အခန်း ၆၈
Vol. 7 Ch. 68
အပိုင်း(၆၈)
အကယ်၍ မိမိမျက်စိဖြင့် တပ်အပ်မမြင်ရပါက ၊ ပိုင်လင်ဖေးအနေဖြင့် ကျန်းမင် မည်သို့ လုပ်ဆောင်လိုက်သည်ကို နည်းနည်းလေးမျှ စိတ်ကူးနိုင်လိမ့်မည် မဟုတ်ချေ။
စက္ကန့်ပိုင်းအတွင်း အဆင့်(၆) သိုင်းပညာရှင် နှစ်ဦးကို သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။ဤကဲ့သို့သော စွမ်းဆောင်ရည်သည် သိုင်းလောကစာရင်း ထိပ်ဆုံး အယောက်ငါးဆယ်အတွင်း ဝင်ရောက်ရန် လုံလောက်သည်။
အကယ်၍ ကျန်းမင်၏ အသက်အရွယ်ကိုပါ ထည့်သွင်းတွက်ချက်ပါက ၊ အနာဂတ်တွင် သူသည် ထိပ်ဆုံးဆယ်ယောက်အတွင်း သေချာပေါက် ဝင်ရောက်ကာ လောကရှိ ထိပ်သီး ပါရမီရှင်များနှင့် ရင်ဆိုင်နိုင်ပေလိမ့်မည်။
ဤအခိုက်အတန့်တွင် ပိုင်လင်ဖေး၏ စိတ်ထဲ၌ အားကျမှုများ ဖြစ်ပေါ်လာခဲ့သည်။
“ဘယ်သူလဲ...”
ဓားကို ဓားအိမ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်သော ကျန်းမင်သည် အခန်းလွတ် တစ်ခုဆီ ရုတ်တရက် အော်ဟစ်လိုက်၏။
လူနှင့်ဓား တစ်သားတည်းဖြစ်ခြင်း နယ်ပယ်သို့ ရောက်ရှိနေသော သူသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးအပေါ် အာရုံခံနိုင်သည့် စွမ်းဆောင်ရည်မှာ မြင့်မားလာခဲ့သည်။
“ဟားဟား... အဆင့်(၆) သိုင်းပညာရှင် နှစ်ယောက်ကို ဆတ်ခနဲ သတ်ပစ်နိုင်တဲ့ ကျန်းသခင်လေးက မျှော်လင့်ထားသလို ထူးချွန်တာပဲ...”
ဝတ်ရုံနက် လူတစ်ဦးသည် အခန်းထဲမှ တံခါးကို တွန်းဖွင့်ကာ ထွက်လာခဲ့ပြီး ၊ သူ၏ လက်ထဲတွင် စက္ကူနှင့် ကလောင်တံကို ကိုင်ဆောင်ထားသည်။
ပိုင်လင်ဖေးက ထိုလူ၏ အထောက်အထားကို ချက်ချင်း မှတ်မိသွားသည်။
“ကောင်းကင်လျှို့ဝှက်ချက် ဆန်းကြယ်ဂေဟာရဲ့ မှတ်တမ်းတင်သူလား...”
ကောင်းကင်လျှို့ဝှက်ချက် ဆန်းကြယ်ဂေဟာသည် လောကရှိ သူရဲကောင်းလူငယ်များကို စုဆောင်း၍ သိုင်းလောကစာရင်းကို ပြုစုကြသည်။
ထို့ကြောင့် အမှောင်ထဲတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ မည်သို့ ပေါက်ကြားသွားသည်ကို မည်သူမျှ မသိနိုင်သော်လည်း၊ ပါရှန်းဓားဂိုဏ်းကဲ့သို့သော အင်အားကြီးအဖွဲ့များက မည်သူ၏လက်ချက်မှန်း သိရှိထားကြသည်။
ကောင်းကင်လျှို့ဝှက်ချက် ဆန်းကြယ်ဂေဟာတွင် လောကအနှံ့ ခရီးလှည့်ကာ မှတ်တမ်းတင်ကြသည့် ကျမ်းပြုဆရာများ ရှိကြသည်။ ထိုလူများသည် ပုန်းအောင်းရာ၌ အလွန် ကျွမ်းကျင်ကြပြီး သိုင်းလောက၏ ရန်ငြိုးများတွင် ဘယ်သောအခါမျှ ဝင်ရောက်ပတ်သက်ခြင်း မရှိကြချေ။
သူတို့သည် လူသူမသိသော နေရာများ၌ ဖြစ်ပွားသည့် သူရဲကောင်းတို့၏ တိုက်ပွဲများကို မှတ်တမ်းတင်ရန်သာ တာဝန်ရှိပြီး ၊ ၎င်းမှတစ်ဆင့် သိုင်းလောကစာရင်းကို အဆင့်သတ်မှတ်ကြခြင်း ဖြစ်သည်။
ထို့ကြောင့် သူတို့ကို သတိပြုမိသူ အလွန်နည်းပါးလှပေရာ ၊ သူမတို့ ပါရှန်းဓားဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးများပင်လျှင် သူတို့၏ ဖြစ်တည်မှုကို သိသော်လည်း ၎င်းတို့၏ ခြေရာလက်ရာများကို ရှာဖွေရန် ခဲယဉ်းသည်။
ကျမ်းပြုဆရာက ကျန်းမင်ကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။
ကျန်းမင်က ခေါင်းကို အနည်းငယ် ညိတ်ပြကာ တုံ့ပြန်လိုက်သည်။ ကောင်းကင်လျှို့ဝှက်ချက် ဆန်းကြယ်ဂေဟာ၏ လူများသည် သူ သတ်ရမည့် စာရင်းထဲတွင် မပါဝင်ချေ။
“သွားကြစို့...”
