← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အပိုင်း(၇၀)

သူသည် အစ်မဖြစ်သူထံမှ ချစ်ခြင်းမေတ္တာကို ရရှိရန်အတွက် ဒူးထောက် ဖားယားတတ်သော လူညံ့များကဲ့သို့ ဘယ်သောအခါမျှ လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။

ကျန်းမင်၏ အရှက်မဲ့သော အမူအရာကို မြင်လိုက်ရသဖြင့် စူးယာသည် ဂွမ်းပုံကို လက်သီးဖြင့် ထိုးလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ၊ သွေးအန်လုနီးပါး ဒေါသထွက်ခဲ့ရသည်။

ကိုယ်ကျင့်တရားဖြင့် ခြိမ်းခြောက်မှုမှာ ရှုံးနိမ့်သွားခဲ့ချေပြီ။

ချက်ချင်းပင် သူမသည် ဘေးနားတွင် ရှိနေသော သူမ၏ စေ့စပ်ထားသူ ကျောက်ပုဖန်ထံသို့ အကြည့်လွှဲလိုက်သည်။

“သူ့ကို သတ်ပစ်စမ်း...”

“ငါ့အတွက် သူ့ကို သတ်ပစ်ပေး... သူက ရှင့်ရဲ့ စေ့စပ်ထားတဲ့ ဇနီးကို စော်ကားနေတာလေ... ရှင်သာ တကယ့် ယောကျ်ားတစ်ယောက်ဆိုရင် ရှင့်ရဲ့ ဓားကိုသုံးပြီး သူ့ကို သတ်ပစ်လိုက်...”

စူးယာက ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်သည်။

သူမသည် ကျန်းမင်ကို မုန်းတီးသလို ကျောက်ပုဖန်ကိုလည်း စိတ်ပျက်မိသည်။

ကျန်းမင်၏ တိုက်ခိုက်မှုကို အဘယ့်ကြောင့် မိမိအတွက် ဝင်ရောက်မကာကွယ်ပေးခဲ့ရသနည်း။

အဘယ်ကြောင့် သူမကို လူပြက်တစ်ယောက်လို ဖြစ်အောင် လုပ်ခဲ့ရသနည်း။

' သူ့အနေနဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လို့ရတာပဲလေ... သိုင်းလောကရဲ့ စည်းကမ်းတွေကို လျစ်လျူရှုလို့ ရတာပဲ... သူ့ရဲ့ ဇနီးလောင်းအတွက်နဲ့ သောက်တန်ဖိုးမရှိတဲ့ ဓားသမား တစ်ယောက်ရဲ့ မာနကို ဘာလို့ အလျှော့မပေးနိုင်ရတာလဲ...'

ထိုနေ့က လင်းလန့်နှင့် တိုက်ခိုက်ခဲ့စဉ်ကလည်း ဤအတိုင်းပင် ဖြစ်သည်။

အကယ်၍ ဖခင်ဖြစ်သူ၏ စီစဉ်မှုသာ မရှိပါက စူးယာအနေဖြင့် ကျောက်ပုဖန်ကို လက်ထပ်ခဲ့မည် မဟုတ်ပေ။ သူမသည် ဤကဲ့သို့သော ယောကျ်ားမျိုးက မိမိနှင့် မထိုက်တန်သည်ဟု ယူဆထားလေ၏။

သိုင်းလောကအတွင်း သူမနှင့် ထိုက်တန်သူမှာ သိုင်းလောကစာရင်း၏ အဆင့်သုံးနေရာတွင် ရှိသော ချောမောသော သခင်လေး ရွှယ်ပိုင်ယီ တစ်ယောက်တည်းသာ ရှိသည်။

ထို့ကြောင့် သူမသည် ကျောက်ပုဖန်ကို အမြဲတမ်း အော်ဟစ်ဆဲဆိုလေ့ရှိသည်။ ကျောက်ပုဖန်သည် သူမနှင့် ဘယ်သောအခါမျှ ငြင်းခုံခြင်း မရှိဘဲ လိပ်တစ်ကောင်ကဲ့သို့ ငြိမ်ခံနေတတ်သဖြင့် စူးယာသည် သူ့ကို အထင်သေးတတ်သည်။

ကျောက်ပုဖန်က မျက်မှောင်ကြုတ်လိုက်ရင်း မတ်တပ်ရပ်လိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ ၊ စူးယာသည် မိမိနှင့် စေ့စပ်ထားသူ ဖြစ်ပြီး သူတို့ ချင်းနျိုမြို့ ကျောက်မိသားစုအနေဖြင့် ကျန့်ဝမ်မြို့တော် စူးမိသားစု၏ အကူအညီကို လိုအပ်နေဆဲ ဖြစ်သည်။

သူ သူမကို ပစ်ပယ်ထား၍ မရချေ။

“ကျန်းမင်... မင်းနဲ့ငါကြားမှာ ရန်ငြိုးရန်စ မရှိခဲ့ဖူးဆိုပေမယ့်.... ဒါပေမဲ့ ကံကြမ္မာရဲ့ စီမံမှုကြောင့် မင်းနဲ့ငါက မိတ်ဆွေ ဖြစ်မလာဘဲ ရန်သူ ဖြစ်ဖို့ ကံပါလာခဲ့တယ်...”

