← Chapters

အခန်း ၈၂၄

Vol. 60 Ch. 824

အခန်း ၈၂၄

Vol. 60 Ch. 824

အပိုင်း ၈၂၄ - ရေကန်နက်ကြီး

ဟန်လိသည် မြေပုံကြမ်းကို အသေအချာ လေ့လာကြည့်ရှုနေရင်း ၎င်းမြေပုံမှာ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး၏ ပုံသဏ္ဌာန်နှင့် ယေဘုယျအားဖြင့် တူညီနေကြောင်း တွေ့ရှိလိုက်ရ၏။ သို့သော်လည်း မြေပုံပေါ်ရှိ အချို့သော နေရာအနည်းငယ်ကိုမူ အလွန်တရာ စနစ်တကျ မှတ်သားထားပြီး ချောက်ကမ်းပါး၏ အစိတ်အပိုင်းများနှင့် အနီးဝန်းကျင်ရှိ တည်နေရာ အခင်းအကျင်းတို့ကိုပါ အသေးစိတ် ဖော်ပြထားသည်။

ဟန်လိသည် ထိုမှတ်သားထားသော နေရာများနှင့် ယှဥ်လျှင် သူ၏ လက်ရှိတည်နေရာကို အကြမ်းဖျဥ်းအားဖြင့် သိနိုင်သော်လည်း ၎င်းနေရာများနှင့် အလွန်အမင်း ဝေးကွာနေသေးသည့်အပြင် ရှေ့တွင် မည်သည့်အန္တရာယ်များ ရှိနေမလဲဆိုတာကိုမူ မသေချာ မရေရာ ဖြစ်နေမိသည်။

သူက ခဏမျှ တကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက် ခေါင်းယမ်းကာ ထိုမြေပုံကို ပြန်လည်သိမ်းဆည်းလိုက်၏။ ဤမြေပုံ၏ နောက်ကွယ်၌ ကြီးမားလှသော လျှို့ဝှက်ချက်များ ရှိနေမှာ အမှန်ပင်ဖြစ်သော်လည်း စိတ်ဝိညာဥ်မီးတောက်သစ်သီးကို မရရှိခင်အထိ သူ၏ အာရုံကို ဘေးသို့ အလွတ်မခံနိုင်ကြောင်း သူ ကောင်းစွာ သဘောပေါက်ထားသည်။ ၎င်းသစ်သီးမှာ သူ့အတွက် အလွန်တရာ အရေးပါလှပေသည်။ ငွေရောင်လသည်လည်း ဟန်လိ မည်သည်ကို တွေးတောနေကြောင်း ရိပ်မိသွားသည့်အလား နောက်ထပ် စကားထပ်မဆိုတော့ပေ။

ဟန်လိက သူ၏လက်ကို ဖြတ်ခနဲ လှုပ်ရှားလိုက်ကာ ခုလေးတင် ရရှိခဲ့သော ကျောက်စိမ်းသေတ္တာကို ထုတ်ယူ၍ သူ့ကျောတွင် လွယ်ထားသည့် ဝါးကျည်တောက်အတွင်းသို့ သေချာစွာ ထည့်သိမ်းလိုက်သည်။ ယင်းနောက် သူက မထူးခြားနားသော လေသံဖြင့် စကားဆိုလိုက်၏။ “သတ္တမီးလျှံယပ်တောင်ကို သန့်စင်ဖို့ လိုအပ်တဲ့ စိတ်ဝိညာဥ်ပစ္စည်း အများစုဟာ ကျုပ်တို့လောကမှာ ကွယ်ပျောက်သွားခဲ့တာ ကြာလှပြီ။ ဒါပေမဲ့လည်း စီနီယာ့မှာက ပစ္စည်းချင်း အစားထိုးနိုင်စွမ်းရှိတဲ့ ထူးကဲတဲ့ ဗဟုသုတတွေ ရှိနေတာပဲမလား။ အခုလက်ရှိ ကျင့်ကြံခြင်းလောကမှာ ရနိုင်မယ့် တခြားအစားထိုးပစ္စည်းတွေကို ရှာဖွေပေးဖို့ ကျုပ် တောင်းဆိုချင်ပါတယ်။ တကယ်လို့ ကျုပ်သာ ဒီရတနာကို အမှန်တကယ် သန့်စင်ဖော်စပ်နိုင်ခဲ့မယ်ဆိုရင် စီနီယာ့ကို ကျုပ် ကြီးစွာ အလေးအမြတ် ထားပါ့မယ်”

