အခန်း ၈၁၆
Vol. 59 Ch. 816
အပိုင်း ၈၁၆ - ချောက်ကမ်းပါး၏ အတွင်းပိုင်းဒေသ
ဟန်လိသည် သူ၏ရှေ့မှောက်ရှိ မြင်ကွင်းအားလုံးကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ထူးဆန်းသော မျက်နှာအမူအရာတစ်ခု ဖြစ်ပေါ်လာကာ တိုးတိုးလေး ရေရွတ်လိုက်မိ၏။
“ဒီနေရာက ချောက်ကမ်းပါးရဲ့ အတွင်းပိုင်းဒေသ ဟုတ်ရဲ့လား...”
ပေတစ်သောင်းခန့်မြင့်မားလှသော မတ်စောက်သည့် ချောက်ကမ်းပါးကြီးတစ်ခု၏ အောက်ခြေတွင် လှိုဏ်ဂူငယ်တစ်လုံး တည်ရှိနေသည်။ ထိုလှိုဏ်ဂူမှာ စောစောက ဟန်လိထွက်ခွာလာခဲ့သော နေရာတွင် ရှိနေခြင်းပင်။
မြို့စားကြီးနန်းလုံနှင့် လုဝေယင်းတို့မှာမူ တစ်ဦး၏ဘေးတွင် တစ်ဦး ယှဉ်တွဲ၍ ရပ်နေကြရင်း သူတို့၏ ရှေ့မှောက်ရှိ မြင်ကွင်းကို ထူးဆန်းသော မျက်နှာအမူအရာများဖြင့် စိုက်ကြည့်နေကြ၏။ သူတို့၏ ရှေ့တွင်မူ အရွယ်အစားမျိုးစုံရှိသည့် မရေမတွက်နိုင်သော တောင်တန်းကြီးများစွာဖြင့် ဖွဲ့စည်းထားသော ကြီးမားကျယ်ပြန့်လှသည့် တောင်တန်းကြီးတစ်ခု တည်ရှိနေပြီး ၎င်းမှာ မိုးကုပ်စက်ဝိုင်းအနားအထိပင် ဆန့်တန်းနေပေသည်။ ထို့အပြင် သူတို့၏ ဘေးပတ်ဝန်းကျင်တွင်မူ ကောင်းကင်ယံ၌ ဖြစ်စေ၊ မြေပြင်ထက်၌ ဖြစ်စေ နေရာအနှံ့အပြားတွင် ရောင်စုံအလင်းတန်းများဖြင့် လင်းထင်းတောက်ပနေတော့၏။
ထိုရောင်စုံအလင်းလှိုင်းကြီးများမှာ အရွယ်အစားအားဖြင့်လည်း ကွဲပြားခြားနားလှပြီး အချို့မှာ မိုင်ပေါင်းများစွာအထိ ကျယ်ဝန်းလှကာ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းပိတ်ဆို့ထားကြပြီး အချို့သော အလင်းလှိုင်းငယ်လေးများမှာမူ တစ်မီတာခန့်သာ ရှိကြပြီး ခပ်ဖျော့ဖျော့ အလင်းတန်းများကိုသာ ထုတ်လွှတ်နေကြသော်ငြားလည်း ၎င်းတို့အားလုံးမှာ အလွန်တရာ လှပလွန်းလှပေသည်။ သို့သော်လည်း ဟန်လိနှင့် အခြားသူများကို အံ့ဩမှင်သက်သွားစေသည်မှာ ထိုလှပလှသော အလင်းတိမ်တိုက်ကြီးများကြောင့် မဟုတ်ဘဲ သူတို့၏ ပတ်ဝန်းကျင်တွင် ရှုပ်ထွေးဆူပွက်နေသော စိတ်ဝိညာဉ်အာရုံ လှိုင်းကြီးကြောင့် ဖြစ်ပေသည်။ မည်သည့် ဒြပ်စင်ဂုဏ်သတ္တိရှိသော စိတ်ဝိညာဉ်ချီစွမ်းအင်မျိုးပဲ ဖြစ်ပါစေ... ၎င်းတို့အားလုံးမှာ တစ်ခုနှင့်တစ်ခု ရှုပ်ထွေးပွေလီစွာ ရောနှောယှက်တင်နေကြသဖြင့် လူသားတစ်ဦးကို အလွန်တရာ စိုးရိမ်ပူပန်မှုကြီးတစ်ခု ခံစားရစေလိမ့်မည်သာ။ ကျင့်ကြံသူတစ်ဦးအနေဖြင့်လည်း မဆင်မခြင် အမှားတစ်ခုခု လုပ်ဆောင်မိသည်နှင့် တစ်ပြိုင်နက် ဤကမ္ဘာကြီးတစ်ခုလုံးက သူ့ကို ရက်စက်စွာ ပြန်လည်တိုက်ခိုက်လာတော့မည့်အလား ခံစားချက်မျိုးကို ပေးစွမ်းနေခြင်းပင်။
