အခန်း ၈၃၆
Vol. 60 Ch. 836
အပိုင်း ၈၃၆ - ယဇ်ပလ္လင်
မိုးပြာရောင် ဆေးမီးပြင်းဖိုငယ်၏ အတွင်းပိုင်း၌ စဦးစိတ်ဝိညာဉ်မီးတောက်သည် တဖျတ်ဖျတ် လင်းလက်တောက်ပနေပြီး ပြင်းထန်လှသော အပူလှိုင်းများကို အဆက်မပြတ် ထုတ်လွှတ်လာခြင်းကြောင့် အခန်းကျောက်ဆောင်အတွင်းရှိ အပူချိန်မှာ လျင်မြန်စွာ မြင့်တက်လာရတော့၏။
ဟန်လိ၏ မျက်ဝန်းအစုံ၌ အေးစက်စက်အလင်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် သူ၏လက်ကို မြှောက်ကာ ဆေးမီးပြင်းဖိုငယ်ပေါ်သို့ မန္တာန်တံဆိပ်တစ်ခုဖြင့် ရိုက်ခတ်လိုက်တော့သည်။ ထို့နောက် ခပ်သဲ့သဲ့ မြည်သံတစ်ခုနှင့်အတူ ဆေးမီးပြင်းဖိုထံမှ မိုးပြာရောင်အလင်းတန်းတစ်ခု ထိုးထွက်လာပြီး ၎င်း၏ပတ်ပတ်လည်တွင် ရစ်ခွေလည်ပတ်လာကာ မီးပြင်းဖိုအား လေထုထဲ၌ အလိုအလျောက် ပျံဝဲငြိမ်သက်သွားစေ၏။
ပြီးစီးသွားသည့်အခါ ဟန်လိသည် လေးထောင့်ကျောက်စိမ်းသေတ္တာတစ်ခုရှိရာဘက်သို့ လက်ညွှန်လိုက်ရာ ၎င်းသည် ဘာသံမျှမထွက်ဘဲ အလိုအလျောက် ပွင့်ဟသွားပြီး ၎င်း၏အတွင်းမှ အနည်းငယ် လုံးဝန်းလျက် လက်မအနည်းငယ်ခန့် ရှည်လျားသော ကတ္တရာစေးအလား နက်မှောင်နေသည့် အကိုင်းအခက်တစ်ခု ပေါ်ထွက်လာ၏။
ဟန်လိသည် ထိုအကိုင်းအခက်ကို ခဏမျှ စူးစိုက်ကြည့်ရှုလိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းကာ ၎င်းအား သေတ္တာထဲမှ ဆင့်ခေါ်လိုက်ပြီး မိမိနှင့် သုံးမီတာခန့် ကွာဝေးသော လေထုထဲ၌ ပျံဝဲနေစေသည်။ ထို့နောက် သူသည် ၎င်းရှိရာသို့ လက်ညွှန်လိုက်ရာ မိုးပြာရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားခြင်းနှင့်အတူ ထိုအပင်စည်၏ ငါးပုံတစ်ပုံခန့်ကို တိတိကျကျ ဖြတ်တောက်လိုက်၏။
သူသည် သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် မိုးပြာရောင် ဝိညာဉ်အလင်းတိမ်တိုက်တစ်ခု ပျံသန်းထွက်ခွာသွားပြီး ထိုဖြတ်တောက်လိုက်သော အစိတ်အပိုင်းကို ဆေးမီးပြင်းဖိုငယ်၏ အတွင်းသို့ ပစ်ထည့်လိုက်တော့သည်။ သည့်နောက်တွင်မူ သူသည် ကျန်ရှိနေသေးသော အစိတ်အပိုင်းပေါ်သို့ မန္တာန်တံဆိပ်တစ်ခု ရိုက်ခတ်လိုက်ပြီး သေတ္တာ၏ အတွင်း၌ ပြန်လည်၍ ချိပ်ပိတ်သိမ်းဆည်းလိုက်၏။
ဟန်လိသည် ၎င်းအား ဆက်၍ အာရုံစိုက်မနေတော့ဘဲ ရှည်လျားသော သစ်သားသေတ္တာတစ်ခုရှိရာဘက်သို့ လက်ညွှန်လိုက်ရာ တောက်ပနေသော ဝိညာဉ်ဆေးပင်တစ်ပင်၏ အကိုင်းအခက် ပေါ်ထွက်လာသည်။ သူသည် ဓားအလင်းတန်းကို အသုံးပြုကာ ယခင်ဆေးဖက်ဝင်ပစ္စည်းတုန်းကအတိုင်း အပိုင်းအစငယ်တစ်ခုကို ဖြတ်တောက်၍ ဆေးမီးပြင်းဖိုအတွင်းသို့ ပစ်ထည့်လိုက်ပြန်၏။
