← Chapters

အခန်း ၈၁၃

Vol. 59 Ch. 813

အခန်း ၈၁၃

Vol. 59 Ch. 813

အပိုင်း ၈၁၃ - မြွေဟောက်ကြီးကို ခေါင်းဖြတ်ပစ်ခြင်း

ဝံပုလွေဖြူ ရုပ်သေးရုပ်များ ပိတ်လှောင်ခံလိုက်ရသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ဟန်လိသည် မန္တာန်ချိပ်ဟန်တစ်ခုကို ချက်ချင်းပြုလုပ်ကာ သူ၏ရုပ်သေးရုပ်များကို မည်သည့်တွေဝေမှုမျှမရှိဘဲ အလိုအလျောက် ပေါက်ကွဲစေရန် အမိန့်ပေးလိုက်တော့သည်။

ခေါင်းသုံးလုံးကျောက်မြွေဟောက်ကြီး၏ ကြေးခွံများမှာ အလွန်တရာ မာကျောလှသည်ဆိုသော်ငြား ၎င်းတို့၏ ပါးစပ်အတွင်းပိုင်း အခြေအနေမှာမူ လုံးဝကွဲပြားခြားနားသည်။ ထိုဝံပုလွေဖြူ ရုပ်သေးရုပ်များကို မရေမတွက်နိုင်သော အဖိုးတန်ပစ္စည်းများစွာဖြင့် သေသေချာချာ ဆန်းစစ်ပြုလုပ်ထားခြင်း ဖြစ်သဖြင့် ၎င်းတို့၏ အလိုအလျောက် ပေါက်ကွဲမှုစွမ်းအားမှာ အထင်သေး၍ ရနိုင်သောအရာ မဟုတ်ပေ။

မျှော်လင့်ထားသည့်အတိုင်းပင် ဘေးတစ်ဖက်တစ်ချက်မှ မြွေဦးခေါင်းနှစ်ခုမှာ သည်းမခံနိုင်လောက်သော နာကျင်မှုကြောင့် စူးရှစွာ အော်မြည်လာကြ၏။ သို့သော်လည်း အလယ်ဗဟိုရှိ မြွေဦးခေါင်းကြီးမှာမူ ပိုမို၍ ဒေါသပုန်ထသွားခြင်းမှအပ ထိုပေါက်ကွဲမှုဒဏ်ကြောင့် တစ်စုံတစ်ရာ ထိခိုက်သွားခြင်း မရှိချေ။ အနက်ရောင်အလင်းတန်းတစ်ခု ဝေဝါးသွားပြီးနောက် ၎င်းက အမြီးကြီးကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ၎င်းထံသို့ ပျံသန်းလာနေသော မြွေစိမ်းရုပ်သေးရုပ်မှာ ပေတစ်ရာ့သုံးဆယ်အကွာသို့ လွင့်စင်သွားရသည်။ တစ်ဆက်တည်းမှာ ၎င်းသည် ရှေ့သို့ တိုးဝင်လာပြီး မီးလျှံနွားသိုး ရုပ်သေးရုပ်တစ်ရုပ်ကို ရက်စက်စွာ ကိုက်ခဲဖျက်ဆီးပစ်လိုက်သဖြင့် ဟန်လိအနေဖြင့် ၎င်းရုပ်သေးရုပ်ကို အလိုအလျောက် ပေါက်ကွဲစေရန်ပင် အချိန်မရလိုက်တော့ချေ။

မြို့စားကြီးနန်းလုံနှင့် လုဝေယင်းတို့မှာမူ ဟန်လိ၏ ရုပ်သေးရုပ်များ ဆက်လက်၍ မဆုတ်မနစ် တိုက်ခိုက်နေကြသည်ကို မြင်တွေ့လိုက်ရပြီးမှသာ ထိတ်လန့်တုန်လှုပ်နေရာကနေ နောက်ဆုံးတွင် နိုးထလာကြသည်။

