အခန်း ၇၄
Vol. 8 Ch. 74
အခန်း (၇၄) ဗဟုသုတပင်လယ်
"လင်းအာ... ဒီနေ့ ထမင်းနဲ့ ဟင်းလျာတွေက တကယ်ကို လက်ရာကောင်းတယ်"
"ဟီးဟီး... သခင် သဘောကျရင် ပြီးတာပါပဲ"
"အချိန်တွက်ကြည့်ရင်တော့ ရှန်းဝမ်စန်းလည်း ပြန်လာတော့မှာပဲ "
ထမင်းစားသောက်ပြီးစ ချန်ကျီက ကိုယ်တိုင်လုပ်ထားသော သွားကြားထိုးတံတစ်ခုဖြင့် သွားကြားထိုးနေမိသည်။
ခေတ္တမျှအကြာတွင် ချန်ကျီ၏ စိတ်ထဲ၌ အာရုံခံမိသည်၊ ၎င်းမှာ ရှန်းဝမ်စန်း ပြန်ရောက်လာပြီး အိမ်တော်အပြင်ဘက်တွင် ချန်ကျီ တံခါးဖွင့်ပေးမည့်အရေးကို စောင့်ဆိုင်းနေခြင်းပင်။
"လင်းအာ... ရှန်းဝမ်စန်း ပြန်ရောက်ပြီ၊ သူ့ကို ဝင်ခွင့်ပြုလိုက်ဦး၊ ပြီးတော့ လမ်းကြုံ ပန်းကန်တွေကိုပါ ဆေးခိုင်းလိုက်ဦး"
"ဟုတ်ကဲ့ပါ သခင်"
ကျောက်လင်းအာက ပြန်လည်ဖြေကြားပြီးနောက် ရှန်းဝမ်စန်းကို တံခါးဖွင့်ပေးရန် သွားလိုက်တော့သည်။
ချန်ကျီကမူ သူ၏ လဲလျောင်းရာ ကုလားထိုင်ဘေးသို့ ပြန်လည်လျှောက်လှမ်းသွားကာ ထိုင်လိုက်ပြီးနောက် သူ၏ လက်ထဲ၌ စာအုပ်တစ်အုပ်က ရုတ်တရက် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဆေးလုံးရတနာမှတ်တမ်း
ဤစာအုပ်မှာ ချန်ကျီ မင်ရှင်းကျိုက်မှ ရွေးချယ်လာသော စာအုပ်ပုံကြီးထဲမှ တစ်အုပ်ဖြစ်ပြီး ၎င်းစာအုပ်ပေါ်တွင် ရွှမ်ထျန်းတိုက်ကြီးတစ်ခုလုံးရှိ ချီသန့်စင်ခြင်းအဆင့်တွင် အသုံးပြုသော ဆေးလုံးများမှသည် အခြေတည်ဝိညာဉ် အဆင့် သုံး ဆေးလုံးများအထိ အခြေခံအားဖြင့် အားလုံးကို မှတ်တမ်းတင်ထားသည်။
ထို့အပြင် ဆေးလုံးတစ်မျိုးချင်းစီ၏ အာနိသင်များကိုလည်း ဤစာအုပ်ပေါ်တွင် မိတ်ဆက်ဖော်ပြပေးထား၏။
စာမျက်နှာအနည်းငယ်မျှ လှန်လှောကြည့်ပြီးနောက်တွင်မှ ချန်ကျီက ယခင်က သူ၏ ဆေးလုံးအဆင့် ခေါ်ဝေါ်မှုများမှာ မည်မျှပင် အသိဉာဏ်ကင်းမဲ့ခဲ့ကြောင်း နောက်ဆုံး၌ သိရှိသွားတော့သည်။
ရွှမ်ထျန်းတိုက်ကြီးပေါ်တွင် ဆေးလုံးများကို မူလက အဆင့်ကိုးဆင့် ခွဲခြားထားပြီး အဆင့်တစ်ခုချင်းစီ၏ ဆေးလုံးများကိုလည်း အဆင့်နိမ့် ၊ အလယ်အလတ် ၊ အဆင့်မြင့် နှင့် အထွတ်အထိပ် ဟူ၍ အရည်အသွေး လေးမျိုး ထပ်မံခွဲခြားထားပြန်သည်။