“မင်း အပြစ်တင်ချင်တယ်ဆိုရင်တော့... မင်းရဲ့ မျိုးရိုးက စူးဖြစ်နေပြီး မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ စူးမိသားစုရဲ့ သွေးတွေ စီးဆင်းနေတာကိုပဲ အပြစ်တင်လိုက်...”

“ဒီမျိုးရိုးနဲ့ အဆင့်အတန်းက မင်းအတွက် ဂုဏ်သိက္ခာကို ယူဆောင်မပေးနိုင်တဲ့အပြင်... ဆန့်ကျင်ဘက်အနေနဲ့ မင်းအတွက် ဘေးဒုက္ခတွေကိုပဲ ယူဆောင်လာပေးလိမ့်မယ်...”

“မင်း မှားတယ်...”

ကျန်းမင်၏ မျက်ဝန်းများက လေးနက်လွန်းသည်။

“ငါ့မျိုးရိုးက ကျန်း... ငါ့နာမည်က ကျန်းမင်...”

“အဲ့တာကို မင်း မှတ်ထား"

သူ၏ လေသံမှာ ပြတ်သားပြီး ငြင်းခုံရန် အခွင့်အရေး မပေးချေ။

ဘဝနှစ်ခုစလုံးတွင် သူသည် ကျန်းမင်သာ ဖြစ်ခဲ့ပြီး ၊စူးမိသားစုနှင့် အနည်းငယ်မျှ ပတ်သက်မှု မရှိခဲ့ချေ။ အကယ်၍ ရှိခဲ့လျှင်ပင် ၎င်းမှာ သွေးပင်လယ်ကဲ့သို့ နက်ရှိုင်းသော ရန်ငြိုးသာ ဖြစ်ပေလိမ့်မည်။

“ချွင်...”

ကျောက်ပုဖန်သည် ဓားကို ဆွဲထုတ်လိုက်သည်။

“ကောင်းပြီ... ငါ မှတ်ထားလိုက်မယ်... ငါ မင်းရဲ့ အုတ်ဂူပေါ်မှာ ‘ကျန်းမင်’ ဆိုတဲ့ စာလုံးနှစ်လုံးကို ထုဆစ်ပေးမယ်...”

စကားသံအဆုံးတွင် ကျောက်ပုဖန်၏ ခန္ဓာကိုယ်သည် လျှပ်စီးကြောင်းသဖွယ် ပျံသန်းထွက်ခွာသွားသည်။

ချင်ယွမ်ဓားသိုင်း။

ကျောက်တုံလိုင် အသုံးပြုခဲ့သည်နှင့် မတူဘဲ ကျောက်ပုဖန်၏ ဓားချက်သည် ပို၍ ဆန်းကြယ်လှပသည်။

ကျောက်တုံလိုင်သည် မိမိကိုယ်ကိုယ် ထူးချွန်သည်ဟု ထင်မှတ်ကာ ချင်ယွမ်ဓားသိုင်းအတွင်းရှိ အချို့သော အပိုင်းများကို သူ့ကိုယ်ပိုင် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြင့် ပြန်လည်ပြုပြင်ခဲ့သည်။

သို့သော် သူ မသိခဲ့သည်မှာ ခြင်္သေ့တစ်ကောင်သည် ကောင်းကင်၏ ကျယ်ပြောမှုကို နားမလည်နိုင်ချေ။

သူသည် မိမိ၏ ဓားချက်မှာ ပို၍ ထက်မြက်သည်ဟု ထင်မှတ်နေခဲ့သော်လည်း ၊ အမှန်တွင် ထိုအရာနှင့် ဆန့်ကျင်ဘက် ဖြစ်ပြီး သူ၏ ဓားကွက်မှာ ပို၍ အားနည်းသွားခဲ့သည်။

သို့သော် ကျောက်ပုဖန်မှာ ထိုသို့ မဟုတ်ချေ။ သူ၏ ဓားကွက်တိုင်းက သန့်စင်လှပသည်။

“ဝှစ် ဝှစ်...”

