အခန်း ၇၇
Vol. 8 Ch. 77
အခန်း (၇၇) အနန္တ ကုန်စုံဆိုင် ဖွင့်ခြင်း
အနန္တ ကုန်စုံဆိုင် ဖွင့်ရန် တစ်နာရီခန့် လိုသေးသည်။
ရှန်းဝမ်စန်းက အနန္တ ကုန်စုံဆိုင်သို့ ပြန်ရောက်လာခဲ့ပြီး အနန္တ ကုန်စုံဆိုင် ဆိုင်းဘုတ်ကို ဖုံးအုပ်ထားသော ပိတ်စနီကို အကုန် ဖြုတ်ချလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဆိုင်ဖွင့်ပွဲတွင် ပိတ်စနီ ဖွင့်လှစ်ခြင်း၊ ဖဲကြိုးဖြတ်ခြင်း စသည့် အခမ်းအနားများက အလွန် တုံးအ လွန်းသည်ဟု ခံစားရပြီး ၎င်းတို့နှင့် မကိုက်ညီကြောင်း ချန်ကျီက ပြောခဲ့ဖူးသောကြောင့်ပင်။
သူက အခမ်းအနား အားလုံးကို တိုက်ရိုက်ပင် ပယ်ဖျက်လိုက်သည်။
ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်ရာတွင် စီးပွားရေးအပေါ်၌သာ အာရုံစိုက်ရန် လိုအပ်ပေသည်။
မည်သို့ပင်ဆိုစေ ၎င်းတို့၌ ဖား ရမည့်သူလည်း မရှိသဖြင့် ထိုကဲ့သို့ ဟန်ပြ အခမ်းအနားများက မည်သည့် အဓိပ္ပာယ်မျှ မရှိပေ ။
ယခုမူ တီးဝိုင်းအဖွဲ့ ရောက်ရှိလာသည်နှင့် အနန္တ ကုန်စုံဆိုင်ကို အချိန်ကိုက် ဖွင့်လှစ်ပြီး စတင်လည်ပတ်ရန် စောင့်ဆိုင်းနေရုံသာ။
ချန်ကျီ၏ အိမ်တော်အတွင်း၌...
ခုနတင်ကမှ စာအုပ်ကို သေသေချာချာ ဖတ်နေသော ချန်ကျီက ရုတ်တရက် စာအုပ်ကို ပိတ်လိုက်ပြီး "အချိန်တွက်ကြည့်ရင် ရှန်းဝမ်စန်းဘက်က မကြာခင် စတော့မယ် ထင်တယ်"
"ဟုတ်ကဲ့ပါ သခင်၊ အချိန်ကျ နေပါပြီ"
"အင်း... ဒါဆိုရင် မင်း အိမ်မှာပဲ စောင့်နေ၊ ငါ သွားကြည့်လိုက်ဦးမယ်" ချန်ကျီ၏ မျက်နှာတွင် မျှော်လင့်ချက်ကြီးစွာ ရှိနေသော အမူအရာ ရှိနေခဲ့၏။
"ဟုတ်ကဲ့ပါ သခင်"
ချန်ကျီက အတွေးတစ်ချက်ဖြင့် သူ၏ အသိစိတ်ကို အနန္တဆိုင်အတွင်းသို့ ဝင် လိုက်ပြီး ယနေ့ ကုန်စုံဆိုင် ဖွင့်သည့်အခါ ရောင်းချရန် လိုအပ်သော ပစ္စည်းအချို့ကို ဦးစွာ အစိတ်အပိုင်းတစ်ခု လဲလှယ်လိုက်သည်။
ထို့နောက် သူ၏ အသိစိတ်က ရှန်းဝမ်စန်းထံသို့ စတင်အာရုံစိုက်လိုက်သည်၊ သူက ရှန်းဝမ်စန်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် မရွေးချယ်ဘဲ အပေါ်စီးမြင်ကွင်း ကို ဖွင့်လှစ်ထားသကဲ့သို့ ငြိမ်သက်စွာ စောင့်ကြည့်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်၏။