မြို့စားကြီးနန်းလုံသည် သူ၏ အတွေးများကို ပြန်လည်စုစည်းလိုက်ပြီးနောက် သက်ပြင်းချရင်း ပြောလာ၏။
“ဒီနေရာက ရှေးဟောင်းကျင့်ကြံသူတွေ အပြင်းအထန် တိုက်ပွဲဆင်နွှဲခဲ့ကြတဲ့ စစ်မြေပြင်ဟောင်းပဲ ဖြစ်ရမယ်။ ဒီနေရာမှာ ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝစိတ်ဝိညာဉ်ချီတွေဟာ လုံးဝ ပျက်စီးပြိုလဲနေခဲ့ပြီ။ ဒါကြောင့် ဒီအရာဟာ ကျုပ်တို့ ထုတ်ဖော်မဲ့ ဘယ်လိုမှော်ပညာရပ်မျိုးပေါ်မဆို အပြင်းအထန် သက်ရောက်မှု ရှိစေလိမ့်မယ်။”
ဟန်လိကမူ ခါးသီးစွာ ပြုံးလိုက်ပြီး ကောင်းကင်ယံသို့ လက်ညွှန်ပြကာ ဆိုလိုက်၏။
“ဒါက အသေးအမွှား ပြဿနာတစ်ခုပဲ ရှိသေးတာပါ။ ဟိုးအထက်က အရာကသာ ကျုပ်တို့အတွက် ပြဿနာအကြီးအကျယ် ဖြစ်လာလိမ့်မယ်။”
သူတို့၏အထက် တစ်ကီလိုမီတာလောက်အကွာ ကောင်းကင်ယံတွင် ဆယ်ပေခန့် ရှည်လျားလှသော အဖြူရောင်အလင်းတံတားပုံစံ အက်ကြောင်း ဆယ်ခုလောက်မှာ ငြိမ်သက်စွာ မျောလွင့်နေကြသည်။ ၎င်းအရာက မည်သည့်အရာ ဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည့် ခဏမှာပင် မြို့စားကြီးနန်းလုံနှင့် လုဝေယင်း တို့မှာ ကြီးစွာ ထိတ်လန့်တုန်လှုပ်သွားလေပြီ။
လုဝေယင်းက ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်တော့သည်။
“ဘယ်လိုလုပ်ပြီး ခုလောက်အထိ များပြားလှတဲ့ ဟင်းလင်းပြင်အက်ကြောင်းတွေ ရှိနေရတာလဲ။ ဒါ့အပြင် သူတို့က ဘာဖြစ်လို့ လေထဲမှာ လွတ်လွတ်လပ်လပ် လွင့်မြောနေကြရတာလဲ...”
မြို့စားကြီးနန်းလုံ၏ မျက်နှာအမူအရာမှာလည်း ဆိုးဝါးလှစွာ သုန်မှုန်သွားခဲ့ပြီ ဖြစ်သည်။
မြို့စားကြီးနန်းလုံ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်ပြီးနောက် ဟန်လိက ခပ်တိုးတိုး ရယ်မောရင်း ပြောလာသည်။
“ဒါကလည်း မျှော်လင့်ထားပြီးသား ကိစ္စတစ်ခုပါပဲ။ ဒီနေရာက ရှေးဟောင်းကျင့်ကြံသူတွေရဲ့ စစ်မြေပြင် ဖြစ်ခဲ့မှတော့ ပြင်ပလောကထက်စာရင် ဟင်းလင်းပြင်အက်ကြောင်းတွေ အများကြီး ပိုမိုများပြားနေမှာပေါ့။ အဲ့ဒီလိုမျိုး မဟုတ်ခဲ့ရင် ဘာဖြစ်လို့ စဦးစိတ်ဝိညာဉ်အဆင့်ရှိတဲ့ ကျင့်ကြံသူအများအပြားဟာ ဒီနေရာထဲကို စွန့်စားဝင်ရောက်ခဲ့ကြပြီးမှ ဘာသတင်းစကားမှ မကျန်ဘဲ ထာဝရ ပျောက်ကွယ်သွားခဲ့ကြပါ့မလဲ။ ကျုပ်တို့အနေနဲ့ ရှေ့ဆက်မဲ့လမ်းကြောင်းမှာ သခင်ကြီးချန်ကုန်း ချန်ထားခဲ့တဲ့ မြေပုံအပေါ်မှာပဲ အပြည့်အဝ မှီခိုကြရုံ ရှိတော့တာပေါ့... မဟုတ်ရင်တော့...”
