အခန်း ၈၁၇
Vol. 59 Ch. 817
အပိုင်း ၈၁၇ - အဆိပ်ကြီးဆယ်ပါး
လုဝေယင်းသည် သူ၏ရှေ့မှောက်ရှိ တောင်နှစ်လုံးတွင် မူမမှန်တာ မတွေ့ရသဖြင့် ဇဝေဇဝါ ဖြစ်ကာ မေးမြန်းလိုက်သည်။
“ဒီတောင်နှစ်လုံးမှာ တစ်ခုခု မှားယွင်းနေလို့လား။”
“အခုအချိန်ကစပြီး ကျုပ်တို့ဟာ အဲ့ဒီတောင်နှစ်လုံးထဲက တစ်လုံးဆီကို ခရီးနှင်ကြရတော့မှာ ဖြစ်တယ်။ ၎င်းတောင်နှစ်လုံး ဆုံတဲ့ နေရာက ရှေးဟောင်းမီးတောက်ဖားပြုပ်ရဲ့ အသိုက်အမြုံပဲ ဖြစ်ရမယ်။ ဒါပေမဲ့လည်း ဒီတောင်တန်းရဲ့ ဘယ်ဘက်အခြမ်းမှာ နေထိုင်ကျက်စားကြတဲ့ ခရမ်းကွက် ကင်းမြီးကောက် အုပ်စုတစ်စု ရှိနေတယ်။ သူတို့ရဲ့ အရေအတွက်က ဆယ်ကောင်ဝန်းကျင်လောက်ပဲ ရှိတယ်ဆိုရင်တောင်... တစ်ကောင်ချင်းစီက အလွန်တရာ ရက်စက်ကြမ်းကြုတ်တယ်။ ကျုပ်တို့ ဒီကောင်တွေကို သွားစမိသလို ဖြစ်မှာ စိုးရမယ်။ အဲ့လိုသာဆို ပြဿနာ ဖြစ်လာနိုင်တယ်”
လုဝေယင်းက ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်တော့သည်။
“ခရမ်းကွက်ကင်းမြီးကောက်တွေဟုတ်လား... ဝမ်ဆွေပြည်နယ်မှာရှိတဲ့ ပင်လယ်မြူခိုးဂိုဏ်းက ကျင့်ကြံသူအားလုံးကို တစ်ယောက်မကျန် မျိုးတုန်းသုတ်သင်ပစ်ခဲ့တဲ့ အဲ့ဒီ ကြောက်မက်ဖွယ်ကောင်းလှတဲ့ နတ်ဆိုးအင်းဆက်တွေလား...”
ဟန်လိသည် ‘ခရမ်းကွက် ကင်းမြီးကောက်’ ဟူသော နာမည်ကို ကြားသိလိုက်ရသည့် ခဏမှာပင် ရင်ထဲ၌ တုန်လှုပ်သွားရတော့၏။
မြို့စားကြီးနန်းလုံက သက်ပြင်းချလိုက်ပြီး ဆိုလိုက်သည်။
“ဟုတ်ပါတယ်... အဲ့ဒီ ရက်စက်ကြမ်းကြုတ်လှတဲ့ နတ်ဆိုးအင်းဆက်တွေပါပဲ။ ဒါ့အပြင် ဒီနေရာက ကောင်တွေက ဝမ်ဆွေ ပြည်နယ် မှာ ပေါ်ထွက်ခဲ့ဖူးတဲ့ ကောင်တွေထက် အဆပေါင်းများစွာ ပိုပြီး ကြောက်စရာကောင်းလှတယ်။ သူတို့က ဒီနေရာမှာ နှစ်ပေါင်းသောင်းချီအောင် ရှင်သန်နေထိုင်ခဲ့ကြတာဆိုတော့ သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက လုံးဝ ခရမ်းနက်ရောင်အဖြစ် ပြောင်းလဲနေလောက်ပြီ”
လုဝေယင်းသည် သူ၏ တည်ငြိမ်မှုကို ဆုံးရှုံးသွားခဲ့ရပြီး မြို့စားကြီးနန်းလုံကို စိုက်ကြည့်ကာ ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့၏။
“တာအိုရောင်းရင်းနန်းလုံ... ခင်ဗျား ကျုပ်ကို နောက်ပြောင်နေတာတော့ မဟုတ်ဘူးမလား။ ခရမ်းကွက် ကင်းမြီးကောက်တွေကို ရန်စဖို့ရာ ကျုပ်တို့တတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူးလေ။ သူတို့က နှစ်ကောင် သုံးကောင်လောက်ပဲ ရှိမယ်ဆိုရင်တော့ ကျုပ်တို့ သတိကြီးကြီးထားပြီး ကိုင်တွယ်နိုင်ကောင်း ကိုင်တွယ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီနေရာမှာ ဆယ်ကောင်မက ရှိနေတာ။ ကျုပ်တို့ ဒီကောင်တွေအနားကို ချဉ်းကပ်သွားတာဟာ ကိုယ့်ကိုယ်ကိုယ် သေလမ်းရှာသလို ဖြစ်မနေဘူးလား...”
