အခန်း ၈၃၄
Vol. 60 Ch. 834
အပိုင်း ၈၃၄ - ထူးဆန်းသော သားရဲ
"ဒီလောက်ထိ စိတ်စောနေဖို့ မလိုပါဘူး။ ဒီအပင်က ဒီနေရာမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တာဆိုတော့ ဒါကို စောင့်ရှောက်နေတဲ့အရာ တစ်ခုခု ရှိနေနိုင်တာပဲ။ မဟုတ်ရင် ပုံရိပ်ယောင်အစီအရင်ရဲ့ ဖုံးကွယ်မှုအောက်မှာ ရှိနေရင်တောင် ဒါဟာ အရင်တည်းက ဝါးမြိုခံလိုက်ရလောက်ပြီ" ဟန်လိသည် စိတ်လှုပ်ရှားနေသော်လည်း အပြင်ပန်းတွင်မူ လုံးဝ တည်ငြိမ်အေးဆေးနေသော အမူအရာကို ထိန်းသိမ်းထားရင်း ဆိုလိုက်၏။
"အစ်ကိုဟန် ဆိုလိုတာက ဒီဝိညာဉ်သီးတွေကို စောင့်ရှောက်နေတဲ့ ရှေးဟောင်းသားရဲတစ်ကောင် ရှိနေနိုင်တယ်လို့ ဆိုလိုတာလား"
ခရမ်းဝိညာဉ်သည် ထိတ်လန့်သွားပြီးနောက် သူမ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားတော့သည်။ သည့်မတိုင်ခင်က ဟန်လိသည် ဤချောက်ကမ်းပါးအတွင်း ရှိတတ်သော ရှေးဟောင်းသားရဲများနှင့် ပတ်သက်၍ သူမအား အနည်းငယ် ပြောပြဖူးခဲ့သည် မဟုတ်လား။
"မှန်ပါတယ်။ အဲ့ဒီအပင်ရဲ့ ထိပ်ပိုင်းမှာ ကျိုးပြတ်နေတဲ့ အကိုင်းအခက် နှစ်ခုကို မြင်လား။ ဝိညာဉ်သီး နှစ်လုံးကတော့ ၎င်းကို စောင့်ရှောက်နေတဲ့ ရှေးဟောင်းသားရဲရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပြီ ဖြစ်ရမယ်။ ဒီဝိညာဉ်သီးကို မသန့်စင်ဘဲ စားသုံးမယ်ဆိုရင် ကျင့်ကြံမှုအဆင့်ကို တိုက်ရိုက် မတိုးတက်စေနိုင်ဘူးဆိုပေမဲ့ ကျင့်ကြံခြင်း အဆို့အတားတွေကို ဖောက်ထွက်တဲ့နေရာမှာတော့ အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်မှု ရှိတယ်လေ။ ဒါ့ကြောင့်လည်း ဒီဝိညာဉ်သီးတွေဟာ ခုထက်ထိ လုံးဝ ဝါးမြိုမခံရသေးဘဲ ကျန်နေတာ ဖြစ်ရမယ်"
အကယ်၍ ထိုရှေးဟောင်းသားရဲသာ အနီးအနားတွင် ရှိနေခဲ့လျှင် ၎င်းသည် ရေကန်ငယ်၏ အတွင်း၌သာ ကျိန်းသေပေါက် ပုန်းကွယ်နေပေလိမ့်မည်။
ဟန်လိသည် ခရမ်းဝိညာဉ်နှင့်အတူ ဤချောက်ကမ်းပါး၏ အတွင်းပိုင်းထဲသို့ စတင်ဝင်ရောက်လာခဲ့သည့် အချိန်မှစ၍ သူ၏ ဦးခေါင်းကို ဖုံးအုပ်ထားသော ဝတ်ရုံစကို ဖယ်ရှားထားခဲ့ပြီး ဖြစ်၏။ သူသည် လေဟုန်စီးရထားလုံးကို မောင်းနှင်လာခဲ့စဉ်ကတည်းကပင် မိမိ၌ ဟင်းလင်းပြင်အက်ကြောင်းများကို ရှောင်တိမ်းနိုင်သော စွမ်းရည် ရှိမှန်း သူမ ခန့်မှန်းမိသွားလောက်ပြီ ဖြစ်ကြောင်း တွက်ချက်ထားသဖြင့် ထပ်မံ၍ ဖုံးကွယ်ထားရန် အလုပ်ရှုပ်မခံတော့ခြင်း ဖြစ်ပေသည်။
သူသည် သူ၏ ကြီးမားလှသော စိတ်ဝိညာဉ်အာရုံဖြင့် ရေကန်ကြီးတစ်ခုလုံးကို စူးစမ်းရှာဖွေကြည့်ခဲ့သော်လည်း ဘာမျှ ရှာမတွေ့သည့်နောက်တွင်မူ သူ၏ မျက်လုံးများကို စူးရှတောက်ပသော အပြာရောင်အလင်းတန်းများ လင်းလက်စေလျက် ရေကန်ကြီး၏ အောက်ခြေ ကိုက်ရာချီ နက်ရှိုင်းသော နေရာအထိ စူးစိုက်ကြည့်ရှုလိုက်ရာ သူ၏ မျက်နှာအမူအရာမှာ ချက်ခြင်းပင် လှုပ်ခါသွားရတော့၏။