ချန်ကျီ၏ အတွေးက အလွန် ရိုးရှင်းပါသည်၊ ကိုယ်ပွား ရှန်းဝမ်စန်းက တစ်ကိုယ်တော် ရပ်တည်နိုင်ရန် သတ်မှတ်ထားပြီးဖြစ်ရာ သူက အလွန်အမင်း ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပေ ။
သူက ရှန်းဝမ်စန်းထံ၌ ကုန်ပစ္စည်း မလုံလောက်သည့်အခါတွင်မှ အချိန်မီ ကူညီပြီး ကုန်ပစ္စည်း ဖြည့်တင်းပေးရန်သာ လိုအပ်သည်။
တကယ်လို့ ရှန်းဝမ်စန်း ဖြေရှင်းလို့မရတဲ့ ပြဿနာမျိုးနဲ့ တကယ် ကြုံတွေ့ရတဲ့အခါကျမှ သူ ပါဝင်ဆောင်ရွက်လည်း မနောက်ကျပေ ။
ဤအချိန်တွင် တီးဝိုင်းအဖွဲ့က အနန္တ ကုန်စုံဆိုင် တံခါးဝသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ရှန်းဝမ်စန်းက တီးဝိုင်းအဖွဲ့၏ တာဝန်ခံနှင့် စကားပြောနေ၏။
အကြမ်းဖျင်း ပြောသော အကြောင်းအရာမှာ တီးဝိုင်းအဖွဲ့အနေဖြင့် သေချာပေါက် စည်ကားစေရန် ဖြစ်ပြီး ဘယ်လိုပဲဖြစ်ဖြစ် စည်ကားသထက် စည်ကားအောင် လုပ်ရန် ဖြစ်သည်။
ထို့နောက်တွင် တီးဝိုင်းအဖွဲ့အား ဆိုင်ဖွင့်သည့်အချိန်တွင် မည်သည့်နေရာ၌ ရပ်ရမည်ကို စီစဉ်လိုက်သည်။
ရှန်းဝမ်စန်း လုပ်နေသော ဤအရာများကို မြင်ရသဖြင့် ချန်ကျီသည် စိတ်ထဲ၌ အလွန်ပင် ကျေနပ်အားရသွားတော့သည်။
ရှန်းဝမ်စန်း၏ စီစဉ်မှုက စနစ်တကျ ရှိပြီး အစီအစဉ်က ပြတ်သားကာ အကောင်အထည်ဖော်နိုင်စွမ်းကလည်း ပြောစရာမရှိပေ ။
မကြာမီ ရှန်းဝမ်စန်းက ကုန်စုံဆိုင် ဖွင့်ရန် လိုအပ်သော ပြင်ဆင်စရာ ကိစ္စအားလုံးကို သေသေချာချာ စီစဉ်ပြီးသွားခဲ့ရာ မည်သည့်အချိန်တွင်မဆို စတင်လည်ပတ်နိုင်ပြီ ဖြစ်သည်။
ထိုအချိန်တွင် ရှန်းဝမ်စန်း၏ စိတ်ထဲ၌ အသံတစ်သံကို ကြားလိုက်ရ၏။
"ကုန်ပစ္စည်းတွေ အကုန် ပြင်ဆင်ပြီးသွားပြီ"
ဤအသံကို ကြားလိုက်ရသဖြင့် ရှန်းဝမ်စန်းက စိတ်ထဲ၌ နားလည်သွားခဲ့သည်၊ ချန်ကျီ ရောက်လာခြင်းဖြစ်ပြီး သူ့ကို စောင့်ကြည့်နေသည်ကို သိရှိလိုက်ခြင်းပင်။
ရှန်းဝမ်စန်းက ချက်ချင်းပင် ရိုသေစွာဖြင့် စိတ်ထဲမှ တိုးတိုးလေး ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ပါ သခင်"
ချန်ကျီက သူ့အား လာကြည့်ခြင်းမှာ သူ၌ စျေးဆိုင်တစ်ဆိုင်ကို စီမံခန့်ခွဲနိုင်စွမ်း ရှိ၊ မရှိကို ကြည့်ရန်ဖြစ်ကြောင်း ရှန်းဝမ်စန်း သိသဖြင့် သူက ရုတ်တရက် အနည်းငယ် စိုးရိမ်စိတ် များ လာခဲ့သည်။
