← Chapters

အခန်း ၈၁၅

Vol. 59 Ch. 815

အခန်း ၈၁၅

Vol. 59 Ch. 815

အပိုင်း ၈၁၅ - မြောက်ပိုင်းအနှစ်သာရ အလင်းတန်းများ

မြို့စားကြီးနန်းလုံနှင့် လုဝေယင်းတို့မှာ ဟန်လိက ယင်ယန်လက်စွပ်ကို ထုတ်ယူလိုက်တာ မြင်တွေ့လိုက်ရသည်နှင့် သူတို့သည် ဟန်လိအနားသို့ ဖြတ်ခနဲ့ ရောက်လာကြသည်။ ကြည့်ရသည်မှာ သူတို့သည် ဟန်လိကို ရှေ့ကနေ ဦးဆောင်စေချင်သည့်ပုံပင်။

ဟန်လိသည် ၎င်းလက်စွပ်ကို သူ၏လက်ထဲတွင် ကိုင်ထားပြီးနောက် မိုးပြာရောင်ချီစွမ်းအင်မြူခိုးကို ၎င်းပေါ်သို့ မှုတ်ထုတ်လိုက်၏။ အနက်ရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် ထိုမိုးပြာရောင်ချီစွမ်းအင်များမှာ လက်စွပ်၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ထို့နောက်တွင်မူ ၎င်းလက်စွပ်သည် ဟန်လိ၏ ဦးခေါင်းထက်သို့ ပျံသန်းသွားပြီး လေထဲတွင် ငြိမ်သက်စွာ ပျံဝဲနေ၏။

ဟန်လိသည် သူ၏လက်ကို မြှောက်လိုက်ပြီး လက်စွပ်ပေါ်သို့ မန္တာန်ချိပ်တံဆိပ်တစ်ခု ရိုက်နှိပ်လိုက်သည်။ ထိုအခါ ယင်ယန်လက်စွပ်မှာ အပြင်းအထန် တုန်ခါလာပြီး ၎င်း၏ အရွယ်အစားမှာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီးနောက် ပေခြောက်ဆယ်ခန့်အထိ ကြီးမားကျယ်ပြန့်လာတော့၏။

“သွားစမ်း...”

ဟန်လိက လက်စွပ်ထံသို့ လက်ညွှန်လိုက်ပြီး အမိန့်ပေးလိုက်သည်။ ထူးဆန်းသော တဝီဝီ မြည်ဟိန်းသံတစ်ခုကို ထုတ်လွှတ်လျက် ထိုကြီးမားလှသော လက်စွပ်ကြီးမှာ ရှေ့သို့ တဟုန်ထိုး တိုးဝင်သွားတော့၏။

မြို့စားကြီးနန်းလုံနှင့် လုဝေယင်း တို့မှာမူ နောက်ဆက်တွဲ ဖြစ်ပေါ်လာသော မြင်ကွင်းကို တည်ကြည်လေးနက်သော မျက်နှာအမူအရာများဖြင့် စိုက်ကြည့်နေမိသည်။ လက်စွပ်ကြီးသည် လေထဲတွင် လွင့်မြောနေသော မရေမတွက်နိုင်သော အလင်းတန်းလှိုင်းကြီးကို ဖြတ်ကျော်သွားချိန်တွင် မယုံကြည်နိုင်လောက်အောင် ဆန်းပြားလှသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့၏။

ထိုအလင်းတန်းများမှာ လှုပ်ခတ်သွားသော ရေမျက်နှာပြင်ကဲ့သို့ အလိပ်လိုက် လှိုင်းတွန့်များ ဖြစ်ပေါ်လာသည်။ ကြီးမားလှသော လက်စွပ်ကြီးသည် ထိုအလင်းလှိုင်းကြီးကို ဖြတ်ကျော်သွားသည့် ခဏမှာပင် ၎င်းထံမှ အနက်ရောင်အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီးနောက် ပတ်ဝန်းကျင်ရှိ အလင်းတန်းများကို ဘေးသို့ ယိမ်းထိုးတွန်းဖယ်ပစ်ကာ သူတို့ ဖြတ်သန်းသွားနိုင်မဲ့ လမ်းကြောင်းတစ်ခုကို ချက်ချင်း ဖန်တီးပေးလိုက်တော့၏။

ဤသည်ကို မြင်တွေ့လိုက်ရသောအခါ အဖွဲ့ဝင်များအားလုံးမှာ စိတ်အေးသွားကြပြီး သက်ပြင်းချနိုင်တော့သည်။

