အခန်း ၈၃၃
Vol. 60 Ch. 833
အပိုင်း ၈၃၃ - ဝိညာဉ်များကို ဝါးမြိုခြင်း
"မဆိုးဘူး... တကယ့်ကို မဆိုးဘူး။ ဒီမိစ္ဆာအသွင်ပြောင်းထားတဲ့ ခန္ဓာကိုယ်က ကျုပ်ရဲ့ မူလခန္ဓာကိုယ်ကို မမှီဘူးဆိုပေမဲ့ မင်းဟာ စောစောက တိုက်ချက်ကို တောင့်ခံနိုင်တာ ကြည့်ရင် အတော်လေး စွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်။ ကျုပ် မင်းကို သွေးစတေးခံအဖြစ် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါ့မယ်"
မြို့စားကြီးနန်းလုံ၏ ခန္ဓာကိုယ်ပါးစပ်မှ အော်ဂလီဆန်ဖွယ် အေးစက်စက် အသံကြီး တစ်ခု ထွက်ပေါ်လာတော့သည်။
သူ၏ မျက်နှာပတ်ပတ်လည်ရှိ အနက်ရောင် မိစ္ဆာချီများမှာ ပိုမို၍ သိပ်သည်းလာပြီး သူ၏ ငွေဖြူရောင် မျက်လုံးအစုံမှာ လူဝေယင်းကို သေလူတစ်ယောက်အလား အေးစက်စွာ စိုက်ကြည့်နေ၏။ လူဝေယင်းသည် သူ၏ ရင်ထဲ၌ သွေးများ အေးခဲသွားမတတ် ထိတ်လန့်တုန်ရင်မှုကို ခံစားလိုက်ရတော့သည်။
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မြို့စားကြီးနန်းလုံ၏ ခန္ဓာကိုယ်မှာ ဝေဝါးသွားပြီး လူဝေယင်းရှိရာသို့ တဟုန်ထိုး ပျံသန်းဝင်ရောက်လာရာ သူ၏နောက်တွင် ပုံရိပ်ယောင်များစွာ ကျန်ရစ်ခဲ့၏။
လူဝေယင်းသည် သူ၏ ရင်ထဲ၌ အကြောက်တရားများ ကြီးစွာ လွှမ်းမိုးသွားတော့သည်။ သူသည် ကျောက်နံရံထဲမှ အပြင်သို့ အလျင်အမြန် ရုန်းထွက်ရန် ကြံစည်လိုက်သော်လည်း မြို့စားကြီးနန်းလုံ၏ အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လှသဖြင့် သူ့တွင် အချိန်အလုံအလောက် မရှိခဲ့ချေ။ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာခွန်အားများနှင့်အတူ အနက်ရောင် မိစ္ဆာချီများ ဖုံးလွှမ်းနေသော တစ္ဆေလက်သည်းကြီးများမှာ လူဝေယင်း၏ ဦးခေါင်းခွံထံသို့ ရက်စက်စွာ ထိုးစိုက်ဝင်ရောက်လာခဲ့ပြီ ဖြစ်၏။
ဤမျှ အသက်ဘေးနှင့် ကြုံတွေ့ရသောအခါ လူဝေယင်းသည် အံကို တင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက် ချက်ခြင်းချလိုက်ပြီး သူ၏ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတန်းများ ပေါက်ကွဲထွက်စေလျက် သူ၏ မန္တာန်စွမ်းအား အားလုံးကို မဟာယန်ပုဝါ အတွင်းသို့ အစွမ်းကုန် ပို့လွှတ်လိုက်တော့သည်။ ထိုခဏချင်းမှာပင် နီရဲသော အလင်းအတားအဆီးမှာ ခြောက်လက်မခန့်အထိ အရှိန်အဟုန်ဖြင့် ပိုမိုထူထဲ ကျယ်ပြန့်သွားတော့၏။ ထို့နောက်တွင်မူ 'မြို့စားကြီးနန်းလုံ' သည် မည်သည့်စိတ်ခံစားချက်မျှမပါသော မျက်လုံးများဖြင့် သူ၏ ကြောက်မက်ဖွယ် တစ္ဆေလက်သည်းများကို အလင်းအတားအဆီးပေါ်သို့ ပြင်းထန်စွာ ထိုးစိုက်လိုက်လေတော့သည်။