"စိတ်လျှော့လိုက်ပါ၊ ငါ့ကို ဂရုစိုက်နေစရာ မလိုဘူး၊ ငါ မရှိဘူးလို့ပဲ သဘောထားလိုက်၊ အားလုံးကို မင်းရဲ့ ကိုယ်ပိုင် အတွေးအတိုင်းပဲ လုပ်ပါ"
"ဟုတ်ကဲ့ပါ သခင်"
ချန်ကျီ ပြောပြီးနောက်တွင် ရှန်းဝမ်စန်းက ချန်ကျီ၏ အသံကို ထပ်မံ မကြားရတော့ပေ ။
ရှန်းဝမ်စန်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး စိတ်ကို အနန္တ ကုန်စုံဆိုင်ထံသို့ ထပ်မံ အာရုံစိုက်လိုက်သည်။
"မင်္ဂလာအချိန် ရောက်ပြီ၊ ဆိုင်ဖွင့်ပွဲ အောင်မြင်ပါစေ"
တီးဝိုင်းအဖွဲ့အတွင်းမှ ဟစ်အော်သံတစ်သံ ထွက်ပေါ်လာပြီးနောက်၊ တီးမှုတ်သံများက လမ်းမတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားခဲ့တော့သည်။
လူအားလုံးက ဤဆူဆူညံညံ အသံကြောင့် ဆွဲဆောင်ခြင်း ခံလိုက်ရပြီး မည်သည့်အိမ်က သမီးပျိုလေး အိမ်ထောင်ပြုသည်ဟုပင် ထင်မှတ်နေကြ၏။
လူအများက တီးမှုတ်သံ ထွက်ပေါ်လာရာ ဘက်သို့ တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လိုက်ကြပြီး သတို့သမီးလေး လှ၊ မလှကို ကြည့်လိုနေကြသည်။
သို့သော်လည်း အကြာကြီး ကြည့်နေသည့်တိုင် တီးမှုတ်သံကိုသာ ကြားရပြီး ဝေါယာဉ် ပေါ်လာသည်ကိုမူ မမြင်ရပေ ။
စူးစမ်းလိုစိတ် ရှိသော လူအချို့က အခြေအနေမှန်ကို သိရှိနိုင်ရန် တီးမှုတ်သံ ထွက်ပေါ်လာရာ ဘက်သို့ စတင် လျှောက်လှမ်းသွားကြသည်။
ပထမဆုံး လူတစ်ယောက်က အနန္တ ကုန်စုံဆိုင် တံခါးဝသို့ ရောက်ရှိသွားသည့်အချိန်ကျမှသာ သူက သိရှိသွားတော့၏။
မည်သည့် သတို့သမီးလေး အိမ်ထောင်ပြုခြင်းမျိုးမှ မဟုတ်ဘဲ၊ စျေးဆိုင်တစ်ဆိုင် ဆိုင်ဖွင့်လှစ်ခြင်းမျှသာ ဖြစ်သည်ကို ဖြစ်သည်။
"စိတ်ပျက်စရာကြီးပဲ၊ ပျော်ရွှင်မှု ကို လာမျှဝေခံစားမလို့ပဲဥစ္စာ၊ ရလဒ်ကတော့ စျေးဆိုင်တစ်ဆိုင်က လူတွေကို ဆွဲဆောင်ဖို့အတွက် လုပ်တဲ့ လှည့်ကွက် သက်သက်ပဲ ဖြစ်နေတယ်"
ဆိုင်အသစ် ဖွင့်လှစ်ခြင်းကဲ့သို့သော ဤကိစ္စတွင် ဤကဲ့သို့ တီးမှုတ်ခြင်းမျိုးက ဝမ်နန်မြို့၌ ပထမဆုံးအကြိမ် ဖြစ်သည်။
ယခင်က ဝမ်နန်မြို့ရှိ ဆိုင်အသစ်များ ဖွင့်လှစ်သည့်အခါ မိသားစုအင်အားစု အသီးသီးကို လာရောက်အားပေးရန် ဖိတ်ကြားတတ်ကြပြီး သာမန်လူများက အနားသို့ မကပ်နိုင်ဘဲ အဝေးကသာ လှမ်းကြည့်နိုင်ကြသည်။
ထိုကဲ့သို့ တီးမှုတ်သံမျိုး မရှိသည့်တိုင်အောင် ထိုမြင်ကွင်းက အလွန်ပင် စည်ကားလှပေသည်။
"စိတ်ပျက်စရာကြီးပဲ၊ ပျော်ရွှင်မှုကို လာမျှဝေခံစားမလို့ပဲဥစ္စာ"
ထိုလူက အနန္တ ကုန်စုံဆိုင်၏ ဆိုင်းဘုတ်ကို တစ်ချက် ကြည့်လိုက်ပြီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။
မထွက်လို့ ဘာလုပ်ရမည်နည်း။
ဤစျေးဆိုင်များတွင် ရောင်းချသော ပစ္စည်းများကို သူက ဝယ်ယူနိုင်စွမ်း ရှိမည်မဟုတ်ပေ ၊ ပြီးတော့ သူ့ကဲ့သို့သော လမ်းဘေးစျေးသည် တစ်ကိုယ်တော် ကျင့်ကြံသူ များက ပစ္စည်းဝယ်လိုပါက လမ်းဘေးစျေးဆိုင်များသို့သာ သွားရောက်ရှာဖွေကြသည်။
လမ်းဘေးစျေးဆိုင်များတွင် ရောင်းချသော ပစ္စည်းများနှင့် စျေးဆိုင်အတွင်းရှိ ပစ္စည်းများကို နှိုင်းယှဉ်ပါက စျေးနှုန်းအပိုင်းတွင် အနည်းဆုံး နှစ်ဆယ် ရာခိုင်နှုန်း သို့မဟုတ် သုံးဆယ် ရာခိုင်နှုန်း ခန့် ပိုမိုသက်သာသည်။
ပြီးတော့ ပစ္စည်း၏ အရည်အသွေးကလည်း အတူတူပင်ဖြစ်ရာ လမ်းဘေးစျေးသည် တစ်ကိုယ်တော် ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်း အရင်းအမြစ်များကို ဝယ်ယူရန် အသင့်တော်ဆုံးနေရာ ဖြစ်ပေသည်။
ထိုလမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသော ကုန်စုံဆိုင်များမှာ ငွေကြေးချမ်းသာသူများ ဝယ်ယူရန်အတွက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ၎င်းတို့က ဝယ်ယူနိုင်စွမ်း မရှိပေ ။
သို့သော်လည်း ထိုအချိန်တွင် ဟိန်းထွက်လာသော အသံတစ်သံက ထွက်ခွာသွားရန် ပြင်နေသော တစ်ကိုယ်တော် ကျင့်ကြံသူကို မသိစိတ်အရ ခြေလှမ်း ရပ်တန့်သွားစေခဲ့ပြီး လှည့်ကြည့်လိုက်မိသည်။
"အနန္တ ကုန်စုံဆိုင် ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် ကုန်ပစ္စည်းအားလုံးကို စျေးနှုန်းတစ်ဝက်ဖြင့် ရောင်းချပေးနေပါပြီ။ အနန္တ ကုန်စုံဆိုင်က ကောင်းကင်အထိ ကုန်သွယ်မှုပြုနိုင်ပြီး မည်သူမဆို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်၊ အရာအားလုံးကိုလည်း ပြန်လည်လဲလှယ် ပေးနေပါတယ်"