“ညီအစ်ကိုဟန် ပြောတာ ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်။ ကျုပ်တို့ လမ်းကြောင်းကနေ သွေဖည်ပြီး ဘာအန္တရာယ်ကိုမှ မဆင်မခြင် သွားရောက်မစွန့်စားသင့်ဘူး။ မဟုတ်ရင် အဲ့ဒီနေရာမှာ မျက်စိနဲ့ မမြင်ရတဲ့ ဟင်းလင်းပြင်အက်ကြောင်းတွေ ရှိနေနိုင်တယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလွတ်လွတ်လပ်လပ် လွင့်မြောနေတဲ့ ဟင်းလင်းပြင်အက်ကြောင်းတွေက ကြောက်စရာကောင်းလှတယ်ဆိုပေမဲ့ ကျုပ်တို့ သေချာ ဂရုစိုက်စောင့်ကြည့်နေသရွေ့တော့ ကြီးမားတဲ့ ဘေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။”
ထိုသို့ ပြောဆိုပြီးနောက်မှသာ မြို့စားကြီးသည် သူ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားတော့၏။
လုဝေယင်းကမူ အသည်းအသန် မျက်မှောင်ကြုတ်ထားဆဲဖြစ်ပြီး ဟင်းလင်းပြင်အက်ကြောင်းများစွာဖြင့် ပြည့်နှက်နေသော အခြားသော နေရာတစ်ခုကို စိုက်ကြည့်နေမိကာ တွေးတောဆင်ခြင်နေဟန်ဖြင့် ဆိုလိုက်သည်။
“ဒါပေမဲ့လည်း ဒီဟင်းလင်းပြင်အက်ကြောင်းတွေရဲ့ အရေအတွက်က ပြင်ပလောကထက် ဆယ်ဆမက ပိုပြီး များပြားနေတာပဲ။ ခင်ဗျားပြောတဲ့ စကားတွေဟာ မျက်စိနဲ့ မမြင်ရတဲ့ ဟင်းလင်းပြင်အက်ကြောင်းတွေ လေထဲမှာ လွတ်လွတ်လပ်လပ် လွင့်မြောနေခြင်း မရှိမှသာ မှန်ကန်လိမ့်မယ်။ တကယ်လို့ မျက်စိနဲ့ မမြင်ရတဲ့ ဟင်းလင်းပြင်အက်ကြောင်းတွေကလည်း မျက်စိနဲ့ မြင်ရတဲ့အရာတွေလိုမျိုး လေထဲမှာ လွတ်လွတ်လပ်လပ် လွင့်မြောနေပြီး ပြန့်ကျဲနေကြမယ်ဆိုရင်တော့ သခင်ကြီးချန်ကုန်းရဲ့ မြေပုံကလည်း ကျုပ်တို့အတွက် အပြည့်အဝ ဘေးကင်းနိုင်ပါ့မလားဆိုတာ မသေချာတော့ဘူး။”
ဟန်လိသည် ဤသည်ကို ကြားလိုက်ရသောအခါ မင်သက်သွား၏။ သူက တစ်နေရာသို့ လှမ်း၍ ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများအတွင်းမှ မိုးပြာရောင်အလင်းတန်းများမှာ စူးရှတောက်ပစွာဖြင့် လင်းလက်လာခဲ့ပြီး ပေတစ်ထောင်အကွာအဝေးရှိ နေရာတစ်ခုသို့ လှမ်းကြည့်လိုက်သည့်အခါ ထိုနေရာ၌ ဘာလှုပ်ရှားမှုမျှမရှိဘဲ ငြိမ်သက်စွာ ပျံဝဲနေသော ခပ်ဖျော့ဖျော့ အလင်းတံတားပုံစံ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ရှိနေသည်ကို ရှာဖွေတွေ့ရှိသည်။ ၎င်းကို ခေတ္တမျှ စောင့်ကြည့်ပြီးမှသာ သူ့စိတ်နှလုံး ပြန်တည်ငြိမ်သွားနိုင်၏။
သို့သော်လည်း သူသည် ဤသတင်းအချက်အလက်ကို ကျန်ရှိနေသော သူနှစ်ဦးအား ပြောပြသင့်၊ မပြောပြသင့်ဟု စဉ်းစားတွေးတောနေစဉ်မှာပင် မြို့စားကြီးနန်းလုံက ဟန်လိ၏ တွေဝေတုံ့ဆိုင်းနေမှုကို စိုးရိမ်ပူပန်နေခြင်းကြောင့်ဟု အထင်လွဲသွားခဲ့ပုံရပြီး ချီတုံချတုံလေသံဖြင့် ဝင်ပြောလိုက်တော့၏။ “တာအိုရောင်းရင်းတို့အနေနဲ့ ခုလောက်အထိ စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး။ မျက်စိနဲ့ မမြင်ရတဲ့ ဟင်းလင်းပြင်အက်ကြောင်းတွေက လေထဲမှာ ရွေ့လျားခြင်း မရှိပါဘူး။ သခင်ကြီးချန်ကုန်းဟာ သူ ချန်ထားခဲ့တဲ့ မှတ်တမ်းတွေထဲမှာ ဒီအကြောင်းကို သေသေချာချာ ထည့်သွင်းဖော်ပြထားခဲ့ဖူးတယ်။”
လုဝေယင်း၏ စိတ်ဝိညာဉ်မှာ လှုပ်ခတ်သွားခဲ့ပြီးနောက် သံသယရှိဟန်ဖြင့် အလျင်အမြန် မေးမြန်းလိုက်သည်။
“ညီအစ်ကိုနန်းလုံ ပြောတာ သေချာရဲ့လား... သခင်ကြီးချန်ကုန်းက အဲ့အကြောင်းကို ဘယ်လိုနည်းနဲ့ သိရှိခဲ့တာလဲ...”