ထူးဆန်းသော ကွဲအက်သံတစ်ခု ထွက်ပေါ်လာပြီး လူဝေယင်း၏ မျက်စိရှေ့တွင် စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်သွားတော့၏။ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာလက်သည်းကြီးမှာ သူ၏ အလင်းအတားအဆီးကို ထိုးဖောက်ဝင်ရောက်လာပြီးမှ နောက်ဆုံး၌ ရပ်တန့်သွားသည်ကို သူ ထိတ်လန့်တကြားဖြင့် မြင်လိုက်ရသည်။ လူဝေယင်းသည် ဤသည်ကို မြင်ရသောအခါမှ စိတ်အေးသွားပြီး သူ၏ တည်ငြိမ်မှုကို အနည်းငယ် ပြန်လည်ရရှိသွားတော့၏။ ထို့နောက် သံမဏိကဲ့သို့ မာကြောလှသော ကျောက်နံရံကြီးထဲမှ ရုန်းထွက်နိုင်ရန်အတွက် သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဝိညာဉ်အလင်းတန်းများကို နောက်တစ်ကြိမ် ထပ်မံ၍ လင်းလက်စေပြန်သည်။
'မြို့စားကြီးနန်းလုံ' သည် ဤသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ပေါ်လာ၏။ ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ သူ၏ အားနေသော အခြားလက်တစ်ဖက်ဖြင့် နီရဲသော အလင်းအတားအဆီးကို ပြင်းထန်စွာ ထပ်မံ ထိုးနှက်တိုက်ခိုက်လိုက်ပြန်သည်။
ထိုခဏ၌ လူဝေယင်း သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ဝိညာဉ်အလင်းတန်း အများစုမှာ အမည်မသိ အကြောင်းရင်းတစ်ခုကြောင့် ရုတ်တရက် ပြန့်ကြဲ ပျောက်ကွယ်သွား၏။ လူဝေယင်း မည်သည်တို့ ဖြစ်ပျက်သွားသည်ကို သေချာ မသိရသေးမီမှာပင် 'မြို့စားကြီးနန်းလုံ' သည် အလင်းအတားအဆီးအတွင်း ကျပ်ညပ်နေသော သူ၏လက်မောင်းကို အတင်းအကြပ် ပြန်လည်ဆွဲထုတ်လိုက်ပြီး သူ၏ အားနေသော လက်ဖြင့် အလင်းအတားအဆီးကို အားကုန်သုံး၍ မနားတမ်း ဆက်တိုက် ထိုးနှက်တိုက်ခိုက်လိုက်ပြန်သည်။
အလင်းအတားအဆီးမှာ ပြင်းထန်စွာ လှုပ်ခါသွားပြီး လူဝေယင်း ချခင်းထားခဲ့သော ကျန်ရှိနေသေးသည့် ဝိညာဉ်အလင်းတန်းများ အားလုံးကို လုံးဝ ဖျက်ဆီးပစ်လိုက်တော့၏။ ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်မှာ ကျောက်နံရံကြီး၏ အတွင်းပိုင်းထဲသို့ လက်မအနည်းငယ်မျှ ပိုမိုနက်ရှိုင်းစွာ မြုပ်ဝင်သွားရပြန်သည်။
'မကောင်းတော့ဘူး' လူဝေယင်းသည် အခြေအနေမှာ ဆိုးဝါးပြီမှန်း ချက်ခြင်း သဘောပေါက်သွားပြီး သူ၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပျက်ယွင်းသွားရတော့၏။ သူသည် လက်ထဲရှိ အဖြူရောင် မန္တာန်အလံကို အလျင်အမြန် ဝှေ့ယမ်းလိုက်ပြီး ၎င်း၏ စွမ်းအားကို အသက်သွင်းရန် ကြိုးစားလိုက်သည်။
