အခန်း ၇၃
Vol. 8 Ch. 73
အခန်း (၇၃) ဆန်းကြယ်သောလူ
ချန်ကျီက မင်ရှင်းကျိုက်မှ ဤအုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်၏ သဘောထားအပေါ် အလွန်အမင်း စိတ်ထဲထားမနေပေ။
ဤနေရာတွင် လာရောက်ပုန်းအောင်းနေသည့် အုတ်မြစ်ချခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် အနည်းငယ် ဆန်းကြယ်သော အပြုအမူမျိုး ရှိနေခြင်းကို ချန်ကျီ နားလည်ပေးနိုင်ပါသည်။
တစ်ဖက်လူက သူ့ဘာသာ စိတ်ကြိုက်ရွေးချယ်ရန် ပြောပြီးပြီဖြစ်ရာ သူလည်း စကားအပိုမပြောတော့ဘဲ သူလိုအပ်သည့် စာအုပ်များကို တိုက်ရိုက် စတင်ရွေးချယ်တော့သည်။
မင်ရှင်းကျိုက်အတွင်းရှိ စာအုပ်များက တကယ်ပင် စုံလင်လှပြီး အမျိုးအစားစုံလင်စွာ ရှိနေသည်။
အဆင့်မြင့်လှသော ကျင့်စဉ်များ၊ မန္တန်များ၊ အထောက်အကူပြု ပညာရပ်များမှအစ အသေးအမွှားဖြစ်သော ဒေသန္တရမှတ်တမ်းများ၊ လူနေမှုဘဝ အခြေခံဗဟုသုတများ၊ ကျင့်ကြံခြင်းလောက အထွေထွေဗဟုသုတ စသည်ဖြင့် အားလုံးကို စုဆောင်းထားသည်။
ဤနေရာက လက်ရှိချန်ကျီအတွက်မူ သဘာဝရတနာသိုက်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။
ချန်ကျီ လက်ရှိအလိုအပ်ဆုံးအရာမှာ ဤကျင့်ကြံခြင်းကမ္ဘာအပေါ် သိရှိနားလည်မှုပင် ဖြစ်သည်၊ ယခင်က ဤအရာများကို စိတ်ထဲမထားခဲ့ခြင်းမှာ အနန္တဆိုင်ရှိနေသဖြင့် မည်သည့်အရာကိုမဆို အချိန်မရွေး ဝယ်ယူနိုင်သည်ဟု တွေးခဲ့သောကြောင့် ဖြစ်၏။
ယခုတော့ မတူတော့ပေ၊ အနန္တဆိုင်တွင်ပင် ဝယ်ယူ၍မရနိုင်သော အရာများ ရှိနေသည် မဟုတ်ပါလား။
ဆိုင်စောင့်နေသည့် အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်မှာမူ ယခုအချိန်တွင် စိတ်ထဲ၌ အနည်းငယ် သံသယဝင်နေမိသည်၊ သူက ချန်ကျီကို ကြည့်ရသည်မှာ နည်းနည်းထူးဆန်းနေသလို ခံစားရသောကြောင့် ဖြစ်၏။
သူ့လက်ထဲတွင် စာအုပ်ကို ဖတ်နေသယောင် ရှိသော်လည်း အမှန်တကယ်တွင် သူ၏ ဝိညာဉ်အသိစိတ်က ဖြန့်ကြက်ထားပြီးဖြစ်ရာ ဆိုင်ခန်းတစ်ခုလုံးကို လွှမ်းခြုံထားပြီး ချန်ကျီ၏ လှုပ်ရှားမှုတိုင်းက သူ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည်။
ချန်ကျီက တစ်ခါတရံတွင် စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ပြီး စာမျက်နှာအနည်းငယ်ကို သာမန်မျှသာ လှန်လှောကြည့်သည်ကို သူ သတိထားမိလိုက်သည်။
