ချက်လိုက်သည်။ "ဒီစျေးနှုန်းက အနန္တဆိုင်ထဲက စျေးနှုန်းထက် တစ်ဆယ် ရာခိုင်နှုန်း ပိုမြင့်နေတယ်၊ ဒါကလည်း သဘာဝကျပါတယ်"
"ကောင်းပြီ... ဒီစျေးနှုန်းအတိုင်းပဲ ရှင်းကြတာပေါ့"
"ဟုတ်ကဲ့ပါခင်ဗျာ၊ ခဏလောက် စောင့်ပေးပါဦး၊ ကျွန်တော် တာဝန်ခံ ဆီသွားပြီး ဝိညာဉ်ကျောက်တုံး သွားယူပေးပါ့မယ်" ဆိုင်အကူ၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားခဲ့သည်၊ ဤတစ်ခေါက် အရောင်းအဝယ်တွင် သူက အနည်းဆုံးတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀ ခန့် ကော်မရှင်ခ ရရှိနိုင်ပေသည်။
မကြာမီအချိန်တွင် ဆိုင်အကူက အနောက်ဘက်ခန်းမထဲမှ အဖိုးအိုတစ်ဦးကို ဦးဆောင်၍ လျှောက်လှမ်းလာခဲ့သည်။
ဤလူက တာဝန်ခံ ဖြစ်တန်ရာသည်၊ ချီသန့်စင်ခြင်း အဆင့် ၇ ကျင့်ကြံခြင်းအဆင့် ရှိသည်။
တာဝန်ခံ ရောက်လာသည့်အချိန်တွင် မျက်နှာက အနည်းငယ် မချိုမသာ ဖြစ်နေသည်။
သူ့စိတ်ထဲတွင် မည်သူက ဆေးလုံးအမြောက်အမြားကို တစ်ပြိုင်နက်တည်း လာရောက်ရောင်းချပါမည်နည်းဟု တွေးတောကာ ဆိုင်အကူက တခြားသူများ၏ လှည့်စားခြင်းကို ခံလိုက်ရသည်ဟု ထင်မှတ်နေခြင်း ဖြစ်သည်။
သို့သော်လည်း ချန်ကျီကို မြင်လိုက်ရသည့်အခါတွင်မူ သူ၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
ချန်ကျီ၏ ချီသန့်စင်ခြင်း အဆင့် ၉ ကျင့်ကြံခြင်းအဆင့်ကို သူက ဖောက်ထွင်းမြင်နိုင်နေဆဲ ဖြစ်သည်။
တာဝန်ခံ က ဤအရာက အရောင်းအဝယ်ကြီးတစ်ခု ဖြစ်သည်ကို သိသွားသဖြင့် ချက်ချင်းပင် ပြုံးရွှင်သော မျက်နှာဖြင့် ကြိုဆိုလိုက်သည်။ "မိတ်ဆွေ... မင်္ဂလာပါဗျာ"
တာဝန်ခံ ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်ကို ချန်ကျီက သတိထားမိလိုက်သည်။
"အင်း... ဆေးလုံးတွေရဲ့ စျေးနှုန်းကိုတော့ ဒီဆိုင်အကူက တွက်ချက်ပြီးပါပြီ၊ ထပ်ပြီး အတည်ပြုဖို့ လိုသေးလား"
ချန်ကျီ၏ လေသံက မချိုသာသည်ကို ကြားလိုက်ရသဖြင့် တာဝန်ခံ က သူ ခုနက မလေးမစား ပြုမူမိသွားသည်ကို သိလိုက်ကာ အလျင်အမြန် ပြောလိုက်သည်။ "မလိုတော့ပါဘူးဗျာ၊ ကျွန်တော် အခုပဲ လူကြီးမင်းအတွက် ငွေရှင်းပေးပါ့မယ်"
"အင်း..."