သို့သော်လည်း 'မြို့စားကြီးနန်းလုံ' သည် သူ၏ လက်သီးချက်များကို စနစ်တကျဖြင့် မနားတမ်း ဆက်တိုက် ထိုးနှက်နေခြင်းကြောင့် လူဝေယင်းအား မန္တာန်အလံ၏ စွမ်းအားကို အသက်သွင်းနိုင်မည့် အခွင့်အရေးကို လုံးဝ မပေးခဲ့ချေ။ သူက အလံအတွင်းသို့ ဝိညာဉ်ချီစွမ်းအင်များ ပို့လွှတ်ရန် ကြိုးစားလိုက်တိုင်း ပြင်းထန်သော တိုက်ခိုက်မှုများက သူ့ကို အတင်းအကြပ် အဆက်မပြတ် နှောင့်ယှက်ပိတ်ဆို့နေခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် တစ်ချက်ချင်းစီ ကျရောက်လာသော တိုက်ခိုက်မှုများမှာ ပိုမို၍ မြန်ဆန်လာပြီး ခွန်အားမှာလည်း ပိုမိုပြင်းထန်လာသဖြင့် ကျောက်နံရံကြီးတစ်ခုလုံးမှာ အဆက်မပြတ် တုန်ခါနေတော့၏။
လူဝေယင်းသည် ဆန်းကြယ်လှသော လျှို့ဝှက်အတတ်ပညာတစ်ခုကို အသုံးပြုရန် ကြံစည်လိုက်သော်လည်း ၎င်းကို အသက်သွင်းရန် ကြိုးစားလိုက်သည့် ခဏမှာပင် သူ၏ မန္တာန်စွမ်းအား ထက်ဝက်ကျော်မှာ အလိုအလျောက် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။
ရလဒ်အနေဖြင့် လူဝေယင်းသည် သူ၏ စွမ်းရည်များကို လုံးဝ အသုံးမပြုနိုင်တော့ဘဲ ကျောက်နံရံကြီး၏ အတွင်း၌သာ အကူအညီမဲ့စွာဖြင့် ပိတ်မိနေရ၏။ သူသည် မိမိ၏ ပတ်ပတ်လည်ရှိ နီရဲသော အလင်းအတားအဆီးမှာ တဖြည်းဖြည်းနှင့် ပိုမို မှိန်ဖျော့လာသည်ကို စိတ်ပျက်လက်ပျက်ဖြင့်သာ ငေးစိုက်ကြည့်နေရုံ ရှိတော့သည်။
လူဝေယင်းသည် 'မြို့စားကြီးနန်းလုံ' ၏ အကြည့်နှင့် ဆုံမိလိုက်သောအခါ သူ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားရ၏။ သူ၏ အဖိုးတန်ရတနာမှာ အချိန်မရွေး ပျက်စီးသွားတော့မည်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်မှာလည်း အသားမှုန့်အဖြစ် အမှုန့်ခြေပစ်ခြင်း ခံရတော့မည်မှာ အချိန်တစ်ခုသာ လိုတော့သည် မဟုတ်လား။
ထိုသို့ တွေးတောမိပြီး လူဝေယင်းသည် အံကို တင်းတင်းကြိတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။ သူ၏ ဦးခေါင်းထက်မှ အဖြူရောင်အလင်းတန်းများ လင်းလက်သွားပြီးနောက် သူ၏ ရုပ်သွင်နှင့် တစ်ပုံစံတည်း တူညီလှသော စဦးစိတ်ဝိညာဉ် တစ်ခု ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာ၏။ ၎င်း၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်နေသော အမူအရာ ရှိနေပြီး လက်ထဲတွင်မူ မိုးပြာရောင် ဓားငယ်တစ်လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေသည်။
