အခန်း ၈၃၁
Vol. 60 Ch. 831
အပိုင်း ၈၃၁ - တောင်တန်းကို ပုံဖော်ခြင်း
"ကျုပ်ကတော့ ဒါ အောင်မြင်လိမ့်မယ်လို့ ကျိန်းသေပေါက် သေချာနေလို့ လုပ်တာပါ" ဟန်လိက ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ဆက်ပြောလိုက်၏။
"ဝိညာဉ်မီးတောက်သစ်သီးအတွက် မိန်းမပျို ခရမ်းဝိညာဉ်တစ်ယောက် ဘာအန္တရာယ်မှ မစွန့်စားချင်တော့ဘူးလား"
ခရမ်းဝိညာဉ်၏ ကြည်လင်သော မျက်ဝန်းများမှာ ခဏတာ လင်းလက်သွားပြီးနောက် သူမက ချိုသာစွာ ပြုံးလိုက်ပြီး ဆိုလိုက်၏။
"အစ်ကိုဟန်ရဲ့ စရိုက်ကို ကျွန်မ သိသလောက်ဆိုရင်တော့ လုံးဝ သေချာမှုမရှိဘဲနဲ့ အစ်ကိုဟန်က ဘာအန္တရာယ်မှ စွန့်စားမယ့်သူ မဟုတ်ပါဘူး။ ကြည့်ရတာ အစ်ကိုဟန်ဆီမှာ မမြင်နိုင်တဲ့ ဟင်းလင်းပြင်အက်ကြောင်းတွေကို ဖောက်ထွင်းမြင်နိုင်တဲ့ လျှို့ဝှက်နည်းစနစ်တစ်ခု ရှိနေပုံရတယ်။ ဒါကြောင့် ကျမလည်း အစ်ကိုဟန်ရဲ့ အကြံပြုချက်ကိုပဲ တရိုတသေ လိုက်နာပါ့မယ်" ထို့နောက် သူမ၏ ပုံရိပ်မှာ ဝိုးတဝါးဖြစ်သွားပြီး လေဟုန်စီးရထားလုံးပေါ်သို့ လှမ်းတက်လိုက်တော့သည်။
ဟန်လိသည် ထိုအမျိုးသမီးကို အနည်းငယ် အံ့အားသင့်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း စကားတစ်လုံးမျှ မဆိုဘဲ ရထားလုံးကို ရှေ့သို့ ချီတက်ရန် အမိန့်ပေးလိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရထားလုံးမှာ အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်ယံကို ခွင်းလျက် လမ်းကြောင်းအတိုင်း ပျံသန်းသွားတော့သည်။
ဟန်လိ တွက်ချက်ထားသည့်အတိုင်းဆိုလျှင် ဤခြောက်သွေ့သော မြေရိုင်းပြင်ကို ဖြတ်ကျော်ရန် နေ့တစ်ဝက်ခန့်သာ အချိန်ယူရမည်ဖြစ်ပြီး ထို့နောက်တွင် တစ္ဆေဝိညာဉ်ဂိုဏ်းသားများအဖွဲ့ကို အလွယ်တကူ မှီသွားပေလိမ့်မည်။ ဟန်လိနှင့် ခရမ်းဝိညာဉ်တို့ သူတို့နောက်သို့ နောက်ဆုံး၌ မှီသွားသောအခါ အကြီးအကဲကျုံး၏ အဖွဲ့မှာ ပြဿနာအချို့နှင့် ရင်ဆိုင်နေရသည်ကို တွေ့လိုက်ရ၏။ တစ္ဆေဝိညာဉ်ဂိုဏ်းသားတစ်ဦး၏ အမှားကြောင့် အနီးနားရှိ ရှေးဟောင်းတားမြစ်ချက်တစ်ခု အသက်ဝင်သွားခဲ့သဖြင့် သူတို့အားလုံးမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် အသည်းအသန် ဗျာများနေကြရခြင်း ဖြစ်သည်။
