အခန်း ၇၅
Vol. 8 Ch. 75
အခန်း (၇၅) အခွင့်ကောင်းယူခြင်း
တစ်ညတာ အနားယူပြီးနောက် ချန်ကျီက လန်းလန်းဆန်းဆန်း ဖြစ်နေပြီး စောစောစီးစီးပင် အိပ်ရာမှ ထလိုက်သည်။
မည်သို့ပင်ဆိုစေ ယနေ့က အနန္တ ကုန်စုံဆိုင် ဖွင့်မည့် နေ့ရက်ဖြစ်ရာ သူကိုယ်တိုင် လူကိုယ်တိုင် မရောက်ရှိနိုင်သော်လည်း အနန္တ ကုန်စုံဆိုင် ဖွင့်မည့်အရေးကိုမူ ကြည့်လိုနေဆဲ ဖြစ်သည်။
ထို့အပြင် အနန္တ ကုန်စုံဆိုင်၏ လက်ရှိ ကုန်ပစ္စည်းအရင်းအမြစ်မှာ မလုံလောက်သေးသဖြင့် လိုအပ်လာပါက အသုံးပြုနိုင်ရန် သူက ဦးစွာ အမှတ်အချို့ လဲလှယ်ထားရန် လိုအပ်နေသေးသည်။
အခန်းတံခါးအပြင်သို့ ထွက်လာသည့်အခါ ကျောက်လင်းအာက မနက်စာ ပြင်ဆင်ရန် အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရ၏။
"သခင်... ထနေ ပြီပဲ၊ မနက်စာ ပြင်ဆင်ပြီးပါပြီ"
"အင်း... ရှန်းဝမ်စန်း အပြင်ကို ထွက်သွားပြီလား" ချန်ကျီက ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။
"ဟုတ်ကဲ့... မိုးလင်းတာနဲ့ ရှန်းဝမ်စန်း အပြင်ထွက်သွားပါတယ်၊ လမ်းမပေါ်မှာ အရင်သွားကြည့်ပြီး တခြားသူတွေ ဘယ်လို စီးပွားရေးလုပ်လဲဆိုတာ လမ်းကြုံ လေ့လာမလို့လို့ ပြောသွားပါတယ်"
"ဟားဟား... ဒါဆိုရင်တော့ သူ သွားတာ စောလွန်းနေပြီပဲ၊ ဒီအချိန်ဆိုရင် ဆိုင်အများစုက တံခါးဖွင့်ဦးမှာ မဟုတ်သလို လမ်းဘေးစျေးသည် တစ်ကိုယ်တော် ကျင့်ကြံသူ တွေလည်း ထွက်ကြဦးမှာ မဟုတ်သေးဘူး"
ချန်ကျီက အသိအမှတ်ပြုကာ ပြုံးလိုက်မိသည်၊ ရှန်းဝမ်စန်းက အနည်းငယ် စိုးရိမ်စိတ်ကြီးနေသော်လည်း သူ၏ လုပ်ငန်းအပေါ် စိတ်အားထက်သန်မှုအပေါ်ကိုမူ ချန်ကျီက အလွန်ပင် ချီးကျူးမိပါသည်။
"ထားလိုက်ပါတော့၊ သူ့သဘောအတိုင်း လွှတ်ထားလိုက် ပြီးတော့ မနေ့က ပြောဖို့ မေ့သွားတယ်၊ ခဏနေရင် မင်း ရှန်းဝမ်စန်းကို သွားပြောလိုက်ဦး၊ နောင်ကျရင် ဒီဘက်ကို ပြန်လာဖို့ မလိုတော့ဘူးလို့။ အနန္တ ကုန်စုံဆိုင်ရဲ့ အနောက်ခြံဝင်းထဲမှာလည်း အနားယူဖို့ အခန်းအနည်းငယ် ရှိသေးတယ်၊ သူ့ကို အဲဒီမှာပဲ နေခိုင်းလိုက်တော့၊ ညဘက်ကျရင် ဆိုင်စောင့်လို့လည်း အဆင်ပြေတာပေါ့။ ခဏခဏ ပြန်လာနေရတာလည်း အလုပ်ရှုပ်တယ်၊ ပြီးတော့ ယဲ့မိသားစုက ဒီနေရာကို ခြေရာခံပြီး ရှာမတွေ့အောင်လည်း ကာကွယ်ရမယ်" ချန်ကျီက မနက်စာ စားရင်းနှင့် ပြောလိုက်သည်။