အရည်အသွေး လေးမျိုးစလုံး၏ ဆေးလုံးအာနိသင်များမှာ အတူတူပင် ဖြစ်သော်လည်း ဆေးလုံးအရည်အသွေး ပိုမိုမြင့်မားလေလေ ဆေးလုံးကိုယ်တိုင်တွင် ပါဝင်သော မသန့်စင်မှု များနှင့် အဆိပ်အတောက်များ ပိုမိုနည်းပါးလေလေဖြစ်ပြီး အာနိသင်လည်း ပိုမိုကောင်းမွန်လေလေ ဖြစ်သည်။
ဥပမာအားဖြင့် အဆင့်နိမ့် ချီစုစည်းဆေးလုံးတစ်လုံးနှင့် အဆင့်မြင့် ချီစုစည်းဆေးလုံးတစ်လုံးတို့၏ အကြားတွင် ပေးစွမ်းနိုင်သော ကျင့်ကြံခြင်းဝိညာဉ်စွမ်းအားမှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှပေသည်။
အဆင့်မြင့် ချီစုစည်းဆေးလုံးတစ်လုံးက အဆင့်နိမ့် ချီစုစည်းဆေးလုံး လေးငါးလုံးစာနှင့် ညီမျှပြီး အထွတ်အထိပ် ဆေးလုံးကမူ ပြောနေစရာပင် မလိုတော့ပေ ။
အထွတ်အထိပ် ချီစုစည်းဆေးလုံးအတွင်း၌ ပါဝင်သော မသန့်စင်မှု များနှင့် အဆိပ်အတောက်များမှာ အလွန်တရာ နည်းပါးလှသဖြင့် လျစ်လျူရှုထားနိုင်သည့် အဆင့်ပင် ဖြစ်သည်။
သို့သော်လည်း အထွတ်အထိပ် ဆေးလုံးများမှာ သန့်စင် ရန် အလွန်ပင် ခက်ခဲလှသည်၊ အဆင့်တစ် ဆေးပညာရှင် တစ်ဦးအနေဖြင့် အဆင့်တစ် အထွတ်အထိပ် ဆေးလုံးကို သန့်စင် နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ ။
အထွတ်အထိပ် ဆေးလုံးတစ်လုံးကို သန့်စင် လိုပါက ဆေးလုံးသန့်စင် ခြင်းလမ်းစဉ်ပေါ်၌ အတွေ့အကြုံများကို စဉ်ဆက်မပြတ် စုဆောင်းရန်၊ အမြဲတမ်း သန့်စင် ရန်နှင့် အမှားများကို စဉ်ဆက်မပြတ် ပြင်ဆင်ရန် လိုအပ်ပေသည်။
ဤသို့ ပြုလုပ်လျှင်ပင် အထွတ်အထိပ် ဆေးလုံးကို သန့်စင် နိုင်လိမ့်မည်ဟု သေချာပေါက် မပြောနိုင်ပေ ၊ ၎င်းက တစ်ဦးတစ်ယောက်ချင်းစီ၏ ဆေးလုံးသန့်စင် ခြင်း ပါရမီအပေါ်တွင်လည်း မူတည်နေသေးသည်။
ထို့အပြင် အချိန်တိကျမှု၊ နေရာ နှင့် လူ ရှိမှသာလျှင် အလွန်မင်း သေးငယ်လှသော မျှော်လင့်ချက်အရိပ်အယောင်လေး ရှိပေလိမ့်မည်။
ဤဆေးလုံးရတနာမှတ်တမ်းစာအုပ်ပေါ်တွင် ဆေးလုံးအရည်အသွေးကို မည်သို့ ခွဲခြားရမည့် နည်းလမ်းကိုလည်း မှတ်တမ်းတင်ထားသည်။
အဆင့်နိမ့် အရည်အသွေးရှိသော ဆေးလုံးမှာ သာမန်ဆေးလုံးတစ်လုံးသာ ဖြစ်ပြီး မည်သည့် ထူးခြားသော အမှတ်အသားမျှ မရှိပေ။
