အခန်း ၈၁၂
Vol. 59 Ch. 812
အပိုင်း ၈၁၂ - ရှေးဟောင်းမြွေဟောက်
လုဝေယင်းသည် မန္တာန်ရွတ်ဆိုခြင်းကို အဆုံးသတ်လိုက်ပြီး အစီအရင်အလံထံသို့ လက်ညွှန်လိုက်၏။ ထိုအလံမှာ တုန်ခါသွားပြီးနောက် ရုတ်တရက် ပွင့်ဟလာကာ စူးရှလွန်းသော အလင်းတန်းများ ဖြာထွက်လာတော့သည်။ လေပြင်းမုန်တိုင်းကြီးတစ်ခုအလား ပြင်းထန်လှသော လေဟုန်များမှာ ၎င်း၏ ပတ်ပတ်လည်တွင် ထပ်ခါတလဲလဲ တိုက်ခတ်လာပြီး နောက်ဆုံးတွင် လေနဂါး ဆယ်ကောင်ခန့်အဖြစ် သိပ်သည်းဖွဲ့စည်းသွားကာ ကြီးမားလှသော ဖိအားများနှင့်အတူ မြူထုဆီသို့ တဟုန်ထိုး တိုးဝင်သွားကြသည်။
မြို့စားကြီးနန်းလုံ၏ ကြီးမားလှသော ရွှေရောင်ဓားကြီးမှာမူ တဝူဝူမြည်ဟီးလျက် မြူထု၏ အထက်တွင် စတင်လည်ပတ်နေ၏။ မြို့စားကြီးနန်းလုံသည် ဤမြူထုများ လွင့်ပါးသွားမည့်အချိန်ကို စောင့်ဆိုင်းနေပုံရပြီး ထိုရှေးဟောင်းသားရဲ ပေါ်လာသည်နှင့်တစ်ပြိုင်နက် မိုးကြိုးကဲ့သို့ ပြင်းထန်လှသော တိုက်ချက်တစ်ခုဖြင့် တစ်ချက်တည်း အဆုံးသတ်ပစ်ရန် ကြံစည်ထားခြင်း ဖြစ်သည်။
ဟန်လိသည် စကားတစ်လုံးမျှ မဆိုဘဲ သူ၏လက်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ ငွေရောင်အလင်းတန်းများ တောက်ပြောင်နေသော ခေါင်းလောင်းငယ်တစ်ခု ထွက်ပေါ်လာပြီး အဝေးတစ်နေရာသို့ အလင်းတန်းတစ်ခုအလား လျင်မြန်စွာ ပျံသန်းသွားတော့သည်။
လေနဂါးများသည် တစ်ကောင်နှင့်တစ်ကောင် အရှိန်ပြိုင်နေကြသည့်အလား မြူထုအတွင်းသို့ ဦးခေါင်းဖြင့် တိုက်ရိုက် တိုးဝင်သွားကြ၏။ ထိုမီးခိုးရောင် မြူထုကြီးမှာ ခဏမျှ လှိုင်းထသွားပြီးနောက် အတွင်းပိုင်းမှ လေဆင်နှာမောင်းတစ်ခု၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရကာ စတင်၍ ပြန့်ကျဲသွားတော့သည်။
သို့သော်လည်း မြူထုများ ဖယ်ခွာသွားခြင်းမှာ ခဏတာမျှသာ ဖြစ်၏။ လေထုထဲတွင် ထူးဆန်းလှသော မြွေတွန်သံတစ်သံ ပြည့်နှက်သွားပြီးနောက် ပေါက်ကွဲသံကြီးတစ်ခု မြူထုအတွင်းမှ ထွက်ပေါ်လာသည်။ ရေစည်ပိုင်းတစ်ခုနှယ် တုတ်ခိုင်လှသော မြွေအမြီးကြီးတစ်ခုမှာ မြူထုထဲမှ ရုတ်တရက် ထိုးထွက်လာပြီး လေနဂါးတစ်ကောင်ကို ရိုက်ခတ်ကာ လေဆင်နှာမောင်းကိုပါ ချက်ချင်း ဖြိုခွဲပစ်သည်။
ထို့နောက် ဗုန်းဗုန်းမြည်သံ နှစ်ချက်နှင့်အတူ ထိုမြွေအမြီးကြီးသည် အတွင်းပိုင်းမှနေ၍ ကျန်ရှိနေသော လေနဂါးနှစ်ကောင်ကိုလည်း လွယ်လင့်တကူပင် ဖျက်ဆီးပစ်လိုက်ပြန်၏။
လုဝေယင်းသည် ဤသည်ကို မြင်သောအခါ ထိတ်လန့်သွားပြီး သူ၏လက်နှစ်ဖက်ဖြင့် ထူးဆန်းသော မန္တာန်ချိပ်ဟန်တစ်ခုကို အလျင်အမြန် ပြုလုပ်ကာ အော်ဟစ်လိုက်သည်။ “ပေါက်ကွဲစမ်း...” ကျန်ရှိနေသော လေနဂါးများမှာ အဖြူရောင်အလင်းများ ရုတ်ချည်း တောက်ပလာပြီး ပြင်းထန်စွာ ပေါက်ကွဲသွားကြတော့သည်။
ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသော လေပြင်းမုန်တိုင်းများသည် မြူထုကို အပြင်းအထန် တိုက်ခိုက်ပြီး ၎င်း၏ အစိတ်အပိုင်းအများစုကို လွင့်ပါးသွားစေသဖြင့် အတွင်း၌ ပုန်းကွယ်နေသော မွန်းစတားကြီးကို အထင်အရှား မြင်လိုက်ရပေပြီ။
၎င်းသည် ခန္ဓာကိုယ်ကို ရစ်ခွေထားလျက် ရှိပြီး တောင်တစ်လုံးအလား ကြီးမားလှပေသည်။ ၎င်း၏ ခန္ဓာကိုယ် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ရွှေရောင်ဓားကြီးသည် အခွင့်အရေးကို အသုံးချကာ ၎င်းထံသို့ အသံတစ်စက်မျှ မထွက်ဘဲ ရက်စက်စွာ ခုတ်ပိုင်းလာသည်။
ထိုအချိန်မှာပင် ဟန်လိသည် ငွေရောင်ခေါင်းလောင်းထံသို့ မန္တာန်တံဆိပ်တစ်ခု ရိုက်နှိပ်လိုက်၏။ စူးရှတောက်ပသော အလင်းတန်းများနှင့်အတူ ၎င်းခေါင်းလောင်းမှာ ချက်ချင်းပင် သုံးမီတာခန့်အထိ ကြီးမားလာသည်။ ကြည်လင်ပြတ်သားသော မြည်ဟိန်းသံတစ်ခုနှင့်အတူ ငွေရောင်အသံလှိုင်းများမှာ ခေါင်းလောင်းကြီး၏ ဗဟိုမှ လှိုင်းတွန့်များအလား ထွက်ပေါ်လာပြီး ရွှေရောင်ဓားကြီးနှင့်အတူ ပူးတွဲ၍ ကြီးမားလှသော မြွေဟောက်ကြီးကို ဝန်းရံပိတ်ဆို့ကာ တိုက်ခိုက်လေသည်။
မြွေဟောက်ကြီးမှာ တုံ့ပြန်မှု နှေးကွေးလှသည်။ ၎င်းသည် ထိုတိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် ခန္ဓာကိုယ်ကို ပိုတင်းတင်းကြပ်ကြပ် ရစ်ခွေလိုက်ပြီး မလှုပ်မယှက်ဘဲ ငြိမ်သက်စွာ ရှိနေ၏။
မြို့စားကြီးနန်းလုံသည် ဤမြင်ကွင်းကို မြင်သောအခါ များစွာ ဝမ်းမြောက်သွားပြီး သူ၏ ဓားပျံအတွင်းသို့ ဝိညာဉ်စွမ်းအား အမြောက်အမြားကို ပိုမိုသွန်းလောင်းကာ ၎င်း၏ အရွယ်အစားကို အနည်းငယ် ပိုမိုကြီးမားလာစေသည်။ သို့သော်လည်း ရွှေရောင်ဓားကြီးမှာ ၎င်း၏ခန္ဓာကိုယ်ကို မထိမှန်နိုင်သေးမီမှာပင် မည်သည့်သတိပေးချက်မျှ မရှိဘဲ အစိမ်းရောင် အလင်းအကာတစ်ခုမှာ မြွေဟောက်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရုတ်ချည်း ဖုံးအုပ်သွားတော့၏။
ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်အလင်းများနှင့် အစိမ်းရောင်အလင်းတို့မှာ တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ရောထွေးယှက်လိမ်သွားကြသည်။ သို့သော်လည်း မကြာမီမှာပင် ထိုအစိမ်းရောင်အလင်းသည် ရွှေရောင်ဓားကြီးကို လွှမ်းမိုးသွားပြီး ၎င်းကို ပြင်းထန်စွာ တွန်းထုတ်ပစ်လိုက်တော့၏။ ဤသည်ကို မြင်ရသောအခါ ကျင့်ကြံသူ သုံးဦးစလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြရသည်။
ရွှေရောင်ဓားကြီး တွန်းထုတ်ခံလိုက်ရပြီးသည်နှင့် တစ်ပြိုင်နက် ငွေရောင်အသံလှိုင်းများသည်လည်း မြွေဟောက်ကြီး၏ အလင်းအကာကို လာရောက်ထိမှန်သော်လည်း ပျက်စီးပြန့်ကျဲသွားခဲ့ရ၏။ ဤတိုက်ခိုက်မှု နှစ်ခုကြောင့် ၎င်းသားရဲမှာ နိုးထလာပုံရပြီး သူ၏ဦးခေါင်းကို ဖြည်းဖြည်းချင်း မော့ကာ ဟန်လိနှင့် အခြားသူများကို လှမ်းကြည့်လာသည်။