ထို့နောက် ဟန်လိသည် သဘာဝမူလဆေးလုံး၏ ဆေးဖော်စပ်နည်းမှတ်တမ်းများအတိုင်း အမျိုးအစားစုံလင်လှသော ဆေးဖက်ဝင်ပစ္စည်း အမျိုးမျိုးကို သင့်တော်မည့် ပမာဏအတိုင်း ဆက်တိုက် ဖြတ်တောက်ပြီး ဆေးမီးပြင်းဖိုအတွင်းသို့ တစ်ခုပြီးတစ်ခု ထည့်သွင်းလိုက်သည်။ အဆုံးတွင်မူ ဝိညာဉ်မီးတောက်သစ်သီးကို အသုံးပြုရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၍ ဟန်လိသည် ထိုသစ်သီး၏ လေးပုံတစ်ပုံခန့်ကို တိတိကျကျ ဖြတ်တောက်ကာ ဆေးမီးပြင်းဖိုအတွင်းသို့ ထည့်သွင်းသည်။
သည့်နောက်တွင် ဟန်လိသည် လေထဲတွင် ပျံဝဲနေသော ဆေးမီးပြင်းဖိုကြီးရှိရာသို့ လက်ညွှန်လိုက်ရာ ၎င်း၏ ဖိုအဖုံးမှာ ဝုန်းခနဲ မြည်သံနှင့်အတူ အလိုအလျောက် ပိတ်သွားပြီး တင်းတင်းကြပ်ကြပ် ချိပ်ပိတ်သွား၏။
ဟန်လိသည် အသက်ကို ဝဝရှူသွင်းလိုက်ပြီးနောက် ဆေးလုံးသန့်စင်ခြင်းလုပ်ငန်းစဉ်၏ နောက်ထပ် အရေးကြီးသော အစိတ်အပိုင်းတစ်ခုကို စတင်လုပ်ဆောင်တော့သည်။ သူသည် ပါးစပ်ကို ဟလိုက်ပြီး စူးရှတောက်ပသော မိုးပြာရောင် စဦးစိတ်ဝိညာဉ်မီးတောက် အလွှာတစ်ခုကို ထွေးထုတ်လိုက်ရာ ၎င်းသည် ဆေးမီးပြင်းဖိုတစ်ခုလုံးကို ပြင်းထန်လှသော မီးလျှံကြီးများဖြင့် လုံးဝ လွှမ်းခြုံသွားစေပြီး အခန်းကျောက်ဆောင်အတွင်းရှိ အပူချိန်ကိုလည်း ပိုမို၍ မြင့်တက်လာစေ၏။
သူသည် ဆေးမီးပြင်းဖိုငယ်ကို စူးစိုက်ကြည့်ရှုနေရင်း သူ၏ လက်ချောင်းများကို မနားတမ်း လှုပ်ရှားလိုက်ကာ မန္တာန်တံဆိပ်များကို တစ်ခုပြီးတစ်ခု ဆက်တိုက် ရိုက်ခတ်လိုက်သည်။ သိပ်မကြာခင်မှာပင် ဆေးမီးပြင်းဖို၏ အတွင်းပိုင်းထဲမှ ပြင်းထန်လှသော မိုးကြိုးမုန်းတိုင်းသံကြီးများ စတင်ဟိန်းထွက်လာခဲ့ပြီ ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ထိုအသံများမှာ ပိုမို၍ ကျယ်လောင်လာ၏။
ဟန်လိသည် ဤအသံကို ကြားလိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏ လက်နှစ်ဖက်ဖြင့် မတူညီခြားနားလှသော မန္တာန်ချိပ်ဟန်မျိုးစုံကို ဆက်တိုက် ပြောင်းလဲဖန်တီးလိုက်တော့သည်။ ရလဒ်အနေဖြင့် ထိုမိုးကြိုးသံကြီးများ၏ အတိုင်းအတာမှာလည်း အဆက်မပြတ် ပြောင်းလဲသွားရပြီး တခါတရံ တိုးညင်းသွားလိုက် တခါတရံ နားကွဲမတတ် ပြင်းထန်ကျယ်လောင်လာလိုက် ဖြစ်နေတော့သည်။
ဟန်လိ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်းနှင့် ခက်ထန်တင်းမာလာခဲ့ပြီ ဖြစ်ပြီး သူ၏ မျက်လုံးများကို စူးရှတောက်ပသော အပြာရောင်အလင်းတန်းများ လင်းလက်စေလျက် ဆေးမီးပြင်းဖို၏ အတွင်းပိုင်း၌ မည်သည်တို့ ဖြစ်ပျက်နေသည်ကို သေသေချာချာ စူးစိုက်ကြည့်ရှုလေ့လာနေသည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သော်လည်း ဟန်လိသည် မည်သည့်စိတ်ခံစားချက်မျှမရှိဘဲ လုံးဝ မလှုပ်မယှက်ဘဲ ထိုနေရာတွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေဆဲပင်။
ဟန်လိတစ်ယောက် ဆေးလုံးသန့်စင်ခြင်းအပေါ်သို့သာ အာရုံအားလုံး စူးစိုက်ထားနေသည့် အချိန်တွင် တစ္ဆေဝိညာဉ်ဂိုဏ်းချုပ်နှင့် အပေါင်းအပါများမှာမူ ကုန်းတွင်းပိုင်းချိုင့်ဝှမ်းကြီး၏ အတွင်းရှိ ကြီးမားလှသော ယဇ်ပလ္လင်ကြီး၏ ထိပ်ပိုင်းသို့ နောက်ဆုံး၌ ချောမွေ့စွာ ရောက်ရှိလာခဲ့ကြပြီ ဖြစ်၏။
