← Chapters

အခန်း ၈၁၀

Vol. 59 Ch. 810

အခန်း ၈၁၀

Vol. 59 Ch. 810

အပိုင်း ၈၁၀ - ချောက်ကမ်းပါးအတွင်းသို့ ချဉ်းကပ်ခြင်း

နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး၏ အနောက်ဘက်ခြမ်းရှိ ညိုမှိုင်းသော တောင်ငယ်လေးတစ်ခု၏ ထိပ်တွင် လူနှစ်ယောက် ရှိနေသည်။ သဘောကောင်းသော မျက်နှာရှိသည့် ဝတ်စုံဖြူနှင့် အဘိုးအိုတစ်ဦးက တင်ပျဉ်ခွေထိုင်နေပြီး အခြားတစ်ယောက်မှာမူ မတ်တပ်ရပ်နေ၏။ ထိုမတ်တပ်ရပ်နေသူမှာ ကျောက်စီထိုးထားသော ဝတ်ရုံရှည်နှင့် မြင့်မားသော သရဖူကို ဆောင်းထားပြီး သူ၏ မုတ်ဆိတ်မွှေးများမှာ ရင်ဘက်အထိ ရှည်လျားစွာ ကျဆင်းနေသည်။ သူတို့နှစ်ဦးမှာ မြို့စားကြီးနန်းလုံနှင့် အထွဍ်အထိပ်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲ လုဝေယင်းတို့ ဖြစ်ကြသည်။

မြို့စားကြီးနန်းလုံသည် လုဝေယင်း၏ ရှေ့ ပေခြောက်ဆယ်ခန့်အကွာတွင် လက်နောက်ပစ်လျက် ရပ်နေ၏။ သူသည် အဝေးသို့ ငြိမ်သက်စွာ လှမ်းကြည့်နေသော်လည်း သူ၏မျက်လုံးထဲတွင်မူ စိုးရိမ်ပူပန်မှုများ ရှိနေသည်။

လုဝေယင်းက မြို့စားကြီးနန်းလုံ၏ စိုးရိမ်မှုကို ရိပ်မိသွားပြီး ဆိုလိုက်သည်။ “ညီအစ်ကိုနန်းလုံ... ဒီလောက်အထိ စိုးရိမ်မကင်းဖြစ်နေဖို့ မလိုပါဘူး။ သူက ပိုပြီးဝေးတဲ့နေရာကို တည်နေရာရွှေ့ပြောင်းမိသွားလို့ ရောက်လာဖို့ အချိန်နည်းနည်း ပိုကြာနေတာ ဖြစ်ပါလိမ့်မယ်။ သူ အစီအရင်မန္တာန်ကနေ တည်နေရာရွှေ့ပြောင်းသွားတာကို ကျုပ်တို့ ကိုယ်တိုင် မြင်ခဲ့ရတာပဲ မဟုတ်လား။”

မြို့စားကြီးနန်းလုံက သက်ပြင်းချလိုက်ပြီး ထိုအဘိုးအိုဘက်သို့ ခေါင်းလှည့်ကာ မတတ်သာသည့်လေသံဖြင့် ဆိုလိုက်၏။ “ခင်ဗျားပြောတာလည်း မမှားပါဘူး။ ဒါပေမဲ့ ခင်ဗျားလည်း သိတဲ့အတိုင်း နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးရဲ့ အန္တရာယ်တွေက ဘယ်လောက်ပဲ စွမ်းရည်ကြီးမားပါစေဦးတော့... အလွယ်တကူ ကိုင်တွယ်လို့ရတာမျိုး မဟုတ်ဘူးလေ။ ကျုပ်တို့မှာ အဲ့လူရဲ့ အကူအညီမပါရင် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးကို လာရတဲ့ ခရီးစဉ်က အလဟဿ ဖြစ်သွားရလိမ့်မယ်။”