ခရမ်းဝိညာဉ်သည် ဟန်လိ၏ မျက်နှာကို သေသေချာချာ စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သဖြင့် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်မိပြီး လှမ်းမေးလိုက်၏။ "ဘာဖြစ်လို့လဲ... အစ်ကိုဟန် တစ်ခုခုကို ရှာတွေ့သွားလို့လား"
ဟန်လိသည် တည်ငြိမ်သော မျက်နှာပေးဖြင့် ခရမ်းဝိညာဉ်ရှိရာဘက်သို့ ခေါင်းလှည့်ကာ ပြောလိုက်၏။ "နောက်ကို ဆုတ်လိုက်ပါ။ ဒီဝိညာဉ်သီးကို စောင့်ရှောက်နေတဲ့ ရှေးဟောင်းသားရဲဟာ အတော်လေး လက်ဝင်မယ့်ပုံပဲ။ ၎င်းကို ကျုပ် ရှင်းထုတ်ပစ်နိုင်ဖို့အတွက် အားစိုက်ထုတ်မှု အနည်းငယ်တော့ လိုလိမ့်မယ်" ထိုရှေးဟောင်းသားရဲသည် သူ၏ စိတ်ဝိညာဉ်အာရုံ၏ စူးစမ်းမှုကိုပင် လျှို့ဝှက်စွာ ရှောင်တိမ်းနိုင်စွမ်း ရှိနေခြင်းက ဟန်လိ၏ စိတ်ထဲ၌ အထင်ကြီးမှုကို ဖြစ်ပေါ်စေခဲ့သည်မှာ အမှန်ပင် ဖြစ်၏။
"ဒါဆိုရင်တော့ အစ်ကိုဟန်ကိုပဲ ဒုက္ခပေးရတော့မှာပေါ့" ခရမ်းဝိညာဉ်သည် မိမိ၏ စွမ်းရည်မှာ မလုံလောက်သေးမှန်း ကောင်းစွာ သိထားသဖြင့် ဟန်လိအပေါ်၌သာ အပြည့်အဝ အားကိုးရန် ဆုံးဖြတ်ချက်ချလိုက်ပြီး ပါးနပ်စွာဖြင့်ပင် နာခံလိုက်တော့သည်။ ထို့နောက် သူမသည် ကိုက်ရာချီ ဝေးကွာလှသော နေရာသို့ ပျံသန်းနောက်ဆုတ်သွားပြီး လေထုထဲတွင် မလှုပ်မယှက်ဘဲ ငြိမ်သက်စွာ ပျံဝဲနေခဲ့၏။
ဟန်လိသည် ခရမ်းဝိညာဉ် ဘေးကင်းသော နေရာသို့ နောက်ဆုတ်သွားသည်ကို မြင်လိုက်ရသည့်အခါ သူ၏ ခါးမှ ဝိညာဉ်သားရဲအိတ် သုံးခုကို လှမ်းယူကာ ကောင်းကင်ယံသို့ ပစ်တင်လိုက်တော့သည်။ ထို့နောက် မန္တာန်ချိပ်ဟန်တစ်ခုကို အလျင်အမြန် ဖန်တီးလိုက်ပြီး ရွှေဝါးမြိုခြင်းပိုးတောင်မာပေါင်း သောင်းခြောက်ထောင်ကို ဆင့်ခေါ်လိုက်ရာ ကောင်းကင်တစ်ခုလုံးတွင် ပြည့်နှက်သွားပြီး နေရောင်ခြည်ကိုပင် ကာဆီးသွားတော့၏။ ကောင်းကင်ယံတွင် ရွှေရောင်အလင်းတန်းများ ပြင်းထန်စွာ လင်းလက်သွားရတော့သည်။
"အား..." ခရမ်းဝိညာဉ်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားရသဖြင့် မအော်မိဘဲ မနေနိုင် ဖြစ်သွားရ၏။
သူမသည် ဟန်လိ၌ ဤကဲ့သို့သော နတ်ဆိုးအင်းဆက်များ ပိုင်ဆိုင်ထားကြောင်း ကြိုတင်သိရှိထားသည့်အပြင် အတိတ်တုန်းက ကောင်းကင်လေဟာနယ်ခန်းမ အတွင်း၌ ဖြစ်စေ၊ လမ်းခြောက်သွယ်လက်နက်သူတော်စင်၏ တပည့်နှင့် တိုက်ခိုက်ခဲ့စဥ်က ဖြစ်စေ ဟန်လိ ၎င်းတို့ကို အသုံးပြုခဲ့သည်ကို ကိုယ်တိုင် မြင်တွေ့ဖူးခဲ့သည် မဟုတ်လား။ သို့သော်လည်း ခုလက်ရှိတွင် ရှိနေသော ရွှေဝါးမြိုခြင်းပိုးတောင်မာများမှာမူ အတိတ်တုန်းကနှင့်စာလျှင် ၎င်းတို့၏ အရောင်အသွေး၊ ရက်စက်ကြမ်းကြုတ်မှုနှင့် အရေအတွက်မှာ အဆမတန် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
ဤမျှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသော နတ်ဆိုးအင်းဆက်ပေါင်း သောင်းခြောက်ထောင်၏ ရုတ်တရက် ပေါ်ထွက်လာမှုကြီးက လေထုထဲတွင် ဆန်းပြားလှသော ဖိအားလှိုင်းကြီးတစ်ခုကို ပေါက်ကွဲထွက်စေသဖြင့် သူမအား ကြီးစွာ မှင်သက်သွားစေခြင်းပင် ဖြစ်ရော့သတည်း။