ရှေးဟောင်းကျင့်ကြံသူများသည် မည်သည့်အကြောင်းပြချက်ကြောင့် ဤယဇ်ပလ္လင်၏ လှေကားထစ်များပေါ်တွင် ထူးဆန်းလှသော တားမြစ်ချက်များကို ချခင်းထားခဲ့မှန်း မသိရချေ။ ၎င်းတို့ပေါ်သို့ လှမ်းတက်လာသော ကျင့်ကြံသူများသည် ထိပ်ပိုင်းသို့ ပိုမိုနီးကပ်လာလေလေ သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော ဖိအားများမှာ ပိုမို၍ ပြင်းထန်ကြီးမားလာလေပင်။
ရလဒ်အနေဖြင့် သူတို့အဖွဲ့သည် လှေကားထစ်များ၏ အလယ်နားသို့ ရောက်ရှိလာကြသည့် အချိန်မှစ၍ သူတို့၏ ပျံသန်းနှုန်းမှာ အလွန်တရာ နှေးကွေးသွားခဲ့ရပြီး တွားသွားရုံမျှသာ တတ်နိုင်ကြတော့၏။ အလယ်ဗဟိုသို့ ရောက်ရှိရန် လေးနာရီခန့်သာ အချိန်ပေးခဲ့ရသော်လည်း ၎င်းမှတစ်ဆင့် ထိပ်ပိုင်းသို့ ရောက်ရှိရန်အတွက်မူ သူတို့သည် တစ်နေ့လုံးနီးပါး အချိန်ပေးခဲ့ရသည်။ ထို့ပြင် လမ်းခရီးတွင် သူတို့၏ ဝိညာဉ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် နေ့တစ်ဝက်ခန့်အထိပင် သေချာ အနားယူခဲ့ရသေး၏။
စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများက ဤဖိအားဒဏ်ကို တောင့်ခံနိုင်စွမ်း ရှိကြသော်လည်း အမြုတေဖွဲ့စည်းခြင်းအဆင့် တပည့်သုံးဦးမှာမူ ထိပ်ပိုင်းသို့ ရောက်ရှိရန်အတွက် အသည်းအသန် ရုန်းကန်ခဲ့ကြရရှာသည်။ နောက်ဆုံး ကျန်ရှိနေသေးသော လှေကားထစ် ဒါဇင်အနည်းငယ်ပေါ်သို့ လှမ်းတက်နေရသည့် အချိန်တွင် သူတို့သည် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မိမိတို့၏ ခန္ဓာကိုယ်ပေါ်သို့ ပေါင်ရာချီ လေးလံလှသော ဖိအားကြီးများ ဖိနှိပ်ထားသကဲ့သို့ ခံစားနေရသည်။ သူတို့သည် ခန္ဓာကိုယ်ထဲရှိ ခွန်အားအားလုံးကို အစွမ်းကုန် မထုတ်သုံးနိုင်ပါက ရှေ့သို့ ဆက်လက်လှမ်းတက်ရန် လုံးဝ မဖြစ်နိုင်တော့ပါချေ။
သဘာဝကျစွာပင် ဤခရီးစဉ်အတွင်း ဝေဝူယာ အတွက်မူ အလွယ်ကူဆုံး ဖြစ်ပေလိမ့်မည်။ စတင်ထွက်ခွာလာသည့် အချိန်မှစ၍ ဤတားမြစ်ချက် ဖိအားလှိုင်းကြီးမှာ သူ၏အပေါ်တွင် မည်သည့်သက်ရောက်မှုမျှ မရှိသကဲ့သို့ပင် ဖြစ်နေပြီး သူသည် လုံးဝ တည်ငြိမ်အေးဆေးနေခဲ့သည် မဟုတ်လား။ အခြားသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ဦးမှာမူ ဤနောက်ဆုံး လှေကားထစ်များပေါ်သို့ လှမ်းတက်နေရစဉ် သူတို့၏ မျက်နှာများမှာ ရှုံ့မဲ့နေခဲ့ကြရပြီး အတော်လေး အသည်းအသန် ရုန်းကန်နေကြရသည်။
ဝေဝူယာ၏ ဤမျှထိ လွယ်လင့်တကူ တည်ငြိမ်အေးဆေးနေမှုကြီးက တစ္ဆေဝိညာဉ်ဂိုဏ်း ဂိုဏ်းချုပ်ဖြစ်သူ ဝမ်ထျန်းရှင်း၏ ရင်ထဲ၌ အထင်ကြီးလေးစားမှုများကို ဖြစ်ပေါ်စေခဲ့ရပြီး သူ၏အပေါ်သို့ ပိုမို၍ အလေးအနက် ထားရှိလာစေတာတော့ အမှန်ပင် ဖြစ်၏။
