← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း (၇၅) အခွင့်ကောင်းယူခြင်း

​တစ်ညတာ အနားယူပြီးနောက် ချန်ကျီက လန်းလန်းဆန်းဆန်း ဖြစ်နေပြီး စောစောစီးစီးပင် အိပ်ရာမှ ထလိုက်သည်။

​မည်သို့ပင်ဆိုစေ ယနေ့က အနန္တ ကုန်စုံဆိုင် ဖွင့်မည့် နေ့ရက်ဖြစ်ရာ သူကိုယ်တိုင် လူကိုယ်တိုင် မရောက်ရှိနိုင်သော်လည်း အနန္တ ကုန်စုံဆိုင် ဖွင့်မည့်အရေးကိုမူ ကြည့်လိုနေဆဲ ဖြစ်သည်။

​ထို့အပြင် အနန္တ ကုန်စုံဆိုင်၏ လက်ရှိ ကုန်ပစ္စည်းအရင်းအမြစ်မှာ မလုံလောက်သေးသဖြင့် လိုအပ်လာပါက အသုံးပြုနိုင်ရန် သူက ဦးစွာ အမှတ်အချို့ လဲလှယ်ထားရန် လိုအပ်နေသေးသည်။

​အခန်းတံခါးအပြင်သို့ ထွက်လာသည့်အခါ ကျောက်လင်းအာက မနက်စာ ပြင်ဆင်ရန် အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရ၏။

​"သခင်... ထနေ ပြီပဲ၊ မနက်စာ ပြင်ဆင်ပြီးပါပြီ"

​"အင်း... ရှန်းဝမ်စန်း အပြင်ကို ထွက်သွားပြီလား" ချန်ကျီက ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။

​"ဟုတ်ကဲ့... မိုးလင်းတာနဲ့ ရှန်းဝမ်စန်း အပြင်ထွက်သွားပါတယ်၊ လမ်းမပေါ်မှာ အရင်သွားကြည့်ပြီး တခြားသူတွေ ဘယ်လို စီးပွားရေးလုပ်လဲဆိုတာ လမ်းကြုံ လေ့လာမလို့လို့ ပြောသွားပါတယ်"

​"ဟားဟား... ဒါဆိုရင်တော့ သူ သွားတာ စောလွန်းနေပြီပဲ၊ ဒီအချိန်ဆိုရင် ဆိုင်အများစုက တံခါးဖွင့်ဦးမှာ မဟုတ်သလို လမ်းဘေးစျေးသည် တစ်ကိုယ်တော် ကျင့်ကြံသူ တွေလည်း ထွက်ကြဦးမှာ မဟုတ်သေးဘူး"

​ချန်ကျီက အသိအမှတ်ပြုကာ ပြုံးလိုက်မိသည်၊ ရှန်းဝမ်စန်းက အနည်းငယ် စိုးရိမ်စိတ်ကြီးနေသော်လည်း သူ၏ လုပ်ငန်းအပေါ် စိတ်အားထက်သန်မှုအပေါ်ကိုမူ ချန်ကျီက အလွန်ပင် ချီးကျူးမိပါသည်။

​"ထားလိုက်ပါတော့၊ သူ့သဘောအတိုင်း လွှတ်ထားလိုက် ပြီးတော့ မနေ့က ပြောဖို့ မေ့သွားတယ်၊ ​ခဏနေရင် မင်း ရှန်းဝမ်စန်းကို သွားပြောလိုက်ဦး၊ နောင်ကျရင် ဒီဘက်ကို ပြန်လာဖို့ မလိုတော့ဘူးလို့။ ​အနန္တ ကုန်စုံဆိုင်ရဲ့ အနောက်ခြံဝင်းထဲမှာလည်း အနားယူဖို့ အခန်းအနည်းငယ် ရှိသေးတယ်၊ သူ့ကို အဲဒီမှာပဲ နေခိုင်းလိုက်တော့၊ ညဘက်ကျရင် ဆိုင်စောင့်လို့လည်း အဆင်ပြေတာပေါ့။ ​ခဏခဏ ပြန်လာနေရတာလည်း အလုပ်ရှုပ်တယ်၊ ပြီးတော့ ယဲ့မိသားစုက ဒီနေရာကို ခြေရာခံပြီး ရှာမတွေ့အောင်လည်း ကာကွယ်ရမယ်" ချန်ကျီက မနက်စာ စားရင်းနှင့် ပြောလိုက်သည်။

​"ကောင်းပါပြီ သခင်၊ ကျွန်မ အခုပဲ ရှန်းဝမ်စန်းကို သွားပြီး သတိပေးလိုက်ပါ့မယ်"