"ကောင်းပါပြီ သခင်၊ ကျွန်မ အခုပဲ ရှန်းဝမ်စန်းကို သွားပြီး သတိပေးလိုက်ပါ့မယ်"
"အင်း... သွားလေ"
ကျောက်လင်းအာက ရှန်းဝမ်စန်းထံသို့ သတင်းပို့ရန် အနန္တနေရာလွတ် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ချန်ကျီကမူ မနက်စာကို ဆက်လက်သုံးဆောင်နေခဲ့၏။
မကြာမီ ချန်ကျီ မနက်စာ စားသောက်ပြီးသွားသည့်အခါ ကျောက်လင်းအာလည်း ပြန်ရောက်လာသည်။
"သခင်... ရှန်းဝမ်စန်းကို သေချာ မှာကြားခဲ့ပြီးပါပြီ"
"အင်း..." ချန်ကျီက အသာအယာ ခေါင်းငြိတ်လိုက်သည်။
ထို့နောက် အတွေး တစ်ချက်ဖြင့် ဆင့်ခေါ်ခြင်းခံရသော ကိုယ်ပွား နံပါတ် ၃၀ ရောက်ရှိလာခဲ့သည်။
"သခင်"
"သွားပြီး ပန်းကန်တွေ ဆေးလိုက်ဦး"
"ဟုတ်ကဲ့"
ကိုယ်ပွားများအားလုံးက ဤကိစ္စကို လုပ်ရန် အလွန် အသားကျနေပြီဖြစ်ရာ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိပေ ။
ထို့နောက် ချန်ကျီက ပက်လက် ကုလားထိုင်သို့ ပြန်လာကာ ထိုင်လိုက်ပြီး "လင်းအာ... ငါ အနန္တနေရာလွတ် ထဲကို တစ်ချက်သွားလိုက်ဦးမယ်၊ မင်း ဒီစာအုပ်တွေကို သေသေချာချာ စနစ်တကျ ခွဲခြားထားပေါ့"
ချန်ကျီ ပြောပြီးသည်နှင့် သူ ဝယ်ယူထားသော စာအုပ် ၁၀၅ အုပ်က သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
"ဟုတ်ကဲ့ပါ သခင်" ကျောက်လင်းအာက လိမ္မာပါးနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
ချန်ကျီက အတွေး တစ်ချက်ဖြင့် သူ၏ အသိစိတ်ကို အနန္တနေရာလွတ် အတွင်းသို့ ဝင်လိုက်၏။
အနန္တနေရာလွတ် အတွင်း၌ သံနက်ရိုင်းပုံကြီးများက တောင်ငယ်လေးများကဲ့သို့ ထပ်မံ စုပုံနေခဲ့ပြန်သည်။
"ကြည့်ရတာ ယဲ့မိသားစုကို ပေးရမယ့် သံနက်ရိုင်း ကီလိုဂရမ် ၁၅၀၀၀၀ ကို အရင် ရေတွက်ထုတ်ထားရမယ် ထင်တယ်၊ မဟုတ်ရင် ဒီနေရာက အရမ်း ကျပ်ညပ်လွန်းနေလိမ့်မယ်"
ချန်ကျီက အများကြီး ကြည့်မနေတော့ဘဲ အနန္တဆိုင် အတွင်းသို့ တိုက်ရိုက် ဝင်လိုက်သည်။
ဝတ်စုံစိမ်းနှင့် အမျိုးသမီးက ကောင်တာအနောက်တွင် တိတ်ဆိတ်စွာ ရပ်နေဆဲ ဖြစ်၏။
