← Chapters

အခန်း ၈၁၄

Vol. 59 Ch. 814

အခန်း ၈၁၄

Vol. 59 Ch. 814

အပိုင်း ၈၁၄ - ငွေကြယ်မှုန်

ဟန်လိ၏ အာရုံစိုက် စောင့်ကြည့်နေသော မျက်ဝန်းများအောက်တွင် ဆေဘာဓားပျံသည် စူးရှတောက်ပလှသော အဖြူရောင် အလင်းတန်းများကို ထုတ်လွှတ်လျက် ကျောက်နံရံကြီးကို ခုတ်ပိုင်းလိုက်တော့သည်။ ထို့နောက် လုဝေယင်း၏ မျက်နှာအမူအရာမှာ မသိမသာ ပြောင်းလဲသွားပြီး သူ၏လက်ကို ဝှေ့ယမ်းကာ ထိုဓားပျံကို ပြန်လည်ဆင့်ခေါ်လိုက်၏။

ဓားပျံ၏ ခုတ်ပိုင်းချက်ကြောင့် ကျောက်နံရံပေါ်တွင် တစ်လက်မခန့်သာ ရှိသော ခပ်ဖျော့ဖျော့ အစင်းရာတစ်ခုသာ ကျန်ရစ်ခဲ့ပြီး ၎င်းပတ်ဝန်းကျင်တွင်မူ ခပ်ဖျော့ဖျော့ ငွေရောင်အလင်းမှုန်များ လွင့်ဝဲနေသည်ကို ဟန်လိ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

“ဒါက...”

လုဝေယင်းသည် အံ့ဩသွားသည့် အရိပ်အယောင်များ ပြသလိုက်ပြီး ထိုဓားရာကို ကြည့်ရန် ရှေ့သို့ အလျင်အမြန် လှမ်းတက်လိုက်၏။ ၎င်းကို သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် သူက တိုးတိုးလေး ရေရွတ်လိုက်တော့သည်။

“ငွေကြယ်သတ္တုရိုင်းပဲ... ဒီလိုဏ်ဂူကြီးတစ်ခုလုံးကို ငွေကြယ်သတ္တုရိုင်းကျောက်တွေနဲ့ တည်ဆောက်ထားတာလား...”

ငွေကြယ်သတ္တုရိုင်း ဟူသော စကားကို ကြားလိုက်ရသည့်အခါ ဟန်လိ၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး သူသည်လည်း ရှေ့သို့ လှမ်းတက်လာခဲ့၏။ သူက သူ၏လက်ညှိုးကို ဆန့်ထုတ်ကာ ထိုဓားရာကို ခပ်ဖွဖွလေး ပွတ်သပ်ကြည့်ပြီး သူ၏လက်ချောင်းပေါ်ရှိ အမှုန်များကို သေချာစွာ စစ်ဆေးလိုက်သည်။

ဟန်လိသည် ငွေကြယ်သတ္တုရိုင်းအကြောင်းကို ကြားဖူး၏။ ၎င်းမှာ မှော်ရတနာတစ်ခု၏ ကြံ့ခိုင်မှုအစွမ်းကို များစွာတိုးမြင့်ပေးနိုင်သော မှော်ရတနာသန့်စင်ရာတွင် အသုံးပြုသည့် ပစ္စည်းတစ်ခု ဖြစ်ပေသည်။ ၎င်း၏ အကျိုးသက်ရောက်မှုမှာ အလွန်တရာ အဖိုးတန်လှသော သန့်စင်ကျောက်သလင်း များ၏ အစွမ်းထက်ပင် မဆိုစလောက်သာ နိမ့်ကျလှပေသည်။ ထို့ကြောင့် လုဝေယင်း၏ ပြင်းထန်လှသော ခုတ်ပိုင်းချက်ကပင် ၎င်းကျောက်နံရံကို မထိခိုက်စေနိုင်ခဲ့ခြင်းမှာ အံ့ဩစရာ မရှိတော့ချေ။

