အခန်း ၈၂၇
Vol. 60 Ch. 827
အပိုင်း ၈၂၇ - အရဟတ္တကာကွယ်ရေးအစီအရင်ငယ်
မြို့စားကြီးနန်းလုံသည် တည်ငြိမ်သောလေသံဖြင့် စကားဆိုလိုက်သော်လည်း သူ၏မျက်လုံးများကမူ ထိုဆေးဖက်ဝင်အပင်များထံသို့ ပြင်းပြသောလောဘဇောများဖြင့် စူးစိုက်ကြည့်ရှုနေရင်း ၎င်းတို့ကို ဆွဲယူပစ်ချင်စိတ်များ နှလုံးသားတစ်ခုလုံး၌ အပြည့်အဝ ဖြစ်ပေါ်နေချေသည်။ ၎င်းပစ္စည်းများမှာ သူတို့နှစ်ဦးလုံးအတွက် အလွန်တရာ အရေးတကြီး လိုအပ်နေသောအရာများ မဟုတ်ပါလား။ အခုအခါ၌ ၎င်းရတနာများမှာ သူတို့၏ လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီဖြစ်ရာ မြို့စားကြီးနန်းလုံနှင့် လူဝေယင်းတို့သည် သူတို့၏ စိတ်လှုပ်ရှားမှုနှင့် လောဘစိတ်များကို ဘယ်လိုမှ ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။
မြို့စားကြီးနန်းလုံသည် အခန်းအတွင်းသို့ လှမ်းဝင်လာခဲ့စဥ်ကတည်းက ထိုဆေးဖက်ဝင်အပင်များကို ချက်ခြင်း မြင်တွေ့လိုက်ရသဖြင့် ၎င်းတို့ကို ယူဆောင်ရန် လက်ဆန့်ထုတ်လိုက်သော်လည်း သည်နေရာ၌ ထူးဆန်းလှသော မန္တာန်အစီအရင်တစ်ခု ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။ ရလဒ်အနေဖြင့် သူသည် ပြင်းထန်လှသော အားတစ်ခု၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသဖြင့် လူဝေယင်း သူ့ထံသို့ အမီလိုက်လာသည်အထိ စောင့်ဆိုင်းနေရခြင်းပင်။
သူသည် လူဝေယင်းထံမှ 'အရဟတ္တကာကွယ်ရေးအစီအရင်' ဟူသော အမည်နာမကို ကြားသိလိုက်ရသည့်အခါ သူ၏ စိတ်ဝိညာဥ်တစ်ခုလုံးမှာ ပျော်ရွှင်မှုကြောင့် ပြင်းထန်စွာ လှုပ်ခါသွားရတော့သည်။ သူသည် ထိုအတားအဆီးမန္တာန်နှင့် စတင်ထိတွေ့မိစဥ်ကတည်းကပင် ၎င်းသည် သူအတိတ်တုန်းက လေ့လာဆန်းစစ်ခဲ့ဖူးသော မည်သည့်အစီအရင်မျိုးနှင့်မှမတူဘဲ များစွာ ကွဲပြားခြားနားနေမှန်း ရိပ်မိခဲ့သဖြင့် စိုးရိမ်ထိတ်လန့်ခဲ့ရတာ ဖြစ်သည်။ အခု လူဝေယင်းက ၎င်းအစီအရင်အကြောင်းကို သိရှိနေသည်ကို မြင်ရမှသာ သူ စိတ်အေးသွားရတော့၏။
မြို့စားကြီးနန်းလုံက သူ၏စိတ်လှုပ်ရှားမှုများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီးနောက် မေးလိုက်သည်။ “ညီအစ်ကိုလူ... ခင်ဗျားက ဒီအတားအဆီးမန္တာန်အကြောင်းကို သိနေတာလား”
“အတိတ်တုန်းက ကျုပ် ဗုဒ္ဓဂိုဏ်းအချို့ဆီကနေ ကျင့်ကြံခြင်းမှတ်တမ်း အနည်းငယ် ရရှိခဲ့ဖူးတာလေ။ ကျုပ်အနေနဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းပညာရပ်တွေကို မကျင့်ကြံနိုင်ခဲ့ဘူးဆိုပေမဲ့ သူတို့ရဲ့ မန္တာန်အစီအရင်အချို့ကိုတော့ သေသေချာချာ လေ့လာဆန်းစစ်ခဲ့ဖူးတယ်။ ၎င်းတို့ထဲမှာ 'အရဟတ္တကာကွယ်ရေးအစီအရင်ငယ်' ဆိုတာ အစွမ်းထက်ဆုံး အစီအရင်တွေထဲက တစ်ခုပဲ။ ညီအစ်ကိုနန်းလုံ... တကယ်လို့ ဒါက ကျုပ်ထင်သလို အဲ့ဒီအစီအရင်အမှန်ဖြစ်နေခဲ့မယ်ဆိုရင်တော့ ကျုပ်တို့အတွက် တကယ့်ကို အလုပ်ရှုပ်ရပါလိမ့်မယ်”
