အခန်း ၈၂၅
Vol. 60 Ch. 825
အပိုင်း ၈၂၅ - သာလွန်ဝိညာဉ်ဥယျာဉ်တော်
မြို့စားကြီးနန်းလုံသည် ကျောက်သားတံခါးမကြီးကို တွေးတောဆင်ခြင်သော မျက်နှာပေးဖြင့် စိုက်ကြည့်လိုက်ပြီးနောက် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်၏။ “မှန်ပါတယ်။ ဒါဟာ သွေးကျိန်စာတံခါးမကြီးပဲ”
လူဝေယင်းက ၎င်းကို ခဏမျှ စူးစိုက်ကြည့်ကာ စိုးရိမ်ပူပန်သော လေသံဖြင့် မေးလိုက်၏။ “တံခါးပေါ်မှာ ရှိနေတဲ့ သွေးချီလှိုင်းတွေက အလွန်တရာ ပြင်းထန်လှတဲ့ နတ်ဆိုးသဘာဝကို သယ်ဆောင်ထားတာပဲ။ ဒါကို ဖွင့်လှစ်ဖို့အတွက် ပြဿနာတစ်ခုခု ရှိလာနိုင်မလား”
မြို့စားကြီးနန်းလုံက လူဝေယင်းဘက်သို့ လှည့်ကြည့်လိုက်ပြီး ဆိုသည်။ “ဒီတံခါးမကြီးကို ရှေးဟောင်းကျင့်ကြံသူတွေက သူတို့ရဲ့ အသက်သွေးအနှစ်သာရကို သုံးပြီး ချိပ်ပိတ်ထားခဲ့တာလေ။ သဘာဝကျကျ ပြောရရင်တော့ သာမန်အတားအဆီးမန္တာန်တွေနဲ့ ကွာခြားမှာပေါ့။ ဘာလဲ... ညီအစ်ကိုလူက ဒီနေရာကနေ ပြန်လှည့်ချင်လို့လား”
လူဝေယင်းက ခေါင်းခါလျက် လေးနက်စွာ ဆိုလိုက်၏။ “ပြန်လှည့်ရမယ် ဟုတ်လား... ကျုပ်တို့ ဒီနေရာအထိ ရောက်ရှိလာခဲ့ပြီဖြစ်မှတော့ ဘာဖြစ်လို့ ခုလိုမျိုး မိုက်မဲတဲ့ အလုပ်ကို လုပ်ပါ့မလဲ။ ဒါပေမဲ့လည်း မထင်မှတ်တဲ့ ကိစ္စရပ်တွေ မဖြစ်ပေါ်စေဖို့အတွက် ကျုပ်တို့ ပိုပြီးတော့ သတိထားကြတာက အကောင်းဆုံးပဲ”
ခဏမျှ စဉ်းစားပြီးနောက် မြို့စားကြီးနန်းလုံ၏ မျက်နှာထက်တွင် စိုးရိမ်မှုများ ပြေလျော့သွားပြီး ဆိုလိုက်၏။
“ခင်ဗျားပြောတာ ကျိုးကြောင်းဆီလျော်လှပါတယ်။ ဒီတံခါးမကြီးက လူတစ်ယောက်ကို အမှန်တကယ်ပဲ စိတ်မသက်မသာ ဖြစ်စေတဲ့ ခံစားချက်မျိုး ပေးစွမ်းနေတာကိုး။ ဒီလိုလုပ်ကြရအောင်... အရင်ဆုံး ကျုပ်တို့ ဒီတံခါးမကြီးရဲ့ အပြင်ဘက်မှာ အရန်အတားအဆီး အချို့ကို အရင်ချခင်းထားကြရအောင်။ တကယ်လို့ ထူးဆန်းတဲ့ အပြောင်းအလဲတစ်ခုခု ဖြစ်ပွားလာခဲ့ရင်တောင် ကျုပ်တို့ ဘာအန္တရာယ်မှမရှိဘဲ လွယ်လင့်တကူ လွတ်မြောက်နိုင်တာပေါ့”
“ကောင်းပါပြီ... ဒါဆိုရင်လည်း အဲ့ဒီအတိုင်းပဲ လုပ်ကြတာပေါ့” လူဝေယင်းက ချက်ချင်းပင် ကျေနပ်အားရစွာဖြင့် သဘောတူလိုက်၏။
ထို့ကြောင့် မြို့စားကြီးနန်းလုံနှင့် လူဝေယင်းတို့သည် မန္တာန်အစီအရင် ချခင်းရာတွင် သုံးသည့် ကိရိယာတန်ဆာပလာ အချို့ကို ထုတ်ယူလိုက်ကြပြီး ရေကန်၏ အောက်ခြေမြေပြင်ပေါ်၌ တိတ်တဆိတ် စတင်ပြင်ဆင်ကြတော့သည်။