ခဏတာ တိတ်ဆိတ်သွားပြီးနောက်တွင်မူ ဝိညာဉ်သွေဖယ်ခြင်းအရှင်က အေးစက်စွာ ရယ်မောလိုက်ပြီး ပြန်ပြောလာ၏။ “ကောင်လေး... မင်းက ကျုပ်ကို အရူးတစ်ယောက်လို့ ထင်နေတာလား။ ကျုပ်က ထို နတ်ဘုရားဝိညာဉ်ရတနာ အပေါ်မှာ အတော်လေး စိတ်ဝင်စားတယ်ဆိုပေမဲ့ အကြောင်းရင်းမရှိဘဲနဲ့တော့ သန့်စင်ဖော်စပ်နည်းကို ဒုက္ခခံပြီး လေ့လာမှာ မဟုတ်ဘူး။ မင်းရဲ့ ချီးကျူးစကားလေး တခွန်းနှစ်ခွန်းလောက်အတွက်နဲ့ ကျုပ်က အလကား အလုပ်လုပ်ပေးမယ်လို့ မင်း တကယ် ထင်နေတာလား”

ဟန်လိ၏ မျက်နှာထက်တွင် အံ့ဩသွားသည့် အရိပ်အယောင်မျှ ရှိမနေပေ။ သူက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်၏။ “နတ်ဘုရားဝိညာဉ်ရတနာတွေဟာ လွယ်လင့်တကူ သန့်စင်နိုင်တဲ့အရာ မဟုတ်မှန်း ကျုပ် သိတာပေါ့။ စီနီယာ့မှာ ပစ္စည်းချင်း အစားထိုးနိုင်စွမ်းရှိတဲ့ ဗဟုသုတတွေ ရှိနေတယ်ဆိုပေမဲ့ ခင်ဗျား ဒါကို အမှန်တကယ် လုပ်ဆောင်နိုင်ပါ့မလားဆိုတာ ကျုပ် မသေချာဘူး။ ဒါပေမဲ့ ခင်ဗျားသာ အမှန်တကယ် အောင်မြင်ခဲ့မယ်ဆိုရင်တော့ ကျုပ်အနေနဲ့ စီနီယာတောင်းဆိုတဲ့ ဘယ်လိုအခြေအနေကိုမဆို အစွမ်းကုန် ဖြည့်ဆည်းပေးဖို့ ကတိပေးပါတယ်။ ဒီလောက်ဆိုရင်ကော ခင်ဗျား ကျေနပ်နိုင်မလား”

သူ၏ စကားကို ကြားရသောအခါ ဝိညာဉ်သွေဖယ်ခြင်းအရှင်မှာ ခဏမျှ ဆွံ့အသွားပြီးမှ အေးစက်စွာ နှာမှုတ်လိုက်၏။ ထို့နောက် သူက ဝံ့ကြွားသော လေသံဖြင့် ဆိုလာသည်။ “အတိတ်တုန်းက ငါ ရှေးဟောင်းကျင့်ကြံသူတွေရဲ့ အပျက်အစီး လှိုဏ်ဂူတစ်ခုထဲမှာ နတ်ဘုရားဝိညာဉ်ရတနာတွေအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း အချို့ကို တွေ့ရှိခဲ့ဖူးပြီး ကောင်းကင်ကို ဖိဆန်တဲ့ ရတနာတွေအကြောင်းကိုလည်း အနည်းအကျဥ်း သိခဲ့ရတာ။ အဲ့ဒီ ရှေးဟောင်းကျင့်ကြံသူတွေ အလေးအမြတ်ထားကြရတဲ့ ရတနာတွေဖြစ်တာကြောင့် ငါလည်း စပ်စုချင်စိတ်နဲ့ သေသေချာချာ မှတ်သားထားခဲ့တာပေါ့။ ဒါပေမဲ့ ကံဆိုးတာက နတ်ဘုရားဝိညာဉ်ရတနာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေက နည်းပါးလွန်းလှလို့ ငါလည်း ဘာမှ ရှေ့ဆက်မလုပ်နိုင်ခဲ့ဘူး။ အခု ငါ့ဘဝက လူလိုလို တစ္ဆေလိုလို ဖြစ်နေရတဲ့အခြေအနေမှာ ကျန်ရှိနေတဲ့ သက်တမ်းလေးကို အချည်းနှီးဖြစ်သွားမယ့် အလုပ်မျိုးပေါ်မှာတော့ အချိန်မဖြုန်းချင်ဘူး။ ဒါပေမဲ့လည်း ငါက အစားထိုးပစ္စည်း အနည်းငယ်လောက်ကိုပဲ ရှာဖွေပေးမှာနော်... သန့်စင်ဖော်စပ်နည်းအသစ်တစ်ခုကို တီထွင်ဖန်တီးပေးရမယ့် ခက်ခဲတဲ့အလုပ်မျိုးကိုတော့ လုပ်မှာ မဟုတ်ဘူး။ ပြီးသွားတဲ့အခါကျရင် ငါ တောင်းဆိုလာမယ့် အချက်ကို မင်း မမေ့ပစ်ဖို့ပဲ လိုအပ်တယ်”