မြို့စားကြီးနန်းလုံက ဘာမျှမတတ်နိုင်သည့်ဟန်ပန်ဖြင့် ရှင်းပြလိုက်၏။
“အခြားလမ်းကြောင်းသစ်တစ်ခု ရှိပါသေးတယ်။ ဒါပေမဲ့ အဲ့လမ်းကြောင်းက ခုထက် အဆပေါင်းများစွာ ပိုပြီး အန္တရာယ်များတယ်။ အဲ့လမ်းကြောင်းတစ်လျှောက်လုံးမှာ မျက်စိနဲ့ မမြင်ရတဲ့ ဟင်းလင်းပြင်အက်ကြောင်းတွေ ပြည့်နှက်နေတယ်။ ဒီလမ်းကြောင်းက ကျုပ်တို့ လုံးဝ ဖြတ်ကျော်သွားနိုင်စွမ်းရှိတဲ့ လမ်းကြောင်းတစ်ခု မဟုတ်ဘူး။ ကျုပ်တို့က မျက်စိနဲ့ မမြင်ရတဲ့ ဟင်းလင်းပြင်အက်ကြောင်းတွေ ရှိနေတဲ့ တည်နေရာကို ရှင်းရှင်းလင်းလင်း မသိနိုင်မှတော့ ခရမ်းကွက် ကင်းမြီးကောက်တွေကို ရင်ဆိုင်ရတာက ပိုပြီးတော့ ဘေးကင်းမဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နေပြီ။”
လုဝေယင်းသည် အချိန်အတော်ကြာအောင် ပါးစပ်အဟောင်းသား ဖြစ်နေလေပြီ။ ဤအချက်မှာ မေးနေရန် မလို။ မျက်စိနှင့်မမြင်နိုင်သည့် ဟင်းလင်းပြင်အက်ကြောင်းများထက်စာလျှင် ခရမ်းကွက်ကင်းမြီးကောက်တွေကို ရင်ဆိုင်ရတာက ပိုဖြစ်နိုင်ဦးမည်။
ဟန်လိသည် မျက်စိနှင့်မမြင်ရသောဟင်းလင်းပြင်အက်ကြောင်းများ အကြောင်းကို ကြားသိလိုက်ရသည့်အခါ သူက အဝေးတစ်နေရာသို့ အာရုံစိုက်ကာ လှမ်းကြည့်သည်။
နောက်ဆုံးတွင် ဟန်လိသည် နှုတ်ဆိတ်နေရာကနေ ဝင်ပြောလာ၏။
“ကြည့်ရတာ သခင်ကြီးချန်ကုန်းက ၎င်းဟင်းလင်းပြင်အက်ကြောင်းတွေ ရှိနေတဲ့ လမ်းကြောင်းအတိုင်း ခရီးနှင်ခဲ့တာ ဖြစ်ရမယ်။ သူ၏ ပြိုင်ဘက်ကင်းလှတဲ့ စွမ်းရည်တွေနဲ့ဆိုရင်တော့ ဒီအက်ကြောင်းတွေကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ရှောင်တိမ်းနိုင်ခဲ့မှာ သေချာတယ်”
မြို့စားကြီးနန်းလုံက ဤသည်ကို ကြားလိုက်ရသောအခါ ခါးသီးစွာ ပြုံးလိုက်ပြီး ဆိုလိုက်၏။ “ညီအစ်ကိုဟန် ပြောတာ အကြွင်းမဲ့ မှန်ကန်ပါတယ်။ သခင်ကြီးချန်ကုန်းရဲ့ ပြိုင်ဘက်ကင်းလှတဲ့ စွမ်းရည်မျိုး ကျုပ် တို့မှာ ရှိမနေမှတော့ ဟင်းလင်းပြင်အက်ကြောင်းတွေကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ရှောင်တိမ်းသွားဖို့အတွက် ကျုပ်တို့မှာ ဘာနည်းလမ်းမှ မရှိဘူးလေ။ ဆိုတော့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခရမ်းကွက် ကင်းမြီးကောက်တွေနဲ့ တိုက်ခိုက်ရတာက အများကြီး ပိုပြီး ဘေးအန္တရာယ် နည်းပါးပါလိမ့်မယ်”
လုဝေယင်းကမူ ခေါင်း သွင်သွင်ခါကာ ငြင်း၏။