လုဝေယင်းက မျက်လုံးများကို ဖွင့်လိုက်ပြီး မကျေမနပ် ရေရွတ်လိုက်၏။ “မြောက်ပိုင်းအနှစ်သာရ အလင်းတန်းများကို ဖြတ်ကျော်ဖို့ ယင်ယန်လက်စွပ်က လိုအပ်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အဲ့ဒီ ရှေးဟောင်းမီးတောက်ဖားပြုပ်ကြီးက တကယ်ပဲ အဲ့ဒီလောက်ထိ စွမ်းအားကြီးလို့လား။ တကယ်လို့ အဲ့ဒီလောက်ထိ စွမ်းပကားမရှိဘူးဆိုရင် ကျုပ်တို့က သူ့ကို ပါအောင်ခေါ်လာမယ့်အစား အဲ့ဒီလက်စွပ်ကိုပဲ အတင်းလုယူလိုက်ရင် ပိုမကောင်းဘူးလား။”

မြို့စားကြီးနန်းလုံက မျက်မှောင်ကြုတ်လျက် ပြောသည်။

“ကျုပ်လည်း သူ့ရဲ့ စွမ်းအားအစစ်အမှန်ကို ကိုယ်တိုင် မမြင်ဖူးသေးပါဘူး။ ဒါပေမဲ့ ဆရာသခင် ချန်းကုန်း ချန်ထားခဲ့တဲ့ မှတ်တမ်းတွေအရဆိုရင်တော့ အဲ့ဒီသားရဲဟာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှတယ်လို့ ဆိုတယ်။ ဒီသားရဲကို ဖိနှိပ်နိုင်စွမ်းရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို ရှာဖွေတာကသာ အကောင်းဆုံးပါ။ မဟုတ်ရင် ကျုပ်တို့ရဲ့ အင်အားတွေ အများကြီး ကုန်ခန်းရပါလိမ့်မယ်။ ကျုပ်ကတော့ ဒီလောက် အန္တရာယ်များတဲ့ နေရာမျိုးမှာ ခြေလွတ်လက်လွတ် မဖြစ်စေချင်ဘူး။”

ခဏမျှ စဉ်းစားပြီးနောက် လုဝေယင်းက လေးနက်စွာ ပြောလိုက်၏။

“ခင်ဗျားပြောတာ ကျိုးကြောင်းဆီလျော်ပါတယ်။ မောက်လန်လွင်ပြင် ကိစ္စပြီးကတည်းက ခင်ဗျားဟာ အများကြီး ပိုပြီးတော့ သတိကြီးလာတာပဲ။ ကျုပ်ဖတ်ခဲ့ဖူးတဲ့ ရှေးဟောင်းမှတ်တမ်းတွေအရတော့ ရှေးခေတ်တုန်းက အဲ့ဒီ ရှေးဟောင်းမီးတောက်ဖားပြုပ်ကြီးအကြောင်းကို လူသိသိပ်မများခဲ့ဘူး။ ဒီသားရဲကို ကိုင်တွယ်ရတာ မခက်ခဲဘူးလို့တောင် ဆိုကြသေးတယ်။ ဒါပေမဲ့ ဆရာသခင် ချန်းကုန်းက ဒီကောင်ရဲ့ ကြောက်စရာကောင်းပုံကို အာမခံထားမှတော့ ဒီသားရဲဟာ သန္ဓေပြောင်းသားရဲတစ်ကောင် ဖြစ်နေတာ သေချာသလောက် ရှိပါပြီ။”

မြို့စားကြီးနန်းလုံကမူ အခြားအတွေးတစ်ခု ရှိနေသဖြင့် ထိုစကားကို အပြည့်အဝ သဘောမတူဘဲ ပြောသည်။

“သန္ဓေပြောင်းသားရဲ ဟုတ်လား... ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်ထင်တာတော့ ဒီသားရဲဟာ ချောက်ကမ်းပါးထဲမှာ သဘာဝရန်သူတွေ မရှိဘဲ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်စွာ ကျင့်ကြံခွင့်ရခဲ့လို့ ခုလောက်ထိ အစွမ်းထက်နေတာ ဖြစ်လိမ့်မယ်။”

လုဝေယင်းက မျက်လုံးများကို ထပ်မံမှိတ်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်၏။

