အခန်း ၈၂၂
Vol. 59 Ch. 822
အပိုင်း ၈၂၂ - သတ္တမီးလျှံယပ်တောင်
ဟန်လိ၏ မျက်လုံးများက လင်းလက်သွားသည်။ သူက လူဝေယင်း၏ အမူအရာကို အကဲခတ်ပြီးနောက် မေးလိုက်၏။ “ကြည့်ရတာ ညီအစ်ကိုလူက ရတနာတွေကို ခွဲဝေဖို့ တခြားနည်းလမ်းတစ်ခုခု ရှိနေတယ်လို့ ဆိုလိုတာလား”
“တကယ်လို့ ဒီကျောက်စိမ်းသေတ္တာနဲ့ ဆေးပုလင်းတွေဟာလည်း ရှေးဟောင်းရတနာတွေသာ ဖြစ်နေခဲ့မယ်ဆိုရင် ကျုပ်တို့ တစ်ယောက်ကို နှစ်ခုစီ ခွဲယူတာဟာ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့...”
“ကျုပ်တို့ဟာ ဒီကျောက်စိမ်းသေတ္တာနဲ့ ဆေးပုလင်းတွေထဲမှာ ဘာရှိလဲဆိုတာ ခုထိ မသိရသေးဘူးလေ။ သဘာဝကျကျ ပြောရရင်တော့ အရင်ဆုံး အထဲက ပစ္စည်းတွေကို ကြည့်ပြီးမှ တန်ဖိုးအလိုက် ခွဲဝေကြတာက ပိုပြီးတော့ တရားမျှတပါလိမ့်မယ်” မြို့စားကြီးနန်းလုံက ၎င်း၏စကားကို ကြားဖြတ်ကာ မျှမျှတတ ရှိလှသော အကြံဉာဏ်တစ်ခုကို ပေးလာသည်။
လူဝေယင်းသည် ဤစကားကို ကြားရသောအခါ မျက်မှောင်ကြုတ်သွားသော်လည်း ခဏအကြာတွင် ခေါင်းညိတ်ပြကာ ဆိုလိုက်၏။ “ကျုပ်လည်း ဒီအချက်ကို သဘောတူပါတယ်။ တာအိုရောင်းရင်းဟန် ကော ဘယ်လို သဘောရလဲ”
“ကျုပ်မှာ ကန့်ကွက်စရာ မရှိပါဘူး။ အဲ့ဒီအတိုင်းပဲ လုပ်ကြတာပေါ့” ဟန်လိက ဆက်ပြီး စဉ်းစားမနေတော့ဘဲ ချက်ချင်းပင် ပြန်ဖြေလိုက်၏။
“တာအိုရောင်းရင်းဟန်က တကယ့်ကို ပွင့်လင်းတာပဲ။ ဒါဆို ကျုပ် အထဲက ပစ္စည်းကို အရင်ကြည့်လိုက်ပါ့မယ်” ဟန်လိ၏ တုံ့ပြန်မှုအပေါ် များစွာကျေနပ်သွားပြီး မြို့စားကြီးနန်းလုံက သူ၏လက်ကို ဝှေ့ယမ်းကာ ဖြူဖွေးသော သေတ္တာကို သူ၏လက်ထဲသို့ လှမ်းယူလိုက်တော့သည်။ ထို့နောက် အခြားလက်တစ်ဖက်ဖြင့် သေတ္တာအဖုံးကို အသာအယာ ပုတ်၍ ဖွင့်ရန် ကြိုးစားလိုက်၏။
သေတ္တာပွင့်သွားသည်နှင့် တစ်ပြိုင်နက် ဖြူဖွေးသော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အဖြူရောင် အလင်းအတားအဆီးတစ်ခု ဖြစ်ပေါ်ကာ မြို့စားကြီးနန်းလုံ၏ လက်ကို ကြမ်းတမ်းစွာ တွန်းထုတ်ပစ်လိုက်သည်။
“အန်... သေတ္တာပေါ်မှာ တားမြစ်ချက်မန္တာန်တစ်ခု ချထားတာပဲ” သူက တကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက် သူ၏လက်မှ ရွှေရောင်အလင်းတန်းများ လက်ခနဲ ဖြစ်သွားစေကာ သေတ္တာကို နောက်တစ်ကြိမ် ထပ်မံ ဖမ်းကိုင်လိုက်ပြန်သည်။