မြို့စားကြီးနန်းလုံနှင့် လူဝေယင်းတို့သည် သွေးကျိန်စာတံခါးမကြီးအတွက် လိုအပ်သော ပြင်ဆင်မှုများကို ပြုလုပ်နေကြစဉ်မှာပင် ချောက်ကမ်းပါး၏ အခြားသော နေရာတစ်ခု၌ ကျင့်ကြံသူအုပ်စုတစ်စုသည် ကြီးမားလှသော အနက်ရောင် ကျောက်တောင်ကြီးတစ်ခုပေါ်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းတက်နေကြချေသည်။ သူတို့ကို တည်ကြည်ခက်ထန်သော မျက်နှာထားရှိသည့် သက်လတ်ပိုင်း ကျင့်ကြံသူတစ်ဦးက ဦးဆောင်နေပြီး သူ၏ ဘေးနားတွင် မိုးပြာရောင် ဝတ်ရုံဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ရပ်နေ၏။ ထိုသူနှစ်ဦးမှာ ဝမ်ထျန်ရှင်းနှင့် ဝေဝူယာတို့ပင် ဖြစ်ကြသည်။ ဝမ်ထျန်းကူကမူ ၎င်းတို့၏နောက် ဆယ်ပေခန့်အကွာကနေ ကပ်လျက် လိုက်ပါလာချေ၏။ ထိုသူသုံးဦးအပြင် သူတို့၏ အနောက်တွင် တစ္ဆေဝိညာဉ်ဂိုဏ်းမှ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ လေးဦးကလည်း အနီးကပ် လိုက်ပါလာကြသည်။
ဝမ်ထျန်းကူက သူ၏အထက် မနီးမဝေးရှိ နီရဲသော မြူခိုးထုကြီးကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် တကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။
“ဒီကျိန်စာသင့်မြေရိုင်းက တကယ့်ကို ရက်စက်လွန်းလှပါတယ်။ ဝေးလံခေါင်သီလှတဲ့ နေရာတွေမှာတောင်မှ လီတစ်ရာတိုင်းမှာ အတားအဆီးတစ်ခုစီ ချထားတာကိုး။ လူတစ်ယောက်အနေနဲ့ တစ်ခါပျံသန်းရင် ပေသုံးဆယ်ထက် ပိုပြီးတော့တောင် ပျံသန်းလို့ မရနိုင်ဘူး”
ဝမ်ထျန်ရှင်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။ “ဒီနေရာက ကျုပ်တို့ကို ဖိအားပေးလေလေ... ကျုပ်တို့ လာခဲ့တဲ့ နေရာက မှန်ကန်နေမှန်း ပိုပြီးတော့ သေချာလေလေပါပဲ။ တကယ်လို့ ကျုပ်တို့သာ ဒီနေရာကို ချိပ်ပိတ်ထားခဲ့တဲ့ ရှေးဟောင်းကျင့်ကြံသူတွေဖြစ်ခဲ့မယ်ဆိုရင်လည်း အခြားကျင့်ကြံသူတွေ ဒီနေရာကို လာရောက်စူးစမ်းတာမျိုး မပြုလုပ်နိုင်အောင် ခုလိုမျိုး အတားအဆီးမန္တာန်တွေကိုပဲ ချထားခဲ့မှာ သဘာဝပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီနေရာကို ခြေကျင်ဖြတ်သန်းဖို့ဆိုရင် အနည်းဆုံးတော့ တစ်ရက်လောက် အချိန်ယူရမှာ အမှန်ပါပဲ”
ဝမ်ထျန်းကူက အကူအညီမဲ့သော အမူအရာဖြင့် ခပ်ရေးရေး ပြုံးလိုက်ပြီး ဆိုလာ၏။ “ကျုပ်တို့ ဒီမျှအထိ ဒုက္ခခံပြီး အားစိုက်ထုတ်ခဲ့ရတာဖြစ်လို့ နေရာမှားယွင်းရှာဖွေမိတာမျိုး မဟုတ်ပါစေနဲ့လို့ပဲ မျှော်လင့်ရတော့မှာပဲ။ ဒီနေရာကို လာရာလမ်းမှာတင် ကျုပ်တို့ ဂိုဏ်းသား သုံးယောက် ဆုံးရှုံးခဲ့ရပြီးပြီလေ”