"ငါ သံနက်ရိုင်း အားလုံးကို ပြန်လဲလှယ် ချင်တယ်" ချန်ကျီက စကားအပိုမပြောဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
"သံနက်ရိုင်း ကီလိုဂရမ် ၁၆၄၀၀၀ ကို ပြန်လည်လဲလှယ် ပါမည်၊ စုစုပေါင်း အမှတ် ၃၂၈၀၀ ရရှိပါမည်၊ ပြန်လည်လဲလှယ် ရန် သဘောတူ ပါသလား"
ချန်ကျီက ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ချက်ချင်း ပြန်မဖြေဘဲ တစ်ခုခုကို စဉ်းစားမိသွားဟန် တူသည်။
"သဘောမတူ ဘူး" ချန်ကျီက လဲလှယ်မှုကို ပယ်ဖျက်လိုက်သည်၊ သူ၏ စိတ်ထဲ၌ အစီအစဉ်သစ်တစ်ခု ရှိလာသောကြောင့် ဖြစ်၏။
ချန်ကျီက သဘောမတူ ကြောင်း ပြောပြီးနောက် ချက်ချင်းပင် ထပ်မံ ပြောလိုက်သည်။ "ငါ သံနက်ရိုင်း ကီလိုဂရမ် ၁၄၀၀၀ ကို ပြန်လည်လဲလှယ် ချင်တယ်"
"သံနက်ရိုင်း ကီလိုဂရမ် ၁၄၀၀၀ ကို ပြန်လည်လဲလှယ် ပါမည်၊ စုစုပေါင်း အမှတ် ၂၈၀၀ ရရှိပါမည်၊ သဘောတူ ပါသလား"
"သဘောတူ တယ်"
ဝတ်စုံစိမ်းနှင့် အမျိုးသမီးထံမှ ထူးခြားသော တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိဘဲ ပြန်လည်လဲလှယ် မှု အတည်ပြုချက်ကိုသာ ပုံမှန်အတိုင်း အချက်ပြနေသည်ကို မြင်ရသဖြင့် ချန်ကျီက စိတ်ထဲ၌ အတိုင်းမသိ ဝမ်းသာသွားတော့သည်။
သူက ဝတ်စုံစိမ်းနှင့် အမျိုးသမီးကို ကိရိယာတစ်ခုကဲ့သို့ အသုံးချကာ စနစ်၏ ဟာကွက်ကို အပြည့်အဝ အခွင့်ကောင်းယူ လိုက်ခြင်း ဖြစ်၏။
"ဒီလိုဆိုရင် အချိန်အများကြီး သက်သာသွားတာပေါ့၊ ကိုယ်ပွားတွေလည်း အချိန်ကုန်ခံပြီး ရေတွက်နေစရာ မလိုတော့ဘဲ ဆက်တူးလို့ ရတာပေါ့"
ချန်ကျီ အတည်ပြုကြောင်း ပြောပြီးသည်နှင့် အမှတ်များက ချက်ချင်း ရောက်ရှိလာခဲ့ရာ ယခုအခါ စုစုပေါင်း အမှတ် ၃၁၀၀ ရှိသွားခဲ့ပြီ ဖြစ်သည်။
"ကျေးဇူးပဲ" ချန်ကျီက တိုးတိုးလေး ကျေးဇူးတင်စကား ဆိုလိုက်သည်၊ ဝတ်စုံစိမ်းနှင့် အမျိုးသမီးက သူ့ကို တကယ်ပင် အကူအညီအများကြီး ပေးခဲ့ခြင်း ဖြစ်၏။
ချန်ကျီက အနန္တဆိုင်ထဲမှ ထွက်လိုက်ပြီး အနန္တနေရာလွတ် အတွင်းရှိ သံနက်ရိုင်းများက အနည်းငယ်မျှသာ လျော့နည်းသွားသည်ကို ကြည့်လိုက်သည်။
"ဒါက သံနက်ရိုင်း ကီလိုဂရမ် ၁ သိန်း ၅ သောင်းကြီးတောင်ပဲ၊ ယဲ့မိသားစုကို ဒီအတိုင်း ပေးလိုက်ရမှာတော့ နှမြောစရာကောင်းသား၊ အမှတ်ပေါင်း ၃ သောင်း ကြီးတောင်၊ ဟူး..."