ဟန်လိ၏ အစွမ်းထက်လှသော စိတ်ဝိညာဉ်အာရုံနှင့် သတိကြီးမှုကြောင့် အကြီးအကဲကျုံးအနေဖြင့် သူတို့၏ ခြေရာလက်ရာကို လုံးဝ ရှာမတွေ့နိုင်ခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ဟန်လိကမူ သူ၏ အားကောင်းလှသော စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ တစ်ဖက်လူများ သတိမပြုမိစေဘဲ အဝေးကနေ တိတ်တဆိတ် စောင့်ကြည့်နေနိုင်စွမ်း ရှိပေသည်။
ထိုရှေးဟောင်းတားမြစ်ချက်မှ ထွက်ပေါ်နေသော ဝိညာဉ်ချီလှိုင်းများမှာ အလွန်တရာ ပြင်းထန်ခြင်းမရှိကြောင်း ဟန်လိ ရှင်းလင်းစွာ အာရုံခံမိလိုက်၏။ စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့် ရှိသော အကြီးအကဲကျုံး၏ စွမ်းရည်နှင့်ဆိုလျှင် တစ္ဆေဝိညာဉ်ဂိုဏ်း ကျင့်ကြံသူများသည် ထိုနေရာတွင် ကြာရှည်ပိတ်မိနေကြမည် မဟုတ်ပေ။
သို့သော်လည်း ဤခဏတာ နှောင့်နှေးမှုမှာ ဟန်လိအတွက်မူ သူတို့နှင့် အကွာအဝေးတစ်ခု ခွာနိုင်ရန် ရွှေရောင်အခွင့်အရေးကြီးတစ်ခု ဖြစ်ပေသည်။
ဟန်လိသည် လေဟုန်စီးရထားလုံးကို ရှေ့သို့ အရှိန်မြှင့်တင်လိုက်ပြီး စိတ်ကို တင်းကာ မူလလမ်းကြောင်းမှ ခွဲထွက်လိုက်တော့သည်။ မကြာမီမှာပင် သူသည် လမ်းခရီးတစ်လျှောက်ရှိ ဟင်းလင်းပြင်အက်ကြောင်း အချို့ကို အောင်မြင်စွာ ရှောင်တိမ်းနိုင်ခဲ့ပြီး တစ္ဆေဝိညာဉ်ဂိုဏ်း ကျင့်ကြံသူများကို နောက်တွင် ဝေးဝေးကြီး ချန်ထားရစ်ခဲ့ပြီ ဖြစ်သည်။ ခရမ်းဝိညာဉ်သည်လည်း သူ၏ ဘေးနားတွင် ရှိနေလျက် နှစ်ဦးသားမှာ မြစိမ်းရောင် တောင်တန်းတစ်ခုသို့ ရောက်ရှိလာကြ၏။ ဟန်လိသည် ၎င်းကို မြင်လိုက်ရသောအခါ စိတ်ထဲမှ လှုပ်ရှားသွားပြီး လေဟုန်စီးရထားလုံးကို ဖြည်းဖြည်းချင်း ရပ်တန့်ရန် အမိန့်ပေးလိုက်တော့သည်။
"ဒီနေရာပဲ ဖြစ်ရမယ်။ ဟိုမှာ ပျံသန်းနေတဲ့ ငှက်တစ်ကောင်နဲ့ ဆင်တူတဲ့ တောင်ကို မြင်ရလား... အဲဒါ အမှတ်အသားပဲ" ခရမ်းဝိညာဉ်က ထိုတောင်တန်းများကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားနေသော လေသံဖြင့် ဆိုလိုက်၏။ ထိုအချိန်မှာပင် သူမသည် ဟန်လိရှိရာဘက်သို့ မသိမသာ လှမ်းကြည့်မိလိုက်သည်။