သူသည် ပိုင်လင်ဖေးကို လှမ်းခေါ်လိုက်သည်။
သူတို့နှစ်ဦး၏ အရိပ်သည် လော့အိမ်တော်ဆီသို့ ဆက်လက် နီးကပ်သွားခဲ့ပြီး ၊ ဤတစ်ကြိမ်တွင်မူ မည်သူမျှ လာရောက် တားဆီးခြင်း မရှိတော့ချေ။
သူတို့နှစ်ဦး ဝေးကွာသွားချိန်၌ ကျမ်းပြုဆရာ၏ အခန်းထဲမှ နောက်ထပ် အရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊ ကျန်းမင်တို့ ထွက်ခွာသွားရာ လမ်းကြောင်းကို စိုက်ကြည့်နေသည်။
“တကယ်ကို အံ့အားသင့်စရာကောင်းတဲ့ ကောင်လေးပဲ... အရင်တုန်းက ငါ မျက်စိမှားခဲ့တာပဲ...”
“သူက တကယ်ပဲ စူးကျန့်ဖုန်း ဆိုတဲ့ အရူးကောင်ရဲ့ သားလား...”
“ဟုတ်တယ်... သူက အဲဒီလူရဲ့ သားပဲ...”
“ငါတို့ ကောင်းကင်လျှို့ဝှက်ချက် ဆန်းကြယ်ဂေဟာရဲ့ မှတ်တမ်းက ဘယ်တော့မှ မမှားဘူး... လွန်ခဲ့တဲ့ (၁၈)နှစ်က စူးကျန့်ဖုန်းတို့ လင်မယားက အသက်နှစ်နှစ်ပဲ ရှိသေးတဲ့ သားဖြစ်သူ ကျန်းမင်... အော်... အဲဒီတုန်းကတော့ မျိုးရိုးက စူးပေါ့... စူးမင်လို့ ခေါ်ရမယ်...”
“သူတို့က အဲဒီကလေးကို ကလေးမရှိတဲ့ စုန့်ချွင်းမြို့က လင်မယားနှစ်ဦးရဲ့ အိမ်ရှေ့မှာ စွန့်ပစ်ခဲ့ကြတာ... အဲဒီနောက်မှာ သူတို့က အသက်အရွယ်တူတဲ့ နောက်ထပ် ကောင်လေးတစ်ယောက်ကို မွေးစားပြီး စူးမိသားစုဆီ ခေါ်သွားခဲ့တယ်... လူတိုင်းကို မျက်လှည့် ပြခဲ့တာပေါ့...”
“လွန်ခဲ့တဲ့ ခြောက်လက သူတို့ စုန့်ချွင်းမြို့ကို နောက်တစ်ကြိမ် ပြန်လာခဲ့ကြပေမယ့် ထူးဆန်းတာက အဲဒီကလေးကို သူတို့ ခေါ်မသွားခဲ့ကြဘူး... အဲဒီနောက်ပိုင်းမှာပဲ ခုလို ကြေကွဲစရာအဖြစ်အပျက် ဖြစ်ပွားခဲ့တာပေါ့...”
“ဟားး... ဒါက မထူးဆန်းပါဘူး... စူးကျန့်ဖုန်းက အဲ့လိုမိုက်မဲတဲ့သူ တစ်ယောက်ပဲလေ... မဟုတ်ရင် ဘာလို့ အဲ့ဒီမိနိးမကို လက်ထပ်ခဲ့မှာလဲ"
“သူ့ရဲ့ အစ်ကိုက နဂါးတွေထဲက နဂါးတစ်ကောင် ဆိုပေမယ့် ၊ သူကတော့ သာမန် လူညံ့တစ်ယောက်ပဲလေ...”