လုဝေယင်းက အရင်ဦးစွာ လှုပ်ရှား၏။ သူ၏ ရှေ့တွင် ပျံဝဲနေသော စူးရှတောက်ပသည့် အဖြူရောင် မီးလုံးကြီးဆယ်လုံးကို ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်၏။ မြို့စားကြီးနန်းလုံကမူ သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ ဆင့်ခေါ်ထားသော အစိမ်းရင့်ရောင် လက်စွပ်ပေါ်သို့ မန္တာန်တံဆိပ်တစ်ခု ရိုက်ခတ်လိုက်သည်။ မကြာမီမှာပင် ထိုလက်စွပ်မှာ ပုံရိပ်များ ဝေဝါးလာပြီး နှစ်ကွင်း၊ ထို့နောက် လေးကွင်း၊ လေးကွင်းမှသည် ရှစ်ကွင်းအဖြစ် ကွဲထွက်လာတော့သည်။ အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် ထိုလက်စွပ်သည် ပုံရိပ်ယောင်ပေါင်း တစ်ရာကျော်ကို အလိုအလျောက် ဖန်တီးလိုက်ပြီး ဖြစ်၏။ ၎င်းပုံရိပ်ယောင်များအကြားတွင် အစစ်အမှန်လက်စွပ်ကိုပါ ရောနှောလျက် ၎င်းတို့အားလုံးမှာ အစိမ်းရောင်အလင်းလှိုင်းကြီးတစ်ခုအလား ရှေ့သို့ တရစပ် တိုးဝင်သွားကြတော့သည်။

ဟန်လိကမူ တည်ငြိမ်စွာပင် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး မည်းနက်နေသည့် ပစ္စည်းတစ်ခုကို ဆင့်ခေါ်လိုက်၏။ အနက်ရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် ၎င်းမှာ မီတာလေးဆယ်ကျော်မြင့်မားသော တောင်နက်ကြီးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားပြီး ဟန်လိ၏ အမိန့်ပေးမှုအောက်တွင် ဆက်လက်၍ ကြီးမားလာနေဆဲ ဖြစ်သည်။ ၎င်းမှာ အလွှာတစ်ထောင်တောင် ပင်။

ဤရှေးဟောင်းမြွေဟောက်ကြီး၏ အရွယ်အစားနှင့် ကြောက်မက်ဖွယ်ကောင်းသော ပြင်ပကာကွယ်ရေးအစွမ်းတို့ကို ထည့်တွက်ကြည့်လျှင် ဤရတနာကို အသုံးပြု၍ ကိုင်တွယ်ခြင်းကသာ အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။ ၎င်းသားရဲ၏ မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှသောအမြန်နှုန်းကြောင့် ဟန်လိအနေဖြင့် ၎င်းကို အရင်ဦးစွာ ထိန်းချုပ်ပိတ်လှောင်ထားနိုင်မှသာ တိုက်ခိုက်မှုကို တိတိကျကျ ထိမှန်စေနိုင်မည် ဖြစ်သည်။

ဟန်လိက ဤသည်ကို မည်သို့လုပ်ဆောင်ရမည်နည်းဟု စဉ်းစားတွေးတောနေစဉ်မှာပင် မြွေဟောက်ကြီး၏ ဘေးတစ်ဖက်တစ်ချက်မှ ဦးခေါင်းနှစ်ခုမှာ အစောပိုင်းက ပေါက်ကွဲမှုဒဏ်မှ ပြန်လည်သက်သာလာပုံရပြီး သူတို့၏ ပါးစပ်များထဲမှ မီးခိုးရောင် အလင်းတန်းနှစ်ခုကို ထွေးထုတ်လိုက်ကြသည်။ လုဝေယင်း၏ အဖြူရောင်မီးလုံးများသည် ထိုအလင်းတန်းများနှင့် ထိမှန်သွားသည်နှင့် ပြင်းထန်စွာ ပေါက်ကွဲသွားကြသော်လည်း ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသော မီးလျှံလှိုင်းများနှင့် မီးခိုးရောင်အလင်းတန်းများမှာမူ အချင်းချင်း ရှေ့မတိုးသာ နောက်မဆုတ်သာဖြင့် အားပြိုင်နေကြတော့သည်။

အစိမ်းရင့်ရောင် လက်စွပ်များမှာမူ ထိုအဖြူရောင်မီးလျှံလှိုင်းများနှင့် မီးခိုးရောင်အလင်းတန်းများ အားပြိုင်နေကြသည့် စစ်မြေပြင်ကို ဘေးမှနေ၍ ဖြတ်ကျော်သွားကြပြီး ဟန်လိ၏ အလွှာတစ်ထောင်တောင် ကြီးမှာလည်း ၎င်းတို့၏ အနောက်မှနေ၍ ဖြည်းဖြည်းချင်း လိုက်ပါလာနေခဲ့ပြီ ဖြစ်သည်။