အမှန်အတိုင်း ပြောရလျှင် ခရမ်းဝိညာဉ်သည် ဟန်လိအပေါ် အပြည့်အဝ ယုံကြည်မှု ရှိပါသည်ဟု ဆိုသော်လည်း လေဟုန်စီးရထားလုံးမှာ လျှပ်စီးကဲ့သို့ ပြင်းထန်သော အရှိန်ဖြင့် ပျံသန်းနေခဲ့စဥ်က သူမ၏ ရင်ထဲ၌ ထိတ်လန့်မှုအချို့ ရှိနေခဲ့သည်မှာ အမှန်ပင်။ သို့သော် ဟန်လိ ရွေးချယ်ခဲ့သော လမ်းကြောင်းမှာ လုံးဝ ဘေးကင်းနေခြင်းက သူမကို အံ့ဩသွားစေခဲ့သည်။ သူတို့သည် လမ်းခရီးတစ်လျှောက်ရှိ မည်သည့် ဟင်းလင်းပြင်အက်ကြောင်း သို့မဟုတ် ရှေးဟောင်းတားမြစ်ချက်ကိုမဆို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့ကြသည် မဟုတ်လား။
သူမ လုံးဝ မသိနိုင်သည်မှာ ဟန်လိကိုယ်တိုင်လည်း သူ၏ ကံကောင်းမှုအပေါ် စိတ်ထဲမှ သက်ပြင်းချနေမိခြင်း ဖြစ်သည်။ သူသည် ကြည်လင်အာရုံ ဝိညာဉ်မျက်စိ ဖြင့် ဟင်းလင်းပြင်အက်ကြောင်းများကို ရှင်းလင်းစွာ ဖောက်ထွင်းမြင်နိုင်ခဲ့သော်လည်း လမ်းခရီးတစ်လျှောက် မည်သည့် ရှေးဟောင်းတားမြစ်ချက်ကိုမျှ မတော်တဆ အသက်မဝင်စေခဲ့ခြင်းမှာ အမှန်တကယ်ပင် ကံကောင်းလှပေသည်။
ထိုသို့ တွေးတောရင်း ဟန်လိသည် မျက်လုံးများကို မှေးလိုက်ကာ အဝေးတစ်နေရာရှိ ထူးဆန်းသော တောင်ကြီးကို စူးစိုက်ကြည့်နေမိ၏။
ငှက်နှုတ်သီး ညွှန်ပြနေသော လားရာမှာ ဝိညာဉ်မီးတောက်သစ်သီး ဆီသို့ ဦးတည်မည့် နောက်ဆုံး အမှတ်အသား ရှိရာ နေရာ ဖြစ်ရပေမည်။
ခရမ်းဝိညာဉ် စောင့်ဆိုင်းနေစဥ်အတွင်း ဟန်လိမှာ အတွေးထဲ နစ်မြောနေသည်ကို သူမ မြင်လိုက်ရသဖြင့် ချီတုံချတုံဖြင့်ပင် အကြံပြုလိုက်၏။ "အစ်ကိုဟန်... ကျမတို့ အခုချက်ခြင်း မထွက်ခွာကြသေးဘူးလား။ မထွက်ခင်မှာ ဒီတောင်ကြီးကို အရင်ဆုံး ဖျက်ဆီးပစ်လိုက်ရင် ဘယ်လိုလဲ"
"ကျောက်စိမ်းပြား ထဲက မှတ်တမ်းအရဆိုရင်တော့ နောက်ဆုံးအမှတ်အသား ရှိတဲ့ နေရာဟာ ဒီတောင်ကြီးနဲ့ မိုင်သုံးရာဝန်းကျင်လောက် ဝေးတဲ့ သဲကန္တာရထဲမှာ ရှိရမှာ။ ဟုတ်တယ်မလား"
"မှန်ပါတယ်... ဒါပေမဲ့ အစ်ကိုဟန် ဘာကို ဆိုလိုတာလဲ"
ဟန်လိက တည်ငြိမ်စွာပင် ဆိုလိုက်၏။ "ဒါက အလွန်ပဲ ရိုးရှင်းပါတယ်။ ကျုပ်တို့က ဒီတောင်ကြီးကို ဖျက်ဆီးပစ်လိုက်ရင်တောင် သူတို့ ရောက်လာတဲ့အခါ ဒါဟာ မကြာသေးခင်ကမှ ဖျက်ဆီးခံထားရတာမှန်း ရိပ်မိသွားကြမှာပဲ။ အဲဒီအခါကျရင် ဒီနေရာဟာ အမှတ်အသား ရှိခဲ့တဲ့နေရာမှန်း သူတို့ သိသွားကြလိမ့်မယ်။ ဒါ့အပြင် နောက်ဆုံးနေရာကလည်း အနီးနားက သဲကန္တာရပဲ ဖြစ်နေတော့ သူတို့ ရှာတွေ့ဖို့ဆိုတာ အချိန်တစ်ခုပဲ လိုပါလိမ့်မယ်။ ကျုပ်တို့အတွက် အချိန်ပိုရစေမယ့် တစ်ခုတည်းသော နည်းလမ်းကတော့ ဒီတောင်ကြီးတစ်ခုလုံးကို သာမန်တောင်တစ်ခုအလား ထင်မှတ်ရစေအောင် ပုံရိပ်ယောင်အစီအရင်တစ်ခုနဲ့ တိတ်တဆိတ် ဖုံးကွယ်ထားလိုက်ဖို့ပါပဲ။ အဲဒီအခါကျရင် သူတို့က ဒီအမှတ်အသားကို သတိမပြုမိဘဲ ကျော်သွားကြပါလိမ့်မယ်"
"အစ်ကိုဟန် ပြောတာ အတော်လေး ကျိုးကြောင်းဆီလျော်ပါတယ်။ ဒါပေမဲ့ တောင်တစ်ခုလုံးကို ဖုံးကွယ်နိုင်လောက်အောင် ကြီးမားပြီး စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ စိတ်ဝိညာဉ်အာရုံကနေပါ လွတ်မြောက်နိုင်လောက်အောင် အစွမ်းထက်တဲ့ ပုံရိပ်ယောင်အစီအရင်တစ်ခုကို ချထားဖို့ဆိုတာကတော့ ပြဿနာပဲ။ ကြည့်ရတာ အစ်ကိုဟန်က ပုံရိပ်ယောင်အတတ်ပညာမှာပါ ဆရာတစ်ဆူ ဖြစ်နေတာများလား" ခရမ်းဝိညာဉ်က သူမ၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် မေးလိုက်၏။
ဟန်လိက ခပ်ဖွဖွ ရယ်မောလိုက်ပြီး ဆိုလိုက်သည်။ "ကျုပ်ကတော့ ပုံရိပ်ယောင်အတတ်ပညာမှာ မကျွမ်းကျင်ပါဘူး... ဒါပေမဲ့ ကျုပ်ဆီမှာ ကျွမ်းကျင်တဲ့သူ တစ်ယောက် ရှိတယ်လေ"
ထို့နောက် သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ သူ၏ လက်အင်္ကျီအတွင်းမှ အဖြူရောင် အလင်းတန်းတစ်ခု ပျံသန်းထွက်သွားတော့သည်။ စူးရှတောက်ပသော အလင်းရောင်များနှင့်အတူ လှပသော ဝတ်စုံဖြူနှင့် အမျိုးသမီးတစ်ဦး ပေါ်ထွက်လာ၏။
"သခင်ကို ဂါရဝပြုပါတယ်"
ငွေရောင်လသည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဟန်လိထံသို့ တရိုတသေ ဦးညွှတ်နှုတ်ဆက်လိုက်တော့သည်။
"သူမက ဘယ်သူလဲ..." ခရမ်းဝိညာဉ်သည် ငွေရောင်လ ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ထိတ်လန့်တကြားဖြင့် မအော်မိဘဲ မနေနိုင် ဖြစ်သွားရ၏။
"သူမက ငွေရောင်လပါ... သူမကို ကျုပ်ရဲ့ လက်အောက်ခံတစ်ယောက်လို့ပဲ မှတ်ယူလိုက်ပါ။"
ဟန်လိက မရေမရာဖြစ်သော အဖြေတစ်ခုကို ပေးလိုက်ပြီးနောက် တောင်ကြီးရှိရာဘက်သို့ လက်ညွှန်ကာ ဆက်ပြောလိုက်၏။ "ငွေရောင်လ... မင်းအနေနဲ့ အချိန်တိုအတွင်းမှာ ဒီတောင်ကြီးရဲ့ ပတ်ပတ်လည်ကို ပုံရိပ်ယောင်အစီအရင်တစ်ခုနဲ့ ဖုံးကွယ်ထားနိုင်မယ့် နည်းလမ်း ရှိလား"