လူဝေယင်းက စားပွဲပေါ်သို့ လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်ကာ ဆိုလိုက်၏။
မြို့စားကြီးနန်းလုံက မယုံကြည်နိုင်သော လေသံဖြင့် ဆိုလိုက်သည်။ “ခင်ဗျား ဘာကို ဆိုလိုတာလဲ။ ဒီမန္တာန်အစီအရင်ကို ဖျက်ဆီးပစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာလား”
လူဝေယင်းက လေးနက်သော အမူအရာဖြင့် ရှင်းပြလာ၏။ “အရဟတ္တကာကွယ်ရေးအစီအရင်ငယ် ဆိုတာ အရာရာကို သီးခြားခွဲထုတ်ပစ်နိုင်စွမ်းရှိတဲ့ အထွတ်အမြတ် အစီအရင်တစ်ခုပဲ။ ဒါက ဒီလောကဓာတ်ထဲမှာ အကြမ်းနည်းတစ်ခုတည်းနဲ့ပဲ ဖျက်ဆီးပစ်လို့ရနိုင်တဲ့ အတားအဆီးအနည်းငယ်ထဲက တစ်ခုပဲလေ... ဒါကို ဖျက်ဆီးဖို့အတွက် အခြားဘယ်လို လျှို့ဝှက်နည်းလမ်းမှ မရှိဘူး။ ကျုပ်တို့အနေနဲ့ ဒီမန္တာန်အစီအရင်ကို အစွမ်းထိန်ချန်မနေဘဲ တရစပ် ဆက်တိုက် တိုက်ခိုက်နေဖို့ လိုအပ်ပါတယ်။ ၎င်းရဲ့ ကာကွယ်ရေးစွမ်းရည်က အခြားအတားအဆီးတွေထက် များစွာ သာလွန်မနေဘူးဆိုပေမဲ့ ဒီအစီအရင်က အလွန်တရာ ခံနိုင်ရည်ရှိလှပြီး အစအနမကျန် လုံးဝ ဖျက်ဆီးမပစ်နိုင်သရွေ့တော့ ချက်ခြင်းပဲ ပြန်လည်ကောင်းမွန်လာနိုင်စွမ်း ရှိတာ။ ဒီလို သဘာဝအရကြောင့် ဗုဒ္ဓဘာသာဆိုင်ရာ မန္တာန်အစီအရင်တစ်ခုအဖြစ် ခေါ်ဝေါ်ထိုက်ပါတယ်”
သူ ပြောခဲ့သော စကားများကို သက်သေပြသည့်အလား လူဝေယင်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏အရှေ့ မီတာဆယ်ဂဏန်းခန့်အကွာရှိ စားပွဲထံသို့ မီးလုံးတစ်လုံး ပစ်လွှတ်လိုက်ချေ၏။ ဗွမ်းခနဲ မြည်သံနှင့်အတူ ၎င်းမီးလုံးမှာ စားပွဲကိုပင် မထိခိုက်ရသေးမီမှာပင် ပေါက်ကွဲသွားပြီး ပျောက်ကွယ်သွားတော့သည်။
စားပွဲ၏ အထက်တွင် ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေသော အလင်းအရံအတားတစ်လွှာ ဖြစ်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများ ပြင်းထန်စွာ တောက်ပလာချေ၏။ ၎င်းအရံအတား၏ မျက်နှာပြင်ပေါ်တွင် ရှေးဟောင်းအဆောင်သင်္ကေတ စာလုံးငယ်အမြောက်အမြား ပေါ်ထွက်လာပြီး ၎င်းတို့မှာ ငွေရောင်ပန်းပွင့်ငယ်လေးများနှင့်ပင် သဏ္ဌာန်တူလှပေသည်။
မြို့စားကြီးနန်းလုံ၏ မျက်နှာထားမှာ နက်မှောင်သွားသော်လည်း ယခင်ကတည်းက သည်မြင်ကွင်းကို ကြုံတွေ့ဖူးထားသဖြင့် အလွန်တရာ ထိတ်လန့်သွားဟန် မပေါ်ပေ။