၎င်းပစ္စည်းမှာ ပြန့်ကျဲကြယ်ပင်လယ်များ ၌ဖြစ်စေ၊ ကောင်းကင်တောင်ပိုင်းလောက၌ဖြစ်စေ လုံးဝပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဟန်လိသည် ထိုဓားရာကို စိုက်ကြည့်နေရင်း သူ၏လက်ကို မသိမသာ အသာမြှောက်လိုက်၏။ သူ၏အင်္ကျီလက်အိုးအတွင်းမှ မိုးပြာရောင် ဓားပျံငယ် ဆယ်လက်ကျော်မှာ ချက်ချင်း ထိုးထွက်သွားပြီး ကျောက်နံရံကြီးကို တန်းတန်းမတ်မတ် သွားရောက်ထိမှန်တော့သည်။

ကျန်ရှိနေသော သူနှစ်ဦးမှာ အလန့်တကြား ဖြစ်သွားကြသော်လည်း ဟန်လိ ဘာလုပ်နေသလဲဆိုသည်ကို ချက်ချင်း သဘောပေါက်သွားကြ၏။ ကျယ်လောင်လှသော သတ္တုချင်းထိခတ်မိသံများနှင့်အတူ ကျောက်နံရံပေါ်တွင် လက်မအနည်းငယ်ခန့် နက်ရှိုင်းသော တွင်းငယ် ဆယ်ခုကျော် ပေါ်ထွက်လာပြီး တွင်းတစ်ခုချင်းစီမှလည်း ငွေရောင်အလင်းမှုန်များကို ထုတ်လွှတ်နေလေသည်။

ဟန်လိ၏ မျက်နှာထက်တွင် အံ့ဩရိပ်များ ခဏတာ ဖြတ်ပြေးသွားပြီးနောက် သူက ပြောလိုက်၏။ “ဒါက အမှန်တကယ်ပဲ ငွေကြယ်သတ္တုရိုင်းပါပဲ... ပြီးတော့ ကျောက်တုံးတွေနဲ့လည်း ရောနှောနေသေးတယ်။ ဒါ့အပြင် ဒါတွေက ညီညီညာညာ ရှိမနေတာကို ကြည့်ရင် လူသားတွေ ပြုလုပ်ထားတာ မဟုတ်ဘူး။ အတွင်းပိုင်းမှာ ငွေကြယ်သတ္တုရိုင်း ကျောက်ကြောကြီးတစ်ခု ရှိနေရမယ်...”

ဟန်လိ၏ ဓားပျံငယ်များမှာ လုဝေယင်း၏ ဓားမြှောင်ထက် ပိုမိုနက်နဲစွာ ထိုးစိုက်နိုင်သည်ကို မြင်ရသောအခါ သူတို့နှစ်ဦးစလုံး၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားကြသော်လည်း လုဝေယင်း၏ မျက်ဝန်းများအတွင်း၌မူ ထိုကျောက်နံရံကြီးကို စိုက်ကြည့်နေရင်း လောဘဇော အရိပ်အယောင်များ ဖုံးကွယ်မထားနိုင်ဘဲ ထွက်ပေါ်လာတော့သည်။

မြို့စားကြီးနန်းလုံ၏ မျက်နှာထက်တွင်လည်း စိတ်လှုပ်ရှားနေသော အမူအရာတစ်ခု ပေါ်ထွက်လာသော်လည်း ခဏမျှ စဉ်းစားတွေးတောပြီးနောက် သူ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိသွား၏။

မြို့စားကြီးနန်းလုံက တည်ငြိမ်စွာပင် ဆိုလိုက်သည်။ “သွားကြစို့... ကျုပ်တို့ ချောက်ကမ်းပါးရဲ့ အတွင်းပိုင်းဒေသမှာ ရှိမဲ့ ရတနာတွေကို အရင်ရှာဖွေကြတာပေါ့။”

လုဝေယင်းကမူ ချီတုံချတုံဖြစ်နေပြီး နှမြောတသ မျက်နှာပေးဖြင့် ဆို၏။

“ထွက်သွားမယ် ဟုတ်လား... ဒီငွေကြယ်သတ္တုရိုင်း ဆိုတာက အလွန်တရာ အဖိုးတန်လှတဲ့ ရတနာတစ်ခုပဲလေ။ ကျုပ်တို့ ဒါကို အရင်ဦးဆုံး တူးဖော်ပြီးမှ သွားကြရင် ပိုမကောင်းဘူးလား...”