ငွေရောင်လက ရိုသေသမှုဖြင့် ပြန်ဖြေလိုက်၏။ "သခင်ရဲ့ ပုံရိပ်ယောင်အစီအရင်ပစ္စည်းတွေနဲ့ ကျမရဲ့ ပုံရိပ်ယောင်အတတ်ပညာကို ပေါင်းစပ်လိုက်ရင်တော့ ဒါက ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျမရဲ့ ပုံရိပ်ယောင်တွေက စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ စိတ်ဝိညာဉ်အာရုံကနေ လုံးဝဥဿုံ လွတ်မြောက်နိုင်လောက်အောင်တော့ အစွမ်းမထက်သေးပါဘူး။ ဒါ့အပြင် ကျမရဲ့ ပုံရိပ်ယောင်အတတ်ပညာက မန္တာန်အစီအရင်တစ်ခုလောက် ကြာရှည်ခံမှာ မဟုတ်ပါဘူး။ အများဆုံး ခံမှ နှစ်ရက်ပဲ ခံပါလိမ့်မယ်... အဲဒီနောက်မှာတော့ တဖြည်းဖြည်း မှိန်ဖျော့ ပျောက်ကွယ်သွားမှာပါ"
ခဏတာ တွေးတောပြီးနောက် ဟန်လိသည် သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး တောက်ပနေသော မန္တာန်အစီအရင်ပစ္စည်း နှစ်စုံကို ထုတ်ယူလိုက်၏။ ထို့နောက် ၎င်းတို့ကို ငွေရောင်လထံသို့ ကမ်းပေးလိုက်ရင်း ဆိုလိုက်သည်။ "ဒါဆိုရင် ရပါပြီ... အခုပဲ စပြီး ချလိုက်တော့။ အစွမ်းက ဘယ်လောက်ပဲ ရှိရှိ ပြဿနာမရှိပါဘူး... နှစ်ရက်ဆိုရင် ကျုပ်တို့အတွက် လုံလောက်ပါတယ်"
"ဟုတ်ကဲ့ပါ... သခင်" ငွေရောင်လသည် မန္တာန်အစီအရင်ပစ္စည်းများကို လက်ခံရယူလိုက်ပြီးနောက် သူမ၏ အလုပ်ကို ချက်ခြင်း စတင်တော့သည်။
ထိုအခိုက်အတန့်တွင် ဟန်လိသည် ငှက်ပုံသဏ္ဌာန်ရှိသော တောင်ကြီးကို စိုက်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများအတွင်း၌ အေးစက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွား၏။ သူ၏ လက်များကို ပွတ်သပ်လိုက်ပြီးနောက် လက်တစ်ဖက်ကို မြှောက်ကာ ကိုက်တစ်ရာခန့် ရှည်လျားသော မြစိမ်းရောင် ဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။ ၎င်းမှာ ရေနဂါးတစ်ကောင်အလား အသွင်ပြောင်းလဲသွားပြီး တောင်ကြီးကို တစ်ပတ် ရစ်ပတ်ကာ ဟိန်းဟောက်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့၏။