ဟန်လိသည် ခရမ်းဝိညာဉ်၏ ထိတ်လန့်သွားမှုကို ဆက်၍ အာရုံစိုက်မနေတော့ဘဲ ရွှေဝါးမြိုခြင်းပိုးတောင်မာများကို စနစ်တကျဖြင့် အစီအစဉ်တကျ နေရာချလိုက်၏။ ထို့နောက် သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးတိမ်အုပ်ဓား သုံးဆယ့်ခြောက်စင်း တစ်စင်းပြီးတစ်စင်း ဆက်တိုက် ပျံသန်းထွက်ပေါ်လာပြီး ပိုးတောင်မာအုပ်ကြီး၏ ပတ်ပတ်လည်တွင် တစ်ပေခန့် ရှည်လျားသော ဓားအလင်းတန်းများအဖြစ် တဖျတ်ဖျတ် ကခုန်နေကြတော့သည်။
သူသည် ထိုရွှေရောင်ဓားအလင်းတန်းများ အားလုံးပေါ်သို့ မန္တာန်တံဆိပ်များစွာဖြင့် ဆက်တိုက် ရိုက်ခတ်လိုက်ရာ ၎င်းတို့မှာ ချက်ခြင်းပင် ပုံစံတူ ဓားအလင်းတန်း ရာပေါင်းများစွာအဖြစ်သို့ ကွဲထွက်သွားကြပြီး တစ်စင်းချင်းစီမှ စူးရှတောက်ပသော အလင်းတန်းများကို ထုတ်လွှတ်လာကြ၏။ သူသည် ကောင်းကင်ယံရှိ ဓားအလင်းတန်းများထံသို့ လက်ညွှန်လိုက်ပြီး အော်ဟစ်လိုက်တော့သည်။ "သွားစမ်း..."
ဓားအလင်းတန်းများမှာ ပြင်းထန်စွာ တစ်ချက် တုန်ခါသွားပြီးနောက် ဆန်းကြယ်လှသော နည်းလမ်းတစ်ခုနှင့်အတူ တစ်စင်းပြီးတစ်စင်း တိတ်တဆိတ် ပျောက်ကွယ်သွားကြတော့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်ဓားအစီအရင် ကြီးတစ်ခုမှာ ပိုးတောင်မာအုပ်ကြီး၏ အောက်ဘက်တွင် အောင်မြင်စွာ ချခင်းပြီးသား ဖြစ်သွားခဲ့ရပြီ ဖြစ်၏။
ဟန်လိသည် သူ၏ နှုတ်ခမ်းကို မသိမသာ တွန့်ကွေးလိုက်၏။ ဤမန္တာန်အစီအရင်ကို ချခင်းပြီးသွားခဲ့ပြီ ဖြစ်၍ သူ၏ ရင်ထဲ၌ အများကြီး ပိုမိုစိတ်အေးသွားရတော့သည်။ သူသည် အောက်ဘက်ရှိ ရေကန်ငယ်၏ အတွင်းပိုင်းဆီသို့ ခက်ထန်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရာ စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများနှင့်အတူ မိုးကြိုးမုန်းတိုင်းသံကြီးတစ်ခု ဟိန်းထွက်လာပြီး သူ၏ လက်ဝါးနှစ်ဖက်ကြားတွင် လက်သီးဆုပ်ခန့် ကြီးမားလှသော မိုးကြိုးလျှပ်စီးလုံးကြီးတစ်ခု ပေါ်ထွက်လာတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမိုးကြိုးလျှပ်စီးလုံးကြီးမှာ ပန်းကန်လုံးခန့် အရွယ်အစားအထိ လျင်မြန်စွာ ကြီးမားလာခဲ့ပြီ ဖြစ်၍ ဟန်လိသည် သူ၏ လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်ကာ ထိုရွှေရောင်မိုးကြိုးလုံးကြီးအား ပြင်းထန်သော မိုးခြိမ်းသံကြီးတစ်ခုနှင့်အတူ ရေကန်ကြီး၏ အတွင်းသို့ ပစ်လွှတ်လိုက်တော့သည်။
ထိုမိုးကြိုးလျှပ်စီးလုံးကြီးသည် ရေကန်၏ မျက်နှာပြင်နှင့် ထိခတ်မိသွားသည့် ခဏမှာပင် ပြင်းထန်သော မိုးခြိမ်းသံကြီးတစ်ခုနှင့်အတူ ဝုန်းခနဲ ပေါက်ကွဲထွက်သွားပြီး ရေကန်ကြီးတစ်ခုလုံးကို မိုးကြိုးလျှပ်စီးလှိုင်းများဖြင့် ပြည့်နှက်သွားစေတော့၏။