“အခြေအနေတွေက ခုလိုဖြစ်လာမှတော့ ဒီအကြောင်းတွေကို ထပ်ပြီး ငြင်းခုံနေဖို့ မလိုတော့ပါဘူး။ ကျုပ်တို့က အဲ့ဒီဖားပြုပ်ကြီးကို ဘယ်လိုနည်းနဲ့မဆို ရှင်းထုတ်ပစ်ရမှာပဲ။ ဒီသားရဲရှိတဲ့ နေရာကို သွားတဲ့ လမ်းကြောင်းမှာလည်း မြောက်ပိုင်းအနှစ်သာရ အလင်းတန်းတွေ ကာဆီးထားတာ ဖြစ်လို့ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဘယ်သူမှ ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တခြားကျင့်ကြံသူတွေ ကျုပ်တို့ထက် အရင်ဦးစွာ အဲ့ဒီ ရှေးဟောင်းရတနာတွေကို ရှာတွေ့သွားမှာကို စိုးရိမ်နေစရာ မလိုပါဘူး။”

လုဝေယင်း၏ တည်ငြိမ်သော စကားများကို ကြားရသောအခါ မြို့စားကြီးနန်းလုံက ပြုံးလိုက်၏။ သူက တစ်ခုခု ပြန်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏အမူအရာမှာ ရုတ်တရက် ပျက်ယွင်းသွားပြီး ကောင်းကင်ယံသို့ အလျင်အမြန် လှည့်ကြည့်လိုက်မိသည်။ မိုးပြာရောင်အလင်းတန်းတစ်ခုသည် သူတို့ဆီသို့ တရွေ့ရွေ့ ပျံသန်းလာနေသည်ကို သူ မြင်လိုက်ရ၏။

“နောက်ဆုံးတော့ သူ ရောက်လာခဲ့ပြီပဲ။”

ဟန်လိ၏ ပျံသန်းခြင်း အလင်းတန်းကို ကောင်းစွာ ရင်းနှီးထားသဖြင့် မြို့စားကြီးနန်းလုံက တချက်ကြည့်ရုံဖြင့် မှတ်မိသွားကာ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာတော့သည်။ လုဝေယင်းသည်လည်း ထိုစကားကို ကြားလိုက်ရသည်နှင့် မျက်လုံးများကို ချက်ချင်းဖွင့်ကာ ထရပ်လိုက်၏။ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း ထိုအဘိုးအိုသည်လည်း စိတ်ထဲမှ စိုးရိမ်နေခဲ့တာ သိသာသည်။

ထိုမိုးပြာရောင်အလင်းတန်းမှာ အလွန်ပင် သတိထားလျက် ပျံသန်းလာနေ၏။ ခဏအကြာတွင် သူတို့၏ ရှေ့သို့ ဆင်းသက်လာခဲ့ပြီ ဖြစ်သည်။ အလင်းတန်းများ လွင့်ပြယ်သွားသောအခါ ခေါင်းမြီးခြုံဝတ်ရုံ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ပေါ်လာတော့သည်။

သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ထိုဝတ်ရုံကို ဖောက်ထွင်းမြင်နိုင်ခြင်းမရှိသည့်အပေါ် မြို့စားကြီးနန်းလုံမှာ အံ့ဩသွားပြီး ချီတုံချတုံဖြင့် မေးလိုက်၏။ “ဒါ တာအိုရောင်းရင်းဟန်လား။”

“ဘာလဲ... ကျုပ်အပြင် ဒီနေရာမှာ ဆုံဖို့ ချိန်းထားတဲ့ တခြားသူ ရှိနေသေးလို့လား။” ဟန်လိက သူ၏ ဝတ်ရုံခေါင်းစွပ်ကို အနည်းငယ် ပင့်လိုက်ရင်း ပြုံး၍ ဆိုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏အကြည့်မှာ လုဝေယင်းထံသို့ ကျရောက်သွား၏။

လုဝေယင်းသည်လည်း ဟန်လိ ဝတ်ဆင်ထားသော ဝတ်ရုံ၏ ဆန်းကြယ်မှုကို သတိပြုမိလိုက်သော်လည်း အပြင်ပန်းတွင်မူ ဘာမှမဖြစ်သည့်အလား တည်ငြိမ်စွာပင် ရှိနေခဲ့သည်။

“တာအိုရောင်းရင်းကတော့ နောက်ပြီ။ ကျုပ်နဲ့ ညီအစ်ကိုလုတို့က ရောင်းရင်းကို စောင့်နေတာ ကြာပါပြီ။”