မြို့စားကြီးနန်းလုံက မျက်မှောင်ကြုတ်လိုက်ပြီး လုဝေယင်းဘက်သို့ လှည့်ကာ လေးနက်သော လေသံဖြင့် ဆိုလိုက်တော့သည်။

“ညီအစ်ကိုလု... ခင်ဗျားက ဘာဖြစ်လို့ ဒီလို အရေးကြီးတဲ့အချိန်မျိုးမှာ မိုက်မဲနေရတာလဲ။ ဒီငွေကြယ်သတ္တုရိုင်းက ဘယ်လောက်အထိ မာကျောလှလဲဆိုတာကို ခင်ဗျားကိုယ်တိုင်လည်း မြင်တွေ့ခဲ့ပြီးပြီ မဟုတ်လား။ ဒီနေရာမှာ ကျောက်ကြောကြီးတစ်ခုလုံး ရှိနေနိုင်တာ မှန်ပေမဲ့ လက်သီးဆုပ်ခန့်ရှိတဲ့ ကျောက်ရိုင်းတုံးကြီးတစ်ခုကနေ သန့်စင်လိုက်မယ်ဆိုရင် မစိုးစလောက် ပမာဏပဲ ရရှိနိုင်မှာပါ။ ခင်ဗျားအနေနဲ့ ဒါကို ရရှိဖို့အတွက် အချိန်တွေနဲ့ ဝိညာဉ်စွမ်းအားတွေ ဘယ်လောက်အထိ ဖြုန်းတီးပစ်ရဦးမလဲဆိုတာ တွက်ချက်ကြည့်ဖူးလား။ ဒါ့အပြင် ဒီပစ္စည်းက ဘယ်လောက်ပဲ အဖိုးတန်လှပါစေဦးတော့... ကျုပ်တို့ လိုအပ်နေတာက စည်းစိမ်ဥစ္စာတွေ မဟုတ်ဘဲ ကျင့်ကြံမှုကို တိုးတက်စေမဲ့အရာတွေနဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်မဲ့ ဆေးဝါးပစ္စည်းတွေဆိုတာကို မမေ့ပါနဲ့။ ကျုပ်တို့ သေခါနီး အခါကျရင် ဒီပိုင်ဆိုင်မှုတွေက ဘာမျှ အသုံးဝင်တော့မှာ မဟုတ်ဘူး။”

လုဝေယင်းသည် ခဏမျှ မှင်သက်သွားပြီးနောက်မှ အမှန်တရားကို သဘောပေါက်သွားသည့်အလား ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်၏။ သူက မြို့စားကြီးနန်းလုံကို ကျေးဇူးတင်သော အမူအရာဖြင့် အရိုအသေပေးလိုက်ပြီး ဆိုလိုက်သည်။

“ညီအစ်ကိုနန်းလုံ... ခင်ဗျားပြောတာ တကယ်အမှန်ပဲ။။ ကျုပ်က လောဘဇော တက်သွားမိလို့ ကျုပ်တို့ရဲ့ အဓိက ပန်းတိုင်ကို မျက်ခြေပြတ်သွားခဲ့မိတာပဲ။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ထို့နောက်တွင်မူ သူသည် ထိုကျောက်နံရံကြီးကို ထပ်မံ၍ အာရုံမစိုက်တော့ဘဲ ငွေကြယ်သတ္တုရိုင်း၏ ဆွဲဆောင်မှုအောက်တွင် ပိတ်မိသွားမှာကို စိုးရိမ်သည့်အလား လိုဏ်ဂူအတွင်းသို့ ခပ်သွက်သွက် လှမ်းဝင်သွားတော့သည်။

မြို့စားကြီးနန်းလုံ၏ မျက်နှာအမူအရာမှာ ပြေလျော့သွားပြီး ဟန်လိကို လှမ်းခေါ်လိုက်ပြီးနောက် လုဝေယင်း၏ အနောက်မှနေ၍ လိုက်ပါသွား၏။