“ဒီလိုလည်း မဖြစ်သေးပါဘူး။ ကျုပ် တို့ ခရမ်းကွက်ကင်းမြီးကောက်တွေနဲ့ လုံးဝ မတိုက်ခိုက်သင့်ဘူး။ ခင်ဗျားတို့က ဝမ်ဆွေပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေကို ကြားဖူးရုံသက်သက်ပဲ ရှိတာလေ။ ကျုပ်ကတော့ အတိတ်တုန်းက အထွဍ်အထိပ်ကောင်းကင်ဂိုဏ်းရဲ့ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ခရမ်းကွက်ကင်းမြီးကောက်တွေကို မျိုးတုန်းသုတ်သင်တဲ့ နေရာမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲခဲ့ဖူးတယ်။ ဒီကောင်တွေရဲ့ ကြောက်မက်ဖွယ်ကောင်းလှတဲ့ အစွမ်းက ခင်ဗျားတို့ စိတ်ကူးမိထားတာထက် အများကြီး ပိုတယ်။ ကျုပ်တို့ ဒီကောင်တွေအားလုံးကို တစ်ပြိုင်နက်တည်း ရန်စမိသွားတာက ကိုယ့်ကိုယ်ကိုယ် သေမိန့်ချလိုက်တာနဲ့ တူတူပဲ။”
ထိုကျင့်ကြံသူအိုကြီး၏ ကင်းမြီးကောက်များအပေါ် ကြောက်လန့်တုန်လှုပ်နေမှုမှာ မြို့စားကြီးနန်းလုံ တွက်ဆထားခဲ့သည်ထက် များစွာ ပိုမိုနေသည်။ သူသည် မူလတုန်းက အနည်းငယ် အားစိုက်ထုတ်ပြီး တိုက်ခိုက်လိုက်ရုံမျှဖြင့် ၎င်းကင်းမြီးကောက်များကို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့ခြင်း ဖြစ်၏။ ယခုတွင်မူ သူ၏ မျက်နှာထက်၌ တွေဝေတုံ့ဆိုင်းနေသော အမူအရာတစ်ခု အထင်အရှား ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ဟန်လိသည် မျက်မှောင်ကြုတ်လိုက်မိပြီး နတ်ဆိုးအင်းဆက်များ၏ အဆင့်သတ်မှတ်ချက် မှတ်တမ်းစာလိပ်များထဲမှ ခရမ်းကွက် ကင်းမြီးကောက်များ အကြောင်းကို ပြန်တွေးနေမိ၏။
ခရမ်းကွက်ကင်းမြီးကောက်များသည် နတ်ဆိုးအင်းဆက်များ၏ အဆင့်သတ်မှတ်ချက်တွင် အဆင့် တစ်ဆယ့်လေး နေရာ၌ တည်ရှိနေပြီး ရွှေဝါးမြိုခြင်း ပိုးတောင်မာများ၏ အဆင့်နှင့် အတော်လေးကို နီးကပ်စွာ တည်ရှိနေခြင်း ဖြစ်သည်။ အကယ်၍ ၎င်းကင်းမြီးကောက်များ ဥအုနိုင်စွမ်းရှိသော အရေအတွက်မှာ နည်းပါးလွန်းလှခြင်း မရှိခဲ့ဘဲ ၎င်းတို့၏ အင်အားစုမှာ ကန့်သတ်ချက်များစွာ ရှိမနေခဲ့ဘူးဆိုလျှင် ၎င်းတို့၏ အဆင့်သတ်မှတ်ချက်မှာ ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ အထက်သို့ပင် ကျိန်းသေပေါက် ရောက်ရှိနေလိမ့်မည် ဖြစ်၏။
၎င်းတို့မှာ ရွှေဝါးမြိုခြင်းပိုးတောင်မာများကဲ့သို့ အရာရာတိုင်းကို ဝါးမြိုဖျက်ဆီးပစ်နိုင်စွမ်းရှိသော ပြိုင်ဘက်ကင်း အစွမ်းမျိုး ရှိမနေကြဘူးဆိုဦးတော့... ၎င်းတို့၏ ခံနိုင်ရည်အစွမ်းမှာမူ များစွာ အားကောင်းလှသဖြင့် သာမန်မှော်ရတနာများက ၎င်းတို့ကို ဒဏ်ရာရအောင် လုပ်နိုင်စွမ်း လုံးဝ မရှိကြချေ။ ထို့အပြင် ၎င်းတို့၏ အမြန်နှုန်းမှာလည်း အလွန်တရာ မြန်ဆန်လှသလို ခန္ဓာကိုယ်အတွင်း၌လည်း အလွန်ပြင်းထန်လှသော အဆိပ်စွမ်းရည်များ ပါရှိ၍သာ နတ်ဆိုးအင်းဆက်များ၏ အဆင့်သတ်မှတ်ချက်တွင် ထိပ်ပိုင်းနေရာတွင် ရောက်နေခြင်းပင်။ ၎င်းအပြင် ဤခရမ်းကွက်ကင်းမြီးကောက်များသည် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး အတွင်း၌ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် ရှင်သန်နေထိုင်ခဲ့ကြပြီး ဖြစ်ရာ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း လုံးဝ ခရမ်းနက်ရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သဖြင့် အမြင့်ဆုံးအဆင့်သို့ ချိုးဖျက်တက်လှမ်းနိုင်ခဲ့ကြပြီး ဖြစ်သည်ကို ထည့်ပြောနေရန်ပင် မလိုတော့ပါ။
သို့သော်လည်း ကြည့်ရသည်မှာ မြို့စားကြီးနန်းလုံသည် ဤနတ်ဆိုးအင်းဆက်များ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလှကြောင်းကို အနည်းအကျဉ်းမျှသာ သဘောပေါက်ထားခဲ့ပုံရ၏။ ဆန့်ကျင်ဘက်အနေဖြင့် ထိုကျင့်ကြံသူအိုကြီးကမူ ၎င်းတို့၏ စွမ်းအားကို အတိတ်တုန်းက ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ဖူးသဖြင့် ၎င်းတို့အကြောင်းကို ပြောဆိုလိုက်သည်နှင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော ဖြစ်သွားရခြင်းပင်။
မြို့စားကြီးနန်းလုံ၏ မျက်နှာအမူအရာမှာ သုန်မှုန်သွားခဲ့ရပြီးနောက် ဟန်လိကမူ အေးတိအေးစက် ခပ်တိုးတိုး ရယ်မောလိုက်မိ၏။ မြို့စားကြီးနန်းလုံသည် ဤမျှအထိ ဝေးကွာလှသော အရပ်ဒေသသို့ ရောက်ရှိလာခဲ့ပြီးမှသာ ဤခရမ်းကွက် ကင်းမြီးကောက်များ အကြောင်းကို ထုတ်ဖော်ပြောဆိုလာခဲ့ခြင်း ဖြစ်ပေသည်။ ကြည့်ရသည်မှာ သူသည် စေတနာကောင်းရှိ၍ ဤသို့ ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ သူတို့နှစ်ဦးစလုံးအား အသက်ဘေးမှ လွတ်မြောက်အောင် ပြန်မပြေးနိုင်စေရန်အတွက် တမင်သက်သက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်မှန်း ထင်ရှားသည်။ သူတို့သည် ဤမျှအထိ ဝေးကွာလှသော အရပ်ဒေသသို့ ရောက်ရှိလာခဲ့ကြပြီး ဖြစ်ရာ ဘာအကျိုးအမြတ်မှ မရရှိလေဘဲ လက်ဗလာဖြင့် ပြန်လှည့်သွားရမှာကို နှမြောတသဖြစ်မိကြမှာ သေချာသဖြင့် ၎င်းဘေးအန္တရာယ်ကို မဖြစ်မနေ ရင်ဆိုင်ရတော့မည် မဟုတ်ပါလား။
ဟန်လိသည် ခရမ်းကွက်ကင်းမြီးကောက်များကို ကိုင်တွယ်ဖြေရှင်းရမည့် ဘေးအန္တရာယ်နှင့် ၎င်းမှ ရရှိလာနိုင်မည့် ဆုလာဘ်များကို ချိန်ဆကြည့်နေဆဲ ဖြစ်သည်။ အဆုံးမှာတော့ သူသည် အခြားသော လမ်းကြောင်းသစ်အတိုင်း သွားရောက်ချင်မည်ဆိုပါက မျက်စိနှင့်မမြင်ရသော ဟင်းလင်းပြင်အက်ကြောင်းတွေကို ဖောက်ထွင်းမြင်တွေ့နိုင်စွမ်းရှိသော သူ၏ ပြိုင်ဘက်ကင်း အရည်အချင်းကို ထုတ်ဖော်ပြသရတော့မည် ဖြစ်၏။