အဖြူရောင်အလင်းတန်းက သူ့ကို ထပ်မံ၍ ကာဆီးကာ မြို့စားကြီးနန်းလုံ၏ လက်မှ အလင်းများနှင့် လုံးထွေးယှက်လိမ်သွားသည်။ သို့သော်လည်း ခဏအကြာတွင် ရွှေရောင်အလင်းတန်းမှာ ပြင်းထန်စွာ တောက်ပလာပြီး အဖြူရောင်အလင်းတန်း လုံးဝမပျောက်ကွယ်သွားမီမှာပင် သူက သေတ္တာအဖုံးကို ခွန်အားသုံး၍ အတင်းအကြပ် ဖွင့်လှစ်ပစ်နိုင်ခဲ့တော့သည်။ ဟန်လိသည် စူးရှသောအလင်းရောင်ကြောင့် မျက်စိကျိန်းသွားရသော်လည်း ခဏအကြာတွင် သေတ္တာအတွင်း၌ ဝါကျင့်ကျင့် ကျောက်စိမ်းပြားတစ်ခု ရှိနေသည်ကို ရှင်းလင်းစွာ မြင်လိုက်ရ၏။
လူဝေယင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်သွားပြီး မြို့စားကြီးနန်းလုံကမူ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ထိုကျောက်စိမ်းပြားကို သူ၏နဖူးပေါ် တင်လိုက်သည်။ ကျောက်စိမ်းပြားအတွင်းရှိ သတင်းအချက်အလက်များကို ခပ်မြန်မြန် စစ်ဆေးကြည့်ပြီးနောက် သူ၏မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်သွားတော့၏။
“တာအိုရောင်းရင်းတို့... တစ်ချက်လောက် ကြည့်ကြည့်ကြပါဦး” အခြားသူများ သူ၏အပေါ်တွင် သံသယမဝင်စေရန်အတွက် မြို့စားကြီးနန်းလုံက ၎င်းကျောက်စိမ်းပြားကို ဟန်လိထံသို့ ချက်ချင်းပင် ပစ်ပေးလိုက်သည်။ ဟန်လိက ကျောက်စိမ်းပြားကို လှမ်းယူလိုက်ပြီး သူ၏နဖူးပေါ်တွင် တင်ကာ အာရုံခံကြည့်လိုက်၏။ ခဏအကြာတွင် သူ၏မျက်နှာမှာ မသိမသာ ရှုံ့တွသွားပြီး ထိုကျောက်စိမ်းပြားကို လူဝေယင်းထံသို့ လွှဲပေးလိုက်ရာ ၎င်းကျင့်ကြံသူအိုကြီးကလည်း ခပ်သွက်သွက်ပင် စစ်ဆေးကြည့်တော့သည်။
လူဝေယင်းသည် စစ်ဆေး၍ပင် မပြီးသေးမီမှာပင် ရေရွတ်လိုက်မိ၏။ “သတ္တမီးလျှံယပ်တောင် ဟုတ်လား... ကျုပ် ဒီလိုရှေးဟောင်းရတနာမျိုးကို တစ်ခါမှ မကြားဖူးဘူး။ ဒါက တကယ်ပဲ အစွမ်းထက်လို့လား”
မြို့စားကြီးနန်းလုံက ခေတ္တမျှ တွေဝေသွားပြီးနောက် ဆိုလိုက်သည်။ “ကျုပ်လည်း သေချာတော့ မပြောတတ်ဘူး။ ဒါပေမဲ့ ကျောက်စိမ်းပြားထဲမှာ ရေးထားတဲ့ သန့်စင်ဖော်စပ်နည်းရဲ့ ခက်ခဲပုံနဲ့ ဝိညာဉ်သသ္တုရိုင်းတွေ အမြောက်အမြား လိုအပ်တာကို ကြည့်ရင်တော့ ဒါဟာ လုံးဝ ကြောက်စရာကောင်းတဲ့ ရတနာတစ်ခု ဖြစ်ရမယ်”