​"အင်း... သွားလေ"

​ကျောက်လင်းအာက ရှန်းဝမ်စန်းထံသို့ သတင်းပို့ရန် အနန္တနေရာလွတ် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

​ချန်ကျီကမူ မနက်စာကို ဆက်လက်သုံးဆောင်နေခဲ့၏။

​မကြာမီ ချန်ကျီ မနက်စာ စားသောက်ပြီးသွားသည့်အခါ ကျောက်လင်းအာလည်း ပြန်ရောက်လာသည်။

​"သခင်... ရှန်းဝမ်စန်းကို သေချာ မှာကြားခဲ့ပြီးပါပြီ"

​"အင်း..." ချန်ကျီက အသာအယာ ခေါင်းငြိတ်လိုက်သည်။

​ထို့နောက် အတွေး တစ်ချက်ဖြင့် ဆင့်ခေါ်ခြင်းခံရသော ကိုယ်ပွား နံပါတ် ၃၀ ရောက်ရှိလာခဲ့သည်။

​"သခင်"

​"သွားပြီး ပန်းကန်တွေ ဆေးလိုက်ဦး"

​"ဟုတ်ကဲ့"

​ကိုယ်ပွားများအားလုံးက ဤကိစ္စကို လုပ်ရန် အလွန် အသားကျနေပြီဖြစ်ရာ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိပေ ။

​ထို့နောက် ချန်ကျီက ပက်လက် ကုလားထိုင်သို့ ပြန်လာကာ ထိုင်လိုက်ပြီး "လင်းအာ... ငါ အနန္တနေရာလွတ် ထဲကို တစ်ချက်သွားလိုက်ဦးမယ်၊ မင်း ဒီစာအုပ်တွေကို သေသေချာချာ စနစ်တကျ ခွဲခြားထားပေါ့"

​ချန်ကျီ ပြောပြီးသည်နှင့် သူ ဝယ်ယူထားသော စာအုပ် ၁၀၅ အုပ်က သူ့ရှေ့တွင် ပေါ်လာခဲ့သည်။

​"ဟုတ်ကဲ့ပါ သခင်" ကျောက်လင်းအာက လိမ္မာပါးနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

​ချန်ကျီက အတွေး တစ်ချက်ဖြင့် သူ၏ အသိစိတ်ကို အနန္တနေရာလွတ် အတွင်းသို့ ဝင်လိုက်၏။

​အနန္တနေရာလွတ် အတွင်း၌ သံနက်ရိုင်းပုံကြီးများက တောင်ငယ်လေးများကဲ့သို့ ထပ်မံ စုပုံနေခဲ့ပြန်သည်။

​"ကြည့်ရတာ ယဲ့မိသားစုကို ပေးရမယ့် သံနက်ရိုင်း ကီလိုဂရမ် ၁၅၀၀၀၀ ကို အရင် ရေတွက်ထုတ်ထားရမယ် ထင်တယ်၊ မဟုတ်ရင် ဒီနေရာက အရမ်း ကျပ်ညပ်လွန်းနေလိမ့်မယ်"

​ချန်ကျီက အများကြီး ကြည့်မနေတော့ဘဲ အနန္တဆိုင် အတွင်းသို့ တိုက်ရိုက် ဝင်လိုက်သည်။

​ဝတ်စုံစိမ်းနှင့် အမျိုးသမီးက ကောင်တာအနောက်တွင် တိတ်ဆိတ်စွာ ရပ်နေဆဲ ဖြစ်၏။

​"ငါ သံနက်ရိုင်း အားလုံးကို ပြန်လဲလှယ် ချင်တယ်" ချန်ကျီက စကားအပိုမပြောဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

​"သံနက်ရိုင်း ကီလိုဂရမ် ၁၆၄၀၀၀ ကို ပြန်လည်လဲလှယ် ပါမည်၊ စုစုပေါင်း အမှတ် ၃၂၈၀၀ ရရှိပါမည်၊ ပြန်လည်လဲလှယ် ရန် သဘောတူ ပါသလား"

​ချန်ကျီက ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ချက်ချင်း ပြန်မဖြေဘဲ တစ်ခုခုကို စဉ်းစားမိသွားဟန် တူသည်။

​"သဘောမတူ ဘူး" ချန်ကျီက လဲလှယ်မှုကို ပယ်ဖျက်လိုက်သည်၊ သူ၏ စိတ်ထဲ၌ အစီအစဉ်သစ်တစ်ခု ရှိလာသောကြောင့် ဖြစ်၏။