မြို့စားကြီးနန်းလုံသည် ခုမှ စိတ်အေးသွားတော့သည်။ သို့သော်လည်း ဟန်လိ ဘာကြောင့် ဤဝတ်ရုံကို ဝတ်ဆင်ထားသလဲဆိုသည်ကိုမူ သူ စဉ်းစားမရ ဖြစ်နေမိ၏။ ဟန်လိကိုယ်တိုင်ကလည်း သည်အကြောင်းကို ထုတ်မပြောသဖြင့် သူသည်လည်း အရေးမကြီးလှသော ကိစ္စတစ်ခုအဖြစ် ယူဆကာ ထပ်မံမမေးမြန်းတော့ချေ။ ထို့နောက် သူတို့ သုံးဦးသည် ရှေးဟောင်းမီးတောက်ဖားပြုပ်ကြီးကို မည်သို့ ရှင်းလင်းကြမည်နည်းဟူသော အချက်ကို စတင်ဆွေးနွေးကြတော့သည်။

ထိုမီးလျှံဖားပြုပ်ကြီး၏ လှိုဏ်ဂူသို့ မရောက်မီတွင် သူတို့သည် ချောက်ကမ်းပါး၏ အတွင်းပိုင်းဒေသထဲသို့ အရင်ဦးစွာ ဝင်ရောက်ကြရမည် ဖြစ်သည်။ ထို 'ချောက်ကမ်းပါးအတွင်းပိုင်းဒေသ' ဆိုသည်မှာ အမှန်တကယ်၌ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး၏ ဗဟိုချက်တွင် တည်ရှိပြီး အလွန်တရာ အစွမ်းထက်လှသော ရှေးဟောင်းတားမြစ်ချက်အရံအတားကြီးတစ်ခုဖြင့် ဝန်းရံပိတ်ဆို့ထားသည့် ကျယ်ပြောလှသော နေရာရပ်ဝန်းတစ်ခု ဖြစ်ပေသည်။

ထို့ကြောင့် ၎င်းအတွင်းပိုင်းသို့ တိုက်ရိုက်ဝင်ရောက်နိုင်မည့် လမ်းကြောင်းဟူ၍ မရှိချေ။ သို့သော်လည်း အတွင်းပိုင်းနေရာ အစပ်တစ်လျှောက် ရှာဖွေကြည့်လျှင် အရွယ်အစားမျိုးစုံရှိသည့် ဝင်ပေါက်လမ်းကြောင်း တစ်ဒါဇင်ကျော်လောက်ကို အလွယ်တကူ ရှာတွေ့နိုင်သည်။ ကံဆိုးသည်မှာ ထိုလမ်းကြောင်းတိုင်းတွင် ရှုပ်ထွေးလှသော တားမြစ်ချက်အတားအဆီးများစွာကို အထပ်ထပ် ချခင်းထားခြင်းပင်။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းအတွင်းသို့ ဝင်ရောက်လိုပါက ထိုတားမြစ်ချက်များကို တစ်ခုပြီးတစ်ခု ဖြေးဖြေးချင်း ချေဖျက်သွားရမည်ဖြစ်ပြီး မဟုတ်ပါက အကြမ်းနည်းဖြင့် တိုက်ဖျက်ခြင်း၏ ဆိုးကျိုးများကို ရင်ဆိုင်ရပေလိမ့်မည်။

ထိုရှေးဟောင်းတားမြစ်ချက်များ၏ စွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး ၎င်းတို့သည် ညှာတာမှု ကင်းမဲ့ကြသည်။ ၎င်းတို့ကို မထိမိစေတာကသာ အကောင်းဆုံးပင်။ အကယ်၍ တားမြစ်ချက်တစ်ခုခုကို တိုက်ခိုက်မိပါက ၎င်းသည် တုံ့ပြန်လာနိုင်သည်။ အတိတ်တုန်းက ဆရာသခင် ချန်းကုန်းသည် အစီအရင်အတတ်ပညာ၌ နက်နဲလှသော ဗဟုသုတများ ရှိထားသဖြင့် ဤတားမြစ်ချက်များကို လပေါင်းများစွာကြာအောင် သေသေချာချာ ဆန်းစစ်လေ့လာခဲ့ဖူးသော်လည်း အဆုံးသတ်တွင်မူ လက်လျှော့ခဲ့ရသည်။ ဤတားမြစ်ချက်များကို ချေဖျက်ရန် ဖြစ်နိုင်ခြေ ရှိဦးတော့... တစ်ဦးတည်း လုပ်ဆောင်ဖို့ဆိုလျှင် အလွန်အချိန်ပေးရမည် ဖြစ်သောကြောင့်ပင်။