“ကောင်းပြီလေ... ကျုပ် သဘောတူပါတယ်”

ဟန်လိက တက်ကြွသော အပြုံးဖြင့် ချက်ခြင်း သဘောတူလိုက်၏။

'မဟာဖွံ့ဖြိုးခြင်းပညာရပ်' ကို ကိုယ်တိုင် တီထွင်ဖန်တီးခဲ့သော ပါရမီရှင်တစ်ယောက် သူ့ဘေးနားတွင် ရှိနေမှတော့ ဟန်လိအနေဖြင့် ဤအခွင့်အရေးကို အချည်းနှီး အဖြစ်မခံနိုင်ပေ။ သူ၏လက်ထဲ၌ ကောင်းကင်လေဟာနယ်ဒယ်စောက် ဟူသော အခြား နတ်ဘုရားဝိညာဉ်ရတနာ တစ်ခု ရှိနေသည် ဆိုသော်လည်း ၎င်းကို မည်သည့်အချိန်ကျမှ အစွမ်းကုန် အသုံးပြုနိုင်မည်လဲဆိုတာ မသေချာချေ။ ထို့အပြင် နတ်ဘုရားဝိညာဉ်ရတနာဟူသည် ကောင်းကင်ကို ဖိဆန်နိုင်စွမ်းရှိသော ရတနာများ ဖြစ်ကြရာ ပိုမိုပိုင်ဆိုင်ထားနိုင်လေ ပို၍ ကောင်းမွန်လေ ဖြစ်ပေလိမ့်မည်။

ဝိညာဉ်သွေဖယ်ခြင်းအရှင်မှာ ထိုသို့ပြောပြီးနောက် ထပ်မံစကားမဆိုတော့ပေ။ ကြည့်ရသည်မှာ သူသည် ကျောက်စိမ်းသေတ္တာအတွင်းရှိ သန့်စင်ဖော်စပ်နည်းကို စတင်၍ သေချာစွာ လေ့လာဆန်းစစ်နေပြီ ဖြစ်ရမည်။

သည်ကိစ္စ ပြီးဆုံးသွားသည်နှင့် ဟန်လိ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် မိုးပြာရောင်အလင်းတန်းများ ပြင်းထန်စွာ တောက်ပလာပြီး သူ၏ အမြန်ဆုံးနှုန်းဖြင့် ရှေ့သို့ ဦးတည်ပျံသန်းသွားတော့သည်။

...

ခရမ်းရောင်ကင်းမြီးကောက်များ၏ အသိုက်အမြုံ ရှိနေသော ကျောက်တောင်ကြီး၏ အတွင်းပိုင်း၌မူ မြို့စားကြီးနန်းလုံနှင့် လူဝေယင်းတို့သည် သူတို့နှင့် အစိမ်းသက်သက်ဖြစ်သော လမ်းကြောင်းတစ်ခုအတိုင်း အောက်ဘက်သို့ တိတ်တဆိတ် လျှောက်လှမ်းနေကြဆဲ ဖြစ်သည်။ သူတို့၏ နက်နဲလှသော ကျင့်ကြံမှုအဆင့်ရှိနေသော်ငြားလည်း ဤနေရာရပ်ဝန်းမှာ မှောင်မိုက်လွန်းလှသဖြင့် သူတို့၏ ရှေ့ ပေသုံးဆယ်ဝန်းကျင်လောက်ကိုသာ ဝိုးတဝါး မြင်တွေ့နေရရုံ ရှိ၏။

လူဝေယင်းက မြို့စားကြီးနန်းလုံ၏ နောက် ပေအနည်းငယ်အကွာကနေ အနီးကပ် လိုက်ပါလာရင်းက ဖြည်းဖြည်းချင်း ဆိုလိုက်၏။

“ညီအစ်ကိုနန်းလုံ... ချော်ရည်တွေ လွှမ်းမိုးထားတဲ့ ဒီလိုနေရာမျိုးရဲ့ အောက်မှာ ခုလောက်ထိ အေးစိမ့်စိုစွတ်နေတဲ့ နေရာရပ်ဝန်းတစ်ခု ရှိနေလိမ့်မယ်လို့ ကျုပ် ထင်မထားမိခဲ့ဘူး။ အခုတော့ ကျုပ် သေချာသွားပါပြီ... သွေးကျိန်စာတံခါးမကြီးဟာ ဒီနေရာမှာ ရှိနေတာ လုံးဝ သေချာပါတယ်”