သို့သော်လည်း ဟန်လိကမူ မြောက်ပိုင်းအနှစ်သာရ အလင်းတန်းများ ၏ စွမ်းအားအတိမ်အနက်ကို ခုထက်ထိ သိချင်စိတ် ပြင်းပြနေဆဲ ဖြစ်သည်။ ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက် သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး အတိတ်တုန်းက သူ ရရှိခဲ့ဖူးသော အပြာရောင်ရှိ လက်သီးဆုပ်ခန့် အရွယ်အစားရှိသည့် ပုလဲလုံးတစ်လုံးကို ထုတ်ယူလိုက်၏။ ၎င်းမှာ ထိပ်တန်းအဆင့် ကာကွယ်ရေး မှော်ပစ္စည်းတစ်ခု ဖြစ်ပေသည်။

၎င်းကို လက်ထဲတွင် ကိုင်ဆောင်ထားရင်း ဟန်လိသည် ဝိညာဉ်စွမ်းအားအချို့ကို ပုလဲလုံးပေါ်သို့ ပို့လွှတ်လိုက်ရာ ၎င်း၏ပတ်ပတ်လည်တွင် အပြာရောင် အလင်းအကာတစ်ခု ချက်ချင်း ပေါ်ထွက်လာတော့၏။ သူ၏လက်ကို တစ်ချက်လှန်လိုက်သည်နှင့် ထိုပုလဲလုံးမှာ ရှေ့သို့ ပြင်းထန်စွာ ပျံသန်းသွားတော့သည်။ အပြာရောင် အလင်းလုံးကြီးသည် မြောက်ပိုင်းအနှစ်သာရ အလင်းတန်းများ အတွင်းသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ငွေရောင်အလင်းတန်းများမှာ သားကောင်ကို မြင်လိုက်ရသည့် သားရဲများအလား ၎င်းထံသို့ အုန်းအုန်းကျွက်ကျွက် စုပြုံတိုးဝင်သွားကြတော့၏။

ထိုပါးလွှာလှသော ငွေရောင်အလင်းတန်းများမှာ အပြာရောင် အလင်းလုံးကြီးကို ဘာမျှမရှိသကဲ့သို့ အရပ်မျက်နှာအစုံမှနေ၍ ရက်စက်စွာ ဖြတ်သန်းထွင်းဖောက် ပစ်လိုက်ကြသည်။ ခဏချင်းအတွင်းမှာပင် ထိုငွေရောင်အလင်းတန်းများမှာ လက်ခနဲ ဖြစ်သွားပြီးနောက် ပုလဲလုံးမှာ ပြင်းထန်စွာ ပေါက်ကွဲလောင်ကျွမ်းသွားကာ လှပသော အလင်းမီးပွားများကိုသာ ချန်ထားခဲ့ပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားရတော့၏။ ၎င်း၏ အနောက်တွင်မူ နဂိုအတိုင်းပင် ငြိမ်သက်စွာ ရှိနေဆဲဖြစ်သော ငွေရောင်အလင်းတန်းများကိုသာ အထင်အရှား ပြန်မြင်ရသည်။

ဟန်လိသည် မျက်လုံး မှေးစင်းကာ အာရုံစိုက်မိသွား၏။ သူ၏ အဖော်နှစ်ဦးမှာလည်း ထိုမြင်ကွင်းကြောင့် မျက်နှာများ သုန်မှုန်သွားကြတော့၏။

ဟန်လိ၏ မျက်နှာအမူအရာမှာမူ ပုံမှန်အတိုင်းပင် ဆက်လက်ရှိနေဆဲဖြစ်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ကြီးမားလှသော လက်စွပ်ကြီးသည် သူတို့၏ အထက်သို့ ပြန်လည်ပျံသန်းလာပြီးနောက် တိတ်ဆိတ်စွာပင် အောက်သို့ ကျဆင်းလာကာ သူတို့အား အရပ်မျက်နှာအစုံမှနေ၍ ဝန်းရံပိတ်ဆို့လိုက်တော့သည်။ ထို့နောက်တွင်မူ လက်စွပ်ထံမှ အနက်ရောင်အလင်းအကာတစ်ခု ထွက်ပေါ်လာပြီး ကျင့်ကြံသူ သုံးဦးစလုံးကို လုံးဝ ဖုံးအုပ်ပစ်လိုက်တော့၏။

“သွားကြစို့...”