ထို့နောက်တွင်မူ အလွန်ကျေနပ်အားရသွားသည့်အလား ထိုစာအုပ်ကို လက်ထဲတွင် ကိုင်ထားတတ်ပြီး ဤစာအုပ်ကို သူ ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ပြသနေသည်။
ဤကဲ့သို့ဖြင့် ချန်ကျီ၏ ထပ်တလဲလဲ လုပ်ဆောင်နေသော လှုပ်ရှားမှုများကို သူ စောင့်ကြည့်နေခဲ့ရာ ချန်ကျီ၏ လက်ထဲတွင် စာအုပ် ဆယ်အုပ် ခန့်အထိ ထပ်ပုံလာခဲ့ပြီ ဖြစ်သည်။
သူ့ကို အဆန်းကြယ်ဆုံး ဖြစ်စေသည့်အချက်မှာ ချန်ကျီ ရွေးချယ်လိုက်သော ဤစာအုပ်များအားလုံးက အလွန်ပင် သာမန်ဆန်လှသည့် အခြေခံဗဟုသုတ စာအုပ်များသာ ဖြစ်နေခြင်းပင်။
ချန်ကျီ ဤစာအုပ်များကို ရွေးချယ်ခြင်းအပေါ် သူ ဘာမှမတွေးမိပေ ၊ မည်သို့ပင်ဆိုစေ သူက ဤစာအုပ်များကို ရောင်းချသူဖြစ်ရာ ဝယ်မည့်သူရှိပါက သူ ဝမ်းသာသင့်ပေသည်။
သို့သော်လည်း ချန်ကျီက စာအုပ်တစ်အုပ်ကို ရွေးချယ်မိတိုင်း ရတနာတစ်ပါးကို ကောက်ရလိုက်သည့်အလား ဝမ်းသာပီတိဖြစ်နေသော မျက်နှာအမူအရာမျိုး ပြသနေသဖြင့် သူ့ကို တကယ်ပင် ထူးဆန်းသည်ဟု ခံစားရစေသည်။
ဤလူက ချီသန့်စင်ခြင်း အဆင့် ၉ ရောက်နေပြီ မဟုတ်ပါလား။
ဤစာအုပ်တွေကို ဖတ်နေလို့ကော ဘာထူးခြားမှာမို့လို့လဲ။
ဒါတင်မကသေးဘဲ ဤစာအုပ်မျိုးက နေရာတိုင်းမှာ တွေ့နိုင်ပြီး မိတ္တူကူးချင်သလောက် ကူးယူနိုင်ကာ ဘာမှလည်း ထူးခြားဆန်းပြားသည့် ပစ္စည်းများ မဟုတ်ပေ ။
"မင်း ငါ့ဆိုင်ထဲကနေ အဆင့်မြင့်ကျင့်စဉ် အချို့ကို အမှတ်မထင် ရှာဖွေတွေ့ရှိသွားပြီး အဲဒီလို ဝမ်းသာပီတိဖြစ်တဲ့ အမူအရာမျိုး ပြသရင်တောင်မှ ယုတ္တိတန်ဦးမယ်။ ဆန်းတော့ ဆန်းနေပြီ" အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်က စိတ်ထဲကနေ မချင့်မရဲ ရေရွတ်လိုက်မိသည်။
ချန်ကျီက ဤသို့ပြုမူလေလေ၊ အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်၏ အာရုံစိုက်မှုကို ပိုမိုဆွဲဆောင်နိုင်လေလေ ဖြစ်သည်။
သူက လက်ထဲက စာအုပ်ကို ချလိုက်ပြီး ဝိညာဉ်အသိစိတ်ဖြင့် စောင့်ကြည့်မနေတော့ဘဲ ချန်ကျီကို ထူးထူးဆန်းဆန်းဖြင့် စိုက်ကြည့်နေတော့သည်။
အတန်ကြာပြီးနောက် ချန်ကျီ၏ လက်ထဲတွင် မနိုင်မနင်း ဖြစ်လာသဖြင့် ရွေးချယ်ထားသော စာအုပ်များကို ပွေ့ပိုက်ကာ ကောင်တာရှေ့သို့ လျှောက်လာခဲ့သည်။
စာအုပ်များကို ကောင်တာပေါ်သို့ တိုက်ရိုက် တင်လိုက်သည့်အခါတွင်မှ ယခင်က စာဖတ်နေသော အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်က ယခု စာမဖတ်တော့ဘဲ သူ့ကို စိုက်ကြည့်နေသည်ကို ချန်ကျီ သတိပြုမိသွားသည်။