မြို့စားကြီးနန်းလုံက သူတို့နှစ်ဦးစလုံးကို စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပင် ရှင်းပြလိုက်တော့၏။ “ညီအစ်ကိုလု... ခင်ဗျားလည်း သဘောပေါက်ထားသင့်ပါတယ်။ အတိတ်တုန်းက သခင်ကြီးချန်ကုန်းဟာ အလွန်တရာ ပြင်းထန်လှတဲ့ ဒဏ်ရာတွေကို ခံစားခဲ့ရတာ မဟုတ်လား။ သူက ဘယ်လိုနည်းနဲ့ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ထဲကနေ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြန်လည်ထွက်ခွာနိုင်ခဲ့လဲဆိုတာက မေးခွန်းထုတ်စရာတစ်ခု ဖြစ်နေလိမ့်မယ်။ အမှန်တော့ သူ ကျင့်ကြံထားခဲ့ဖူးတဲ့ လျှို့ဝှက်အတတ်ပညာရပ်တစ်ခုကို အသုံးချပြီး ချောက်ကမ်းပါးကနေ မထွက်ခွာမီ ဟင်းလင်းပြင်အက်ကြောင်းတွေ ရှိနေတဲ့ တည်နေရာကို ကြိုတင်အာရုံခံနိုင်စွမ်း ရှိခဲ့လို့ပါပဲ။ အဲ့ဒီလိုမျိုး အစွမ်းထက်လှတဲ့ နည်းစနစ်တစ်ခု ရှိမနေခဲ့ဘူးဆိုရင် သူက ပြင်းထန်လှတဲ့ ဒဏ်ရာတွေနဲ့ ဒီနေရာကနေ ဘယ်လိုလုပ်ပြီး အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလဲ။”
ဤသည်ကို ကြားသိလိုက်ရပြီးနောက်မှသာ ထိုကျင့်ကြံသူအိုကြီး၏ ရင်ထဲ၌ စိတ်အေးသွားနိုင်တော့သည်။
“ဒီလောကကြီးထဲမှာ အဲ့လောက် ဆန်းပြားလှတဲ့ အတတ်ပညာရပ်မျိုး အမှန်တကယ် တည်ရှိနေတာလား။ ဒီလိုဆိုရင်တော့ သခင်ကြီးချန်ကုန်းက နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ထဲကနေ လွတ်မြောက်နိုင်ခဲ့တာဟာ ကံတရားတစ်ခုတည်းကြောင့် မဟုတ်ခဲ့ဘူးပဲ။”
ဟန်လိ၏ မျက်နှာအမူအရာမှာလည်း မသိမသာ လှုပ်ရှားသွားခဲ့ပြီးနောက် စိတ်အေးသွားကာ သက်ပြင်းချနိုင်တော့သည်။ ဤသည်ကို မြင်တွေ့လိုက်ရသောအခါမှ မြို့စားကြီးနန်းလုံ၏ စိုးရိမ်ပူပန်မှုများမှာ လုံးဝ ကွယ်ပျောက်သွားခဲ့ရတော့၏။ သူသည် သူ၏ အဖော်နှစ်ဦးစလုံးက နောက်ဆုတ်သွားကြမှာကို အတော်လေး စိုးရိမ်နေတာ ဖြစ်၏။ အထူးသဖြင့် သူသည် အတွင်းစိတ်ထဲ၌ မည်သည်ကို တွေးတောနေမှန်း ခန့်မှန်းရခက်လှသော ဟန်လိအပေါ် ပိုမို၍ စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။ ဟန်လိသည် ရှေးဟောင်းမီးတောက်ဖားပြုပ်ကို ရင်ဆိုင်တိုက်ခိုက်ရမည့် နေရာတွင် အဓိက အင်အားစုအဖြစ် ပါဝင်ရမည် ဖြစ်သဖြင့် ရှေ့ဆက်ရန်အတွက် သူ့ကို သေချာပေါက် စည်းရုံးသိမ်းသွင်းထားရမည် မဟုတ်ပါလား။
ထို့ကြောင့် သူက တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ဆိုလိုက်တော့၏။ “သွားကြစို့... သူ ချန်ထားခဲ့တဲ့ မှတ်တမ်းတွေအရဆိုရင် ကျုပ်တို့ ဒီနေရာမှာ မြန်မြန်ဆန်ဆန် မပျံသန်းသင့်ဘူး။ ပြီးတော့ ရှေးဟောင်းမီးတောက်ဖားပြုပ်ရဲ့ အသိုက်အမြုံဆီ ရောက်ရှိဖို့အတွက် တစ်ရက်လောက် ခရီးနှင်ရလိမ့်မယ်။ လမ်းခရီးမှာ သတိကြီးကြီးထားကြပါ။”