အလယ်အလတ် အရည်အသွေးရှိသော ဆေးလုံးပေါ်တွင်မူ ဖျော့တော့သော ရွှေရောင်ချည်မျှင်လိုင်းတစ်ကွင်း ရှိသည်။
အဆင့်မြင့် အရည်အသွေးရှိသော ဆေးလုံးပေါ်တွင်မူ ဖျော့တော့သော ရွှေရောင်ချည်မျှင်လိုင်း နှစ်ကွင်း ရှိသည်။
အထွတ်အထိပ် ဆေးလုံးကမူ ကွဲပြားခြားနားလှသည်၊ ဖျော့တော့သော ရွှေရောင်ချည်မျှင်လိုင်း သုံးကွင်း ရှိရုံတင်မကဘဲ ဆေးလုံး၏ မျက်နှာပြင်ပေါ်တွင် ရှိသယောင်ယောင် မရှိသယောင်ယောင် လင်းလက်သောအလင်းရောင်စက်ဝန်း တစ်လွှာပင် ရှိနေတတ်သည်။
"ဒီလိုကြည့်ရမယ်ဆိုရင်တော့ အနန္တဆိုင်ထဲမှာ လဲလှယ်တဲ့ ဆေးလုံးအရည်အသွေးတွေက ကျပန်းဖြစ်နေတာပဲ၊ ဒါပေမဲ့ ဆေးလုံးတွေရဲ့ အနိမ့်ဆုံးအရည်အသွေးကတော့ အလယ်အလတ် အရည်အသွေးရှိတဲ့ ဆေးလုံးတွေ ဖြစ်နေပုံရတယ်၊ အဆင့်နိမ့် ဆေးလုံးတွေကိုတော့ အနန္တဆိုင်ထဲမှာ တစ်ခါမှ မမြင်ဖူးသေးဘူး။ တစ်ကိုယ်တော် ကျင့်ကြံသူ တွေဆီမှာ ဒါမှမဟုတ် စျေးဆိုင်တွေမှာ ဝယ်လို့ရတာတွေက အဆင့်နိမ့် ဆေးလုံးတွေပဲ။ ဒီလိုတွက်ချက်ကြည့်ရင် အနန္တဆိုင်ထဲမှာ လဲလှယ်တဲ့ ဆေးလုံးတွေက အဆင့်နိမ့် ဆေးလုံးရဲ့ စျေးနှုန်းကိုပဲ ကောက်ခံထားတာ ။ စနစ်က တကယ်ကို ငါ့ကို မလှည့်စားခဲ့ဘူး၊ ငါ့ကို ဒီလောက်ကြီးမားတဲ့ အကျိုးခံစားခွင့် ပေးထားခဲ့တာကို ငါက တစ်ခါမှ မရိပ်မိခဲ့ဘူးပဲ။ ဒီလိုကြည့်ရင်တော့ အရင်က သတ်မှတ်ထားတဲ့ ဆေးလုံးစျေးနှုန်းတွေကိုလည်း အားလုံး အစအဆုံး ပြန်ပြင်ရဦးမယ်"
"တကယ်ပဲ ဗဟုသုတက စွမ်းအားပဲ၊ ဒီနေ့သာ ဒီစာအုပ်ကို မဖတ်မိရင် ငါက အဆင့်မြင့် ဆေးလုံးတွေကို အဆင့်နိမ့် ဆေးလုံးတွေအဖြစ် သတ်မှတ်ပြီး ရောင်းမိတော့မှာပဲ၊ တကယ့် အရူးကြီး ဖြစ်သွားတော့မှာ သေချာတယ်၊ ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ဆုံးရှုံး မလဲ မသိဘူး"
ချန်ကျီက စာအုပ်ဖတ်ရင်းနှင့် တွေးတောနေမိရာ အချိန်ကုန်သွားသည်ကို လုံးဝ မေ့လျော့နေခဲ့သည်။
တစ်ကိုယ်လုံးက ဗဟုသုတပင်လယ်ထဲတွင် နစ်မြောနေခဲ့သဖြင့် ကျောက်လင်းအာက သူ့အတွက် မီးအိမ်လာထွန်းပေးသည်ကိုပင် သူ လုံးဝ သတိမထားမိခဲ့ပေ ။