ထိုအချိန်မှာပင် မဟာယန်ပုဝါ အလင်းအတားအဆီးမှာ ပြင်းထန်စွာ ပေါက်ကွဲပျက်စီးသွားခဲ့ပြီ ဖြစ်၏။ စဦးစိတ်ဝိညာဉ်၏ စိတ်ထဲ၌ ကျန်ရှိနေသေးသော တွေဝေမှုများ အားလုံးမှာ ချက်ခြင်း ပျောက်ကွယ်သွားပြီး ၎င်းသည် ခြေတစ်ချက် ဆောင့်လိုက်သည်နှင့် တစ်ပြိုင်နက် ခန်းမကြီး၏ ထွက်ပေါက်ရှိရာဘက်သို့ ဝိုးတဝါး ပုံရိပ်တစ်ခုအဖြစ် လျင်မြန်စွာ ပျံသန်းထွက်ပြေးတော့သည်။
သို့သော်လည်း ကိစ္စရပ်များမှာ သူ ထင်မှတ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ချေ။
မြို့စားကြီးနန်းလုံ၏ ခန္ဓာကိုယ်မှာ ထွက်ပေါက်ရှိရာဘက်သို့ ကျောခိုင်းထားဆဲ ဖြစ်ပြီး မည်သည်တို့ကိုမျှ သတိမပြုမိသယောင် ရှိနေသော်လည်း သူ၏ ကျောပြင်မှာ ရုတ်တရက် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီးနောက် သွေးကျိန်စာတံခါးဝ တွင် ရှိနေသော ရုပ်တုနှင့် တစ်ပုံစံတည်း တူညီလှသည့် မျက်လုံးများကို တင်းတင်းမှိတ်ထားသော တစ္ဆေမျက်နှာကြီးတစ်ခု ၎င်း၏ ကျောပြင်မှ ထိုးထွက်လာတော့သည်။
ထိုခဏချင်းမှာပင် ထိုတစ္ဆေမျက်နှာကြီးသည် သူ၏ ငွေဖြူရောင် မျက်လုံးများကို ဖွင့်လိုက်ပြီး ပါးစပ်မှ ခရမ်းရောင် အလင်းတန်းတစ်ခုကို မှုတ်ထုတ်လိုက်၏။
ထိုအခိုက်အတန့်တွင် လူဝေယင်း၏ စဦးစိတ်ဝိညာဉ်သည် သူ၏ ဓားပျံကို ရှေ့သို့ ပစ်လွှတ်လိုက်ပြီး ၎င်း၏အပေါ်သို့ တက်ကာ တတ်နိုင်သမျှ အရှိန်အဟုန်ဖြင့် ထွက်ပြေးရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏ နားဘေးတွင် ပြင်းထန်သော လေခွင်းသံကြီးတစ်ခုကို ကြားလိုက်ရပြီးနောက် စဦးစိတ်ဝိညာဉ်သည် သူ၏ စိတ်အာရုံတစ်ခုလုံး ပူလောင်သွားသလို ခံစားလိုက်ရကာ သူ၏ ဦးခေါင်းထဲမှ တစ်စုံတစ်ခု ထိုးထွက်သွား၏။
စဦးစိတ်ဝိညာဉ်သည် သူ၏ နဖူးအလယ်မှ ထိုးထွက်လာသော ရှည်လျားလှသည့် အရာဝတ္ထုကြီးကို အကြောင်သား စိုက်ကြည့်နေမိရင်း စူးရှစွာ အော်ဟစ်လိုက်တော့သည်။ ထို့နောက် နောက်တစ်စက္ကန့်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲမှ ခွန်အားများ အားလုံး ကုန်ခမ်းသွားပြီး မြေပြင်ပေါ်သို့ လဲပြိုကျသွားကာ မလှုပ်မယှက် ရှိနေတော့၏။
အကယ်၍ ဤနေရာတွင် တစ်စုံတစ်ယောက်သာ ရှိနေခဲ့လျှင် ထိုတစ္ဆေမျက်နှာကြီး၏ ပါးစပ်မှ ရှည်လျားလှသော ခရမ်းရောင်အရာကြီးတစ်ခု ထိုးထွက်လာပြီး စဦးစိတ်ဝိညာဉ်၏ ဦးခေါင်းကို ရှင်းလင်းစွာ ဖောက်ထွင်းသွားသည်ကို မြင်တွေ့ရပေလိမ့်မည်... ထိုခရမ်းရောင်အရာကြီးမှာ အခြားမဟုတ်ဘဲ တစ္ဆေမျက်နှာကြီး၏ လျှာပင်။