လူဝေယင်းက ခေါင်းခါလျက် ထိုကျောက်စိမ်းပြားကို မြို့စားကြီးနန်းလုံထံ ပြန်ပေးလိုက်ရင်း ဆိုလိုက်၏။ “ဘယ်လောက်ပဲ အစွမ်းထက်ထက်... အသုံးမဝင်ပါဘူး။ သန့်စင်ဖော်စပ်နည်းကို အသေးစိတ် ရေးထားတယ်ဆိုပေမဲ့ မီးဓာတ်စိတ်ဝိညာဉ်ပစ္စည်းပေါင်း ရှစ်ဆယ့်တစ်မျိုးအပြင် အခြားအရန်ပစ္စည်းတွေလည်း အများကြီး လိုအပ်တာပဲ။ ဒါတွေထဲက အချို့ပစ္စည်းတွေဆိုရင် ကျုပ်တို့လောကမှာ ပျောက်ကွယ်သွားခဲ့တာ ကြာလှပြီ။ ဒါကြောင့် ဒီကျောက်စိမ်းပြားက တန်ဖိုးမရှိတော့ဘဲ လေ့လာဖို့လောက်ပဲ အသုံးတည့်ပါလိမ့်မယ်”
မြို့စားကြီးနန်းလုံက ပြုံးလိုက်ပြီး ကျောက်စိမ်းပြားကို သေတ္တာထဲသို့ အမှတ်မထင် ပြန်လည်ထည့်သွင်းလိုက်၏။
ဟန်လိကလည်း ထိုကျောက်စိမ်းပြားမှာ အသုံးမဝင်ဟု မှတ်ချက်ချရန် ပြင်လိုက်စဉ်မှာပင် သူ၏စိတ်ထဲ၌ ငွေရောင်လ၏ ဝမ်းမြောက်ဝမ်းသာဖြစ်နေသော စကားသံကို ရုတ်တရက် ကြားလိုက်ရသည်။ “သတ္တမီးလျှံယပ်တောင် ဟုတ်လား... သခင်... အဲ့ဒီကျောက်စိမ်းပြားထဲမှာ တကယ်ပဲ ၎င်းရဲ့ သန့်စင်ဖော်စပ်နည်း ပါဝင်နေတာလား”
ဟန်လိ၏ စိတ်က လှုပ်ရှားသွားပြီး စိတ်ထဲမှ ပြန်ပြောလိုက်၏။ “မှန်တယ်။ မင်းက ဒါကို သိနေလို့လား”
ငွေရောင်လ၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေပြီး ခပ်သွက်သွက် ဆိုလာသည်။ “သခင်... ကျမမှတ်မိသလောက်ဆိုရင် ဒီ သတ္တမီးလျှံယပ်တောင်ဟာ လောကဓာတ်ရဲ့ အစွမ်းထက်ဆုံး နတ်ဘုရားဝိညာဉ်ရတနာ တွေထဲက တစ်ခုပါပဲ။ ဒါပေမဲ့လည်း ၎င်းရဲ့ စွမ်းအားအဆင့်ကတော့ နတ်ဘုရားဝိညာဉ်ရတနာတွေထဲမှာ အဆင့်တစ်ဆယ်ကျော်ဝန်းကျင်လောက်မှာပဲ ရှိပါတယ်”
“နတ်ဘုရားဝိညာဉ်ရတနာ ဟုတ်လား…” ဟန်လိသည် ဤစကားကို ကြားလိုက်ရသည့်အခါ စိတ်ထဲမှ အကြီးအကျယ် အံ့ဩထိတ်လန့်သွားရတော့သည်။
ဟန်လိ တစ်စုံတစ်ခုကို ထပ်မံမေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ဝိညာဉ်သွေဖယ်ခြင်းအရှင်ကလည်း စိတ်လှုပ်ရှားစွာဖြင့် ကြားဖြတ်ပြောလိုက်ပြန်၏။ “ဘာ... နတ်ဘုရားဝိညာဉ်ရတနာ ဟုတ်လား။ မင်း အဲ့ဒီကျောက်စိမ်းပြားကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရအောင်ယူရမယ်။ အတိတ်တုန်းက ကျုပ်လည်း နတ်ဘုရားဝိညာဉ်ရတနာတွေအကြောင်းကို သုတေသနလုပ်ချင်ခဲ့တာ... ဒါပေမဲ့ ဒီလိုရတနာတွေရဲ့ သန့်စင်ဖော်စပ်နည်းတွေကို ရှာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ခဲ့ဘူးလေ”
ငွေရောင်လ၏ လေသံမှာ အေးစက်သွားပြီး ဆိုလိုက်၏။ “အဘိုးကြီး... ရှင်က ဘာလို့ ကျမတို့ စကားထဲကို ဝင်ပြီး လျှာရှည်နေရတာလဲ”
ဝိညာဉ်သွေဖယ်ခြင်းအရှင်က တဟားဟား ရယ်မောလိုက်ပြီး ဆိုသည်။ “နတ်ဆိုးမြေခွေး... မင်းက အတိတ်က ကိစ္စတွေအတွက် အငြှိုးထားနေတုန်းပဲလား။ ကျုပ်က အသိဉာဏ်ရှိတဲ့ ရုပ်သေးဝိညာဉ်တစ်ယောက်ကို တစ်ခါမှ မမြင်ဖူးလို့ သုတေသနလုပ်ချင်ရုံ သက်သက်ပါပဲ။ ဒါ့အပြင် မင်းရဲ့ သခင်ကိုယ်တိုင်ကလည်း ကျုပ်ကို လက်ခံထားခဲ့ပြီးပြီ မဟုတ်လား”
“ရှင်...”
ဟန်လိက အေးစက်စက်လေသံဖြင့် ကြားဖြတ်လိုက်၏။ “တော်လောက်ပြီ ငွေရောင်လ...။ အတိတ်က ကိစ္စတွေ ပြီးသွားပြီဖြစ်လို့ အာဃာတတွေ ဆုပ်ကိုင်မထားပါနဲ့တော့။ ဒါပေမဲ့လည်း စီနီယာက နတ်ဘုရားဝိညာဉ်ရတနာတွေအကြောင်း သိနေတာကတော့ ကျုပ်ကို အံ့ဩမိစေတာ အမှန်ပါပဲ။ ဒါပေမဲ့လည်း အခုက အသေးစိတ် ပြောနေရမယ့် အချိန်မဟုတ်သေးဘူး။ နောင်ကျမှပဲ ကျုပ်တို့ အေးဆေးဆွေးနွေးကြတာပေါ့”
ထို့နောက် ဟန်လိသည် သူ၏အကြည့်ကို ကျောက်စိမ်းသေတ္တာထံသို့ ပြန်လှည့်လိုက်ပြီး မြို့စားကြီးနန်းလုံက အနက်ရောင် ဆေးပုလင်းနှစ်ခုလုံးကို ဖွင့်လှစ်လိုက်သည်ကို စိုက်ကြည့်နေတော့သည်။
ငွေရောင်လသည်လည်း လိမ္မာပါးနပ်စွာဖြင့် စကားစဖြတ်လိုက်တော့သည်။ သူမသည် ဝိညာဉ်သွေဖယ်ခြင်းအရှင်အပေါ်တွင် မကျေမနပ်ဖြစ်နေဆဲဖြစ်သော်လည်း ဟန်လိ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသူ ဖြစ်ရကား ဟန်လိ၏ စကားအနည်းငယ်ဖြင့်ပင် တိတ်ဆိတ်စွာ နေထိုင်လိုက်ရုံသာ တတ်နိုင်တော့သည်။
မြို့စားကြီးနန်းလုံက အနက်ရောင်ဆေးပုလင်းတစ်ခုကို ဖွင့်လှစ်လိုက်သည့် ခဏ၌ ထွက်ပေါ်လာသော မွှေးသင်းလှသော ဆေးရနံ့ကြောင့် ဟန်လိသည် စိတ်ထဲမှ ရင်ခုန်သွားမိ၏။