ဟန်လိက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ပြော၏။ “တာအိုရောင်းရင်းနန်းလုံ အနေနဲ့ ခင်ဗျားကိုယ်ခင်ဗျားသာ သေချာ ဂရုစိုက်သင့်ပါတယ်။ ကျုပ်နဲ့ တာအိုရောင်းရင်းလုကတော့ ကိုယ့်ကိုယ်ကိုယ် သတိကြီးစွာနဲ့ ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။”
ကျင့်ကြံသူအိုကြီးလုကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
ကျေနပ်အားရသွားသဖြင့် မြို့စားကြီးနန်းလုံက ပြောလိုက်သည်။ “ဒါဆိုရင်လည်း ကျုပ်တို့ ခရီးစတင်ကြစို့... ကျုပ်တို့ ဒီနေရာမှာ အချိန်တွေ အများကြီး ဖြုန်းတီးပစ်ခဲ့ပြီးပြီပဲ။”
ထို့နောက် သူသည် သွားရမည့် လမ်းကြောင်းကို အတည်ပြုလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို အလင်းလုံးတစ်ခုအတွင်း ဖုံးအုပ်လျက် ရှေ့သို့ ဖြည်းဖြည်းချင်း ပျံသန်းထွက်ခွာသွားတော့သည်။
ဟန်လိနှင့်ကျင့်ကြံသူလုတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြပြီးနောက် လေထဲသို့ ပျံဝဲတက်သွားကြ၏။ သူတို့သည် မြို့စားကြီးနန်းလုံ၏ အနောက်မှနေ၍ အနီးကပ် လိုက်ပါလာခဲ့ကြပြီး လမ်းကြောင်းပေါ်မှ ခြေတစ်လှမ်းမျှပင် သွေဖည်ခြင်း မရှိကြချေ။
အကယ်၍ သူတို့သာ လမ်းကြောင်းမှ ပေအနည်းငယ်မျှ သွေဖည်သွားခဲ့ပါက လေထဲတွင် လွင့်မြောနေသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခု သို့မဟုတ် ရှေးဟောင်းအတားအဆီးတစ်ခုခုအတွင်းသို့ မဆင်မခြင် ဝင်ရောက်မိသွားနိုင်ခြေ ရှိသည်။ သို့ဖြစ်၍ ဟန်လိတို့အဖွဲ့မှာ သတိကြီးစွာ ထားနေကြခြင်း ဖြစ်၏။
သူတို့ ဖြတ်ကျော်လာခဲ့သော လမ်းကြောင်းမှာလည်း အလွန်တရာ ဆန်းပြားသည်။ အချို့သော အချိန်များတွင် ၎င်းလမ်းကြောင်းမှာ ဖြောင့်တန်းစွာ ရှိနေသော်လည်း အချို့သော အချိန်များတွင်မူ စက်ဝိုင်းပုံစံအဖြစ် ကွေ့ပတ်သွားတတ်သည်။ မည်သို့ပင်ဖြစ်စေ နှစ်နာရီကြာတိုင်း လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်ကြပြီး သူတို့ ရောက်ရှိနေသော တည်နေရာကို သေသေချာချာ ထပ်မံအတည်ပြုပြီးမှသာ ရှေ့သို့ ဆက်လက်ထွက်ခွာကြ၏။ သည့်အပြင် မြို့စားကြီးနန်းလုံသည် လမ်းခရီးတစ်လျှောက်တွင် မည်သည့် ကျောက်စိမ်းပြားကိုမျှ ထုတ်ယူကြည့်ရှုခြင်း မရှိချေ။ ဤသည်ကို ကြည့်ခြင်းဖြင့် သူသည် လမ်းကြောင်းတစ်ခုလုံးကို အလွတ်မှတ်သားထားပြီး ဖြစ်ကြောင်း ထင်ရှားသည်။