တစ္ဆေမျက်နှာကြီးသည် စဦးစိတ်ဝိညာဉ် မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရသောအခါ ဆိုးယုတ်စွာ ပြုံးလိုက်ပြီး သူ၏ လျှာကို ပြန်လည်ရုတ်သိမ်းလိုက်ရာ လူဝေယင်း၏ စဦးစိတ်ဝိညာဉ်မှာ သူ၏ ပါးစပ်ထဲသို့ ဝင်သွားပြီး အကြိမ်အနည်းငယ် ဝါးစားပြီးနောက် မျိုချပစ်လိုက်တော့၏။ ထို့နောက်တွင်မူ ၎င်းသည် ကျေနပ်သွားသော အမူအရာနှင့်အတူ သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ပြန်လည်မှိတ်လိုက်တော့သည်။
ထိုအခိုက်အတန့်တွင် 'မြို့စားကြီးနန်းလုံ' သည် နောက်ဆုံး၌ တဖက်သို့ ပြန်လှည့်လာပြီး ပိုင်ရှင်မဲ့ ဖြစ်သွားခဲ့ပြီ ဖြစ်သော မိုးပြာရောင် ဓားငယ်လေးကို မည်သည့်စိတ်ခံစားချက်မျှမပါဘဲ စိုက်ကြည့်နေ၏။ သူ၏ မျက်နှာထက်တွင် ရက်စက်ခက်ထန်သော အမူအရာတစ်ခု ပေါ်လာပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ လူဝေယင်း၏ ခန္ဓာကိုယ်ထဲမှ နှလုံးသားကို အပြင်သို့ ဆွဲထုတ်ပစ်လိုက်ပြီး အစွမ်းကုန် ညှစ်ခြေဖျက်ဆီးပစ်လိုက်သဖြင့် လေထုထဲတွင် သွေးမြူခိုးများအဖြစ် ပြန့်ကြဲသွားရတော့သည်။ လူဝေယင်း၏ ခန္ဓာကိုယ်မှာလည်း လုံးဝ အသက်မဲ့သွားခဲ့ရပြီ ဖြစ်၏။
ဤသည်ကို လုပ်ဆောင်ပြီးနောက် 'မြို့စားကြီးနန်းလုံ' သည် မည်သည့်စိတ်ခံစားချက်မျှမပါဘဲ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး အနက်ရောင် မြူခိုးအလွှာတစ်ခုအဖြစ် ပြောင်းလဲကာ အပြင်ဘက်သို့ ပျံသန်းထွက်ခွာလာသည်။ နောက်တစ်ခဏတွင် သူသည် အပြင်ဘက်၌ ရှိနေသော ပိုင်ရှင်မဲ့ မန္တာန်အစီအရင် အချို့နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရ၏။ ၎င်းသည် နှာခေါင်းရှုံ့လိုက်ပြီး ထိုအတားအဆီးများကို အလွယ်တကူ ဖြတ်ကျော်ကာ ရေကန်ကြီး၏ အပြင်ဘက်သို့ တိုက်ရိုက် ထိုးထွက်သွားတော့သည်။
ထမင်းအိုးတစ်နပ်စာခန့် အချိန်အတွင်းမှာပင် 'မြို့စားကြီးနန်းလုံ' သည် တောင်ထိပ်တစ်ခု၏ အထက် ကိုက်ရာချီနေရာတွင် ပေါ်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ခတ်ကြည့်ရှုလိုက်၏။ ဤမျှ မြင့်မားလှသော နေရာတွင် ပျံသန်းနေခြင်းက အရဟတ္တကာကွယ်ရေးအစီအရင်၏ အချို့သော တားမြစ်ချက်များကို အလိုအလျောက် လှုံ့ဆော်မိသွားစေသည်မှာ သေချာလှပေသည်။ ကောင်းကင်ယံမှ မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးတန်းကြီးများမှာ သူ၏အထက်သို့ တရစပ် ပစ်ချလာ၏။ သို့သော်လည်း ထိုမိုးကြိုးတန်းများမှာ သူ၏ခန္ဓာကိုယ်နှင့် သုံးမီတာခန့် အကွာအဝေးသို့ ရောက်ရှိလာတိုင်း အလိုအလျောက် လမ်းကြောင်းလွှဲသွားကြသဖြင့် ၎င်းသည် မည်သည့်ထိခိုက်မှုမျှမရှိဘဲ လုံးဝ ဘေးကင်းစွာ ရှိနေခဲ့သည်။