ထိုသို့ ပြောဆိုပြီးနောက် ဟန်လိသည် ရှေ့သို့ လှမ်းတက်လိုက်ပြီး ယင်ယန်လက်စွပ် ကို ဖြည်းဖြည်းချင်း ထိန်းချုပ်ကာ ရှေ့ဆက်ခဲ့တော့သည်။

မြို့စားကြီးနန်းလုံနှင့် လုဝေယင်း တို့မှာမူ ထိုအလင်းအကာအတွင်း၌ ရှိနေစဉ်အတွင်း နည်းနည်းလေးမျှ အချိန်မဆွဲဝံ့ကြဘဲ ဟန်လိ၏ အနောက်မှနေ၍ အနီးကပ် လိုက်ပါလာကြ၏။ ၎င်းလက်စွပ်က မြောက်ပိုင်းအနှစ်သာရ အလင်းတန်းများ၏ ဘေးဒဏ်မှ ကာကွယ်ပေးနိုင်သည်ဆိုသော်ငြားလည်း သူတို့သည် မဆင်မခြင်နှင့် အခြားသော ကာကွယ်ရေး အစီအရင်များကို ထပ်မံထုတ်ဖော်ခြင်းဖြင့် ၎င်းတို့အား ရန်စမိသလို ဖြစ်သွားမှာကို စိုးရိမ်နေကြဆဲ ဖြစ်သည်။ ဟန်လိအနေဖြင့်မူ အပြင်ပန်းတွင် တည်ငြိမ်အေးဆေးနေဟန် ပေါက်နေသော်လည်း အတွင်းစိတ်ထဲ၌မူ အနည်းငယ်တော့ စိုးရိမ်ပူပန်နေမိသည်မှာ အမှန်ပင် ဖြစ်၏။

လက်စွပ်ကြီးသည် မြောက်ပိုင်းအနှစ်သာရ အလင်းတန်းများအတွင်းသို့ ဝင်ရောက်သွားသည်နှင့် မျှော်လင့်ထားသည့်အတိုင်းပင် ထိုအလင်းတန်းများမှာ ဘေးတစ်ဖက်တစ်ချက်သို့ လမ်းခွဲပေးလိုက်ကြပြီး အနက်ရောင်အလင်းအကာကို အလွယ်တကူ ဖြတ်သန်းခွင့် ပြုသည်။ ဟန်လိသည် ဤသည်ကို မြင်တွေ့လိုက်ရသောအခါမှ စိတ်အေးသွားနိုင်တော့ပြီး လှည့်ကြည့်လိုက်ရာ သူ၏ အဖော်များလည်း စိတ်သက်သာရာရသွားကြသည်ကို တွေ့လိုက်ရ၏။

ဟန်လိက ပြုံးလိုက်ပြီး ယင်ယန်လက်စွပ်ကို ထိန်းချုပ်လျက် ရှေ့သို့ ဖြည်းဖြည်းချင်း ဆက်လက်ချီတက်သည်။

...

နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး၏ ဆီးနှင်းများနှင့် ရေခဲပြင်များ ဖုံးလွှမ်းနေသော အရပ်ဒေသတစ်ခုတွင်မူ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားကြသော တစ္ဆေသရဲဝိညာဉ်ဂိုဏ်း ကျင့်ကြံသူအုပ်စုတစ်စုသည် သူတို့၏ မှော်ရတနာမျိုးစုံကို အသုံးပြုလျက် ပုတ်သင်ညိုကြီးတစ်ကောင်ကို အသည်းအသန် ရင်ဆိုင်တိုက်ခိုက်နေကြ၏။

ထိုနေရာနှင့် မနီးမဝေးတွင်မူ ဖြူဖပ်ဖြူရော မျက်နှာအမူအရာရှိပြီး ကျုံးမျိုးရိုး အကြီးအကဲအိုကြီးတစ်ဦးသည် လေထဲတွင် ငြိမ်သက်စွာ ပျံဝဲနေလျက် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ရူးသွပ်စွာ တိုက်ခိုက်နေကြသည်ကို စောင့်ကြည့်နေလေသည်။

ဂိုဏ်းတပည့် ခုနစ်ဦးစလုံးမှာ ဤမျှ အချိန်ကြာမြင့်သည်အထိ ထိုရှေးဟောင်းသားရဲကြီးကို အပြတ်မရှင်းနိုင်သေးသည်ကို မြင်တွေ့လိုက်ရသောအခါ သူက မျက်မှောင်ကြုတ်လိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရန် ဆုံးဖြတ်လိုက်တော့၏။

အကြီးအကဲကျုံးသည် သူ၏လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်လိုက်ရာ သူ၏ခန္ဓာကိုယ်မှ မည်းနက်နေသော ချီစွမ်းအင် မြူခိုးအမြောက်အမြား ပေါက်ကွဲထွက်လာသည်။ ထို့နောက် ၎င်းတို့မှာ လျင်မြန်စွာ စုစည်းသွားပြီး ရေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ ပုတ်သင်ညိုကြီးထံ တဟုန်ထိုး တိုးဝင်သွားတော့၏။