ဟန်လိကမူ မထူးခြားနားသော မျက်နှာအမူအရာကို ဆက်လက်ထိန်းသိမ်းထားသော်လည်း လမ်းခရီးတစ်လျှောက်တွင်မူ သူ ပြန်လည်ထွက်ခွာရမည့် အချိန်ကျလာပါက အသက်ဘေးမှ လွတ်မြောက်နိုင်ရန်အတွက် လမ်းကြောင်းတစ်ခုချင်းစီကို အလွတ်မှတ်သားနေခဲ့၏။ ထို့ကြောင့် အကယ်၍ မမျှော်လင့်သော ကိစ္စရပ်တစ်ခုခု ဖြစ်ပေါ်လာခဲ့လျှင်ပင် သူသည် မိမိ၏ အသက်ကို ကာကွယ်ရန်အတွက် ဤလမ်းကြောင်းအတိုင်း လုံခြုံစွာဖြင့် ပြန်လည်ထွက်ပြေးနိုင်မည် မဟုတ်ပါလား။ သူ၏ အမြင်အရဆိုလျှင် လုဝေယင်းသည်လည်း သူ့လို ပြုလုပ်နေမှာ သေချာသလောက် ရှိသည်။ တကယ်တော့ သူတို့အဆင့်ရှိနေသည့် ကျင့်ကြံသူများမှာ ပြိုင်ဘက်ကင်းလှသော မှတ်ဉာဏ်စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလား။ လမ်းကြောင်းအချို့ကို မှတ်သားရခြင်းမှာ သူတို့အတွက် ဘာမျှ အားစိုက်ထုတ်စရာ မလိုသော အသေးအဖွဲကိစ္စရပ်တစ်ခုသာ။
သူတို့သည် တစ်ရက်နီးပါးခန့် ဆက်တိုက် ပျံသန်းလာခဲ့ကြပြီး ဖြစ်သော်လည်း လမ်းခရီးတစ်လျှောက်တွင်မူ မည်သည့် ဘေးအန္တရာယ်နှင့်မှ ကြုံတွေ့ခဲ့ရခြင်း မရှိသေးချေ။ ထိုအခါမှ ဟန်လိသည် စိတ်အေးသွားနိုင်တော့ပြီး မြို့စားကြီး ရရှိထားသော လမ်းကြောင်းမြေပုံမှာ အတိတ်တုန်းက သခင်ကြီးချန်ကုန်း နတ်ဆိုးချောက်ကမ်းပါးကို ဖြတ်ကျော်ခဲ့စဉ်က အသုံးပြုခဲ့သော မြေပုံအစစ်ဖြစ်ကြောင်း ယုံကြည်သွားသည်။
ဟန်လိသည် မြို့စားကြီးနန်းလုံ၏ အနောက်မှနေ၍ လိုက်ပါလာရင်း လမ်းကြောင်းကို အလွတ်မှတ်သားနေရုံတင်မကဘဲ သူ၏ ကြီးမားလှသော စိတ်ဝိညာဉ်အာရုံကိုပါ အသုံးချလျက် ဘေးပတ်ဝန်းကျင်ကို သေချာစွာ စူးစမ်းနေခဲ့၏။ သူ၏ တွက်ချက်မှုများအရ ဤလမ်းကြောင်းတစ်လျှောက်တွင် အလွန်တရာ အစွမ်းထက်လှသော ရှေးဟောင်းအတားအဆီးများဖြင့် ကာကွယ်စောင့်ရှောက်ထားသည့်နေရာ အနည်းဆုံးလေးခုလောက်ကို တွေ့ခဲ့ရသည်။ ထို့အပြင် အချို့သော နေရာများမှာလည်း တစ်ခုခု မူမမှန်သကဲ့သို့ ဖြစ်နေသည်ကို သတိပြုမိလိုက်၏။ သို့သော်လည်း သူသည် ၎င်းတို့မှာ မန္တာန်အစီအရင်အတားအဆီးများလား သို့မဟုတ် စိတ်ဝိညာဉ်ချီလှိုင်းများ ရှုပ်ထွေးဆူပွက်နေမှုကြောင့် ဖြစ်ပေါ်လာရသော မူမမှန်မှုများလားဆိုသည်ကိုမူ ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်စွမ်း မရှိသေးချေ။
ဟန်လိသည် ထိုနေရာများနှင့် ပတ်သက်၍ အတော်လေး သိချင်စိတ် ပြင်းပြနေမိသည်မှာ အမှန်ပင် ဖြစ်၏။ အကြောင်းမှာ ၎င်းတို့အတွင်း၌ ရှေးဟောင်းကျင့်ကြံသူများ ချန်ထားခဲ့ဖူးသော အဖိုးတန်ရတနာများ ရှိနေနိုင်ခြေ များသောကြောင့်ပင်။ ဟန်လိသည် ၎င်းနေရာများကို စူးစမ်းရှာဖွေချင်စိတ် ဖြစ်မိသည်ဆိုသော်ငြား မိမိကိုယ်မိမိ ပြန်လည်ထိန်းချုပ်ထားလိုက်၏။