သံနက်ရိုင်းများကို ကြည့်ရင်း ချန်ကျီက သက်ပြင်းတစ်ချက် ချလိုက်မိသော်လည်း အလွန်အမင်း စိတ်ရှုပ်မခံတော့ပေ။
ဤသံနက်ရိုင်းများက ယဲ့မိသားစုထံတွင် ယာယီအားဖြင့်သာ အပ်နှံထားခြင်း သက်သက်သာ ဖြစ်သည်။
ချန်ကျီက အတွေး တစ်ချက်ဖြင့် သူ၏ အသိစိတ်ကို အနန္တနေရာလွတ် ထဲမှ ထွက် လိုက်သည်။
အသိစိတ်က မူလခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိလာသည့်အခါ ချန်ကျီက တစ်ချက် ကြည့်လိုက်သည်။
ကိုယ်ပွား နံပါတ် ၃၀ က ပန်းကန်များ ဆေးကြောပြီးနောက် ထွက်ခွာသွားခဲ့ပြီဖြစ်ရာ ဆက်တူးရန် သွားပြီ ဖြစ်ရမည်။
ကျောက်လင်းအာကမူ ၎င်းစာအုပ်များကို ဆက်လက် စနစ်တကျ ခွဲခြားနေဆဲ ဖြစ်၏။
"လင်းအာ... ခဏ ရပ်လိုက်ဦး"
"ဟမ် သခင် ဘာဖြစ်လို့လဲ" ကျောက်လင်းအာက သူမ၏ လက်ရှိအလုပ်ကို သံသယဖြင့် ရပ်တန့်လိုက်သည်။
"မင်း ဒီသိုလှောင်လက်စွပ် သုံးကွင်းကို ယူပြီး အနန္တနေရာလွတ် ထဲကို သွားလိုက်၊ အဲဒီက သံနက်ရိုင်း ကီလိုဂရမ် ၁၅၀၀၀၀ လုံးကို အကုန်အစင် သိမ်းဆည်းလိုက်ပြီး ယဲ့မိသားစုရဲ့ အုတ်မြစ်ချခြင်းအဆင့် ကိုယ်ပွား သုံးယောက်ဆီကို သွားပေးလိုက်"
"သခင်က သံနက်ရိုင်း ကီလိုဂရမ် ၁၅၀၀၀၀ လုံးကို ဒီလောက်မြန်မြန် ရေတွက်ပြီးသွားပြီလား"
ချန်ကျီက သံနက်ရိုင်း ကီလိုဂရမ် ၁၅၀၀၀၀ ကို ဤမျှ လျင်မြန်စွာ ရေတွက်နိုင်ခြင်းအပေါ် ကျောက်လင်းအာက အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသည်။
အချိန် မည်မျှ ကုန်ဆုံးသွားခဲ့သနည်း၊ အမြန်နှုန်းက အနည်းငယ် မြန်ဆန်လွန်းနေသည် မဟုတ်ပါလား။
ချန်ကျီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ "လှည့်ကွက်လေး တချို့ သုံးလိုက်တာပါ၊ ကဲပါ... အများကြီး မပြောတော့ဘူး၊ မင်း မြန်မြန်သွားပြီး သံနက်ရိုင်းတွေကို သိမ်းလိုက်တော့။ မဟုတ်ရင် ကိုယ်ပွားတွေက အနန္တနေရာလွတ် ထဲကို သံနက်ရိုင်းအသစ်တွေ ထပ်ထည့်ကြဦးမယ်၊ အဲဒီကျရင် ထပ်ပြီး ရေတွက်နေရလိမ့်မယ်"
"ဟုတ်ကဲ့ပါ၊ ကျွန်မ အခုပဲ သွားပါ့မယ်"
ကျောက်လင်းအာကလည်း ချန်ကျီ ပြောသော အရေးကြီးပုံကို နားလည်သဖြင့် လက်ထဲက အလုပ်ကို ချက်ချင်းချထားကာ ချန်ကျီ ကမ်းပေးလာသော သိုလှောင်လက်စွပ် သုံးကွင်းကို ယူ၍ အနန္တနေရာလွတ် ထဲသို့ ဝင်ရောက်သွားခဲ့တော့သည်။
ချန်ကျီက ကျောက်လင်းအာအား ပေးလိုက်သော ဤသိုလှောင်လက်စွပ် သုံးကွင်းမှာ မူလက သံနက်မိုင်းတွင်းအတွင်း၌ စောင့်ကြပ်နေသော ယဲ့မိသားစု၏ အုတ်မြစ်ချခြင်းအဆင့် သုံးဦး သိမ်းဆည်းထားခဲ့သည့် သိုလှောင်လက်စွပ်များ ဖြစ်ကြသည်။
ဤသိုလှောင်လက်စွပ် သုံးကွင်းမှာ မူလကတည်းက သံနက်ရိုင်းများ ထည့်သွင်းရန်အတွက် အသုံးပြုခြင်းဖြစ်ပြီး ယဲ့မိသားစုက လူလွှတ်၍ သံနက်ရိုင်းများ လာရောက်သိမ်းဆည်းသည့်အခါ ဤသိုလှောင်လက်စွပ် သုံးကွင်းကို တိုက်ရိုက် ယူဆောင်သွားမည် ဖြစ်သည်။