ထိုအခိုက်တွင် ဝေဝူယာက တောင်ထိပ်ရှိရာဘက်သို့ စူးစိုက်ကြည့်လိုက်ပြီး အမူအရာကင်းမဲ့စွာဖြင့် ဆိုလိုက်၏။ “ကျုပ်တို့ ချောက်ကမ်းပါးရဲ့ အနက်ရှိုင်းဆုံးနေရာထဲကို ဝင်ရောက်လာခဲ့ပြီးကတည်းက သုံးရက်တိုင်တိုင် လမ်းလျှောက်ခဲ့ရပြီးပြီ။ ကျုပ်တို့ ရောက်ချင်တဲ့ နေရာကို ရောက်ဖို့အတွက် နောက်ထပ် ရက်အနည်းငယ်လောက်အထိ ဆက်ပြီး လမ်းလျှောက်နေရဦးမယ်လို့တော့ ကျုပ်ကို လာမပြောနဲ့နော်”
ဝမ်ထျန်ရှင်းသည် ဝေဝူယာအပေါ် မလေးမစား မပြုဝံ့သဖြင့် ဖြည်းဖြည်းချင်း ပြန်ရှင်းပြလိုက်၏။ “တာအိုရောင်းရင်းဝေ... စိတ်အေးအေးထားပါ။ ကျုပ်တို့ ဒီကျောက်တောင်ကြီးကို ကျော်ဖြတ်နိုင်တာနဲ့ ရောက်ရှိတော့မှာပါ။ ခုကိစ္စသာ အောင်မြင်သွားခဲ့မယ်ဆိုရင် ကျုပ်တို့ တစ္ဆေဝိညာဉ်ဂိုဏ်းဟာ ကောင်းကင်တောင်ပိုင်းလောကရဲ့ အင်အားအကြီးဆုံး မိစ္ဆာတာအိုဂိုဏ်း ကြီး ဖြစ်လာမှာ သေချာသလို... တာအိုရောင်းရင်းဝေ အနေနဲ့လည်း နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုတာ အချိန်တစ်ခု စောင့်ဆိုင်းရုံသက်သက်ပါပဲ”
ဝေဝူယာသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သရော်သလို နှာမှုတ်လိုက်ပြီး ပြော၏။ “အမှန်အတိုင်း ပြောရရင် ကျုပ်ကတော့ ဒီသာလွန်ဝိညာဉ်ဥယျာဉ်တော်နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေကို လုံးဝ မယုံကြည်ပါဘူး။ ဒါဟာ အတိတ်တုန်းက ရှေးဟောင်းကျင့်ကြံသူတွေ ပျံ့နှံ့စေခဲ့တဲ့ ကောလဟလ သတင်းစကားတွေသာ ဖြစ်ဖို့များပါတယ်။ တကယ်လို့ ကျုပ်တို့လောကနဲ့ စိတ်ဝိညာဉ်လောကကို ချိတ်ဆက်ပေးထားနိုင်တဲ့ ခုလိုမျိုး နေရာတစ်ခု အမှန်တကယ် တည်ရှိနေခဲ့မယ်ဆိုရင် ၎င်းကို အခြားသူတွေ ရှာဖွေတွေ့ရှိသွားခဲ့ကြတာ ကြာလှပြီပေါ့။ ဘယ်လိုနည်းနဲ့ ခုချိန်အထိ လျှို့ဝှက်ချက်အဖြစ် တည်ရှိနေနိုင်ပါ့မလဲ”
ဝမ်ထျန်ရှင်းသည် သူ၏ စကားကြောင့် အံ့ဩသွားခြင်းမရှိဘဲ စပ်စုချင်သော လေသံဖြင့် ပြန်မေးလိုက်၏။ “ညီအစ်ကိုဝေက ဒီကိစ္စကို မယုံကြည်ဘူးဆိုမှတော့... ကျုပ်တို့ရဲ့ ဖိတ်ခေါ်မှုကို ဘာဖြစ်လို့ ချက်ချက်ချင်း လက်ခံပြီး လိုက်ပါလာခဲ့ရတာလဲ”
နောက်ထပ် စဉ်းစားမနေတော့ဘဲ ဝေဝူယာက ပြတ်သားစွာပင် ဆိုလိုက်တော့သည်။ “တာအိုရောင်းရင်းဝမ်က ဒီကိစ္စအတွက် သူ့ ဂိုဏ်းအတွင်းက ထိပ်တန်းကျင့်ကြံသူ အင်အားစုအားလုံးနီးပါးကို ထုတ်သုံးခဲ့တာပဲလေ။ ဒါကို ကြည့်ရုံနဲ့တင် ခင်ဗျားတို့ရဲ့ ဒီ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ခရီးစဉ်အပေါ်မှာ လုံးဝ ယုံကြည်မှု ရှိနေမှန်း ကျုပ် သဘောပေါက်တာပေါ့။ တကယ်လို့ ကျုပ်တို့ ဒီ သာလွန်ဝိညာဉ်ဥယျာဉ်တော် ကို ရှာမတွေ့ခဲ့ရင်တောင် ရှေးဟောင်းကျင့်ကြံသူတွေရဲ့ လျှို့ဝှက်နယ်မြေတစ်ခုခုကိုတော့ ကျိန်းသေပေါက် ရှာတွေ့နိုင်မှာပဲ။ ဒါကို သိထားလို့သာ ကျုပ်က ခင်ဗျားတို့ ကျုပ်ရဲ့ ဂုဏ်သတင်းကို အသုံးချပြီး ချောက်ကမ်းပါးထဲက အခြားကျင့်ကြံသူတွေကို ဖိနှိပ်ချုပ်ချယ်ခွင့် ပြုခဲ့တာပေါ့။ ဒါကြောင့် ခင်ဗျားတို့ ကျုပ်ကို ပြန်ပေးမယ့် ရတနာဝေစုကတော့ သေချာပေါက် များပြားရလိမ့်မယ်”
တစ္ဆေဝိညာဉ်ဂိုဏ်းချုပ်က အားပါးတရ ရယ်မောလိုက်ပြီး ဆို၏။ “ညီအစ်ကိုဝေက တကယ့်ကို အကင်းပါးတာပဲ။ ဒါပေမဲ့လည်း ခင်ဗျား တစ်ချက်တော့ အထင်လွဲနေပါပြီ။ ကျုပ် တို့ဂိုဏ်းက ခုလောက်ထိ အင်အားအမြောက်အမြား ထုတ်သုံးခဲ့ရတာဟာ ဒီ သာလွန်ဝိညာဉ်ဥယျာဉ်တော် ဆီကို အမှန်တကယ် သွားရောက်နိုင်ဖို့အတွက်ပါ။ ဒီ သာလွန်ဝိညာဉ်ဥယျာဉ်တော် ဆိုတာ ကောလဟလ သတင်းစကားသက်သက် မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ရှေးဟောင်းကျင့်ကြံသူတွေက ဒီ သာလွန်ဝိညာဉ်ဥယျာဉ်တော် ကို ကာကွယ်စောင့်ရှောက်ဖို့အတွက်သာ ရည်ရွယ်ပြီး ဒီ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ကြီးကို ဖန်တီးတည်ဆောက်ခဲ့ကြတာ။ ကျုပ်တို့ ဒီကျောက်တောင်ကြီးကို ကျော်ဖြတ်နိုင်တာနဲ့ နောက်ထပ် ခြောက်နာရီလောက်အကြာမှာ ခင်ဗျားကိုယ်တိုင် ၎င်းကို မျက်မြင်တွေ့ရပါလိမ့်မယ်။ ၎င်းတည်ရှိနေတဲ့ လျှို့ဝှက်ကမ္ဘာငယ်လေးရဲ့ လမ်းစကို ဖွင့်လှစ်တဲ့အခါကျရင်တော့ တာအိုရောင်းရင်းဝေရဲ့ အစွမ်းထက်လှတဲ့ ခွန်အားတွေ အများကြီး လိုအပ်ပါလိမ့်မယ်”
ဝေဝူယာသည် ဒီစကားကို ကြားလိုက်ရသည့်အခါ သူ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုနှင့် အံ့ဩမှုများ တပြိုင်နက်တည်း ဖြစ်ပေါ်သွားရချေသည်။ “ခင်ဗျားက ခုလောက်ထိ သေချာပြတ်သားစွာ ပြောနေမှတော့... ဒီ သာလွန်ဝိညာဉ်ဥယျာဉ်တော် အမှန်တကယ် တည်ရှိနေကြောင်း ခိုင်မာတဲ့ သက်သေအထောက်အထားတစ်ခုခု ရရှိထားလို့ ဖြစ်ရမယ်”
“မှန်ပါတယ်။ ကျုပ်တို့ဂိုဏ်းအနေနဲ့ ဒီ သာလွန်ဝိညာဉ်ဥယျာဉ်တော် တည်ရှိနေကြောင်း လုံးဝ ယုံကြည်မှု ရှိပါတယ်။ သက်သေအထောက်အထားနဲ့ ပတ်သက်လို့ကတော့... တာအိုရောင်းရင်းဝေ ဒီနေရာကို ရောက်တာနဲ့ သေသေချာချာ သိရပါလိမ့်မယ်” အနက်ရောင် ဝတ်ရုံဝတ်ဆင်ထားသော သက်လတ်ပိုင်းကျင့်ကြံသူက ၎င်းစကားကို ပြောဆိုပြီးနောက် ဆန်းကြယ်သော အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်၏။ သူသည် စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်သော်လည်း သူ၏ ယုံကြည်မှုအပြည့်ရှိနေသော အမူအရာက ဝေဝူယာကို အနည်းငယ် စိုးရိမ်ပူပန်မှု ဖြစ်သွားစေသည်။