ကျင့်ကြံသူများအဖွဲ့တွင် မတူညီခြားနားလှသော ကျင့်ကြံမှုအဆင့်များ ရှိကြသော်လည်း ဝမ်ထျန်းရှင်း သည်လည်း မိမိ၏ ဂုဏ်သိက္ခာအရ ဤယဇ်ပလ္လင်၏ ထိပ်ပိုင်းသို့ ရောက်ရှိရန်အတွက် လမ်းခရီးတွင် တစ်ချက်လေးမျှ ရပ်တန့်ခြင်းမရှိဘဲ အစွမ်းကုန် အားစိုက်ထုတ်ကာ လှမ်းတက်လာခဲ့ခြင်းပင်။ သူသည် ယဇ်ပလ္လင်၏ ထိပ်ဆုံးသို့ ခြေလှမ်းလိုက်သည့် အခိုက်အတန့်တွင်မူ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဖိနှိပ်ထားသော ကြီးမားလှသည့် ဖိအားလှိုင်းကြီးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ချက်ခြင်း သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ပြီမှန်း သိလိုက်ရ၏။
တစ္ဆေဝိညာဉ်ဂိုဏ်း တပည့်များအနေဖြင့်မူ သူတို့သည် ယဇ်ပလ္လင်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားကြသည့် အချိန်တွင်မှ ရင်ထဲ၌ စိတ်အေးသွားကြရပြီး သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိသည်။ သူတို့သည် မိမိတို့၏ ခန္ဓာကိုယ်ကို ဝိညာဉ်အလင်းတန်းများဖြင့် ကာကွယ်စောင့်ရှောက်ထားခဲ့သော်လည်း ဤမျှ ပြင်းထန်လှသော ဖိအားလှိုင်းကြီးအောက်တွင် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သာမန်သေမျိုးများအလား နာကျင်ကိုက်ခဲမှုများကို ပြင်းပြစွာ ခံစားနေကြရသည်။ ဤသည်မှာ သူတို့ ကျင့်ကြံခြင်းခရီးလမ်းသို့ ဝင်ရောက်လာခဲ့သည့် အချိန်မှစ၍ နှစ်ပေါင်းများစွာကြာအောင် တစ်ခါမျှ မကြုံတွေ့ဖူးတော့သော ထူးဆန်းလှသည့် အတွေ့အကြုံတစ်ခုပင် ဖြစ်ရော့မည်။ ကျင့်ကြံသူတစ်ဦးအနေဖြင့် လမ်းလျှောက်ရုံမျှနှင့် ဤမျှထိ နာကျင်ကိုက်ခဲမှုကို ခံစားရခြင်းမျိုးက ကြုံတောင့်ကြုံခဲလှသည် မဟုတ်လား။
ဝမ်ထျန်းကူနှင့် အခြားသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများမှာမူ ဤသည်ကို နည်းနည်းလေးမျှ အာရုံစိုက်မနေတော့ဘဲ ပတ်ဝန်းကျင်တစ်ခုလုံးကိုသာ သေသေချာချာ တစ်ချက် ဝေ့ခတ်ကြည့်ရှုလိုက်ကြတော့၏။
ဤယဇ်ပလ္လင်၏ ထိပ်ပိုင်းသည် မီတာသုံးရာခန့် ကျယ်ပြောလှပြီး စူးရှတောက်ပသော အဖြူရောင် ကျောက်စိမ်းအုတ်ချပ်များဖြင့် သေသေသပ်သပ် တည်ဆောက်ထားသည်။ ၎င်း၏ အလယ်ဗဟိုတည့်တည့်တွင်မူ အလျား နှစ်ဆယ်မီတာကျော် ရှည်လျားပြီး စိမ်းနက်ရောင် ကျောက်စိမ်းများဖြင့် ခမ်းနားထည်ဝါလှစွာ ထုဆစ်ဖန်တီးထားသော ကြီးမားလှသည့် ဝတ်ပြုစားပွဲရှည်ကြီးတစ်ခု ရှိနေသည်။
၎င်းအပြင် ယဇ်ပလ္လင်၏ အရပ်မျက်နှာ အသီးသီးရှိ ထောင့်စွန်းများတွင် သုံးဆယ်မီတာလောက် အမြင့် ရှိသော ကြီးမားလှသည့် ကျောက်တိုင်ကြီးလေးခု စနစ်တကျ တည်ရှိနေကြသည်။ ထိုကျောက်တိုင်ကြီးများ၏ ကိုယ်ထည်တစ်ခုလုံးတွင် မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့ စာလုံးများနှင့် မန္တာန်အစီအရင်များစွာကို သိပ်သိပ်သည်းသည်း ရေးထွင်းထားခဲ့ကြပြီး ၎င်းတို့မှာ အလွန်တရာ ဆန်းပြားလှသလို နက်နဲလှသော စွမ်းအားလှိုင်းများကိုလည်း ထုတ်လွှတ်နေကြ၏။ ထိုကျောက်တိုင်ကြီးများ၏ ထိပ်ပိုင်းတွင်မူ ကျောက်သားများဖြင့် ထုဆစ်ထားသော ချီလင် သားရဲရုပ်တုကြီးများ ရှိနေကြပြီး ၎င်းတို့မှာ အသက်ဝင်လှသည်။