နောက်ပိုင်းတွင် ဆရာသခင် ချန်းကုန်းသည် အကြံဉာဏ်တစ်ခု ရရှိခဲ့သည်။ သူသည် မတော်တဆ တိုက်ဆိုင်မှုတစ်ခုကြောင့် မြောက်ပိုင်းအနှစ်သာရ အလင်းတန်းများဖြင့် သေချာစွာ ဖုံးကွယ်ထားသော လျှို့ဝှက်လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့ခြင်းပင်။ ထိုလမ်းကြောင်းမှာ အလွန်တရာ ပုန်းလျှိုးကွယ်လျှိုး ရှိနေပြီး ကြိုတင်ပြင်ဆင်မှုမရှိဘဲ ၎င်းအတွင်းသို့ မဆင်မခြင် ဝင်ရောက်လာသော မည်သည့်ကျင့်ကြံသူမဆို ထိုမြောက်ပိုင်းအနှစ်သာရ အလင်းတန်းများ၏ သုတ်သင်ရှင်းလင်းခြင်းကို ခံရပေလိမ့်မည်။ သို့သော် သူတို့လက်ထဲ၌ ယင်ယန်လက်စွပ် ရှိနေသည့်အတွက်ကြောင့် ၎င်းအတွင်းပိုင်းဒေသထဲသို့ ဝင်ရောက်ရန်မှာ အလွန်လွယ်ကူသည်။

ထို့ကြောင့် ဟန်လိနှင့် အခြားသူနှစ်ဦးမှာ ဆက်လက်တွေဝေမနေတော့ဘဲ ကောင်းကင်ယံသို့ တပြိုင်နက်တည်း ပျံတက်ကာ ချောက်ကမ်းပါးအတွင်းပိုင်းဒေသရှိရာသို့ တိုက်ရိုက် ဦးတည်ထွက်ခွာလာကြသည်။

သူတို့ လေထဲသို့ ပျံတက်လိုက်သည့် အချိန်မှာပင် မြို့စားကြီးနန်းလုံသည် သူ၏သိုလှောင်အိတ်ကို ပုတ်ကာ အရွယ်အစား အမျိုးမျိုး၊ အရောင်အသွေး မျိုးစုံရှိသည့် ခေါင်းလောင်းငယ် အချို့ကို ထုတ်ယူလိုက်၏။ ထို့နောက် သူ၏ခါးတွင် သေသေချာချာ ချိတ်ဆွဲလိုက်ရာ ဤမြင်ကွင်းကြောင့် ဟန်လိမှာ အနည်းငယ် အံ့အားသင့်သွားရသည်။

ဟန်လိ သိချင်စိတ် ဖြစ်ပေါ်နေသည်ကို မြင်သောအခါ မြို့စားကြီးနန်းလုံက ပြုံး၍ ရှင်းပြလိုက်၏။ “ဒါတွေက အချက်ပေးခေါင်းလောင်းငယ်တွေပါ။ ဟင်းလင်းပြင်အက်ကြောင်းတစ်ခုခုနား ရောက်လို့ လှိုင်းတွန့်တွေ ဖြစ်ပေါ်လာတာနဲ့ ဒီခေါင်းလောင်းတွေက အလိုအလျောက် မြည်လာလိမ့်မယ်။ ဟင်းလင်းပြင်အက်ကြောင်း အားလုံးကို အာရုံမခံနိုင်ရင်တောင် အများစုအတွက်တော့ ကြိုတင်သတိပေးချက် ပေးနိုင်ပါတယ်။”

ဟန်လိက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့ သုံးဦးမှာ ကောင်းကင်ယံကို ခွင်းလျက် အရှိန်အဟုန်ဖြင့် ပျံသန်းကြတော့သည်။

