← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

အပိုင်း(၆၄)

ဟုန်ယွမ်အစောင့်အရှောက်များ၏ မြှောက်ပင့် စကားများကို နားထောင်ရင်း၊ အဓိကနေရာတွင် ထိုင်နေသော လင်းရှန်၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်နေကာ မျက်လုံးများကို အနည်းငယ်မျှ မှိတ်ထားသည်။

လော့ဝူရှဲ့တို့သားအဖ ချန်ထားခဲ့သော စည်းစိမ်ဥစ္စာများဖြင့် သူသည် ဤညီအစ်ကိုများကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည်။

ယခုအချိန်တွင် ထိုသားအဖနှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်လျှင်ပင် ၊ ဟုန်ယွမ်အစောင့်အရှောက်အဖွဲ့ကို သူ့လက်ထဲမှ ပြန်လည် လုယူနိုင်တော့မည် မဟုတ်ချေ။

ဤလူများသည် ဤရက်ပိုင်းအတွင်း အပျော်အပါး၌ နစ်မွန်းခဲ့ကြသဖြင့် ဆင်းရဲခဲ့သော အတိတ်ကာလသို့ ပြန်လှည့်နိုင်တော့မည် မဟုတ်ပေ။

လူကောင်းဖြစ်ရန် သုံးနှစ် ကြိုးစားရသော်လည်း လူဆိုးဖြစ်ရန် သုံးရက်သာ လိုအပ်သည်။ ယခုအချိန်တွင် မည်သူမဆို သူတို့အား အတိတ်ကကဲ့သို့ အလုပ်ကြမ်းလုပ်ကာ လစာစောင့်ရသော ဘဝသို့ ပြန်သွားခိုင်းပါက ၊ ၎င်းတို့သည် သေသည်အထိ တိုက်ခိုက်ကြပေလိမ့်မည်။

ရုတ်တရက် ၊ အပြင်ဘက် စင်္ကြံလမ်းမှ အရိပ်တစ်ခု ဖြတ်သန်းသွား၏။

ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ၊ ဆံပင်နက်များ ဖြန့်ကျက်ကျဆင်းနေကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီးအလား ထင်မှတ်ရသည့် အမျိုးသမီးလေးတစ်ဦး ရောက်ရှိလာသည်။

လင်းရှန်းအပါအဝင် ဟုန်ယွမ်အစောင့်အရှောက်အဖွဲ့မှ တပည့်များအားလုံး မှင်သက်သွားခဲ့ရသည်။

သူတို့အားလုံး ဤမျှအထိ လှပသော အမျိုးသမီးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။

လော့ချင်းဟယ်သည်လည်း လှပသည်ဟု ဆိုနိုင်သော်လည်း ၊ ၎င်းမှာ သာမန် အရပ်သူတစ်ဦး၏ အလှတရားသာ ဖြစ်သည်။ ယခု မြင်တွေ့ရသော အမျိုးသမီး၏ အလှတရားနှင့် နည်းနည်းလေးမှ မယှဉ်နိုင်ချေ။

နှမြောစရာကောင်းသည်မှာ ထိုအရိပ်သည် ခဏလေးအတွင်းမှာပင် ထောင့်နေရာတွင် ပျောက်ကွယ်သွားခဲ့သည်။

လူတိုင်း၏ စိတ်ထဲတွင် ဟာတာတာ ခံစားချက်တစ်ခု ကျန်ရစ်ခဲ့သည်။

မိမိတို့၏ ရင်ခွင်ထဲက အမျိုးသမီးများကို ပြန်လည် ကြည့်ရှုလိုက်ချိန်တွင် ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းလွန်းသည်ဟု ခံစားမိသည်။

တစ်ခါတစ်ရံတွင် အမျိုးသားများသည် ဤမျှအထိ ထူးဆန်းတတ်ကြသည်။

အစော‌ပိုင်းက လှပသော အချစ်တော်လေး ဖြစ်ခဲ့သော်လည်း ၊ နောက်စက္ကန့်တွင်မူ စိတ်ပျက်စရာကောင်းသော မိန်းမကြီးအဖြစ် ရှုမြင်တတ်ကြသည်။

“တကယ်ကို လူ့လောကရဲ့ အလှနတ်သမီးပဲ... ငါ ကျိန်ဆိုရဲတယ်... ငါ့ဘဝမှာ ဒီထက်လှတဲ့ မိန်းမကို မမြင်ဖူးဘူး...”

တပည့်တစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

“စကားပုံအတိုင်းပေါ့... အလှတရားဆိုတာ သူရဲကောင်းနဲ့ပဲ ထိုက်တန်တယ်... ဒီလို အလှတရားက ငါတို့ အစ်ကိုကြီး လင်းရှန်းနဲ့ပဲ လိုက်ဖက်တယ်...”

“မှန်တယ်... မှန်တယ်...”

“ဟေး... ဘာတွေ လျှောက်ပြောနေတာလဲ... အစ်ကိုကြီး လင်းရှန်းရဲ့ စိတ်ထဲမှာ သခင်မလေး တစ်ယောက်တည်းပဲ ရှိတာ...”

“မဟုတ်ဘူး... မဟုတ်ဘူး... မင်းက ဒါကို နားမလည်သေးဘူး... အစ်ကိုကြီး လင်းရှန်းရဲ့ ရည်မှန်းချက်က ဒီလောက်ကြီးမားတာ... မိန်းမက ဒီလောက်ပဲ ရှိလို့ ဘယ်ဖြစ်မလဲ... ငါ့အမြင်အရတော့ သခင်မလေးကို မယားကြီးအဖြစ် ထားပြီး ခုနက အလှလေးကိုတော့ အငယ်အဖြစ် သိမ်းပိုက်ရမယ်... ဒါမှ ငါတို့ရဲ့ လင်းခေါင်းဆောင်ကြီးနဲ့ သင့်တော်မှာပေါ့...”