“ဟင်... ဒါက ဘာကြီးလဲ” လူဝေယင်းက ထိတ်လန့်တကြား အော်ဟစ်လိုက်မိ၏။ မြို့စားကြီးနန်းလုံကလည်း မသိစိတ်အရ သူ၏ဘက်သို့ လှည့်ကြည့်လိုက်ရာ လူဝေယင်းသည် ရွှေရောင်အရံအတား၏ အစိတ်အပိုင်းတစ်ခုကို အံ့ဩမှင်သက်သော မျက်နှာပေးဖြင့် စိုက်ကြည့်နေကြောင်း တွေ့ရှိလိုက်ရသည်။
သူ၏ အံ့ဩမှင်သက်မှုများကြားကပင် မြို့စားကြီးနန်းလုံသည် သူ၏မျက်လုံးများအတွင်းသို့ ဝိညာဉ်စွမ်းအားများ ပို့လွှတ်လိုက်ပြီး ၎င်းအရံအတား၏ အတွင်းပိုင်းအထိ ဖြစ်နိုင်သမျှ အစွမ်းကုန် ထိုးဖောက်ကြည့်ရှုလိုက်၏။ ထိုရွှေရောင်အလင်းတန်းများကြားမှတစ်ဆင့် သူသည် လေထဲတွင် လွင့်မြောနေသော လူဦးခေါင်းခွံခန့် အရွယ်အစားရှိသည့် ငွေရောင်သပိတ်တစ်ခုကို ဝိုးတဝါး မြင်တွေ့လိုက်ရချေသည်။
၎င်းငွေရောင်သပိတ်၏ မျက်နှာပြင်ပေါ်တွင် နက်နဲလှသော ရှေးဟောင်းအဆောင်စာသားမျိုးစုံ လှည့်ပတ်မျောလွင့်နေချေ၏။ ထိုသပိတ်၏ ပတ်ပတ်လည်တွင် ၎င်းထံသို့ ဦးတည်ထားသော မှိန်ဖျော့ဖျော့ အဖြူရောင်ကျောက်စိမ်းအဆောင် အဆောင်လက်ဖွဲ့ ရှစ်ခု ပျံဝဲနေရုံမျှမက ၎င်း၏ အထက်တွင်လည်း လှုပ်ရှားခြင်းမရှိဘဲ ငြိမ်သက်စွာ လွင့်မြောနေသော အနုစိတ်လှသည့် ပစ္စည်းသုံးခု ရှိနေသေးသည်။
မြို့စားကြီးနန်းလုံက ထိုအခင်းအကျင်းကို သေသေချာချာ အာရုံစိုက်ကြည့်ရှုလိုက်ရာ ၎င်းတို့မှာ ငွေရောင်ဓားငယ်တစ်လက်၊ မည်းနက်နေသော ဗုဒ္ဓဘာသာဆိုင်ရာ တုတ်ကောက်တစ်ခုနှင့် သွေးနီရောင်ပုလဲလုံးတစ်လုံး တို့ဖြစ်မှန်း သိမြင်လိုက်ရ၏။ ထိုပစ္စည်းသုံးခုလုံးမှာ လက်မအနည်းငယ်ခန့်သာ ရှည်လျားသော်လည်း ၎င်းတို့ထံမှ အလင်းတန်းအမြောက်အမြား မှုထွက်ပေါ်နေလျက် တစ်ခုနှင့်တစ်ခု ရှုပ်ထွေးယှက်လိမ်ကာ စားပွဲ၏အထက်ရှိ ငွေရောင်သပိတ်ကို သိုင်းခြုံကာကွယ်ထားလျက် ရှိချေသည်။
မြို့စားကြီးနန်းလုံမှာ ဆွံ့အမှင်သက်သွားရတော့၏။ ထိုငွေရောင်သပိတ်၊ ကျောက်စိမ်းအဆောင်များနှင့် မှော်ပစ္စည်းသုံးခုစလုံးမှာ စားပွဲ၏အထက်တွင် ဆန်းကြယ်စွာဖြင့် ချက်ခြင်း ပြန်လည်ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ သည့်နောက် အဆောင်စာသားများဖြင့် ပြည့်နှက်နေသော ရွှေရောင်အရံအတားမှာလည်း တိတ်ဆိတ်စွာပင် ပျောက်ကွယ်သွားတော့၏။
'ဒါက ဘယ်လိုဖြစ်တာလဲ။ အစတုန်းက ရွှေရောင်အရံအတား ပေါ်ထွက်လာစဥ်က အဲ့ဒီပစ္စည်းတွေ ရှိမနေခဲ့ပါဘူး... ဒါပေမဲ့ လူဝေယင်းက တိုက်ခိုက်လိုက်တဲ့ အချိန်ကျမှ အဲ့ဒီပစ္စည်းတွေက ဘာဖြစ်လို့ ရုတ်တရက် ပေါ်ထွက်လာရတာပါလိမ့်' မြို့စားကြီးနန်းလုံက သူ၏နှုတ်ခမ်းကို တင်းတင်းစေ့ထားလျက် သူ၏ရှေ့မှောက်၌ အရံအတား ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း သူ၏မျက်လုံးများအတွင်း၌ ဇဝေဇဝါဖြစ်ဟန်များ ဖြတ်ပြေးသွားသည်။