သူတို့ ချောက်ကမ်းပါးအတွင်းပိုင်းသို့ ပျံသန်းလာကြစဉ်အတွင်း ထိုခေါင်းလောင်းငယ်များမှာ အမှန်တကယ်ပင် အသုံးတည့်လှပေသည်။ ဟင်းလင်းပြင်အက်ကြောင်းတစ်ခုခုနှင့် နီးကပ်လာလေတိုင်း ၎င်းတို့မှာ ချက်ချင်း မြည်ဟိန်းလာသဖြင့် သူတို့ သုံးဦးမှာ ကြိုတင်ရှောင်တိမ်းနိုင်ကြပြီး ထိုအက်ကြောင်းများအတွင်းသို့ မဆင်မခြင် ကျရောက်ခြင်းမှ ကာကွယ်ပေးနိုင်ခဲ့သည်။

သို့သော်လည်း ဤခေါင်းလောင်းငယ်များသည် တစ်စုံတစ်ရာသော နည်းလမ်းဖြင့် ထောက်လှမ်းနိုင်သည့် ဟင်းလင်းပြင်အက်ကြောင်းများကိုသာ တုန့်ပြန်နိုင်ခြင်း ဖြစ်သည်။ အကယ်၍ လုံးဝ လှိုင်းတွန့်မရှိဘဲ ဖုံးကွယ်ထားသော အက်ကြောင်းမျိုး ဆိုလျှင်မူ ဤခေါင်းလောင်းငယ်များသည် ကြိုတင်သတိပေးချက် ပေးနိုင်လိမ့်မည် မဟုတ်ပေ။

ဟန်လိသည် ထိုအချက်ကို ကောင်းစွာ သိရှိထားသဖြင့် သူသည် မိမိ၏ ဝိညာဉ်မျက်စိကို အစွမ်းကုန် အသုံးပြုကာ ဖုံးကွယ်ထားသော ဟင်းလင်းပြင်အက်ကြောင်းများ ရှိ၊ မရှိကို စဉ်ဆက်မပြတ် စူးစမ်းနေခဲ့သည်။ ရလဒ်အနေဖြင့် သူသည် သူတို့၏ ဘေးတစ်ဖက်တွင် လုံးဝ ဖုံးကွယ်နေသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိလိုက်၏။ သူတို့ ထိုအက်ကြောင်းဘေးမှ ဖြတ်သန်းသွားချိန်တွင် မြို့စားကြီး၏ ခေါင်းလောင်းငယ်များမှာ လုံးဝ မြည်ဟိန်းခြင်း မရှိခဲ့ချေ။ ဤသည်ကို မြင်ရသောအခါ ဟန်လိသည် စိတ်ထဲမှ ပိုမို၍ သတိထားလိုက်တော့သည်။ သို့သော်လည်း မြို့စားကြီးနန်းလုံနှင့်လုဝေယင်း တို့မှာမူ ထိုခေါင်းလောင်းငယ်များ၏ အကူအညီကြောင့် များစွာ စိတ်အေးလက်အေးဖြင့် ပိုမိုမြန်ဆန်စွာ ပျံသန်းနေကြဆဲ ဖြစ်သည်။

လမ်းခရီးတွင် ဖုံးကွယ်ထားသော အခြားဟင်းလင်းပြင်အက်ကြောင်းများနှင့် ထပ်မံမကြုံတွေ့ရသဖြင့် ဟန်လိသည်လည်း ကြိုတင်သတိပေးစကားများ ပြောဆိုနေရန် မလိုတော့ဘဲ ဘာမှမသိသည့်အလား ငြိမ်သက်စွာဖြင့်သာ လိုက်ပါလာခဲ့သည်။

တစ်ရက်နီးပါး ခရီးနှင်ပြီးနောက် သူတို့ သုံးဦးမှာ မသိကျွမ်းဖူးသော တောင်တန်းတစ်ခု၏ ရှေ့သို့ ရောက်ရှိလာကြပြီး ၎င်းမှာ ချောက်ကမ်းပါးအတွင်းပိုင်းဒေသ၏ အစပ်ပင် ဖြစ်သည်။ ထိုတောင်တန်းမှာ တောင်ငယ် တစ်ဒါဇင်ကျော်ခန့် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက် သွယ်တန်းနေပြီး လီပေါင်းများစွာ ကျယ်ပြောလှသော တောင်တန်းငယ်တစ်ခုအလား ထင်ရသည်။ ထိုတောင်တန်း၏ နောက်ကွယ်ရှိ ကောင်းကင်ယံတွင်မူ ဝါကျင့်ကျင့် ကောင်းကင်ပြင်ကြီးကို ဖုံးလွှမ်းထားသည့် ရဲရဲနီသော အလင်းတံတိုင်းကြီးတစ်ခု ရှိနေပြီး ၎င်းထံမှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအရှိန်အဝါများကို ထုတ်လွှတ်နေ၏။