ဝေဝူယာက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏မျက်နှာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော်လည်း စိတ်ထဲကနေမူ အေးစက်စွာ ပြုံးလိုက်မိ၏။ တစ္ဆေဝိညာဉ်ဂိုဏ်းချုပ်က မည်မျှပင် လွန်ကဲစွာ ပြောဆိုနေပါစေ... သူကိုယ်တိုင် ဒီသာလွန်ဝိညာဉ်ဥယျာဉ်တော် ကို မျက်မြင်မတွေ့ရသေးသရွေ့တော့ လုံးဝ သံသယရှိနေဦးမှာ အမှန်ပင်။ သဘာဝကျကျပင် သူသည် ထိုစကားများကို တဖက်လူအား ပြတ်သားစွာ ထုတ်ပြောမည်မဟုတ်ချေ။ သူက ခပ်ရေးရေး ပြုံးလိုက်ပြီးနောက် စကားလမ်းကြောင်း လွှဲသည့်အနေဖြင့် ဆိုလိုက်၏။ “ခင်ဗျားတို့ဂိုဏ်းက အကြီးအကဲကျုံး ချောက်ကမ်းပါးထဲကို ဝင်ရောက်လာပြီးကတည်းက သူလုပ်ဆောင်ရမယ့် ကိုယ်ပိုင်အရေးကိစ္စတွေ ရှိနေခဲ့တာလေ။ အခု အချိန်တွေ အများကြီး ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ သူ့ရဲ့ တည်နေရာအကြောင်းကို ကျုပ်ကို ပြောပြပေးနိုင်မလား။ သူက အခြားကျင့်ကြံသူတွေနဲ့ မတူဘူးလေ... ခင်ဗျားတို့ဂိုဏ်းအနေနဲ့ စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့်ရှိတဲ့ အကြီးအကဲတစ်ယောက်ကို ဒီနတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲကို အပျော်ခရီးထွက်ဖို့အတွက် သက်သက် စေလွှတ်လိုက်တာမျိုးတော့ မဟုတ်လောက်ဘူး မလား”
ဝမ်ထျန်ရှင်းက ထိုမေးခွန်းကို စိတ်ထဲရှိမနေဘဲ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။ “တာအိုရောင်းရင်းဝေကတော့ နောက်ပြီ။ ကျုပ် ခင်ဗျားကို ဖုံးကွယ်ထားစရာ မရှိပါဘူး။ အကြီးအကဲကျုံးကို ကျုပ် တို့က ချောက်ကမ်းပါးရဲ့ အခြားလျှို့ဝှက်နယ်မြေတစ်ခုကနေ ရတနာတွေကို သွားရောက်စုဆောင်းဖို့အတွက် စေလွှတ်လိုက်တာပါ။ သဘာဝကျကျ ပြောရရင်တော့ အဲ့ရတနာတွေက အဖိုးတန်လှတယ်ဆိုပေမဲ့ ဒီ သာလွန်ဝိညာဉ်ဥယျာဉ်တော် နဲ့ ယှဉ်ရင်တော့ တန်ဖိုးချင်း များစွာ လျော့နည်းလှပါတယ်”
ဝေဝူယာသည် ဤသည်ကို ကြားသိရသောအခါ ခပ်အေးအေးပင် ရယ်မောလိုက်ပြီး သည်ကိစ္စကို ဆက်လက်၍ မေးမြန်းခြင်း မပြုတော့ပေ။ ရလဒ်အနေဖြင့် ထိုကျင့်ကြံသူအုပ်စုသည် တိတ်ဆိတ်စွာဖြင့်သာ သူတို့၏ လမ်းခရီးကို ဆက်လက်လျှောက်လှမ်းနေကြတော့သည်။
...