လူဝေယင်းထံ၌မူ သည်ကဲ့သို့သော သံသယမျိုး ရှိမနေပေ။ သူက အသစ်ပေါ်ထွက်လာသော ထိုပစ္စည်းများကို ကြည့်ရှုရင်း ခဏမျှ အတွေးဝင်သွား၏။ 'စိတ်ဝိညာဉ်ဆေးဖက်ဝင်အပင်တွေဆိုတာ ဒီမန္တာန်အစီအရင်အတွင်းမှာရှိတဲ့ အခြားပစ္စည်းတွေအတွက် အကာအကွယ်ပုံစံမျိုးသက်သက်အဖြစ်သာ တည်ရှိနေတာ ရှင်းလင်းလှပါတယ်။ ခုလောက်ထိကောင်းကင်ကို ဖိဆန်နိုင်စွမ်းရှိတဲ့ ဆေးဖက်ဝင်အပင်တွေထက်တောင် အများကြီး ပိုမိုတန်ဖိုးရှိလှတဲ့ ရတနာတွေက... ဘာများ ဖြစ်နေပါ့မလဲ'
ဤသည်မှာ သူ၏ ခန့်မှန်းချက်သက်သက်သာ ဖြစ်သော်လည်း လူဝေယင်းသည် သူ၏နှလုံးသားတစ်ခုလုံး ပြင်းထန်စွာ ခုန်ပေါက်လာရတော့သည်။ အစောပိုင်းတုန်းက သွေးကျိန်စာတံခါးမကြီးနှင့် ပတ်သက်၍ သူ၏စိတ်ထဲ၌ ရှိနေခဲ့သော စိုးရိမ်ထိတ်လန့်မှုများနှင့် ပူပန်မှုများအားလုံးမှာ... အခုအခါ၌ သူ၏ ဦးခေါင်းထဲမှ လုံးဝ လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“ညီအစ်ကိုလူ... ကျုပ်တို့ နေရာမှန်ကို ရောက်ရှိလာခဲ့တာ လုံးဝ သေချာသွားပါပြီ။ တကယ်လို့ ကျုပ်တို့ ဒီဗုဒ္မန္တာန်အစီအရင်ကို ဖြိုခွဲဖျက်ဆီးပစ်နိုင်ခဲ့မယ်ဆိုရင်တော့... ကျုပ်တို့ရဲ့ အခုခရီးစဥ်ဟာ လုံးဝ အချည်းနှီးဖြစ်သွားမှာ မဟုတ်တော့ဘူး”
မြို့စားကြီးနန်းလုံက လူဝေယင်းနှင့် တူညီသော ကောက်ချက်ကို ချလိုက်နိုင်ခဲ့ပြီးနောက် သူ့ကို လှမ်းပြုံးပြလိုက်၏။
လူဝေယင်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး ဆိုသည်။
“မှန်ပါတယ်။ ကျုပ်လည်း သွေးကျိန်စာတံခါးမကြီးရဲ့ နောက်ကွယ်မှာ ခုလောက်ထိ များပြားလှတဲ့ လျှို့ဝှက်ရတနာတွေ ပုန်းကွယ်နေလိမ့်မယ်လို့ ထင်မှတ်မထားခဲ့မိဘူး။ ဒါပေမဲ့လို့ ဒီအတားအဆီးမန္တာန်ကို ဖြိုခွဲပစ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူးဗျ။ ကျုပ်တို့ဘက်က အချိန်အမြောက်အမြား ပေးရမှာဖြစ်သလို ကိုယ်ပိုင်စွမ်းအားတွေကိုပါ အစွမ်းကုန် ထုတ်သုံးမှသာ ဖြစ်နိုင်ပါလိမ့်မယ်”
“ဟဲဟဲ... ကျုပ်ရဲ့ ကိုယ်ပိုင်စွမ်းအားတွေကို ထုတ်သုံးရမှာကို မပြောနဲ့ဦး... ဒီရတနာတွေကို ပိုင်ဆိုင်ခွင့်ရဖို့အတွက်ဆိုရင် ကျုပ်ရဲ့ သက်တမ်း ဆယ်နှစ်လောက်ကို ပေးဆပ်ရမယ်ဆိုရင်တောင် လုံးဝ အဆင်ပြေတယ်ဗျာ။ ခင်ဗျား ပြောပုံအရဆိုရင် အကြမ်းနည်းတစ်ခုတည်းနဲ့ပဲ သည်မန္တာန်အစီအရင်ကို ဖျက်ဆီးပစ်လို့ ရနိုင်တာမလား။ ဒါဆိုရင်တော့ ကျုပ်တို့ တကယ့်ကို အလုပ်ရှုပ်ရတော့မှာပဲ။ အချိန်ဖြုန်းမနေကြတော့ဘဲ ခုချက်ခြင်းပဲ စတင်တိုက်ခိုက်ကြရအောင်”
