← Chapters

အခန်း ၈၂၈

Vol. 60 Ch. 828

အခန်း ၈၂၈

Vol. 60 Ch. 828

အပိုင်း ၈၂၈ - ပြန်လည်ဆုံစည်းခြင်း

နတ်ဘုရားပညာရှိကျုံးနှင့် အမျိုးသမီးလဲ့တို့ စကားပြောဆိုနေကြစဥ်မှာပင် ဟန်လိသည် ကီလိုမီတာငါးဆယ်ကျော်လောက် ဝေးကွာသောနေရာသို့ ရောက်ရှိနေပြီ ဖြစ်၏။ လမ်းခရီးတွင် အခြားမည်သည့် ဘေးအန္တရာယ်မှ မကြုံတွေ့ရဘဲ နောက်ထပ်တစ်နာရီခန့် ပျံသန်းပြီးနောက် လှိုဏ်ဂူဆီသို့ ဘေးကင်းစွာ ဆိုက်ရောက်လာခဲ့သည်။

သူ ရောက်ရှိလာသည့်အခါ 'ယင်ယန်လက်စွပ်' ကို တစ်ဖန်ပြန်ထုတ်ယူလိုက်ပြီး ထိုမှော်ပစ္စည်း၏ အကာအကွယ်ဖြင့် လမ်းကြောင်းအတွင်းသို့ လှမ်းဝင်ခဲ့၏။ သူသည် လမ်းကြောင်းကို အလျင်အမြန် ဖြတ်ကျော်လာခဲ့ပြီး လှိုဏ်ဂူထွက်ပေါက်၏ အလင်းရောင်ကို မြင်လိုက်ရသည့်အခါ ခြေလှမ်းများကို ပိုမိုသွက်လက်စေလိုက်တော့သည်။

မကြာမီမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး လင်းထင်းသွားပြီး သူသည် ပြင်ပချောက်ကမ်းပါးဆီသို့ ဦးတည်ထားသော လှိုဏ်ဂူဝအရှေ့သို့ ပြန်လည်ရောက်ရှိသွားတော့၏။

ဟန်လိက ခေါင်းကိုမော့ကာ အုံ့မှိုင်းနေသော ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။ ၎င်းက သူ့ကို မသိစိတ်အရ စိုးရိမ်ထိတ်လန့်မှုအချို့ ပေးနေဆဲဖြစ်သော်လည်း ချောက်ကမ်းပါး၏ အနက်ရှိုင်းဆုံးနေရာကို ဖုံးလွှမ်းထားသည့် သွေးနီရောင်အလင်းတန်းများထက်စာလျှင် များစွာ တော်သေးသည်။

သူ၏ အစွမ်းထက်လှသော စိတ်ဝိညာဉ်အာရုံကို ပတ်ဝန်းကျင်တစ်ခုလုံးသို့ ဖြန့်ကျက်လိုက်ပြီးနောက် အနီးနားဝန်းကျင်၌ အခြားကျင့်ကြံသူများ သို့မဟုတ် ထူးဆန်းသော အခြေအနေများ မရှိမှန်း သေချာသွားမှသာ ဟန်လိက သက်ပြင်းချနိုင်တော့၏။ သည့်နောက် သူ၏အကြည့်ကို လှိုဏ်ဂူဝန်းကျင်ရှိ ကျောက်နံရံထံသို့ ရွှေ့ပြောင်းလိုက်သည်။

သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ မိုးပြာရောင် မန္တာန်အလင်းတံဆိပ်တစ်ခု ပျံသန်းထွက်သွားပြီး ကျောက်နံရံအတွင်းသို့ သဲလွန်စမရှိ စိမ့်ဝင်ပျောက်ကွယ်သွားတော့၏။ ထို့နောက်တွင် ဟန်လိသည် လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို တိတ်တဆိတ် ဖော်ထုတ်လိုက်ပြီးနောက် နှုတ်ခမ်းမှ ဂါထာမန္တာန်များကို ဖြည်းဖြည်းချင်း ရွတ်ဆိုလိုက်ရာ ဆန်းကြယ်လှသော အခင်းအကျင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။