ခရမ်းဝိညာဉ်သည် ဤမြင်ကွင်းကို လှမ်းမြင်လိုက်ရသည့်အခါ သူမ၏ နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိပြီး ရင်ထဲ၌ လေးလံမှုကို ခံစားလိုက်ရကာ အခြေအနေတစ်ခုလုံးအပေါ်သို့သာ သူမ၏ အာရုံကို လုံးဝ စူးစိုက်ထားမိတော့သည်။
ထိုရွှေရောင်မိုးကြိုးလျှပ်စီးတန်းများမှာ ပျောက်ကွယ်သွားခြင်းမရှိဘဲ ရေထဲတွင် ပြင်းထန်စွာ ဆက်လက်လှုပ်ရှားနေခြင်းကြောင့် ရေကန်၏ အလယ်ဗဟိုတွင် ဆယ်မီတာခန့် ကျယ်ပြောလှသော ရေဝဲဂယက်ကြီးတစ်ခုကို ဖြစ်ပေါ်လာစေတော့၏။ ထို့နောက်တွင်မူ ခပ်အုတ်အုတ်မြည်ဟီးသံတစ်ခုနှင့်အတူ အမည်းရောင်နှင့် အဖြူရောင် ရောယှက်နေသည့် မိစ္ဆာချီမြူခိုးထုကြီးတစ်ခု ထိုရေဝဲဂယက်ကြီးထဲမှ ပေါက်ကွဲထွက်လာပြီး ၎င်း၏ အတွင်း၌ ထူးဆန်းလှသော ရှေးဟောင်းသားရဲတစ်ကောင်၏ ပုံရိပ် ဝိုးတဝါး ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။
ထိုရှေးဟောင်းသားရဲ၏ ပုံပန်းသွင်ပြင်မှာ အလွန်တရာ ထူးဆန်းအံ့ဩဖွယ်ရာ ကောင်းလှပေသည်။ ၎င်းသည် ပျော့ပျောင်းပြီး ကတ္တရာစေးအလား နက်မှောင်နေသော ခန္ဓာကိုယ်ရှိကာ အလျား နှစ်ဆယ်မီတာကျော် ရှည်လျားလျက် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အရွယ်အစား အမျိုးမျိုးရှိသည့် အဖုအပိမ့်များနှင့် အပေါက်ငယ်များစွာ ရှိနေ၏။ ထိုအသားပုံကြီး၏ အလယ်ဗဟိုတည့်တည့်တွင်မူ ၎င်း၏ ဦးခေါင်းဟု ယူဆရသော ကြီးမားလှသည့် အစိတ်အပိုင်းတစ်ခု ရှိနေသည်။ ထို့ပြင် ၎င်း၏ ကိုယ်ပေါ်တွင် နက်မှောင်နေသော မျက်လုံးတစ်လုံးတည်းရှိနေခြင်းမှအပ ဟန်လိသည် အခြားမည်သည့် အာရုံခံအင်္ဂါအစိတ်အပိုင်းကိုမျှ မမြင်တွေ့ရချေ... ပါးစပ် သို့မဟုတ် နှာခေါင်းပင် ရှိမနေပါချေ။ ဤရှေးဟောင်းသားရဲ၏ ပုံစံမှာ အမှန်တကယ်ပင် ရွံရှာဖွယ်ရာ ကောင်းလှသဖြင့် ဟန်လိကိုယ်တိုင်ပင်လျှင် သူ၏ ရင်ထဲ၌ စိုးရိမ်ထိတ်လန့်မှုကို မသိမသာ ခံစားလိုက်ရတော့သည်။ ခရမ်းဝိညာဉ်သည်လည်း အဝေးတစ်နေရာမှ ဤရှေးဟောင်းသားရဲကို လှမ်းမြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာမှာ ချက်ခြင်း ဖြူလျော်သွားပြီး ကျောရိုးထဲအထိ စိမ့်ခနဲဖြစ်အောင် အကြောက်တရားများ ဝင်ရောက်လာတော့၏။
သို့သော်လည်း ဟန်လိကိုယ်တိုင်ပင်လျှင် ဤကဲ့သို့သော ရှေးဟောင်းသားရဲမျိုးအကြောင်းကို စာအုပ်မှတ်တမ်းများထဲ၌ တစ်ခါမျှ မကြားဖူး၊ မဖတ်ဖူးခဲ့ချေ။ သူသည် ခရမ်းဝိညာဉ်ရှိရာဘက်သို့ မသိမသာ လှမ်းကြည့်မိလိုက်သော်လည်း သူမကမူ သူ့ကို ခါးသီးသော အပြုံးတစ်ခုနှင့်သာ ပြန်လည်ကြည့်ရှုနိုင်ခဲ့သဖြင့် သူမကိုယ်တိုင်လည်း ဤသားရဲအကြောင်းကို လုံးဝ မသိရှိကြောင်း ရှင်းလင်းစွာ သဘောပေါက်လိုက်သည်။