မြွေဟောက်ကြီးသည် ထိုအစိမ်းရောင် အလင်းတန်းများ၏ တရစပ်တိုက်ခိုက်မှုအောက်တွင် ဘေးအန္တရာယ်ကို ခံစားလိုက်ရသဖြင့် ၎င်း၏ အလယ်ဗဟိုရှိ မြွေဦးခေါင်းကြီးမှာ ကျယ်လောင်စွာ မြည်ဟိန်းလိုက်၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အစိမ်းရောင် အလင်းအကာတစ်ခု ပြန်လည်ဖုံးအုပ်သွားပြီးနောက် ပါးစပ်ကြီးကို ကျယ်ပြန့်စွာ ဖွင့်ဟလျက် ရှေ့သို့ ရက်စက်စွာ ခုန်အုပ်လိုက်ကာ အစိမ်းရင့်ရောင် လက်စွပ်ပုံရိပ်ယောင်များကို ချက်ချင်း ဖျက်ဆီးပစ်သည်။ သို့သော်လည်း အနောက်ဘက်တွင် ပုန်းကွယ်နေသော အစစ်အမှန်လက်စွပ်တစ်ကွင်းမှာမူ ၎င်းတိုက်ခိုက်မှုမှ ပါးနပ်စွာ ရှောင်တိမ်းနိုင်ခဲ့ပြီးနောက် ပုံရိပ်တစ်ခု ဝေဝါးသွားကာ မြွေဦးခေါင်းကြီး၏ အထက်တွင် ရုတ်တရက် ပေါ်လာခဲ့ပြီ ဖြစ်သည်။

ထိုလက်စွပ်ထံမှ စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် အစိမ်းရောင် ချီစွမ်းအင်လှိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ မိုးကြိုးကဲ့သို့ ပြင်းထန်လှသော ဖိအားများနှင့်အတူ အောက်သို့ ရက်စက်စွာ ဖိချ၏။ ရုတ်တရက်ဆိုသလို ထိုအစိမ်းရင့်ရောင် လက်စွပ်မှာ ကြီးမားကျယ်ပြန့်လာပြီး ၎င်း၏ အစွမ်းရှိသမျှ သုံးကာ မြွေဟောက်ကြီးကို တင်းကျပ်စွာ တုပ်နှောင်ပိတ်လှောင်ပစ်လိုက်ရာ ၎င်းသားရဲ၏ သွေးသားထဲအထိ နက်နဲစွာ နစ်မြုပ်သွားတော့သည်။ မြွေဟောက်ကြီးသည် ၎င်း၏ ခုနစ်လက်မခန့်ထူသော သွေးသားအစိတ်အပိုင်းများမှာ တုပ်နှောင်ခံလိုက်ရသဖြင့် ယင်းနေရာမှ အလွန်နာကျင်မှုကို ခံစားရ၏။ ထိုအခါ အဓိကမြွေဦးခေါင်းကြီးမှာ အစိမ်းရောင်လက်စွပ်၏ တုပ်နှောင်မှုမှ လွတ်မြောက်ရန်အတွက် ရူးသွပ်စွာဖြင့် အပြင်းအထန် စတင်ရုန်းကန်သည်။

ကျန်ရှိနေသော မြွေဦးခေါင်းနှစ်ခုမှာလည်း ထိုပြင်းထန်လှသော နာကျင်မှုဒဏ်ကို အတူတူခံစားလိုက်ရသဖြင့် အဖြူရောင်မီးလျှံလှိုင်းများကို ဟန့်တားထားသော မီးခိုးရောင်အလင်းတန်းများကို ဆက်လက်၍ မထိန်းချုပ်နိုင်ကြတော့ချေ။

လုဝေယင်းသည် ဤသည်ကို မြင်သောအခါ သူ၏ မျက်နှာထက်တွင် ဝမ်းသာရိပ်များ ချက်ချင်းပေါ်လာပြီး ဤအခွင့်အရေးကို အသုံးချကာ အဖြူရောင်မီးလျှံများကို ရှေ့သို့ တိုးဝင်ရန် အလျင်အမြန်ပင် အမိန့်ပေးလိုက်တော့သည်။ ထိုအဖြူရောင် မီးလျှံလှိုင်းကြီးမှာ မီတာလေးဆယ်ကျော်အထိ မြောက်တက်လာခဲ့ပြီး မြွေဟောက်ကြီးကို လုံးဝ ဝါးမြိုပစ်လေ၏။

သို့သော်လည်း မြွေဟောက်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင် အလင်းအကာမှာ အစွမ်းထက်လှသည်ဖြစ်၍ ၎င်းအဖြူရောင်မီးလျှံများ၏ တိုက်စားမှုကို ကြံ့ကြံ့ခံထားနိုင်ဆဲ ဖြစ်သည်။ အစိမ်းရင့်ရောင်လက်စွပ်မှာ ၎င်း၏ ဦးခေါင်းကို တုပ်နှောင်ထားနိုင်သည်ဆိုသော်ငြား ၎င်း၏ ခန္ဓာကိုယ်မှာမူ ခုထက်ထိ တစ်စုံတစ်ရာ ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားခြင်း မရှိသေးချေ။