ဟန်လိသည် အချို့ရှေးဟောင်းကျင့်ကြံသူများ၏ အတားအဆီးများနှင့် ပတ်သက်၍ အနည်းအကျဉ်း သိရှိနားလည်ထားသည်ဆိုဦးတော့... ရှေးဟောင်းအတားအဆီးများမှာ ကြောက်မက်ဖွယ်ကောင်းလှကြောင်းကိုလည်း သူ ကောင်းစွာ သဘောပေါက်ထားပြီး ဖြစ်သည်။ ဤနေရာတွင် ဟင်းလင်းပြင်အက်ကြောင်းများသာလျှင် ၎င်းတို့ထက် ပိုမို၍ ကြောက်စရာကောင်းသည်။ သူ၏ ကြည်လင်အာရုံ ဝိညာဉ်စွမ်းအားမျက်လုံးများမှာ အရာရာကို ဖောက်ထွင်းမြင်တွေ့နိုင်စွမ်း ရှိသည်ဆိုသော်လည်း အမှားတစ်ခုခု လုပ်ဆောင်မိသည်နှင့် တစ်ပြိုင်နက် မန္တာန်အစီအရင်တစ်ခုအတွင်းသို့ ပိတ်မိသွားနိုင်ခြေ ရှိနေဆဲ ဖြစ်၏။ လက်ရှိအချိန်တွင် သာမန်ရှေးဟောင်းရတနာများမှာ သူ့ကို ဆွဲဆောင်နိုင်စွမ်း မရှိတော့ချေ။ ဤချောက်ကမ်းပါးအတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် သူသည် ရှေးဟောင်းမီးတောက်ဖားပြုပ်၏ နတ်ဆိုးအမြုတေ၊ ရှေးဟောင်းကျင့်ကြံသူ၏ အကြွင်းအကျန် ရတနာများ၊ ဝိညာဉ်မီးတောက်သစ်သီးနှင့် ငွေကြယ်သတ္ထုရိုင်း တို့ကိုသာ ရရှိနိုင်ခဲ့မည်ဆိုလျှင် ဤခရီးစဉ်တွင် ကြီးမားလှသော ဆုလာဘ်များကို ရရှိခဲ့ပြီဟု သတ်မှတ်နိုင်သည်။
ကောင်းကျိုးဆိုးကျိုးအားလုံးကို သေသေချာချာ နှိုင်းယှဉ်တွက်ချက်ကြည့်ပြီးနောက် ဟန်လိသည် ဘေးအန္တရာယ်ရှိသော မည်သည့်စွန့်စားမှုကိုမျှ ပြုလုပ်ရန် စိတ်ကူးမရှိတော့ချေ။ ထို့နောက် သူ၏ အကြည့်မှာ လုဝေယင်းထံသို့ ရောက်ရှိသွားသည်။ ထိုကျင့်ကြံသူအိုကြီး၏ မျက်နှာမှာ သုန်မှုန်နေပြီး ရံဖန်ရံခါတွင်မူ အဝေးတစ်နေရာသို့ လှမ်းကြည့်နေတတ်ပေသည်။
ဟန်လိသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ ကြည့်ရသည်မှာ အကယ်၍ ထိုကျင့်ကြံသူအိုကြီးသည် ရှေးဟောင်းကျင့်ကြံသူ၏ အကြွင်းအကျန် ဗိမာန်တော်အတွင်းမှ သူ အလိုရှိနေသော ပစ္စည်းများကို မရရှိခဲ့ပါက ဤချောက်ကမ်းပါး၏ အတွင်းပိုင်းဒေသတစ်လျှောက် အသည်းအသန် ရှာဖွေရတော့မည့်ပုံပင်။ ဤသည်မှာ လောဘဇောကြောင့် မဟုတ်ဘဲ သူ၏ အခြေအနေအရ ရွေးချယ်စရာမရှိတော့သောကြောင့် ဖြစ်ပေလိမ့်မည်။ ဟန်လိသည်လည်း သူ့သက်တမ်းကုန်ခါနီး ဖြစ်နေခဲ့မည်ဆိုလျှင် မိမိသည်လည်း ဤကဲ့သို့သော ဘေးအန္တရာယ်မျိုးကို မဆင်မခြင် စွန့်စားမိလိမ့်မည် ဖြစ်ကြောင်း သိနေပါသည်။ အကယ်၍ အောင်မြင်ခဲ့မည်ဆိုလျှင် မိမိ၏ သက်တမ်းကို ဆွဲဆန့်နိုင်မည်ဖြစ်သလို ကျင့်ကြံခြင်းအတတ်ပညာရပ်များမှာလည်း နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းနိုင်မည် မဟုတ်ပါလား။
ဟန်လိသည် ဤအကြောင်းကို တွေးတောမိလိုက်သည့်အခါ သူ၏ ရင်ထဲ၌ ဝမ်းနည်းမှု အရိပ်အယောင်အချို့ မသိမသာ ဖြတ်ပြေးသွားခဲ့ရသည်။