မကြာမီမှာပင် ၎င်း၏အနောက်ဘက်မှနေ၍ စိမ်းရင့်ရောင် အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော ကြီးမားလှသော ပိုက်ကွန်ကြီးတစ်ခု ထွက်ပေါ်လာပြီး ရေနဂါးကိုကော၊ ဖွတ်ကြီးကိုကော လွှမ်းခြုံသွားသည်။ ၎င်းပိုက်ကွန်ကြီးထံမှ မရေမတွက်နိုင်သော လက်သီးဆုပ်ခန့် အရွယ်အစားရှိသည့် မီးလုံးကြီးများ ပေါ်ထွက်လာပြီးနောက် မိုးကြိုးမုန်တိုင်းကြီးတစ်ခုအလား ထိုပုတ်သင်ညိုကြီးပေါ်သို့ တရစပ် ကျဆင်းလာကာ ပြင်းထန်လှသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာတော့၏။ အနက်ရောင်အလင်းတန်းများနှင့် အစိမ်းရောင် မီးလျှံလှိုင်းကြီးများမှာ ဤနေရာတစ်ခုလုံးကို လင်းထင်းသွားစေပြီးနောက် ခဏချင်းအတွင်းမှာပင် ပြန်လည်ပျောက်ကွယ်သွားကာ ၎င်း၏အောက်ခြေတွင်မူ လောင်ကျွမ်းမည်းနက်သွားသည့် ပုတ်သင်ညိုကြီး၏ အလောင်းကို မြင်ရသည်။

အကြီးအကဲကျုံးသည် သူ၏လက်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်လှသော လေပြင်းမုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုရှေးဟောင်းသားရဲကြီး၏ အလောင်းကို ပေတစ်ရာကျော်အကွာသို့ လွင့်စင်သွားစေကာ ၎င်း၏အောက်ခြေမှ ရေခဲပြင်ကြီးကို အက်ကြောင်းတစ်ခု ဖြစ်ပေါ်သွားစေ၏။ ထိုအက်ကြောင်းကြီးမှာ အောက်ခြေသို့ တိုက်ရိုက်ဦးတည်နေပြီး ၎င်းအတွင်း၌မူ ခပ်ဖျော့ဖျော့ အဖြူရောင်အလင်းတန်းများ လင်းလက်နေသော လိုဏ်ဂူလမ်းကြောင်းတစ်ခုကို အထင်အရှား မြင်တွေ့လိုက်ရသည်။

“သွားကြစို့...”

အကြီးအကဲကျုံးက သုန်မှုန်သော လေသံဖြင့် အမိန့်ပေးလိုက်၏။ ထို့နောက် သူ၏ပုံရိပ်မှာ အနက်ရောင်အလင်းတန်းတစ်ခုအလား လိုဏ်ဂူအတွင်းသို့ အလျင်အမြန် ပျံသန်းဝင်ရောက်သွားခဲ့ပြီး ကျန်ရှိနေသော တစ္ဆေသရဲဝိညာဉ်ဂိုဏ်း ကျင့်ကြံသူများလည်း မဆိုင်းမတွဘဲ သူ၏အနောက်မှနေ၍ လိုက်ပါသွားကြတော့သည်။

ဝမ်ချန်နှင့်ယန်ရုယန် တို့မှာလည်း ထိုတပည့်အုပ်စုအတွင်း၌ ပါဝင်နေကြသော်လည်း ဝမ်ထျန်းကူနှင့် တစ္ဆေသရဲဝိညာဉ်ဂိုဏ်းချုပ် တို့ကိုမူ ဤနေရာတွင် မတွေ့ရပေ။

မကြာမီမှာပင် တစ္ဆေသရဲဝိညာဉ်ဂိုဏ်း ကျင့်ကြံသူအားလုံးမှာ ထိုရေခဲပြင်အက်ကြောင်းကြီးအတွင်းသို့ ဝင်ရောက်သွားခဲ့ကြပြီ ဖြစ်၍ မြေပြင်ထက်ရှိ မြင်ကွင်းမှာ တစ်ဖန်ပြန်၍ ငြိမ်းချမ်းသွားခဲ့ပြန်သည်။ သို့သော်လည်း ဆီးနှင်းများမှာမူ ဆက်လက်၍ ကျဆင်းနေဆဲဖြစ်ပြီး ထိုရှေးဟောင်းသားရဲကြီး၏ အလောင်းပေါ်တွင် ရေခဲပြင်ကြီးတစ်ခု ချက်ချင်း ဖုံးအုပ်သွားခဲ့ပြန်သဖြင့် ၎င်းမှာ မထူးခြားနားလှသော ဆီးနှင်းတောင်ငယ်တစ်ခု အသွင်ပြောင်းလဲသွား၏။

...