မြို့စားကြီးနန်းလုံက ပုလင်းအတွင်းမှ ပြောင်လက်နေသော မြစိမ်းရောင် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ သူ၏လက်ဝါးပေါ် တင်လိုက်သည်။ သူက တွေဝေသော လေသံဖြင့် ဆိုလိုက်၏။ “ဒါက သာမန်ရှေးဟောင်းဆေးလုံးမျိုး မဟုတ်ဘူး။ ဘာဆေးလုံးလဲဆိုတာ ကျုပ်သေချာ မသိပေမဲ့ ဘေးဥပါဒ်ဖြစ်စေမယ့် အရာတော့ မဟုတ်တာ သေချာပါတယ်။ ရှေးဟောင်းမှတ်တမ်းတွေကို ပြန်ပြီးတော့ စစ်ဆေးကြည့်မှပဲ သိရလိမ့်မယ်”
လူဝေယင်းက ထိုဆေးလုံးကို စွဲလမ်းသောအကြည့်ဖြင့် ငေးစိုက်ကြည့်နေရင်း မေးလိုက်၏။ “ဒီပုလင်းထဲမှာ ဆေးလုံး ဘယ်နှစ်လုံး ပါလဲ”
မြို့စားကြီးနန်းလုံက ဟန်လိနှင့် လူဝေယင်းတို့ကို ဗလာဖြစ်နေသော ဆေးပုလင်းကို ပြသလိုက်ရင်း ဆိုသည်။ “ပုလင်းထဲမှာ ဒီတစ်လုံးပဲ ပါဝင်ပေမဲ့ ၎င်းရဲ့ တန်ဖိုးကတော့ အဖိုးမဖြတ်နိုင်အောင် ရှိမှာ သေချာပါတယ်”
“ဒါဆို နောက်တစ်ပုလင်းကိုပါ ဖွင့်ကြည့်ရအောင်” လူဝေယင်းက စိတ်မရှည်စွာဖြင့် ဆိုလိုက်၏။
မြို့စားကြီးနန်းလုံက ခေါင်းညိတ်ပြလိုက်ပြီး သူ၏လက်ထဲရှိ ဆေးလုံးကို ပုလင်းထဲသို့ သေချာစွာ ပြန်လည်ထည့်သွင်းလိုက်ကာ အခြားတစ်ပုဒ်ကိုပါ ဖွင့်လှစ်လိုက်သည်။ ထိုပုလင်းထဲ၌လည်း အလားတူပင် မြစိမ်းရောင် ဆေးလုံးတစ်လုံးကို ထပ်မံတွေ့ရှိရသဖြင့် မြို့စားကြီးနှင့် ကျင့်ကြံသူအိုကြီးတို့မှာ တစ်ဦးကိုတစ်ဦး စိုးရိမ်ပူပန်သော အကြည့်များဖြင့် လှမ်းကြည့်လိုက်မိကြတော့သည်။
ဟန်လိကမူ ခပ်ရေးရေး ပြုံးလိုက်ပြီး တည်ငြိမ်စွာပင် ဆိုလိုက်၏။ “ကြည့်ရတာ ကျုပ်တို့ရဲ့ ဒီတစ်ခေါက် အကျိုးအမြတ်က အတော်လေးကို ကောင်းမွန်လှပါတယ်။ ဒီမှာ ရှေးဟောင်းရတနာ သုံးခု၊ ဘာဆေးလုံးမှန်းမသိရသေးတဲ့ ဆေးလုံးနှစ်လုံးနဲ့ ရှေးဟောင်းရတနာတစ်ခုရဲ့ သန့်စင်ဖော်စပ်နည်း ကျန်ရစ်ခဲ့တာပဲ။ ဒါတွေကို ကျုပ်တို့ ဘယ်လို ခွဲဝေကြမလဲ”