မြို့စားကြီးနန်းလုံက လူဝေယင်းကို လှမ်းကြည့်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်၏။
“ပြီးတော့ ကျုပ်တို့ ဒီမန္တာန်အစီအရင်ကို ဖြိုခွဲပစ်နိုင်ခဲ့တဲ့ အခါကျရင်... ရရှိလာတဲ့ ရတနာတွေကို ကျုပ်တို့နှစ်ယောက် အညီအမျှ ခွဲဝေကြရအောင်လေ... ဟုတ်တယ်မလား”
“ဒါပေါ့ဗျာ... ခင်ဗျားပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့” လူဝေယင်းသည်လည်း ထိုရတနာများကို ပိုင်ဆိုင်လိုလှသဖြင့် ချက်ခြင်းပင် သဘောတူလိုက်ရာ မြို့စားကြီးနန်းလုံကို များစွာ ကျေနပ်အားရသွားစေသည်။
ထိုအခိုက်တွင် ထိုသူနှစ်ဦးလုံးသည် တစ်ဦးနှင့်တစ်ဦး အကွာအဝေးတစ်ခု ချက်ခြင်းခွာလိုက်ကြပြီးနောက် အချင်းချင်း သတိအနေအထားဖြင့် စတင်စောင့်ကြည့်ကြတော့၏။
သည့်နောက်တွင်မူ လူဝေယင်းက အဖြူရောင်အလံငယ်ကို ထုတ်ယူကာ လေထဲသို့ ပစ်တင်လိုက်ပြီးနောက် လက်နှစ်ဖက်ကို မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်လျက် တင်ပျဉ်ခွေထိုင်လိုက်သည်။ မြို့စားကြီးနန်းလုံကလည်း သူ၏အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ပြီး ရွှေရောင်ဓားပျံတစ်လက်ကို လေထဲသို့ ပစ်လွှတ်လိုက်ချေ၏။
ရုတ်တရက်ဆိုသလို ပြင်းထန်လှသော လေပွေလှိုင်းများနှင့် ဓားချီစွမ်းအင်များ ချက်ခြင်း ဖြစ်ပေါ်လာတော့သည်။ ၎င်းတို့က စားပွဲနှင့် နီးကပ်လာသည့်အချိန်၌ ရွှေရောင်အရံအတားမှာ တစ်ဖန်ပြန်၍ ပေါ်ထွက်လာပြီး မြေအောက်အတွင်းပိုင်းအနက်ရှိုင်းဆုံးနေရာထံမှ ပြင်းထန်လှသော ပေါက်ကွဲသံများ အဆက်မပြတ် ကျယ်လောင်စွာ ထွက်ပေါ်လာတော့၏။
...
ကျောက်တောင်ကြီးတစ်ခု၏ ထိပ်ဖျားပိုင်းနှင့် ထိစပ်နေသော ကောင်းကင်ယံထက်၌မူ မိုးပြာရောင်အလင်းတန်းတစ်ခုသည် လေထုကို ခွင်းလျက် ပျံသန်းနေချေသည်။ ၎င်းမှာ သူ၏ခရီးစဥ်ကို အလျင်အမြန် သွားရောက်နေသော ဟန်လိပင် ဖြစ်၏။
သူသည် ခရမ်းရောင်ကင်းမြီးကောက်များ ရှိနေသော ကျောက်တောင်ကြီးကို အောင်မြင်စွာ ကျော်ဖြတ်လာခဲ့ပြီးဖြစ်ကာ ပြင်ပချောက်ကမ်းပါးဆီသို့ ပြန်လည်ဦးတည်နိုင်မည့် လှိုဏ်ဂူဝင်ပေါက်ဆီသို့ ဝင်ရောက်ရန် ဟန်ပြင်နေခြင်းပင်။ ဟန်လိသည် ဤလမ်းကြောင်းအတိုင်း ယခင်က ကိုယ်တိုင် ဖြတ်သန်းသွားလာဖူးခဲ့သဖြင့် သူ၏ခရီးစဥ်မှာ အလွန်တရာ ချောမွေ့ပြီး မြန်ဆန်လှပေသည်။ ယခင်က တစ်ရက်တိုင်တိုင် သွားလာခဲ့ရသော ခရီးစဥ်မှာ အခုအခါ၌မူ သုံးပုံတစ်ပုံခန့်မျှသာ အချိန်ယူရတော့မှာ ဖြစ်သည်။