မိမိ လုံးဝ မရင်းနှီးသော အရာတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့်အခါ ဟန်လိသည် ၎င်းအား အချိန်ပေးပြီး စူးစမ်းနေမည့်အစား တစ်ဖက်လူက သူ၏ တိုက်ခိုက်မှုများကို မထုတ်ဖော်နိုင်ခင်မှာပင် အမြန်ဆုံးနှုန်းဖြင့် အပြတ်ရှင်းပစ်လိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်။ သူသည် သူ၏လက်ကို ချက်ခြင်း ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ယံရှိ ပိုးတောင်မာအုပ်ကြီးပေါ်သို့ မန္တာန်တံဆိပ်တစ်ခုဖြင့် ရိုက်ခတ်လိုက်၏။
ရုတ်တရက်ဆိုသလို ပိုးတောင်မာအုပ်ကြီး၏ တဝီဝီမြည်သံများ လေထုထဲတွင် ပြည့်နှက်သွားပြီး ၎င်းတို့မှာ အလယ်ဗဟိုတွင် လျင်မြန်စွာ စုစည်းသွားကြကာ ကြီးမားလှသော ရွှေရောင်တိမ်တိုက်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲလျက် ထိုရှေးဟောင်းသားရဲကြီးကို အပေါ်မှနေ၍ လုံးဝ လွှမ်းခြုံဝါးမြိုပစ်လိုက်တော့သည်။
ထိုရှေးဟောင်းသားရဲကြီးသည် ဤသည်ကို မြင်လိုက်ရသောအခါ အခြေအနေမှာ မိမိအတွက် လုံးဝမကောင်းပြီမှန်း သိလိုက်၏။ ၎င်း၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် ဖောင်းကြွလာပြီးနောက် ပြန်လည်ကျုံ့ဝင်သွားကာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အပေါက်ငယ်များထဲမှ ထူးဆန်းလှသော အစိမ်းရောင် အရည်များကို ရွှေရောင်တိမ်တိုက်ကြီးရှိရာဘက်သို့ တရစပ် မှုတ်ထုတ်လိုက်သဖြင့် လေထုထဲတွင် ညှီစော်နံလှသော ရနံ့ဆိုးများ ချက်ခြင်း ပျံ့နှံ့လာသည်။
ဟန်လိသည် မသိမသာ မျက်မှောင်ကြုတ်လိုက်မိသော်လည်း ခဏအကြာတွင် သူ၏ မျက်နှာမှာ ပြန်လည်ပြေလျော့သွား၏။ ထိုအစိမ်းရောင်အရည်များမှာ ရွှေဝါးမြိုခြင်းပိုးတောင်မာများအပေါ်တွင် မည်သည့်သက်ရောက်မှုမျှမရှိဘဲ ၎င်းတို့ကို နည်းနည်းလေးမျှ ထိခိုက်ဒဏ်ရာရအောင် မလုပ်ဆောင်နိုင်ခဲ့ချေ။ ပိုးတောင်မာအုပ်ကြီးမှာ အောက်သို့ ဆက်လက်သက်ဆင်းလာပြီး ထိုသားရဲကြီးကို လုံးဝ ဝါးမြိုရန် ကြိုးစားလိုက်သော်လည်း ၎င်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရှိနေသော အမည်းရောင်နှင့် အဖြူရောင် ရောယှက်နေသည့် မိစ္ဆာချီများက အဟန့်အတားဖြစ်စေသဖြင့် ပိုးတောင်မာများမှာ ၎င်း၏အနားသို့ ချဉ်းကပ်၍ မရသေးဘဲ ရှိနေသည်။ သို့သော်လည်း ဤသည်မှာ ကြာကြာခံလိမ့်မည် မဟုတ်ပါချေ။
ရှေးဟောင်းသားရဲကြီး၏ ရင်ထဲ၌ အကြောက်တရားများ ပြင်းထန်စွာ ဖြစ်ပေါ်လာရပြီ။ မရေမတွက်နိုင်သော ပိုးတောင်မာများမှာ ၎င်းနှစ်ပေါင်းများစွာကြာအောင် အပင်ပန်းခံ ကျင့်ကြံအားထုတ်ခဲ့ရသော အမည်းရောင်နှင့် အဖြူရောင် မိစ္ဆာချီများကို အစွမ်းကုန် အသည်းအသန် ဝါးမြိုနေကြခြင်း ဖြစ်ပေသည်။ ၎င်းသည် ရေထဲသို့ ပြန်လည်ငုပ်လျှိုးကာ ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း ဟန်လိသည် ဤအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ သူသည် ရေမျက်နှာပြင်ရှိရာသို့ လက်ညွှန်လိုက်ပြီး သူ၏ လက်ချောင်းထိပ်တွင် မိုးပြာရောင် မီးတောက်ငယ်တစ်ခုကို ဆင့်ခေါ်လိုက်ကာ သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်း၍ ၎င်းအား ပစ်လွှတ်လိုက်သည်။