ဟန်လိသည်လည်း ထိုငွေကြယ်သတ္တုရိုင်းကျောက် များကို လက်လွှတ်ရမှာကို နှမြောနေမိသည်သာ။ ထို့ကြောင့် သူ့ခြေလှမ်းများမှာ အလိုလို နှေးသွား၏။ သူ၏လက်ထဲတွင် ရွှေအနှစ်သာရများ ပေါင်းစပ်ထားသော ဓားပျံများနှင့် ဝိညာဉ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းပေးနိုင်သော စိတ်ဝိညာဉ်နို့ရည် အလုံအလောက် ရှိနေသည်ဆိုသော်ငြားလည်း ဤငွေကြယ်သတ္တုရိုင်းကျောက်များကို တူးဖော်ရန်မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ချေ။ သည့်အပြင် သူသာ ဤအတိုင်း ဆက်လက်လုပ်ဆောင်နေပါက အဖွဲ့ဝင်ချင်း မနာလိုဖြစ်စေကာ ရန်များသွားနိုင်သည်။

ထို့ကြောင့် ဤငွေကြယ်သတ္တုရိုင်းနောက်သို့ လိုက်နေခြင်းမှာ မိုက်မဲရာကျလိမ့်မည်ဟု ဆုံးဖြတ်ချက်ချပြီးနောက် ဟန်လိသည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး သူ၏ အဖော်နှစ်ဦးနောက်သို့ လိုက်ပါရန် လိုဏ်ဂူအတွင်းသို့ လှမ်းဝင်ခဲ့တော့သည်။

ထိုအခိုက်အတန့်တွင် ဟန်လိ၏ စိတ်အစဉ်ထဲ၌ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။

“ဟားဟား...များလိုက်တဲ့ ငွေကြယ်သတ္တုရိုင်းတွေပါလား။ ငါ ဒါကို နှစ်ပေါင်းများစွာကြာအောင် ရှာဖွေခဲ့ပေမဲ့ တစ်ခုတစ်လေတောင် ရှာမတွေ့ခဲ့ဘူး။ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ဆိုတာက ဂုဏ်သတင်းအတိုင်း တကယ်ပဲ ထိုက်တန်ပါတယ်။ ဒီငွေရိုင်းတွေကို ရုပ်သေးရုပ် သန့်စင်မွန်းမံတဲ့ နေရာမှာ အသုံးပြုလို့ရတယ်။ ရုပ်သေးရုပ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ငွေကြယ်သတ္တုရိုင်း အနည်းငယ် ရောနှောလိုက်ရုံနဲ့တင် သာမန်မှော်ရတနာတွေက ၎င်းကို ဒဏ်ရာရအောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး။ မင်း ဒါတွေကို အကုန်လုံး ယူသွားရမယ်...”

ဝိညာဉ်သွေဖယ်ခြင်းအရှင်က အလွန်ပင် စိတ်လှုပ်ရှားနေသော လေသံဖြင့် ဆိုလိုက်ခြင်း ဖြစ်သည်။

ဟန်လိကမူ စိတ်ထဲမှ တိုက်ရိုက်ပင် ငြင်းပယ်လိုက်၏။

“အကုန်လုံး ယူသွားရမယ် ဟုတ်လား... အဘိုးကြီး... ခင်ဗျား အိပ်မက်မက်နေတာလား။ ဒါက ငွေကြယ်သတ္တုရိုင်းကျောက် တွေလေ... သန့်စင်ပြီးသား ငွေတုံးတွေ မဟုတ်ဘူး။ ကျုပ် ဒါတွေကို ဘယ်လိုနည်းနဲ့ ယူဆောင်သွားရမှာလဲ။ တစ်ချက်ချင်းစီ ခုတ်ပိုင်းပြီး အပိုင်းပိုင်း ခွဲယူသွားရမှာလား...”