မြို့စားကြီးနန်းလုံက သူ၏လက်ထဲရှိ ဆေးပုလင်းနှစ်ခုကို ကြည့်ကာ လေးနက်စွာ ဆိုလိုက်သည်။ “ကျုပ်တို့ ဒီဆေးလုံးတွေရဲ့ အစွမ်းကို သေချာမသိသေးဘူးဆိုပေမဲ့ တာအိုရောင်းရင်းဟန်လည်း သိတဲ့အတိုင်း ကျုပ်နဲ့ ညီအစ်ကိုလူတို့က ဆေးဝါးတွေကို ရှာဖွေဖို့အတွက် ဒီနတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲကို စွန့်စားဝင်ရောက်ခဲ့ကြတာလေ။ ဒါကြောင့် ကျုပ်နဲ့ တာအိုရောင်းရင်းလူတို့က ဒီဆေးလုံးနှစ်ခုကို ကျုပ်တို့ရဲ့ ဝေစုအဖြစ် ခွဲယူချင်ပါတယ်။ ဒီလိုဆိုရင်တော့ တာအိုရောင်းရင်းဟန်အနေနဲ့ ကျန်ရှိနေတဲ့ ရှေးဟောင်းရတနာတွေထဲက ကိုယ်ကြိုက်ရာကို အရင်ဦးဆုံး ရွေးချယ်ခွင့် ရပါလိမ့်မယ်။ မိတ်ဆွေဟန်အနေနဲ့ ဒီအချက်အပေါ် ကန့်ကွက်စရာ မရှိဘူးလို့ မျှော်လင့်ပါတယ်”
ဟန်လိသည် ဤစကားကို ကြားရသောအခါ မျက်မှောင်ကြုတ်သွားပြီး ကြမ်းပြင်ပေါ်ရှိ ရတနာများကို တစ်ချက် ဝှေ့ယမ်းကြည့်လိုက်၏။
သူက သူ၏ မေးစေ့ကို ပွတ်သပ်ရင်း ခေါင်းခါလျက် ဆိုလိုက်သည်။ “တာအိုရောင်းရင်းတို့... ကျုပ် မပြောဘဲနဲ့လည်း ခင်ဗျားတို့ ဒီဆေးလုံးတွေရဲ့ တန်ဖိုးကို သိမှာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်က ရှေးဟောင်းရတနာတစ်ခုကို ယူမယ့်အစား ဒီဆေးလုံးတစ်လုံးကို ရယူပြီး ကျုပ်ရဲ့ ကျင့်ကြံမှုကို တိုးမြင့်ဖို့အတွက်ပဲ ပိုပြီးတော့ ဆန္ဒရှိပါတယ်”
ဟန်လိ၏ အဖြေကို ကြားရသောအခါ အခြားသူနှစ်ဦး၏ မျက်နှာများမှာ ချက်ချင်းပင် တင်းမာသွားကြတော့သည်။ မြို့စားကြီးနန်းလုံက ခေတ္တမျှ တွေဝေသွားပြီးမှ အတင်းအကြပ် ပြုံးလျက် ဆိုလာ၏။ “တာအိုရောင်းရင်းဟန်က အသက်ငယ်ရွယ်လွန်းပါသေးတယ်။ သက်တမ်းကုန်ခါနီးဖြစ်နေတဲ့ ကျုပ်တို့ ကျင့်ကြံသူအိုကြီး နှစ်ယောက်နဲ့ ဒီဆေးလုံးနှစ်ခုအတွက် အတင်းအကြပ် လုယူနေဖို့ မလိုအပ်ပါဘူး။ ခင်ဗျားက အချိန်တိုလေးအတွင်းမှာပဲ စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်ရှိနိုင်ခဲ့တာဆိုတော့ နောင်ကျရင် ကျင့်ကြံခြင်းရဲ့ အထွက်အထိပ်ကို ရောက်ဖို့ဆိုတာ ခင်ဗျားအတွက် အလွန်လွယ်ကူတဲ့ ကိစ္စတစ်ခုပါပဲ”
ဟန်လိကမူ အေးဆေးစွာပင် ပြန်ပြောလိုက်၏။ “ကျုပ်ရဲ့ အသက်အရွယ်နဲ့ ဆေးလုံးကို လိုချင်တာက သီးခြားကိစ္စရပ်တွေပါ။ ဒီလို အဖိုးတန်အခွင့်အရေးမျိုး ကျုပ်မျက်စိရှေ့မှာ ပေါ်လာမှတော့ ကျုပ်အနေနဲ့ အစွမ်းကုန် ကြိုးစားပြီး ရယူချင်တာ သဘာဝပါပဲ။ ခင်ဗျားတို့က ကျုပ်ကို ဒီဆေးလုံးနှစ်ခုလုံး ပေးမယ်ဆိုရင်တော့ ကျုပ် ကျန်တဲ့ ရတနာအားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒရှိပါတယ်။ အမှန်အတိုင်းပြောရရင် ကျုပ်ဆီမှာ သာမန်ရှေးဟောင်းရတနာတွေဆိုတာ ရှားပါးနေတာ မဟုတ်ပါဘူး”