သာမန်ကာလျှံကာ ကျောက်နံရံကြီးသည် ရုတ်တရက် မိုးပြာရောင်အလင်းတန်းများဖြင့် တောက်ပလာပြီးနောက် နံရံအတွင်းမှ ရွှေဝါးမြိုခြင်းပိုးတောင်မာ အုပ်လိုက်ကြီးသည် အလုအယက် တိုးဝေ့ထွက်လာကြချေ၏။ ၎င်းတို့တစ်ကောင်ချင်းစီ၏ ပါးစပ်တွင် အရွယ်အစားမျိုးစုံရှိသော ငွေရောင်သလင်းခဲ အပိုင်းအစများကို ကိုက်ချီထားကြသည်။ အချို့မှာ လက်သီးဆုပ်ခန့် ကြီးမားလှပြီး အချို့မှာမူ သဲပွင့်ငယ်လေးများအလား သေးငယ်လှပေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုးတောင်မာများ သယ်ဆောင်လာသော ငွေရောင်သလင်းခဲများမှာ ဟန်လိ၏ အရှေ့တွင် စုပုံသွားတော့၏။ ၎င်းတို့မှာ 'ငွေကြယ်ရိုင်းသတ္တု' များပင် ဖြစ်ချေသည်။

ပထမဆုံး သလင်းခဲပိုင်းများ စတင်ပေါ်လာစဥ်က ဟန်လိ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း သလင်းခဲပေါင်း ဒါဇင်ချီ၍ အဆက်မပြတ် ကျဆင်းလာသည့်အခါ သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်လာတော့၏။

“ကောင်လေးဟန်... ဒီငွေကြယ်ရိုင်းသတ္တုကြောကြီးက ငါ ထင်ထားတာထက် များစွာ ပိုမိုကြီးမားနေတာပဲ။ ကြည့်ရတာ ဒီပစ္စည်းတွေကို သုံးပြီး ရုပ်သေးတွေ ဖန်တီးဖို့ ငါ ကောင်းကောင်း လေ့လာဆန်းစစ်နိုင်တော့မှာပဲ”

ရုတ်တရက်ဆိုသလို ခပ်မြူးမြူးလေသံနှင့် ဝိညာဉ်သွေဖယ်ခြင်းအရှင်၏ အသံမှာ ဟန်လိ၏ ခေါင်းထဲ၌ ထွက်ပေါ်လာတော့သည်။ သူ၏ လေသံအတွင်း၌ ဝမ်းမြောက်နေမှုကို ဖုံးကွယ်ထားနိုင်စွမ်း မရှိချေ။

ရွှေဝါးမြိုခြင်းပိုးတောင်မာများက နောက်ဆုံး ငွေကြယ်ရိုင်းသတ္တု သလင်းခဲများကို ချထားပြီးနောက် ဟန်လိက တောက်ပနေသော ထိုငွေရောင်သလင်းပုံငယ်ကို ကြည့်ကာ ပြုံးလိုက်၏။ “မှန်ပါတယ်။ ကျုပ်လည်း ငွေကြယ်ရိုင်းသတ္တုကြော ထဲမှာ ဒီလောက်ထိ များပြားတဲ့ သတ္တုရိုင်းတွေ ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ ကျုပ်တို့ တကယ့်ကို ရတနာအမြောက်အမြား စုဆောင်းနိုင်ခဲ့တာပဲ”

ဟန်လိက မြေပြင်ပေါ်သို့ သူ၏အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ ငွေရောင်သလင်းခဲများမှာ မျက်စိတစ်မှိတ်အတွင်း သူ၏ သိုလှောင်အိတ်ထဲသို့ ပျံဝင်သွားတော့သည်။ သည့်နောက် သူက စူးရှစွာ လေချွန်လိုက်ရာ ရွှေဝါးမြိုခြင်းပိုးတောင်မာများမှာ သူ့ကို ဝန်းရံပျံသန်းပြီးနောက် သူတို့၏ သိုလှောင်အိတ်ထဲသို့ အလျင်အမြန် ပြန်လည်ဝင်ရောက်သွားကြတော့၏။