တစ္ဆေသရဲဝိညာဉ်ဂိုဏ်းက ဝင်ရောက်သွားခဲ့ဖူးသော တောအုပ်ကြီးအတွင်း၌မူ နတ်သမီးခရမ်းဝိညာဉ် သည် သူမနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေဟန်တူသော ဆီးနှင်းတောင်ငယ်လေးကို စိုက်ကြည့်နေမိ၏။

ဆယ့်ငါးမိနစ်လောက် အတွေးထဲ နစ်မြောနေပြီးနောက် သူမသည် ခေါင်းမော့ကြည့်ကာ သူမ၏ ပတ်ပတ်လည်တွင် သစ်ပင်ကြီးများ ရှိ၊ မရှိကို ရှာဖွေကြည့်လိုက်သည်။ ထို့နောက်တွင်မူ သူမက သူမ၏အောက်ခြေရှိ မြေသားကုန်းငယ်လေးကို ငုံ့ကြည့်လိုက်ပြီး လက်တောက်ထုတ်၏။ ထိုအခါ အလင်းတန်းတစ်ခုမှာ ထိုကုန်းငယ်လေးဆီသို့ ချက်ချင်း ပျံသန်းသွားတော့၏။

ခပ်အုတ်အုတ် မြည်ဟိန်းသံတစ်ခုနှင့်အတူ သူမ၏ရှေ့မှ မြေပြင်ထက်တွင် ဆယ်ပေခန့် ကျယ်ဝန်းသော တွင်းနက်ကြီးတစ်ခု ပေါ်ထွက်လာတော့သည်။ ထိုတွင်းနက်ကြီးအတွင်းမှ မီးခိုးရောင် ပြာမှုန့်များ လွင့်ဝဲလာခဲ့ပြီး ၎င်းအတွင်း၌မူ မီးလောင်ကျွမ်းထားသော သစ်မြစ်ခြောက်များ ရှိနေသည့် လိုဏ်ဂူဟောင်းကြီးတစ်ခုကို တွေ့မြင်လိုက်ရ၏။

ခရမ်းဝိညာဉ်သည် ပြုံးမိသွား၏။

“ဒီနေရာပဲ ဖြစ်ရမယ်။ တစ္ဆေသရဲဝိညာဉ်ဂိုဏ်းက ငါ့အရင် မြန်မြန်ဆန်ဆန် ရှာဖွေတွေ့ရှိသွားခဲ့တာပဲ။ ဒါပေမဲ့လည်း သူတို့ဟာ သူတို့ရဲ့ အနောက်ကနေ တစ်စုံတစ်ယောက်က ခြေရာခံလိုက်လာလိမ့်မယ်လို့ မထင်ထားလောက်ဘူး။ သူတို့က အလျင်စလို ထွက်ခွာသွားခဲ့ကြတာဆိုတော့ လမ်းခရီးမှာ ခြေရာလက်ရာတွေကို ထင်ထင်ရှားရှား ချန်ထားခဲ့ကြတာပဲ။”

သူမ၏ လက်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ ထိုမြေတွင်းကြီးမှာ မြေသားများဖြင့် ပြန်လည် ဖုံးအုပ်သွားခဲ့ပြီး ဖြစ်ကာ သူမက မိုးပြာရောင် အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် အနီးနားရှိ သစ်ပင်ကြီးများ၏ ဘေးပတ်လည်တွင် တစ်ပတ် လမ်းလျှောက်ကြည့်လိုက်ပြီး ၎င်းတို့ထဲမှ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ထိုအဆောင်ကို ကပ်လိုက်၏။ မိုးပြာရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် ထိုအဆောင်မှာ သစ်ပင်ကြီးအတွင်းသို့ စိမ့်ဝင်သွားခဲ့ပြီး ဘာခြေရာလက်ရာမျှမကျန် ပျောက်ကွယ်သွားတော့သည်။ အဆောင်လက်ဖွဲ့ကို သေချာစွာ စီမံပြီးနောက်မှသာ သူမသည် သွားရမည့် ဦးတည်ရာလမ်းကြောင်းကို ထပ်မံအတည်ပြုလိုက်ပြီးနောက် ဘေးသို့ အလျင်အမြန် ပျံသန်းထွက်ခွာသွားလေ၏။

...

ကြီးမားကျယ်ပြန့်လှသော ချောက်ကမ်းပါးကြီးတစ်ခုအတွင်း၌မူ ကျင့်ကြံသူအိုကြီးတစ်ဦးသည် သူ၏ရှေ့မှောက်ရှိ အရောင်အသွေးစုံလင်လှသော အစီအရင်အတားအဆီးကို စိုက်ကြည့်နေမိပြီး တစ်ကိုယ်တည်း တိုးတိုးလေး ရေရွတ်နေမိသည်။ သူ၏အနောက်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ရှိသည့် ရုပ်သေးရုပ်နှစ်ရုပ်မှာ ဘာလှုပ်ရှားမှုမျှမရှိဘဲ ငြိမ်သက်စွာ မတ်တပ်ရပ်နေကြ၏။