​ချန်ကျီက သဘောမတူ ကြောင်း ပြောပြီးနောက် ချက်ချင်းပင် ထပ်မံ ပြောလိုက်သည်။ "ငါ သံနက်ရိုင်း ကီလိုဂရမ် ၁၄၀၀၀ ကို ပြန်လည်လဲလှယ် ချင်တယ်"

​"သံနက်ရိုင်း ကီလိုဂရမ် ၁၄၀၀၀ ကို ပြန်လည်လဲလှယ် ပါမည်၊ စုစုပေါင်း အမှတ် ၂၈၀၀ ရရှိပါမည်၊ သဘောတူ ပါသလား"

​"သဘောတူ တယ်"

​ဝတ်စုံစိမ်းနှင့် အမျိုးသမီးထံမှ ထူးခြားသော တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိဘဲ ပြန်လည်လဲလှယ် မှု အတည်ပြုချက်ကိုသာ ပုံမှန်အတိုင်း အချက်ပြနေသည်ကို မြင်ရသဖြင့် ချန်ကျီက စိတ်ထဲ၌ အတိုင်းမသိ ဝမ်းသာသွားတော့သည်။

​သူက ဝတ်စုံစိမ်းနှင့် အမျိုးသမီးကို ကိရိယာတစ်ခုကဲ့သို့ အသုံးချကာ စနစ်၏ ဟာကွက်ကို အပြည့်အဝ အခွင့်ကောင်းယူ လိုက်ခြင်း ဖြစ်၏။

​"ဒီလိုဆိုရင် အချိန်အများကြီး သက်သာသွားတာပေါ့၊ ကိုယ်ပွားတွေလည်း အချိန်ကုန်ခံပြီး ရေတွက်နေစရာ မလိုတော့ဘဲ ဆက်တူးလို့ ရတာပေါ့"

​ချန်ကျီ အတည်ပြုကြောင်း ပြောပြီးသည်နှင့် အမှတ်များက ချက်ချင်း ရောက်ရှိလာခဲ့ရာ ယခုအခါ စုစုပေါင်း အမှတ် ၃၁၀၀ ရှိသွားခဲ့ပြီ ဖြစ်သည်။

​"ကျေးဇူးပဲ" ချန်ကျီက တိုးတိုးလေး ကျေးဇူးတင်စကား ဆိုလိုက်သည်၊ ဝတ်စုံစိမ်းနှင့် အမျိုးသမီးက သူ့ကို တကယ်ပင် အကူအညီအများကြီး ပေးခဲ့ခြင်း ဖြစ်၏။

​ချန်ကျီက အနန္တဆိုင်ထဲမှ ထွက်လိုက်ပြီး အနန္တနေရာလွတ် အတွင်းရှိ သံနက်ရိုင်းများက အနည်းငယ်မျှသာ လျော့နည်းသွားသည်ကို ကြည့်လိုက်သည်။

​"ဒါက သံနက်ရိုင်း ကီလိုဂရမ် ၁ သိန်း ၅ သောင်းကြီးတောင်ပဲ၊ ယဲ့မိသားစုကို ဒီအတိုင်း ပေးလိုက်ရမှာတော့ နှမြောစရာကောင်းသား၊ အမှတ်ပေါင်း ၃ သောင်း ကြီးတောင်၊ ဟူး..."

​သံနက်ရိုင်းများကို ကြည့်ရင်း ချန်ကျီက သက်ပြင်းတစ်ချက် ချလိုက်မိသော်လည်း အလွန်အမင်း စိတ်ရှုပ်မခံတော့ပေ။

​ဤသံနက်ရိုင်းများက ယဲ့မိသားစုထံတွင် ယာယီအားဖြင့်သာ အပ်နှံထားခြင်း သက်သက်သာ ဖြစ်သည်။

​ချန်ကျီက အတွေး တစ်ချက်ဖြင့် သူ၏ အသိစိတ်ကို အနန္တနေရာလွတ် ထဲမှ ထွက် လိုက်သည်။

​အသိစိတ်က မူလခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိလာသည့်အခါ ချန်ကျီက တစ်ချက် ကြည့်လိုက်သည်။

​ကိုယ်ပွား နံပါတ် ၃၀ က ပန်းကန်များ ဆေးကြောပြီးနောက် ထွက်ခွာသွားခဲ့ပြီဖြစ်ရာ ဆက်တူးရန် သွားပြီ ဖြစ်ရမည်။

​ကျောက်လင်းအာကမူ ၎င်းစာအုပ်များကို ဆက်လက် စနစ်တကျ ခွဲခြားနေဆဲ ဖြစ်၏။

​"လင်းအာ... ခဏ ရပ်လိုက်ဦး"