သူသည် လှိုဏ်ဂူဝင်ပေါက်ဆီသို့ ရောက်ရှိရန် နှစ်နာရီခန့်မျှသာ လိုအပ်တော့သည့် အချိန်၌ အဝေးတစ်နေရာထံမှ ဆက်တိုက်ဖြစ်ပွားနေသော ပြင်းထန်လှသော ပေါက်ကွဲသံများကို ရုတ်တရက် ကြားသိလိုက်ရ၏။
သူ၏ မျက်နှာအမူအရာမှာ လှုပ်ရှားသွားပြီးနောက် ပေါက်ကွဲသံများ ထွက်ပေါ်လာရာ အဝေးတစ်နေရာထံသို့ စူးစိုက်ကြည့်ရှုရန် သူ၏ ပျံသန်းမှုကို ခေတ္တရပ်တန့်လိုက်သည်။ သူက သူ၏အစွမ်းထက်လှသော စိတ်ဝိညာဉ်အာရုံကို ချက်ခြင်း ဖြန့်ကျက်လိုက်ရာ ထူးဆန်းလှသော ဝိညာဉ်ချီလှိုင်းဂယက်များ တုန်ခါနေကြောင်း အာရုံခံမိလိုက်၏။
ဟန်လိသည် အလိုလို မျက်မှောင်ကြုတ်ကာ လှမ်းကြည့်မိသည်။ သူ အဝေးတစ်နေရာရှိ တောင်ကြီးတစ်ခုထံမှ မှိန်ဖျော့ဖျော့ အဖြူရောင်အလင်းတန်းများ ဖြတ်ခနဲ ဖြတ်ခနဲ လင်းလက်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ ခန့်မှန်းချက်သာ မှားယွင်းခြင်းမရှိဘူးဆိုလျှင် ထိုနေရာမှာ အတားအဆီးမန္တာန်များ ရှိနေသည်ဟု သူ ယခင်ကတည်းက သံသယရှိခဲ့သော နေရာတစ်ခု ဖြစ်ပေလိမ့်မည်။ ၎င်းနေရာမှာ အတိတ်တုန်းက ရှေးဟောင်းကျင့်ကြံသူများ၏ ရတနာများ ပုန်းကွယ်နေသော နေရာတစ်ခု ဖြစ်နိုင်ချေ များလှပေသည်။ ကြည့်ရသည်မှာ အခြားသော ကျင့်ကြံသူများသည်လည်း ရတနာများကို ရှာဖွေရန်အတွက် ချောက်ကမ်းပါး၏ အနက်ရှိုင်းဆုံးနေရာထဲသို့ ဝင်ရောက်လာခဲ့ကြပုံရ၏။
ဟန်လိသည် သည်ကိစ္စကို တွေးတောဆင်ခြင်နေရင်း ခေါင်းယမ်းလိုက်မိသည်။ ထိုအခိုက်အတန့်တွင် သူသည် ထိုရှုပ်ထွေးနေသော အခြေအနေကို အခွင့်ကောင်းယူကာ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ဝင်ရောက်စွက်ဖက်ချင်စိတ် ခဏမျှ ဖြစ်ပေါ်မိသွားသော်လည်း ၎င်းအတွေးကို ချက်ခြင်းပင် ပြန်လည်နှိမ်နင်းလိုက်၏။ သူသည် အခြားသူများ၏ အာရုံစိုက်ခြင်းကို ခံရမှာကို အလွန် စိုးရိမ်မိသဖြင့် သူ၏ စိတ်ဝိညာဉ်အာရုံကို ထိုနေရာထံသို့ ဖြတ်ခနဲ စူးစမ်းကြည့်ရှုစေရုံမျှသာ ပြုလုပ်ခဲ့ပြီး ရတနာရှာဖွေနေသူများကို အသေးစိတ် ဆက်လက်ကြည့်ရှုခြင်း မပြုတော့ပေ။
အခုလက်ရှိ အခြေအနေအရ ဟန်လိအနေဖြင့် သူ့ထံသို့ ကျရောက်လာနိုင်သည့် ဘယ်လိုပြဿနာမျိုးကိုမဆို ရှောင်ရှားတာကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထိုသို့ တွေးတောဆင်ခြင်ပြီးနောက် သူသည် လေထုကို ဆုတ်ဖြဲလျက် ဆက်လက်ပျံသန်းသွားရာ မကြာမီမှာပင် သူ၏ ပုံရိပ်မှာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။