ဖြောင်း... ထိုမီးတောက်ငယ်မှာ ပြင်းထန်စွာ ပေါက်ကွဲသွားပြီး စူးရှတောက်ပသော မိုးပြာရောင်အလင်းတန်းများ ခန်းမထဲတွင် ဖြာထွက်သွားတော့၏။ ထိုပေါက်ကွဲမှုဗဟိုမှ အေးစိမ့်လှသော မိုးပြာရောင် ချီမြူခိုးထုကြီးတစ်ခု လျင်မြန်စွာ ပြန့်နှံ့သွားပြီး ရေကန်ကြီးတစ်ခုလုံးကို ထူထပ်လှသော ရေခဲလွှာကြီးတစ်ခုအဖြစ် အလိုအလျောက် ပြောင်းလဲပစ်လိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးပြာရောင် ရေကန်ကြီးတစ်ခုလုံးမှာ ကြီးမားလှသော ရေခဲတုံးကြီးတစ်ခုအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်၏။
ရှေးဟောင်းသားရဲကြီး၏ ရေထဲသို့ ငုပ်လျှိုးကာ ထွက်ပြေးမည့် အစီအစဉ်မှာ ချက်ခြင်းပင် ရပ်တန့်သွားသည်။ ၎င်းသည် ရေခဲပြင်ပေါ်မှနေ၍ အထက်သို့ အသည်းအသန် ပြန်လည်ရုန်းကန်လိုက်ရပြီး သူ၏ ရင်ထဲ၌ ပိုမို၍ ကြီးမားလှသော ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားရ၏။ ထို့နောက် ၎င်းသည် ၎င်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ အမည်းရောင်နှင့် အဖြူရောင် မိစ္ဆာချီများကို ဝါးမြိုနေကြသော ရွှေဝါးမြိုခြင်းပိုးတောင်မာများနှင့်အတူ ကောင်းကင်ယံသို့ ပျံတက်ကာ ထွက်ပြေးရန် အသည်းအသန် ကြိုးစားလိုက်ပြန်သည်။
၎င်းသည် ရေကန်၏ ဘေးနားသို့ ဝိုးတဝါး ပုံရိပ်တစ်ခုအဖြစ် လျင်မြန်စွာ ရောက်ရှိလာခဲ့သည့် ခဏမှာပင် ဗလာဖြစ်နေသော လေထုထဲမှ ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်လာတော့၏။ ပါးလွှာလှသော ရွှေရောင်ဓားချည်မျှင်တစ်ခု ထိုရှေးဟောင်းသားရဲကြီးရှိရာသို့ ချက်ခြင်း ဖြတ်ခုတ်လိုက်ခြင်းပင် ဖြစ်သည်။
၎င်း၏ ခန္ဓာကိုယ်ပေါ်မှ နက်မှောင်နေသော အသားစအချို့ ချက်ခြင်း ပြတ်တောက်သွားပြီးနောက် သွေးအမြောက်အမြား မြေပြင်ပေါ်သို့ ပန်းထွက်သွားကာ ပိုးတောင်မာအုပ်ကြီးပေါ်သို့ စွန်းထင်သွားရတော့၏။
ထိုရွှေရောင်ဓားချည်မျှင်မှာ သားရဲကြီးကို ကာကွယ်ထားသော အမည်းရောင်နှင့် အဖြူရောင် မိစ္ဆာချီမြူခိုးထုကြီးကို မျက်စိတစ်မှိတ်အတွင်းမှာပင် ရှင်းလင်းစွာ ပိုင်းဖြတ်သွားနိုင်ခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်း အချို့ကိုပါ ဖြတ်တောက်ဖျက်ဆီးပစ်လိုက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ၎င်း၏ ခံစစ်အကာအကွယ်တွင် ဟာကွက်တစ်ခု ဖြစ်ပေါ်သွားခဲ့ပြီ ဖြစ်၍ မရေမတွက်နိုင်သော ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် ထိုထွက်ပေါ်လာသော အပေါက်ဝထဲမှတစ်ဆင့် ၎င်း၏ ခန္ဓာကိုယ်အတွင်းပိုင်းထဲသို့ တရစပ် တိုးဝင်သွားကြပြီး ထိုရှေးဟောင်းသားရဲကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝ ဖုံးလွှမ်းဝါးမြိုပစ်လိုက်ကြတော့၏။