မြို့စားကြီးနန်းလုံက ပြုံးလိုက်ပြီး ပြောသည်။ “အော်... ဒီတော့ ညီအစ်ကိုလူက ဒီကိစ္စအပေါ်မှာ အစတုန်းက သံသယ ရှိနေခဲ့တာပေါ့။ ခင်ဗျား သိထားရမှာက ဆရာသခင် ချန်းကုန်း ချန်ထားခဲ့တဲ့ မှတ်တမ်းတွေထဲမှာ သွေးကျိန်စာတံခါးမကြီး အကြောင်းကို နည်းနည်းလေးမျှ ဖော်ပြထားခြင်း မရှိခဲ့ဘူးလေ။ အဲ့ဒီလိုသာ ဖော်ပြထားခဲ့မယ်ဆိုရင် တစ္ဆေဝိညာဉ်ဂိုဏ်းက သူတွေဟာ ဒီနေရာကို ကျိန်းသေပေါက် ရောက်ရှိနေကြမှာပေါ့။ သွေးကျိန်စာတံခါးမကြီးဆိုတာ သူ့ တိုက်ရိုက်မျိုးဆက်တွေဆီကိုသာ လက်ဆင့်ကမ်းပေးခဲ့တဲ့ လျှို့ဝှက်ချက်တစ်ခုပဲ ဖြစ်ရမယ်”

လူဝေယင်းက မျက်လုံးမှေးစင်းလျက် ပြုံး၍ ဆိုလာ၏။ “ဒါပေမဲ့လည်း သွေးကျိန်စာတံခါးမကြီးကို ဖွင့်လှစ်နိုင်ဖို့အတွက် စဦးစိတ်ဝိညာဉ် ကျင့်ကြံသူ နှစ်ယောက်ရဲ့ ပူးပေါင်းအင်အား မလိုအပ်ခဲ့ဘူးဆိုရင်တော့... ခင်ဗျား ကျုပ်ကို ဒီခရီးစဥ်မှာ ခေါ်ဆောင်လာလိမ့်မှာ မဟုတ်ဘူး မလား”

မြို့စားကြီးနန်းလုံက တဟားဟား ရယ်မောလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။ “ညီအစ်ကိုလူကတော့ နောက်ပြီ။ ကျုပ်တို့က နှစ်ပေါင်းများစွာကြာအောင် ခင်မင်ခဲ့ကြတဲ့ မိတ်ဆွေဟောင်းတွေပဲလေ။ ဒီလောက်ထိ ကြီးမားတဲ့ အကျိုးအမြတ် ရှိနေမှတော့ ခင်ဗျားကို ကျုပ်က အတူတူ လာဖို့ ဖိတ်ခေါ်ရမှာ သဘာဝပါပဲ။ အဲ့လိုသာ မဟုတ်ရင် ကျုပ် ဘာဖြစ်လို့ ဟို လူငယ်ဟန် ရဲ့ ရှေ့မှာ ဒီအကြောင်းတွေကို လျှို့ဝှက်ထားပါ့မလဲ”

ဤစကားကို ကြားရသည့်နောက်တွင်မူ လူဝေယင်းကလည်း လိမ္မာပါးနပ်စွာဖြင့် သည်ခေါင်းစဥ်ကို ဆက်မပြောတော့ဘဲ ဆိုလိုက်၏။ “ဒါဆိုရင်လည်း ညီအစ်ကိုနန်းလုံရဲ့ စေတနာကောင်းအတွက် ကျုပ်ကပဲ အများကြီး ကျေးဇူးတင်ရမှာပေါ့”

ရတနာများကို လူနှစ်ယောက်တည်းနှင့်သာ ရှာဖွေရမည့် ခရီးစဥ် ဖြစ်ရကား တဖက်လူအပေါ်တွင် အနည်းနှင့်အများဆိုသလို သတိထား ဆက်ဆံရမှာ သဘာဝပင်။ လူဝေယင်းက သူငယ်ချင်းဖြစ်သူ မြို့စားကြီးနန်းလုံအား သူ့ထံ၌လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည့် လျှို့ဝှက်လှည့်ကွက်များ ရှိထားကြောင်း အမူအရာဖြင့် ပြသထားခြင်းဖြင့် လမ်းခုလတ်၌ အချင်းချင်း ရန်ပွဲများ ဖြစ်ပွားလာမှာကို တားဆီးနိုင်မည် ဖြစ်သည်။ အထူးသဖြင့် သူသည် ဤကဲ့သို့သော မရင်းနှီးသည့် နေရာရပ်ဝန်း၌ တိုက်ပွဲများ မကြုံတွေ့ချင်သည်မှာ အမှန်ပင်။