ဤဟိန်းထွက်လာသော အသံမှာ ရှန်းဝမ်စန်း အော်ဟစ်လိုက်ခြင်း ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူအချို့ စုဝေးရောက်ရှိလာသော်လည်း တစ်ချက်သာ ကြည့်ပြီး လှည့်ထွက်သွားရန် ပြင်နေသည်ကို သူ မြင်တွေ့လိုက်ရသောကြောင့်ပင်။
၎င်းကို မြင်ရသဖြင့် ရှန်းဝမ်စန်းက တီးဝိုင်းအဖွဲ့ကို ချက်ချင်း ရပ်တန့်ခိုင်းလိုက်ပြီး ထို့နောက် အော်ဟစ်လိုက်ခြင်း ဖြစ်၏။
နောက်ဆုံးစကား ကမူ အနန္တဆိုင်ရှိ စာသားများကို အသုံးပြုထားခြင်းဖြစ်ပြီး ဤစကားက နောင်တွင် အနန္တ ကုန်စုံဆိုင်၏ ဆောင်ပုဒ် ဖြစ်လာပေလိမ့်မည်။
ရှန်းဝန်းစန်းက သူ အော်ဟစ်လိုက်ပြီးနောက်တွင် လူအချို့က သူထံသို့ လှည့်ကြည့်လာကြသည်ကို မြင်ရသဖြင့် ချက်ချင်းပင် အရှိန်မြှင့်ကာ ဆက်လက် ဟစ်အော်လိုက်ပြန်သည်။ "အနန္တ ကုန်စုံဆိုင်မှာ မင်းတို့ လိုအပ်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်အားလုံး ရှိပါတယ်၊ ပြီးတော့ ဒီနေ့ ရောင်းချတဲ့ ကုန်ပစ္စည်းအားလုံးက စျေးနှုန်းတစ်ဝက်ပဲ။ ဖြတ်သွားဖြတ်လာရင်းနဲ့ လက်မလွှတ်လိုက်နဲ့နော် ၊ ဒီတစ်ခေါက် လွဲချော်သွားရင်တော့ နောက်ထပ် ရှိမှာမဟုတ်တော့ဘူး"
ရှန်းဝမ်စန်း ဤသို့ ပြောလိုက်သည်နှင့် ချက်ချင်းပင် လူအချို့က လှည့်ပြန်လာကြသည်။
၎င်းကို မြင်ရသဖြင့် ရှန်းဝမ်စန်းက လက်ဝှေ့ယမ်းပြလိုက်ပြီး တီးဝိုင်းအဖွဲ့အား လမ်းခဏ ဖယ်ပေးရန် အချက်ပြကာ နောက်ထပ် ခြေလှမ်းကို ဆက်လက် လုပ် လိုက်သည်။
တီးဝိုင်းအဖွဲ့ဝင်များက တန်းစီရပ်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် တန်းစီလိုက်ကြသည်။
ထို့နောက် တီးဝိုင်းအဖွဲ့က ရှေ့သို့ စတင်ရွေ့လျားခဲ့ပြီး လျှောက်လှမ်းသည့် အရှိန်ကမမြန်သလို တီးမှုတ်ခြင်းကိုလည်း ရပ်တန့်မသွားပေ ။
တီးမှုတ်သံက ဆူညံမနေတော့ဘဲ စနစ်တကျ ရှိလာခဲ့သည်။
ဗုံတစ်ချက် တီးလိုက်တိုင်း တီးဝိုင်းအဖွဲ့ဝင် အားလုံးက ညီညီညာညာဖြင့် အော်ဟစ်ကြသည်။
"အနန္တ ကုန်စုံဆိုင် ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် ကုန်ပစ္စည်းအားလုံးကို စျေးနှုန်းတစ်ဝက်ဖြင့် ရောင်းချပေးနေပါပြီ။ အနန္တ ကုန်စုံဆိုင်က ကောင်းကင်အထိ ကုန်သွယ်မှုပြုနိုင်ပြီး မည်သူမဆို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်၊ အရာအားလုံးကိုလည်း ပြန်လည်လဲလှယ် ပေးနေပါတယ်"