ဟန်လိ၏ ပြတ်သားလှသော စကားများကြောင့် လူဝေယင်းမှာ စိုးရိမ်ထိတ်လန့်သွားပြီး အံတင်းတင်းကြိတ်ကာ ဆိုလိုက်၏။ “တာအိုရောင်းရင်းဟန်... မနောက်ပါနဲ့ဦး။ ကျုပ်တို့က ဒီဆေးလုံးနှစ်ခုလုံးကို ဘယ်လိုလုပ်ပြီး လက်လွှတ်ပေးနိုင်မှာလဲ။ ဒီလိုလုပ်ရင် ဘယ်လိုလဲ... ညီအစ်ကိုဟန်သာ ဒီဆေးလုံးတွေကို စွန့်လွှတ်ပေးမယ်ဆိုရင် ကျန်တဲ့ ရတနာအားလုံးထဲက ကိုယ်ကြိုက်ရာကို အရင်ဦးဆုံး ရွေးချယ်ခွင့် ပေးပါ့မယ်။ ညီအစ်ကိုနန်းလုံ... ခင်ဗျား ဘာပြောချင်လဲ”
မြို့စားကြီးနန်းလုံက မျက်နှာပျက်သွားသော်လည်း ခါးသီးစွာ ပြုံးလျက် သဘောတူလိုက်ရုံသာ ရှိတော့သည်။ “တကယ်လို့ ညီအစ်ကိုဟန်သာ ဒီဆေးလုံးတွေအပေါ် စိတ်မဝင်စားတော့ဘူးဆိုရင်တော့ တာအိုရောင်းရင်းဟန်ကို ရတနာနှစ်ခု အရင်ဆုံး ရွေးချယ်ခွင့် ပေးလိုက်ကြရအောင်”
မြို့စားကြီးနန်းလုံ၏ မျက်နှာတွင် နှမြောတွန့််တိုသော အမူအရာတစ်ခု အထင်းသား ပေါ်နေ၏။ တကယ်တော့ သူ မောက်လန်လွင်ပြင်၌ တစ္ဆေဝိညာဉ်ဂိုဏ်း၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရစဉ်က သူ၏ ရှေးဟောင်းရတနာ အများစုမှာ ပျက်စီးသွားခဲ့ဖူးသဖြင့် ဤမျှ များပြားလှသော ရတနာများကို လက်လွှတ်ရမှာကို သူ မလိုလားသော်လည်း ၎င်းရှေးဟောင်းဆေးလုံးများမှာ သူ့အတွက် ပိုမိုအရေးပါမှန်း သိထားသောကြောင့် ဖြစ်သည်။
ထိုအခိုက်တွင် ဟန်လိ၏ မျက်နှာ၌ ချီတုံချတုံဖြစ်နေသော အမူအရာတစ်ခု ပေါ်လာပြီး သူတို့၏ အကြံဉာဏ်အပေါ် စိတ်ဝင်စားသွားသည့်အလား ထင်ရပေသည်။
လူဝေယင်းက ဤသည်ကို မြင်သောအခါ အခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ ခပ်သွက်သွက် ထပ်မံဆွဲဆောင်တော့သည်။ “တာအိုရောင်းရင်းဟန်ရဲ့ သက်တမ်းက အများကြီး ကျန်ပါသေးတယ်။ နောင်ကျရင် တခြားဆေးလုံးတွေကို ရှာဖွေဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ဒါနဲ့ နှိုင်းယှဉ်ရင် အခု ဒီရှေးဟောင်းရတနာတွေက ခင်ဗျားအတွက် ခုချက်ခြင်း အသုံးတည့်မယ့် ပစ္စည်းတွေလေ။ ရှေးဟောင်းရတနာ တစ်ခု ပိုပြီး ပိုင်ဆိုင်ထားတာက နောင်ကျလို့ တိုက်ပွဲတွေနဲ့ ကြုံလာရတဲ့အခါ ခင်ဗျားရဲ့ အသက်ကို ကာကွယ်ပေးနိုင်မှာ သေချာပါတယ်”
