← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

အပိုင်း(၆၁) သွေးကြွေးကို သွေးနဲ့ ပြန်ဆပ်ရမယ်

ထိုအချိန်၌ “ဂျလောက်” ဟူသော သံကြိုးချင်း ပွတ်တိုက်သံတစ်ချက် ထွက်ပေါ်လာပြီးနောက်၊ “ကျွိ” ခနဲ အသံနှင့်အတူ မြေအောက်ခန်းတံခါး ပွင့်လာခဲ့သည်။

စိုစွတ်ထိုင်းမှိုင်းနေသော မြေအောက်ခန်းထဲသို့ နွေးထွေးသော နေရောင်ခြည်အချို့ ဖြာကျလာသည်။

“တောက် တောက် တောက်...”

ပိုးဖဲကတ္တီပါ အဝတ်အစားများကို ဆင်ယင်ထားသော လူတစ်ယောက်သည် မြေအောက်ခန်ထဲသို့ ဝင်ရောက်လာ၏။

“လင်းရှန်း...ခွေးကောင် နင်က ဒီကိုလာရဲသေးတယ်ပေါ့"

လော့ချင်းဟယ်က ဝင်ရောက်လာသူကို ဒေါသတကြီး ငေါက်ငမ်းလိုက်၏။ သူတို့နှစ်ဦးကြားတွင် မနှစ်မြို့ဖွယ်ရာ အတိတ်ဆိုးများ ရှိခဲ့ပုံရသည်။

“ဟားးဟား....”

“မမလေး ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ...”

“မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး...”

လင်းရှန်းသည် လော့ချင်းဟယ်၏ ဆဲဆိုငေါက်ငမ်းမှုကြောင့် ဒေါသထွက်မသွားဘဲ ပြုံးဖြီးဖြီး မျက်နှာပေးဖြင့် တုံ့ပြန်လိုက်သည်။

“လော့အဖွဲ့ခေါင်းဆောင်... ဒီရက်ပိုင်း နေလို့ထိုင်လို့ ကောင်းရဲ့လား...”

သူသည် အနားတွင် မျက်နှာအမူအရာ ပျက်ယွင်းစွာဖြင့် ရှိနေသော လော့ဝူရှဲ့ကို ကြည့်ကာ ပြုံးရွှင်စွာဖြင့် မေးမြန်းလိုက်၏။

လော့ဝူရှဲ့သည် မျက်မှောင်ကြုတ်ထားပြီး၊ သူ၏မျက်ဝန်းများက ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

“လင်းရှန်း... ငါလော့ဝူရှဲ့က မင်းအပေါ်မှာ မကောင်းတာ ဘာတစ်ခုမှ မလုပ်ခဲ့ဘူးလို့ ငါ့ကိုယ်ငါ ယုံကြည်တယ်... မင်း ဘာလို့ ငါ့ကို သစ္စာဖောက်ရတာလဲ...”

လင်းရှန်းသည် သူ့နောက်သို့ ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့် ကြာ လိုက်ပါလာခဲ့သော အစောင့်အရှောက်တစ်ဦးဖြစ်ပြီး ၊ သူ အလွန် အလေးထားခဲ့ရသော လူငယ်တစ်ဦးလည်း ဖြစ်ပေသည်။

သို့သော် ကျောက်ပုဖန် တစ်ယောက် မမျှော်လင့်ဘဲ အိမ်တော်သို့ ရောက်ရှိလာချိန်၌ ၊ ထိုလူငယ်သည် ပုန်းအောင်းနေသော သူတို့သားအဖနှစ်ဦးကို သစ္စာဖောက်ကာ ဖမ်းဆီးခိုင်းခဲ့သည်။

“ဟားး...”

“အဖွဲ့ခေါင်းဆောင်...”

လင်းရှန်း က လေးနက်သော လေသံဖြင့် ဆိုလိုက်၏။

“ဒီလောက်နှစ်တွေအကြာကြီး... ကျွန်တော် အစောင့်အရှောက်အဖွဲ့မှာ မမောမပန်း တစိုက်မတ်မတ် အလုပ်လုပ်ခဲ့တယ်... ကျွန်တော် ဘာကို လိုချင်လဲဆိုတာ အဖွဲ့ခေါင်းဆောင် တစ်ခါလောက်ပဲဖြစ်ဖြစ် မေးဖူးလို့လား...”