'မြို့စားကြီးနန်းလုံ' သည် နေ့တစ်ဝက်ခန့်ကြာအောင် ပတ်ဝန်းကျင်ကို ဝေ့ခတ်ကြည့်ရှုပြီးနောက် နောက်ဆုံး၌ သူသွားရမည့် လမ်းကြောင်းကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်၏။ သူ၏ မျက်လုံးများကို ရုတ်တရက် မှေးလိုက်ရာ ၎င်း၏အတွင်းမှ ငွေဖြူရောင် အလင်းတန်းများ တဖျတ်ဖျတ် လင်းလက်သွားပြီး သူ၏ ခန္ဓာကိုယ်ကို အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ တဟုန်ထိုး ပျံသန်းထွက်ခွာသွားတော့သည်။
ထိုအခိုက်အတန့်တွင် တစ္ဆေဝိညာဉ်ဂိုဏ်းချုပ်နှင့် အဖွဲ့မှာမူ ကြီးမားလှသော ယဇ်ပလ္လင်ကြီး၏ ဘေးတွင် မတ်တတ်ရပ်နေကြပြီး သူတို့၏အထက်တွင် ရှိနေသော အဆုံးမရှိ မတ်စောက်လှသည့် ကျောက်သားလှေကားထစ်များကို အံ့ဩမှင်သက်နေသော အမူအရာများဖြင့် စိုက်ကြည့်နေကြ၏။
သည့်မတိုင်ခင်က သူတို့သည် ဤယဇ်ပလ္လင်ကြီးနှင့် ငါးကီလိုမီတာကျော် ဝေးကွာလှသော နေရာတွင် ရှိနေစဉ် ကြီးမားလှသော ရှေးဟောင်းတားမြစ်ချက်တစ်ခုအတွင်း ပိတ်မိနေခဲ့ကြသဖြင့် နေ့တစ်ဝက်နီးပါးခန့် အချိန် နှောင့်နှေးခဲ့ရခြင်းပင်။
ယခုအခါ သူတို့သည် ယဇ်ပလ္လင်ကြီး၏ ဘေးနားသို့ နောက်ဆုံး၌ ရောက်ရှိလာကြပြီ ဖြစ်၍ ဤနေရာကြီးမှာ အလွန်တရာ ခမ်းနားထည်ဝါလှသော်လည်း အချိန်ကာလ၏ တိုက်စားမှုဒဏ်ကို ပြင်းထန်စွာ ခံထားရမှန်း ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့ကြပြီ ဖြစ်၏။ လှေကားထစ်များပေါ်တွင် ပေါင်းမြက်များ စိမ်းစိုစွာ ပေါက်ရောက်နေရုံတင်မကဘဲ အချို့သော အစိတ်အပိုင်းများမှာလည်း လုံးဝ ပျက်စီးယိုယွင်းနေခဲ့ပြီ ဖြစ်သည်
ဝမ်ထျန်းရှင်းသည် ထိုယဇ်ပလ္လင်ကြီးကို အချိန်အတော်ကြာအောင် သေသေချာချာ စစ်ဆေးကြည့်ရှုပြီးနောက် နောက်ဆုံး၌ ပြောလိုက်၏။ "သွားကြစို့။ ကျုပ်တို့ ဒီယဇ်ပလ္လင်ကြီးရဲ့ ထိပ်ပိုင်းကို ရောက်တာနဲ့ သာလွန်ဝိညာဉ်ဥယျာဉ်ရဲ့ ခြေရာလက်ရာတွေကို ရှာတွေ့နိုင်လိမ့်မယ်။ ကျန်ရစ်ခဲ့တဲ့ စိတ်ဝိညာဉ်အကြွင်းအကျန်ရဲ့ မှတ်တမ်းအရဆိုရင်တော့ အဲ့ဒီဥယျာဉ်ရဲ့ ထွက်ပေါက်ဟာ အဲ့ဒီနေရာမှာပဲ ရှိရမယ်" ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ယဇ်ပလ္လင်ကြီးပေါ်သို့ ဦးဆောင်၍ လှမ်းတက်လိုက်တော့သည်။