​"ဟမ် သခင် ဘာဖြစ်လို့လဲ" ကျောက်လင်းအာက သူမ၏ လက်ရှိအလုပ်ကို သံသယဖြင့် ရပ်တန့်လိုက်သည်။

​"မင်း ဒီသိုလှောင်လက်စွပ် သုံးကွင်းကို ယူပြီး အနန္တနေရာလွတ် ထဲကို သွားလိုက်၊ အဲဒီက သံနက်ရိုင်း ကီလိုဂရမ် ၁၅၀၀၀၀ လုံးကို အကုန်အစင် သိမ်းဆည်းလိုက်ပြီး ယဲ့မိသားစုရဲ့ အုတ်မြစ်ချခြင်းအဆင့် ကိုယ်ပွား သုံးယောက်ဆီကို သွားပေးလိုက်"

​"သခင်က သံနက်ရိုင်း ကီလိုဂရမ် ၁၅၀၀၀၀ လုံးကို ဒီလောက်မြန်မြန် ရေတွက်ပြီးသွားပြီလား"

​ချန်ကျီက သံနက်ရိုင်း ကီလိုဂရမ် ၁၅၀၀၀၀ ကို ဤမျှ လျင်မြန်စွာ ရေတွက်နိုင်ခြင်းအပေါ် ကျောက်လင်းအာက အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသည်။

​အချိန် မည်မျှ ကုန်ဆုံးသွားခဲ့သနည်း၊ အမြန်နှုန်းက အနည်းငယ် မြန်ဆန်လွန်းနေသည် မဟုတ်ပါလား။

​ချန်ကျီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ "လှည့်ကွက်လေး တချို့ သုံးလိုက်တာပါ၊ ကဲပါ... အများကြီး မပြောတော့ဘူး၊ မင်း မြန်မြန်သွားပြီး သံနက်ရိုင်းတွေကို သိမ်းလိုက်တော့။ ​မဟုတ်ရင် ကိုယ်ပွားတွေက အနန္တနေရာလွတ် ထဲကို သံနက်ရိုင်းအသစ်တွေ ထပ်ထည့်ကြဦးမယ်၊ အဲဒီကျရင် ထပ်ပြီး ရေတွက်နေရလိမ့်မယ်"

​"ဟုတ်ကဲ့ပါ၊ ကျွန်မ အခုပဲ သွားပါ့မယ်"

​ကျောက်လင်းအာကလည်း ချန်ကျီ ပြောသော အရေးကြီးပုံကို နားလည်သဖြင့် လက်ထဲက အလုပ်ကို ချက်ချင်းချထားကာ ချန်ကျီ ကမ်းပေးလာသော သိုလှောင်လက်စွပ် သုံးကွင်းကို ယူ၍ အနန္တနေရာလွတ် ထဲသို့ ဝင်ရောက်သွားခဲ့တော့သည်။

​ချန်ကျီက ကျောက်လင်းအာအား ပေးလိုက်သော ဤသိုလှောင်လက်စွပ် သုံးကွင်းမှာ မူလက သံနက်မိုင်းတွင်းအတွင်း၌ စောင့်ကြပ်နေသော ယဲ့မိသားစု၏ အုတ်မြစ်ချခြင်းအဆင့် သုံးဦး သိမ်းဆည်းထားခဲ့သည့် သိုလှောင်လက်စွပ်များ ဖြစ်ကြသည်။

​ဤသိုလှောင်လက်စွပ် သုံးကွင်းမှာ မူလကတည်းက သံနက်ရိုင်းများ ထည့်သွင်းရန်အတွက် အသုံးပြုခြင်းဖြစ်ပြီး ယဲ့မိသားစုက လူလွှတ်၍ သံနက်ရိုင်းများ လာရောက်သိမ်းဆည်းသည့်အခါ ဤသိုလှောင်လက်စွပ် သုံးကွင်းကို တိုက်ရိုက် ယူဆောင်သွားမည် ဖြစ်သည်။

​ထို့နောက်တွင်မှ သိုလှောင်လက်စွပ်အလွတ် သုံးကွင်းကို ထပ်မံ ချန်ထားခဲ့မည်ဖြစ်ရာ လာမည့်လတွင် လာရောက်ယူဆောင်ရန် စောင့်ဆိုင်းရမည် ဖြစ်၏။

​မည်မျှပင် ကောင်းမွန်သော သိုလှောင်လက်စွပ် ဖြစ်ပါစေ ချန်ကျီအတွက်မူ မည်သည့် အသုံးဝင်မှုမျှမရှိဘဲ အလွန်ဆုံးရှိလျှင် အနန္တဆိုင် သို့ ပြန်လည်ရောင်းချကာ အမှတ်အနည်းငယ် လဲလှယ်ရုံမျှသာ ရှိသည်။