“မင်း အလုပ်လုပ်တယ်... ငါက မင်းကို ငွေပေးတယ်... မင်းက ဘာတွေကို လိုချင်သေးတာလဲ...”

“ဒါပေမဲ့ ကျွန်တော်က ငွေတင်မကဘူး... ကျွန်တော်က လူသားတစ်ယောက်လေ... ကျွန်တော် ပိုပြီးတော့ လိုချင်တာပေါ့... ကျွန်တော်အနေနဲ့ ချစ်ခင်မှုကို လိုချင်တယ်... အဖွဲ့ခေါင်းဆောင်ရဲ့ သမက်ဖြစ်ချင်တယ်... လော့ချင်းဟယ်ကို လက်ထပ်ချင်တယ်... ဒါတွေကို အဖွဲ့ခေါင်းဆောင် ကျွန်တော့်ကို မေးဖူးလို့လား...”

ရုတ်တရက် ၊ လင်းရှန်း၏ ခံစားချက်များ ပြင်းထန်လာခဲ့သည်။

“ကျွန်တော်က ရိုးရိုးသားသားနဲ့ ကြိုးကြိုးစားစား လုပ်ကိုင်ရင် အဖွဲ့ခေါင်းဆောင်က ကျွန်တော့်ကို မျက်စိကျလိမ့်မယ်လို့ ထင်ခဲ့တာ... ဟားး...”

“ဒါပေမဲ့ ကျွန်တော် မှားသွားခဲ့တယ်... ကျန်းမင်နဲ့ အဖွဲ့ခေါင်းဆောင်တို့ရဲ့ ဆက်ဆံရေးကို မြင်လိုက်ရတဲ့ အချိန်မှာပဲ ကျွန်တော် မှားသွားမှန်း သိလိုက်ရတယ်...”

ထိုစကားကို ကြားပြီးနောက် ၊ လော့ဝူရှဲ့မှာ ပို၍ မျက်မှောင်ကြုတ်သွားသည်။

“လင်းရှန်း... နင့်ရဲ့ စိတ်ကူးယဉ် အိမ်မက်တွေကို ရပ်လိုက်စမ်း... နင့်လိုလူက ကျန်းအစ်ကိုကြီးနဲ့ ယှဉ်ဖို့ နေနေသာသာ သူ့ခြေဖဝါးတောင် မမီဘူး"

လော့ဝူရှဲ့ ပြန်မပြောနိုင်ခင်မှာပင် ၊ လော့ချင်းဟယ်က အလျင်စလို ဝင်ရောက်စွပ်စွဲလိုက်သည်။

“ဟားဟား...”

“မမလေး ပြောတာ မှန်ပါတယ်... ကျွန်တော်က တကယ်ပဲ ကျန်းမင်ကို မယှဉ်နိုင်ဘူး... ဒါကြောင့်လည်း သူက တစ်လအတွင်းမှာပဲ မင်းရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့တာပေါ့...ငါကရော...ငါကရော....”

သူက ရင်နာစရာကောင်းသော အမူအယာဖြင့် ခါးခါးသီးသီး ရယ်မောလိုက်သည်။

“ဒါပေမဲ့ အားလုံးက ပြီးဆုံးသွားပါပြီ...”

“သခင်လေးကျောက်က သူ့ကို သတ်လိမ့်မယ်... ပြီးတော့ မင်းကိုတော့... သခင်လေးကျောက်က ပြောပြီးပြီ... ကျန်းမင်ကို သတ်ပြီးတာနဲ့ မင်းကို ငါ့လက်ထဲ ထည့်ပေးလိမ့်မယ်...”