ဤသည်မှာ ချောက်ကမ်းပါးအတွင်း ခရီးနှင်ရာတွင် သူ့ကို ဘေးအန္တရာယ်ကင်းကင်း ဖြစ်စေမဲ့ အရေးကြီးဆုံး လျှို့ဝှက်ချက်တစ်ခု ဖြစ်သဖြင့် မဖြစ်မနေ အခြေအနေ မဟုတ်ပါက အခြားသူများကို အသိပေးရန် စိတ်ကူး လုံးဝ မရှိချေ။
ဟန်လိသည် ခေါင်းငုံ့လျက် အတွေးထဲ၌ နစ်မြောနေစဉ်အတွင်း လုဝေယင်းသည်လည်း သူ၏ မျက်ဝန်းများအတွင်းမှ ကြောက်လန့်တုန်လှုပ်နေမှုများကို ဖုံးကွယ်မထားနိုင်ဘဲ သုန်မှုန်သော မျက်နှာအမူအရာဖြင့် နေရာ၌ပင် မတ်တပ်ရပ်နေဆဲ ဖြစ်သည်။ မြို့စားကြီးနန်းလုံသည်လည်း မတည်ငြိမ်သော မျက်နှာအမူအရာဖြင့် ခရမ်းကွက် ကင်းမြီးကောက်များ ရှိနေသည့် တောင်တန်းကြီးရှိရာဘက်သို့ လှမ်းကြည့်နေမိ၏။
ခဏတာမျှ ထိုကျင့်ကြံသူ သုံးဦးစလုံးမှာ ရှေ့တိုးရမလား၊ နောက်ဆုတ်ရမလား မသိ ဖြစ်နေကြသဖြင့် နေရာ၌ပင် ငြိမ်သက်စွာ ရပ်နေကြတော့သည်။
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက်မှသာ ဟန်လိ၏ မျက်နှာထက်တွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ခေါင်းမော့ကြည့်လိုက်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ မြို့စားကြီးနန်းလုံနှင့် လုဝေယင်းတို့သည် အတွေးထဲ နစ်မြောနေကြဟန် ပေါက်သော်လည်း မိမိအဖော်ဖြစ်သူ၏ လှုပ်ရှားမှုတစ်ခုချင်းစီကို သေချာသတိထားနေသူများဖြစ်၍ ဟန်လိ၏ လှုပ်ရှားမှုကို ချက်ခြင်းပင် သတိပြုမိကြသည်။
မြို့စားကြီးနန်းလုံက ချက်ခြင်း ခေါင်းလှည့်ကာ ဟန်လိကို မေးမြန်းလိုက်၏။ “ဘာလဲ... ညီအစ်ကိုဟန်မှာ အကြံဉာဏ်ကောင်းတစ်ခုခု ရှိနေလို့လား။”
သူ့လေသံထဲ၌ မျှော်လင့်ချက် အရိပ်အယောင်အချို့ မသိမသာ ပါဝင်နေသည်။
လုဝေယင်း သည်လည်း ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ဟန်လိရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။ သို့သော်လည်း ဟန်လိကမူ ချက်ခြင်း တုန့်ပြန်ဖြေကြားခြင်း မပြုသေးပေ။ ထိုအစား သူက သူ၏ သိုလှောင်အိတ်ကို ဆုပ်ကိုင်လိုက်ပြီး အစိမ်းရောင် ပုလင်းငယ်တစ်ခုကို ထုတ်ယူလိုက်ကာ မေးမြန်းလိုက်တော့သည်။
“တာအိုရောင်းရင်းတို့နှစ်ဦးစလုံး... အဆိပ်ကြီးဆယ်ပါး အကြောင်းကို ကြားဖူးလား”