ရုတ်တရက်ဆိုသလို မြွေဟောက်ကြီး၏ အထက်ကောင်းကင်ယံတွင် အနက်ရောင်အလင်းတန်းများ လင်းလက်လာပြီးနောက် ပေသုံးရာကျော်မြင့်မားသော အနက်ရောင် တောင်နက်ကြီးတစ်လုံး ပေါ်ထွက်လာတော့သည်။ ထိုတောင်နက်ကြီးမှာ လေထုထဲတွင် အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီးနောက် ၎င်း၏အောက်ခြေမှနေ၍ သိပ်သည်းလှသော အနက်ရောင် တိမ်တိုက်ကြီးများကို ထုတ်လွှတ်လျက် မြွေဟောက်ကြီးကို လုံးဝ လွှမ်းခြုံပစ်သည်။

မြွေဟောက်ကြီးသည် ထိုအနက်ရောင် တိမ်တိုက်ကြီးများအတွင်း၌ အားကောင်းလှသောဖိအားဖြင့် ဖိနှိပ်ခြင်းကို ခံလိုက်ရသဖြင့် ၎င်း၏ လှုပ်ရှားမှုများမှာ လေးလံသွားသည်။ ဤအခွင့်အရေးကို အသုံးချကာ အထက်ရှိ အနက်ရောင်တောင်နက်ကြီးမှာ အောက်သို့ ရက်စက်စွာ ဖိချ၏။

အခြေအနေ လုံးဝမဟန်တော့ကြောင်း သိလိုက်ရသဖြင့် မြွေဟောက်ကြီးသည် ၎င်း၏ ဦးခေါင်းတစ်ခုချင်းစီကို အစွမ်းကုန် အားစိုက်ထုတ်ကာ မော့ကြည့်လိုက်ပြီး ထိုအနက်ရောင်တောင်နက်ကြီး၏ ကျဆင်းလာမှုကို ဟန့်တားရန်အတွက် ကောင်းကင်ယံသို့ အလင်းလုံးအချို့ကို ထွေးထုတ်လိုက်သည်။ သို့သော်လည်း ထိုအလင်းလုံးများမှာ တောင်နက်ကြီးထံသို့ မရောက်နိုင်သေးမီမှာပင် ၎င်း၏ပတ်ပတ်လည်တွင် ရှိနေသော အနက်ရောင် တိမ်တိုက်ကြီးများ၏ ဝါးမြိုဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

ဤအတိုင်း ငြိမ်ခံနေပြီး သေလမ်းမရှာလိုသဖြင့် မြွေဟောက်ကြီးသည် ၎င်း၏ လက်ကျန်ခွန်အားရှိသမျှကို သုံးကာ အမြီးကြီးဖြင့် မြေပြင်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်ပြီး ထိုအနက်ရောင် တိမ်တိုက်ကြီးများအတွင်းမှ လွတ်မြောက်ရန် ကောင်းကင်ယံသို့ အသည်းအသန် ခုန်တက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာပင် ၎င်း၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော အဖြူရောင်မီးလျှံများမှာ ရုတ်တရက်ဆိုသလို တုတ်ခိုင်လှသော သံချိန်းကြိုးကြီးများအဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်း၏ခန္ဓာကိုယ်ကို တင်းကျပ်စွာ ရစ်ပတ်တုပ်နှောင်ပစ်၏။ ထိုမြွေဟောက်ကြီးမှာ မီတာသုံးဆယ်သာ ပျံတက်နိုင်ခဲ့ပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြန်ပြုတ်ကျသည်။

နောက်ဆုံးတွင်မူ အနက်ရောင်တောင်နက်ကြီးမှာ ၎င်း၏ခန္ဓာကိုယ်ပေါ် ရက်ရက်စက်စက် ဖိနှိပ်လိုက်လေပြီ။ ဤနေရာတစ်ခုလုံးတွင် အနက်ရောင်အလင်းတန်းများ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသဖြင့် ၎င်းအတွင်းရှိ အဖြစ်အပျက်ကို မည်သူမျှ ရှင်းလင်းစွာ မမြင်ရတော့ချေ။ တောင်နက်ကြီး မြေပြင်ပေါ်သို့ ကျရောက်သွားချိန်တွင် မြေပြင်တုန်ခါမှုကြီးတစ်ခုနှင့်အတူ မြွေဟောက်ကြီး၏ ဦးခေါင်းများထံမှ နာကျင်စူးရှလှသော အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