ဤအခြင်းအရာများကို သူတို့အားလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှင်းလင်းစွာ မြင်တွေ့လိုက်ရခြင်း ဖြစ်၏။
ဝေဝူယာသည် ဤပစ္စည်းများပေါ်တွင် ထူးခြားဆန်းပြားလှသော လျှို့ဝှက်ချက် တစ်စုံတစ်ရာကိုမျှ ရှာဖွေတွေ့ရှိခြင်းမရှိသဖြင့် မျက်မှောင်ကြုတ်လိုက်မိပြီးနောက် ဝမ်ထျန်းရှင်း ရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ ဂိုဏ်းချုပ်ဝမ်မှာ လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း ကောင်းကင်ပေါ်သို့ စူးစိုက်ကြည့်ရှုနေပြီး အလွန်တရာ စိတ်ဝင်စားစရာကောင်းလှသော အရာတစ်ခုခုကို မြင်တွေ့ထားရသည့်အလား ဖြစ်နေ၏။
ဝေဝူယာသည်လည်း သူ၏ ရင်ထဲ၌ သိချင်စိတ်များ ဖြစ်ပေါ်လာသဖြင့် သူ၏အကြည့်အတိုင်း ကောင်းကင်ယံရှိ ကြက်သွေးရောင် တိမ်တိုက်ထုကြီးရှိရာဘက်သို့ လှမ်း၍ ကြည့်ရှုသည်။ ထိုနေရာရှိ အမြင့်တစ်ခုတွင် အရောင်အသွေးစုံလင်လှသော ဝိညာဉ်အလင်းတန်းမျိုးစုံတို့မှာ ပြင်းထန်စွာ လင်းလက်တောက်ပနေသည်။ ၎င်းထံမှ ဖြာထွက်နေသော ဝိညာဉ်အလင်းတန်းလေးများမှအပ အခြား မည်သည့် ထူးခြားဆန်းပြားမှုမျိုးကိုမျှ သူ မမြင်တွေ့ရချေ။
"ဂိုဏ်းချုပ်ဝမ်... ကျုပ်တို့ ရောက်ပါပြီ။ သာလွန်ဝိညာဉ်ဥယျာဉ်ရဲ့ ဝင်ပေါက်က ဘယ်နေရာမှာ ရှိနေတာလဲ" ဝေဝူယာက ပွင့်ပွင့်လင်းလင်း လှမ်း၍ မေးခွန်းထုတ်သည်။
ဝမ်ထျန်းရှင်း က တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလိုက်၏။
"စိတ်မစောပါနဲ့ဦး တာအိုရောင်းရင်းဝေ။ သာလွန်ဝိညာဉ်ဥယျာဉ် ရဲ့ ဝင်ပေါက်ကို ရှေးဟောင်းတားမြစ်ချက်တစ်ခုနဲ့ ဖုံးကွယ်ထားတာ ဖြစ်ရမယ်။ ဒါကို ချေဖျက်နိုင်မယ့် နည်းလမ်းကိုတော့ ဒီပန်းချီကားလိပ်ထဲမှာ ရှိနေတဲ့ ဝိညာဉ်ပုံရိပ်ကပဲ သိရှိထားတာ ဖြစ်တယ်။ ကျုပ်တို့ သူ့ကို ဆင့်ခေါပြီး မေးမြန်းကြည့်ကြရအောင်"
ဝေဝူယာ၏ မျက်နှာအမူအရာမှာ မသိမသာ လှုပ်ခါသွားပြီးနောက် ဆိုလိုက်၏။ "ဒီလိုကိုး။ ခင်ဗျား ဆရာသခင်ချန်းကုန်းရဲ့ ကိုယ်ပွားဝိညာဉ်ပုံရိပ်နဲ့ သဘောတူညီချက်တစ်ခု ရရှိထားခဲ့တာပဲ ဖြစ်ရမယ်"
ဝမ်ထျန်းရှင်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး ဆိုလိုက်၏။ "တာအိုရောင်းရင်းဝေ က တကယ်ပဲ ပါးနပ်လှပါတယ်။ ကျုပ် ကျိန်းသေပေါက် သူနဲ့ သဘောတူညီချက်တစ်ခု ပြုလုပ်ထားခဲ့တာပါ။ ခဏလောက် စိတ်ရှည်ပေးပါဦး... ကျုပ် သူ့ကို ဆင့်ခေါ်လိုက်ပါ့မယ်"
ထို့နောက် သူသည် သူ၏ အင်္ကျီလက်မောင်းအိုးအတွင်းထဲ လက်နှိုက်ကာ ငွေဖြူရောင် ပန်းချီကားလိပ်တစ်ခုကို အပြင်သို့ ထုတ်ယူလိုက်တော့သည်။