ထိုအခိုက်အတန့်တွင် မီးခိုးရောင်မြူထုမှာ လုံးဝလွင့်ပါးသွားခဲ့ပြီ ဖြစ်၍ ကြီးမားလှသော မြွေဟောက်ကြီး၏ ပုံစံအစစ်အမှန်ကို သူတို့ သေသေချာချာ မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
ထိုမြွေဟောက်ကြီး၏ ခန္ဓာကိုယ်မှာ သံမဏိအလား မည်းနက်နေ၏။ ၎င်းသည် မီတာနှစ်ရာကျော်ခန့် (လီဝက်ခန့်) ရှည်လျားပြီး လက်ဖဝါးခန့်ရှိသော အနက်ရောင် ကြေးခွံများ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြည့်နှက်နေသည်။ ၎င်းတွင် အစိမ်းရောင်ဖျော့ဖျော့ မြွေမျက်လုံးတစ်စုံ ရှိနေပြီး လက်ရှိတွင်မူ ကောက်ကျစ်ရက်စက်သော အကြည့်များဖြင့် စိုက်ကြည့်နေ၏။
ဟန်လိ စိတ်ထဲ၌ တုန်လှုပ်မိသွား၏။ သူသည် ငွေရောင်ခေါင်းလောင်းကို ပြန်လည်ဆင့်ခေါ်ရန် ကြံစည်လိုက်စဉ်မှာပင် မြွေဟောက်ကြီးသည် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ ပေရာချီ ဝေးကွာသော နေရာတွင် ရှိနေသည့် ငွေရောင်ခေါင်းလောင်းကြီးမှာ သဲလွန်စမရှိဘဲ ချက်ချင်း ပျောက်ကွယ်သွားတော့၏။
ဟန်လိအနေဖြင့် ဘာဖြစ်သွားမှန်း မသေချာသေးမီမှာပင် ကောင်းကင်ယံရှိ မြို့စားကြီးနန်းလုံ၏ရွှေရောင်ဓားကြီးသည်လည်း မြွေဟောက်ကြီး၏ လှုပ်ရှားမှုတစ်ခုနှင့်အတူ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ပြန်သည်။
ထိုအခိုက်အတန့်တွင်မူ ဟန်လိသည် ဘာဖြစ်သွားခဲ့သည်ကို ကောင်းစွာ သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။ အနှီမြွေဟောက်ကြီးက မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှသော အရှိန်အဟုန်ဖြင့် ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ပြီး သူတို့၏ ရတနာများကို မျက်စိတစ်မှိတ်အတွင်းမှာပင် အရှင်လတ်လတ် ဝါးမြိုပစ်လိုက်ခြင်းပင်။ ၎င်းသည် အလွန်မြန်ဆန်လွန်းလှသဖြင့် သူတို့အနေဖြင့် တုံ့ပြန်ရန် အချိန်မရလိုက်ကြချေ။
ဟန်လိ၏ မျက်နှာမှာ မသာယာတော့ချေ။ ဤမြွေဟောက်ကြီးမှာ အလွန်တရာ ကြီးမားလှသော်လည်း ၎င်း၏ လှုပ်ရှားမှုများမှာမူ အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်လွန်းလှသည်။
မြို့စားကြီးနန်းလုံသည် သူ၏ ဓားပျံကြီး ဝါးမြိုခံလိုက်ရသည်ကို မြင်သောအခါ သူ၏ ထိတ်လန့်မှုမှာ ဝမ်းမြောက်မှုသို့ ချက်ချင်း ပြောင်းလဲသွားတော့၏။ အကြောင်းမှာ သူသည် ၎င်း၏ အသက်သွေးကြောနှင့် ချိတ်ဆက်ထားသော မှော်ရတနာကို နှစ်ပေါင်းတစ်ရာကျော်ကြာအောင် သေသေချာချာ သန့်စင်မွန်းမံထားသောကြောင့်ပင်။
“ဒီမြွေကြီးရဲ့ ခန္ဓာကိုယ်ပြင်ပ အကွာအကွယ်က ဘယ်လောက် ကြောက်စရာ ကောင်းပါစေဦး။ ဒီကောင်က ငါ့ရဲ့ ဓားပျံကို ဝမ်းဗိုက်ထဲအထိ အလိုအလျောက် ဝါးမြိုပစ်လိုက်မှတော့ ကိုယ်တိုင်ကိုယ်ကျ သေလမ်းရှာနေတာနဲ့ မတူဘူးလား...’