သားရဲကြီးသည် ရုတ်တရက် နာကျင်စွာ ထအော်၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင်လည်း အလင်းတန်းများ အဆက်မပြတ် တဖျတ်ဖျတ် လင်းလက်လာတော့သည်။ ထို့နောက်တွင်မူ ထူထပ်လှသော အစိမ်းရောင် မိစ္ဆာမီးတောက်အလွှာတစ်ခု ၎င်း၏ ကိုယ်ပေါ်တွင် ပေါ်ထွက်လာပြီး ၎င်း၏ခန္ဓာကိုယ်ကို ဝန်းရံဝါးမြိုနေကြသော ရွှေဝါးမြိုခြင်းပိုးတောင်မာများကို အတင်းအကြပ် လောင်ကျွမ်းဖျက်ဆီးပစ်ရန် ကြိုးစားလိုက်ပြန်၏။
ထိုအစိမ်းရောင်မီးတောက်များမှာ ၎င်းနှစ်ပေါင်းများစွာကြာအောင် အပင်ပန်းခံ ကျင့်ကြံအားထုတ်ခဲ့ရသော အလွန်တရာ ပြင်းထန်လှသည့် စွမ်းရည်တစ်ခု ဖြစ်သော်လည်း ရွှေဝါးမြိုခြင်းပိုးတောင်မာများကိုမူ နည်းနည်းလေးမျှ အဟန့်အတား မဖြစ်စေနိုင်ခဲ့ပါချေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းမီးတောက်များ၏ လောင်ကျွမ်းမှုက ပိုးတောင်မာများကို ပိုမို၍ ဒေါသထွက်သွားစေပုံရပြီး ၎င်းတို့သည် ထိုသားရဲကြီး၏ ခန္ဓာကိုယ်ကို ပိုမိုမြန်ဆန်လှသော အရှိန်ဖြင့် အသည်းအသန် ဝါးမြိုပစ်လိုက်ကြတော့သည်။ သားရဲကြီးသည် မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖော်ပြ၍မရနိုင်လောက်အောင် ပြင်းထန်လှသော နာကျင်မှုများကို ခံစားလိုက်ရသဖြင့် သူ၏ လားရာကို ချက်ခြင်း ပြောင်းလဲလိုက်ပြီး ရေကန်၏ အခြားတစ်ဖက်မှတစ်ဆင့် လွတ်မြောက်နိုင်ရန်အတွက် အသည်းအသန် ပြန်လည်ရုန်းကန်လိုက်ပြန်၏။
ဟန်လိသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရေကန်၏ ဘေးတွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေဆဲပင် ဖြစ်၏။ သူသည် ပိုးတောင်မာများ၏ ဖုံးလွှမ်းခြင်းကို ခံထားရသဖြင့် ခေါင်းပြတ်နေသည့် ယင်ကောင်တစ်ကောင်အလား ဟိုဟိုဒီဒီ ရုန်းကန်နေရှာသော သားရဲကြီးကို အေးစက်သော အကြည့်ဖြင့်သာ စိုက်ကြည့်နေမိသည်။ ၎င်းအတွက် ကံဆိုးချင်တော့ သူသည် ရွှေရောင်ဓားအစီအရင် ကို အစောတည်းက ကြိုတင်ချခင်းထားခဲ့ပြီး ဖြစ်သည် မဟုတ်လား။ သူသည် ထိုမန္တာန်အစီအရင်ကို အသက်သွင်းပြီး သားရဲကြီးကို အနီးကပ် သတ်ဖြတ်ခြင်းမပြုခဲ့သော်လည်း သားရဲကြီး ထွက်ပြေးရန် ကြိုးစားလိုက်တိုင်း ရွှေရောင်ဓားချည်မျှင်တစ်ခုသည် ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ကျိန်းသေပေါက် ဖြတ်တောက်ဖျက်ဆီးပစ်လိုက်စမြဲပင်။
မကြာမီမှာပင် သားရဲကြီး၏ ခန္ဓာကိုယ် ထက်ဝက်ကျော်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၍ ၎င်း၏ အော်ဟစ်သံများမှာလည်း တဖြည်းဖြည်းနှင့် အားနည်းလာရတော့၏။ အဆုံးတွင်မူ ၎င်းသည် နောက်ဆုံးအကြိမ်အဖြစ် နာကျင်မှုအော်ဟစ်သံကြီးတစ်ခုကို ပြင်းထန်စွာ ထုတ်လွှတ်လိုက်ပြီးနောက် ရေခဲပြင်ပေါ်သို့ လဲပြိုကျသွားခဲ့ရပြီး လုံးဝ မလှုပ်မယှက်ဘဲ ငြိမ်သက်သွားရော့သည်။