ဤသည်ကို လုပ်ဆောင်ပြီးနောက် ဟန်လိက သူ၏သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဖောက်ထွင်းမြင်နိုင်သော ပုလဲလုံးတစ်လုံး သူ၏လက်ဝါးပေါ်တွင် ပေါ်လာသည်။ သူက ထိုပုလဲလုံးပေါ်သို့ မိုးပြာရောင်အလင်းမြူတစ်ခု မှုတ်ထုတ်လိုက်ရာ ပုလဲလုံးအတွင်း၌ ပဲစေ့အရွယ်ခန့်ရှိသော အလင်းစက်ငယ်လေးတစ်ခု လင်းလက်လာချေ၏။

ဟန်လိသည် လက်ထဲရှိ ပုလဲလုံးကို အချိန်အတော်ကြာ စူးစိုက်ကြည့်ရှုလိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ခတ်ကြည့်ရှုလိုက်သည်။ လမ်းကြောင်းကို သေချာစွာ မှတ်သားပြီးနောက် သူ၏ခန္ဓာကိုယ်မှာ မိုးပြာရောင်အလင်းတန်းများ လင်းလက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်ပျံသန်းသွားတော့၏။

ဟန်လိသည် အလောတကြီး ပျံသန်းနေခြင်း မဟုတ်ပေ။ သူသည် လက်ထဲ၌ ဖောက်ထွင်းမြင်နိုင်သော ပုလဲလုံးကို ကိုင်ဆောင်ပျံသန်းနေရင်း ရံဖန်ရံခါ ပျံသန်းမှုကို ရပ်တန့်ကာ ၎င်းကို စစ်ဆေးကြည့်ရှုလိုက်ပြီးမှ လမ်းကြောင်းကို ပြန်လည်ပြင်ဆင်ကာ ရှေ့ဆက်ပျံသန်းလေ့ ရှိပေသည်။

ဆယ်ကီလိုမီတာကျော်လောက် ခရီးနှင်ပြီးနောက် သူသည် တောရိုင်းမြေရိုင်းတစ်ခု၏ အထက်သို့ ရောက်ရှိလာပြီး အံ့အားသင့်ဟန် သူ့ထံမှ ထွက်ပေါ်လာပြီး ရုတ်တရက် ရပ်တန့်လိုက်မိ၏။ သူ၏ ပုံရိပ်မှာ ဝေဝါးသွားပြီး အောက်ဘက်သို့ တဟုန်ထိုး ဆင်းသက်လာခဲ့သည်။ တောရိုင်းမြေရိုင်း၏ အထက် မီတာရာခန့်အကွာအဝေးသို့ ရောက်ရှိလာသည့်အခါ ဟန်လိက ပျံသန်းမှုကို ရပ်တန့်လိုက်ပြီး မျက်လုံးများအတွင်း၌ မန္တာန်အလင်းတန်းများ ဖြတ်သန်းသွားတော့၏။

သူ့ရှေ့မှ မြေရိုင်းပေါ်တွင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်နေသော အမျိုးသားကျင့်ကြံသူတစ်ဦး၏ အလောင်းကို မြင်တွေ့လိုက်ရပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ခြောက်သွေ့ခဲအက်နေသော သွေးနီရောင်များဖြင့် စွန်းထင်းနေချေသည်။ ထိုကျင့်ကြံသူ၏ မှော်ရတနာနှင့် သိုလှောင်အိတ်တို့မှာမူ တစွန်းတစမျှ ကျန်ရစ်ခဲ့ခြင်း မရှိဘဲ ပျောက်ကွယ်နေချေပြီ။

ဟန်လိက ထိုအလောင်းကို ခေတ္တမျှ စိုက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိ၏။ “ကြည့်ရတာ တစ်စုံတစ်ယောက်ရဲ့ အလစ်အငိုက် တိုက်ခိုက်ခြင်းကို ခံလိုက်ရတာပဲ” ပတ်ဝန်းကျင်၌ ဟင်းလင်းပြင်အက်ကြောင်းများ မရှိမှန်း သေချာစွာ စစ်ဆေးပြီးနောက် ဤသည်မှာ တစ်ခုတည်းသော ကောက်ချက်ချနိုင်သည့် အဖြေဖြစ်ကြောင်း သူ သိလိုက်ရသည်။