ထိုသို့ တွေးတောပြီးနောက် မြို့စားကြီးနန်းလုံသည် မြွေဟောက်ကြီး၏ဝမ်းဗိုက်ထဲ ရောက်နေသော ဓားပျံ၏အစွမ်းကို အဆင့်ကုန် ထုတ်ဖော်စေပြီး သားရဲကြီး၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖောက်ထွင်းပစ်ရန် စိတ်ထဲမှ မြန်မြန်ဆန်ဆန် အမိန့်ပေးလိုက်သည်။ သို့သော်လည်း ထိုအချိန်တိုလေးအတွင်း သူ၏ မျက်နှာအမူအရာမှာ ချက်ချင်း တောင့်တင်းသွားတော့၏။
သူ၏ မှော်ရတနာမှာ သူ၏ စိတ်ဝိညာဉ်အာရုံနှင့် ဆက်သွယ်မှု ရှိနေဆဲ ဖြစ်သော်ငြားလည်း ၎င်းမှာ ကြီးမားလှသော မြွေဟောက်ကြီး၏ ဝမ်းဗိုက်အတွင်း၌ တစ်စုံတစ်ခု၏ တင်းကျပ်စွာ ပိတ်လှောင်မှုကို ခံထားရပြီး နည်းနည်းလေးမျှ လှုပ်ရှားနိုင်စွမ်း မရှိတော့ချေ။ ထိုအခိုက်အတန့်တွင် သူသည် မစိုးရိမ်ဘဲ မနေနိုင် ဖြစ်သွားရသည်။ မည်သို့ပင်ဖြစ်စေ သူ၏ ကိုယ်ပိုင်မှော်ရတနာသာ ပျက်စီးသွားခဲ့ပါက သူ၏ စိတ်ဝိညာဉ်မှာလည်း ပြင်းထန်စွာ ထိခိုက်သွားမည် မဟုတ်ပါလား။
“တာအိုရောင်းရင်းတို့... ကျုပ်ရဲ့ ဓားပျံ ပိတ်လှောင်ခံလိုက်ရပြီ။ ဒီမြွေဟောက်ကြီးက သာမန်သားရဲ မဟုတ်ဘူး... သတိထားကြဦး။”
ထိုသို့ ပြောဆိုပြီးနောက် မြို့စားကြီးနန်းလုံက သက်ပြင်းချ၏။ သူ၏လက်ကို မြှောက်လိုက်၏။ အစိမ်းရင့်ရောင် လက်စွပ်တစ်ကွင်းမှာ သူ၏လက်ချောင်းမှ ပျံထွက်သွားပြီး သူ၏ရှေ့တွင် ငြိမ်သက်စွာ ပျံဝဲနေတော့သည်။ ထိုလက်စွပ်ထံမှ အလင်းတန်းများ တဖြတ်ဖြတ် လင်းလက်နေပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင်မူ နက်နဲသော အဆောင်သင်္ကေတ စာလုံးများ ပါရှိနေ၏။
လုဝေယင်းသည်လည်း သူတို့၏ မှော်ရတနာများ ရှုံးနိမ့်သွားသည်ကို သိလိုက်ရသောအခါ ထိတ်လန့်သွားပြီး သူ၏ အစီအရင်အလံကို ပြန်လည်ဆင့်ခေါ်ရန် ခပ်မြန်မြန် ကြိုးစားလိုက်ရသည်။ ထို့နောက် သူ့လက်ကို ဝေ့ယမ်းကာ အဆောင်များကို လေထဲသို့ ပစ်တင်၏။ ၎င်းတို့မှာ အဖြူရောင်မီးလုံးများအဖြစ် ပြောင်းလဲသွားပြီး သူ့ရှေ့တွင် မြောလွင့်ကာ သူ့အား ကာကွယ်ပေးထားလေ၏။
ဟန်လိကမူ ထိုမီးလုံးကြီးများကို အံ့ဩစွာဖြင့် တစ်ချက် လှမ်းကြည့်လိုက်၏။ ၎င်းတို့ထံမှ ရင်းနှီးသော အရှိန်အဝါအချို့ကို ခံစားလိုက်ရသော်လည်း လက်ရှိတွင်မူ ဤအကြောင်းကို တွေးတောနေရန် အချိန်မရှိချေ။ သူက ခေါင်းလှည့်ကာ သူ၏သိုလှောင်အိတ်ကို ပုတ်ကာ သူ၏ ပတ်ပတ်လည်တွင် အလင်းတန်း လေးခုကို ထွက်ပေါ်လာစေသည်။