ဤအချိန်တွင်မှ ချန်ကျီက မိုးချုပ်၍ မှောင်မိုက်နေပြီ ဖြစ်ကြောင်းကို သတိပြုမိလိုက်သည်၊ ကျောက်လင်းအာနှင့် ရှန်းဝမ်စန်းတို့က ဘေးတွင် ငြိမ်သက်စွာ ရပ်နေရင်း သူ ညဘက်စာဖတ်နိုင်ရန် မီးအိမ်ကို ကိုင်ပေးထားကြခြင်း ဖြစ်၏။
"တစ်ခဏလေး အာရုံစိုက်ဖတ်မိသွားတာ အချိန်မေ့သွားတယ်၊ မင်းတို့ ပင်ပန်းသွားပြီ"
"သခင်... ကျွန်မတို့ ဘာမှမဖြစ်ပါဘူး၊ သခင် ဆက်ဖတ်ပါ၊ ဒါက ကျွန်မတို့ လုပ်ရမယ့် အလုပ်ပါပဲ" ကျောက်လင်းအာက အေးချမ်းစွာ ပြောလိုက်သည်။
"မဖတ်တော့ပါဘူး၊ မိုးလည်း ချုပ်နေပြီ၊ ဒီလောက်အကြာကြီး ဖတ်လိုက်ရတော့ မျက်စိလည်း နည်းနည်း ညောင်းလာပြီ၊ အနားယူရမယ့် အချိန်ပဲ၊ မင်းတို့လည်း သွားပြီး အနားယူကြတော့"
ချန်ကျီက ဆေးလုံးရတနာမှတ်တမ်းကို ပိတ်လိုက်ပြီး မတ်တပ်ရပ်ကာ အညောင်း ဆန့်လိုက်သည်။
"ဟုတ်ကဲ့ပါ သခင်"
"ရှန်းဝမ်စန်း... မနက်ဖြန် အနန္တ ကုန်စုံဆိုင် ဖွင့်လှစ်မယ့် ကိစ္စကို မင်းဆီပဲ အပ်လိုက်ပြီ၊ ဒီပစ္စည်းအိတ်ကို သေသေချာချာ သိမ်းထားလိုက်ဦး။ ဆိုင်က တခြား လိုအပ်တာတွေ ရှိလာတဲ့အခါကျရင် ငါ မင်းအတွက် အချိန်မရွေး ထပ်ပြီး လဲလှယ်ပေးမယ်"
ချန်ကျီက ပြောပြောဆိုဆိုဖြင့် ရှန်းဝမ်စန်းထံသို့ သိုလှောင်အိတ်တစ်ခု ကမ်းပေးလိုက်သည်၊ သိုလှောင်အိတ်အတွင်း၌ သိမ်းဆည်းရမိထားသော ပစ္စည်းအချို့ ထည့်ထားသည်။
သိုလှောင်အိတ်အတွင်းရှိ ပစ္စည်းများက မများပြားလှဘဲ အမျိုးအစားလည်း မစုံလင်သော်လည်း အနန္တ ကုန်စုံဆိုင်ရှိ စင်များပေါ်တွင် ကွက်လပ်ဖြည့်ရန်အတွက်မူ အသုံးပြုနိုင်ပေသည်။
"ဟုတ်ကဲ့ပါ သခင်" ရှန်းဝမ်စန်းက ချန်ကျီ ကမ်းပေးလာသော သိုလှောင်အိတ်ကို ရိုသေစွာ လှမ်းယူလိုက်သည်။
"နောက်ပြီး မင်းမှတ်ထားရမယ့် အချက်တစ်ချက်က... ငါတို့ အနန္တ ကုန်စုံဆိုင်က လုပ်ရမှာက ဖောက်သည်တစ်ယောက် ဆိုင်ထဲဝင်လာတာနဲ့ သူလိုအပ်တဲ့ ပစ္စည်းကို သေချာပေါက် ဝယ်ယူနိုင်စေရမယ်၊ ပြီးတော့ အပြင်က လမ်းဘေးစျေးဆိုင်တွေက ရောင်းချတဲ့ ပစ္စည်းစျေးနှုန်းထက် ပိုပြီး သက်သာစေရမယ်၊ ဆိုင်ထဲဝင်လာတဲ့ ဖောက်သည်တိုင်း နောင်တစ်ချိန်မှာ ပုံမှန်ဖောက်သည် ပြန်ဖြစ်လာစေရမယ်"