တာဝန်ခံ က ဝိညာဉ်ကျောက်တုံးများ ထုတ်ပေးသည်ကို မြင်လိုက်ရသဖြင့် ဆိုင်အကူက ဤအရောင်းအဝယ် အောင်မြင်သွားပြီ ဖြစ်ကြောင်း သိရှိလိုက်ကာ ကော်မရှင်ခ ရမည့် ဝိညာဉ်ကျောက်တုံးများကို ရရှိလျှင် မည်သို့သုံးစွဲရမည်ကို စတင်တွေးတောနေမိတော့သည်။
"ဆိုင်ထဲမှာပဲ ဆေးလုံးအချို့ ပြန်ဝယ်ရမလား၊ ဒါမှမဟုတ် မန္တန်တစ်ခုခု သွားရွေးရမလား။ တော်ပါပြီ၊ ဆိုင်ထဲမှာ ဆေးလုံး ပြန်မဝယ်တော့ပါဘူး။ အပြင်က လမ်းဘေးစျေးဆိုင်တွေက ဆေးလုံးတွေက အတူတူပဲကို အများကြီး ပိုသက်သာတယ်၊ ဒါဆိုရင် အများကြီး ပိုဝယ်လို့ရတာပေါ့"
ထိုအချိန်တွင် ဆေးဆိုင် တာဝန်ခံ က သိုလှောင်အိတ်ထဲမှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ ကို ထုတ်ယူကာ ကောင်တာပေါ်တွင် တင်ပေးလိုက်သည်။
ချန်ကျီက ရေတွက်နေစရာ မလိုဘဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ က သိုလှောင်အိတ်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
"ကျေးဇူးတင်ပါတယ်" ချန်ကျီက ပြောပြီးနောက် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ဤဆေးဆိုင် တာဝန်ခံ က အနည်းငယ် မျက်နှာလိုမျက်နှာရနိုင်သည်ဟု သူ ခံစားရသဖြင့် စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်ရသည်၊ ထိုဆိုင်အကူနှင့် စကားပြောရသည်က ပို၍ စိတ်အေးချမ်းရသည်။
ထိုအချိန်တွင် ချန်ကျီက တစ်ခုခုကို သတိရသွားသကဲ့သို့ တာဝန်ခံ ဘက်သို့ ပြန်လှည့်ကာ ပြောလိုက်သည်။ "ဒီဆိုင်အကူကို ပေးရမယ့် ကော်မရှင်ခ ကို ပေးဖို့ မမေ့နဲ့ဦးနော်၊ သူက တော်တော်လေး အဆင်ပြေအောင် လုပ်ပေးတာ"
"?..." တာဝန်ခံ က အနည်းငယ် အံ့သြသွားခဲ့သည်၊ ငါက ဆိုင်အကူကို ကော်မရှင်မပေးဘူးလို့ မပြောရသေးပါဘူး။
ဆိုင်အကူကမူ ချန်ကျီ၏ စကားကို ကြားလိုက်ရသည့်အခါ တစ်ခုခုကို နားလည်သွားသကဲ့သို့ ဖြစ်သွားသည်။
သူက ချန်ကျီကို ထပ်မံ ကျေးဇူးတင်ရန် ပြင်ဆင်လိုက်သည့်အချိန်တွင် ချန်ကျီ၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"မင်ရှင်းကျိုက်... ဒီနေရာပဲ ဖြစ်ရမယ်"
ချန်ကျီက ဆေးလုံးဆိုင် အကူ ညွှန်ပြပေးသည့် လမ်းအတိုင်း လျှောက်လှမ်းလာခဲ့ရာ မကြာမီအချိန်တွင် မင်ရှင်းကျိုက် ဆိုင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
မင်ရှင်းကျိုက် ဆိုင်အပြင်ဘက်တွင် ရပ်နေရင်းကပင် ချန်ကျီက ဆိုင်အတွင်း၌ စာအုပ်များ အပြည့်အနှက် ခင်းကျင်းထားသည်ကို မြင်တွေ့လိုက်ရသည်။