ဟန်လိသည် ထိုနေရာ၌ အချိန်အကြာကြီး မနေဝံ့ဘဲ သူ၏ခရီးစဥ်ကို အလျင်အမြန် ဆက်လက်လုပ်ဆောင်ခဲ့၏။ ဤချောက်ကမ်းပါးအတွင်း၌ စဦးစိတ်ဝိညာဉ်အဆင့်နှောင်းပိုင်း ကျင့်ကြံသူနှစ်ဦးမှလွဲ၍ သူ့ကို ခြိမ်းခြောက်နိုင်သောအရာ မရှိသလောက် နည်းပါးသည်ဟု သူ ယုံကြည်ထားသော်လည်း အကယ်၍ ကျင့်ကြံသူအုပ်စုတစ်စုက သူ့ကို ဝိုင်းရံကာ ချောင်းမြောင်းတိုက်ခိုက်လာပါက အလွန်တရာ အန္တရာယ်များလှပေသည်။

ထိုသို့ဖြစ်ပွားရန် ဖြစ်နိုင်ခြေနည်းပါးသော်လည်း ဟန်လိကမူ သတိကြီးစွာဖြင့် ခရီးဆက်နေခဲ့သည်။ နေ့တစ်ဝက်ခန့် အချိန်ကုန်လွန်သွားသော်လည်း ဟန်လိသည် မည်သည့် ချောင်းမြောင်းတိုက်ခိုက်မှု သဲလွန်စကိုမျှ ရှာမတွေ့ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် ဟင်းလင်းပြင်အက်ကြောင်းများ ကြောင့် ခန္ဓာကိုယ်များ ပျက်စီးကာ သေဆုံးနေကြသော ကျင့်ကြံသူနှစ်ဦး၏ ပုံရိပ်ကိုသာ မြင်တွေ့ခဲ့ရပြီး ထိုပျက်စီးနေသော ခန္ဓာကိုယ်များကို ကြည့်ကာ ခေါင်းကိုသာ ယမ်းလိုက်မိတော့၏။

လက်ထဲရှိ ဖောက်ထွင်းမြင်နိုင်သော ပုလဲလုံး၏ လမ်းညွှန်မှုအတိုင်း လိုက်ပါလာခဲ့ပြီးနောက် နောက်ဆုံးတွင် သူသည် စိမ်းလန်းစိုပြေလှသော တောအုပ်ကြီးတစ်ခု၏ အထက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဟန်လိက ခေတ္တမျှ တကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် လက်ထဲရှိ ဖောက်ထွင်းမြင်နိုင်သော ပုလဲလုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ အင်အားစိုက်ထုတ်လိုက်၏။ မိုးပြာရောင်အလင်းတန်းများ လင်းလက်သွားခြင်းနှင့်အတူ ၎င်းပုလဲလုံးမှာ သာယာလှသော မြည်ဟိန်းသံနှင့်အတူ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားတော့သည်။

ပုလဲလုံးမှာ အပိုင်းပိုင်း ပြတ်ထွက်သွားသည့်အခါ အတွင်း၌ လွင့်မြောနေသော မိုးပြာရောင် အလင်းစက်ငယ်လေးမှာ လွတ်မြောက်သွားခဲ့ပြီ ဖြစ်၏။ ထိုအလင်းစက်လေးမှာ ဟန်လိ၏ အရှေ့တွင် လွင့်မြောနေပြီး နောက်ထပ်အမိန့်ကို စောင့်ဆိုင်းနေသည့်နှယ် ရှိနေသည်။ ဟန်လိက လက်ညွှန်ပြလိုက်သည်နှင့် ပဲစေ့အရွယ်ခန့်ရှိသော အလင်းစက်လေးမှာ တဖျတ်ဖျတ် လင်းလက်သွားပြီး ရှေ့သို့ တဟုန်ထိုး ပျံသန်းသွားရာ ဟန်လိကလည်း ၎င်း၏နောက်သို့ အနီးကပ် လိုက်ပါလာခဲ့တော့၏။