ဝံပုလွေဖြူသုံးကောင်၊ မီးလျှံနွားသိုးနှစ်ကောင်နှင့် မြွေစိမ်းတစ်ကောင်တို့ သူ၏ရှေ့တွင် ပေါ်လာကြ၏။ ၎င်းတို့မှာ ကုန်စည်ဖလှယ်ပွဲကြီးတုန်းက တာအိုရသေ့ကောင်းကင်သလင်းထံမှ သူ ရရှိခဲ့ဖူးသော ရုပ်သေးရုပ် ခြောက်ရုပ်ပင် ဖြစ်သည်။ ၎င်းတို့ကို ရရှိပြီးကတည်းက ဟန်လိအနေဖြင့် လက်တွေ့ အသုံးမပြုဖူးသေးချေ။ အခု ကြောက်မက်ဖွယ်ကောင်းသော ဤရှေးဟောင်းမြွေဟောက်ကြီးနှင့် ရင်ဆိုင်နေရချိန်တွင် ၎င်းတို့၏ စွမ်းအားကို စမ်းသပ်ကြည့်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်ပေသည်။
မြို့စားကြီးနန်းလုံနှင့် လုဝေယင်း တို့မှာ ဟန်လိ၏ ရုပ်သေးရုပ်များကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာထက်တွင် အံ့ဩမှု အရိပ်အယောင်များ ခဏတာ ဖြတ်ပြေးသွားကြ၏။
သူတို့ သုံးဦးစလုံးမှာ အတွေ့အကြုံ ရင့်ကျက်လှသော ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သည် လေးနက်သော အကြည့်များဖြင့် တစ်ဦးကိုတစ်ဦး ဝိညာဉ်အသံလွှင့်ကာ တိုင်ပင်လိုက်ကြပြီးနောက် သူတို့၏ ဆန်းကြယ်လှသော စွမ်းရည်များကို အစွမ်းကုန်ထုတ်သုံးလျက် မြွေဟောက်ကြီးထံသို့ ပူးပေါင်း၍ တိုက်ခိုက်လိုက်ကြတော့သည်။ သို့သော်လည်း မြွေဟောက်ကြီး၏ မျက်လုံးများအတွင်း၌မူ ရက်စက်လိုသော အလင်းတန်းများ ပိုမိုသိပ်သည်းလာပြီး ကျင့်ကြံသူသုံးဦးကို စိုက်ကြည့်နေ၏။ ၎င်းသည် ဦးခေါင်းကို မော့လိုက်ပြီးနောက် သူတို့ရှိရာဘက်သို့ ညစ်ညမ်းလှသော အရည်အမြောက်အမြားကို ထွေးထုတ်လိုက်ရာ လေထုထဲတွင် ညှီစူးစူး အနံ့အသက်များ ချက်ချင်း ပြည့်နှက်သွားတော့သည်။
သူတို့ သုံးဦးမှာ ထိတ်လန့်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်ကို အလင်းအကာများဖြင့် အလျင်အမြန် ဖုံးအုပ်လိုက်ကြပြီး အသက်ရှူခြင်းကိုပါ အောင့်ထားလိုက်ကြ၏။ နောက်တစ်ခဏတွင်မူ ၎င်းညှီစူးစူး အနံ့အသက်မှာ အလွန်တရာ နံစော်လှသော်လည်း အဆိပ်အတောက် မရှိကြောင်း သိလိုက်ရသည်။ သို့ဆိုလျှင်ပင် ဤသည်က သူတို့ကို ခဏတာမျှ တွေဝေသွားစေခဲ့သည်မှာ အမှန်ပင်။
ထိုသို့ တုံ့နှေးသွားသော အခိုက်အတန့်တွင် ကြီးမားလှသော မြွေဟောက်ကြီးသည် ၎င်း၏ ပါးစပ်ကြီးကို ကျယ်ပြန့်စွာ ဖွင့်ဟလိုက်ပြီး လေထုကို အပြင်းအထန် စတင်စုပ်ယူလိုက်ရာ ၎င်း၏ ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ဖောင်းကားလာတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် မြွေဟောက်ကြီး၏ ရှေ့မှောက်ရှိ ကျောက်ခဲများနှင့် မြေသားအားလုံးမှာ ၎င်း၏ ပါးစပ်ကြီးအတွင်းသို့ အဟုန်ပြင်းစွာ စုပ်ယူခြင်း ခံလိုက်ရသည်။ ကျင့်ကြံသူ သုံးဦးမှာ အငိုက်မိသွားကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ကြီးမားလှသော ဆွဲငင်အားတစ်ခု၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူတို့သည် မြွေဟောက်ကြီး၏ ပါးစပ်အတွင်းသို့ စုပ်ယူမခံရစေရန်အတွက် အစွမ်းကုန် ကြံ့ကြံ့ခံထားရသည်။
ဟန်လိ၏ ရုပ်သေးရုပ် ခြောက်ရုပ်မှာမူ ထိုဆွဲငင်အားကို နည်းနည်းလေးမျှ ခုခံနိုင်စွမ်း မရှိကြဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် မြွေဟောက်ကြီး၏ ပါးစပ်ဝအနားသို့ ဆွဲယူခြင်း ခံလိုက်ရတော့၏။
ဟန်လိ၏ မျက်နှာထက်တွင် အံ့ဩဟန် အရိပ်အယောင်တစ်ခု ပေါ်လာသော်လည်း သူ၏စိတ်မှာမူ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှ မိုးပြာရောင်အလင်းတန်းများ လင်းလက်လာပြီးနောက် သူ၏ ခန္ဓာကိုယ်ကို အလွန်တရာ လေးလံလာစေကာ မြေပြင်အတွင်းသို့ နက်ရှိုင်းစွာ မြဲမြံအောင် စိုက်ဝင်စေလိုက်၏။ ထို့နောက် သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် အမိန့်ပေးလိုက်ရာ မြွေဟောက်ကြီး၏ ဘေးပတ်လည်သို့ ရောက်ရှိနေသော ရုပ်သေးရုပ် ခြောက်ရုပ်မှာ ချက်ချင်းပင် စတင်တိုက်ခိုက်ကြတော့သည်။ မီးလျှံနွားသိုးများ၏ ဦးချိုများထံမှ နီရဲသော အလင်းတန်းများ တရစပ် လင်းလက်လာပြီး မြွေဟောက်၏ ပါးစပ်ကြီးအတွင်းသို့ အနီရောင်အလင်းတန်း လေးခုဖြင့် တန်း၍တိုက်ခိုက်၏။
မြွေဟောက်ကြီးမှာ ဟန်လိနှင့် အခြားသူများကို ၎င်း၏ ဝမ်းဗိုက်အတွင်းသို့ အလွယ်တကူ စုပ်ယူနိုင်တော့မည်ဟု ယုံကြည်ချက်ရှိရှိဖြင့် လုပ်ဆောင်နေစဉ်မှာပင် ၎င်း၏ အကာအကွယ်မဲ့နေသော လျှာကြီးမှာ ပြင်းထန်စွာ ထိမှန်ခြင်းကို ခံလိုက်ရလေသည်။
နီရဲသော အလင်းတန်းများ ပေါက်ကွဲထွက်သွားပြီးနောက် ဗုန်းဗုန်းမြည်သံများ ဆက်တိုက် ထွက်ပေါ်လာတော့၏။ ကြီးမားလှသော မြွေဟောက်ကြီးမှာ နာကျင်စွာ ညည်းတွားလိုက်ပြီး ၎င်း၏ ပါးစပ်ကြီးကို ချက်ချင်းပင် ပြန်ပိတ်လိုက်ရသည်။ ၎င်း၏ လျှာကြီး မည်မျှအထိ ထိခိုက်ဒဏ်ရာရသွားသလဲဆိုသည်ကို မသိရသော်လည်း လက်ရှိတွင် စုပ်ယူခြင်းမှာ ခေတ္တရပ်တန့်သွားခဲ့ပြီ ဖြစ်၏။