ဝမ်ထျန်းကူ၏ မျက်နှာအမူအရာမှာလည်း မသိမသာ လှုပ်ခတ်သွားပြီးနောက် ဘာသံမျှမထွက်ဘဲ ထိုနေရာသို့ ဖြည်းညင်းစွာ လှမ်းလျှောက်လာခဲ့၏။
ထိုအခိုက်အတန့်တွင် ဝမ်ထျန်းရှင် သည် ပန်းချီကားလိပ်ကို ဖြန့်ခင်းလိုက်ရာ ငွေရောင်အလင်းလုံးတစ်ခု ဖြတ်ခနဲ ပျံသန်းထွက်ပေါ်လာပြီးနောက် လေထုထဲတွင် ပညာရှိဝတ်စုံဝတ်လူငယ်တစ်ဦး၏ ဝိုးတဝါးပုံရိပ်အဖြစ် ချက်ခြင်း ပြောင်းလဲသွားသည်။
"မဆိုးဘူး... ဒီနေရာပဲ ဖြစ်ရမယ်။ ကျုပ် လောကကို တစ်ကျော့ပြန်ရောက်ရှိလာနိုင်မယ့် နေ့တစ်နေ့ အမှန်တကယ် ရှိလာလိမ့်ဦးမယ်လို့ မထင်ထားခဲ့မိဘူး"
ထိုဆင့်ခေါ်ခံလိုက်ရသော ဆရာသခင်ချန်းကုန်း၏ ကိုယ်ပွားဝိညာဉ်ပုံရိပ်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို စိတ်လှုပ်ရှားစွာဖြင့် လှည့်လည်ကြည့်ရှုလိုက်ပြီးနောက် သူ၏ ဘေးနားတွင် ရှိနေသော အခြားကျင့်ကြံသူများကိုမူ နည်းနည်းလေးမျှ အာရုံစိုက်ခြင်းမပြုဘဲ ရေရွတ်၏။
ဝမ်ထျန်းရှင်းသည် ထိုပညာရှိဝတ်စုံဝတ်လူငယ်ကို အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် မည်သည့်စိတ်ခံစားချက်မျှမရှိသော လေသံဖြင့် ဆိုလိုက်သည်။
"ကျုပ်တို့ သဘောတူညီထားခဲ့ကြတဲ့အတိုင်း... ကျုပ် ခင်ဗျားကို ဒီယဇ်ပလ္လင်ဆီအထိ ခေါ်ဆောင်လာခဲ့ပြီးပြီ။ အခု ခင်ဗျားဘက်က သဘောတူညီချက်ကို ဖြည့်ဆည်းပေးပြီး သာလွန်ဝိညာဉ်ဥယျာဉ်ဆီ သွားရာ လမ်းကြောင်းကို ဖွင့်လှစ်ပေးရမယ့် အချိန်ကျပြီ"
"ခင်ဗျား ကျုပ်ရဲ့ အပေါ်မှာ တားမြစ်ချက်တွေ အများကြီး ချခင်းထားခဲ့ပြီးပြီပဲ။ ဒါတောင် ကျုပ် ခင်ဗျားကို လှည့်စားသွားလိမ့်မယ်လို့ စိုးရိမ်နေတုန်းလား။ သာလွန်ဝိညာဉ်ဥယျာဉ်ရဲ့ ဝင်ပေါက်က ဒီယဇ်ပလ္လင်ရဲ့ အထက် ကောင်းကင်မှာ ရှိနေတာ အမှန်ပဲ... ဒါပေမဲ့ အဲ့ဒီတားမြစ်ချက်က အတော်လေး ထူးဆန်းတယ်။ ကျုပ်ကိုယ်တိုင် လမ်းကြောင်းကို ကိုယ်တိုင်ကိုယ်ကျ ဖွင့်လှစ်ပေးဖို့ လိုအပ်လိမ့်မယ်" ထိုသို့ ဆိုလိုက်ပြီးနောက် ပညာရှိဝတ်စုံဝတ်လူငယ်သည် သူ၏ ဦးခေါင်းကို မော့လျက် ကောင်းကင်ယံရှိရာဘက်သို့ စိုက်ကြည့်လိုက်ပြီး သူ၏လက်နှစ်ဖက်ကို ပူးကပ်ကာ သူ၏ လက်ဝါးကြားထဲတွင် မီးခိုးရောင် မီးလုံးငယ်တစ်ခုကို ဆင့်ခေါ်သည်။ သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းကာ ၎င်းအား ကောင်းကင်ယံရှိ သက်တံရောင်ဝိညာဉ်အလင်းတန်းများရှိရာဘက်သို့ ပစ်လွှတ်လိုက်ရာ ထိုမီးလုံးငယ်မှာ ဆန်းပြားလှစွာဖြင့် ချက်ခြင်း သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။
ထိုပညာရှိပုံရိပ်သည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ ပတ်ပတ်လည်တွင် ရှိနေသော ကျောက်တိုင်ကြီးများရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။ သူသည် အချိန်ဖြုန်းမနေတော့ဘဲ ချက်ခြင်း ပြောသည်။