မြို့စားကြီးနန်းလုံကလည်း လူဝေယင်း မည်သည့်အတွက်ကြောင့် ဤသို့ ပြုမူနေရကြောင်း ကောင်းစွာ နားလည်ပေသည်။ သူက စိတ်ထဲကနေ ကြိတ်၍ သရော်လိုက်သော်လည်း သူ၏မျက်နှာထက်တွင်မူ တည်ငြိမ်သောအသွင်ကို ဆက်လက်ထိန်းသိမ်းထား၏။

ထိုသူနှစ်ဦးလုံးသည် တိတ်ဆိတ်စွာဖြင့် လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းလာကြပြီးနောက် နောက်ဆုံးတွင် သူတို့ရှေ့ ခပ်လှမ်းလှမ်း၌ မှိန်ဖျော့ဖျော့ လင်းလက်နေသော အလင်းရောင်တစ်ခုကို လှမ်းမြင်လိုက်ရချေသည်။ သူတို့နှစ်ဦးလုံးသည် ကျေနပ်အားရသွားကြပြီး ခြေလှမ်းများကို အလျင်အမြန် မြှင့်လိုက်ကြရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားလှသော ဂူကျယ်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားကြတော့၏။

၎င်းဂူကြီးမှာ မီတာသုံးရာကျော် ကျယ်ဝန်းလှပြီး မျက်နှာကြက်အမိုးတွင် တစ်မီတာခန့် ရှည်လျားသော ကျောက်စက်ပန်းဆွဲများမှာ ဖြူဖွေးသောအလင်းတန်းများဖြင့် လင်းလဲ့တောက်ပလျက် ရှိနေချေသည်။ သို့သော်လည်း အာရုံစူးစိုက်စရာ အကောင်းဆုံးအရာမှာမူ ဂိုဏ်းဝင်ပေါက်၏ အလယ်ဗဟိုတည့်တည့်တွင် ရှိနေသော မီတာသုံးဆယ်ခန့် ကျယ်ဝန်းသည့် အစိမ်းရင့်ရောင် ရေကန်နက်ကြီးတစ်ခုပင် ဖြစ်၏။ ၎င်းရေကန်မှာ ထူးခြားလှသော အစိမ်းရင့်ရောင် အရောင်အသွေးမှလွဲ၍ အခြား ထူးထူးထွေထွေ ဆန်းကြယ်သည့် အရှိန်အဝါမျိုး မရှိနေသလို ထင်မှတ်ရပေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး၌ မည်သည့် အတားအဆီးမန္တာန်မှ ရှိမနေကြောင်း သေချာစွာ စစ်ဆေးကြည့်ရှုပြီးနောက် လူဝေယင်းက မမေးမိဘဲ မနေနိုင် ဖြစ်သွားရသည်။ “ သွေးကျိန်စာတံခါးမကြီးဟာ ဒီနေရာမှာ တကယ်ပဲ ရှိနေတာလား”

လူဝေယင်းက အစောတုန်းက ယုံကြည်မှုရှိရှိ ပြောဆိုခဲ့သော်လည်း အခုအခါ၌မူ သူ၏ လေသံမှာ ချီတုံချတုံ ဖြစ်နေသည်ကို မြင်သည့်အခါ မြို့စားကြီးနန်းလုံက သူ့ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ဆန်းကြယ်သော အပြုံးဖြင့် ဆိုလိုက်၏။

“ဒီနေရာမှာ ရှိနေတာ လုံးဝ သေချာပါတယ်။ ခင်ဗျား သိထားရမှာက သွေးကျိန်စာတံခါးမကြီးရဲ့ တည်နေရာကို အပြင်လူတွေ မသိရအောင်လို့ ဆရာသခင် ချန်းကုန်း မထွက်ခွာခင်ကတည်းက အတားအဆီးပညာရပ်တွေကို အသုံးပြုပြီး သေသေချာချာ ဖုံးကွယ်ထားခဲ့တာလေ”

သူက ထိုသို့ပြောဆိုပြီးနောက် ဂူအလယ်ဗဟိုရှိ ရေကန်နက်ကြီးထံသို့ အကြည့်ရွှေ့လိုက်သည်။ လူဝေယင်းသည်လည်း ချက်ခြင်းပင် မှင်သက်သွားရပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည့်အလား ထိုရေကန်နက်ကြီး၏ အခင်းအကျင်းကို သေသေချာချာ စတင်စူးစမ်းတော့၏။