ဤအမည်မသိ ရှေးဟောင်းသားရဲကြီး၏ အစစ်အမှန် စွမ်းရည်မှာ ၎င်း၏ အံ့ဩဖွယ်ရာကောင်းလှသော အရှိန်အဝါဖုံးကွယ်ခြင်း အတတ်ပညာပင် ဖြစ်ရပေမည်။ စဦးစိတ်ဝိညာဉ် နောက်ပိုင်းအဆင့် ကျင့်ကြံသူကြီးများပင်လျှင် ၎င်း၏ ခြေရာလက်ရာကို ရှာဖွေတွေ့ရှိနိုင်စွမ်း ရှိကြလိမ့်မည် မဟုတ်ပါချေ။ သို့သော်လည်း ၎င်း၏ အစစ်အမှန် တိုက်ပွဲစွမ်းရည်ကမူ သနားစရာကောင်းလောက်အောင်ကို သာမန်ကာလျှံကာမျှသာ ရှိပေသည်။
၎င်းအတွက် အလွန်တရာ ကံဆိုးလှသည်မှာ ၎င်း၏ ဖုံးကွယ်ထားမှုများ အားလုံးကို ဟန်လိသည် သူ၏ ကြည်လင်အာရုံ ဝိညာဉ်မျက်စိ ဖြင့် ကြိုတင်၍ ရှင်းလင်းစွာ ဖောက်ထွင်းမြင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ သားရဲကြီးသည် ဟန်လိ၏ ရွှေရောင်ဓားအစီအရင် အတွင်း၌ ပိတ်မိသွားခဲ့ရုံတင်မကဘဲ ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ ဝိုင်းရံဝါးမြိုခြင်းကိုပါ ပြင်းထန်စွာ ခံလိုက်ရခြင်း ဖြစ်သဖြင့် ၎င်း၏ မွေးရာပါ ထွက်ပြေးခြင်းစွမ်းရည်များကိုပင် လုံးဝ ထုတ်သုံးနိုင်စွမ်းမရှိတော့ဘဲ လွယ်လင့်တကူပင် အသက်ပျောက်သွားခဲ့ရခြင်း ဖြစ်လေ၏။
ခဏအကြာတွင် ရွှေဝါးမြိုခြင်းပိုးတောင်မာများမှာ တဝီဝီမြည်သံများနှင့်အတူ ကောင်းကင်ယံသို့ ပြန်လည်ပျံသန်းသွားကြပြီးနောက် မြေပြင်ပေါ်တွင် ထူးဆန်းလှသော အမည်းရောင်နှင့် အဖြူရောင် ရောယှက်နေသည့် လုံးဝန်းသောအရာတစ်ခုသာ ကျန်ရစ်ခဲ့ရ၏။. ၎င်းအရာမှာ အခြားမဟုတ်ဘဲ ထိုသားရဲကြီး၏ အတွင်းအမြုတေပင်။
ထိုအခိုက်အတန့်တွင် ခရမ်းဝိညာဉ်သည် အဝေးမှနေ၍ ချက်ခြင်း ပျံသန်းရောက်ရှိလာပြီး ဟန်လိကို အထင်ကြီးလေးစားလှသော အကြည့်ဖြင့် စိုက်ကြည့်ကာ ဆိုလိုက်၏။ "အစ်ကိုဟန်... ရှင့်ရဲ့ ခုလက်ရှိ စွမ်းရည်တွေကတော့ တကယ့်ကို နက်နဲလွန်းပါတယ်။ ရှင် ဒီရှေးဟောင်းသားရဲကြီးကို ဘာအဟန့်အတားမှမရှိဘဲ လွယ်လင့်တကူ သတ်ပစ်နိုင်ခဲ့တာကိုး။ ကြည့်ရတာ အစ်ကိုဟန်ရဲ့ စွမ်းအားဟာ ကောင်းကင်တောင်ပိုင်းလောကရဲ့ အစွမ်းအထက်ဆုံး ကျင့်ကြံသူကြီး သုံးဦးနဲ့ ရင်ပေါင်တန်းနိုင်နေပြီဆိုတဲ့ ကောလဟလစကားတွေကတော့ တကယ်ပဲ အမှန်ဖြစ်ပုံရတယ်"
"ကျုပ်ရဲ့ စွမ်းရည်တွေက ထူးထူးခြားခြား သန်မာနေတာ မဟုတ်ပါဘူး... ဒီသားရဲကပဲ အားနည်းလွန်းနေလို့ပါ။ အတိတ်တုန်းက ကျုပ် တိုက်ခိုက်ခဲ့ဖူးတဲ့ ရှေးဟောင်းသားရဲတွေနဲ့ ဒီကောင်ကို ယှဉ်လို့ မရပါဘူး"
ဟန်လိသည် ခေါင်းကို အသာ ယမ်းလိုက်ပြီးနောက် သူ၏လက်ကို လှမ်းဆန့်ထုတ်လိုက်ရာ ထိုသားရဲအတွင်းအမြုတေမှာ သူ၏လက်ထဲသို့ ချက်ခြင်း ပျံသန်းရောက်ရှိလာသည်။
ဟန်လိသည် သူ၏လက်ထဲသို့ ရောက်ရှိလာသော အရာကို ငုံ့ကြည့်လိုက်ရာ ပြောင်လက်တောက်ပနေသည့် အမည်းရောင်နှင့် အဖြူရောင် ရောယှက်နေသော သားရဲအတွင်းအမြုတေကြီးကို မြင်တွေ့လိုက်ရ၏။ သူသည် ဤကဲ့သို့သော အရောင်အသွေးရှိသည့် အတွင်းအမြုတေမျိုးကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သဖြင့် သူ၏ ရင်ထဲ၌ စိတ်လှုပ်ရှားသွားမိသည်မှာ သဘာဝပင်။