ခဏအကြာတွင် စိမ်းလန်းစိုပြေသော တောအုပ်၏ အထက်ကောင်းကင်ယံ၌ ထိုအလင်းစက်လေးမှာ တဖျတ်ဖျတ် လင်းလက်လာပြီး အောက်ဘက်သို့ တဟုန်ထိုး ဆင်းသက်သွားသည်။ ဟန်လိကလည်း အောက်ဘက်သို့ ဆင်းသက်လာခဲ့စဥ် သူ၏ မျက်လုံးများအတွင်း၌ မန္တာန်အလင်းတန်းများ လင်းလက်လာ၏။ မြေပြင်သို့ ရောက်ရှိလာသည့်အခါ ထိုအလင်းစက်လေးမှာ ကြီးမားလှသော သစ်ပင်ကြီးတစ်ပင်ကို ပတ်ပတ်လည် ပျံသန်းပြီးနောက် ၎င်း၏ ပင်စည်အတွင်းသို့ စိမ့်ဝင်ပျောက်ကွယ်သွားတော့သည်။

ဟန်လိက ဤသည်ကို မြင်သောအခါ သစ်ပင်ကြီး၏အရှေ့တွင် ဆင်းသက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မန္တာန်အလင်းတန်းများမှာ ပျောက်ကွယ်သွားတော့၏။ သူက ထိုသစ်ပင်ကြီးကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် သူ၏ လက်ဝါးကို ပင်စည်ပေါ်သို့ တင်ကာ ဖိချလိုက်သည်။

ခပ်အုတ်အုတ် မြည်ဟိန်းသံတစ်ခုနှင့်အတူ သူ လက်ဝါးတင်ထားသော နေရာမှ စိမ်းလန်းသော မန္တာန်အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီးနောက် မိုးပြာရောင် အဆောင်လက်ဖွဲ့တစ်ခု ပျံသန်းထွက်ပေါ်လာ၏။ သူက ထိုအဆောင်လက်ဖွဲ့ကို လက်ချောင်းများဖြင့် အလျင်အမြန် ဖမ်းယူလိုက်ပြီး ပြုံးလျက် ကြည့်ရှုလိုက်ပြီးနောက် ကောင်းကင်ယံသို့ ပစ်တင်လိုက်တော့သည်။

ဝှစ်ခနဲ မြည်သံနှင့်အတူ ထိုအဆောင်လက်ဖွဲ့မှာ မီးတောက်များအဖြစ် အလိုလို ပြောင်းလဲသွားပြီး သွေးနီရောင် အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားချေ၏။

ယခုတစ်ကြိမ်တွင်မူ ဟန်လိက ရှေ့ဆက်မသွားသေးဘဲ မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးများကို မှိတ်လိုက်ပြီး လမ်းခရီးတွင် ကုန်ခမ်းခဲ့ရသော သူ၏ မန္တာန်စွမ်းအားများကို ပြန်လည်ဖြည့်တင်းနေတော့သည်။

သိပ်မကြာခင်မှာပင် တောအုပ်၏ အမည်မသိ ထောင့်စွန်းတစ်ခုဆီသို့ ထိုသွေးနီရောင် အလင်းတန်းမှာ ကျဆင်းသွားခဲ့ပြီ ဖြစ်၏။ သည့်နောက်တွင်မူ ကောင်းကင်ယံ၌ နောက်ထပ် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဟန်လိ ရှိရာဘက်သို့ တဟုန်ထိုး ပျံသန်းလာတော့သည်။

ထိုအလင်းတန်း မရောက်လာမီမှာပင် ဟန်လိက သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ၎င်း ချဉ်းကပ်လာသည်ကို တည်ငြိမ်စွာ စောင့်ကြည့်နေ၏။

ထိုအလင်းတန်းမှာ မကြာမီမှာပင် ရောက်ရှိလာပြီး ဟန်လိ၏ ပတ်ပတ်လည်တွင် တစ်ပတ် ပျံသန်းကာ သူ၏ အနီးအနားသို့ ဆင်းသက်လိုက်တော့သည်။ မြေပြင်သို့ ရောက်ရှိလာသည့်အခါ ထိုအလင်းတန်းမှာ ပျောက်ကွယ်သွားပြီးနောက် ကမ္ဘာမြေပြင်မှ မဟုတ်သည့်အလား ကျက်သရေရှိလှသော ဝတ်စုံဖြူနှင့် မိန်းမပျိုတစ်ဦး၏ ပုံရိပ် ပေါ်ထွက်လာချေ၏။

ဟန်လိက သူမကို တည်ငြိမ်စွာ ကြည့်ရှုလိုက်ပြီးနောက် ဆိုလိုက်သည်။

“ညီမ ခရမ်းဝိညာဉ်... မင်း ရောက်လာတာ အတော်လေး မြန်တာပဲ”