“အဲ့ဒီနေရာပဲ ဖြစ်ရမယ်။ အဲ့ဒီ ရဲရဲနီနေတဲ့ အလင်းတံတိုင်းဟာ အလွန်တရာ ရက်စက်ကြမ်းကြုတ်တဲ့ ရှေးဟောင်းတားမြစ်ချက်တစ်ခုပဲ။ ကျုပ်တို့ ဒါကို မဆင်မခြင် သွားပြီး မတိုက်ခိုက်မိဖို့ လိုတယ်... မဟုတ်ရင် ကျုပ်တို့ ဘေးဒုက္ခအကြီးကြီး ကြုံရလိမ့်မယ်။”

မြို့စားကြီးနန်းလုံသည် ၎င်းအလင်းတံတိုင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သော်ငြားလည်း ၎င်း၏ ကြောက်စရာကောင်းပုံကို ချက်ချင်းပင် ရိပ်မိသွားကာ သတိပေးလိုက်ခြင်း ဖြစ်သည်။

ဟန်လိက မျက်လုံးများကို မှေးစင်းလိုက်ပြီး ထိုအလင်းတံတိုင်းထံသို့ ခံစားချက်ကင်းမဲ့စွာဖြင့် စိုက်ကြည့်နေမိ၏။ ၎င်းထံမှ ထွက်ပေါ်နေသော ထူးဆန်းလှသည့် ဖိအားများကြောင့် မြို့စားကြီးနန်းလုံက သတိမပေးခဲ့လျှင်ပင် သူသည် ၎င်းအနားသို့ မဆင်မခြင် ချဉ်းကပ်သွားမည့်သူ မဟုတ်ပေ။

‘ဒါပေမဲ့ ရှေးဟောင်း နတ်ဆိုးကျင့်ကြံသူတွေက ဘာကြောင့်များ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးရဲ့ ပတ်ပတ်လည်မှာ ခုလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ တားမြစ်ချက်အရံအတားတွေကို အလွှာလိုက် ချခင်းထားခဲ့ကြတာလဲ... ဒီချောက်ကမ်းပါးရဲ့ အစစ်အမှန် ရည်ရွယ်ချက်က ဘာဖြစ်မလဲ၊ သူတို့ ဘယ်လို လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားချင်လို့လဲ... ကြည့်ရတာ ဒီချောက်ကမ်းပါးကြီးက ကြီးမားလှတဲ့ အကျဉ်းထောင်တစ်ခုနဲ့တောင် တူနေသေးတယ်...’

ဟန်လိ၏ စိတ်ထဲ၌ ထိုသို့သော အတွေးများ ရုတ်တရက် ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် သူ၏ အတွေးများကို သူပြန်၍ လှောင်ပြောင်ပစ်မိ၏။ ဤမျှ ကြီးမားကျယ်ပြောလှသော ချောက်ကမ်းပါးကြီးကို အကျဉ်းထောင်အဖြစ် သုံးရလောက်အောင် ဘယ်လိုကြောက်မက်ဖွယ် မွန်းစတားကြီးကို ဖမ်းဆီးပိတ်လှောင်ထားခဲ့လို့လဲ... ၎င်းမှာ မဖြစ်နိုင်လောက်ပေ။ ဤနေရာမှာ ရှေးဟောင်းနတ်ဆိုးကျင့်ကြံသူများ၏ အဓိက အခြေစိုက်စခန်းကြီးတစ်ခု ဖြစ်ခဲ့ဖူးတာကသာ ပို၍ သဘာဝကျပေလိမ့်မည်။

ထိုအချိန်တွင် မြို့စားကြီးနန်းလုံက ရှေ့ကနေ ဦးဆောင်လိုက်ပြီး တောင်တန်းငယ်များထဲမှ တောင်နှစ်လုံးရှိရာဘက်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားတော့သည်။