ထို့နောက်တွင်မှ သိုလှောင်လက်စွပ်အလွတ် သုံးကွင်းကို ထပ်မံ ချန်ထားခဲ့မည်ဖြစ်ရာ လာမည့်လတွင် လာရောက်ယူဆောင်ရန် စောင့်ဆိုင်းရမည် ဖြစ်၏။
မည်မျှပင် ကောင်းမွန်သော သိုလှောင်လက်စွပ် ဖြစ်ပါစေ ချန်ကျီအတွက်မူ မည်သည့် အသုံးဝင်မှုမျှမရှိဘဲ အလွန်ဆုံးရှိလျှင် အနန္တဆိုင် သို့ ပြန်လည်ရောင်းချကာ အမှတ်အနည်းငယ် လဲလှယ်ရုံမျှသာ ရှိသည်။
ဤသိုလှောင်လက်စွပ် သုံးကွင်းကို ယဲ့မိသားစုထံ ပြန်လည်ပေးအပ်လိုက်ခြင်းအပေါ် ချန်ကျီက နှမြောစိတ် လုံးဝ မရှိပေ။
ဤသိုလှောင်လက်စွပ်များက အနန္တနေရာလွတ် လောက် အသုံးပြုရ အဆင်ပြေပါမည်လော။
ထိုအချိန်တွင်ပင် ချန်ကျီက သူ၏ ဒန်ထျန် နေရာ၌ ဝိညာဉ်စွမ်းအားများ တုန်ခါသွားသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး တစ်ကိုယ်လုံးရှိ အော်ရာ များက တဖြည်းဖြည်း မြင့်မားလာကာ ရေစီးအတိုင်း သဘာဝကျစွာ အဆင့်တက် သွားသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာစေသည်။
"ဟမ်... ကျင့်ကြံခြင်းအဆင့်က ထပ်ပြီး အဆင့်တက် သွားပြန်ပြီပဲ၊ အချိန်တွက်ကြည့်ရင်လည်း အတော်အတန် တိုက်ဆိုင်နေတာပဲ"
ချန်ကျီက အတွေး တစ်ချက်ဖြင့် စနစ်မျက်နှာပြင် ကို စစ်ဆေးကြည့်လိုက်သည်။
"တကယ်ပဲ... ကျင့်ကြံခြင်းအဆင့်က အုတ်မြစ်ချခြင်းအဆင့် ၇ ကို ရောက်ရှိသွားပြီပဲ"
စနစ် မျက်မှာပြင် ကို ပိတ်လိုက်၏။
"ဟားဟား... သိပ်မကြာခင်မှာပဲ ရွှေအူတိုင် အဆင့် ကို တက်နိုင်တော့မှာပဲ"
ဝမ်းသာပီတိဖြစ်ရုံတင်မကဘဲ ချန်ကျီက ကျောက်လင်းအာ ခွဲထားသော စာအုပ်များကို ကြည့်လိုက်ရာ အမျိုးအစား ခွဲခြားမှုက တကယ်ကို ကောင်းမွန်လှပေသည်။
သမိုင်းမှတ်တမ်းများကို သမိုင်းမှတ်တမ်းများအလိုက် စုထားပြီး အထွေထွေဗဟုသုတများကို အထွေထွေဗဟုသုတများအလိုက် စုထားကာ ကျင့်ကြံခြင်းနှင့် ပတ်သက်သောအရာများကိုလည်း သီးသန့် ခွဲခြားထားသည်။
ကျင့်ကြံခြင်းနှင့် ပတ်သက်သော ဤစာအုပ်ပုံထဲတွင် ကျင့်စဉ်အမျိုးအစား၊ ဆေးလုံးအမျိုးအစား၊ မန္တန်အမျိုးအစား၊ မိစ္ဆာသားရဲအမျိုးအစား ဟူ၍ ရှိနေသည်။
ခြုံငုံသုံးသပ်ရလျှင် မည်သို့ပင်ဆိုစေ အလွန်ပင် သေသေချာချာ ခွဲခြားထားခြင်း ဖြစ်၏။
ချန်ကျီက ကျေနပ်အားရစွာဖြင့် မနေ့က ဖတ်၍ မပြီးသေးသော ဆေးလုံးရတနာမှတ်တမ်းကို ကောက်ကိုင်လိုက်သည်။
"အခုက အချိန်စောပါသေးတယ်၊ ရှန်းဝမ်စန်းဘက်က ဆိုင်ဖွင့်လှစ်မယ့် ကိစ္စကတော့ ခဏလောက် ထပ်စောင့်ရဦးမှာပဲ၊ အခုအချိန်မှာ စာအုပ် ဆက်ဖတ်လို့ရသေးတာပေါ့"
ချန်ကျီက ရှန်းဝမ်စန်းကို မှာကြားခဲ့ဖူးသည်၊ နေမွန်းတည့်ချိန် နီးကပ်မှသာ ဆိုင်ဖွင့်ရန်ဖြစ်ပြီး ထိုအချိန်က လမ်းမပေါ်တွင် လူအစည်ကားဆုံး အချိန်ဖြစ်သောကြောင့်ပင်။