မြို့စားကြီးနန်းလုံ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး လုဝေယင်းကလည်း သက်ပြင်းချလိုက်၏။ သို့သော်လည်း ဟန်လိကမူ မျက်မှောင်ကြုတ်ကာ ရှေ့မြင်ကွင်းကို သတိကြီးစွာထား၍ ကြည့်နေသည်။

အနက်ရောင်အလင်းတန်းများ အနည်းငယ်လွင့်ပြယ်သွားသောအခါ အနက်ရောင်တောင်နက်ကြီး၏ ပုံသဏ္ဌာန် ပေါ်လာတော့၏။ မြွေဟောက်ကြီးမှာ လုံးဝသေဆုံးသွားခြင်း မရှိသေးချေ။ အကြောင်းမှာ ၎င်း၏ ဦးခေါင်းတစ်ခုမှာ တောင်အောက်၌ ကြေမွသွားခြင်းမရှိဘဲ လွတ်မြောက်နေဆဲ ဖြစ်သောကြောင့်ပင်။ ၎င်းဦးခေါင်းကြီးမှာ ကျယ်လောင်စွာ အော်မြည်နေပြီး ၎င်း၏ ခန္ဓာကိုယ်ကို ဘယ်ညာသို့ အစွမ်းကုန် ဝှေ့ယမ်းလှုပ်ရှားနေဆဲ ဖြစ်သည်။ ၎င်းသားရဲကြီး ရူးသွပ်စွာ ရုန်းကန်နေစဥ် ထုတ်လွှတ်နေသော အလွန်တရာ ကြီးမားလှသည့် သက်စောင့်အားခွန်စိုက်လှိုင်းများမှာ အမှန်တကယ် ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဟု ဆိုရမည်။

လုဝေယင်းက နှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ အဖြူရောင် အလင်းတန်းတစ်ခုမှာ လေထုကို ပြင်းထန်စွာ ခွင်းလျက် ပျံသန်းသွားပြီး မြွေဟောက်ကြီး၏ အထက်သို့ ရောက်ရှိသွားသည်။ ၎င်းသည် လေထဲတွင် တပတ်လည်ပတ်သွားပြီးနောက် မြွေဟောက်ကြီး၏ အားနည်းနေသော လည်ပင်းဆီသို့ လွယ်လင့်တကူပင် ဖြတ်တောက်ချလိုက်တော့၏။ ရလဒ်အနေဖြင့် မြွေဟောက်ကြီး၏ ခေါင်းပြတ်သွားသော ခန္ဓာကိုယ်ထံမှ သွေးများမှာ မီတာသုံးဆယ်လောက်အထိ ပန်းထွက်သွား၏။ နောက်ဆုံးတွင်မူ မြေဟောက်ကြီး၏အလောင်းမှာ မြေပေါ်သို့ ပြုတ်ကျလာခဲ့လေပြီ။

သည်မြွေဟောက်ကြီးကို အပြတ်ရှင်းပစ်လိုက်ပြီးမှသာ လုဝေယင်းသည် စိတ်အေးနိုင်တော့သည်။

“နောက်ဆုံးတော့ ပြီးသွားခဲ့ပြီပဲ။ ဒါပေမဲ့လည်း ခုအဖြစ်အပျက်က အနည်းငယ်တော့ အံ့ဩစရာ ကောင်းတယ်။ ဒီခေါင်းသုံးလုံးကျောက်မြွေဟောက်ကြီးဟာ ဒဏ္ဍာရီတွေထဲ ဖော်ပြထားသလောက် ကြောက်စရာမကောင်းလှဘူးပဲ။”

မြို့စားကြီးနန်းလုံက ခေါင်းယမ်းလိုက်ပြီး ချီတုံချတုံလေသံဖြင့် ဆိုလိုက်၏။

“ဒီသားရဲဟာ ခေါင်းသုံးလုံးကျောက်မြွေဟောက် အစစ်မဟုတ်လို့ ဖြစ်ပါလိမ့်မယ်။ မမေ့ပါနဲ့… ခေါင်းသုံးလုံးကျောက်မြွေဟောက်တွေဆို အတောင်ပံတွေ ပိုင်ဆိုင်ထားသလို ၎င်းရဲ့ ဦးခေါင်းသုံးခုစလုံးကလည်း မတူညီတဲ့ ဒြပ်စင်မန္တာန်အတတ်ပညာရပ်တွေကို အသီးသီး အသုံးပြုနိုင်စွမ်း ရှိကြတယ်လို့ ဆိုတယ်။ ဒီမြွေဟောက်ကြီးက အစစ်မဟုတ်လို့သာ ကျုပ်တို့ လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်ခဲ့တာ ဖြစ်ရမယ်။”