" သူ့အစ်ကိုသာ စောစောစီးစီး သေမသွားခဲ့ဘူးဆိုရင် စူးမိသားစုရဲ့ သခင်ကြီးနေရာက သူ့လက်ထဲကို ဘယ်လိုလုပ် ရောက်လာမလဲ...”
“အကယ်၍ သူ့လက်ထဲကို ရောက်မလာခဲ့ဘူးဆိုရင်ရော... စူးမိသားစုက ဒီနေ့လို အခြေအနေမျိုးအထိ ဘယ်လိုလုပ် ရောက်လာပါ့မလဲ... မင်း ပြောတာ ဟုတ်တယ်မလား...”
“ဟားဟားဟား...”
အမှောင်ထုအတွင်းရှိ လူနှစ်ဦးသည် အပြန်အလှန် ပြုံးရယ်လိုက်ကြပြီး ၊ ၎င်းတို့၏ မျက်ဝန်းများက ကောက်ကျစ်သော လှည့်စားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
လော့အိမ်တော်၏ တံခါးမကြီးမှာ ပွင့်ဟနေပြီး မီးအိမ်များကို မြင့်မားစွာ ချိတ်ဆွဲထားသဖြင့် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေ၏။
ကျန်းမင်သည် ဤစံအိမ်တော်နှင့် ရင်းနှီးပြီးသား ဖြစ်သဖြင့် ကျောက်ပြားလမ်းအတိုင်း နောက်ဖေးခြံဝင်းဆီသို့ လျှောက်လှမ်းလာခဲ့ရာ စုံတွဲတစ်တွဲကို မြင်တွေ့လိုက်ရသည်။
အမျိုးသားမှာ အသက်သုံးဆယ်ခန့် ရှိပြီး ရင့်ကျက်သော မျက်နှာ ရှိသည်။ အမျိုးသမီးသည် အသက်နှစ်ဆယ်ကျော်ခန့် ရှိပြီး ရုပ်ရည် မဆိုးလှသော်လည်း ၊ နှုတ်ခမ်းသားများမှာ အနည်းငယ် ပါးလွှာသဖြင့် ရက်စက်တတ်သော အသွင်အပြင်မျိုး ရှိသည်။
“ကျောက်ပုဖန်လား...”
ကျန်းမင်က ဖြည်းညင်းစွာ ရေရွတ်လိုက်၏။
“ကျန်းမင်လား...”
ကျောက်ပုဖန်ကလည်း အလားတူပင် ပြန်လည် ဖြေကြားလိုက်သည်။
“ဟုန်ရွမ်နတ်သမီးလည်း ရောက်လာတာလား...”
“တကယ်ကို ဝမ်းသာစရာပဲ...”
ကျောက်ပုဖန်၏ အကြည့်မှာ ကျန်းမင်ထံသို့ ခဏတာသာ ရပ်တန့်သွားပြီး ၊ ချက်ချင်းဆိုသလို ပိုင်လင်ဖေးထံသို့ ရောက်ရှိသွားခဲ့သည်။
ပိုင်လင်ဖေးသည် ပြန်မပြောဘဲ ကျန်းမင်၏ အနားသို့ အနည်းငယ် တိုးကပ်လိုက်ခြင်းဖြင့် သူမ၏ သဘောထားကို ပြသလိုက်၏။
သူမသည် ယနေ့တွင် ကျန်းမင်၏ ဘက်တော်သားဖြစ်သည်။
“ဟား...”
ကျောက်ပုဖန် ဘာကြောင့်မှန်းမသိ ရယ်မောမိလိုက်သည်။
“ကျန်းမင်... ငါက ဘယ်သူလဲဆိုတာ သိလား...”
ထိုအချိန်တွင် စူးယာက စကားဆိုလိုက်သည်။
သူမသည် ခေါင်းကို အနည်းငယ် မော့ထားပြီး မာနထောင်လွှားသော အမူအရာဖြင့် ရှိနေကာ ကျန်းမင်ကို ရွံရှာမုန်းတီးသော မျက်နှာပေးဖြင့် ကြည့်ရှုလိုက်၏။
ကျန်းမင်သည် သူမကို စောင်းငဲ့ကြည့်လိုက်ပြီး အေးစက်စွာ မေးမြန်းလိုက်သည်။
“လင်းမိသားစုရဲ့ မိုးကြိုးဓားသိုင်းကို ခိုးယူခဲ့တာ မင်းလား"