ချန်ကျီလည်း အများကြီး မတွေးတော့ပေ၊ သူက ဘာပဲဖြစ်ဖြစ် စာအုပ်လာဝယ်ခြင်းသာ ဖြစ်ရာ တခြားသူက မည်သို့ရှိနေပါစေ သူနှင့် မဆိုင်ဟု မှတ်ယူထားသည်။
"အားနာပါတယ်ဗျာ၊ ရွေးလိုက်တာ နည်းနည်း များသွားလို့၊ အရင် လာချထားတာပါ၊ ခဏနေမှ အားလုံးကို တစ်ခါတည်း ငွေရှင်းပါ့မယ်"
ချန်ကျီက ပြောပြီးနောက် အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်၏ အကြည့်ကို ဂရုမစိုက်တော့ဘဲ လှည့်ထွက်ကာ စာအုပ် ဆက်လက်ရွေးချယ်ပြန်သည်။
အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်က ချန်ကျီ အသွားအပြန် နှစ်ခေါက်၊ သုံးခေါက်ခန့် ပြေးလွှားနေသည်ကို ဒီအတိုင်း ကြည့်နေမိပြီး ချန်ကျီ ယူလာသော စာအုပ်များကိုလည်း လက်ဖြင့် အမှတ်မထင် လှန်လှောကြည့်လိုက်သည်။
တကယ်ပဲ သာမန်စာအုပ်များသာ ဖြစ်ကြပြီး ကျင့်ကြံခြင်းကျင့်စဉ် သို့မဟုတ် မန္တန်စသည့် စာအုပ်မျိုး တစ်အုပ်မျှ မပါဝ င်ပေ ။
အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်က ကောင်တာပေါ်တွင် အပြည့်အနှက် တင်ထားသော စာအုပ်အုပ်ရေ ဆယ်ဂဏန်းခန့်ကို ကြည့်ကာ ခေါင်းနားပန်းကြီးသွားရသည်။
ဤမျှ အများကြီးမို့ ပုံနေသော်လည်း ဝိညာဉ်ကျောက်တုံး အနည်းငယ်မျှပင် ရောင်းရမည်မဟုတ်ပေ ။
ဤသာမန်စာအုပ်များကို သူ ဝယ်ယူထားခြင်းကလည်း စင်ပေါ်တွင် အလွတ်ကြီး ဖြစ်မနေစေရန် ကွက်လပ်ဖြည့်ထားခြင်း သက်သက်သာ ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက်တွင်မှ ချန်ကျီက နောက်ဆုံးစာအုပ်တစ်အုပ်ကို ရွေးချယ်ပြီးသွားတော့သည်။
"မိတ်ဆွေ... တွက်ပေးပါဦး၊ ဒီစာအုပ်တွေ အားလုံး စုစုပေါင်း ဝိညာဉ်ကျောက်တုံး ဘယ်လောက်ကျလဲ"
အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်က ကောင်တာပေါ်က သာမန်စာအုပ်ပုံကြီးကို ကြည့်ကာ တွေးလိုက်သည်။ "ဒီကောင်လေးက ပြဿနာလာရှာနေတာများလား။ ဒီစာအုပ်ပုံကြီးက ဝိညာဉ်ကျောက်တုံး ဘယ်နှတုံးလောက် ရောင်းရမှာမို့လို့လဲ"
သို့သော်လည်း ချန်ကျီ၏ ရိုးသားဖြောင့်မတ်လှသော မျက်နှာအမူအရာကို မြင်ရပြန်တော့ ပြဿနာလာရှာသည့်ပုံစံနှင့် မတူပြန်ပေ ။
အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်က ဤတွင်မှ စာအုပ်များကို တစ်အုပ်ချင်းစီ ကြည့်တော့သည်၊ ကြည့်သည်ဆိုသော်ငြား စာအုပ် မည်မျှရှိသနည်းဆိုသည်ကို ရေတွက်ခြင်းသာ ဖြစ်၏။