“ဖြစ်နိုင်တာက ဒီမြွေကြီးဟာ တခြားမျိုးနွယ်စုတစ်ခုခုကနေ သန္ဓေပြောင်းလဲသွားတဲ့ သားရဲတစ်ကောင်များလား။ ဘယ်ပဲဖြစ်ဖြစ် ကျုပ်တို့ ဒီသားရဲရဲ့ မူလဇစ်မြစ်ကို ငြင်းခုံနေဖို့ မလိုတော့ပါဘူး။ ဝင်ပေါက်လမ်းကြောင်းထဲကိုပဲ အမြန်သွားကြစို့။”

ဟန်လိက တည်ငြိမ်စွာ ဝင်ပြော၏။ ထို့နောက် သူ၏ တောင်နက်ကြီးထံသို့ လက်ညွှန်လိုက်ရာ ၎င်းမှာ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် သူ့အင်္ကျီလက်အိုးအတွင်းသို့ ပြန်လည်ပျံဝင်သွားသည်။ ထိုအခါ အောက်ခြေမှ ကြေမွပျက်စီးနေသော မြွေဟောက်ကြီး၏အလောင်းခန္ဓာမှာ အထင်အရှား ပေါ်လာသည်။

မြို့စားကြီးနန်းလုံက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ရွှေရောင်နှင့်အစိမ်းရောင် အလင်းတန်းတို့သည် သူရှိရာသို့ ပြန်လည်ပျံသန်းလာပြီး သူ၏ ရွှေရောင်ဓားကြီးနှင့် အစိမ်းရင့်ရောင်လက်စွပ်တို့အဖြစ် အသွင်ပြန်ပြောင်းသွားသည်။ ဓားပျံကြီးမှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး လက်စွပ်မှာမူ သူ၏လက်တွင် ပြန်လည်ဝတ်ဆင်လိုက်ပြီ ဖြစ်၏။

လုဝေယင်းက ပျက်စီးနေသော သားရဲကြီး၏အလောင်းကို အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်ပြီးနောက် ၎င်း၏ ဘေးနားသို့ လျှောက်သွားလိုက်သည်။ သူက မြွေဦးခေါင်းများထဲမှ တစ်ခုထံသို့ လက်ကို ပေါ့ပေါ့ပါးပါး ဆန့်ထုတ်လိုက်ရာ လက်မအရွယ်ခန့်ရှိသော အစိမ်းရောင် သားရဲအမြုတေတစ်ခုမှာ သူ၏လက်ထဲသို့ ရောက်ရှိလာ၏။

သူ၏မျက်နှာထက်တွင် ဝမ်းသာရိပ်များ ပြည့်နှက်သွားပြီးနောက် ကျန်ရှိနေသော အခြားဦးခေါင်းနှစ်ခုကိုပါ ကြည့်ရှုကာ ၎င်းတို့အတွင်းမှ ကျန်ရှိနေသော သားရဲအမြုတေနှစ်ခုကိုပါ တစ်ပါးတည်း ထုတ်ယူလိုက်တော့သည်။

ထိုအခိုက်အတန့်တွင် သူ၏ ရုပ်သေးရုပ်အပိုင်းအစများကို သိမ်းဆည်းပြီးစီးသွားသော ဟန်လိနှင့် မြို့စားကြီးနန်းလုံ တို့မှာလည်း ၎င်း၏ဘေးနားသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ လုဝေယင်းက စကားတစ်လုံးမျှ ထပ်မံထုတ်ဖော်မပြောတော့ဘဲ သူတို့နှစ်ဦးထံသို့ နတ်ဆိုးအမြုတေတစ်ခုစီကို လှမ်းပေးလိုက်၏။

ဟန်လိက ၎င်းပစ္စည်းကို လက်ခံရယူလိုက်ပြီးနောက် သာမန်ကာလျှံကာ တစ်ချက်ကြည့်ရှုကာ သူ၏ဝတ်ရုံအတွင်းသို့ မထူးခြားနားစွာဖြင့် ထည့်သိမ်းလိုက်သည်။ မြို့စားကြီးနန်းလုံကလည်း ထို့အတူပင် ပြုလုပ်လိုက်၏။