ဤတီးဝိုင်းအဖွဲ့မှာ ဤကဲ့သို့သောအလုပ်မျိုးကို ပထမဆုံးအကြိမ် လုပ်ခြင်း ဖြစ်သော်လည်း မည်သူတစ်ဦးမျှ ရှက်ရွံ့ခြင်း မရှိကြပေ ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ဤသို့ လုပ်ခြင်းက ဝမ်နန်မြို့ကို တစ်ပတ်ပတ်ရုံမျှဖြင့် ယခင်က ရရှိခဲ့သော လုပ်ခလစာထက် အဆပေါင်းများစွာ ပိုမိုရရှိနိုင်သောကြောင့်ပင်။
ငွေရှိရင် သရဲတောင် ကြိတ်ဆုံကြိတ်ပေးနိုင်တာပဲ၊ ဘယ်သူက ငွေကို ငြင်းပယ်ပါမည်နည်း။
တစ်ယောက်ချင်းစီက ဗုံကို အားရပါးရ တီးခတ်ကြပြီး အော်ဟစ်ရာတွင်လည်း အားသွန်ခွန်စိုက် ရှိကြသည်။
တဖြည်းဖြည်းနှင့် လမ်းပေါ်က ဖြတ်သန်းသွားလာသူများ၊ ပြီးတော့ လမ်းဘေးစျေးဆိုင်က တစ်ကိုယ်တော် ကျင့်ကြံသူများ အားလုံးက ဤလှည့်လည်နေသော တီးဝိုင်းအဖွဲ့၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
ကုန်စုံဆိုင်များအတွင်းမှ လူအချို့ပင် စျေးဆိုင်အပြင်သို့ ထွက်လာကာ အခြေအနေမှန်ကို သိရှိနိုင်ရန် ကြည့်ရှုကြသည်။
ရှန်းဝမ်စန်းကမူ အနန္တ ကုန်စုံဆိုင် တံခါးဝတွင် ရပ်နေပြီး မျက်နှာတွင် အပြုံးအမူအရာဖြင့် ပထမဆုံး ဖောက်သည်ကို ကြိုဆိုရန် စောင့်ဆိုင်းနေခဲ့သည်။
တီးဝိုင်းအဖွဲ့ကို ရှာဖွေခြင်းက ချန်ကျီ စဉ်းစားခဲ့သော နည်းလမ်းဖြစ်ပြီး ရှန်းဝမ်စန်းကမူ အမိန့်ကို နာခံပြီး အကောင်အထည်ဖော်ခြင်းသာ ဖြစ်၏။
တဖြည်းဖြည်းနှင့် တီးဝိုင်းအဖွဲ့ကြောင့် အနန္တ ကုန်စုံဆိုင် တံခါးဝသို့ ဆွဲဆောင်ရောက်ရှိလာသူများက ပိုမို များပြားလာခဲ့သည်။
သို့သော်လည်း အနန္တ ကုန်စုံဆိုင်အတွင်းသို့ ဝင်ရောက်သွားသူမူ လုံးဝ မရှိသေးပေ ၊ ၎င်းတို့၏ စိတ်ထဲ၌ အနည်းငယ် သံသယ ရှိနေကြဆဲ ဖြစ်သည်။
တကယ်ပဲ ကုန်ပစ္စည်းအားလုံးက စျေးနှုန်းတစ်ဝက် ဟုတ်ပါသလား။
ဤအနန္တ ကုန်စုံဆိုင်ကို ၎င်းတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပြီး ပြီးတော့ ဤမျှ ဝေးလံခေါင်ဖျားသော ထောင့်စွန်းတွင် ဖွင့်လှစ်ထားသဖြင့် တစ်ယောက်မှ မယုံရဲကြဘဲ ပထမဆုံး စမ်းသပ်သူ မဖြစ်လိုကြပေ ။
ထို့အပြင် ဤနေရာ၌ မည်သည့် မိသားစုဝင်တစ်ဦးတစ်ယောက်ကိုမျှ မမြင်ရပေ ။
အနန္တ ကုန်စုံဆိုင်၏ ယုံကြည်စိတ်ချရမှုက ၎င်းတို့၏ အသိအမှတ်ပြုမှုကို မရရှိသေးပေ ။