အားလုံးက သာမန်စာအုပ်များ ဖြစ်ကြသဖြင့် သူ့ထံတွင် စျေးနှုန်းက အတူတူပင် ဖြစ်ပြီး စာအုပ်တိုင်းကို စျေးနှုန်းတစ်ခုတည်းဖြင့်သာ သတ်မှတ်ထားသည်။
ဤစာအုပ်များကို သူ စစ်ဆေးပြီးပြီဖြစ်ရာ အတွင်းထဲတွင် ညှပ်ထားသည့် အပိုပစ္စည်း ဘာမှမရှိပေ ။
"စုစုပေါင်း ၁၀၅ အုပ် ရှိတယ်" စာအုပ်အရေအတွက်ကို ရေတွက်ပြီးနောက် အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်က ဝိညာဉ်ကျောက်တုံး မည်မျှတောင်းရမည်ကို စိတ်ထဲက တွက်ချက်နေသည်။
"စာအုပ် ၁၀ အုပ်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးလား။ နည်းနည်းများ စျေးကြီးသွားမလား၊ အားလုံးက တန်ဖိုးမရှိတဲ့ အရာတွေပဲဥစ္စာ"
သူက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။ "စုစုပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀ တုံးပဲ ပေးပါတော့"
"ကောင်းပါပြီ" ချန်ကျီက ပြောပြောဆိုဆိုဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀ တုံးကို သွက်လက်စွာ ထုတ်ယူကာ အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်ထံ ကမ်းပေးလိုက်သည်။
ချန်ကျီ ကမ်းပေးလာသည့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀ တုံးကို လှမ်းယူလိုက်ရင်း ဆိုင်စောင့် အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်မှာ အိမ်မက်လိုလို ဘာလိုလိုနှင့် ဖြစ်နေရသည်။ "ဒီလောက် လွယ်လွယ်ကူကူနဲ့ ဝိညာဉ်ကျောက်တုံး ၁၀ တုံး ရသွားတာလား"
ဤစာအုပ်များကို သူ ပြန်ဝယ်စဉ်က စာအုပ်တစ်အုပ်ကို ငွေစင်အနည်းငယ်မျှဖြင့်သာ ဝယ်ယူထားခြင်း ဖြစ်ပြီး အချို့ဆိုလျှင် ငွေ တစ် တေး တည်းနှင့် နှစ်အုပ် သုံးအုပ်ခန့် ရရှိခဲ့ခြင်း ဖြစ်ရာ ဤစာအုပ်ပုံကြီးတစ်ခုလုံး ပေါင်းလိုက်လျှင်ပင် ဝိညာဉ်ကျောက်တုံး တစ်တုံး ဖိုးပင် မရှိပေ ။
ချန်ကျီက ဤမျှ သွက်လက်စွာဖြင့် ငွေရှင်းပေးလိမ့်မည်ဟု သူ မထင်မှတ်ထားမိသဖြင့် သူ့မှာပင် အားနာစိတ် ဖြစ်ပေါ်လာရသည်။
အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ် စကားမပြောရသေးမီ ကောင်တာပေါ်ရှိ စာအုပ်အားလုံးကို ချန်ကျီက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် သိုလှောင်အိတ်ထဲသို့ အကုန်အစင် သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။
"အလုပ်ရှုပ်သွားစေပြီ မိတ်ဆွေ" ချန်ကျီက လက်သီးဆုပ်၍ နှုတ်ဆက်ပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်သည်။