သို့သော်လည်း အခြားသူများအားလုံးကို အံ့ဩသွားစေသည်မှာ ဝမ်ထျန်းရှင်းသည် လှေကားထစ်ပေါ်သို့ လှမ်းတက်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်းပင် ကျယ်လောင်စွာ ဆဲရေးတိုင်းထွာလိုက်ခြင်းပင်။ ထိုအချိန်မှာပင် သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အဝါရောင်အလင်းတန်းများ အလိုအလျောက် ပေါ်ထွက်လာ၏။ သူသည် အဆုံးမရှိ မတ်စောက်လှသည့် လှေကားထစ်များကို မော့ကြည့်လိုက်ပြီး အံကို တင်းတင်းကြိတ်ကာ မကျေမနပ်ဖြစ်ဟန်ဖြင့် ဆိုလိုက်၏။ "လူတိုင်း ဂရုစိုက်ကြပါ... ဒီလှေကားထစ်တွေပေါ်မှာ ရှေးဟောင်းတားမြစ်ချက်တွေ ရှိနေတယ်။ ဒီယဇ်ပလ္လင်ကြီးရဲ့ ထိပ်ကို ရောက်ဖို့ဆိုတာကတော့ လွယ်ကူတဲ့ ကိစ္စတစ်ခု လုံးဝ မဟုတ်ဘူး"
ဝေဝူယာသည် ဤသည်ကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်မိ၏။ သူသည် သာမန်တားမြစ်ချက် အနည်းငယ်ကို ဂရုမစိုက်သော်ငြားလည်း ဤသည်က ကျန်ရှိနေသေးသော အဖွဲ့သားများ၏ အမြန်နှုန်းကို ကျိန်းသေပေါက် နှောင့်နှေးစေလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူသည် ဤကိစ္စနှင့်ပတ်သက်၍ ဘာမျှ မတတ်နိုင်ခဲ့ချေ။
အခြားသူများသည်လည်း ထပ်တူပင် တွေးတောမိကြ၏။ မိမိတို့၏ ရှေ့တည့်တည့်တွင် သာလွန်ဝိညာဉ်ဥယျာဉ် ရှိနေပြီမှန်း သိထားကြသော်လည်း ယခုကဲ့သို့ ရှေးဟောင်းတားမြစ်ချက်များ၏ ပိတ်ဆို့မှုကို ခံလိုက်ရသည့်အခါ သူတို့၏ ရင်ထဲ၌ စိတ်မရှည်မှုနှင့် စိုးရိမ်ပူပန်မှုများ ပြင်းထန်စွာ ဖြစ်ပေါ်လာရတော့သည်။
"သွားကြစို့" ဝမ်ထျန်းကူက သက်ပြင်းချလိုက်ပြီး လှေကားထစ်ပေါ်သို့ လှမ်းတက်လိုက်၏။ ထိုအခါ သူ၏ပတ်ပတ်လည်တွင် အဝါရောင်အလင်းတန်းများ လင်းလက်လာပြီး သူ၏ ခန္ဓာကိုယ်မှာ ပိုမိုလေးလံသွားသလို ခံစားလိုက်ရတော့သည်။
ထိုအခိုက်အတန့်တွင် အခြားသူများအားလုံးသည်လည်း ထိုမန္တာန်အစီအရင်၏ လွှမ်းမိုးမှုကို အသီးသီး ခံလိုက်ကြရတော့၏။ ဝေဝူယာမှာမူ မည်သည့်နှောင့်နှေးမှုမျှမရှိဘဲ အေးဆေးစွာ လှမ်းတက်နိုင်သော်လည်း အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ သုံးဦးမှာမူ မျက်နှာများ ဖြူလျော်သွားကြပြီး အသည်းအသန် ရုန်းကန်ကာ လှမ်းတက်နေကြရရှာသည်။
ဤသို့ဖြင့် ကျင့်ကြံသူများအဖွဲ့သည် ယဇ်ပလ္လင်ကြီး၏ ထိပ်သို့ ရောက်ရှိရန်အတွက် ဖြည်းဖြည်းချင်း မဆုတ်မနစ် လှမ်းတက်နေကြသည်။