“မြန်တယ် ဟုတ်လား... ကျမ ဒီနေရာမှာ စောင့်နေတာ ရက်အတော်ကြာနေပြီရှင့်။ ဒီရက်တွေအတွင်းမှာ ကျင့်ကြံသူ အုပ်စု ခုနစ်စုလောက် တောအုပ်ကို ဖြတ်ပြီး ရှာဖွေသွားကြတာ။ အကြိမ်တိုင်းမှာ ကျမ တကယ်ပဲ စိုးရိမ်ထိတ်လန့်ခဲ့ရတာ။ တကယ်လို့ စီနီယာဟန်သာ ခုထက်ပိုပြီး နောက်ကျနေဦးမယ်ဆိုရင် ကျမ ဒီကနေ ထွက်ပြေးမိတော့မှာ သေချာတယ်” ခရမ်းဝိညာဉ်က သူမ၏ သာယာလှသော လေသံအတွင်း၌ မကျေမနပ်ဖြစ်နေဟန်ဖြင့် စကားဆိုရင်း ဟန်လိရှိရာသို့ ညင်သာစွာ လျှောက်လှမ်းလာခဲ့သည်။

ဟန်လိက ပြုံးလိုက်ပြီး ခရမ်းဝိညာဉ်၏ အပြစ်အနာဆာကင်းမဲ့လှသော မျက်နှာလေးကို စိုက်ကြည့်ကာ ဆိုလိုက်၏။ “ညီမ ခရမ်းဝိညာဉ်…နင်ရဲ့ အစစ်အမှန်ရုပ်သွင်ကို ဖော်ပြလိုက်တာ ကျုပ်ကို တကယ်ပဲ အံ့အားသင့်သွားစေတယ်။ မင်းရဲ့ ရုပ်ဖျက်အတတ်ပညာက အလွန်တရာ နက်နဲလှတယ်လို့ ကျုပ် ထင်ထားခဲ့တာ”

ခရမ်းဝိညာဉ်က နှုတ်ခမ်းလေးကို စူလိုက်ပြီး ချိုသာစွာ ဆိုလိုက်သည်။ “ကျမ ဒီချောက်ကမ်းပါးထဲကို ဝင်လာခဲ့စဥ်တုန်းက ရုပ်သွင်ကို ဖုံးကွယ်ဖို့ အဖိုးတန်ရတနာတစ်ခုကို သုံးခဲ့တာပါ။ ဒါပေမဲ့လည်း ချောက်ကမ်းပါးရဲ့ အတားအဆီးတွေက ကျမရဲ့ ရတနာကို အစွမ်းမဲ့သွားအောင် လုပ်ဆောင်ပစ်ခဲ့တာလေ။ ဒါ့ကြောင့် ကျမမှာ ကိုယ်ပိုင် အစစ်အမှန်ရုပ်သွင်နဲ့ပဲ နေထိုင်ဖို့ ရွေးချယ်စရာ ရှိတော့တာ။ ဘာလဲ... ကျမလို ရုပ်ဆိုးကြီးက စီနီယာဟန်ရဲ့ အမြင်ကို အနှောက်အယှက် ဖြစ်စေလို့လားရှင့်”

“နတ်သမီး ခရမ်းဝိညာဉ်က နောက်ပြောင်နေပြန်ပြီ”

ဟန်လိက ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် သူ၏ မျက်နှာမှာ ရုတ်တရက် လေးနက်သွားကာ ဆိုလိုက်၏။ “နောက်ပြောင်နေတာတွေကို ရပ်တန့်လိုက်ကြစို့။ ဒီနေရာက မင်း ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ အမှတ်အသား ရှိတဲ့နေရာ ဟုတ်ရဲ့လား”

ခရမ်းဝိညာဉ်ကလည်း သူမ၏ အပြုံးကို ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေသည်။ “မှန်ပါတယ်။ ဒါက ကျမတို့ ရှာဖွေတွေ့ရှိခဲ့တဲ့ ပထမဆုံးနေရာပါ။ အတိတ်တုန်းက 'တစ္ဆေဝိညာဉ်ဂိုဏ်း' က ကျင့်ကြံသူတွေ ချမှတ်ထားခဲ့တဲ့ အမှတ်အသားကတော့ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ပေမဲ့ ကျမအတွက်တော့ အဲ့တာကို ရှာဖွေဖို့ ပြဿနာ မရှိပါဘူးရှင့်”