ထိုအဘိုးအိုက နှာခေါင်းရှုံ့လိုက်ပြီး ဆိုလိုက်၏။

“ငါက ဒါကို ထုတ်ပြောမှတော့ ကျိန်းသေပေါက် နည်းလမ်းတစ်ခု ရှိတာပေါ့ကွာ။ ကောင်လေးဟန်... မင်းရဲ့လက်ထဲမှာ ရွှေဝါးမြိုခြင်း ပိုးတောင်မာတွေ ရှိနေတာပဲ မဟုတ်လား။ ငါ မင်းကို ရွှေဝါးမြိုခြင်းပိုးတောင်မာတွေကို ထိန်းချုပ်ပြီး ကျောက်သားတွေကို ဖောက်ထွင်းနိုင်တဲ့ ငွေကြယ်သတ္တုရိုင်းတွေကို စုပ်ယူစေနိုင်မဲ့ နည်းလမ်းတစ်ခု သင်ပေးမယ်။ ဒီပိုးတောင်မာတွေက ငွေကြယ်သတ္တုရိုင်းတွေကို ငွေသားပုံစံ ပြန်ထွေးထုတ်ပေးနိုင်တယ်။ ဒီနည်းလမ်းကို ငါ သတ်ခဲ့တဲ့ အင်းဆက်ထိန်းချုပ်သူ ကျင့်ကြံသူတစ်ယောက်ဆီကနေ ရရှိခဲ့တာ ဖြစ်တယ်။ ဒီနည်းလမ်းက ဝိညာဉ်အင်းဆက်အားလုံးအပေါ် သက်ရောက်မှုရှိတယ်ဆိုပေမဲ့ မင်းရဲ့ ရွှေဝါးမြိုခြင်းပိုးတောင်မာတွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။”

“ကောင်းပြီ... ဒါဆိုရင်လည်း ခင်ဗျား ကျုပ်ကို အဲ့ဒီနည်းလမ်းကို သင်ပေးပါဦး။ ကျုပ် ရွှေဝါးမြိုခြင်းပိုးတောင်မာတွေကို ဒီငွေကြယ်သတ္တုရိုင်းတွေကို ရှာဖွေဖို့ ချက်ချင်းပဲ ခိုင်းစေလိုက်ပါ့မယ်။”

ဟန်လိသည် ဝမ်းမြောက်ဝမ်းသာဖြင့် ချက်ခြင်း ပြန်ဖြေသည်။ သူ ဤသို့ခံစားမိခြင်းမှာ ငွေကြယ်သတ္တုရိုင်းကြောင့်သာမက ထိုအစွမ်းထက်လှသော မန္တာန်အတတ်ပညာကြောင့် ဆိုလည်း ဟုတ်သည်။

“ငါ မင်းကို အချက်တစ်ချက်တော့ ကြိုပြောထားရမယ်။ မင်း ငွေကြယ်သတ္တုရိုင်းတွေကို ဘယ်လောက်ပဲ ရရ၊ ငါ နောက်ဆုံး သန့်စင်မွန်းမံမဲ့ ရုပ်သေးရုပ်အတွက်တော့ လုံလောက်တဲ့ ပမာဏတစ်ခု ချန်ထားရမယ်။ ဒါ့အပြင် မင်း ဒါတွေကို အခြားနေရာတွေမှာ မဆင်မခြင် မဖြုန်းတီးပစ်ရဘူး... အထူးသဖြင့် မင်းရဲ့ မှော်ရတနာတွေနဲ့ သွားပြီး မရောနှောလိုက်နဲ့။ ငါ ရုပ်သေးရုပ်ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပြီးလို့ ကျန်နေသေးတဲ့ ငွေကြယ်သတ္တုရိုင်းတွေကိုတော့ မင်း စိတ်ကြိုက် အသုံးပြုနိုင်တယ်။”

ဟန်လိသည် မပြုံးမိဘဲ မနေနိုင် ဖြစ်သွားပြီး ပြောလိုက်၏။

“စီနီယာ အနေနဲ့ မသိသေးတာ ဖြစ်လိမ့်မယ်... ကျုပ်ရဲ့ မှော်ရတနာတွေဟာ သန့်စင်ကျောက်သလင်း တွေနဲ့ အကြိမ်ကြိမ် သန့်စင်မွန်းမံထားပြီး ဖြစ်တယ်။ ဒီသလင်းရဲ့ အစွမ်းက ငွေကြယ်သတ္တုရိုင်းထက် အများကြီးပိုသာတယ်။”

ဝိညာဉ်သွေဖယ်ခြင်းအရှင်မှာ ခဏမျှ ဆွံ့အသွားပြီးနောက် ထိတ်လန့်တကြား အော်ပြောလာသည်။

“သန့်စင်ကျောက်သလင်း ဟုတ်လား... မင်းဆီမှာ အဲ့လို ကောင်းကင်ကို ဖိဆန်နိုင်စွမ်းရှိတဲ့ ရတနာပစ္စည်းမျိုး ရှိနေတာလား။ မင်းဆီမှာ အကြွင်းအကျန် အနည်းငယ် ရှိနေသေးလား... မင်းဆီမှာ မစိုးစလောက် ပမာဏပဲ ကျန်ကျန်၊ ဒီအရာက ငါ့အတွက်ဆို အတော်လေး အသုံးဝင်မှာ”