“မှန်တယ်... မှန်တယ်...”

ထိုကဲ့သို့သော မြှောက်ပင့် ချီးမွမ်းသံများကို ကြားပြီးနောက် လင်းရှန်းသည်လည်း ထိုသို့ ဖြစ်သင့်သည်၊ ဖြစ်ထိုက်သည်၊ ဖြစ်ရမည်ဟု တွေးမိသွားပုံရသည်။

ဤရက်ပိုင်းအတွင်း လောဘဇောများ ကြီးထွားလာခဲ့သူမှာ ဤညီအစ်ကိုများတင်မကဘဲ သူလင်းရှန်းလည်း အပါအဝင် ဖြစ်သည်။

သို့သော် ထိုအခိုက်အတန့်မှာပင် ယခင်က အလှလေးသည် မူလနေရာသို့ ပြန်လည် ရောက်ရှိလာခဲ့ပြန်သည်။

သို့ရာတွင် ဤတစ်ကြိမ်တွင် သူမ၏ နံဘေးတွင် အမျိုးသားတစ်ဦး ကပ်ပါလာ၏။

၎င်းမှာ သူတို့ အားလုံး အလွန်ပင် ရင်းနှီးကျွမ်းဝင်နေသော အမျိုးသားတစ်ဦး ဖြစ်သည်။

ကျန်းမင်၏ မျက်နှာ ပေါ်ထွက်လာသည့် စက္ကန့်ပိုင်းအတွင်းပင် ထိုအစောင့်အရှောက်များမှာ ချက်ချင်းဆိုသလို ငြိမ်ကျသွားသည်။

“အိုး... လူစုံတက်စုံ ရှိနေကြတာပဲ..”

“မင်းတို့ အားလုံးက အဖွဲ့ခေါင်းဆောင်ရဲ့ ကွယ်ရာမှာ လာပြီး ခိုးစားနေကြတာပေါ့...”

ကျန်းမင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းထားသော်လည်း ၊ ထိုအပြုံးမှာ အလွန် အေးစက်လွန်းသည်။

“ခလွမ်...”

အချို့သူများ၏ လက်ထဲက အရက်ခွက်များမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး၊ အချို့က ခေါင်းငုံ့ထားကြသည်။

ကျန်သူများက လင်းရှန်းဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

လင်းရှန်းသည် အံကြိတ်ထားပြီး ၊ နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

' ကျန်းမင်... ကျန်းမင် ထပ်ပြီး ကျန်းမင်ပဲလား'

ဤလောကရှိ အမျိုးသမီးအားလုံးက အဘယ့်ကြောင့် သူ့အနားတွင် ဝိုင်းရံနေကြသနည်း။

သူ၏ မျက်ဝန်းထဲက ပြင်းထန်သော မနာလိုဝန်တိုမှု မီးတောက်များက ပေါက်ကွဲလုမတတ် ထင်မှတ်ရသည်။

“ကျန်းမင်... ငါ မင်းကို သတ်မယ်...”

“ဒုန်း...”

လင်းရှန်းသည် စားပွဲကို ရိုက်ချကာ မှောက်လှန်ပစ်လိုက်ပြီး ၊ စားပွဲအောက်ရှိ ဓားကြီးကို ဆွဲယူလိုက်၏။

ကျန်သူများကလည်း အလားတူပင် မိမိတို့၏ လက်နက်များကို တုန်တုန်ယင်ယင်ဖြင့် ကောက်ကိုင်လိုက်ကြသည်။

သူတို့သည် ကျန်းမင်၏ အကြောင်းကို ကောင်းကောင်း သိထားသောကြောင့် အခြား ရွေးချယ်စရာ မရှိခဲ့ပေ။

“ဟူး...”

ကျန်းမင်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဝှစ်...”

အပြာရောင် ဓားအလင်းတစ်ချက် ဝင်းလက်သွားပြီးနောက် ၊ အခန်းအတွင်းရှိ လူတိုင်း၏ လှုပ်ရှားမှုများမှာ ရုတ်တရက် ရပ်တန့်သွားသည်။

သူတို့ လက်ထဲက ဓားများမှာ နှစ်ပိုင်းပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

သူတို့၏ လည်ပင်းထက်တွင် သွေးနီရောင် မျဉ်းကြောင်းတစ်ကြောင်း ထွင်းထုထား၏။

သွေးစက်များသည် တစ်စက်... နှစ်စက်... ထို့နောက် တရဟော စီးကျလာခဲ့သည်။

" ဝှစ်...”

မြောက်မြားစွာသော သွေးအိုင်ကြီးများ ဖြစ်ပေါ်လာ၏။

“အား...”

ကချေသည်များနှင့် အပျော်မယ်များ၏ အော်ဟစ်သံများက ညဉ့်ဦးယံ၏ တိတ်ဆိတ်မှုကို ဖြိုခွင်းပစ်ခဲ့လေသည်။

ကျန်းမင်သည် ပိုင်လင်ဖေးကို ခေါ်ဆောင်ကာ ထိုနေရာမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

သူတို့သည် ကျောက်ခင်းလမ်းပေါ် လျှောက်လှမ်းနေကြပြီး ၊ မီးအိမ်အလင်းရောင်သည် သူတို့၏ နောက်ကျောဘက်သို့ ကျရောက်နေကာ မြေပြင်ပေါ်ရှိ အရိပ်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု အလွန်နီးကပ်လျက် ရှိနေလေ၏။

All Chapters