မည်သို့ပင်ဆိုစေ ရှန်းဝမ်စန်းမှာ ခုနကမှ ဖန်တီးထားသော ကိုယ်ပွားတစ်ခု ဖြစ်သဖြင့် အချို့သော ကိစ္စများကို ချန်ကျီက သူ့အား ဦးစွာ အသေးစိတ် ရှင်းပြရန် လိုအပ်နေခြင်း ဖြစ်သည်။
"ဟုတ်ကဲ့ပါ သခင်... စိတ်ချပါ၊ ကျွန်တော် သေချာပေါက် ကောင်းကောင်း လုပ်ပါ့မယ်"
"ဒီပစ္စည်းတွေရဲ့ စျေးနှုန်းနဲ့ ပတ်သက်ပြီးတော့တော့ မနက်ဖြန်ကျရင် ငါ မင်းအတွက် စာရင်းတစ်ခု ထပ်လုပ်ပေးမယ်၊ မင်း အဲဒီ လမ်းဘေးစျေးဆိုင်တွေနဲ့ ဆိုင်တွေကို လှည့်လည်ကြည့်ပြီး ပစ္စည်းအားလုံးရဲ့ စျေးနှုန်းကို သေချာ သိအောင် အရင်လုပ်ပါ"
ရှန်းဝမ်စန်းနှင့် ကျောက်လင်းအာတို့ နှစ်ဦးစလုံးက ဤကုန်စုံဆိုင်အပေါ် ချန်ကျီ၏ အလေးထားမှုကို အာရုံခံမိကြသည်။
ချန်ကျီက ဤကုန်စုံဆိုင်ကို အလေးထားနေသဖြင့် ရှန်းဝမ်စန်းကလည်း သဘာဝကျစွာပင် အစွမ်းကုန် အကောင်းဆုံး လုပ်ရပေလိမ့်မည်။
"သခင်... စိတ်ချပါ"
ချန်ကျီက သူ့တွင် မည်သည့် လိုအပ်ချက်များ ကျန်ရှိနေသေးသနည်းဟု တွေးတောလိုက်မိသည်။ "အင်း... လောလောဆယ် ဒီလောက်ပဲ ပြောဦးမယ်၊ မနက်ဖြန် ဘာအခြေအနေပဲ ရှိရှိ ငါတို့ အချိန်မရွေး ပြန်လည်ညှိနှိုင်းကြတာပေါ့၊ မင်း သွားပြီး အနားယူတော့၊ မနက်ဖြန် ဆိုင်ဖွင့်မယ့် ကိစ္စတွေကို ပြင်ဆင်လိုက်ဦး"
"ဟုတ်ကဲ့"
ချန်ကျီလည်း အများကြီး ထပ်မပြောတော့ပေ၊ မှာကြားရမည့်အရာများကို သူ မှာကြားပြီးပြီ ဖြစ်ရာ ရှန်းဝမ်စန်း ကောင်းကောင်း လုပ်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။
ထို့အပြင် သူက ရှန်းဝမ်စန်းကို အချိန်မရွေး အာရုံစိုက်နေနိုင်ပြီး ရှန်းဝမ်စန်းတွင် မည်သည့်နေရာ၌မဆို အဆင်မပြေမှုများ ရှိနေသည်ကို တွေ့ရှိပါက သူက အချိန်မရွေး အသိစိတ်ဝင်ရောက်ကာ ရှန်းဝမ်စန်းကို ကူညီဖြေရှင်းပေးနိုင်ပေသည်။
ဤကိုယ်ပွားကို ရှန်းဝမ်စန်းဟု အမည်ပေးထားသော်လည်း မည်သို့ပင်ဆိုစေ သူက စစ်မှန်သော ရှန်းဝမ်စန်း မဟုတ်ပေ ။
စီးပွားရေးလုပ်ကိုင်ခြင်းနှင့် ပတ်သက်၍မူ ဤကိုယ်ပွားမှာ လောလောဆယ်တွင် အတွေ့အကြုံမရှိသေးသူ သက်သက်သာ ဖြစ်နေသဖြင့် ထိုမျှလောက်အထိ ကျွမ်းကျင်မှု မရှိနိုင်သေးပေ ။
"သခင်က ဒီအနန္တ ကုန်စုံဆိုင်အပေါ်ကို အနည်းငယ် အလေးထားလွန်းနေတာ မဟုတ်ဘူးလား" ကျောက်လင်းအာက သူမ၏ စိတ်ထဲရှိ သံသယကို မေးလိုက်သည်။