လုဝေယင်းက အံ့ဩတကြီးဖြင့် ဆိုလိုက်၏။ “အဆိပ်ကြီးဆယ်ပါး ဟုတ်လား... ကျုပ် အတိတ်တုန်းက ဒီအကြောင်းကို အနည်းအကျဉ်း ကြားဖူးထားပါတယ်။ ဒီအဆိပ်တွေက မယုံကြည်နိုင်လောက်အောင် အဆိပ်ပြင်းလှတယ်လို့ ကြားဖူးတယ်။ ကျုပ်တို့လို ကျင့်ကြံသူတွေတောင် အဲ့အဆိပ်နဲ့ မဆင်မခြင် ထိတွေ့မိသွားတာနဲ့ တစ်ပြိုင်နက် ချက်ခြင်း အသက်ပျောက်သွားနိုင်တယ်လေ။ ကျုပ် ကြားဖူးတာကတော့ စီနီယာဝေဝူယာဟာ အဆိပ်အတတ်ပညာရပ်တွေကို အဓိကထားပြီး ကျင့်ကြံတာဆိုတော့ အဆိပ်ကြီးဆယ်ပါးထဲက တစ်ခုဖြစ်တဲ့ အလောင်းကောင်အဆိပ်ကို ထုတ်ဖော်အသုံးပြုနိုင်စွမ်း ရှိတယ်။ အခြားကျင့်ကြံသူတွေ သူ့ကို ရင်ဆိုင်တိုက်ခိုက်ကြရတဲ့ အခါတိုင်းမှာ အဲ့ဒီအဆိပ်ကြောင့် သူ့အနားကို မဆင်မခြင် မချဉ်းကပ်ဝံ့ကြဘူးလေ။”
မြို့စားကြီးနန်းလုံက ဟန်လိ၏လက်ထဲရှိ ပုလင်းငယ်ကို စိုက်ကြည့်လိုက်ပြီး ခပ်မြန်မြန်ပင် ဆိုလိုက်၏။ “ဒါပေမဲ့လည်း ကျုပ် ကြားဖူးတာကတော့ အဆိပ်ကြီးဆယ်ပါးထဲက အချို့က အသက်သေဆုံးစေနိုင်စွမ်းရှိရုံတင်မကဘဲ တခြားဆန်းပြားလှတဲ့ အသုံးဝင်မှုတွေလည်း ရှိသေးတယ်ဆို။ တာအိုရောင်းရင်းဟန်ရဲ့ လက်ထဲမှာ ဒီအဆိပ်တွေထဲက တစ်ခုခု ရှိနေလို့လား။”
ဟန်လိက ထိုပုလင်းငယ်ကို မြှောက်ပြလိုက်ပြီး ရှင်းပြလိုက်၏။
“ကြည့်ရတာ ကျုပ် ဘာမှ ထပ်ပြောနေဖို့ မလိုတော့ဘူးပဲ။ ခင်ဗျားတို့က ချက်ခြင်း ခန့်မှန်းမိသွားကြတာပဲ။ ဒီပုလင်းထဲမှာ အဆိပ်ကြီးဆယ်ပါးထဲက တစ်ခုဖြစ်တဲ့ ကျောက်စိမ်းချိုးဖြူအဆိပ် ရှိတယ်။ ဒီအဆိပ်ကို ကျောက်စိမ်းနှုတ်သီးရှိတဲ့ နတ်ဆိုးငှက်တစ်ကောင်ရဲ့ တံတွေးကနေ သန့်စင်ဖော်စပ်ထားတာ ဖြစ်တယ်လို့ ဆိုကြတယ်။”
“ညီအစ်ကိုဟန် ဆိုလိုတာက...”
လုဝေယင်း၏ မျက်နှာထက်တွင် ဝမ်းမြောက်နေသော အရိပ်အယောင်တစ်ခု အထင်အရှား ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ဟန်လိက ချက်ခြင်းပင် ပြန်လည်ဖြေကြားလိုက်၏။
“ခရမ်းကွက် ကင်းမြီးကောက်တွေရဲ့ ခုခံရေးစွမ်းရည်က အစွမ်းထက်လှတယ်ဆိုပေမဲ့ ကျုပ်တို့ ဒီအဆိပ်ကို အသုံးပြုပြီး သူတို့ကို တောင်ပေါ်ကနေ လမ်းလွှဲမောင်းထုတ်ပစ်နိုင်သရွေ့တော့ အဲ့တောင်ကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ဖြတ်ကျော်သွားနိုင်မဲ့ အခွင့်အရေးမျိုး ရနိုင်လောက်တယ်”
“ကျုပ်တို့ ဒီအဆိပ်ကို အသုံးပြုပြီး သူတို့ကို ဘယ်လိုနည်းနဲ့ လမ်းလွှဲမောင်းထုတ်ပစ်မှာလဲ။ အို...ဟုတ်သားပဲ။ ရောင်းရင်းက ရုပ်သေးပညာရပ်တွေမှာ ကျွမ်းကျင်သူမှန်း ကျုပ် မေ့နေတာကျန်။ ရုပ်သေးရုပ်အနည်းငယ်ပေါ်မှာ ဒီအဆိပ်ကို သုတ်လိမ်းလိုက်ရုံနဲ့တင် ကင်းမြီးကောက်တွေကို ဆွဲဆောင်ဖို့အတွက် လုံလောက်တာထက် ပိုပါပြီ။” ထိုအခိုက်အတန့်တွင် မြို့စားကြီးနန်းလုံ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာတော့သည်။