မကြာမီမှာပင် လုဝေယင်းသည် မြွေဟောက်ကြီး၏ ခန္ဓာကိုယ်ကို မီးလုံးတစ်လုံးတည်းဖြင့် ပြာဖြစ်အောင် အပြတ်ရှင်းပစ်လိုက်ပြီးနောက် ဆိုလိုက်၏။ “ကျုပ်တို့ထဲက တစ်ယောက်တည်းသာဆိုရင် ဤသားရဲကို သတ်ဖို့က အတော်လေး လက်ဝင်လိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့ သုံးဦးရဲ့ ပူးပေါင်းအင်အားနဲ့ဆိုရင်တော့ ဒီအဆင့်ရှိတဲ့ ရှေးဟောင်းသားရဲတွေကို သတ်ဖြတ်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ခု မဟုတ်တော့ပါဘူး။ တကယ်လို့ အဲ့ဒီ ရှေးဟောင်းမီးတောက်ဖားပြုပ်ကလည်း ခုလိုမျိုး ကိုင်တွယ်ရလွယ်ကူမယ်ဆိုရင်တော့ ကျုပ်တို့ရဲ့ ခရီးစဉ်မှာ အများကြီး စိတ်အေးနိုင်မှာပါ။”

မြို့စားကြီးနန်းလုံက သက်ပြင်းချလိုက်ပြီး ခါးသီးစွာ ပြုံးလျက် ပြောလိုက်၏။

“ကျုပ်လည်း အဲ့ဒီလို ဖြစ်ဖို့ မျှော်လင့်တာပေါ့။ ဒါပေမဲ့ ကျုပ်ထင်တာတော့ အဲ့ဒီ ရှေးဟောင်းမီးတောက်ဖားပြုပ်က ပိုပြီးတော့ လက်ဝင်လိမ့်မယ်ဗျ။ ဒီသားရဲက ဆရာသခင် ချန်းကုန်း ကိုယ်တိုင်တောင်မှ အသည်းအသန် ထွက်ပြေးရအောင် လုပ်ဆောင်နိုင်ခဲ့တာလေ။ အဲ့ဒီအချိန်တုန်းက သူက အကြီးအကဲများစွာရဲ့ တိုက်ခိုက်မှုကြောင့် အားနည်းနေခဲ့တယ်ဆိုဦးတော့... ဒီဖားပြုပ်ရဲ့ ကြောက်မက်ဖွယ်ကောင်းပုံဟာ သိသာနေပြီပဲ။”

ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက် လုဝေယင်းကလည်း တစ်ခွန်းမျှ ထပ်မပြောတော့ပေ။ သူ့အနေဖြင့် ခေါင်းညိတ်ပြလိုက်ရုံသာ တတ်နိုင်တော့သည်။

သည်အခိုက်တွင် ဟန်လိသည် ပတ်ဝန်းကျင်သို့ ပျံသန်းသွားပြီး သူ၏ သည်ပတ်ဝန်းကျင်ကို သီးခြားဖြစ်အောင် ပြုလုပ်ပေးထားသော အစီအရင်မန္တာန်အလံများကို ပြန်လည်သိမ်းဆည်းပြီးသွားခဲ့ပြီ ဖြစ်၏။ သူ ပြန်ရောက်လာသောအခါ ဆိုလိုက်သည်။

“သွားကြစို့။ အဲ့ဒီ ရှေးဟောင်းမီးတောက်ဖားပြုပ်က ဘယ်လောက်အထိ ကြောက်စရာကောင်းလဲဆိုတာကို ကျုပ်တို့ မကြာခင်မှာပဲ ကိုယ်တိုင် မြင်တွေ့ရတော့မှာပဲကို။”

ထိုသို့ ပြောဆိုပြီးနောက် သူက ရှေ့ကနေ အရင်ဦးစွာ စတင်ထွက်ခွာလာသည်။

မြို့စားကြီးနန်းလုံနှင့် လုဝေယင်း တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြပြီးနောက် သူ၏အနောက်မှနေ၍ အနီးကပ် လိုက်ပါလာကြတော့၏။ မည်သို့ပင်ဖြစ်စေ သူတို့သည် မြောက်ပိုင်းအနှစ်သာရ အလင်းတန်းများကို ဖြတ်ကျော်ရန်အတွက် ဟန်လိ၏ ယင်ယန်လက်စွပ် အပေါ်၌သာ အပြည့်အဝ မှီခိုကြရမည် မဟုတ်ပါလား။ မြွေဟောက်ကြီးကို သုတ်သင်ရှင်းလင်းပစ်လိုက်ပြီ ဖြစ်၍ ၎င်းလမ်းကြောင်းမှာ အခုအခါတွင် ပွင့်လင်းသွားခဲ့ပြီ ဖြစ်သည်။

...