ထိုအခိုက်တွင် မြို့စားကြီးနန်းလုံက သူ၏အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ ပြာလွင်သော အလင်းတန်းတစ်ခုနှင့်အတူ အပြာရောင်အလင်း ဖြာထွက်နေသော အလံငယ်တစ်ခု ထွက်ပေါ်လာသည်။ ဗွမ်းခနဲ မြည်သံနှင့်အတူ ၎င်းအလံငယ်မှာ သူ၏လက်ထဲမှ ပျံသန်းထွက်ခွာသွားပြီး ရေကန်အတွင်းသို့ သဲလွန်စမရှိ ဝင်ရောက် ပျောက်ကွယ်သွားတော့၏။ သည့်နောက်တွင်မူ သူသည် လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး ဂါထာမန္တာန်များကို မနားတမ်း ရွတ်ဆိုတော့သည်။

ငြိမ်သက်နေသော ရေကန်၏ ရေမျက်နှာပြင်မှာ ရုတ်တရက် လှိုင်းတွန့်များ ဖြစ်ပေါ်လာပြီး ဖြည်းဖြည်းချင်း လည်ပတ်စီးဆင်းလာတော့သည်။ ၎င်း၏ လည်ပတ်နှုန်းမှာ အချိန်နှင့်အမျှ ပိုမို မြန်ဆန်လာပြီး လေထုထဲတွင် တဝီဝီ မြည်ဟိန်းသံများ ထွက်ပေါ်လာခြင်းနှင့်အတူ ဗဟိုချက်တွင် ကြီးမားလှသော ရေဝဲကြီးတစ်ခု ဖြစ်တည်လာချေ၏။

“ဒါက ရေခွဲအလံငယ် မလား...။ ညီအစ်ကိုနန်းလုံ့ထံမှာ မြင်ရခဲတဲ့ ရှေးဟောင်းရတနာတစ်ခု ရှိနေလိမ့်မယ်လို့ ကျုပ် ထင်မထားမိခဲ့ဘူး” လူဝေယင်းက အံ့အားတသင့် ရေရွတ်မိ၏။

မြို့စားကြီးနန်းလုံက ခေါင်းယမ်းကာ ဆိုလိုက်သည်။ “ဘာမှ အထင်ကြီးစရာ မရှိပါဘူး။ ဒီရတနာက ရေပြင်ကို နှစ်ခြမ်းခွဲပစ်နိုင်စွမ်း ရှိတာကလွဲလို့ တခြား ဘာမှော်စွမ်းရည်မှ မရှိပါဘူးလေ”

သူက ထိုသို့ပြောဆိုပြီးနောက် မာန်သွင်းအော်ဟစ်ကာ လက်နှစ်ဖက်ကို ပင့်မြှောက်လျက် မန္တာန်ချိပ်တံဆိပ်နှစ်ခုဖြင့် ရေဝဲကြီးထံသို့ ရိုက်ခတ်လိုက်ချေ၏။ ထိုအခါ ရေကန်၏ အလယ်ဗဟိုတွင် ဆယ်မီတာလောက် ကျယ်ဝန်းသော လမ်းကြောင်းတစ်ခု ပွင့်ဟသွားပြီး သူတို့အောက်ခြေသို့ ဆင်းသက်နိုင်မည့် လမ်းစတစ်ခု ဖြစ်ပေါ်လာတော့သည်။

နောက်ထပ် စကားတစ်လုံးမျှ ထပ်မဆိုတော့ဘဲ မြို့စားကြီးနန်းလုံသည် ၎င်းလမ်းကြောင်းအတိုင်း အောက်ခြေသို့ တိုက်ရိုက် ပျံသန်းဆင်းသက်သွား၏။ လူဝေယင်းသည်လည်း ခဏမျှ တုံ့ဆိုင်းနေပြီးနောက်မှ သူ၏ခန္ဓာကိုယ်ကို အလင်းတန်းများဖြင့် ဖုံးအုပ်ကာ သူ့နောက်ကနေ ခပ်သွက်သွက် လိုက်ပါလာခဲ့တော့သည်။

ခဏအကြာတွင် လူဝေယင်း၏ မျက်နှာမှာ သိသိသာသာ ဖြူလျော့သွားရချေသည်။ ဤရေကန်ကြီးမှာ သာမန်အတိုင်း နက်ရှိုင်းနေရုံမျှမကဘဲ အဆုံးမရှိသည့်အလား ဖြစ်နေသောကြောင့်ပင်။ သူတို့သည် အောက်ဘက်သို့ ကီလိုမီတာရာချီ၍ ဆင်းသက်လာခဲ့ပြီးဖြစ်သော်လည်း ခုထိ အောက်ခြေကို လှမ်းမမြင်ရသေးဘဲ ရှိနေသည်။ သူက ကောင်းကင်ယံရှိ ရေကန်၏ ထိပ်ပိုင်းနေရာသို့ လှမ်းကြည့်လိုက်သည့်အခါ သေးငယ်လှသော အလင်းစက်လေးတစ်ခုအဖြစ်သာ မြင်ရတော့သည်ဖြစ်ရာ သူ့စိတ်ထဲ၌ မသိမသာ ထိတ်လန့်တုန်လှုပ်မှုနှင့်အတူ ကြီးမားလှသော ဖိအားများက သူ့အပေါ်သို့ သိုင်းခြုံကျရောက်လာသကဲ့သို့ ခံစားမိရလေသည်။