"တာအိုရောင်းရင်းတို့... တကယ်လို့ ခင်ဗျားတို့က ဒီကျောက်တိုင်ကြီး လေးခုရဲ့ အတွင်းထဲသို့ ဝိညာဉ်စွမ်းအား အနည်းငယ်စီ စနစ်တကျ သွန်းလောင်းပေးမယ်ဆိုရင် ကျုပ် ဒီတားမြစ်ချက်ကို ဆက်ပြီး ချေဖျက်ပေးနိုင်လိမ့်မယ်"
ထိုသို့ ဆိုလိုက်သည်နှင့် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူကြီးများမှာ တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်ရှုလိုက်ကြ၏။ ဝမ်ထျန်းရှင်းသည် ခဏမျှ တွေဝေသွားပြီးနောက်မှသာ သုန်မှုန်သောမျက်နှာဖြင့် ဝင်ပြောသည်။
"ကောင်းပြီလေ... ခင်ဗျား ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ မင်းတို့ တပည့်သုံးယောက်... အဲ့ကျောက်တိုင်ကြီးတွေဆီ သွားကြည့်လိုက်။ ဂျူနီယာညီလေးဝမ်... နောက်ဆုံး ကျန်ရှိနေသေးတဲ့ ကျောက်တိုင်တစ်ခုကိုတော့ မင်းပဲ ဒုက္ခခံပြီး ကိုင်တွယ်ပေးပါဦး"
"အမိန့်အတိုင်းပါ ဂိုဏ်းချုပ်"
ထိုတပည့်သုံးဦးမှာ ချက်ခြင်းပင် နာခံလိုက်ကြသည်။ ဝမ်ထျန်းကူသည်လည်း တွေဝေမနေဘဲ ကျောက်တိုင်ကြီးတစ်ခုရှိရာဘက်သို့ ဖြည်းဖြည်းချင်း လှမ်းလျှောက်သွားခဲ့၏။
ဝမ်ထျန်းရှင်း၏ အမိန့်ပေးမှုအောက်တွင် ထိုလေးဦးစလုံးမှာ မိမိတို့၏ သက်ဆိုင်ရာ ကျောက်တိုင်ကြီးများ၏ အနားသို့ ရောက်ရှိသွားကြပြီးနောက် ၎င်းတို့၏ ကိုယ်ထည်အတွင်းသို့ ဝိညာဉ်စွမ်းအားများကို ဖြည်းညင်းစွာ သွန်းလောင်းပေးလိုက်ကြရာ ထိုစွမ်းအားများမှာ ကျောက်တိုင်၏ ထိပ်ပိုင်းတွင် ရှိနေသော ချီလင် သားရဲရုပ်တုကြီးများ၏ အတွင်းသို့ တရစပ် စိမ့်ဝင်သွားကြသည်။
သိပ်မကြာခင်မှာပင် ထိုကျောက်တိုင်ကြီး လေးခုစလုံးထံမှ ထူးဆန်းလှသော မြည်ဟိန်းသံကြီးများ တစ်ပြိုင်နက်တည်း ဟိန်းထွက်လာခဲ့ပြီ ပြင်းထန်စွာ တုန်ခါသွားကြ၏။ ၎င်းတို့၏ ထိပ်ပိုင်းတွင် ရှိနေသော ချီလင် သားရဲရုပ်တုကြီးများမှာလည်း ဝိညာဉ်အလင်းတန်းများဖြင့် တောက်ပလာခဲ့ကြပြီး သူတို့၏ မျက်ဝန်းအစုံမှာ အသက်ဝင်လာသည့်အလား ကြက်သွေးရောင်အလင်းတန်းများ စူးရှစွာ လင်းလက်လာသည်။
ဝေဝူယာသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ပေါ်လာမိသည်။ သူသည် အတိတ်တုန်းကလည်း ယခု မြင်တွေ့နေရသော မြင်ကွင်းမျိုးနှင့် အလွန်တရာ ဆင်တူလှသည့် အရာတစ်ခုခုကို မြင်တွေ့ဖူးခဲ့သလို ခံစားနေရသော်လည်း ၎င်းအား တိတိကျကျ ပြန်လည်၍ အမှတ်မရနိုင်ဘဲ ဖြစ်နေခဲ့၏။
တစ္ဆေဝိညာဉ်ဂိုဏ်းချုပ်မှာမူ ဤမြင်ကွင်းကို ဘာသံမျှမထွက်ဘဲ တိတ်ဆိတ်စွာဖြင့်သာ စောင့်ကြည့်နေခဲ့သည်။
ရုတ်တရက်ဆိုသလို ထိုချီလင်သားရဲရုပ်တုကြီးများမှာ သူတို့၏ ဦးခေါင်းများကို ဖြည်းဖြည်းချင်း မော့လိုက်ကြပြီး ပါးစပ်များကို ဟလိုက်ကြရာ ၎င်းတို့၏ အတွင်းမှ စူးရှတောက်ပသော သက်တံရောင် ဝိညာဉ်အလင်းတန်းမျိုးစုံတို့မှာ တစ်စုံတစ်ရာ ပေါက်ကွဲထွက်ပေါ်လာတော့မည့်အလား ပြင်းထန်စွာ လင်းလက်လာ၏။ ထိုအခိုက်အတန့်တွင် ထိုပညာရှိဝတ်စုံဝတ်လူငယ်သည်လည်း စတင်လှုပ်ရှားသည်။