ချန်ကျီက အသာအယာ ပြုံးလိုက်သည်။ "ငါကလည်း ပထမဆုံးအကြိမ် ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်တာ ဖြစ်လို့ နည်းနည်း စိုးရိမ်စိတ်ရှိနေတာကတော့ သဘာဝကျပါတယ်၊ ပြီးတော့ မင်းက ဒီကုန်စုံဆိုင်က နောင်တစ်ချိန်မှာ သယ်ဆောင်လာပေးနိုင်မယ့် အကျိုးအမြတ်တွေကို လျှော့မတွက်လိုက်နဲ့"
ချန်ကျီက သူ့ ယခင်ဘဝတွင် ကိုယ်ပွားဆိုင်ဖွင့်၍ စီးပွားရေးလုပ်ကိုင်ချင်ခဲ့သော်လည်း လက်တွေ့အခြေအနေက သူ့ကို ထိုသို့လုပ်ခွင့် မပြုခဲ့သဖြင့် ဆိုင်ဖွင့်ကာ သူဌေးလုပ်ချင်သည့် စိတ်ကူးမှာ အမြဲတမ်း ဘေးဖယ်ထားခဲ့ရသည်ကို မှတ်မိနေသည်။
ဤဘဝတွင်မူ ဤအခွင့်အရေး ရှိနေသဖြင့် သူက သေချာပေါက် ကောင်းမွန်စွာ ဆုပ်ကိုင်ထားရပေမည်။
အနန္တနေရာလွတ် ရှိနေသဖြင့် သူက ကုန်ပစ္စည်းအရင်းအမြစ်အတွက် စိုးရိမ်စရာမလိုသလို စျေးနှုန်းအတွက်လည်း စိုးရိမ်စရာမလိုပေ ၊ ပစ္စည်းများ ရောင်းထွက်သွားသရွေ့ ၎င်းက သေချာပေါက် အရှုံးမရှိဘဲ အမြတ်အစွန်း ရရှိနေမည် ဖြစ်သည်။
ဤကဲ့သို့သော အရှုံးမရှိဘဲ အမြတ်အစွန်း ရရှိမည့် ကိစ္စမျိုးကို ဘယ်နေရာမှာ သွားရှာရပါမည်နည်း၊ ယခု ရှိနေပြီဖြစ်ရာ သူက သဘာဝကျစွာပင် အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်လိုသည်။
ထို့အပြင် အနန္တ ကုန်စုံဆိုင်၏ ဝိညာဉ်ကျောက်တုံး ရှာဖွေနိုင်စွမ်းက ဘယ်လိုမှ သေးငယ်မည်မဟုတ်ကြောင်း သူ ယုံကြည်သည်။
ယခုအချိန်တွင်မူ စတင်ကာစသာ ဖြစ်သဖြင့် မမြင်သာသေးခြင်း ဖြစ်၏။
"လင်းအာ နားလည်ပါပြီ" ချန်ကျီ ပြောသည်ကို ကြားပြီးနောက် ကျောက်လင်းအာက စဉ်းစားတွေးတောသယောင်ဖြင့် ပြောလိုက်သည်။
"အင်း... လင်းအာ၊ မင်းလည်း သွားပြီး အနားယူတော့"
ချန်ကျီက သူ၏ အခန်းထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီး ကျောက်လင်းအာကလည်း တိတ်ဆိတ်စွာဖြင့် သူမ၏ အခန်းသို့ ပြန်သွားခဲ့သည်။
ကျောက်လင်းအာမှာ အနားယူရန် မလိုအပ်ဘဲ ကောင်းကင်နှင့်မြေကြီး ဝိညာဉ်စွမ်းအားကို စုပ်ယူရုံမျှဖြင့် ရသော်လည်း ချန်ကျီက သူမအတွက် သီးသန့်အခန်းတစ်ခန်း စီစဉ်ပေးထားဆဲ ဖြစ်သည်။