ကျောက်တုံးကျောက်စိုင်များစွာ ပြန့်ကျဲကာ ဖရိုဖရဲဖြစ်နေသော မြေရိုင်းနယ်မြေတစ်ခု၌ တစ္ဆေဝိညာဉ်ဂိုဏ်းမှ တပည့် ခုနစ်ဦးသည် နေရာအနှံ့သို့ ပြန့်ကျဲလျက် တစ်စုံတစ်ရာကို မနားတမ်း ရှာဖွေနေကြချေသည်။ တစ္ဆေဝိညာဉ်ဂိုဏ်းမှ အကြီးအကဲကျုံးကမူ ၎င်းနယ်မြေ၏ အလယ်ဗဟိုတည့်တည့်တွင် မလှုပ်မယှက်ဘဲ လေထဲ၌ ငြိမ်သက်စွာ ပျံဝဲနေ၏။
သူ၏ အစွမ်းထက်လှသော စိတ်ဝိညာဉ်အာရုံက ပတ်ဝန်းကျင် လီတစ်ဆယ်ကျော် အကွာအဝေးရှိ မြေရိုင်းနယ်မြေတစ်ခုလုံးကို လွယ်လင့်တကူ လွှမ်းခြုံထားနိုင်စွမ်း ရှိသော်လည်း သူ ရှာဖွေနေသော အရာမှာ အလွန်တရာ အနုစိတ်လှသော အမှတ်အသားတစ်ခု ဖြစ်သဖြင့် စိတ်ရှည်လက်ရှည်ဖြင့် သေသေချာချာ အာရုံစိုက်ရှာဖွေမှသာ ရရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် သူသည်လည်း သူ၏ စိတ်မရှည်မှုကို အကောင်းဆုံး ဖိနှိပ်ထားပြီး သူ၏ လက်အောက်ခံ တပည့်များကို ကျောက်တုံးများကြား၌ ဖြည်းဖြည်းချင်း အသေးစိတ် ရှာဖွေရန် စေလွှတ်ထားခြင်း ဖြစ်ပေသည်။
...
ချောက်ကမ်းပါး၏ အခြားသော နေရာတစ်ခု၌မူ သက်တံရောင်အလင်းတန်းများ ဖုံးလွှမ်းထားသော လျှိုမြောင်ကြီးတစ်ခုအတွင်းမှ ရုတ်တရက် မိုးကြိုးမုန်တိုင်းသံများ အဆက်မပြတ် ပဲ့တင်ထပ်လာချေသည်။ သည့်နောက်တွင်မူ ထိုမိုးကြိုးလျှပ်စီးမုန်တိုင်းများ ငြိမ်သက်သွားခြင်းနှင့်အတူ သက်တံရောင်အလင်းတန်းများအတွင်းမှ ကျင့်ကြံသူအုပ်စုတစ်စု လျှောက်ထွက်လာကြတော့၏။
သူတို့ကို မိုးပြာရောင် ဝတ်ရုံဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးနှင့် ကျင့်ကြံသူအိုကြီးတစ်ဦးတို့က ဦးဆောင်လာခြင်း ဖြစ်သည်။ ထိုသူနှစ်ဦးလုံးမှာ မည်သည့် ပြင်းထန်သော ထိခိုက်ဒဏ်ရာမှ ရရှိထားခြင်းမရှိသယောင် ထင်ရသော်လည်း တစ်ယောက်ချင်းစီ၏ အဝတ်အစားများမှာ ပြဲစုတ်၍ ဖရိုဖရဲဖြစ်နေကာ မျက်နှာများမှာလည်း သေလောက်အောင် ဖြူရော်အုပ်ဆိုင်းနေကြ၏။ ထိုသူနှစ်ဦးမှာ တာအိုရသေ့ကောင်းကင်သလင်း နှင့် ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်း၏ မဟာအကြီးအကဲဖြစ်သူ တုန်းမန်ထူတို့ပင်။
သူတို့၏ အနောက်မှ ကပ်လျက် လိုက်ပါလာသော မိုးပြာရောင် ဝတ်ရုံဝတ်ဆင်ထားသည့် အခြားကျင့်ကြံသူ ငါးဦးမှာလည်း အလားတူပင် ဝတ်စုံများ ပြဲစုတ်နေကာ မျက်နှာများ ဖြူလျော့နေကြသဖြင့် သူတို့သည် လမ်းခရီးတွင် ကြီးစွာသော ဒုက္ခသုက္ခများ အပြင်းအထန် ခံစားခဲ့ရမှာ သေချာလှပေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ရက်စက်ကြမ်းကြုတ်လှသော ရုပ်သေးနှစ်ကောင်ကမူ နည်းနည်းလေးမျှ ထိခိုက်ပျက်စီးသွားခြင်းမရှိဘဲ နဂိုအတိုင်း တည်ငြိမ်စွာ ရှိနေကြဆဲ ဖြစ်သည်။