ခရီးအနည်းငယ် ဆက်ပြီးနောက် မြို့စားကြီးနန်းလုံက လက်ဝေ့ယမ်းပြကာ ပျံသန်းနှုန်းကို လျှော့ချလိုက်ပြီး သူတို့ သုံးဦးမှာ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်ကြ၏။ သူတို့၏ရှေ့တွင် စိမ်းလန်းစိုပြေနေသော မြက်ခင်းပြင်ကြီးတစ်ခုနှင့် သစ်ပင်ကြီးများ၊ နွယ်ပင်များ ဖုံးလွှမ်းနေသော ကျောက်တောင်ကြီးများကိုသာ မြင်ရပြီး အလွန်ပင် သာမန်ဆန်လှပေသည်။

မြို့စားကြီးနန်းလုံ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော်လည်း သူက တည်ငြိမ်စွာပင် ဆိုလိုက်၏။ “ကဲ... ရောက်ပါပြီ။ မူလတုန်းကတော့ ဒီနေရာက အခုလို ပုံစံမျိုး မဟုတ်ပါဘူး။ အတိတ်တုန်းက ဆရာသခင် ချန်းကုန်း ဒီနေရာကို ရောက်လာခဲ့စဉ်က ဝင်ပေါက်လမ်းကြောင်းကို အခြားသူတွေ ရှာမတွေ့နိုင်အောင် ပုံရိပ်ယောင်အစီအရင်တစ်ခုနဲ့ သေချာစွာ ဖုံးကွယ်ထားခဲ့တာပါ။ ကျုပ် အခု အဲ့ဒီ ပုံရိပ်ယောင်ကို ဖယ်ရှားလိုက်ပါ့မယ်။”

သူသည် သူ၏လက်အင်္ကျီကို ဝှေ့ယမ်းလိုက်ပြီး အဖြူရောင်ကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ယူလိုက်၏။ ထိုရတနာမှာ သူ၏ဦးခေါင်းထက်တွင် ငြိမ်သက်စွာ ပျံဝဲနေပြီးနောက် သူက နက်နဲသော ဂါထာတစ်ခုကို ရွတ်ဆိုလိုက်ကာ သူ၏လက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်လျက် အရောင်စုံ အလင်းမန္တာန်တံဆိပ်အချို့ကို ထိုကျောက်စိမ်းဆွဲသီးပေါ်သို့ ရိုက်ခတ်လိုက်သည်။ ထိုမန္တာန်တံဆိပ်များအားလုံးကို ကျောက်စိမ်းဆွဲသီးက အပြည့်အဝ စုပ်ယူလိုက်ပြီးနောက် ၎င်းထံမှ စူးရှသော အဖြူရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာကာ မြည်ဟိန်းသံတစ်ခုနှင့်အတူ တုန်ခါလာတော့သည်။

မြို့စားကြီးနန်းလုံက မာန်သွင်းအော်ဟစ်လိုက်သောအခါ ကျောက်စိမ်းဆွဲသီးထံမှ သိပ်သည်းလှသော အဖြူရောင် မြူခိုးတိမ်တိုက်ကြီးတစ်ခု ဝုန်းခနဲ ထွက်ပေါ်လာပြီး သူတို့ရှေ့ရှိ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ပြောင်းလဲမှုမှာ အလွန်ပင် အံ့ဩစရာ ကောင်းလှသည်။ သူတို့ရှေ့ရှိ ကျောက်တောင်များနှင့် သစ်ပင်များမှာ ပန်းချီကားတစ်ချပ် စုတ်ပြတ်သွားသည့်အလား စတင်၍ ယိမ်းထိုးလှုပ်ရှားလာတော့၏။ ကြည်လင်သော မြည်ဟိန်းသံများနှင့်အတူ အဖြူရောင်အလင်းတန်းများမှာ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများကို ဖယ်ရှားပစ်လိုက်ပြီး ထိုကျောက်စိမ်းဆွဲသီးအတွင်းသို့ ပြန်လည်ပျံဝင်သွားကာ သဲလွန်စမရှိ ပျောက်ကွယ်သွားလေတော့သည်။

ထိုအခါမှသာ ဟန်လိတို့အုပ်စု ရှေ့တွင် အစိမ်းသပ်သပ်မြင်ကွင်းတစ်ခု ပေါ်လာလေ၏။

All Chapters