ချန်ကျီ ဝယ်ယူလိုသော စာအုပ်များကို ရရှိသွားပြီ ဖြစ်ရာ ဤနေရာတွင် ဆက်နေနေရန် အဓိပ္ပာယ်မရှိတော့ပေ ။
"ကောင်းပါပြီ... ကောင်းပါပြီ၊ နောက်လည်း လာအားပေးပါဦး"
အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်၏ လေသံက အနည်းငယ် တုန့်ဆိုင်းနေသည်။
သူ ဘာပြောရမှန်းပင် မသိတော့ဘဲ ချန်ကျီ မင်ရှင်းကျိုက်ထဲမှ လျှောက်လှမ်းထွက်ခွာသွားသည်ကို ဤအတိုင်း ငေးကြည့်နေမိတော့သည်။
တခြားသူတွေက သူ့ကို ထူးဆန်းသည်ဟု ပြောကြသော်လည်း ယနေ့တွင်မူ သူ့ထက် ပိုမိုထူးဆန်းသော လူတစ်ယောက်နှင့် တွေ့ဆုံလိုက်ရပြီ ဖြစ်သည်။
ချန်ကျီ ထွက်ခွာသွားပြီး အတန်ကြာမှသာ အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်က ဆိုင်ခန်းအတွင်းသို့ အာရုံပြန်စိုက်နိုင်တော့သည်။
မော့ကြည့်လိုက်သည့်အခါ ဆိုင်ခန်းတစ်ခုလုံးက ဟာလာဟင်းလင်း ဖြစ်သွားသည်ကို မြင်လိုက်ရ၏။
စာအုပ်စင်များ၏ အပေါ်ထပ်၊ အောက်ထပ်များမှာ တစ်ခုခုက ကွာကျသွားသည့်အလား ပြောင်သလင်းခါနေပြီး တစ်အုပ်မျှပင် မကျန်တော့ပေ ။
စာအုပ်စင်ပေါ်တွင် အလယ်ထပ်၌ ရှိနေသော ကျင့်စဉ်များနှင့် မန္တန်စာအုပ်များသာ သပ်သပ်ရပ်ရပ်ဖြင့် ကျန်ရစ်နေခဲ့သည်။
၎င်းက မင်ရှင်းကျိုက်တစ်ခုလုံးတွင် ရောင်းချစရာ စာအုပ်မရှိတော့သည့်အလား အနည်းငယ် ခြောက်ကပ်ကပ် ဖြစ်သွားစေသည်။
"ငါ့ရဲ့ ဒီကျင့်စဉ်တွေနဲ့ မန္တန်တွေက သူ့မျက်စိထဲ မဝင်တာများလား၊ သူ အဲဒီစာအုပ်တွေကို တစ်ချက်လေးတောင် လှည့်မကြည့်သွားဘူးပဲ"
အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်၏ စိတ်ထဲတွင် နက်ရှိုင်းသော သံသယများ ဖြစ်ပေါ်လာရသည်၊ ဤကျင့်စဉ်များနှင့် မန္တန်များထဲတွင် အဆင့် အတန်ငယ်မြင့်မားသော စာအုပ်အချို့ ပါဝင်နေသောကြောင့်ပင်။
"ကြည့်ရတာ သာမန်စာအုပ်အချို့ကို ထပ်ပြီး သွားဝယ်ဖြည့်ရဦးမယ် ထင်တယ်၊ မဟုတ်ရင် ငါ့ဆိုင်က ပိတ်တော့မယ့်အတိုင်း မြင်နေရတယ်"
"ထားပါတော့လေ... ကျင့်ကြံသူတွေ ဒီလောက်အများကြီးပဲ၊ ထူးဆန်းတဲ့လူ အနည်းငယ်နဲ့ တွေ့ရတာ သဘာဝကျပါတယ်"
အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်က ခေါင်းခါရင်း ပြုံးလိုက်ကာ ချန်ကျီ စာအုပ်ဝယ်သွားသည့် ကိစ္စကို ဆက်လက်မတွေးတောတော့ဘဲ ပြန်ထိုင်ကာ သူ ဖတ်လက်စ စာအုပ်ကိုသာ ခေါင်းငုံ့၍ ဆက်ဖတ်နေတော့သည်။