ဓားအလင်းများသည် အရပ်မျက်နှာအနှံ့မှ ဝန်းရံလာခဲ့သည်။ ကျောက်ပုဖန်သည် ရှေ့တည့်တည့်တွင် ရပ်နေဆဲ ဖြစ်သော်လည်း၊ ၎င်း၏ ဓားအလင်းများက နေရာတိုင်းတွင် ရှိနေကာ သူ့နောက်ကွယ်က နေရာများပင် မကျန် ရှိနေ၏။

လင်းလန်သည်လည်း ဤကဲ့သို့သော ဓားချက်အောက်တွင် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

ကျန်းမင်သည်လည်း နောက်ဆုံးတွင် ဤဓားချက်ကို မြင်တွေ့လိုက်ရချေပြီ။

“ချွင်...”

အပြာရောင် ဓားအလင်းတစ်ချက် ဝင်းလက်သွားသည်နှင့် လူရော ဓားပါ တပြိုင်နက်တည်း လှုပ်ရှားလေ၏။

“ဒေါင် ဒေါင် ဒေါင်...”

ဓားစွမ်းအားများ တဟုန်ထိုး မြင့်တတ်လာပြီး၊ ဓားအလင်းသည် ကောင်းကင်သို့ ထိုးတက်သွားသည်။

ကျောက်ပုဖန်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော စွမ်းအားများကို အဆက်မပြတ် လှုံ့ဆော်ကာ လက်ထဲမှ ချင်ယွမ်ဓားကို ဆက်တိုက် လွှဲရမ်းလိုက်၏။

ဓားကွက်များက လှိုင်းတံပိုးများသဖွယ် ကျန်းမင်ထံသို့ အဆက်မပြတ် ကျရောက်လို့လာသည်။

ကျန်းမင်သည် ပင်လယ်ပြင်အတွင်းရှိ ကျောက်ဆောင်ကြီးတစ်ခုနှင့် တူပြီး ၊ ရန်သူဘက်က မည်မျှပင် သန်မာပါစေ သူသည် မလှုပ်မယှက် တည်ငြိမ်စွာဖြင့် ရင်ဆိုင်နေဆဲပင်။

မြေပြင်ထက်ရှိ အုတ်ပြားများမှာ ပြင်းထန်သော စွမ်းအင်လှိုင်းများကြောင့် အရပ်မျက်နှာအနှံ့ လွင့်စင်သွားခဲ့သည်။

ခြံဝင်းအတွင်းရှိ သစ်ပင်ကြီးများမှာလည်း ဓားစွမ်းအင်များနှင့် ပြောင်မြောက်သော ဓားကွက်များအောက်တွင် အမြစ်မှနေ၍ ပြတ်တောက်သွားခဲ့ရသည်။

ပိုင်လင်ဖေး၏ မျက်ဝန်းထဲ၌ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေ၏။

သူမသည် ကျောက်ပုဖန်၏ ဓားသိုင်းကြောင့် အံ့အားသင့်နေမိသလို ၊ ကျောက်ပုဖန်၏ ကျင့်ကြံအဆင့်ကြောင့် ပို၍ အံ့အားသင့်ခဲ့ရသည်။

သိုင်းလောကတွင် လူတိုင်းက ကျောက်ပုဖန်သည် အဆင့်(၇) အထွတ်အထိပ်အဆင့်သာ ရှိသည်ဟု ပြောဆိုကြသော်လည်း ၊ အမှန်တွင် သူ၏ ကျင့်ကြံမှုမှာ အဆင့်(၆)အတွင်းသို့ ဝင်ရောက်နေပြီ ဖြစ်ကာ အဆင့်(၆) အလယ်အလတ်အဆင့်ရှိ သိုင်းပညာရှင်တစ်ဦးပင် ဖြစ်နေပြီ ဖြစ်သည်။

ထို့ကြောင့် သူ့ကို သိကျွမ်းသူများက သူသည် အလွန် ပါးနပ်ပြီး အတွင်းစိတ်ကို ဖုံးကွယ်ရာတွင် ကျွမ်းကျင်သည်ဟု ပြောဆိုကြခြင်း ဖြစ်ပေလိမ့်မည်။

အကယ်၍ သာမန်လူတစ်ယောက်က သူသည် အဆင့်(၇) အထွတ်အထိပ်သာ ရှိသည်ဟု ထင်မှတ်ကာ သွားရောက် ယှဉ်ပြိုင်ပါက သေချာပေါက် အရေးနိမ့်ပေလိမ့်မည်။

All Chapters