ထိုသို့ ရပ်တန့်သွားသော အခွင့်အရေးကို အသုံးချကာ ဟန်လိသည် ဝံပုလွေဖြူ ရုပ်သေးရုပ် သုံးရုပ်ကို ချက်ခြင်း ပြန်ထိန်းချုပ်နိုင်သွားသည်။ ၎င်းတို့၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ပြင်းထန်စွာ တောက်ပလာပြီး မြေပြင်ပေါ်တွင် ဟန်ချက်ပြန်ညီအောင် ပြုလုပ်လိုက်ကြကာ ၎င်းတို့၏ လက်သည်းခွံများမှာလည်း လက်မအနည်းငယ်ခန့်အထိ အလင်းများ လင်းလက်လာ၏။ ဝံပုလွေဖြူများသည် ရက်စက်ကြမ်းကြုတ်သော အစွယ်များကို ဖော်ပြလိုက်ကြပြီးနောက် မြင်ကွင်းမှ ဝေဝါးပျောက်ကွယ်သွားကာ အလင်းတန်းများအဖြစ် ထိုသားရဲကြီးထံသို့ တဟုန်ထိုး ပျံသန်းသွားကြသည်။
ဝံပုလွေဖြူများက မြွေဟောက်ကြီး၏ ဦးခေါင်းကို တိုက်ခိုက်လိုက်သောအခါ သတ္တုချင်း ထိခတ်မိသကဲ့သို့ ကျယ်လောင်သော မြည်ဟိန်းသံများ ထွက်ပေါ်လာ၏။ အမည်မသိ အကြောင်းရင်းတစ်ခုကြောင့် ဝံပုလွေဖြူများ တိုက်ခိုက်ချိန်တွင်မူ စောစောက အစိမ်းရောင်အလင်းအကာမှာ ပေါ်ထွက်လာခြင်း မရှိချေ။ သို့သော်လည်း ဝံပုလွေများ၏ ပြောင်လက်နေသော လက်သည်းများနှင့် ထက်မြက်လှသော အစွယ်များမှာမူ သားရဲကြီး၏ အနက်ရောင်ကြေးခွံများကို ဒဏ်ရာရအောင် မလုပ်နိုင်ကြဘဲ အဖြူရောင်အစင်းရာအချို့ကိုသာ ချန်ရစ်ထားနိုင်ခဲ့ကြ၏။
ထို့နောက် ဝံပုလွေဖြူနှစ်ကောင်၏ပုံရိပ်မှာ ဝေဝါးသွားပြီး လမ်းကြောင်းပြောင်းကာ မြွေဟောက်ကြီး၏ မျက်လုံးများရှိရာသို့ ဦးတည်တိုက်ခိုက်လိုက်ကြသည်။ ၎င်းမျက်လုံးများမှာ အကာအကွယ်မဲ့နေပြီး ကြေးခွံများ ဖုံးလွှမ်းထားခြင်း မရှိသောကြောင့် ဖြစ်၏။
ခရမ်းရောင်အလင်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားပြီးနောက် ဗုန်းခနဲ့ မြည်ဟိန်းသံ နှစ်ချက် ထွက်ပေါ်လာသည်။ ဝံပုလွေဖြူ နှစ်ကောင်မှာ မြွေဟောက်ကြီး၏ လျှာဖြင့် လျှပ်စီးကဲ့သို့ မြန်ဆန်စွာဖြင့် ဝှေ့ယမ်းတိုက်ခိုက်မှုကြောင့် အဝေးသို့ လွင့်စင်သွားကြ၏။
မြွေဟောက်ကြီး၏ အဆောက်အအုံတစ်ခုနီးပါး ကြီးမားလှသော ဦးခေါင်းကြီးမှာ ဘေးဘက်သို့ စောင်းသွားပြီး ဝံပုလွေဖြူ ရုပ်သေးရုပ်များကို ဝါးမြိုရန်အတွက် ၎င်း၏ ပါးစပ်ကြီးကို ဖွင့်ဟလာပြန်သည်။ သို့သော်လည်း ၎င်းတို့အား အရှင်လတ်လတ် ဝါးမြိုရန် ကြိုးစားလိုက်စဉ်မှာပင် မြွေစိမ်းရုပ်သေးရုပ်မှာ ရုတ်တရက် မီတာလေးဆယ်ခန့်အထိ ကြီးမားလာပြီး သားရဲကြီးထံသို့ ရက်စက်စွာ ခုန်အုပ်လိုက်တော့၏။ ထို့အပြင် မီးလျှံနွားသိုးနှစ်ကောင်ကလည်း ၎င်းတို့၏ ဦးချိုများမှတစ်ဆင့် နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို ထပ်မံထုတ်လွှတ်ပြန်သည်။