တစ်ဖက်တွင်မူ ရှေးဟောင်းတားမြစ်ချက်တစ်ခုဖြင့် ဖုံးကွယ်ထားသော အိုအေစစ်ငယ်တစ်ခု၏ ဘေးတွင် ဟန်လိသည် သူ၏ရှေ့တွင် ရှိနေသော ရေကန်ငယ်ကို စိုက်ကြည့်နေရင်း ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ "ဒါက ဝိညာဉ်မီးတောက်သစ်သီးပေါ့လေ..." ထိုတားမြစ်ချက်၏ အပြင်ဘက်တွင်မူ အဆုံးမရှိ ကျယ်ပြောလှသော အဝါရောင် သဲကန္တာရကြီးက ဝန်းရံလျက် ရှိနေသည်။
"မှန်ပါတယ်... ဒါဟာ ကျိန်းသေပေါက် အဲ့ဝိညာဉ်သစ်သီးပါပဲ။ ၎င်းရဲ့ ပြင်ပပုံသဏ္ဌာန်က ဘယ်လိုပဲ ရှိရှိ အမှတ်အသား အားလုံးကတော့ ဒါဟာ အစစ်အမှန် ဖြစ်မှန်း ညွှန်ပြနေတာပဲ"
ခရမ်းဝိညာဉ်သည် ဟန်လိနှင့် သုံးမီတာခန့် အကွာအဝေးတွင် မတ်တတ်ရပ်နေရင်း စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ဆိုလိုက်၏။ သူမ၏ ကြည်လင်တောက်ပသော မျက်ဝန်းအစုံမှာ ထိုအိုအေစစ်ငယ်ပေါ်သို့သာ စူးစိုက်ကြည့်ရှုနေခဲ့ခြင်း ဖြစ်သည်။
သူတို့၏ ရှေ့တည့်တည့်ရှိ ရေကန်ငယ်၏ အလယ်ဗဟိုတွင် ရေထဲမှ ထိုးထွက်နေသော ရွှံ့နွံအချို့ ရှိနေပြီး ၎င်း၏အပေါ်တွင် မြစိမ်းရောင် တောက်ပနေသည့် အပင်ငယ်တစ်ပင် ပေါက်ရောက်နေ၏။ ၎င်းအပင်မှာ တစ်မီတာခန့် မြင့်မားပြီး လက်မအရွယ်ခန့်ရှိသော ဘဲဥပုံစံ သစ်ရွက်ကလေးများဖြင့် ပြည့်နှက်နေသည်။ အပင်၏ ထိပ်ဆုံးနေရာတွင်မူ ထူးဆန်းလှသော ဝိညာဉ်သီး လေးလုံး ပေါက်ရောက်နေ၏။ ၎င်းတို့မှာ မီးလျှံကဲ့သို့ နီရဲနေပြီး ထိပ်ပိုင်းတွင် ကျဉ်းကာ အောက်ခြေတွင် ကျယ်ပြန့်သော ပုံသဏ္ဌာန် ရှိကြလျက် ထိပ်ဖျားပိုင်းမှ နီရဲသော အလင်းတန်းများ လင်းလက်နေကြသည်။ ၎င်းအပင်ထံမှ ထွက်ပေါ်နေသော ခပ်ဖျော့ဖျော့ ရနံ့သင်းသင်းလေးနှင့် ပေါင်းစပ်လိုက်သည့်အခါ ၎င်းမှာ စင်တစ်ခုပေါ်တွင် ထွန်းညှိထားသော ဖယောင်းတိုင်မီးတောက်တစ်ခုနှင့် အလွန်တရာ ဆင်တူလှပေသည်။
ဟန်လိသည်လည်း ဤသည်မှာ ဝိညာဉ်မီးတောက်သစ်သီး ဖြစ်မှန်း စိတ်ထဲမှ ကျိန်းသေပေါက် သေချာသွားခဲ့ပြီ ဖြစ်၍ ခရမ်းဝိညာဉ်၏ စကားကို ကြားလိုက်ရသည့်အခါ သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။
ခရမ်းဝိညာဉ်သည် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီး ဟန်လိရှိရာဘက်သို့ လှည့်ကာ ပြတ်သားသော လေသံဖြင့် ဆိုလိုက်၏။ "ကျမ အခုပဲ ဒီဝိညာဉ်သစ်သီးတွေကို သွားပြီး ဆွတ်ခူးလိုက်တော့မယ်။ ဒီကိစ္စကို အချိန်ကြာကြာ ဆွဲမနေတာက ကျမတို့အတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်”