ထိုအခိုက်အတန့်တွင် မြို့စားကြီးနန်းလုံသည် ပျံသန်းခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ၏ရှေ့မှောက်ရှိ နေရာကို စိုက်ကြည့်နေမိကာ သူ၏ မျက်နှာထက်တွင် မတည်ငြိမ်သော အမူအရာများ ဖြစ်ပေါ်နေ၏။ ဟန်လိသည် ဤသည်ကို မြင်တွေ့လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်မိပြီး မကောင်းသော အငွေ့အသက်ကြီးတစ်ခုကို မသိမသာ ခံစားလိုက်ရသည်။ သူက ဘေးပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် မြို့စားကြီးနန်းလုံ၏ နောက်ကျောကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိတော့၏။
သူတို့၏ အောက်ခြေတွင်မူ ပေတစ်ထောင်ဝန်းကျင်ခန့် မြင့်မားသော တောင်ငယ်လေးတစ်လုံး တည်ရှိနေပြီး ၎င်းမှာ လုံးဝ သာမန်ကာလျှံကာ ဖြစ်ကာ ထူးခြားမှု ဘာမျှ ရှိမနေချေ။ သူတို့၏ ရှေ့မှောက်တွင်မူ မြင့်မားသောတောင်တန်းကြီးတစ်ခု တည်ရှိလို့နေသည်။
မှတ်တမ်းများအရဆိုလျှင် ရှေးဟောင်းမီးတောက်ဖားပြုပ်၏ အသိုက်အမြုံဆီ ရောက်ရှိရန်အတွက် တစ်ရက်လောက် ခရီးနှင်ရမည်ဟု သေသေချာချာ ဖော်ပြထားခဲ့သည်။ သို့သော်လည်း သူတို့သည် ထိုအချိန်အတိုင်းအတာလောက်ထိ မပျံသန်းရသေးသဖြင့် ဤနေရာမှာ သူတို့၏ ပန်းတိုင် မဟုတ်ကြောင်း ထင်ရှားသည်။
လုဝေယင်းသည်လည်း ဤရုတ်တရက် ရပ်တန့်မှုကြောင့် ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။ သူက အံ့ဩသွားသည့် မျက်နှာထားဖြင့် ပဟေဠိဖြစ်စွာ မေးမြန်းလိုက်တော့သည်။ “ညီအစ်ကိုနန်းလုံ... ဘာဖြစ်လို့လဲ။ ကျုပ်တို့ ဘာဖြစ်လို့ ရှေ့ဆက်မသွားတော့တာလဲ...”
မြို့စားကြီးနန်းလုံသည် ဤသည်ကို ကြားလိုက်ရသောအခါ သူ၏ အဖော်နှစ်ဦးစလုံးကို နောက်လှည့်၍ ပြန်ကြည့်သည်။ သူက ခါးသီးစွာ ပြုံး၍ ပြောသည်။
“ကျုပ်တို့ ပြဿနာတစ်ခုနဲ့ တည့်တည့် တိုးနေပြီ ထင်တယ်။ ကျုပ်တို့ ဘေးအန္တရာယ်ကို အနည်းနဲ့အများတော့ စွန့်စားရတော့မယ်။”
ထိုကျင့်ကြံသူအိုကြီး၏ မျက်နှာပေါ်တွင် အံ့အားသင့်ဟန် ဖြစ်ပေါ်ကာ သူက မေးလိုက်သည်။
“ညီအစ်ကိုနန်းလုံ... ဘာကို ဆိုလိုတာလဲ...”
ဟန်လိကမူ သူ၏နှာခေါင်းကို ပွတ်သပ်လိုက်သော်လည်း တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သို့သော်လည်း သူ၏ မျက်နှာထက်တွင်မူ သိချင်စိတ် ပြင်းပြနေသော အမူအရာတစ်ခု အထင်အရှား ပေါ်ထွက်နေ၏။
“တာအိုရောင်းရင်းတို့... အဝေးတစ်နေရာက တောင်နှစ်လုံးကို မြင်ရလား...”
မြို့စားကြီးနန်းလုံက တစ်ခုနှင့်တစ်ခု အလွန်တရာ ဆင်တူယိုးမှား ဖြစ်နေကြသော တောင်နှစ်လုံးရှိရာဘက်သို့ လက်ညွှန်ပြကာ ဆိုလိုက်သည်။
“ဒါပေါ့... မြင်ရတာပေါ့။ ခုပြဿနာက အဲ့တောင်နှစ်လုံးနဲ့ တစ်စုံတစ်ရာ ပတ်သက်နေလို့လား...” လုဝေယင်းက အလောတကြီး မေးမြန်းလိုက်၏။
“အဟုတ်ပါပဲ။”
မြို့စားကြီးနန်းလုံက သေချာပါသည်ဟူသောလေသံဖြင့် ပြန်ဖြေ၏။