ထိုသို့ ပြောဆိုပြီးသည်နှင့် ဟန်လိ၏ မျက်နှာအမူအရာမှာမူ ဘာမှပြောင်းလဲသွားခြင်းမရှိဘဲ စိတ်ထဲကနေ တွေးတောဆင်ခြင်နေမိ၏။
“ဒီမြိုစားနန်းလုံက စကားအလွယ်ပြောပြီး ဒီကိစ္စတစ်ခုလုံး ငါ့အပေါ် ပုံချလိုက်တာပဲ။ မြွေဟောက်ကြီးနဲ့တိုက်ခိုက်ခဲ့တုန်းကလည်း ငါ့ရဲ့ ရုပ်သေးတော်တော်များများ ဆုံးရှုံးလိုက်ရသေးတယ်”
ဟန်လိသည် စိတ်ထဲ၌ မကျေမနပ် ဖြစ်သွားမိသော်လည်း တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။ အကြောင်းမှာ ဤသည်က အသေးအမွှား ကိစ္စရပ်တစ်ခုသာ ဖြစ်သဖြင့် ၎င်းအတွက်ကြောင့်နှင့် အဖော်များနှင့် ဆက်ဆံရေးအက်ကြောင်းတစ်ခု အဖြစ်မခံချင်သောကြောင့်ပင်။ မည်သို့ဆိုစေ သူတို့သည် လက်ရှိအချိန်၌ မိမိတို့၏ ပန်းတိုင်သို့ ရောက်ရှိရန် လမ်းတစ်ဝက်မျှသာ ရှိနေသေးသည် မဟုတ်ပါလား။ သည့်အပြင် ဤအဆိပ်မှာ အတိတ်တုန်းက သခင်ကြီးချန်ကုန်း ချန်ထားခဲ့ဖူးသော ရတနာပစ္စည်းများထဲမှ တစ်ခုသာ ဖြစ်သည်။
ဟန်လိသည် သူ၏ ကိုယ်ပိုင်ဆေးဝါးဗဟုသုတ အတွေ့အကြုံများအရ ၎င်းအဆိပ်ကို အနံ့တစ်ချက် ရှူကြည့်လိုက်ရုံမျှဖြင့် မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဖြစ်သဖြင့် ၎င်းကို ချက်ခြင်းပင် ပြန်လည်သိမ်းဆည်းလိုက်၏။ ယခု အခြေအနေများကို သေချာ စဉ်းစားကြည့်ပါက သခင်ကြီးချန်းကုန်းသည် ဤကင်းမြီးကောက်များကို ဖြေရှင်းရန် ပြင်ဆင်သည့်အနေဖြင့် သည်အဆိပ်ကို ချန်ထားခဲ့ပုံ ရသည်။
သို့သော်လည်း သခင်ကြီးချန်ကုန်း အနေဖြင့် သူ၏ နောင်လာနောက်သား မျိုးဆက်များ ဘေးအန္တရာယ်ကင်းကင်းနှင့် ရတနာများကို ရရှိနိုင်စေရန်အတွက် ခြေလှမ်းတိုင်းကို ဤမျှအထိ သေသေချာချာ ကြိုတင်စီမံ၍ တွက်ချက်ထားခဲ့ခြင်းမှာ ထူးတော့ထူးဆန်းလှသည်။ သူ၏ ပင်ကိုယ်စရိုက်နှင့် ကိုက်ညီမှု မရှိလှချေ။ သခင်ကြီးချန်ကုန်း၏အကြွင်းအကျန်များအကြောင်း ပြန်စဉ်းစားကြည့်မိသည့်အခါ ခေါင်းသုံးလုံး၊လက်ခြောက်ဖက်နတ်ဆိုးသားရဲပန်းချီကားအကြောင်းကိုပါ ဟန်လိအနေဖြင့် ပြန်အမှတ်ရသွားမိသည်။ ၎င်းနောက်ကွယ်၌ နက်နဲလှသော လျှို့ဝှက်ချက်တစ်ခုခု ရှိနေရမည်ဟု သူ မသိမသာ ခံစားလိုက်ရသည်။ မြို့စားကြီးနန်းလုံသည် ယခင်က မိမိကိုယ်မိမိ သခင်ကြီးချန်ကုန်း၏ မျိုးဆက်တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသဖြင့် သူသည်လည်း ဤအကြောင်းကို တစ်ခုခု သိထားနိုင်လောက်သည်။