သူ၏ လေသံထဲတွင် ဝမ်းမြောက်နေသော အရိပ်အယောင်များ ပြည့်နှက်နေ၏။

ဟန်လိက တိုက်ရိုက်ပင် ပြန်လည်ဖြေကြားလိုက်သည်။

“ကျုပ်က ဝါးတိမ်အုပ်ဓားတွေကို အသုံးပြုတာ ခင်ဗျားလည်း သိတာပဲလေ။ ကျုပ် သန့်စင်ကျောက်သလင်း အတုံးကြီးတစ်ခု ရခဲ့ဖူးတယ်ဆိုပေမဲ့ ကျုပ်ရဲ့ ဓားပျံအားလုံးကို သန့်စင်ဖို့အတွက် လုံလောက်ရုံလောက်ပဲ။ ဘာအကြွင်းအကျန်မှ ရှိမနေတော့ပါဘူး။”

“ဘာတစ်ခုမှ မကျန်တော့ဘူး ဟုတ်လား... တကယ့်ကို ဖြုန်းတီးပစ်တာပဲ။”

ထိုအဘိုးအို၏လေသံမှာ နှမြောတသမှုများနှင့် စိတ်ပျက်လက်ပျက်ဖြစ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

ဟန်လိသည် သူ့စကားကို ကြားသည့်အခါ စိတ်ထဲ သိပ်တော့ မကျေနပ်လှပေ။ သန့်စင်ကျောက်သလင်းကို သူ့ကိုယ်ပိုင်မှော်ရတနာပေါ်တွင် အသုံးပြုခဲ့ခြင်းမှာ သူ့အတွက်တော့ ဖြုန်းတီးခြင်း မဟုတ်။ သို့သော် လက်ရှိတွင် သူက တစ်ဖက်လူထံမှ အကူအညီတောင်းခံရမည် ဖြစ်သဖြင့် ဘာမှမကြားသကဲ့သို့ပင် ဟန်ဆောင်နေလိုက်၏။

ထိုအချိန်တွင် ဟန်လိသည် ထိုသူနှစ်ဦး၏ အနောက်မှနေ၍ လိုဏ်ဂူအတွင်းသို့ လိုက်ပါလာခဲ့ပြီး ဖြစ်သော်လည်း သူတို့အနေဖြင့် မူမမှန်တာတစ်ခုခုကို ရိပ်မိသွားခြင်းမရှိစေရန်အတွက် သူတို့နှင့် အကွာအဝေးတစ်ခုကို သတိကြီးစွာဖြင့် ထိန်းသိမ်းထားဆဲ ဖြစ်သည်။

လိုဏ်ဂူအတွင်းပိုင်းမှာ မှောင်မိုက်နေသော်လည်း ကျင့်ကြံသူများအတွက်တော့ သူတို့၏စိတ်ဝိညာဉ်စွမ်းအင်ကို မျက်လုံးထဲ ပို့လွှတ်ရုံဖြင့် ပတ်ဝန်းကျင် အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။

ထို့ကြောင့် သူတို့အတွက် လမ်းလျှောက်ရာတွင် ဘာပြဿနာမှ ရှိမနေချေ။ လိုဏ်ဂူ၏ အကျယ်နှင့် အမြင့်မှာ ဝင်ပေါက်အတိုင်း ဖြစ်ပြီး ကျောက်တုံးများ၏ အရောင်မှာလည်း အဝါရောင် ဖြစ်သည်။

လမ်းခရီးတွင် ဟန်လိသည် သူ၏ ဓားပျံငယ်တစ်လက်ကို အသုံးပြုကာ ကျောက်နံရံကို သာမန်ကာလျှံကာ တစ်ချက် ခုတ်ပိုင်းကြည့်လိုက်ရာ ၎င်း၏အတွင်းပိုင်းမှ ငွေရောင်အလင်းမှုန်များ ပေါ်ထွက်လာသဖြင့် ဟန်လိမှာ အံ့ဩသွားရသည်။