ထိုချောက်ကမ်းပါးကြီး၏ အခြားတစ်ဖက်အစွန်းတွင်မူ စူးရှတောက်ပသော ကြက်သွေးရောင် အလင်းလှိုင်းကြီးတစ်ခုမှာ အဆက်မပြတ် ယိမ်းထိုးလှုပ်ရှားနေဆဲ ဖြစ်သည်။ ၎င်းမှာ ချောက်ကမ်းပါး၏ အတွင်းပိုင်းဒေသသို့ ဝင်ရောက်နိုင်မဲ့ လမ်းကြောင်းများထဲမှ တစ်ခုပင် ဖြစ်၏။ ထိုလမ်းကြောင်းမှာ တိုတောင်းလှသည်ဆိုသော်ငြားလည်း ၎င်းအတွင်း၌မူ အလွန်တရာ အစွမ်းထက်လှသော ရှေးဟောင်းအတားအဆီးများစွာဖြင့် ပြည့်နှက်နေသည်။ ထိုကျင့်ကြံသူအိုကြီးသည် အစီအရင်အတတ်ပညာရပ်တွင် ပါရဂူမြောက် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်ဆိုဦးတော့... ၎င်းအတားအဆီးများကို အချိန်တိုအတွင်း ချေဖျက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

ဖြစ်နိုင်တာက အတွင်းထဲသို့ ဝင်ရောက်နိုင်မဲ့ အခြားသော လမ်းကြောင်းသစ်တစ်ခုကို ရှာဖွေရန်အတွက် အချိန်မလုံလောက်ခြင်းကြောင့် သော်လည်းကောင်း သို့မဟုတ် ၎င်းအတွင်းပိုင်းဒေသသို့ ချက်ခြင်း ဝင်ရောက်ရန် အရေးတကြီး လိုအပ်နေခြင်းကြောင့် သော်လည်းကောင်း ဖြစ်ရပေမည်... သူသည် ထိုအတားအဆီးများကို စမ်းသပ်ကြည့်နေခဲ့သော်လည်း တွေဝေတုံ့ဆိုင်းနေဆဲ ဖြစ်သည်။

“ဘာလဲ... တာအိုရောင်းရင်းကောင်းကင်ကျောက်သလင်းက ဒီအတားအဆီးတွေကို တစ်ယောက်တည်း မကိုင်တွယ်နိုင်ဘူးလို့ ခံစားနေရလို့လား။ ကျုပ် ကူညီပေးရင် ဘယ်လိုလဲ...”

ရုတ်တရက်ဆိုသလို ထိုကျင့်ကြံသူအိုကြီးသည် သူ၏အနောက်ဘက်မှနေ၍ သုန်မှုန်လှသော လေသံတစ်ခုကို ကြားလိုက်ရသဖြင့် ထိတ်လန့်သွားတော့သည်။

ထိုကျင့်ကြံသူအိုကြီးမှာ အခြားသူမဟုတ်ဘဲ မိုးမျှော်ကောင်းကင်မြို့တော်၌ ဟန်လိနှင့် စိတ်ဝိညာဉ်ကျောက်တုံးများ လဲလှယ်ခဲ့ဖူးသော တာအိုရသေ့ ကျောက်သလင်းပင်။ သူ၏အနောက်တွင် မတ်တပ်ရပ်နေကြသော ကြောက်မက်ဖွယ်ကောင်းသော ရုပ်သေးရုပ်နှစ်ရုပ်မှာမူ သူ ပြုပြင်ထားခဲ့သော ရှေးဟောင်းရတနာ ရုပ်သေးရုပ်နှစ်ရုပ် ဖြစ်ကြပြီး တစ်ရုပ်ချင်းစီတွင် စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ခွန်အားအစွမ်းများ ပါရှိကြသည်။ သူသည် ၎င်းတို့၏ စွမ်းအားကို စမ်းသပ်ကြည့်ခဲ့စဉ်တုန်းက ၎င်းတို့ထဲမှ တစ်ရုပ်တည်းကို ကိုင်တွယ်နိုင်ရန်အတွက်ပင် အားစိုက်ထုတ်မှု ပြုလုပ်ခဲ့ရဖူး၏။ ဤကဲ့သို့သော အစေခံကောင်းနှစ်ဦး ရှိနေခဲ့သဖြင့်သာ သူသည် ရတနာများကို ရှာဖွေရန်အတွက် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး အတွင်းသို့ ဝင်ရောက်ရန် သတ္တိရှိခဲ့ခြင်း ဖြစ်ပေသည်။