​ဤသိုလှောင်လက်စွပ် သုံးကွင်းကို ယဲ့မိသားစုထံ ပြန်လည်ပေးအပ်လိုက်ခြင်းအပေါ် ချန်ကျီက နှမြောစိတ် လုံးဝ မရှိပေ။

​ဤသိုလှောင်လက်စွပ်များက အနန္တနေရာလွတ် လောက် အသုံးပြုရ အဆင်ပြေပါမည်လော။

​ ထိုအချိန်တွင်ပင် ချန်ကျီက သူ၏ ဒန်ထျန် နေရာ၌ ဝိညာဉ်စွမ်းအားများ တုန်ခါသွားသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး တစ်ကိုယ်လုံးရှိ အော်ရာ များက တဖြည်းဖြည်း မြင့်မားလာကာ ရေစီးအတိုင်း သဘာဝကျစွာ အဆင့်တက် သွားသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာစေသည်။

​"ဟမ်... ကျင့်ကြံခြင်းအဆင့်က ထပ်ပြီး အဆင့်တက် သွားပြန်ပြီပဲ၊ အချိန်တွက်ကြည့်ရင်လည်း အတော်အတန် တိုက်ဆိုင်နေတာပဲ"

​ချန်ကျီက အတွေး တစ်ချက်ဖြင့် စနစ်မျက်နှာပြင် ကို စစ်ဆေးကြည့်လိုက်သည်။

​"တကယ်ပဲ... ကျင့်ကြံခြင်းအဆင့်က အုတ်မြစ်ချခြင်းအဆင့် ၇ ကို ရောက်ရှိသွားပြီပဲ"

​စနစ် မျက်မှာပြင် ကို ပိတ်လိုက်၏။

​"ဟားဟား... သိပ်မကြာခင်မှာပဲ ရွှေအူတိုင် အဆင့် ကို တက်နိုင်တော့မှာပဲ"

​ဝမ်းသာပီတိဖြစ်ရုံတင်မကဘဲ ချန်ကျီက ကျောက်လင်းအာ ခွဲထားသော စာအုပ်များကို ကြည့်လိုက်ရာ အမျိုးအစား ခွဲခြားမှုက တကယ်ကို ကောင်းမွန်လှပေသည်။

​သမိုင်းမှတ်တမ်းများကို သမိုင်းမှတ်တမ်းများအလိုက် စုထားပြီး အထွေထွေဗဟုသုတများကို အထွေထွေဗဟုသုတများအလိုက် စုထားကာ ကျင့်ကြံခြင်းနှင့် ပတ်သက်သောအရာများကိုလည်း သီးသန့် ခွဲခြားထားသည်။

​ကျင့်ကြံခြင်းနှင့် ပတ်သက်သော ဤစာအုပ်ပုံထဲတွင် ကျင့်စဉ်အမျိုးအစား၊ ဆေးလုံးအမျိုးအစား၊ မန္တန်အမျိုးအစား၊ မိစ္ဆာသားရဲအမျိုးအစား ဟူ၍ ရှိနေသည်။

​ခြုံငုံသုံးသပ်ရလျှင် မည်သို့ပင်ဆိုစေ အလွန်ပင် သေသေချာချာ ခွဲခြားထားခြင်း ဖြစ်၏။

​ချန်ကျီက ကျေနပ်အားရစွာဖြင့် မနေ့က ဖတ်၍ မပြီးသေးသော ဆေးလုံးရတနာမှတ်တမ်းကို ကောက်ကိုင်လိုက်သည်။

​"အခုက အချိန်စောပါသေးတယ်၊ ရှန်းဝမ်စန်းဘက်က ဆိုင်ဖွင့်လှစ်မယ့် ကိစ္စကတော့ ခဏလောက် ထပ်စောင့်ရဦးမှာပဲ၊ အခုအချိန်မှာ စာအုပ် ဆက်ဖတ်လို့ရသေးတာပေါ့"

​ချန်ကျီက ရှန်းဝမ်စန်းကို မှာကြားခဲ့ဖူးသည်၊ နေမွန်းတည့်ချိန် နီးကပ်မှသာ ဆိုင်ဖွင့်ရန်ဖြစ်ပြီး ထိုအချိန်က လမ်းမပေါ်တွင် လူအစည်ကားဆုံး အချိန်ဖြစ်သောကြောင့်ပင်။

​

All Chapters