ဟန်လိသည် သူမက တစ္ဆေဝိညာဉ်ဂိုဏ်းအကြောင်း ထုတ်ပြောလာသည်ကို ကြားရသည့်အခါ မျက်ခုံးကို ပင့်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်၏။ “အခြေအနေက အဲဒီလိုဆိုမှတော့... ကျုပ်တို့ တစ္ဆေဝိညာဉ်ဂိုဏ်းက တပည့်တွေရဲ့ နောက်ကိုပဲ လိုက်ကြတာပေါ့။ ဒါက ကျုပ်တို့အတွက် အချိန်အများကြီး ပိုမိုသက်သာစေလိမ့်မယ်”

“စီနီယာဟန် အမိန့်အတိုင်းပါပဲရှင့်။ လွန်ခဲ့တဲ့ တစ်လတုန်းက ကျမဟာ သတင်းအချက်အလက်ပေးခဲ့တဲ့ တစ္ဆေဝိညာဉ်ဂိုဏ်းက တပည့်တစ်ယောက်ရဲ့ ကိုယ်ပေါ်မှာ ကျမတို့ 'တေးသံသာဂိုဏ်း' ရဲ့ ထူးခြားလှတဲ့ ခြေရာခံအမွှေးနံ့သာတစ်ခုကို တိတ်တဆိတ် ချထားခဲ့ဖူးတယ်။ အဲ့ခြေရာခံအမွှေးနံ့သာက မန္တာန်စွမ်းအားတွေနဲ့ ပြုလုပ်ထားတာ မဟုတ်ဘဲ သာမန်မျက်စိနဲ့လည်း မမြင်နိုင်၊ အာရုံခံဖို့လည်း ခက်ခဲလှတဲ့ အမွှေးနံ့သာတစ်ခုပါ။ ၎င်းရဲ့ အစွမ်းက နှစ်လလောက်အထိ ခံနိုင်ရည်ရှိပြီး ၎င်းရဲ့ အကူအညီနဲ့ဆိုရင် တစ္ဆေဝိညာဉ်ဂိုဏ်းက တပည့်တွေ ဘယ်နေရာကိုပဲ သွားသွား ကျမတို့ အလွယ်တကူ လိုက်လံ ရှာဖွေနိုင်ပါတယ်ရှင့်”

“ဒါဆိုရင်တော့ ကျုပ် ညီမ ခရမ်းဝိညာဉ်ကိုပဲ လမ်းပြခိုင်းဖို့ ဒုက္ခပေးရတော့မှာပေါ့။ ကျုပ်တို့ အရင်ဦးစွာ တစ္ဆေဝိညာဉ်ဂိုဏ်းက တပည့်တွေကို ရှာဖွေပြီး သူတို့ ချမှတ်ထားခဲ့တဲ့ အမှတ်အသားတွေကို ကျော်ဖြတ်နိုင်မယ်ဆိုရင် 'ဝိညာဉ်မီးတောက်သစ်သီး' ဟာ ကျုပ်တို့ လက်ထဲကို ရောက်ရှိလာမှာ သေချာပါတယ်” ဟန်လိက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ထရပ်လိုက်တော့၏။

တောအုပ်ကြီးအတွင်းမှ ငွေရောင်အမြီးရှိသော ရှဉ့်ငယ်လေးတစ်ကောင်သည် ရုတ်တရက် ခုန်ထွက်လာပြီး ကောင်းကင်ယံသို့ ပျံတက်သွားသည်။ ၎င်းရှဉ့်ငယ်လေးသည် လေထုထဲရှိ အမွှေးနံ့သာများကို နမ်းရှူကြည့်ပြီးနောက် လမ်းကြောင်းတစ်ခုသို့ ဦးတည်ပျံသန်းသွားရာ သည့်နောက်တွင်မူ ဟန်လိနှင့် ခရမ်းဝိညာဉ်တို့သည် အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲကာ ၎င်းရှဉ့်ငယ်လေး၏ နောက်သို့ အနီးကပ် လိုက်ပါလာကြသည်။

All Chapters