“အဲဒီအချိန်ကျရင် ငါက ဟုန်ယွမ်အစောင့်အရှောက်အဖွဲ့ တစ်ခုလုံးကို ရရှိရုံတင်မကဘူး... အလှနတ်သမီးလေးကိုပါ ပိုင်ဆိုင်ရတော့မှာ... သခင်လေးကျောက်ရဲ့ နောက်လိုက်အဖြစ် ဘာကြောင့် မလုပ်နိုင်ရမှာလဲ"

လင်းရှန်း၏ မျက်ဝန်းထဲ၌ အလိုလောဘများ တောက်လောင်နေပြီး ၊ ၎င်း၏ ရည်မှန်းချက်နှင့် ရမ္မက်များက ဆင်ခြင်တုံတရားကို လွှမ်းမိုးသွားခဲ့ပုံရသည်။

လော့ဝူရှဲ့က ခေါင်းကို ခါယမ်းကာ နောက်ဆုံးတွင် ပြန်ပြောလိုက်သည်။

“ဒါတွေအားလုံးက မင်းရဲ့ စိတ်ကူးယဉ်‌မှုတွေပဲ.... ကျောက်မိသားစုရဲ့ လူတွေက သူတော်ကောင်းတွေ မဟုတ်ဘူး... မင်း သူတို့နဲ့ ပူးပေါင်းတာဟာ ကျားတစ်ကောင်ဆီက အကူအညီတောင်းတာနဲ့ အတူတူပဲ"

“ပြီးတော့ ကျန်းမင်ရဲ့ အင်အားကို မင်းလည်း သိတာပဲ... သူက ကျောက်ပုဖန်ရဲ့ ဓားချက်အောက်မှာ သေမှာမဟုတ်ဘူး"

“အဖိုးကြီး... ခင်ဗျားက သခင်လေးကျောက်ကို အထင်သေးလွန်းတာပဲ...”

လော့ဝူရှဲ့၏ သံသယကို မြင်ပြီး ၊ လင်းရှန်းက လှောင်ပြောင် ပြောဆိုလိုက်သည်။

“အဲဒီနေ့က လမ်းမပေါ်မှာ ကလဲ့စားချေခဲ့တဲ့ လူငယ်ပါရမီရှင် လင်းလန်ကို မှတ်မိသေးလား...”

လော့ဝူရှဲ့ ပြန်မဖြေခဲ့ချေ။ သို့သော် သူ သေချာပေါက် မှတ်မိသည်။ ထိုကဲ့သို့ လျင်မြန်သော ဓားသိုင်းကို မြင်တွေ့ဖူးသူတိုင်း မည်သို့ မေ့ပျောက်နိုင်မည်နည်း။

“သူ သေသွားပြီ...”

"ဘာ..."

လော့ဝူရှဲ့တို့ သားအဖနှစ်ဦး မျက်လုံးများပြုးကျယ်သွားသည်။

“သူက သခင်လေးကျောက်ရဲ့ ဓားချက်အောက်မှာ သေသွားပြီ.... အခု ခင်ဗျား ပြောကြည့်စမ်း...”

“ကျန်းမင်က သူ့ထက် သာလို့လား...”

လော့ဝူရှဲ့တို့ သားအဖနှစ်ဦးစလုံး တိတ်ဆိတ်နေကြသည်။ သို့သော် သူတို့၏ လေးနက်သော အမူအရာများက အရာအားလုံးကို သက်သေပြနေသည်။

“အခုထိ ကျန်းမင်က အသက်ရှင်လျက် လွတ်မြောက်နိုင်ဦးမယ်လို့ ထင်နေတုန်းပဲလား...”

“ဒါမှမဟုတ်...”

“သူက ခင်ဗျားတို့ကို လာမကယ်ရဲတာလည်း ဖြစ်နိုင်တယ်"

လင်းရှန်းသည် ဤနောက်ဆုံးစကားကို လှောင်ပြောင်သော လေသံဖြင့် ဆိုလိုက်၏။

သူသည် တမင်သက်သက် လှုံ့ဆော်နေမှန်း ထင်ရှားသော်လည်း ၊ သို့သော် ဤအရာသည် ထိရောက်မှု ရှိခဲ့ကြောင်း ဝန်ခံရပေမည်။

All Chapters