မီတာရာချီခန့် ပျံသန်းလာခဲ့ပြီးနောက်မှာ တုန်းမန်ထူသည် နောက်သို့ ခေါင်းလှည့်ကာ သူတို့ ကျော်ဖြတ်လာခဲ့သော လျှိုမြောင်ကြီးကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ရက်စက်ကြမ်းကြုတ်သော ရုပ်သေးနှစ်ကောင်ထံသို့ အကြည့်ရောက်သွားသည်။ “ကျုပ်တို့ နောက်ဆုံးတော့ ဒီအတားအဆီးကို ဖျက်ဆီးပြီး ချောက်ကမ်းပါးရဲ့ အနက်ရှိုင်းဆုံးနေရာထဲကို ဝင်ရောက်နိုင်ခဲ့ပြီ။ တာအိုရသေ့ကောင်းကင်သလင်းရဲ့ ရုပ်သေးနှစ်ကောင်ရဲ့ အစွမ်းဟာ စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့်ရဲ့ အထွက်အထိပ် ကျင့်ကြံသူတစ်ဦးနဲ့ ရင်ပေါင်တန်းနိုင်လိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ တကယ့်ကို အားကျမိပါတယ်”
ဤသည်ကို ကြားရသောအခါ တာအိုရသေ့ကောင်းကင်သလင်းက ဆိုလိုက်၏။ “ရုပ်သေးဆိုတာ ရုပ်သေးသက်သက်ပါပဲ။ ဒီရုပ်သေးတွေ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး... ခင်ဗျားရဲ့ လက်အောက်ခံ ကျင့်ကြံသူတွေရဲ့ အစွမ်းကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်ပါ့မလဲ။ သူတို့ရဲ့ ဓာတ်သဘာဝအတတ်ပညာတွေရဲ့ အကူအညီနဲ့ဆိုရင်တော့... စဦးစိတ်ဝိညာဉ် နောက်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိမှာ သေချာပါတယ်”
တာအိုရသေ့ကောင်းကင်သလင်းသည် တုန်းမန်ထူအပေါ်တွင် အလွန်အမင်း သတိထားနေခြင်း ဖြစ်မှန်း ထင်ရှားလှပေသည်။ သူတို့ လျှိုမြောင်အတွင်းမှ လျှောက်ထွက်လာသည်နှင့် တစ်ပြိုင်နက် သူသည် တုန်းမန်ထူနှင့် အကွာအဝေးတစ်ခု ချက်ချင်း ခွာလိုက်ပြီး သူ၏ ရုပ်သေးနှစ်ကောင်ကိုလည်း သူ့နောက်၌ ကာကွယ်ထားစေလျက် ၎င်းရုပ်သေးများထံမှ အရောင်စုံအလင်းတန်းများ လင်းလက်နေစေသည်။
တုန်းမန်ထူသည် ဤသည်ကို မြင်ရသောအခါ သူ၏မျက်နှာထားမှာ နက်မှောင်သွားပြီးနောက် သက်ပြင်းချကာ ခါးသီးစွာ ပြုံးလျက် ဆိုလိုက်၏။ “တာအိုရသေ့ကောင်းကင်သလင်းက ကျုပ်အပေါ်မှာ အခုထိ အလွန်အမင်း သတိထားနေတုန်းပဲလား။ ကျုပ်တို့ လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး ဒီမန္တာန်အစီအရင်ကို ဖျက်ဆီးဖို့အတွက် အတူတူ ပူးပေါင်းအားထုတ်ခဲ့ကြတာလေ။ တာအိုရောင်းရင်းအနေနဲ့ ကျုပ်အပေါ်မှာ ရန်ငြိုးဖွဲ့နေစရာ မလိုပါဘူး။ ကျုပ်တို့ နောက်တစ်ကြိမ် လက်တွဲပြီးတော့ ရတနာတွေကို အတူတူ လိုက်လံရှာဖွေကြတာက ပိုပြီးတော့ အဆင်မပြေဘူးလား။ ဒါက တစ်ယောက်တည်း သွားရောက်ရှာဖွေတာထက် အများကြီး ပိုပြီးတော့ ဘေးကင်းတာပေါ့”