ချန်ကျီက ခြေလှမ်းအမြန်ဖြင့် အတွင်းထဲသို့ လျှောက်လှမ်းဝင်ရောက်ခဲ့သည်။
မင်ရှင်းကျိုက် ဆိုင်ထဲတွင်မူ မည်သည့်ဆိုင်အကူမျှ လာရောက်ကြိုဆိုခြင်း မရှိပေ ၊ အသက်အရွယ် အနည်းငယ်ကြီးသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးသာ ကောင်တာနောက်ကွယ်တွင် ထိုင်ရင်း လက်ထဲက စာအုပ်တစ်အုပ်ကို အာရုံစိုက် ဖတ်ရှုနေသည်၊ ဆိုင်ထဲတွင်လည်း တခြားသော ဖောက်သည်တစ်ယောက်မျှ မရှိပေ ။
ချန်ကျီက ဤသက်လတ်ပိုင်း အမျိုးသား၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ချက်ကြည့်ရုံမျှဖြင့် ဖောက်ထွင်းမြင်လိုက်သည်။ "မထင်မှတ်ဘဲ အုတ်မြစ်ချခြင်းအဆင့် ဖြစ်နေပါလား၊ အုတ်မြစ်ချခြင်း အဆင့် ၆ တောင် ရှိတယ်၊ တကယ်ကို ရှားရှားပါးပါးပဲ"
ထိုလူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖောက်ထွင်းမြင်လိုက်ရသော်လည်း ချန်ကျီက အများကြီး စိတ်ထဲမထားတော့ဘဲ ပြောလိုက်သည်။ "မင်္ဂလာပါဗျာ၊ ကျွန်တော် စာအုပ်အချို့ ဝယ်ချင်လို့ပါ"
"ကိုယ့်ဘာသာကိုယ် ကြည့်ပါ၊ သဘောကျတာရှိရင် ယူလာပြီး ငွေရှင်းလိုက်" ထိုလူက အေးတိအေးစက်ဖြင့် တစ်ခွန်းသာ ပြောလိုက်ပြီး ခေါင်းကိုပင် မော့မကြည့်ခဲ့ပေ ။
ထိုလူက ခေါင်းမော့မကြည့်သော်လည်း ချန်ကျီ သိရှိသည်မှာ သူ ဤဆိုင်ထဲသို့ ဝင်ရောက်လာကတည်းက သူ၏ လှုပ်ရှားမှု အားလုံးက ထိုလူ၏ ဝိညာဉ်အသိစိတ် ဖြန့်ကြက်မှုအောက်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။
ခုနက သူက တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကို စုံစမ်းထောက်လှမ်းလိုက်သည့် လှုပ်ရှားမှုကိုပင် တစ်ဖက်လူက အကုန်အစင် သိရှိပြီးသား ဖြစ်သည်၊ ထိုလူက ဘာမှ ထုတ်မပြောခြင်းသာ ဖြစ်၏။
အသက်လတ်ပိုင်း အမျိုးသားက ချန်ကျီ၏ ခုနက စစ်ဆေးမှုကို သေချာပေါက် သိရှိသည်၊ သို့သော်လည်း သူက ချီသန့်စင်ခြင်းအဆင့်ရှိသူတစ်ဦး၏ စစ်ဆေး မှုကို စိတ်ထဲမထားခြင်းသာ ဖြစ်ပြီး တခြားသူက သူ့ အဆင့်ကို ဘာမှ ဖောက်ထွင်းမမြင်နိုင်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေသောကြောင့်ပင်။
သို့သော်ငြားလည်း ချန်ကျီ၏ ဤကဲ့သို့သော လုပ်ရပ်အပေါ် သူက စိတ်ထဲမထားဟု ဆိုသော်လည်း ချန်ကျီက အနည်းငယ် မယဉ်ကျေးဟု ခံစားလိုက်ရသဖြင့် သူ၏ မျက်နှာအမူအရာကလည်း သိပ်ပြီး ကောင်းမွန်မနေပေ ။