မည်သို့ပင်ဖြစ်စေ နောက်ကွယ်၌ မူမမှန်မှုတစ်ခုခု ရှိနေခဲ့လျှင်ပင် ဟန်လိအနေဖြင့် ရှေးဟောင်းမီးတောက်ဖားပြုပ်၏ နတ်ဆိုးအမြုတေကို ရရှိနိုင်ရန်အတွက်သာ အဓိက အာရုံစိုက်ထားပေသည်။ သူသည် မိမိနှင့် မသက်ဆိုင်သော ကိစ္စရပ်များအတွင်းသို့ ဝင်ရောက်စွက်ဖက်ခြင်းဖြင့် ကိုယ့်ဒုက္ခကိုယ်ရှာမည်သူမျိုး မဟုတ်ပေ။
ဟန်လိသည် ဤကဲ့သို့သော ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် သူ၏လက်များကို ဆက်လက်လှုပ်ရှားလိုက်၏။ သူ၏ သိုလှောင်အိတ်ကို ပေါ့ပေါ့ပါးပါး ပုတ်လိုက်ရာ ၎င်းအတွင်းမှ အလင်းတန်း ငါးခု ချက်ခြင်း ထိုးထွက်သွားခဲ့ပြီး ကြီးမားလှသော လူဝံရုပ်သေးရုပ် ငါးရုပ်အဖြစ် ပြောင်းလဲသွားကြသည်။
ဟန်လိသည် သေးငယ်လှသော ကျောက်စိမ်းပုလင်းငယ် အချို့ကို ချက်ခြင်း ထုတ်ယူလိုက်ပြီး ၎င်းတို့ထဲမှ တစ်ခုချင်းစီအတွင်းသို့ ကျောက်စိမ်းချိုးဖြူအဆိပ် တစ်စက်စီကို ထည့်သွင်းလိုက်ကာ သေသေချာချာ ပြန်လည်ချိပ်ပိတ်ပစ်လိုက်၏။ ထို့နောက် ၎င်းပုလင်းငယ်များကို ထိုလူဝံရုပ်သေးရုပ်များ၏ လက်ထဲသို့ တင်းကျပ်စွာ ကိုင်ဆောင်ထားရန် ခိုင်းစေလိုက်တော့သည်။
ယင်းနောက်တွင်မူ မြို့စားကြီးနန်းလုံ၏ လမ်းညွှန်ပြသပေးမှုအောက်၌ ဟန်လိသည် မိမိ၏ လူဝံရုပ်သေးရုပ်များကို တောင်တန်းကြီး၏ ဘယ်ဘက်တောင်ထိပ်ဆီသို့ တိတ်တဆိတ် သွားရောက်ရန် အမိန့်ပေးလိုက်၏။
၎င်းတို့ အကွာအဝေးတစ်ခုအထိ ရောက်ရှိသွားပြီးနောက်မှသာ ဟန်လိက သူ၏ အဖော်များဘက်သို့ လှည့်၍ ပြောဆိုသည်။
“ကျုပ်တို့လည်း နောက်က လိုက်ကြရအောင် ကျုပ်တို့ ရုပ်သေးရုပ်တွေနဲ့ သိပ်မကွာသင့်ဘူး။ ရုပ်သေးရုပ်တွေက ကင်းမြီးကောက်တွေကို လမ်းလွှဲပေးလိုက်နိုင်တာနဲ့ ကျုပ်တို့ ဒီတောင်ကို အမြန်ဆုံး ဖြတ်ကျော်သွားကြရမယ်... မဟုတ်ရင်တော့ အခွင့်အရေး လက်လွှတ်သွားရလိမ့်မယ်။” မြို့စားကြီးနှင့် ထိုကျင့်ကြံသူအိုကြီး တို့မှာလည်း ဘာကန့်ကွက်မှုမှ မပြုလုပ်ကြဘဲ သူနှင့်အတူ ရုပ်သေးရုပ်များ၏ အနောက်မှနေ၍ သတိကြီးစွာဖြင့် လိုက်ပါလာကြသည်။
မကြာမီမှာပင် ထိုလူဝံရုပ်သေးရုပ်များမှာ တောင်ထိပ်သို့ ရောက်ရှိသွားခဲ့ကြပြီ ဖြစ်သည်။ ဟန်လိနှင့် အခြားသူများမှာမူ ၎င်းတို့၏ အနောက်ဘက် လီအနည်းငယ် အကွာအဝေးရှိ လျှို့ဝှက်နေရာတစ်ခုတွင် ပုန်းကွယ်နေကြဆဲ ဖြစ်၏။ ထိုအခိုက်အတန့်တွင် လူဝံရုပ်သေးရုပ်များမှာ အားကုန်သုံး၍ လက်ထဲရှိ ကျောက်စိမ်းပုလင်းငယ်များကို ချက်ခြင်း ရိုက်ခွဲပစ်ကြသည်။
ရုတ်တရက်ဆိုသလို အဆိပ်နံ့ဆိုးကြီးတစ်ခုမှာ သည်တောင်ကြောတစ်လျှောက် ချက်ခြင်း ပြန့်နှံ့သွားခဲ့ပြီ ဖြစ်သည်။ လူဝံရုပ်သေးရုပ်များမှာလည်း တောင်၏ အခြားဘက်ဆီသို့ အလျင်အမြန် ပျံသန်းထွက်ပြေးကြလေ၏။