ဟန်လိသည် ရှေ့သို့ လှမ်းတက်လာရင်း ဝိညာဉ်သွေဖယ်ခြင်းအရှင်ထံမှ အင်းဆက်ထိန်းချုပ်ခြင်း အတတ်ပညာရပ်ကို လေ့လာနေခဲ့၏။ ထိုနည်းစနစ်၏ မန္တာန်စာသားများမှာ ရှေးဟောင်းစာလုံးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် အလွန်တရာ နားလည်ရခက်လှသော်လည်း ထိုအဘိုးအို၏ သေသေချာချာ ရှင်းပြပေးမှုကြောင့် ဟန်လိအနေဖြင့် ခဏချင်းအတွင်းမှာပင် ကောင်းစွာ သဘောပေါက်သွားပြီ ဖြစ်သည်။ ဟန်လိသည် ၎င်းပညာရပ်ကို ချောမွေ့စွာဖြင့် အသုံးပြုနိုင်စွမ်း ရှိသွားတော့၏။

ယင်းနည်းစနစ်ကို သင်ကြားပေးပြီးနောက် ထိုအဘိုးအိုမှာ တစ်ဖန်ပြန်၍ ငြိမ်သက်သွားခဲ့ပြန်သည်။ ဟန်လိသည် ၎င်းမန္တာန်ကို စိတ်ထဲမှ အကြိမ်ကြိမ် ပြန်လည်ဆန်းစစ်ကြည့်ပြီး မှန်ကန်ကြောင်း အတည်ပြုပြီးမှသာ သူ၏ခါးရှိ ဝိညာဉ်သားရဲအိတ်ကို လက်ဖြင့် ခပ်ဖွဖွလေး ပွတ်သပ်လိုက်၏။ ခဏအကြာတွင် ရွှေဝါးမြိုခြင်းပိုးတောင်မာများမှာ သူ၏အင်္ကျီလက်အိုးအတွင်းမှနေ၍ လိုဏ်ဂူလမ်းကြောင်းတစ်လျှောက် တိတ်တဆိတ် ပျံသန်းထွက်ခွာသွားကြသည်။

သူ၏ အဖော်နှစ်ဦးမှာမူ ဟန်လိ၏ အရှေ့ ပေကိုးဆယ်ခန့် အကွာသို့ ရောက်ရှိနေကြပြီ ဖြစ်သဖြင့် ဟန်လိ၏ လျှို့ဝှက်လှုပ်ရှားမှုများကို ရိပ်မိနိုင်စွမ်း မရှိကြချေ။ ဆယ့်ငါးမိနစ်လောက် ကုန်လွန်သွားပြီးနောက်တွင်မူ ရွှေဝါးမြိုခြင်းပိုးတောင်မာများမှာ ဟန်လိ၏ ဘေးပတ်လည်မှ လုံးဝ ထွက်ခွာသွားကြပြီ ဖြစ်သည်။

ဟန်လိသည် သူ၏အင်္ကျီလက်အိုးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်လိုက်၏။ ထို့နောက် သူ၏စိတ်ထဲမှ ဂါထာတစ်ခုကို ရွတ်ဆိုလိုက်ပြီး သူ၏ စိတ်ဝိညာဉ်အာရုံမှတစ်ဆင့် လိုဏ်ဂူဝင်ပေါက်အနားတွင် စုဝေးနေကြသော ရွှေဝါးမြိုခြင်းပိုးတောင်မာ အုပ်ကြီးထံသို့ အမိန့်ပေးလိုက်တော့သည်။

ရွှေဝါးမြိုခြင်းပိုးတောင်မာများမှာ ရုတ်ချည်းပင် ရွှေရောင်အလင်းတန်းများ ပြင်းထန်စွာ တောက်ပလာပြီးနောက် ပုံရိပ်များ ဝေဝါးသွားကာ ကျောက်နံရံကြီးများအတွင်းသို့ နည်းနည်းလေးမျှ အဟန့်အတားမရှိဘဲ ချက်ခြင်း တိုးဝင်ပျောက်ကွယ်သွားကြတော့၏။ ၎င်းတို့မှာ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော်လည်း ကျောက်သားမျက်နှာပြင်ပေါ်တွင်မူ မည်သည့် ပျက်စီးထိခိုက်မှု အရိပ်အယောင်မျှ ကျန်ရစ်ခဲ့ခြင်း မရှိချေ။