ဟန်လိ စူးစိုက်ကြည့်ရှုခဲ့သော အရပ်မျက်နှာ၏ လီတစ်ဆယ်ကျော်ခန့်အကွာအဝေးရှိ နေရာတစ်ခု၌မူ ဆယ်ယောက်ဝန်းကျင် ကျင့်ကြံသူအုပ်စုတစ်စုသည် တောင်ငယ်လေးတစ်ခုကို ဖုံးအုပ်ထားသည့် အဖြူရောင်အရံအတားကို ပြင်းပြင်းထန်ထန် ဆက်တိုက် တိုက်ခိုက်နေကြချေသည်။ သူတို့ကို မောက်လန် နတ်ဘုရားပညာရှိကျုံးနှင့် လဲ့ ဟု အမည်ရသော အမျိုးသမီးတို့က ဦးဆောင်နေခြင်းပင်။ ထိုကျင့်ကြံသူအုပ်စုအတွင်းရှိ ကျင့်ကြံသူအားလုံးမှာ မောက်လန်မန္တာန်စစ်သည်များ ဖြစ်ကြသည်။
ဟန်လိ ပျံသန်းထွက်ခွာသွားသည့် အချိန်မှာပင် နတ်ဘုရားပညာရှိကျုံး၏ မျက်ခုံးများမှာ မသိမသာ လှုပ်ရှားသွားပြီး သူက ဟန်လိရှိရာ အရပ်မျက်နှာထက်သို့ မသိစိတ်အရ တစ်ချက် လှမ်းကြည့်လိုက်မိ၏။
မန္တာန်စစ်သည်လဲ့က ထိုပညာရှိအသွင်ရှိသော အမျိုးသား၏ အပြုအမူကို သတိထားမိသွားပြီးနောက် မေးလိုက်သည်။
“အစ်ကိုကျုံး... ဘာဖြစ်လို့လဲ။ ရှင် တစ်ခုခု မူမမှန်တာကို ရှာဖွေတွေ့ရှိလိုက်လို့လား”
ထိုပညာရှိအသွင်ရှိသော အမျိုးသားက မထူးခြားနားသော လေသံဖြင့် ပြန်ပြောလိုက်၏။ “ဘာမှမဟုတ်ပါဘူး။ ကျုပ် ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူတစ်ယောက်က စိတ်ဝိညာဉ်အာရုံနဲ့ ဒီဘက်ကို ဖြတ်ခနဲ စူးစမ်းကြည့်ရှုသွားတာကို ခံစားလိုက်ရရုံပါ။ ဒါပေမဲ့လို့ ကြည့်ရတာ သူက ကျုပ်တို့ကိစ္စထဲကို ဝင်ရောက်စွက်ဖက်ချင်စိတ် ရှိမနေဘဲ ကျုပ်တို့ကို ရှာတွေ့သွားပြီးတဲ့နောက်မှာ ချက်ခြင်းပဲ ပျံသန်းထွက်ခွာသွားခဲ့ပါပြီ။ ကျုပ်တို့လည်း အတားအဆီးမန္တာန်ကို ဖြိုခွဲပစ်နိုင်ဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိနေပြီဖြစ်တာကြောင့်... ခုကိစ္စအပေါ်မှာ နက်နက်နဲနဲ မတွေးနေတာဟာ ပိုပြီးတော့ အဆင်ပြေပါတယ်”
မန္တာန်စစ်သည်လဲ့က သက်ပြင်းချလိုက်ပြီး အကူအညီမဲ့စွာဖြင့်ပင် ဆိုလိုက်၏။
“အစ်ကိုကျုံး ပြောတာ ကျိုးကြောင်းဆီလျော်လှပါတယ်။ ကျမတို့ ဒီအတားအဆီးမန္တာန်ကို ဖြိုခွဲပစ်နိုင်ဖို့ အရေးကြီးဆုံး အခိုက်အတန့်ကို ရောက်ရှိနေပြီလေ။ ကျမတို့ အတိတ်တုန်းက ဖြိုခွဲခဲ့ဖူးတဲ့ တခြားအတားအဆီးတွေလိုမျိုး ရတနာတစ်ခုတလေမျှ ရှာမတွေ့တာမျိုး မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ရတော့မှာပဲ။ ဒါ့အပြင် ခုခရီးစဥ်မှာတင် ဟင်းလင်းပြင်အက်ကြောင်းတွေကြောင့် ကျမတို့ လူနှစ်ယောက် ဆုံးရှုံးခဲ့ရပြီးပြီ မလား”
နတ်ဘုရားပညာရှိကျုံးက သည်စကားကို ကြားသည့်နောက် သူ၏မျက်နှာထားမှာ နက်မှောင်သွားတော့၏။ “