ရုပ်သေးရုပ်များ၏ တရစပ်တိုက်ခိုက်မှုများကြောင့် ဒေါသပုန်ထသွားသဖြင့် မြွေဟောက်ကြီးမှာ ကျယ်လောင်စွာ မြည်ဟိန်းလိုက်ပြီး ဦးခေါင်းကို အလျင်အမြန် ဝှေ့ယမ်းကာ ၎င်း၏ နှာခေါင်းပေါက်များမှ အနက်ရောင် မြူခိုးများကို ထွေးထုတ်လိုက်တော့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်း၏ ဦးခေါင်းတစ်ခုလုံးမှာ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဝံပုလွေဖြူ ရုပ်သေးရုပ် နှစ်ရုပ်မှာမူ ဤအခွင့်အရေးကို အသုံးချကာ အဝေးသို့ အလျင်အမြန် ထွက်ပြေးနိုင်ခဲ့ကြ၏။ သို့သော်လည်း ရုတ်တရက်ဆိုသလို အနက်ရောင်မြူခိုးများအတွင်းမှ ပုံရိပ်နှစ်ခုမှာ တဟုန်ထိုး ထိုးထွက်လာပြီး ထိုဝံပုလွေဖြူနှစ်ကောင်ကို တင်းကျပ်စွာ ကိုင်ဆုပ်လာသည်။ ၎င်းတို့မှာ ပထမဦးခေါင်းနှင့် တစ်ပုံစံတည်း တူညီလှသော နောက်ထပ် မြွေဦးခေါင်း နှစ်ခု ဖြစ်နေသည်ကို အံ့ဩစွာ တွေ့လိုက်ရ၏။
ဤသည်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ကျင့်ကြံသူများ ဘာဖြစ်သွားမှန်း သဘောပေါက်သွားသည့် အချိန်တွင်မူ အနက်ရောင်ချီများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၍ မြွေဟောက်ကြီး၏ ပုံစံအစစ်အမှန် ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။
“ဒါက...”
“ဦးခေါင်းသုံးလုံးကျောက်မြွေဟောက်ပဲ...”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”
သူတို့ သုံးဦးစလုံးမှာ မယုံကြည်နိုင်သော လေသံများဖြင့် အော်ဟစ်မိကုန်သည်။
သူတို့၏ ရှေ့မှောက်တွင် ခေါင်းသုံးလုံးကျောက်မြွေဟောက်ကြီးသည် ဒေါသတကြီးဖြင့် စိုက်ကြည့်နေ၏။ အလယ်ဗဟိုရှိ မြွေဦးခေါင်းမှာ ၎င်း၏ လျှာကြီးကို ဝှေ့ယမ်းလျက် ရှိနေပြီး ကျန်ရှိနေသော ဘေးတစ်ဖက်တစ်ချက်မှ ဦးခေါင်းနှစ်ခုမှာမူ ဝံပုလွေဖြူ ရုပ်သေးရုပ်နှစ်ရုပ်ကို ပါးစပ်ဖြင့် တင်းတင်းကြပ်ကြပ် ကိုက်ခဲထားသည်။
ထို့နောက် “ပေါက်ကွဲစမ်း” ဟူသော စကားသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ငြိမ်သက်နေသော လေထုမှာ ရုတ်ချည်းပင် လှိုင်းထသွားတော့သည်။ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး နှစ်ချက်နှင့်အတူ မြွေဟောက်ကြီး၏ ပါးစပ်အတွင်းရှိ ရုပ်သေးရုပ်များမှာ စူးရှတောက်ပသော အလင်းတန်းများအဖြစ် ပြင်းထန်စွာ ပေါက်ကွဲသွားသည်။