ဟန်လိသည် မပြုံးမိဘဲ မနေနိုင် ဖြစ်သွားရပြီး ဆိုလိုက်၏။ “ကြည့်ရတာ ကျုပ်က ဒီဆေးလုံးတွေကို မစွန့်လွှတ်ဘူးဆိုရင်တော့ ရတနာတွေကို ခွဲဝေဖို့က တကယ်ပဲ ခက်ခဲပါလိမ့်မယ်။ ကောင်းပါပြီ... ခင်ဗျားတို့နှစ်ယောက်စလုံးက ဒီလောက်ထိ စိတ်ရင်းနဲ့ ပြောနေမှတော့ ကျုပ် ဒီဆေးပုလင်းတွေကို လက်လွှတ်ပေးပါ့မယ်။ ဒါပေမဲ့ ကျုပ်က ရှေးဟောင်းရတနာ နှစ်ခုလုံးကို မလိုချင်ပါဘူး... ခရမ်းရောင်မှန်ပြားတစ်ခုကိုပဲ ယူပါ့မယ်။ ကျန်တဲ့ ရတနာသန့်စင်ဖော်စပ်နည်း ကျောက်စိမ်းပြားနဲ့ ဝိညာဉ်သတ္တုရိုင်းတွေကိုပါ ကျုပ်ကို ပေးပါ။ ကျုပ်က ရတနာသန့်စင်တဲ့ နေရာမှာ နည်းနည်း စိတ်ဝင်စားလို့ပါ”
သူက ပြောပြောဆိုဆိုဖြင့် သူ၏လက်ကို လှမ်းလိုက်ရာ ခရမ်းရောင်မှန်ပြားမှာ သူ၏လက်ထဲသို့ ပျံဝင်လာတော့သည်။
ထိုသူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အံ့ဩစွာ ကြည့်လိုက်ကြပြီးနောက် ချက်ချင်းပင် သဘောတူလိုက်ကြတော့သည်။ “ဒါဆိုရင်လည်း တာအိုရောင်းရင်းဟန် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”
ဟန်လိက ရှေးဟောင်းရတနာတစ်ခုကို မရွေးချယ်ဘဲ ဤပစ္စည်းများကို ဘာကြောင့် လိုချင်ရသလဲ ဆန်းကြယ်နေသော်လည်း သူတို့လိုချင်သော ဆေးလုံးများကို ရရှိခဲ့ပြီဖြစ်သဖြင့် သံသယများကို ဘေးဖယ်ထားလိုက်ကြတော့သည်။
ဟန်လိက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်ပြီး ထိုခရမ်းရောင်မှန်ပြားကို အလင်းတန်းတစ်ခုနှင့်အတူ သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်၏။ ထို့နောက် သူ၏ အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ မိုးပြာရောင်အလင်းတိုက်တစ်ခု ထွက်ပေါ်လာပြီး ကြမ်းပြင်ပေါ်ရှိ ကျောက်စိမ်းသေတ္တာနှင့် ဝိညာဉ်သတ္တုရိုင်းများကို လွှမ်းခြုံကာ ၎င်းတို့ကို မြင်ကွင်းမှ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားစေလိုက်သည်။