ကံကောင်းထောက်မစွာဖြင့် နောက်ထပ် မီတာရာချီ ဆက်လက်ဆင်းသက်ပြီးနောက်မှာ မြို့စားကြီးနန်းလုံက သူ၏ ပျံသန်းနှုန်းကို ရုတ်တရက် လျှော့ချလိုက်သည်ကို မြင်မှသာ စိတ်အေးသွားရ၏။ သူတို့သည် နောက်ဆုံးတွင် ရေကန်၏ အောက်ခြေသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြပြီ ဖြစ်သည်။ လူဝေယင်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် မြေပြင်ပေါ်သို့ အေးဆေးစွာ ဆင်းသက်ကာ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ အရံအတားအလင်းများကို ပြန်လည်ရုတ်သိမ်းလိုက်တော့သည်။

ဤရေကန်၏ အောက်ခြေမှာ မီတာသုံးဆယ်ကျော် ကျယ်ဝန်းလှပြီး လုံးဝန်းသော ကျောက်သားပြင်အသွင် ရှိပေသည်။ ၎င်းက ရေကန်၏ ထိပ်ပိုင်းမျက်နှာပြင်ထက်ပင် များစွာ ပို၍ ကျယ်ပြောလှသည်ဟု ထင်ရ၏။ ထိုကျောက်သားမြေပြင်၏ အလယ်တည့်တည့်တွင် ရေခွဲအလံငယ်ကို မြဲမြံစွာ စိုက်ထူထားပြီး ၎င်းထံမှ ပြာလွင်သောအလင်းတန်းများ ထွက်ပေါ်နေချေသည်။ သူတို့ပတ်ပတ်လည်၌ မီတာရာချီ မြင့်မားသော အစိမ်းရင့်ရောင် ရေတံတိုင်းကြီးက ဆီးကြိုကာကွယ်ထားလျက် ၎င်းရေတံတိုင်းမှာ ရေကန်၏ ထိပ်ပိုင်းမျက်နှာပြင်အထိ တိုက်ရိုက် ချိတ်ဆက်လျက် တည်ရှိနေပေသည်။

လူဝေယင်းက ပတ်ဝန်းကျင်ကို ဝေ့ပတ်ကြည့်ရှုပြီးနောက် မျက်မှောင်ကြုတ်လျက် ဆိုလိုက်၏။ “ဒီ သွေးကျိန်စာတံခါးမကြီးက တကယ့်ကို အနုစိတ်စိတ်ဖြစ်ဖြစ်နဲ့ ဖုံးကွယ်ထားတာပဲ။ ရေကန်ရဲ့ အောက်ခြေ ကီလိုမီတာချီရှိတဲ့ ဒီလိုနေရာမျိုးအထိ လာရောက်ရှာဖွေဖို့ဆိုတာ သာမန်လူတွေအနေနဲ့ ဘယ်လိုမှ စဉ်းစားမိနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ် သိချင်တာက ဆရာသခင် ချန်းကုန်းဟာ ဒီနေရာကို ဘယ်လိုနည်းနဲ့များ ရှာဖွေတွေ့ရှိခဲ့တာပါလိမ့်”

“ဒါကတော့... ဆရာသခင် ချန်းကုန်းဟာ ထူးကဲလှတဲ့ စိတ်ဝိညာဉ်အာရုံကို ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်ခဲ့တာလေ။ ဒါကြောင့် သူက ရေကန်ရဲ့ အောက်ခြေအထိ သူ၏စိတ်ဝိညာဉ်အာရုံကို တိုက်ရိုက် စေလွှတ်ပြီး ရှာဖွေနိုင်ခဲ့တာလည်း ဖြစ်နိုင်တာပဲ”

မြို့စားကြီးနန်းလုံက မသေချာမရေရာ ဖြစ်နေသော လေသံဖြင့် ပြောပြလာသည်။ တကယ်တော့ သူကိုယ်တိုင်လည်း သည်ကိစ္စအပေါ် ယခင်က ကြိုတင်တွေးတောထားခြင်း မရှိခဲ့သဖြင့် ဘာပြန်ပြောရမှန်းမသိဘဲ ဇဝေဇဝါ ဖြစ်မိနေခြင်းပင်။