ထိုနေရာတွင် ပေတစ်ထောင်ဝန်းကျင်ခန့်ကျယ်ဝန်းသော ကျောက်သားလမ်းမကြီးတစ်ခု တည်ရှိနေပြီး ၎င်း၏ ပတ်ပတ်လည်တွင်မူ ထွင်းဖောက်၍ မမြင်နိုင်သော အနီရောင်အလင်းတံတိုင်းကြီးတစ်ခုဖြင့် ဝန်းရံပိတ်ဆို့ထားပေသည်။

ကျင့်ကြံသူသုံးဦးစလုံးမှာ မြေပြင်မှ ပေငါးဆယ်လောက်အကွာအဝေးတွင် သတိကြီးစွာဖြင့် ပျံသန်းလာကြ၏။ သူတို့သည် သည်လမ်းအတိုင်း အတော်အတန် ခရီးနှင်ပြီးသွားသောအခါ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာ ရုတ်တရက် ပြောင်းလဲသွားပြီး အဝါရောင် ကျောက်နံရံကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာကြသည်။ ထိုကျောက်နံရံကြီး၏ အလယ်တွင်မူ မီတာနှစ်ဆယ်ကျော်ကျယ်ဝန်းသော မည်းနက်နေသည့် လိုဏ်ဂူကြီးတစ်ခု တည်ရှိနေ၏။

“အဲ့ဒီနေရာပါပဲ။ ကျုပ်တို့ ဒါကို ဖြတ်ကျော်ပြီးသွားတာနဲ့ ချောက်ကမ်းပါးရဲ့ အတွင်းပိုင်းဒေသထဲကို ရောက်ရှိသွားမှာ ဖြစ်တယ်။ ဒီလိုဏ်ဂူလမ်းကြောင်းက ငါးကီလိုမီတာကျော်လောက်အထိ ရှည်လျားပြီး အတွင်းမှာ မြောက်ပိုင်းအနှစ်သာရ အလင်းတန်းတွေ အပြည့် ဖုံးလွှမ်းထားတာပါ။” မြို့စားကြီးနန်းလုံက သက်ပြင်းချလိုက်ပြီး ဟန်လိဘက်သို့ လှည့်ကာ ပြောလိုက်၏။ “တာအိုရောင်းရင်းဟန်... ကျုပ်တို့ ခင်ဗျားရဲ့ ယင်ယန်လက်စွပ်ကို အသုံးပြုဖို့ လိုအပ်ပါပြီ။”

လုဝေယင်းက သူ၏မေးစေ့ကို ပွတ်သပ်ရင်း သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။ “ကျုပ်တို့ ဒီလိုဏ်ဂူထဲမှာ မြောက်ပိုင်းအနှစ်သာရ အလင်းတန်းတွေ ရှိနေမှန်း သိထားမှတော့ ဒါကို ရှောင်ကွင်းပြီး သွားလို့ရမယ့် အခြားလမ်းကြောင်းမျိုးကို ရှာဖွေလို့ မရဘူးလား။ ဒါမှမဟုတ် ဒီလမ်းကြောင်းတစ်ခုပဲ ရှိတာလား။”

မြို့စားကြီးနန်းလုံက ခေါင်းခါလျက် ဆို၏။

“ဒီလမ်းကြောင်းကလွဲလို့ အတွင်းထဲကို ဝင်ရောက်နိုင်မဲ့ အခြားဘယ်လမ်းကြောင်းမှ မရှိပါဘူး။ ညီအစ်ကိုလု... ခင်ဗျားရဲ့ မှော်ရတနာကို သုံးပြီး အဲ့ကျောက်တုံးတွေကို တစ်ချက်လောက် တိုက်ခိုက်ကြည့်လိုက်ပါ... ဒါဆိုရင် ခင်ဗျားလည်း ဘာကြောင့်လဲဆိုတာကို ချက်ချင်း သဘောပေါက်သွားပါလိမ့်မယ်။”

“ကောင်းပြီလေ... ကျုပ် တစ်ချက်လောက် စမ်းကြည့်တာပေါ့။”

လက်မလျှော့ချင်သေး၍ လုဝေယင်းသည် သူ၏အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ပြီး လက်ထဲမှ အဖြူရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လျက် ကျောက်နံရံကြီးဆီသို့ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ထိုအခိုက်အတန့်တွင် ဟန်လိသည် ထိုအဖြူရောင် အလင်းတန်းအတွင်း၌ အလွန်တရာ ဆန်းပြားလှသော ဆေဘာတစ်လက် ပျံသန်းသွားတာကို ရှင်းလင်းစွာ မြင်လိုက်ရ၏။ ၎င်းမှာ ကျင့်ကြံခြင်းလောကတွင် မြင်ရခဲလှသော ဓားပျံအမျိုးအစား ဆေဘာတစ်လက် ဖြစ်ပုံရသည်။

All Chapters