“ဒါတော့ ကျုပ်တို့လည်း ဘာမှ မတတ်နိုင်ဘူးလေ။ မျက်စိနဲ့ မမြင်တွေ့နိုင်တဲ့ အဲ့ဒီ ဟင်းလင်းပြင်အက်ကြောင်းတွေကို ဘယ်လိုနည်းနဲ့မှ ကြိုတင်ကာကွယ်ထားနိုင်မှာ မဟုတ်ဘူး။ ကျုပ်တို့ ကြိုတင်ပြင်ဆင်လာခဲ့တဲ့ အဆင့်နိမ့်စိတ်ဝိညာဉ်ငှက်တွေကလည်း... ချောက်ကမ်းပါးထဲကို ဝင်ရောက်လာပြီးကတည်းက အကုန်လုံး ရူးသွပ်ကုန်ကြပြီး ဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်တော့ဘူးလေ။ တကယ်လို့ အဲ့ငှက်တွေသာ ကျုပ်တို့အတွက် ရှေ့ကနေ ကင်းထောက်ပေးနိုင်ခဲ့မယ်ဆိုရင်တော့... ခုလိုမျိုး လူနှစ်ယောက် ဆုံးရှုံးရတဲ့အထိ ဖြစ်လာမှာ မဟုတ်ပါဘူး”
မန္တာန်စစ်သည်လဲ့က တွေးတွေးဆဆဖြင့် ဆိုလိုက်၏။
“စိတ်ဝိညာဉ်ငှက်တွေက ရူးသွပ်သွားကြတာ မဟုတ်ဘဲ ချောက်ကမ်းပါးရဲ့ အနက်ရှိုင်းဆုံးနေရာကို အလွန်အမင်း ကြောက်လန့်တုန်လှုပ်သွားကြတာ ဖြစ်ဖို့များပါတယ်။ အဲ့နေရာမှာ နတ်ဆိုးသားရဲတွေကို အထူးနှိမ်နင်းနိုင်စွမ်းရှိတဲ့ အရာတစ်ခုခု ရှိနေလို့ ဖြစ်ရမယ်။ ကျမ ငှားရမ်းလာခဲ့တဲ့ တောင်ပံသိန်းငှက်နက်က အဆင့်ငါးစိတ်ဝိညာဉ်သားရဲတစ်ကောင် ဖြစ်တာတောင်မှ... ကျမတို့ ချောက်ကမ်းပါးထဲ ဝင်လာပြီးကတည်းက ကျမရဲ့အမိန့်တွေကို လုံးဝ မနာခံတော့ဘူးလေ။ ၎င်းက စိတ်ဝိညာဉ်သားရဲအိတ်ထဲကနေ ထွက်လာဖို့တောင် လုံးဝ ငြင်းဆန်နေတာ။ ကြည့်ရတာ ဒီနတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ကြီးရဲ့ နောက်ကွယ်မှာ ထူးဆန်းလှတဲ့ လျှို့ဝှက်ချက်တွေ ရှိနေမှာ အမှန်ပဲ”
ထိုပညာရှိအသွင်ရှိသော အမျိုးသား၏ မျက်လုံးများအတွင်း၌ အေးစက်သောအလင်းတန်းတစ်ခု ဖြတ်ခနဲ တောက်ပသွားပြီး သုန်မှုန်စွာ ဆိုလိုက်၏။
“ဖြစ်နိုင်တာပဲလေ။ ဒါက ကောင်းကင်တောင်ပိုင်းလောက ရဲ့ အန္တရာယ်အရှိဆုံး နေရာတစ်ခုအဖြစ် ကျော်ကြားတဲ့နေရာကို။ ဆိုတော့ သဘာဝကျကျ ပြောရရင် ဒီနေရာမှာ ထူးဆန်းတဲ့ အရာတွေ ရှိနေမှာပေါ့။ ဒါပေမဲ့လည်း ကျုပ်တို့ ဒီနေရာကို လာခဲ့တာက ချောက်ကမ်းပါးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့အတွက် မဟုတ်ဘဲ... ကျုပ်တို့ မောက်လန် မျိုးနွယ်စုတွေအတွက် ရှေးဟောင်းရတနာတွေနဲ့ ဆေးဖက်ဝင်အပင်တွေကို ရှာဖွေဖို့သက်သက်ပဲလေ။ ဒါကြောင့် ကျုပ်တို့ စိတ်ဝိညာဉ်ငှက်တွေကို မသုံးနိုင်ရင်တောင် ဒီခရီးစဥ်ကို ဆက်လက်လုပ်ဆောင်ရမှာပဲ။ ကျုပ်တို့ အခုလို ကြီးမားလှတဲ့ အခွင့်အရေးကောင်းကို ရရှိနိုင်ဖို့အတွက် ကောင်းကင်တောင်ပိုင်းလောကရဲ့ အင်အားစုကြီး လေးခုကို တန်ဖိုးကြီးလှတဲ့ အလဲအလှယ်ပစ္စည်းတွေ ပေးဆပ်ခဲ့ရတာ ဖြစ်လို့... အခုကျမှ အဲ့လိုပေးဆပ်ခဲ့ရတာကို အချည်းနှီးအဖြစ်ခံလို့ ဘယ်ဖြစ်ပါ့မလဲ”