ထိုအခိုက်အတန့်တွင် တာအိုရသေ့ကျောက်သလင်းသည် သူ၏အနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသော စကားသံကြောင့် ထိတ်လန့်တုန်လှုပ်သွားရသဖြင့် အလျင်အမြန်ပင် နောက်သို့ လှည့်ကြည့်လိုက်မိ၏။ သူ၏အနောက် ပေခြောက်ရာခန့်အကွာရှိ လေထုထဲတွင် အစိမ်းရောင် ဝတ်စုံများ ဝတ်ဆင်ထားကြသော ကျင့်ကြံသူအချို့မှာ တိတ်ဆိတ်စွာ ပျံဝဲနေကြသည်ကို တွေ့လိုက်ရသည်။ စကားပြောဆိုလိုက်သူမှာမူ ထိုအုပ်စုကို ဦးဆောင်လာသော သုန်မှုန်လှသော မျက်နှာအမူအရာနှင့် ရှည်လျားလှသော မုတ်ဆိတ်မွေးများကို ပိုင်ဆိုင်ထားသည့် အစိမ်းရောင် ဝတ်စုံဝတ် ကျင့်ကြံသူတစ်ဦး ဖြစ်၏။

တာအိုရသေ့ကောင်းကင်ကျောက်သလင်း သည် ၎င်းတို့အားလုံးကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည့်အခါ သူ၏ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားရတော့သည်။ အကြောင်းမှာ ထိုသူများအားလုံးမှာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ ဖြစ်နေကြသောကြောင့်ပင်။

သူ၏ ရင်ထဲမှ အံ့ဩထိတ်လန့်မှုများကို အတတ်နိုင်ဆုံး ဖိနှိပ်ထားလျက် သူက ခါးသီးစွာ ပြုံးလိုက်ပြီး ဆိုလိုက်၏။

“ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက တာအိုရောင်းရင်း တုန်းမန်ထူ ပါလား။ အခြားတာအိုရောင်းရင်းတွေကိုတော့ ကျုပ် မရင်းနှီးလှဘူး။ သူတို့ကလည်း ခင်ဗျားတို့ဂိုဏ်းက အကြီးအကဲတွေပဲလား...”

ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ တုန်းမန်ထူသည် တာအိုရသေ့ကျောက်သလင်း၏ အနောက်မှ ကြောက်မက်ဖွယ်ကောင်းသော ရုပ်သေးရုပ်နှစ်ရုပ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။

“သူတို့ကို လက်ရှိအချိန်မှာတော့ အဲ့ဒီလိုပဲ သတ်မှတ်ထားလိုက်လို့ ရပါတယ်။ ဒါ့အပြင် ခင်ဗျားရဲ့ အနောက်က ရုပ်သေးရုပ်နှစ်ရုပ်က တကယ့်ကို ထူးခြားလှတာပဲ။ သူတို့ရဲ့ စွမ်းရည်ကို အထင်သေးလို့ မရနိုင်ဘူး။”

တာအိုရသေ့ကျောက်သလင်းက သတိကြီးစွာဖြင့် ဆိုလိုက်သည်။ “တာအိုရောင်းရင်းတုန်းမန်ကတော့ နောက်ပြောင်နေပြန်ပြီ။ ဒီလိုဘာမဟုတ်တဲ့ ရုပ်သေးရုပ်တွေက ခင်ဗျားရဲ့ အာရုံစိုက်မှုကို ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ်... ခင်ဗျား ကျုပ်နဲ့ ဘယ်လိုမျိုး ယှဉ်ပြိုင်ဖို့ စီစဉ်ထားလဲဆိုတာကို သိပါရစေ...”

တုန်းမန်ထူက ထိုကျင့်ကြံသူအိုကြီးကို စိုက်ကြည့်ကာ ပြောလိုက်၏။

“ကျုပ် ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှာ နေထိုင်ခဲ့တာ ကြာပြီဆိုပေမဲ့ ပြင်ပလောကနဲ့တော့ သိပ်ပြီး အဆက်အသွယ် မရှိခဲ့ဖူးဘူး။ ဒါပေမဲ့လည်း ခင်ဗျားက အစီအရင်အတတ်ပညာရပ်မှာ ဆရာတစ်ဆူဆိုတဲ့ ကျော်ကြားမှုကိုတော့ ကျုပ် ကြားဖူးထားပါတယ်။ ကျုပ်က အစွမ်းမရှိဘူးဆိုဦးတော့... အစီအရင်အတတ်ပညာရပ်တွေကို အနည်းအကျဉ်းတော့ လေ့လာဖူးတယ်။ ကျုပ်တို့ တစ်ယောက်တည်းသာဆိုရင် ဒီအတားအဆီးတွေကို ဖြတ်ကျော်ဖို့အတွက် အချိန်တွေ အများကြီး ပေးရလိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့ ပူးပေါင်းလိုက်မယ်ဆိုရင်တော့ အောင်မြင်နိုင်ချေက အများကြီး ပိုပြီး မြင့်မားသွားလိမ့်မှာပါ။”

တာအိုရသေ့ ကောင်းကင်ကျောက်သလင်းသည် ဤသည်ကို ကြားသောအခါ မျက်မှောင်ကြုတ်လျက် စဉ်းစားခန်းဝင်သွားပြီး တွေဝေတုံ့ဆိုင်းနေဆဲ ဖြစ်သည်။