ငှက်ပုံသဏ္ဌာန်ရှိသော တောင်ကြီးမှာ ရုတ်တရက်ပင် ပြိုလဲပျက်စီးလာတော့သည်။ ငှက်ဦးခေါင်းနှင့် အတောင်ပံများမှာ ချက်ချင်းပင် အပိုင်းပိုင်းပြတ်ကာ ကျောက်ခဲပုံကြီးများအဖြစ် လဲပြိုကျသွားသဖြင့် တောင်ကြီးမှာ သာမန်တောင်တစ်လုံး၏ ပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားတော့၏။
ခရမ်းဝိညာဉ်သည် ထိုတောင်ကြီးကို ကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့် မှင်သက်သွားရတော့သည်။ မိမိ၏ စွမ်းရည်မှာ ဟန်လိနှင့် ယှဉ်နိုင်စရာ မရှိကြောင်း သိထားသော်ငြားလည်း သူသည် မည်သည့် မှော်ရတနာကိုမျှ ဆင့်ခေါ်ခြင်းမပြုဘဲ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်သုံးနိုင်စွမ်း ရှိသည်ကို ကိုယ်တိုင် မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားမိသည်မှာ အမှန်ပင်။
ဟန်လိ၏ အစွမ်းမှာ ကောင်းကင်တောင်ပိုင်းလောက၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူကြီး သုံးဦးပြီးလျှင် အခြားသူများထက် သာလွန်သည်ဟူသော ကောလဟလများကို ကြားဖူးသော်လည်း ခရမ်းဝိညာဉ်အနေဖြင့် ၎င်းအပေါ် အမြဲတမ်း သံသယ ရှိခဲ့ဖူးသည်။ တကယ်တော့ နှစ်များစွာမကြာသေးမီကအထိ ဟန်လိမှာ သူမကဲ့သို့ပင် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ခဲ့သည် မဟုတ်လား။ စဦးစိတ်ဝိညာဉ်အဆင့်သို့ ဝင်ရောက်ပြီး သိပ်မကြာခင်မှာပင် ဤမျှ ကျော်ကြားလှသော ဂုဏ်သတင်းကို ရရှိနိုင်ခြင်းမှာ သူမအတွက်တော့ ယုံရခက်ခဲလှပေသည်။ သူမသည် မူလက ဟန်လိ၏ ဂုဏ်သတင်းမှာ ကံကောင်းခြင်းနှင့် အခွင့်အရေးကို ကွက်စတိ အသုံးချတတ်ခြင်းကြောင့်သာ ဖြစ်လိမ့်မည်ဟု ယူဆထားခဲ့ခြင်း ဖြစ်သည်။
ခရမ်းဝိညာဉ်တစ်ဦး ဟန်လိ၏ စွမ်းအားကြောင့် အံ့ဩမှင်သက်နေစဥ်အတွင်း ငွေရောင်လမှာမူ ပုံဖော်ထားသော တောင်ကြီးရှိရာသို့ ပျံသန်းသွားပြီး မန္တာန်အစီအရင်ပစ္စည်းများကို စတင် နေရာချနေခဲ့ပြီ ဖြစ်သည်။
ငွေရောင်လ၏ လှုပ်ရှားမှုများမှာ အလွန်ပင် သွက်လက်လှသဖြင့် ထမင်းအိုးတစ်နပ်စာခန့် အချိန်အတွင်းမှာပင် ပြီးစီးသွားတော့၏။ အဖြူရောင် မြူခိုးအလွှာများမှာ တောင်ကြီးပေါ်တွင် တရွေ့ရွေ့ မြင့်တက်လာပြီး ၎င်း၏ အစိတ်အပိုင်းအများစုကို ဖုံးလွှမ်းသွားတော့သည်။ တောင်ထိပ်ပိုင်းတစ်ခုတည်းသာ အပြင်သို့ ပေါ်နေခဲ့၏။