သူသည် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး လက်ချောင်းများကို မနားတမ်း လှုပ်ရှားလိုက်ရာ မီးခိုးရောင် မန္တာန်တံဆိပ်တစ်ခုစီ ထိုးထွက်သွားပြီး ထိုချီလင်သားရဲရုပ်တုကြီး လေးခုစလုံးကို တိတိကျကျ ရိုက်ခတ်သွားတော့၏။ ရုတ်တရက် ထိုသားရဲရုပ်တုကြီးများ၏ ပါးစပ်အတွင်းမှ ဝိညာဉ်အလင်းတန်းများမှာ ပြင်းထန်စွာ တုန်ခါသွားကြပြီး ကောင်းကင်ယံကြီးရှိရာဘက်သို့ သက်တံရောင် ဝိညာဉ်အလင်းတန်းကြီး လေးခုအဖြစ် တဟုန်ထိုး ပစ်လွှတ်လိုက်ကြသည်။ ၎င်းတို့အားလုံးမှာ လေထုထဲ၌ ဆုံတွေ့သွားကြပြီးနောက် အကျယ်သုံးမီတာခန့် ရှိသော သက်တံရောင် ဝိညာဉ်အလင်းလုံးကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားကြ၏။
၎င်းအလင်းလုံးကြီး၏ ပတ်ပတ်လည်တွင် ရှိနေသော လေဟာနယ်မှာ ပြင်းထန်စွာ စတင်တွန့်ကွေးလာခဲ့သည်။ ထို့နောက် ကမ္ဘာမြေတစ်ခုလုံးကို တုန်ခါသွားစေလောက်သော ပြင်းထန်လှသည့် ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ဝုန်းခနဲ ပေါက်ကွဲသည်။ စူးရှတောက်ပလွန်းလှသော သက်တံရောင် ဝိညာဉ်အလင်းလှိုင်းကြီးမှာ ဤယဇ်ပလ္လင်တစ်ခုလုံးကို လုံးဝ ဖုံးလွှမ်းသွားပြီ ဖြစ်၏။ အလွန်တရာ ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းလှသော ဝိညာဉ်ချီလှိုင်းကြီးမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် လှုပ်ခါသွားစေ၏။ သူတို့၏ ရှေ့မှောက်တွင် အသက်အန္တရာယ်ကြီးမားလှသော အခြေအနေဆိုးကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ခြင်းပင်။
ဝေဝူယာကိုယ်တိုင်ပင်လျှင် ဤမျှ ပြင်းထန်လှသော ဝိညာဉ်ချီလှိုင်းကြီး၏ ဖိအားကို ခံစားလိုက်ရသည့် အခိုက်အတန့်တွင် သူ၏ မျက်နှာအမူအရာမှာ လုံးဝ ပျက်ယွင်းသွား၏။ အခြားသော ကျင့်ကြံသူများမှာမူ အလိုလို နောက်သို့ ခြေလှမ်းအနည်းငယ်စီ ဆုတ်ခွာမိကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန်အတွက် ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားများကို အစွမ်းကုန် လည်ပတ်စေသည်။
ကံကောင်းထောက်မစွာဖြင့် ဤပြင်းထန်လှသော ပေါက်ကွဲမှုကြီးမှာ သိပ်မကြာခြင်းပင်။ မျက်စိတစ်မှိတ်အတွင်းမှာ ထိုသက်တံရောင် ဝိညာဉ်အလင်းတန်းကြီးမှာ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ပြန့်ကျဲနေသော ဝိညာဉ်ချီလှိုင်းများမှာလည်း လေထဲ၌ လုံးဝ ပျောက်ကွယ်သွားသည်။
ကျင့်ကြံသူများမှာ ဤသည်ကို မြင်လိုက်ရသည့်အခါမှ စိတ်ထဲ၌ အားတင်းလိုက်ကြပြီး ကောင်းကင်ယံရှိရာဘက်သို့ စူးစိုက်ကြည့်ရှုကြသည်။
ဝေဝူယာ၏ မျက်နှာမှာ သေလောက်အောင် ဖြူလျော်သွားသည်။ သူသည် ပညာရှိဝတ်စုံဝတ်လူငယ်ရှိရာဘက်သို့ ခေါင်းလှည့်ကာ အေးတိအေးစက် မေးလိုက်သည်။
"ဒါက ခင်ဗျားပြောတဲ့ သာလွန်ဝိညာဉ်ဥယျာဉ်ရဲ့ ဝင်ပေါက်ဆိုတာလား..."