“ဒါလည်း ဖြစ်နိုင်တာပဲလေ” လူဝေယင်းက သူ၏မေးစေ့ကို ပွတ်သပ်ရင်း ဆိုလိုက်သော်လည်း သူ၏မျက်လုံးများကမူ အရောင်တောက်နေချေသည်။

မြို့စားကြီးနန်းလုံက ခဏမျှ တကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက် ခေါင်းယမ်းကာ အတွေးများကို ဘေးဖယ်ထားလိုက်၏။ သည့်နောက် သူက သူ၏သိုလှောင်အိတ်ကို ပုတ်ကာ အဖြူရောင် ကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ယူလိုက်ပြီး ၎င်းကို လေထဲသို့ မြှောက်တင်လိုက်ရာ ကျောက်စိမ်းဆွဲသီးမှာ သူတို့နှစ်ဦးလုံးကို ပတ်၍ လျင်မြန်စွာ လည်ပတ်နေတော့သည်။

မြို့စားကြီးနန်းလုံက လက်နှစ်ဖက်ကို မြှောက်ကာ မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး အရောင်အသွေးစုံလင်သော မန္တာန်တံဆိပ် အမြောက်အမြားကို ကျောက်စိမ်းဆွဲသီးပေါ်သို့ ဆက်တိုက် ရိုက်ခတ်လိုက်၏။ ထိုကျောက်စိမ်းဆွဲသီးမှာ ၎င်းမန္တာန်တံဆိပ်အားလုံးကို သေသေချာချာ စုပ်ယူပစ်လိုက်ပြီးနောက် စူးရှတောက်ပသော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာတော့သည်။ ယင်းနောက် ၎င်းသည် ရေတံတိုင်းကြီး၏ အရှေ့တွင် ရပ်တန့်သွားပြီး လေထဲတွင် ကြိုးကြာငှက်တစ်ကောင်အလား စူးရှစွာ အော်မြည်သံ ပြုလေ၏။

မြို့စားကြီးနန်းလုံက လက်ညှိုးတစ်ချက် တောက်ထုတ်ကာ ကျောက်စိမ်းဆွဲသီးကို ညွှန်ပြလိုက်သည်။ ၎င်းဆွဲသီးမှာ တုန်ခါသွားပြီးနောက် ၎င်း၏ အရှေ့ဘက်သို့ အဖြူရောင် အလင်းမြူခိုးများကို အဆက်မပြတ် မှုတ်ထုတ်လိုက်တော့၏။

ထူးဆန်းလှသော မြင်ကွင်းတစ်ခု ဖြစ်ပွားလာတော့သည်။ ၎င်းအဖြူရောင်အလင်းမြူခိုးများသည် ရေတံတိုင်းကြီးကို ဖြတ်သန်းသွားချိန်တွင် ရေပြင်၏ ပုံရိပ်မှာ ကယောက်ကယက် ဖြစ်သွားပြီးနောက် ပန်းချီကားတစ်ချပ်ကို ရက်စက်စွာ ဆုတ်ဖြဲပစ်လိုက်သည့်အလား ထင်မှတ်ရပေသည်။ ထိုပုံရိပ်ယောင်အလင်းများ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေပျက်စီးသွားပြီးနောက်မှာတော့ ၎င်းနေရာတွင် ဆယ်မီတာလောက် မြင့်မားသော ကျောက်သားတံခါးမကြီးတစ်ခု ပေါ်ထွက်လာပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် သွေးနီရောင်အလင်းတန်းများက တလက်လက် တောက်ပနေချေသည်။

ထိုကျောက်သားတံခါးမကြီး၏ ထိပ်ပိုင်းတွင်မူ ကြီးမားလှသော ဦးချိုပါဝင်သည့် တစ္ဆေဦးခေါင်းခွံကြီးတစ်ခုကို အနုစိတ် ထုဆစ်ထားပြီး ၎င်းပုံရိပ်မှာ တံခါးမကြီး၏ မျက်နှာပြင်အများစုကို နေရာယူထားကာ အသက်ဝင်လှရုံမျှမက ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

“ဒါက သွေးကျိန်စာတံခါးမကြီး ပေါ့လေ...”

လူဝေယင်းက သူ၏မေးစေ့ကို ပွတ်သပ်ရင်း ၎င်းတံခါးမကြီးကို စူးစိုက်ကြည့်ကာ ဆိုလိုက်၏။ မည်သည့်အတွက်ကြောင့်မှန်းမသိရဘဲ ထိုတံခါးမကြီးကို မြင်လိုက်ရသည်နှင့် သူ၏ စိတ်နှလုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုလှိုင်းတစ်ခု ရုတ်ချည်း ဖြတ်သန်းသွားသကဲ့သို့ ခံစားနေရသည်။

All Chapters