ဤသည်ကို လုပ်ဆောင်ပြီးနောက် ငွေရောင်လသည် ငွေဖြူရောင် အလင်းလုံးတစ်ခုအဖြစ် တောင်ထိပ်ရှိရာသို့ ပျံသန်းသွားပြီး ပါးစပ်ကို ဖွင့်ကာ ပန်းရောင် မြူခိုးအလွှာတစ်ခုကို အောက်ရှိ တောင်ကြီးပေါ်သို့ မှုတ်ထုတ်လိုက်တော့သည်။
ငွေရောင်လက တောင်ကြီးတစ်ခုလုံးကို မြူခိုးများဖြင့် ဆက်လက်ဖုံးလွှမ်းလိုက်သောအခါ ထိုမြူခိုးများမှာ သူမ၏ ပါးစပ်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။ မကြာမီမှာပင် အလွန်တရာ အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပွားလာတော့၏။
တောင်ကြီး၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လိမ်ယှက်လှုပ်ရှားသွားပြီး ၎င်းတောင်ကြီးမှာ သဲလွန်စမရှိ လုံးဝ ပျောက်ကွယ်သွားကာ ၎င်း၏ နေရာတွင် စိမ်းလန်းစိုပြေသော တောအုပ်ကြီးတစ်ခုဖြင့် အစားထိုး ဝင်ရောက်သွားတော့သည်။
ဟန်လိက ဤသည်ကို မြင်သောအခါ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
မိုင်ပေါင်းများစွာ ဝေးကွာလှသော မြေအောက်ခန်းမကြီးတစ်ခုအတွင်း မြို့စားကြီးနန်းလုံနှင့် လူဝေယင်း တို့မှာ ခန်းမ၏ သီးခြားထောင့်တစ်ခုစီတွင် တင်ပလ္လင်ခွေ ထိုင်နေကြသည်။ သူတို့နှစ်ဦးမှာ မိမိတို့၏ မှော်ရတနာများကို ထိန်းချုပ်ကာ အရှိန်အဝါ မှိန်ဖျော့နေပြီဖြစ်သော တောက်ပလှသည့် မှော်ရတနာအကာအကွယ်ကို မနားတမ်း ပြင်းထန်စွာ တိုက်ခိုက်နေကြခြင်း ဖြစ်ပေသည်။
အတားအဆီးပေါ်တွင် ပျံဝဲနေသော ဗုဒ္ဓစာလုံးများမှာ မူလက ဆန်စေ့အရွယ်အစားမျှသာ ရှိသော်လည်း ယခုအခါတွင်မူ လက်သီးဆုပ်ခန့်အထိ ကြီးမားလာခဲ့ကြပြီ ဖြစ်သည်။ ၎င်းတို့သည် အတားအဆီး၏ မျက်နှာပြင်ပေါ်တွင် တည်တည်ငြိမ်ငြိမ် လှည့်ပတ် လှုပ်ရှားနေကြ၏။
ရွှေရောင်အတားအဆီး၏ အပြင်ဘက်တွင် အဖြူရောင် လေနဂါးတစ်ကောင်၊ ရွှေရောင်အလင်းတန်းတစ်ခု၊ မိုးပြာရောင် ရေနဂါးနှစ်ကောင်နှင့် စိမ်းပုပ်ရောင် လက်စွပ်တစ်ခုတို့မှာ အလင်းအတားအဆီး၏ မျက်နှာပြင်ကို အဆက်မပြတ် ဆက်တိုက် တိုက်ခိုက်နေကြသည်။ တိုက်ခိုက်မှုတိုင်းတွင် ထိုမှော်ရတနာအကာအကွယ်မှာ အလင်းတန်းများ လင်းလက်သွားပြီးနောက် မသိမသာ တုန်ခါသွားရစမြဲပင်။