"ဟမ်... ငါ ခုနက ဘယ်နားအထိ ဖတ်မိသွားပါလိမ့်"
ချန်ကျီက သူလိုအပ်သော စာအုပ်များကို ဝယ်ယူရရှိပြီးနောက် အပြင်တွင် ဆက်လက်၍ အချိန်မဆွဲတော့ဘဲ သူ့ အိမ်တော်ဆီသို့ ခြေလှမ်းအမြန်ဖြင့် ပြန်လာခဲ့သည်။
ဤမျှ များပြားလှသော စာအုပ်များက သူ့ကို အချိန်အတော်ကြာ ဖတ်ရှုရန် လုံလောက်စေသည်၊ ယခုအချိန်တွင် သူက ဤစာအုပ်များကို အသုံးချ၍ ဤကမ္ဘာအပေါ် သူ လိုအပ်နေသော ဗဟုသုတများကို ဖြည့်တင်းရန် လိုအပ်နေခြင်းကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူက စိတ်အေးလက်အေးဖြင့် အချိန်ပေးကာ ကျင့်ကြံခြင်းစနစ်တစ်ခုလုံးကို နားလည်အောင် လုပ်ဆောင်ရန်အတွက်လည်း အဆင်ပြေသွားခဲ့သည်။
အတန်ကြာ လျှောက်လှမ်းပြီးနောက် ချန်ကျီက တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။
အတွေး တစ်ချက်ဖြင့် သူ၏ အသိစိတ်က ရှန်းဝမ်စန်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာလိုက်သည်။
ရှန်းဝမ်စန်းကိုသာ သူ့ဘာသာ အိမ်တော်သို့ ပြန်ခိုင်းလိုက်တော့မည်၊ ဤအခွင့်အရေးတွင် သူ လမ်းတစ်လျှောက် ဝမ်နန်မြို့နှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်နိုင်ပေလိမ့်မည်။
ချန်ကျီ၏ အသိစိတ်က ရုတ်တရက် ထွက်ခွာသွားသဖြင့် ရှန်းဝမ်စန်းမှာ ဘာမှန်းမသိဘဲ ကြောင်တောင်တောင်ဖြင့် လမ်းလယ်ခေါင်တွင် ကျန်ရစ်ခဲ့တော့သည်။
ချန်ကျီ၏ အိမ်တော်အတွင်း၌မူ
အမြဲတမ်း လဲလျောင်းနေသော ချန်ကျီက ရုတ်တရက် မျက်လုံးပွင့်လာပြီး မတ်တပ်ရပ်ကာ ခြေပစ်လက်ပစ်ဖြင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လိုက်သည်။
ကျောက်လင်းအာက ချန်ကျီ ပြန်ရောက်လာသည်ကို မြင်သည်နှင့် ချက်ချင်းပင် အပြေးကလေး လာခဲ့သည်။ "သခင်... ပြန်ရောက်လာပြီပဲ၊ ကိစ္စတွေ အားလုံး အဆင်ပြေပြေ ပြီးသွားပြီလား"
"အင်း..." ချန်ကျီက သာမန်မျှသာ ပြန်လည်ဖြေကြားလိုက်ပြီး အပျင်းကြောတစ်ချက် ဆန့်လိုက်သည်။
"သခင်... ထမင်းနဲ့ ဟင်းတွေ အားလုံး ပြင်ဆင်ပြီးပါပြီ၊ အခုပဲ သွားသုံးဆောင်မလား"
"မင်း ပြောမှပဲ... တကယ်ပဲ နည်းနည်း ဗိုက်ဆာလာသလိုပဲ၊ ဒီနေ့ ဘာ ဟင်းလျာ တွေ ပြင်ဆင်ထားလဲ"
"သခင်... ကိုယ်တိုင်ပဲ သွားကြည့်လိုက်ပါ၊ အားလုံးက သခင် ကြိုက်တတ်တဲ့ ဟင်းတွေချည်းပါပဲ"
"လင်းအာက အသိတတ်ဆုံးပဲ"
ကျောက်လင်းအာက ချန်ကျီကို လက်ဆွဲကာ ထမင်းစားပွဲဆီသို့ ဦးဆောင်ခေါ်သွားခဲ့တော့သည်။