သူ၏ စိတ်ဝိညာဉ်အာရုံမှတစ်ဆင့် ဤသည်ကို သိရှိလိုက်ရသောအခါ ဟန်လိသည် စိတ်အေးသွားပြီး သက်ပြင်းချနိုင်တော့ကာ သူ၏ ခြေလှမ်းများကို ပြန်လည်မြှင့်တင်လိုက်တော့သည်။

ခဏမျှ ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာခဲ့ပြီးနောက် လိုဏ်ဂူလမ်းကြောင်း၏ အချိုးအကွေ့တစ်ခုသို့ ရောက်ရှိလာကြ၏။ ထိုနေရာတွင် သူ့အဖော်နှစ်ဦးစလုံးမှာ လမ်းလျှောက်ခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ကြသဖြင့် ဟန်လိမှာ အံ့ဩသွားရသည်။ သူက ရှေ့သို့ အလျင်အမြန် လှမ်းကြည့်လိုက်ရာ လိုဏ်ဂူလမ်းကြောင်း၏ အကျယ်မှာ ယခင်ကထက် နှစ်ဆခန့်အထိ ကျယ်ပြန့်သွားသည်ကို တွေ့လိုက်ရ၏။

ထိုကျယ်ပြောလှသော လမ်းမကြီးပေါ်တွင် ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စက်မိုးမျှော်များစွာ ရှိနေပြီး ၎င်းတို့ထံမှ ခပ်ဖျော့ဖျော့ ငွေရောင်အလင်းတန်းများကို ထုတ်လွှတ်လျက် လိုဏ်ဂူတစ်ခုလုံးကို လင်းထင်းစေသည်။ ထိုငွေရောင်အလင်းတန်းများမှာ အလွန်တရာ ဆန်းပြားလှ၏။ ၎င်းတို့မှာ ရုပ်ခန္ဓာမရှိသော အလင်းတန်းများ ဖြစ်ကြသော်ငြားလည်း တစ်ခုချင်းစီတွင် ကိုယ်ပိုင်ရုပ်ခန္ဓာပုံစံများ ရှိနေသကဲ့သို့ပင် ထင်မှတ်ရပေသည်။

မြို့စားကြီးနန်းလုံသည် သူ၏ရှေ့မှောက်ရှိ ငွေရောင်အလင်းတန်းများကို စူးစိုက်ကြည့်ကာ လေးနက်စွာ သက်ပြင်းချလိုက်ပြီး ဆိုလိုက်၏။

“ဒါတွေက မြောက်ပိုင်းအနှစ်သာရ အလင်းတန်း တွေ ဖြစ်ရမယ်။ တာအိုရောင်းရင်းတို့ ဒီအကြောင်းကို အနည်းအကျဉ်း သိရှိထားတယ်ဆိုရင်တောင်... ကျုပ် ခင်ဗျားတို့ကို ကြိုတင်သတိပေးပါရစေ။ အတွင်းထဲကို ရောက်သွားတဲ့ အခါကျရင် ခင်ဗျားတို့ ယင်ယန်လက်စွပ်ကလွဲလို့ ကျန်တဲ့ ဘယ်လို ဝိညာဉ်စွမ်းအားလှိုင်းမျိုးကိုမှ မထုတ်ဖော်မိပါစေနဲ့။ တကယ်လို့ မြောက်ပိုင်းအနှစ်သာရ အလင်းတန်းတွေကသာ ဝိညာဉ်စွမ်းအား ပေါက်ကြားမှုကို အာရုံခံမိသွားမယ်ဆိုရင်တော့ ကျုပ်တို့အားလုံး ဒီမှာတင် သေဆုံးသွားကြမှာ သေချာတယ်။”

ဟန်လိကမူ တိတ်ဆိတ်နေပြီး ဘာမျှ ပြန်မပြောပေ။ သူက သူ၏အင်္ကျီလက်အိုးကို လှုပ်ခါလိုက်ရာ အနက်ရောင်လက်စွပ်တစ်ကွင်း ထွက်ပေါ်လာပြီး ၎င်းသည် လေထဲတွင် တစ်ပတ်ပတ်ကာ သူ့လက်ထဲ ကျရောက်လာပြီး အလင်းတစ်ချက် လင်းလက်သွား၏။

All Chapters