တုန်းမန်ထူ၏ မျက်နှာအမူအရာမှာ သုန်မှုန်သွားသော်လည်း သူ၏ စိတ်ရှည်မှုကို ဆက်လက်ထိန်းသိမ်းထားလျက် ဆိုလိုက်၏။

“ဘာလဲ... တာအိုရောင်းရင်းက ကျုပ်ဟာ ခင်ဗျားအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်နေတာလား။ ဒီလိုလုပ်ရင် ဘယ်လိုလဲ... ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဒီအတားအဆီးတွေကို ချေဖျက်တဲ့ နေရာမှာပဲ ကန့်သတ်ထားကြတာပေါ့။ အတွင်းပိုင်းဒေသကို ရောက်ရှိသွားတာနဲ့ ကျုပ်တို့ အသီးသီး လမ်းခွဲကြရအောင်။ ကျုပ် အကြောင်းပြချက်မရှိဘဲ ခင်ဗျားကို ဒုက္ခပေးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ခင်ဗျားတစ်ယောက်တည်း ဒီအတားအဆီးတွေကို ဖျက်ဆီးနိုင်ခဲ့ရင်တောင် အချိန်တွေ အများကြီး ပေးရမယ်ဆိုတာ မမေ့ပါနဲ့။ ချောက်ကမ်းပါးရဲ့ အတွင်းပိုင်းဒေသဆိုတာ ရတနာတွေ အများဆုံး ရှာဖွေတွေ့ရှိနိုင်တဲ့ နေရာတစ်ခုပဲလေ။ ခင်ဗျား အတွင်းထဲကို ရောက်သွားတဲ့ အခါကျရင် ရတနာအားလုံးကို အခြားသူတွေ ယူဆောင်သွားကြပြီ ဖြစ်နေမှာကို ကျုပ် စိုးရိမ်မိတယ်။ ကျုပ် သိထားသလောက်ဆိုရင် ဒီအတွင်းပိုင်းဒေသကို ဝင်ရောက်နိုင်မဲ့ လမ်းကြောင်းကို အခြားအစီအရင်ဆရာသခင်တွေလည်း သေသေချာချာ လေ့လာထားပြီး ဖြစ်တယ်တဲ့။”

တာအိုရသေ့ ကျောက်သလင်းသည် ဤသည်ကို ကြားလိုက်ရသောအခါ သူ၏ ရင်ထဲ၌ စိတ်လှုပ်ရှားသွားရပြီး ခေါင်းမော့ကာ သူ၏အနောက်တွင် ရပ်နေကြသော ကျန်ရှိနေသည့် အစိမ်းရောင် ဝတ်စုံဝတ်ကျင့်ကြံသူငါးဦးကို လှမ်းကြည့်လိုက်သည်။

နောက်ဆုံးတွင်မူ သူက ခေါင်းညိတ်ပြလိုက်ပြီး ပြောလာ၏။

“ခင်ဗျားက ခုလောက်အထိ ကမ်းလှမ်းလာမှတော့ ကျုပ် လက်ခံရုံပဲ ရှိတော့တာပေါ့။ ကျုပ်တို့ အတားအဆီးတွေကို ချေဖျက်ဖို့အတွက် အတူတူ ပူးပေါင်းလုပ်ဆောင်ကြမယ်။ ဒါပေမဲ့ အတွင်းပိုင်းဒေသထဲကို ရောက်သွားတာနဲ့ ကျုပ်တို့ ကိုယ့်ကိစ္စကိုပဲ ကိုယ်စီ လုပ်ဆောင်ကြရအောင်။”

တုန်းမန်ထူသည် ချက်ခြင်း ပြုံးသွားပြီး ပြောလာ၏။

“ဟားဟား... အဆင်ပြေပါတယ်ဗျာ။ တာအိုရောင်းရင်းကျောက်သလင်းအနေနဲ့ စိတ်ချလက်ချ နေနိုင်ပါတယ်။ ခင်ဗျားရဲ့ အနောက်က ရုပ်သေးရုပ်နှစ်ရုပ်ရဲ့ စွမ်းအားကို ထည့်တွက်ကြည့်ရင် ကျုပ်က ခင်ဗျားကို ဘယ်အလုပ်မျိုးမဆို အတင်းအကျပ် ခိုင်းစေနိုင်ပါ့မလား။ ကျုပ်တို့ အတွင်းပိုင်းဒေသထဲကို ရောက်ရှိသွားတာနဲ့ ရတနာတွေကို ရှာဖွေဖို့အတွက် ကိုယ်ပိုင်ကံတရားပေါ်မှာပဲ အပြည့်အဝ မှီခိုကြရုံပေါ့ဗျာ။

All Chapters