ယခုအချိန်တွင် မြို့စားကြီးနန်းလုံနှင့် လူဝေယင်း တို့၏ မျက်နှာများမှာ သေလောက်အောင် ဖြူလျော်နေခဲ့ကြပြီ ဖြစ်သည်။
ဤသည်မှာလည်း ဖြစ်သင့်ပေသည်။ သူတို့နှစ်ဦးမှာ မိမိတို့၏ မှော်စွမ်းအားများကို မပြတ်တမ်း ဆက်တိုက် သုံးစွဲနေခဲ့ရုံတင်မကဘဲ သူတို့၏ အသက်ဓာတ်များကိုပါ ကုန်ခမ်းစေလျက် မှော်ရတနာများဖြင့် အားသွန်ခွန်စိုက် တိုက်ခိုက်နေကြရခြင်း ဖြစ်ပေသည်။ သူတို့သည် စိတ်ထဲမှနေ၍ အရဟတ္တကာကွယ်ရေးအစီအရင်၏ အလွန်တရာ မာကြောလှသော ခံနိုင်ရည်အပေါ် ကျိန်ဆဲနေကြမိပြီ ဖြစ်သည်။ ဤဗုဒ္မန္တာန်အစီအရင်ကို ဖျက်ဆီးနိုင်ရန်အတွက် သူတို့၏ အသက်များကိုပင် ရင်းရလိမ့်မည်ဟု ပြောလျှင် အလွန်အကျွံ ဖြစ်မည်မဟုတ်ပေ။
သူတို့နှစ်ဦးစလုံးမှာ သူတို့၏ အသက်ဓာတ်များ အကြီးအကျယ် ထိခိုက်ခဲ့ရသော်လည်း အတားအဆီးမှာလည်း ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။ သို့ဖြစ်၍ သူတို့နှစ်ဦးမှာ အံကို တင်းတင်းကြိတ်ကာ စိတ်ထဲမှ ဆဲရေးရင်း ဆက်လက်၍ မဆုတ်မနစ် ကြိုးစားအားထုတ်နေကြတော့သည်။
အချိန်မည်မျှ ကုန်လွန်သွားသည်မသိရဘဲ ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာတော့သည်။ ထိုခဏချင်းမှာပင် လူဝေယင်းသည် ချက်ခြင်း ထရပ်လိုက်ပြီး ဝမ်းမြောက်ဝမ်းသာဖြင့် အော်ဟစ်လိုက်မိ၏။
"ပျက်စီးသွားပြီ... ပျက်စီးသွားပြီ... နောက်ဆုံးတော့ ကျုပ်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အရာထင်ခဲ့ပြီ"
စားပွဲကြီးကို ဖုံးအုပ်ထားသော ရွှေရောင်အတားအဆီးမှာ ၎င်း၏ပတ်လည်တွင် ပျံဝဲနေသော မန္တာန်စာလုံးများနှင့်အတူ ချက်ခြင်း ကွယ်ပျောက်သွားတော့သည်။
မြို့စားကြီးနန်းလုံသည် ဤသည်ကို မြင်လိုက်ရသောအခါ သူသည်လည်း စိတ်လှုပ်ရှားစွာဖြင့် အလွန်ပင် ဝမ်းမြောက်သွားရတော့သည်။ ထို့နောက် သူတို့နှစ်ဦးစလုံးမှာ အတားအဆီး၏ အနောက်ကွယ်တွင် ရှိနေသော ရတနာများနှင့် ဆေးဝါးများကို သေသေချာချာ စိုက်ကြည့်နေမိသည်။
သူတို့နှစ်ဦးစလုံးမှာ အလွန်ပင် ကောက်ကျစ်ပြီး ပါးနပ်လှသော သူများ ဖြစ်ကြသဖြင့် သူတို့၏ နှလုံးခုန်သံများ ရုတ်တရက် မြန်ဆန်လာခဲ့သော်ငြားလည်း မည်သူမျှ ရတနာများကို ချက်ခြင်းလက်ငင်း လှမ်းယူရန် လှုပ်ရှားခြင်း မပြုကြသေးဘဲ အပြန်အလှန် သတိထားကာ အကဲခတ်နေကြသည်။