“ညီအစ်ကိုတုန်းမန်... ကျုပ် ခင်ဗျားအပေါ်မှာ ရန်ငြိုးဖွဲ့နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်က တကိုယ်တည်း သွားလာလှုပ်ရှားရတာကိုပဲ ပိုပြီးတော့ သဘောကျလို့ပါ။ ကျေးဇူးပြုပြီး လက်တွဲဖို့ကိစ္စကို ထပ်ပြီးတော့ မပြောပါနဲ့တော့။ ကျုပ်တို့ ချောက်ကမ်းပါးရဲ့ အနက်ရှိုင်းဆုံးနေရာထဲကို ရောက်ရှိလာခဲ့ပြီဖြစ်လို့ ဒီနေရာကနေပဲ လမ်းခွဲကြရအောင်” တာအိုရသေ့ကောင်းကင်သလင်းက ခပ်အေးအေးပင် ပြုံးလိုက်ပြီး တုန်းမန်ထူကို လက်သီးဆုပ် ဂါရဝပြုလိုက်၏။ သို့သော်လည်း သူသည် ချက်ခြင်း ထွက်ခွာသွားခြင်းမရှိဘဲ တုန်းမန်ထူကို သတိကြီးစွာဖြင့် ဆက်လက်စိုက်ကြည့်နေဆဲ ဖြစ်သည်။
တုန်းမန်ထူသည် ဤသည်ကို မြင်သောအခါ ခဏမျှ မျက်မှောင်ကြုတ်လိုက်ပြီးမှ ပြုံး၍ ဆိုလိုက်၏။ “တာအိုရသေ့ကောင်းကင်သလင်းက ခုလောက်ထိ အင်တင်တင် ဖြစ်နေမှတော့... ကျုပ်လည်း အတင်းအကြပ် မတိုက်တွန်းတော့ပါဘူး။ ကျုပ်တို့ ဒီနေရာကနေပဲ လမ်းခွဲကြတာပေါ့။ ခင်ဗျား များပြားလှတဲ့ ရတနာတွေ ရှာဖွေတွေ့ရှိနိုင်ပါစေလို့ မျှော်လင့်ပါတယ်”
“ဟားဟား.. ခင်ဗျားလည်း ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်” တာအိုရသေ့ကောင်းကင်သလင်း၏ မျက်နှာထက်တွင် စိုးရိမ်မှုများ ပြေလျော့သွားပြီး သူ၏ ရုပ်သေးနှစ်ကောင်ကို ခေါ်ဆောင်ကာ ချက်ချင်းပင် ထွက်ခွာသွားတော့သည်။ တုန်းမန်ထူကမူ ၎င်း၏ ပုံရိပ် အဝေးသို့ ပျောက်ကွယ်သွားသည်အထိ အေးစက်စက်အကြည့်ဖြင့် စောင့်ကြည့်နေပြီးမှ သူ၏ မျက်နှာထားမှာ နက်မှောင်သွားတော့၏။
တုန်းမန်ထူက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်မိသည်။ “အဲ့တစ္ဆေအိုကြီးက တကယ့်ကို သတိကြီးလွန်းလှတာပဲ။ နှစ်ရက်တိုင်တိုင် ရှိခဲ့ပြီဖြစ်တာတောင် သူ့ရဲ့ သတိအနေအထားကို နည်းနည်းလေးမျှ လွှတ်မပေးခဲ့ဘူး။ ၎င်းရဲ့ ရုပ်သေးနှစ်ကောင်ရဲ့ အစွမ်းနဲ့ဆိုရင်တော့... ကျုပ်တို့ ချောက်ကမ်းပါးရဲ့ အနက်ရှိုင်းဆုံးနေရာကို ရှာဖွေရတာ အများကြီး ပိုပြီးတော့ ဘေးကင်းမှာလေ” သည့်နောက် သူက ပတ်ဝန်းကျင်ကို ဝေ့ပတ်ကြည့်ရှုလိုက်ပြီးနောက် သူ၏ ဝိညာဉ်သားရဲအိတ်ကို ချက်ချင်း ထိပုတ်လိုက်ချေ၏။ လေပြင်းတစ်ချက် တိုက်ခတ်သွားခြင်းနှင့်အတူ ပြောင်လက်နေသော ငွေရောင် လင်းနို့ကြီးတစ်ကောင်သည် သူ၏အရှေ့တွင် ချက်ချင်း ပေါ်ထွက်လာတော့သည်။
တုန်းမန်ထူက သူ၏လက်ကို မြှောက်လိုက်ပြီး မည်းနက်နေသော ဆေးလုံးတစ်လုံးကို ထိုငွေရောင်လင်းနို့ကြီး၏ ပါးစပ်အတွင်းသို့ ပစ်ထည့်ပေးလိုက်၏။ ၎င်းလင်းနို့ကြီးမှာ လေထဲတွင် တစ်ပတ် ပျံသန်းသွားပြီးနောက် ကောင်းကင်ယံသို့ မြားတစ်စင်းနှယ် တဟုန်ထိုး ပျံသန်းထွက်ခွာသွားတော့သည်။
တုန်းမန်ထူက ဤသည်ကို မြင်သောအခါ သူ့နောက်မှ ကျင့်ကြံသူ ငါးဦးကို ချက်ချင်း အော်ခေါ်လိုက်ပြီး ရှေ့ကနေ ဦးဆောင်ကာ ထွက်ခွာသွားသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုကျင့်ကြံသူအုပ်စုသည် မြင်ကွင်းမှ သဲလွန်စမရှိ ပျောက်ကွယ်သွားကြသည်။